အခန်း (၄၁၉-၄၂၀)
Vol. 35 Ch. 419-420
အခန်း(၄၁၉)
အာဆိုနီလို သံလိုက်စွမ်းအား ခန္ဓာကိုယ်ဖွဲ့စည်းမှု တတိယအဆင့်ရှိတဲ့လူကို တစ်ယောက်ယောက်က အနိုင်ပိုင်းချင်ရင် ကြယ်ခုနစ်ပွင့် ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ မှော်နယ်ပယ် ရှိမှပဲ ဖြစ်နိုင်မယ်။ ဒါပေမဲ့ ဒါက စာအုပ်ကြီးထဲက သီအိုရီသဘောတရားသက်သက်တင်ပါ။ တကယ်တမ်း လက်တွေ့တိုက်ပွဲတွေက ဒီထက်မက အများကြီး ပိုရှုပ်ထွေးပြီး သံလိုက်စွမ်းအားရှင်တစ်ယောက်က သူ့ရဲ့ စွမ်းရည်တွေကိုသာ စနစ်တကျ သုံးတတ်မယ်ဆိုရင် ကြယ်ရှစ်ပွင့်နယ်ပယ် မှော်ပညာရှင်တစ်ယောက်ကိုတောင် အေးအေးဆေးဆေး နှိမ်နင်းပစ်နိုင်တယ်။
သူ့ကို အနိုင်ယူနိုင်တဲ့ တစ်ဦးတည်းသောလူဆိုလို့ ကင်းစ်နယ်မြေဘက်က ကြယ်ရှစ်ပွင့် မျှော်စင်သခင် ဆီဘက်စတီယန် အော့ဂင်ဒေါပဲ ရှိတယ်။ ဒါပေမဲ့ သူတို့သိထားသလောက်တော့ အာဆိုနီက အခုထက်ထိ ကွင်းစ်နယ်မြေကနေ ထွက်မသွားသေးဘူး။ ဒါကြောင့် ဆီဘက်စတီယန်လို သန်မာတဲ့လူမျိုးနဲ့ ဆုံတွေ့ခဲ့ဖို့ မဖြစ်နိုင်ပါဘူး။
“ဒါ အလိမ်ညာဇာတ်လမ်းကြီး ဖြစ်နေမလား” လို့ ဘော်ဘီက မေးတယ်။ “သူ တမင်လွတ်မြောက်ချင်လို့ သူ့ချပ်ဝတ်စုံကို ချန်ထားခဲ့တာလည်း ဖြစ်နိုင်တာပဲလေ”
ကျန်တဲ့နှစ်ယောက်ကလည်း ဒါဟာ ဖြစ်ပျက်ခဲ့သမျှထဲမှာ အဓိပ္ပာယ်အရှိဆုံး ရှင်းလင်းချက်လို့ ခံစားမိပြီး ခေါင်းငြိမ့်ထောက်ခံကြတယ်။
ဒါမှမဟုတ်ရင်လည်း ကွင်းစ်နယ်မြေအောက်ပိုင်းမှာ တတိယအဆင့် ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ သံလိုက်စွမ်းအားရှင် တစ်ယောက်ယောက် ရှိနေလို့ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ အဲဒါက တော်တော့်ကို မဖြစ်နိုင်တဲ့အရာပါ။
“အာဆိုနီကို အနိုင်ယူဖို့ဆိုရင် အဲဒီလူက ခွဲစိတ်မှု သုံးကြိမ်တောင် လုပ်ထားရမှာ။ မကြာသေးခင်ကတော့ ဒီလိုလူမျိုးကို ငါ တကယ်မမြင်မိပါဘူး” လို့ အဲရစ်က မှတ်ချက်ချတယ်။
သူမက ဒါကို သိနေတာပေါ့။ ဘာလို့လဲဆိုတော့ ဒီလိုခွဲစိတ်မှုကို လုပ်ပေးနိုင်တာဆိုလို့ မက်ထရိုပိုလစ်က သူမနဲ့ သူမရဲ့ ကုသရေးသမားတွေအဖွဲ့ပဲ ရှိတာကိုး။ အကျဉ်းချုံ့ရရင် သံလိုက်စွမ်းအားရှင် အားလုံးကို စာရင်းပြုစုထားပြီးသားဖြစ်ပြီး သူတို့အားလုံးက ကွင်းစ်နယ်မြေရဲ့ မြောက်ဘက် ခပ်လှမ်းလှမ်းမှာပဲ ရှိနေကြတာပါ။
“ငါ မျက်စိဒေါက်ထောက်ကြည့်ထားလိုက်မယ်” လို့ အဲလ်ရစ်က ပြောတယ်။
“အာဆိုနီရဲ့ အစီအစဉ်တွေကို သတိပေးဖို့ အန်ဂိုရာမြို့က မြို့စားမင်း စတယ်မိန်းကို ဆက်သွယ်ကြည့်ရမယ်။ တကယ်လို့ လိုအပ်လာရင် ကူညီဖို့ ငါ့တပ်ဖွဲ့တွေကို အဲဒီဆီ လွှတ်လိုက်မယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ အခြေအနေကို စောင့်ကြည့်ကြသေးတာပေါ့”
ကျန်တဲ့နှစ်ယောက်ကလည်း အဲလ်ရစ်ရဲ့စကားကို သဘောတူပြီး အဲဒီကိစ္စကို အဆုံးသတ်လိုက်ကြတယ်။
ပြီးတော့ သူတို့လည်း ထွေထွေထူးထူး လုပ်စရာ မရှိတော့တာမို့ ကိုယ့်လမ်းကိုယ်သွားရင်း လမ်းခွဲလိုက်ကြပြီး မက်ထရိုပိုလစ်ကို ပြန်ဖို့ ထွက်ခွာသွားကြတယ်။
* * * * * * * *
တစ်ချိန်တည်းမှာပဲ အန်ဂိုရာမြို့ဘက်မှာတော့ ဖလဲယားကော့ပ်နဲ့ ကိစ္စတွေ ပြတ်စဲသွားပြီဖြစ်လို့ မိုက်ကယ်ဟာ ကျန်တဲ့လူတွေနဲ့ ပြန်ဆုံတွေ့နေပါတယ်။
ရှီနာနဲ့ ကက်စတယ်လာတို့ ပူးပေါင်းပြီး ဘတ်ချ်ရောခ့်မြို့ဆီကို ရိက္ခာပစ္စည်းတွေ တတ်နိုင်သမျှ အမြန်ဆုံး ပို့ဆောင်ဖို့ စီစဉ်နေကြတယ်။ သို့ပေမဲ့ လမ်းကြောင်းက ကြမ်းတမ်းနေသေးတဲ့အပြင် ရွှေလမ်းမကြီးလည်း မရှိသေးတာမို့ သူတို့ ရောက်မယ့်အချိန်က တစ်ပတ် ဒါမှမဟုတ် အဲဒီထက်မက ကြာနိုင်ပါတယ်။
“သခင်... အဲဒီသုံးယောက်က တော်တော် သန်မာတာပဲနော်” လို့ ဖတ်ချ်က အရိပ်တွေထဲကနေ ဖျတ်ခနဲ ထွက်လာပြီး မိုက်ကယ့်ခေါင်းပေါ် ခုန်တက်ရင်း ပြောလိုက်တယ်။
“အေးပေါ့။ သူတို့ကို လက်ဂါစီ့စ်တွေလို့ ခေါ်ကြတာ အကြောင်းရှိတာပေါ့။ သူတို့က မက်ထရိုပိုလစ်မှာ ထိပ်တန်းစီးပွားရေးလုပ်ငန်းတွေ ဖြစ်နေတော့ သူတို့အားလုံးက အဆင့် ၃၀၀ ကနေ ၂၀၀ ကြားထဲမှာ ရှိနေလောက်တယ်”
ဒါတင်မကဘဲ သူတို့က သိပ်ကို သန်မာတဲ့ သံလိုက်စွမ်းအားရှင်တွေလည်း ဖြစ်ကြသေးတယ်။ အခြား လက်ဂါစီ့စ် သုံးယောက်အကြောင်း သူ သေသေချာချာ မသိပေမဲ့ အဲလ်ရစ်ကတော့ အနည်းဆုံး ခန္ဓာကိုယ်ဖွဲ့စည်းမှုရဲ့ အထွတ်အထိပ်အဆင့်မှာ ရှိနေတာကို သူ အသေအချာ သိတယ်။
သူ့ရဲ့ ဒီဗာကို မပြသလို သူ့ရဲ့ စွမ်းရည်ကိုလည်း မသုံးဘဲ ဖလဲရက်စ်ကို အနိုင်ယူသွားတာက ထိပ်သီးထဲက ထိပ်သီးတွေပဲ ပြသနိုင်တဲ့ အစွမ်းအစမျိုးပဲ။
“ဖတ်ချ်... မင်း အဲဒီလူတွေအပေါ် မင်းရဲ့အရိပ်တွေ သွားချပစ်ဖို့ မကြိုးစားခဲ့ဘူးမလား”
သူက ဖတ်ချ်ကို မျက်မှောင်ကုတ်ပြီး ကြည့်လိုက်တယ်။
“မလုပ်ပါဘူး မလုပ်ပါဘူး သခင်ရယ်... ကျိန်ပြောရဲတယ်။ အဲဒီလူတွေက သိပ်ကို သန်မာလွန်းလို့ တကယ်လို့ ငါ့အရိပ်တွေကို သူတို့ဆီ သွားကပ်လိုက်ရင် ချက်ချင်း သိသွားမှာ အသေအချာပဲ”
သံလိုက်စွမ်းအားရှင် ဖြစ်လာတာက အကျိုးကျေးဇူးတွေ အများကြီး ပါလာတာပေါ့။ အဲဒီထဲက တစ်ခုကတော့ ဖတ်ချ်အနေနဲ့ သူတို့ကို သွားပြီး နောက်ပြောင်လို့ မရတာပဲ ဖြစ်တယ်။
“ဒါနဲ့ စကားမစပ် သခင်... ငါကော သံလိုက်စွမ်းအားရှင် ဖြစ်လို့ရမလား”
ဖတ်ချ်က မိုက်ကယ့်ရှေ့မှာ ကိုယ်ကိုပုလိုက်ပြီး တတ်နိုင်သမျှ သနားကရုဏာအရှိဆုံး မျက်လုံးလေးတွေနဲ့ ကြည့်ရှာတယ်။ သူက ခွေးလိမ္မာလေးတစ်ကောင်လို အသွင်ဆောင်ပြီး သူ့ခန္ဓာကိုယ်ကို အနောက်ဘက်မှာ အမြီးပါထွက်လာအောင်အထိ ပုံသွင်းပြနေသေးတယ်။
ဒါပေမဲ့ သဘာဝအတိုင်းပဲ မိုက်ကယ်ကတော့ ဖတ်ချ်ရဲ့ လှည့်ကွက်တွေထဲ ပါမသွားပါဘူး။ တကယ်လို့ ဖတ်ချ်သာ သံလိုက်စွမ်းအားရှင် ဖြစ်သွားရင် တားဆီးလို့ မရနိုင်လောက်အောင် ဖြစ်သွားမှာပေါ့။
“မရပါဘူး။ ငါ အရင်ဆုံး နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ အားလုံးကို ယူရဦးမယ်” လို့ သူက ပြောလိုက်တယ်။
မိစ္ဆာတွေ ဒါမှမဟုတ် လူတစ်ပိုင်းသတ္တဝါတွေက သံလိုက်စွမ်းအားရှင် ဖြစ်လာနိုင်သလားဆိုတာကိုတောင် သူ မသိဘူးလေ။ သူ သိထားသလောက်တော့ လူသားတွေပဲ ဖြစ်နိုင်တာပါ။ နောက်ဆုံးတော့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက နှလုံးသားမှာ လာကပ်တွယ်ရတာဖြစ်ပြီး ဖတ်ချ်မှာက အဲဒါမျိုး မရှိဘူးလေ။
အနာဂတ်မှာတော့ ဖြစ်နိုင်မယ်ဆိုရင် ဖတ်ချ် ဒါမှမဟုတ် သူ့ရဲ့ အခြားမဟာမိတ်တွေကို သံလိုက်စွမ်းအားရှင် ဖြစ်လာစေဖို့ သူ ငြင်းဆန်မှာ မဟုတ်ပါဘူး။
သူက အခုလောလောဆယ်မှာ တတ်နိုင်သမျှ အကျိုးရှိအောင် လုပ်ချင်ပြီး သူတို့ ရှာတွေ့နိုင်တဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ အားလုံးကို သိမ်းကျုံးယူထားချင်ရုံသက်သက်ပါ။ ဒါက လောဘကြောင့် မဟုတ်ဘဲ လိုအပ်ချက်ကြောင့်သာ ဖြစ်တယ်။
သူ ပိုပြီး သန်မာတဲ့ သံလိုက်စွမ်းအားရှင် ဖြစ်လာလေလေ၊ သူတို့ ကုမ္ပဏီအတွက် ပိုပြီး စိတ်ချလုံခြုံလေလေ ဖြစ်မှာကိုး။
ဒါနဲ့ စကားမစပ် မိုက်ကယ်က တစ်ခုခုကို သတိရသွားတယ်။
“ငါ လုပ်စရာ ရှိသေးတယ်။ ညစာမစားခင် ငါ ပြန်လာခဲ့မယ်လို့ အားလုံးကို ပြောလိုက်ဦး” လို့ သူက ဖတ်ချ်ကို ပြောလိုက်တယ်။
မိုက်ကယ်က ချက်ချင်းပဲ သူ့ကိုယ်သူ အရိပ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ဘတ်ချ်ရောခ့်မြို့ဆီကို ရွှေ့ပြောင်းသွားလိုက်တော့တယ်။
တစ်ရက်ကြာပြီးနောက် ဒီနေရာကို ပြန်ရောက်လာတဲ့အခါ တစ်မြို့လုံးက အခုမှပဲ ပြန်လည် နာလန်ထူစပြုနေတာကို သူ တွေ့လိုက်ရတယ်။ သူတို့က လမ်းတွေကို တံမြက်စည်းလှည်းနေကြပြီး၊ မီးလောင်ထားတဲ့ အပျက်အစီးတွေကို ရှင်းလင်းနေကြကာ ယေဘုယျအားဖြင့်တော့ ပြန်လည် အဆင်ပြေအောင် ကြိုးစားနေကြတာပါ။
ဒါပေမဲ့ ထူးဆန်းတာက သူတို့ရဲ့ အဓိက ဦးစားပေးက အိမ်တွေကို ပြန်ဆောက်ဖို့ ဒါမှမဟုတ် အခြေခံအဆောက်အအုံတွေကို ပြန်လည်ဖန်တီးဖို့ မဟုတ်ဘဲ၊ ဘတ်ချ်ရောခ့်မြို့က ပြည်သူတွေက သူတို့ရင်ပြင်ရဲ့ အလယ်တည့်တည့်မှာ အိုင်းရွန်းမေဒင်ရဲ့ ဧရာမ ရုပ်တုကြီးတစ်ခုကို ထုလုပ်ဖို့ပဲ အာရုံစိုက်နေကြတာ။
အဲဒါက အမြင့် ပေနှစ်ဆယ်လောက် ရှိပြီး၊ သူ အဲဒီတုန်းက မြင်ခဲ့ရတဲ့ အိုင်းရွန်းမေဒင်နဲ့ ထူးဆန်းလောက်အောင် တူညီနေတယ်။
ဒါက ဘာလို့ ဒီလောက်တောင် တူနေရတာလဲ။ သူတို့က အဲဒီနေရာမှာ ရှိတောင်မရှိခဲ့ကြဘဲနဲ့။
မိုက်ကယ်က ဒါဟာ ဖတ်ချ်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်လို့ တွေးလိုက်မိတယ်။ သူက ဖတ်ချ်ရဲ့ ပါရမီကို စပြီး နားလည်လာပြီ။ အဲဒီစလိုင်းမ်က တကယ်ကို ဆိုးယုတ်လွန်းတယ်။
“အာ... သန့်ရှင်းမွန်မြတ်သော သားတော် မိုက်ကယ်ပါလား”
ဒေသခံတစ်ယောက်က မိုက်ကယ့်ကို လှမ်းမြင်လိုက်ပြီး လမ်းမပေါ်မှာ ချက်ချင်းပဲ ဝပ်စတွန်း ဦးချတော့တယ်။ အခြားလူတွေက ဒါကို ကြားလိုက်ရတဲ့အခါမှာတော့ လမ်းမပေါ်မှာ ချက်ချင်းပဲ လိုက်ပြီး ဦးညွတ်ကြပြီး မိုက်ကယ့်အပေါ် သူတို့ရဲ့ ရိုသေလေးစားမှုကို ပြသကြတယ်။
“ဟေး ဟေး ဟေး... မင်းတို့ အကုန်လုံး ဘာတွေ ပြောနေကြတာလဲ” လို့ သူက သူတို့ကို မေးလိုက်တယ်။
“ကျွန်တော်တို့ကို အိုင်းရွန်းမေဒင်ရဲ့ အသိပညာတွေ ယူဆောင်ပေးခဲ့တာ သခင်ပဲလေ။ ပြီးတော့ သူမရဲ့ ပုံရိပ်ကို ကမ္ဘာမြေပေါ် ယူဆောင်လာပေးမှာလည်း သခင်ပဲမဟုတ်လား။ သခင်က အိုင်းရွန်းမေဒင်ရဲ့ သန့်ရှင်းမွန်မြတ်တဲ့ သားတော်မဟုတ်ရင် ဘယ်သူ ဖြစ်ရဦးမှာလဲ”
အခြား ပြည်သူတွေကလည်း အဲဒီလူရဲ့ စကားကို သဘောကျပြီး ပြင်းပြင်းထန်ထန်ပဲ ခေါင်းငြိမ့်ထောက်ခံကြတယ်။
မိုက်ကယ်က ခေါင်းခါလိုက်မိတယ်။ ဖတ်ချ် ဒီနေရာမှာ ဘာတွေ လျှောက်လုပ်ထားလဲဆိုတာကို သူ ဝင်ပြီး မဖြေရှင်းချင်တော့ဘူး။
“မင်းတို့ သိထားဖို့က ငါက သန့်ရှင်းမွန်မြတ်တဲ့ သားတော်လည်း မဟုတ်ဘူး၊ ဘာမှလည်း မဟုတ်ဘူး”
သို့ပေမဲ့ ဒေသခံတွေကတော့ သူ့စကားကို ကြားပုံမရပါဘူး။
ရိက္ခာတွေ သယ်ဆောင်လာတဲ့ ရီနေးတား ကားကြီးတွေ ရောက်လာတဲ့အခါ မိုက်ကယ်က ဒီနေရာမှာ မရှိချင်တော့ဘူး။ အဲဒီလိုဆိုရင် သူတို့က အိုင်းရွန်းမေဒင်ရဲ့ သန့်ရှင်းမွန်မြတ်တဲ့ သားရဲတွေကို ယူဆောင်လာပေးတာလို့ ပြောပြီး ပိုလို့တောင် ရိုသေကိုးကွယ်ကြဦးမှာ။
သူက တိုးပွားလာတဲ့ ဒေသခံလူအုပ်ကြီးဆီကနေ အမြန်ပဲ လွင့်ပျံထွက်ခွာလာခဲ့ပြီး ရဲတိုက်ဆီကို တိုက်ရိုက် ဦးတည်သွားလိုက်တယ်။
ဒီအဆောက်အအုံကတော့ ဘာမှ သိပ်မပြောင်းလဲသေးဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူမှ ဒါကို ဘာလုပ်ရမှန်း မသိကြလို့ ဖြစ်နိုင်ပါတယ်။ နောက်ဆုံးတော့ ဖလဲယားကော့ပ်က ဘတ်ချ်ရောခ့်မြို့မှာရှိတဲ့ တော်ဝင်သွေးမျိုးဆက်အားလုံးကို အကုန်အစင် သုတ်သင်ပစ်ခဲ့တာမို့၊ အခု သူတို့မရှိတော့တဲ့အခါ သူတို့ကို အုပ်ချုပ်ဖို့ ဘယ်သူမှ မကျန်တော့ဘဲ ရဲတိုက်ကြီးက ဟာလာဟင်းလင်း ဖြစ်နေတာပေါ့။
သူက ဖလဲရက်စ် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ နေရာဖြစ်ပြီး၊ သူ လက်ဂါစီ့စ် သုံးယောက်နဲ့ ဆုံတွေ့ခဲ့တဲ့ ပလ္လင်ခန်းမဆီကို တိုက်ရိုက် သွားလိုက်တယ်။
အခန်းရဲ့ အလယ်ဗဟိုကို လှမ်းလိုက်တဲ့အခါ သူ့ပတ်ပတ်လည်မှာ မီးလောင်ကျွမ်းထားတဲ့ ပေါက်ကွဲမှုအမှတ်အသားတွေကို တွေ့လိုက်ရတယ်။ မြေပြင်ပေါ်က အဲဒီအမည်းစက်တွေကလွဲလို့ ဖလဲရက်စ်ရဲ့ ဘာအကြွင်းအကျန်မှ မရှိတော့ပါဘူး။
သို့ပေမဲ့ သွေးတွေ၊ အသားတွေနဲ့ အရိုးတွေ ပျက်စီးသွားရင်တောင် ဖလဲရက်စ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဘယ်တော့မှ ပျက်စီးမသွားမယ့် အရာတစ်ခု ရှိနေတာကို သူ သိတယ်။
အဲဒါကတော့ သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစပဲ ဖြစ်တယ်။
နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက သိပ်ကို သေးငယ်လွန်းလို့ သာမန်မျက်စိနဲ့တောင် မမြင်နိုင်ဘူး၊ ဒါကြောင့် ကောက်ယူဖို့ မဖြစ်နိုင်သလောက်ပဲလို့ အဲရစ်က ပြောခဲ့ဖူးတယ်။
ဒါပေမဲ့ မိုက်ကယ့်အတွက်တော့ အဲဒါက ဘာပြဿနာမှ မရှိပါဘူး။
* * * * * * * *
စာစဉ်(၃၅)
အခန်း(၄၂၀)
သူက အဲဒါတွေကို လိုက်ကောက်နေစရာ မလိုပါဘူး။ သူ့ဆီ အလိုလို ရောက်လာအောင် ခွင့်ပြုပေးလိုက်ရုံပါပဲ။
နတ်ဘုရားပန်းပဲဖို အပိုင်းအစတစ်ခုကို သူရရှိခဲ့တဲ့ အကြိမ်တိုင်းမှာ အဲဒါတွေက သူ့ဆီကို အမြဲတမ်း အလိုအလျောက် ပျံသန်းရောက်ရှိလာတတ်ပြီး ကျည်ဆန်တစ်တောင့်လိုမျိုး သူ့ရင်ဘတ်ဆီ တန်းတန်းမတ်မတ် ပြေးဝင်လာလေ့ရှိတယ်။
အခုလည်း အဲဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ သူ မျှော်လင့်နေမိတာပေါ့။
ဒါကြောင့် သူဟာ မျက်လုံးတွေကို မှိတ်၊ ကြွက်သားတွေကို အကုန်လျှော့ချလိုက်ပြီး နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ အရင်ကလိုပဲ သဘာဝအတိုင်း သူ့ဆီ ရောက်လာမယ့်အချိန်ကို စောင့်ဆိုင်းနေလိုက်တယ်။ ဒါပေမဲ့ သူ ဘယ်လောက်ပဲ အာရုံစူးစိုက်ပါစေ ဘာမှ ဖြစ်မလာခဲ့ဘူး။
[မင်းရဲ့ ဒီဗာကို ပုံဖော်လိုက်တာက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေနဲ့ ပိုပြီး ချိတ်ဆက်မိစေတယ်လို့ မှတ်တမ်းတင်ထားတယ်။ အဲဒီလို လုပ်ဆောင်တာက ကွဲကြေနေတဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ဆွဲငင်နိုင်ဖို့ မင်းရဲ့ ပင်ကိုယ် သံလိုက်စွမ်းအားကို ပိုမို အားကောင်းလာစေနိုင်တယ်]
အကြံဉာဏ်ကောင်းပဲလို့ သူက နိုဗာကို ပြောလိုက်တယ်။
သူ့နှလုံးသားထဲက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေနဲ့ ချိတ်ဆက်လိုက်တဲ့အခါမှာတော့ အနာဂတ်ကမ္ဘာက စက်ရုပ်လက်တစ်ဖက်ရဲ့ ပုံရိပ်ဟာ သူ့အပေါ်မှာ ဝဲပျံလို့ ပေါ်လာခဲ့ပါပြီ။
သူ့လက်ထဲက ဒီဗာကတော့ အရင်ကအတိုင်းပဲ လှုပ်ရှားမှုမရှိဘဲ လေထဲမှာ ဝဲပျံနေတုန်းပါပဲ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဒီဗာဟာ အခန်းထဲမှာ တစ်စုံတစ်ခုကို အာရုံခံမိသွားသလိုမျိုး လှုပ်ရှားသက်ဝင်လာတယ်။
အဲဒါက လက်ချောင်းတွေကို ဖြန့်လိုက်ပြီး လက်ဖဝါးတွေကို အောက်ဘက်သို့ မှောက်ချလိုက်တယ်၊ အောက်ခြေကြမ်းပြင်ပေါ်က တစ်စုံတစ်ခုကို စမ်းသပ်ခံစားကြည့်နေသလိုမျိုးပေါ့။
အတိအကျ အဲဒီအချိန်မှာပဲ မိုက်ကယ်ဟာ ကြမ်းပြင်ပေါ်ကနေ မဆိုစလောက် တုန်ခါမှုကို ခံစားလိုက်ရတယ်။ သဲ့သဲ့လေးဆိုပေမဲ့ တကယ်ရှိနေတာပါ။
နတ်ဘုရားပန်းပဲဖိုရဲ့ အနုစိတ် အမှုန်အမွှားလေးတွေဟာ အခန်းအနှံ့ကနေ ဖြည်းဖြည်းချင်း အပေါ်ကို ပေါ်ထွက်လာနေကြတယ်။
ဒီအပိုင်းအစတွေက သိပ်ကို သေးငယ်လွန်းလို့ ခိုင်မာလှတဲ့ နံရံတွေကိုတောင် အလွယ်တကူ ဖြတ်သန်းသွားနိုင်တယ်။ ပြီးတော့ အခန်းရဲ့ အလယ်ဗဟိုနဲ့ နီးကပ်လာတာနဲ့အမျှ အမှုန်အမွှားလေးတွေဟာ တစ်ခုနဲ့တစ်ခု ရိုက်ခတ်မိပြီး ပိုကြီးတဲ့ အပိုင်းအစတွေအဖြစ် ပေါင်းစည်းသွားကြတော့တာပေါ့။
မိုက်ကယ်ရဲ့ ဒီဗာက အဲဒီအမှုန်အမွှားတွေကို ပိုပြီး ဆင့်ခေါ်လိုက်တဲ့အခါမှာတော့ အမှုန်အမွှားတွေဟာ လေထဲမှာ ဝဲပျံနေတဲ့ အလုံးပြတ်လေးတွေ ဖြစ်သွားတဲ့အထိ အတော်လေး ကြီးမားစွာ ပေါင်းစပ်သွားကြတယ်။
ဒီနတ်ဘုရားပန်းပဲဖို အပိုင်းအစတွေရဲ့ အဖြူရောင်မီးလျှံဟာ မိုက်ကယ် မျက်စိနဲ့ မြင်နိုင်တဲ့အထိ ကြီးမားလာပြီး သူ့ဆီကို စုဝေးရောက်ရှိလာနေတဲ့ သန်းပေါင်းများစွာသော အဖြူရောင် အလင်းစက်လေးတွေရဲ့ တစ်သက်မှာ တစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်းကို ကြည့်ခွင့်ရသွားစေခဲ့တယ်။
နောက်ဆုံးမှာတော့ အမှုန်အမွှားတွေဟာ မိုက်ကယ်ကို ဗဟိုပြုပြီး ဝဲကရက်လို လှည့်ပတ်သွားကြတယ်၊ မိုက်ကယ်ရဲ့ ပတ်ပတ်လည်မှာ၊ ပိုပြီး တိတိကျကျ ပြောရရင်တော့ သူ့ရဲ့ ဒီဗာပတ်ပတ်လည်မှာ ဂလက်ဆီတစ်ခု ဝဲလှည့်နေတဲ့ ပုံရိပ်သက်ရောက်မှုကို ဖန်တီးပေးလိုက်သလိုပါပဲ။
တကယ့် ဂလက်ဆီတစ်ခုလိုပဲ ဗဟိုချက်နဲ့ ပိုနီးကပ်လေလေ အရာဝတ္ထုတွေရဲ့ လှည့်ပတ်မှုက ပိုပြီး မြန်ဆန်လေလေပါပဲ။
အမှုန်အမွှားတွေက ပိုပိုပြီး နီးကပ်လာတဲ့အခါမှာတော့ နောက်ကြောင်းပြန်လှည့်လို့မရတော့တဲ့ အခြေအနေကို ရောက်ရှိသွားပြီး မည်းမှောင်နေတဲ့ အပေါက်ကြီးတစ်ခုရဲ့ ဆွဲငင်အားနယ်ပယ်ထဲကို ရောက်သွားသလိုမျိုး မိုက်ကယ်ရဲ့ နှလုံးသားဆီ တဟုန်ထိုး ပြေးဝင်သွားကြတော့တယ်။
မိုက်ကယ်က မျက်လုံးတွေကို မှိတ်ထားပြီး နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ သူ့ဆီ ဝင်လာတာကို ခွင့်ပြုပေးထားလိုက်တယ်။ သူ့နှလုံးသားရဲ့ နေရာအတော်များများဟာ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေနဲ့ လွှမ်းခြုံသွားပြီး သူ့နှလုံးသားရဲ့ အပေါ်ဘက်တစ်ခြမ်းလုံးကို အပြည့်အစုံ ပုံဖော်ပေးလိုက်ပြီ။
နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေဟာ ဝဲလှည့်နေတုန်းပဲ၊ နောက်ဆုံးမှာတော့ အားလုံးက မိုက်ကယ်ရဲ့ ခန္ဓာကိုယ်ထဲကို စုပ်ယူခြင်း ခံလိုက်ရတယ်။
အဲဒီအခိုက်အတန့်မှာ လုံးဝဥဿုံ တိတ်ဆိတ်မှုကြီး ဖြစ်ပေါ်သွားခဲ့တယ်။
နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက သူ့နှလုံးသားကို ဆက်ပြီး ဝန်းရံထားစဉ်မှာပဲ မိုက်ကယ်ကတော့ နေရာတင် ငြိမ်ပြီး ရပ်နေမိတယ်။
အတိအကျ အဲဒီအချိန်မှာပဲ သူ့အပေါ်က ဒီဗာဟာ စပြီး ကြီးထွားလာခဲ့တယ်။
ဒါပေမဲ့ ဆန်းကြယ်တာက အဲဒီပုံဖော်မှုက ပုခုံးရဲ့ ထိပ်ဆုံးကနေ စတာမဟုတ်ဘူး။ ဆန့်ကျင်ဘက် အခြားတစ်ဖက်ကနေ စတင်ပြီး ဒုတိယမြောက် လက်တစ်ဖက်ကို ပုံဖော်နေတာပဲ။
နာနိုအမှုန်အမွှားတွေလို့ ထင်ရတဲ့အရာတွေက ဘာမှမရှိတဲ့နေရာကနေ ပေါ်ထွက်လာပြီး လက်ချောင်းငါးချောင်းအဖြစ် စတင် ပုံဖော်လာကြတယ်။
အဲဒါက သတ္တုသွေးကြောတွေ၊ ပတ်လမ်းစနစ်တွေကို ပုံဖော်ပြီး နောက်ဆုံးမှာတော့ လက်ရဲ့ အနက်ရောင် အပြင်ဘက် အခွံ မာမာကြီး ဖြစ်လာခဲ့တယ်။
ပုံဖော်မှုက ဆက်ဖြစ်နေပြီး နက်နိုအမှုန်အမွှားတွေက ပိုပိုပြီး ပေါ်လာကာ လက်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေကို ပုံဖော်ပေးသွားတယ်၊ နောက်ဆုံး လက်တံတောင်ဆစ် နေရာ အရောက်မှာတော့ ရပ်တန့်သွားခဲ့တယ်။
အခုဆိုရင် သူ့ရဲ့ ဒီဗာမှာ အပြည့်အစုံရှိတဲ့ ညာလက်တစ်ဖက်နဲ့ ဘယ်လက်တစ်ခြမ်း ရှိသွားပြီပေါ့။
နောက်ဆုံးမှာတော့ မိုက်ကယ်ဟာ သူ့နှလုံးသားထဲက တန်ခိုးတွေ ငြိမ်သက်သွားတာကို ခံစားလိုက်ရတယ်။ နတ်ဘုရားပန်းပဲဖို အပိုင်းအစအသစ်တွေဟာ ဘာပြဿနာမှမရှိဘဲ သူ့ခန္ဓာကိုယ်နဲ့ အောင်မြင်စွာ ပေါင်းစည်းသွားခဲ့ပါပြီ။
သူ့စိတ်ထဲမှာ တစ်ခုခုကို အောင်မြင်ပြီးမြောက်သွားသလို ခံစားချက်မျိုး၊ ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်လိုက်ရသလို ခံစားချက်မျိုး ရှိနေတယ်။
ပင်ကိုယ်အသိစိတ်တစ်ခုတည်းနဲ့တင် သူဟာ ကိုယ်ခန္ဓာဖွဲ့စည်းခြင်း တတိယအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီလို့ ခံစားမိနေတာပေါ့။
“နိုဗာ... မင်း အတည်ပြုပေးနိုင်မလား”
[မင်းကို အာဆိုနီနဲ့ ဖလဲရက်စ် တို့နဲ့ နှိုင်းယှဉ်ကြည့်ရင် မင်းရဲ့ ဒီဗာဟာ ကိုယ်ခန္ဓာဖွဲ့စည်းခြင်း တတိယအဆင့်ကို ရောက်ရှိဖို့ ၉၅ ရာခိုင်နှုန်း သေချာမှုနဲ့ တက်လှမ်းသွားနိုင်ခဲ့ပြီလို့ ပြောလို့ရတယ်။ ဒီကောက်ချက်ကို လုံးဝ အဆုံးသတ်နိုင်ဖို့ ကျွန်ုပ်အနေနဲ့ နောက်ထပ် အချက်အလက်တွေ လိုအပ်သေးတယ်]
နိုဗာ ဘာကြောင့် အဲဒီလောက်အထိ မသေမချာ ဖြစ်နေရလဲဆိုတာကို မိုက်ကယ် နားလည်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဖလဲယားကော့ပ်က ကိုယ်ခန္ဓာဖွဲ့စည်းခြင်း စတုတ္ထအဆင့်မှာ ရှိနေတာလေ။ တကယ်လို့ မိုက်ကယ်ကသာ သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ အကုန်လုံးကို စုပ်ယူခဲ့တာဆိုရင်၊ သူကိုယ်တိုင်လည်း အကုန်စုပ်ယူနိုင်ခဲ့တယ်လို့ ထင်နေတာမို့၊ ဘယ်လိုပဲဖြစ်ဖြစ် သူကလည်း ကိုယ်ခန္ဓာဖွဲ့စည်းခြင်း စတုတ္ထအဆင့်ကို ရောက်ရှိနေရမှာပေါ့။
ဒါပေမဲ့ သူက သာမန် မက်ဂ်နက်တစ်တစ်ယောက်ထက် နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ ပိုပြီး အများကြီး လိုအပ်တယ်ဆိုတာကို အစောပိုင်းကတည်းက သိရှိထားခဲ့တယ်။ ဒါကြောင့် သူက သူတို့ရဲ့ စံနှုန်းတွေနဲ့ တိုက်ရိုက် အံဝင်ခွင်ကျ မဖြစ်နိုင်ဘူးလေ။
ဘယ်လိုပဲဖြစ်ဖြစ် မိုက်ကယ်ကတော့ ဒီအဆင့်တက်လှမ်းမှုအပေါ် လုံးဝကို ကျေနပ် အားရနေတာပေါ့။
သူက ထွက်ခွာဖို့ ပြင်လိုက်ရုံရှိသေး၊ ဒေသခံတွေထဲက တစ်ယောက် ဝင်လာပြီး မိုက်ကယ်ကို မြင်သွားခဲ့တယ်။
“အို... သန့်စင်မွန်မြတ်တဲ့ သားတော်။ သင် ဒီမှာ ရှိနေမှန်း ကျွန်တော်တို့ မသိခဲ့ပါဘူး”
တံမြက်စည်းတွေနဲ့ အခြား သန့်ရှင်းရေးသုံး ပစ္စည်းတွေကို ကိုင်ဆောင်ထားတဲ့ အခြား ဒေသခံတွေလည်း ရာဇပလ္လင်ခန်းမထဲကို ထပ်မံ ဝင်ရောက်လာကြတယ်။
“ငါလည်း အခုပဲ ထွက်တော့မလို့ပါ” လို့ သူက သူတို့ကို ပြောလိုက်တယ်။
“အော်... ဟုတ်ကဲ့ပါ။ ဒါနဲ့ သင် ဘတ်ချ်ရောခ့်မြို့ဆီကို မကြာခင် လာလည်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဒီရဲတိုက်တစ်ခုလုံးကို အိုင်းရွန်းမေဒင်ရဲ့ ပထမဆုံးသော ဘုရားကျောင်းအဖြစ် ပြောင်းလဲပစ်တော့မှာမို့လို့ပါ” လို့ ဒေသခံက သူ့မျက်လုံးထဲမှာ ရူးသွပ်တဲ့ စိတ်အားထက်သန်မှုတွေနဲ့ ပြောလိုက်တယ်။
မိုက်ကယ် သက်ပြင်းချလိုက်တယ်။ “ကောင်းပြီလေ... ဒါ မင်းတို့ရဲ့ မြို့ပဲဥစ္စာ” လို့ သူက မကျေမချမ်းနဲ့ ပြောလိုက်တာပေါ့။
သူ ထွက်ခွာဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ဒေသခံတွေထဲက တစ်ယောက်က သူ့ကို တစ်ခုခု ဖွင့်ဟပြောပြလာတယ်။
“သန့်စင်မွန်မြတ်တဲ့ သားတော်။ မြို့အစွန်မှာရှိတဲ့ ယုတ်မာတဲ့ ဖလဲယားကော့ပ်ရဲ့ အခန်းကို သွားပြီး အကုန်လုံး ရှင်းလင်းပေးဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အဲဒီက ထောင်ချောက်တွေကို ကျွန်တော်တို့ ဖျက်ဆီးနိုင်လိမ့်မယ်လို့ မယုံကြည်လို့ပါ”
မိုက်ကယ်က သူတို့ကို ဇဝေဇဝါနဲ့ ကြည့်လိုက်တယ်။ “ငါက ဒါ ဖလဲယားကော့ပ်ရဲ့ အခန်းလို့ ထင်နေတာ”
“သူ့မှာ နံရံတွေရဲ့ အောက်တည့်တည့်မှာ နောက်ထပ် လျှို့ဝှက် မြေအောက်ခန်းတစ်ခု ရှိသေးတာပါ။ သူက အဲဒီနေရာကို သွားခဲတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ထဲက တစ်ယောက် အဲဒီထဲ ဝင်ဖို့ ကြိုးစားတုန်းက သေလုနီးပါး ဖြစ်ခဲ့ရတယ်” လို့ ဒေသခံက ပြောတယ်။
ဒါက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ။ နောက်ထပ် လျှို့ဝှက်ခန်းတစ်ခု ဟုတ်လား။ ဖလဲယားကော့ပ်က အဲဒီထဲမှာ ဘယ်လို ရတနာမျိုးတွေ ဝှက်ထားတာပါလိမ့်။
မိုက်ကယ်က လမ်းညွှန်ပေးဖို့ တောင်းဆိုလိုက်တဲ့အခါမှာတော့ ဒေသခံတွေက သူ့ကို အဲဒီနေရာဆီ ချက်ချင်းပဲ လမ်းပြခေါ်ဆောင်သွားကြတယ်။
တစ်မိနစ်လောက် ပျံသန်းပြီးတဲ့နောက်မှာတော့ သူဟာ နံရံရဲ့ တောင်ဘက်ခြမ်းဆီ ရောက်ရှိသွားခဲ့ပြီး အဲဒီမှာတော့ ချုံပုတ်အချို့ရဲ့ ဘေးက မြေအောက်ခန်းတံခါးတစ်ခု ရှိနေတာပေါ့။ အပေါ်မှာ ကျောက်ခဲလေးတွေနဲ့ မြေကြီးတွေ ရှိနေသေးတာကို ထောက်ရင် အရင်က မြေအောက်ထဲမှာ ဝှက်ထားခဲ့ပုံရတယ်။
သူက ပတ္တာတပ်ထားတဲ့ တံခါးကို ဖွင့်လိုက်တဲ့အခါမှာတော့ မှောင်မည်းနေတဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းထဲကို ဆင်းသွားတဲ့ သစ်သားလှေကားတစ်ခုကို တွေ့လိုက်ရတယ်။
သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကြောင့် ဥမင်လိုဏ်ခေါင်းဆီ ဆင်းမယ့် ပထမဆုံး ခြေလှမ်းမှာတင် ထောင်ချောက်တစ်ခု ရှိနေတာကို သူ မြင်နိုင်ခဲ့တယ်။ တကယ်လို့ သူကသာ အဲဒီကျောက်ပြားပေါ်ကို နင်းမိလိုက်ရင် ဘေးဘက်တွေကနေ မြှားတွေ အရှိန်အဟုန်နဲ့ ပစ်ထွက်လာလိမ့်မယ်။
မိုက်ကယ်ကတော့ ပျင်းရိတတ်တဲ့ လူစားမျိုးမို့ ဂရုမစိုက်ဘဲ ဥမင်လိုဏ်ခေါင်းထဲကို ပေါ့ပေါ့ဆဆပဲ ခြေလှမ်းလှမ်းလိုက်ပြီး သူ့ဘက်ဆီ မြှားတွေ ပစ်ခတ်လာအောင် လုပ်လိုက်တာပေါ့။
ချက်ချင်းပဲ သူ့အရေပြား ပတ်ပတ်လည်မှာ ရောင်စုံအလင်းဒိုင်းတစ်ခု ပေါ်လာပြီး အဆိပ်လူးမြှားတွေရဲ့ အန္တရာယ်ကနေ သူ့ကို ကာကွယ်ပေးလိုက်တယ်။
သူက ဥမင်လိုဏ်ခေါင်းထဲကို ဆက်ပြီး လျှောက်သွားခဲ့တယ်၊ ဘေးဘက်တွေကနေ သူ့ဆီ မြှားတွေ ပိုပိုပြီး ပစ်ခတ်လာကြတုန်းပါပဲ၊ နောက်ဆုံးမှာတော့ သစ်သားသေတ္တာတစ်လုံးတည်းသာ ရှိနေတဲ့ သေးငယ်ပြီး အလွတ်ဖြစ်နေတဲ့ အခန်းလေးတစ်ခုထဲကို သူ ရောက်ရှိသွားခဲ့တယ်။
ဒါက ရတနာခန်း ဟုတ်လား။ သေတ္တာတစ်လုံးတည်းပဲ ရှိတာလားလို့ သူက နည်းနည်း စိတ်ပျက်သွားရင်း တွေးမိလိုက်တယ်။
နံရံတွေကို ဖြတ်ပြီး လှမ်းကြည့်လိုက်ရင်တောင် မြေကြီးနဲ့ ရွှံ့တွေကလွဲလို့ ဘာမှမရှိတာမို့ ဒါက ဥမင်လိုဏ်ခေါင်းရဲ့ အဆုံးသတ်ဆိုတာ သေချာပါတယ်။
ဒါပေမဲ့ ဖလဲယားကော့ပ်က ဒီသစ်သားသေတ္တာတစ်လုံးတည်းကို ဝှက်ထားဖို့ ဒီလောက်အထိ အားစိုက်ထုတ်ခဲ့တာကို ကြည့်ရင် အထဲမှာ ထူးခြားတဲ့ တစ်စုံတစ်ခု ဝှက်ထားတာ သေချာပေါက် ရှိရမယ်လို့ မိုက်ကယ် ခံစားလိုက်ရတယ်။
သေတ္တာအထဲမှာ ဘာထောင်ချောက်မှ မရှိတာကို သေချာအောင် လုပ်ပြီးတဲ့နောက်မှာတော့ မိုက်ကယ်က သော့ခလောက်တွေကို ဆွဲဖြတ်လိုက်ပြီး သေတ္တာကို ချက်ချင်းပဲ ဖွင့်လိုက်ပါတော့တယ်။
* * * * * * * *