← Chapters

အခန်း (၄၂၃-၄၂၄)

Vol. 36 Ch. 423-424

အခန်း (၄၂၃-၄၂၄)

Vol. 36 Ch. 423-424

အခန်း(၄၂၃)

မက်ထရိုပိုလစ်ဟာ သူတို့ရဲ့ကုမ္ပဏီတွေကို တိုးချဲ့ချင်နေကြတဲ့ လုပ်ငန်းရှင်တွေအတွက်တော့ မဖြစ်မနေသွားရမယ့် အထွတ်အမြတ်နေရာတစ်ခုပဲ။ အဲဒီနယ်မြေထဲက ဈေးကွက်က သိပ်ကောင်းလွန်းတာကြောင့် အစည်းအရုံးရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာရုံနဲ့တင် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းထဲမှာ သူတို့ရဲ့အဆင့်က အနည်းဆုံး ၁၀ ဆင့်လောက် ချက်ချင်းတက်သွားနိုင်တယ်လေ။

ဒါပေမဲ့ ရိုးရိုးလေးစဉ်းစားကြည့်ရင်ပဲ မက်ထရိုပိုလစ်အစည်းအရုံးထဲကို ဘယ်သူမဆို ဝင်ခွင့်ရတာတော့ မဟုတ်ပါဘူး။ အကုန်လုံးကိုသာ ဝင်ခွင့်ပေးလိုက်ရင် အဲဒီနယ်မြေထဲမှာ ပြိုင်ဆိုင်မှုတွေ သိပ်များပြားသွားပြီး ဈေးကွက်ကြီးလည်း ကွဲပြား ပျက်စီးသွားနိုင်တာပေါ့။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒီဈေးကွက်ထဲမှာ အောင်မြင်ဖို့ နေနေသာသာ အကောင်းဆုံးတွေထဲကမှ ထိပ်သီးအဆင့်တွေပဲ အစည်းအရုံးထဲ ဝင်ခွင့်ရဖို့ အခွင့်အရေးရှိတာပါ။

ဒါကြောင့်မလို့လည်း အစည်းအရုံးဟာ သူတို့လက်ခံမယ့် ကုမ္ပဏီတွေနဲ့ပတ်သက်ရင် သိပ်ပြီးမျက်စိကြီးကြတာပေါ့။ ဆီဘက်စတီယန် ပြောပြချက်အရဆိုရင် နှစ်စဉ် ကုမ္ပဏီငါးခုလောက်ပဲ မက်ထရိုပိုလစ်မှာ ကုမ္ပဏီတည်ထောင်ခွင့်လိုင်စင် ရကြတယ်လို့ သိရတယ်။

"ကျန်တဲ့နေရာလွတ်တွေကတော့ မက်ထရိုပိုလစ်ထဲက အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲနိုင်တာပေါ့။ တကယ်လို့ ကုမ္ပဏီတစ်ခုခုက ဒေဝါလီခံသွားလို့ဖြစ်ဖြစ် လုပ်ငန်း ဆက်မလုပ်နိုင်တော့လို့ဖြစ်ဖြစ် ဖြစ်သွားမှသာ အစည်းအရုံးမှာ နေရာလွတ်တစ်ခု ပေါ်လာတာမျိုးဗျ။ အဲဒီတော့ ပျမ်းမျှအားဖြင့် ပြောရရင် မက်ထရိုပိုလစ်ထဲမှာ ကုမ္ပဏီငါးခုလောက်က ပျက်စီးပျောက်ကွယ်သွားတတ်တယ်လို့ ဆိုရမှာပဲ"

ပြီးတော့ ဆီဘက်စတီယန်က မိုက်ကယ်ကို ကြည့်လိုက်ပြီး "မင်းအတွက်ကတော့ မင်းက ဗန်ဒါဘစ် တစ်ယောက်ဆိုတာ သူတို့မြင်တာနဲ့ အစည်းအရုံးက လိုင်စင် ချက်ချင်းထုတ်ပေးလိမ့်မယ်လို့ ငါထင်တယ်။ ဒါပေမဲ့ မင်းအကြောင်း ငါသိတာပေါ့။ မင်းကတော့ အဲဒီနာမည်ကို အခွင့်ကောင်းယူပြီး သုံးမှာမဟုတ်ဘူးမလား" တဲ့။

အဲဒါက အမှန်တရားပါပဲ။ မိုက်ကယ်ဟာ မက်ထရိုပိုလစ်ထဲကို လွယ်လွယ်ကူကူ ဖြတ်ကျော်ဝင်ရောက်နိုင်ဖို့ သူ့ရဲ့နောက်ဆုံးမျိုးရိုးနာမည်ကို အသုံးမချချင်ဘူး။ သူက ကိုယ့်အရည်အချင်းနဲ့ကိုယ်ပဲ အဲဒီကို ရောက်အောင်သွားချင်တာ။ ဒါမှလည်း အောင်မြင်မှုက ဗန်ဒါဘစ် ဆိုတဲ့ နာမည်ကြောင့်မဟုတ်ဘဲ သူ့အစွမ်းကြောင့်ပဲ ဖြစ်မှာလေ။

သူက သူ့အဖိုးရဲ့ အကူအညီကို လုံးဝမယူဘဲ ရီနေးတားကုမ္ပဏီကို အောက်ခြေကနေ စပြီး တည်ဆောက်ခဲ့တာ။ အခုချိန်မှာလည်း သူ အဲဒီအကူအညီကို မလိုပါဘူး။

"ငါ လိုင်စင်ကို ဘယ်လိုရအောင်ယူရမလဲ။ မက်ထရိုပိုလစ်ကို ဒီတိုင်းသွားပြီး အစည်းအရုံးကိုပဲ တိုက်ရိုက်မေးရမှာလား"

"ဟုတ်တယ်" လို့ ဆီဘက်စတီယန်က အတည်ပြုပေးတယ်။ "သူတို့က မင်းကို စာမေးပွဲတစ်ခု စစ်လိမ့်မယ်။ ရိုးရိုးရှင်းရှင်းလေးပါပဲ။ မင်းရဲ့ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုကို ရောင်းချဖို့ ယာယီအရောင်းဆိုင်လေးတစ်ခု ပေးပြီး မင်းရဲ့ကုမ္ပဏီက မက်ထရိုပိုလစ်ရဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်စွမ်းရှိမရှိ ပြသရမှာ။ ပြီးတော့ စမ်းသပ်ကာလ ကုန်ဆုံးတဲ့အချိန်မှာ မင်းက သုံးစွဲသူ အလုံအလောက်ကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ခဲ့ရင်တော့ အစည်းအရုံးက မင်းကို လိုင်စင် ထုတ်ပေးလိမ့်မယ်"

မိုက်ကယ်က နောက်ခံမှာ နိုဗာ မှတ်စုရေးနေတာကို ကြည့်ရင်း ဆီဘက်စတီယန်ရဲ့ စကားအားလုံးကို သေသေချာချာ မှတ်သားထားလိုက်တယ်။

"ငါ အဲဒီလိုင်စင်ကို ရအောင်ယူမယ်" လို့ သူက ပြတ်ပြတ်သားသား ပြောလိုက်တယ်။

ဆီဘက်စတီယန်က ပြုံးလိုက်ပြီး "မင်း လုပ်နိုင်မှာ ငါသိတာပေါ့။ ကံကောင်းပါစေ " တဲ့။

* * * * * * * *

ဆီဘက်စတီယန်နဲ့ စကားပြောပြီးတာနဲ့ မိုက်ကယ်က အခြားသူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ သူတို့ရဲ့ ဌာနချုပ်ဆီ ချက်ချင်း ပြန်လာခဲ့တယ်။

သူက ဒီကုမ္ပဏီရဲ့ နောက်ထပ်လုပ်ဆောင်မယ့် အစီအစဉ်တွေကို သူတို့ကို ပြောပြချင်နေတာ။

ဒါကြောင့် သူက စာပွဲရှည်ကြီးတစ်ခုမှာ လူအကုန်လုံးကို စုဝေးလိုက်တယ်။ သူကတော့ စားပွဲရဲ့ ထိပ်ဆုံးအစွန်းမှာ ထိုင်နေတာပေါ့။ သူ့ရဲ့ ညာဘက်မှာ ရှီနာ ရှိပြီး သူမရဲ့နောက်မှာတော့ အခြား ဒရာဂွန်ဘွန်းတွေ ရှိနေကြတယ်။ ဒရာဂွန်ဘွန်းတွေရဲ့ ဘေးတိုက်ရက်မှာတော့ အော့ခ် မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်နဲ့ သူတို့ရဲ့ ပါရမီရှင် အင်ဂျင်နီယာ ခုန်း တို့ ရှိနေတယ်။

သူ့ရဲ့ ဘယ်ဘက်မှာတော့ ယူနာ ထိုင်နေတယ်။ ဖတ်ချ်က အဲဒီနေရာမှာ ထိုင်ရမှာ ဖြစ်ပေမဲ့ နင်ဂျာစလိုင်းမ်လေးက ယူနာ့ပေါင်ပေါ်မှာပဲ ထိုင်ချင်နေတာကြောင့် ယူနာကပဲ မိုက်ကယ်ရဲ့ ဘေးတိုက်ရက်မှာ ထိုင်နေရတာ ဖြစ်ပါတယ်။

ယူနာ့ဘေးမှာတော့ သူ့ရဲ့ မိဘတွေဖြစ်တဲ့ လိုင်လီယာနဲ့ ဘတ်သ် တို့ ရှိနေတယ်။ မိုက်ကယ်က စနောက်နေတတ်ပေမဲ့ သူတို့က မိုက်ကယ်အတွက်ရော ဒီကုမ္ပဏီအတွက်ပါ သိပ်ကို အရေးကြီးတဲ့သူတွေပါ။

လိုင်လီယာ့ဘေးမှာတော့ ကက်စတယ်လာ ရှိပြီး သူမရဲ့ ဘေးကလူကတော့ ဂရီးဗ် ပဲ ဖြစ်ပါတယ်။ သူက အစည်းအဝေးရှိမှန်းတောင် မေ့နေတာကြောင့် အစည်းအဝေးကို နောက်ကျမှ ရောက်လာပြီး နောက်ဆုံးပိတ်ခုံမှာပဲ ထိုင်လိုက်ရတာပါ။

"မိုက်ကယ် သားလေး... နောက်ဆုံးတော့ တစ်ခုခု ကြေညာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ" လို့ လိုင်လီယာက သူမဘေးက ယူနာ့ကို တွန်းရင်း စနောက်လိုက်တယ်။

"မဟုတ်ပါဘူး အမေရာ။ ဒါက အတည်ပြောတာ။ ကျွန်တော်တို့ ကွင်းစ်နယ်မြေထဲကို လုပ်ငန်းတိုးချဲ့မယ့်အကြောင်း ပြောချင်လို့။ အခု ကျွန်တော်တို့ ဆောက်သ်တစ်ပ် တစ်ခွင်လုံးကို လွှမ်းမိုးပြီးပြီဆိုတော့ မြောက်ဘက်ကို ပိုပြီး တိုးချဲ့ရမယ့် အချိန်ရောက်ပြီပေါ့။ ကျွန်တော်တို့ရဲ့ နောက်ထပ်မှတ်တိုင်ကတော့ မက်ထရိုပိုလစ်ပဲ"

အခန်းထဲမှာ စိတ်လှုပ်ရှားတကြီး တိုးတိုးတိုးတိုး ပြောဆိုသံတွေ ဆူညံသွားတယ်။

"သခင့် သဘောအတိုင်းပါပဲ သခင်မိုက်ကယ်။ ကားကြီးရပ်နားစခန်းထဲမှာ သူတို့ရဲ့ စားသောက်ဆိုင်တွေ လာဖွင့်ချင်ကြတဲ့ ကုမ္ပဏီတွေဆီက ရတဲ့ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ အရင်းအမြစ်တွေကြောင့် အရှေ့ဘက်ကို သွားတဲ့ ရွှေလမ်းမကြီး တိုးချဲ့မှုကို အပြီးသတ်နိုင်ခဲ့ပါပြီ။ မြောက်ဘက်ကိုလည်း နည်းနည်းလောက် ပိုပြီး တိုးချဲ့ထားနိုင်ပြီ" လို့ ရှီနာက အစီရင်ခံတယ်။

"ဘတ်ချ်ရောခ့်မြို့ကို ရောက်ဖို့ဆိုရင် ရက်သတ္တပတ် အနည်းငယ်လောက်တော့ ကြာဦးမယ်။ တကယ်လို့ ပိုက်ဆံပိုသုံးပြီး အရှိန်မြှင့်လိုက်ရင်တော့ တစ်ပတ်လောက် ပိုစောသွားနိုင်တာပေါ့" လို့ ကက်စတယ်လာက ထပ်လောင်းပြောတယ်။

ဒီအမျိုးသမီးနှစ်ယောက်က ခါတိုင်းလိုပဲ ရီနေးတားရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကိုင်တွယ်နေရသူတွေမလို့ ဒီလုပ်ငန်းတိုးချဲ့မှုအပေါ်မှာ အစိတ်လှုပ်ရှားဆုံး ဖြစ်နေကြတာပါ။

"ဟိုဟိုဟိုး... မက်ထရိုပိုလစ်။ အဲဒီနာမည်ကို မကြားရတာ တော်တော်တောင် ကြာသွားပြီပဲ" လို့ ဂရီးဗ်က တိုးတိုးလေး ရေရွတ်လိုက်တယ်။

"ဂရီးဗ်။ အဲဒီမှာ ငါ အနိုင်ယူလို့ရမယ့် စစ်သည်တော်တွေ ရှိလား။ ငါ့ရဲ့ လက်မောင်းကြွက်သားတွေက တိုက်ပွဲတစ်ခုအတွက် ယားယံနေပြီဟေ့"

"ဇိုင်ယွန်ရာ ကျေးဇူးပြုပြီး။ ငါတို့က ဒီမှာ တကယ့် စီးပွားရေးလုပ်နေတာနော်။ လူကြီးဆန်ဆန် ပြုမူစမ်းပါ" လို့ ရှီနာက သူ့ကို ငေါက်လိုက်တယ်။

"ငါလည်း သဘောတူတယ်။ ငါတို့ ဒီအတိုင်း အေးအေးဆေးဆေး နေလို့ရတာကို ဘာလို့ သွားပြီး ရန်ရှာနေမှာလဲ" လို့ ဂျာကူက ဝင်ပြောတယ်။ "ငါတို့ မိန်းကလေးအဖွဲ့ဆီက ပေးတဲ့ ပြစ်ဒဏ်ကနေ လွတ်လာတာ အခုမှပဲ ရှိသေးတာ။ ရုံးလုပ်ငန်း စာရွက်စာတမ်းတွေကို စိတ်ပူမနေဘဲ အနားယူရမယ့် အချိန်ပဲလေ"

"အနားယူရမှာ မဟုတ်ဘူး" လို့ ရှီနာက ပြန်ပြောလိုက်တယ်။ "တကယ်လို့ ငါတို့က ရွှေလမ်းမကြီး တည်ဆောက်ရေးကို အရှိန်မြှင့်ပြီး တစ်လအတွင်း မက်ထရိုပိုလစ်ကို ရောက်ချင်တယ်ဆိုရင်တော့ လူအင်အား အကုန်လုံး ဝိုင်းကူကြရမယ်"

သူတို့နဲ့ ဆန့်ကျင်ဘက်အနေနဲ့ ယူမီစုကတော့ သူမရဲ့ ခုံမှာ တိတ်တိတ်ဆိတ်ဆိတ်ပဲ လှုပ်လှုပ်ရွရွ ဖြစ်နေပြီး ဘောပင်ကို မြဲမြဲကိုင်ထားတယ်။ သူမက ရုံးလုပ်ငန်း စာရွက်စာတမ်းတွေကို ကူညီပေးချင်နေတာပါ။

အခြားတစ်ဖက်မှာတော့ ယူနာက မိုက်ကယ်ကို ကြည့်လိုက်ပြီး "မက်ထရိုပိုလစ်မှာ စီးပွားရေးလုပ်ဖို့ဆိုရင် လိုင်စင် လိုအပ်တယ်ဆိုတာ မင်း သိတယ်မလား" လို့ မေးတယ်။

သူ့အဖေ ဘတ်ကလည်း ယူနာ့စကားကို ထောက်ခံလိုက်ပြီး "အဲဒီမှာ လိုင်စင်ရဖို့ သိပ်ခက်တယ်လို့ ငါကြားဖူးတယ်။ ပြီးတော့ အဲဒီမှာ ရှင်သန်ဖို့က ပိုတောင် ခက်သေးတယ်" တဲ့။

မိုက်ကယ်က သူတို့ရဲ့ စိုးရိမ်မှုတွေကို ခေါင်းညိတ်ပြလိုက်တယ်။ "ကျွန်တော် သိပါတယ်။ ဒါကြောင့်လည်း ဒီနေ့ အားလုံးကို ဒီမှာ စုဝေးလိုက်တာပေါ့။ ကျွန်တော် မက်ထရိုပိုလစ်အစည်းအရုံးဆီကနေ လိုင်စင်တစ်ခု ရအောင်ယူဖို့ စီစဉ်နေတယ်"

"မက်ထရိုပိုလစ်မှာ ရှုပ်ထွေးတဲ့ တရားစီရင်ရေးစနစ် ရှိတယ်။ ကုမ္ပဏီတွေနဲ့ ပတ်သက်လာရင် စည်းမျဉ်းစည်းကမ်းတွေက သိပ်များတာ" လို့ ယူနာက သတိပေးတယ်။

သူက သူမကို စိုက်ကြည့်လိုက်ပြီး "ငါ သိတာပေါ့။ ဒါကြောင့်လည်း ငါ့ကို ကူညီဖို့ မင်း လိုအပ်တာပေါ့"

ယူနာက မိုက်ကယ်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်နေမိတုန်း သူမရဲ့ ပါးပြင်တွေဆီ အပူရှိန်တစ်ခု တက်လာသလို ခံစားလိုက်ရတယ်။ ရှက်ကိုးရှက်ကန်း ဖြစ်သွားတာကြောင့် သူမက ခေါင်းကို ချက်ချင်းပဲ အသာလွှဲလိုက်ပြီး "ဟွန်း... ကောင်းပြီလေ" လို့ မကျေနပ်သလို လေသံမျိုးနဲ့ ပြောတယ်။

"ဒါပေမဲ့ မင်း ငါ့ကို အကြွေးအကြီးကြီး တင်သွားပြီနော်။ ပြီးတော့ ဒီတစ်ခါတော့ အလုပ်ရှုပ်နေလို့ပါဆိုတဲ့ ဆင်ခြေနဲ့ လွတ်အောင်ရုန်းဖို့ မကြံစမ်းနဲ့"

မိုက်ကယ်က တဟားဟား ရယ်လိုက်ပြီး "ကောင်းပါပြီဗျာ" တဲ့။

ဒီအတောအတွင်းမှာတော့ ဘတ်နဲ့ လိုင်လီယာတို့က အရင်ကထက် ပိုပြီး ရင်းနှီးနေတဲ့ ထိုနှစ်ယောက်ရဲ့ အပြုအမူကို ကြည့်ပြီး တစ်ယောက်ကိုတစ်ယောက် တိတ်တိတ်ကလေး တွန်းထိုး စနောက်နေကြတယ်။

မိုက်ကယ်က သူတို့ကို တားဖို့အတွက် လည်ချောင်း ရှင်းလိုက်ရတယ်။

"အဟမ်း... ဘာပဲဖြစ်ဖြစ် ဆီဘက်စတီယန် ပြောပြချက်အရဆိုရင် ငါတို့ကို မက်ထရိုပိုလစ်ရဲ့ သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ အရောင်းဆိုင်တစ်ဆိုင် ပေးလိမ့်မယ်။ အဲဒီမှာ ငါတို့ရဲ့ ထုတ်ကုန်တွေ ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို ဒေသခံတွေကို ပြသရမှာ။ ငါတို့က သူတို့ရဲ့ ထောက်ခံမဲတွေကို ရပြီဆိုတာနဲ့ မက်ထရိုပိုလစ်မှာ အလုပ်လုပ်ဖို့ လိုင်စင် ရလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့ရဲ့ လုပ်ငန်းကို တိုးချဲ့နိုင်ပြီပေါ့။ အကုန်လုံး ရှင်းကြရဲ့လား"

သူတို့အားလုံးက သူ့ကို ယုံကြည်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ကြတယ်။ ဒရာဂွန်ဘွန်းတွေက သူ့ကို ခေါင်းညိတ်ပြတယ်၊ အော့ခ် မျိုးနွယ်စုခေါင်းဆောင်တွေက သူတို့ရဲ့ အလေ့အထကျင့်စဉ်တွေကို လုပ်ကြတယ်၊ ဂရီးဗ်ကတော့ မျက်လုံးမရှိပေမဲ့ သူ့ရဲ့ နံရိုးချင်း ရိုက်ခတ်သံတွေကနေတစ်ဆင့် သူ့ရဲ့ စိတ်လှုပ်ရှားမှုကို ပြသနေတာပေါ့။

သူက သူ့လက်ကို စားပွဲပေါ် တင်လိုက်ပြီး "သုံးအထိရေပြီး အတူတူ အော်ကြမယ်ဟေ့"

လူတိုင်းက စားပွဲရဲ့ သူတို့အခြမ်းကနေ လှမ်းပြီး လက်တွေကို ဝိုင်းပတ်ပြီး တစ်ဆင့်ချင်း ထပ်လိုက်ကြတယ်။

မိုက်ကယ်ရဲ့ လက်က အပေါ်ဆုံးမှာ ရှိနေပြီး ယူနာ့လက်ကတော့ သူ့လက်ရဲ့ အောက်တည့်တည့်မှာပေါ့။ သူက ကိန်းဂဏန်းတွေ မရေတွက်ခင်မှာ သူမကို ပြုံးပြလိုက်တယ်။ "သုံးအထိ ရေမယ်နော်... တစ်... နှစ်…"

"ဟေး..." လို့ ဂရီးဗ်က အချိန်မတိုင်ခင် စောပြီး အော်ဟစ် အားပေးလိုက်တယ်။

"အား... ခင်ဗျားကလည်း စောလွန်းတယ်ဗျာ" လို့ ဇိုင်ယွန်က ညည်းတွားလိုက်တယ်။

"ငါ ကိန်းဂဏန်းတွေ ဘယ်လိုရေရမလဲ မေ့သွားလို့ ထင်တယ် ဟိုဟိုဟိုဟို"

လူတိုင်းက ကိုယ့်ဘာသာ သဘောကျပြီး တဟားဟား ရယ်မောကြတော့တယ်။

ဒီအတောအတွင်းမှာပဲ မိုက်ကယ်ဟာ သူ့လက်ကို ဆုပ်ကိုင်ထားတဲ့ လက်တစ်ဖက်ကို ခံစားလိုက်ရတယ်။ သူ ကြည့်လိုက်တော့ သူ့ကို ယုံကြည်မှုအပြည့်နဲ့ ခေါင်းညိတ်ပြနေတဲ့ ယူနာ ဖြစ်နေတာပေါ့။

* * * * * * * *

စာစဉ်(၃၆)

အခန်း(၄၂၄)

ပထမဆုံး တွေ့ဆုံပွဲအပြီးမှာတော့ အသေးစိတ် အချက်အလက်တွေကို စပြီး ဆွေးနွေးကြတာပေါ့။

"ကက်စတယ်လာ... ငါတို့ ကုန်ပစ္စည်းတွေကို ဈေးကွက်တင်ဖို့အတွက် မင်းကို ပြင်ဆင်စေချင်တယ်၊ ဆပ်ပြာတွေ၊ စက်ဘီးတွေ၊ လက်ပတ်နာရီတွေ... ဆိုင်ခန်းတစ်ခုမှာ ရောင်းလို့ရမယ့်အရာ အားလုံးကိုပေါ့"

ကက်စတယ်လာက ခေါင်းငြိမ့်လိုက်ပြီး "နားလည်ပါပြီ သခင်လေး... ကျွန်မတို့ ရောင်းသင့်တယ်လို့ ထင်တဲ့ ပစ္စည်းအမျိုးအမည်စာရင်းကို ဒီမှာ ပြင်ဆင်ထားပါတယ်" လို့ ပြောတယ်။

မိုက်ကယ်က သူမကို ဘာလုပ်ရမလဲလို့ မပြောခင်ကတည်းက သူမက ရောင်းရမယ့် ကုန်ပစ္စည်းစာရင်းကို ကြိုပြီး စဉ်းစားထားခဲ့တာပါ။

"ကောင်းပြီ... ကဲ ခုန်း၊ ငါတို့ ကုန်ပစ္စည်းတွေ ရောင်းမယ့် ဆိုင်ခန်းတစ်ခုကို မင်းကို ဆောက်စေချင်တယ်၊ အဲဒီဆိုင်ခန်းက လူမြင်သူမြင် ထင်ရှားပေါ်လွင်နေရမယ်၊ အသေးစိတ် အချက်အလက်တွေကို သိရအောင် ယူနာနဲ့ တိုင်ပင်လိုက်ပါဦး"

"ငါ အရင်ဆုံး မက်ထရိုပိုလစ်မှာရှိတဲ့ အသင်းဆီက စည်းမျဉ်းစာအုပ်တွေကို လေ့လာရဦးမယ်၊ ဒါပေမဲ့ ဆိုင်ခန်းက သေးငယ်ပြီး ရွှေ့ပြောင်းလို့လွယ်နေသရွေ့ ဘယ်လိုဆိုင်ခန်းမျိုးပဲ ဆောက်ဆောက် ကန့်သတ်ချက် ရှိမယ်မထင်ဘူး" လို့ ယူနာက ပြောလိုက်တယ်။

"ခွင့်ပြုချက် တရားဝင်တောင်းဖို့ ဒီညဘက်ကျရင် မက်ထရိုပိုလစ်ကို ငါ သွားလိုက်မယ်၊ စည်းမျဉ်းစာအုပ်လည်း တောင်းခဲ့ပေးမယ်" လို့ သူက သူမကို ကတိပေးလိုက်တာပေါ့။

"ဗူး တိုး တိုး"

"ရာ... တာ တာ"

အော့ခ် မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ဟာ သူတို့ရဲ့ ထူးခြားတဲ့ ပုံစံတွေ၊ ကြွက်သားတွေနဲ့ ဆူးချွန်တွေကို ကြွားလုံးထုတ်ရင်း မိုက်ကယ်ရဲ့ရှေ့မှာ ချက်ချင်း ကိုယ်ထင်ပြလာကြတယ်။

"သခင်... ကျွန်တော်တို့ ဝံပုလွေအော့ခ် အရိပ်အဖွဲ့ရဲ့ အကူအညီကို ပေးအပ်ပါတယ်၊ သူတို့က မက်ထရိုပိုလစ်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေအကြောင်း ပိုသိရအောင် အရိပ်ခွဲတွေ ဖြန့်ပြီး စုံစမ်းဖို့ ကြိုးစားပါလိမ့်မယ်" လို့ နာရီတိုက ပြောတယ်။

"ကျွန်တော်တို့နဲ့ လိပ်ပြာဆူးအော့ခ် အရိပ်အဖွဲ့ကတော့ သခင် မက်ထရိုပိုလစ်ကို သွားတဲ့အခါ ဘေးကင်းအောင် ကာကွယ်ပေးပါ့မယ်၊ ကျွန်တော်တို့ရဲ့ အရိပ်ခွဲတွေ စုဝေးနိုင်မယ့် ဘေးကင်းတဲ့ နယ်မြေတွေကိုလည်း ဖန်တီးပေးပါ့မယ်" လို့ ဆာစူကီက ဆိုပြန်တယ်။

"မင်းတို့ နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ စုံစမ်းတာနဲ့ ကာကွယ်တဲ့နေရာမှာ သိပ်ပြီး အလွန်အကျွံ မဖြစ်စေနဲ့၊ မက်ထရိုပိုလစ်မှာ သန်မာတဲ့လူတွေ အများကြီးရှိတယ်... အတိအကျပြောရရင် သံလိုက်စွမ်းအားရှင်တွေပေါ့၊ ပြီးတော့ သူတို့မှာ မင်းတို့ရဲ့ အရိပ်တွေကို လူတွေဆီမှာ သွားကပ်ထားရင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်တဲ့ စွမ်းရည်တွေ ရှိကြတယ်၊

ဒါပေမဲ့ တခြားသူတွေရဲ့ နယ်မြေကို ကျူးကျော်တာမျိုး မလုပ်ဘဲ ကြားနေနယ်မြေတွေမှာပဲ စောင့်ကြည့်နေသရွေ့တော့ အဆင်ပြေပါတယ်"

အော့ခ် မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ဟာ ဦးညွှတ်လိုက်ပြီး သူတို့ရဲ့ အလေ့အထကျင့်စဉ်တွေကို လုပ်ဆောင်ကြတာပေါ့။

"အဲဒီ စွမ်းရည်တွေက မတရားတာပဲ" လို့ ဖတ်ချ်က ညည်းတွားလိုက်တယ်။

ဒါက ဖတ်ချ်တစ်ယောက် အလွန်အကျွံ ထပ်လုပ်မိမှာကို စိုးရိမ်နေတဲ့ မိုက်ကယ်ရဲ့ စိတ်ပူပန်မှုကို အမှန်တကယ် ပြေလျော့သွားစေခဲ့တယ်၊ အနည်းဆုံးတော့ အဲဒီ စလိုင်းမ် နင်ဂျာလေးဟာ အဲဒီ သံလိုက်စွမ်းအားရှင်တွေကို သွားပြီး နောက်ပြောင်လို့ ရမှာမဟုတ်ဘူးဆိုတာ သူ သိသွားတာပေါ့။

".. ရပါတယ်၊ သူတို့ကို မှော်ပညာနဲ့ ထိုးဖောက်ဝင်ရောက်ဖို့ မလိုပါဘူး၊ ယုံကြည်မှုကတစ်ဆင့် ထိုးဖောက်ဝင်ရောက်ဖို့ အခွင့်အရေးက အမြဲရှိတာပဲကို..." လို့ ဖတ်ချ်က လေသံတိုးတိုးနဲ့ ရေရွတ်လိုက်တယ်။

ညဉ့်နက်ပိုင်းမှာတော့ သူတို့ရဲ့ အစီအစဉ်တွေ အားလုံး အပြီးသတ်သွားခဲ့ပြီ၊ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ပြင်ဆင်မှု အလုပ်အားလုံးကို လုပ်ခဲ့ကြတာက ကက်စတယ်လာ၊ ရှီနာနဲ့ ယူနာတို့ သုံးယောက်တည်းပါ၊ ပြောရရင် မကောင်းပေမယ့် သူနဲ့ တခြားသူတွေကတော့ မွန်းလွဲပိုင်းကတည်းက လက်ရှောင်ခဲ့ကြပြီး ဇိုင်ယွန်နဲ့ ဖတ်ချ်တို့က သူ့ကို ဘုတ်ဂိမ်းကစားဖို့ ခေါ်သွားခဲ့ကြတာ။

ပြောဖို့တောင် မလိုပါဘူး၊ ညဘက်ကျတော့ အပြစ်ပေးတဲ့အနေနဲ့ အဲဒီ မိန်းကလေးတွေရဲ့ ဆူပူကြိမ်းမောင်းခြင်းကို သူတို့ ခံလိုက်ရတာပေါ့။

* * * * * * * *

နောက်တစ်နေ့မှာတော့ မိုက်ကယ်ဟာ မက်ထရိုပိုလစ်ကို သွားပြီး ခွင့်ပြုချက်အတွက် လျှောက်လွှာကို တရားဝင် တင်သွင်းဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီ။

ကံကောင်းထောက်မစွာနဲ့ သူတို့ရဲ့ သတင်းထောက်ဖြစ်တဲ့ ဂျင်မီက မက်ထရိုပိုလစ်ကို အစောကြီးကတည်းက ထွက်သွားနှင့်ပြီးသားပါ၊ ပြီးတော့ မိုက်ကယ်က ဂျင်မီရဲ့ဆီမှာ သူ့ရဲ့ အရိပ်ကို ချန်ထားခဲ့တာမို့လို့ ဂိတ်တံခါးတွေဆီကို အလွယ်တကူပဲ ကိုယ်ယောင်ဖျောက် ရွှေ့ပြောင်းနိုင်ခဲ့တယ်။

ဒါပေမဲ့ သူ မထွက်ခွာခင်မှာ ယူနာက သူ့ကို တစ်ဖက်သို့ ဆွဲခေါ်သွားပြီး စကားပြောခဲ့သေးတယ်။

"ဟေ့... ဟိုလေ... မင်း ဘာပဲလုပ်လုပ် သူမပြောတဲ့ စကားတွေကို တစ်လုံးမှ မယုံနဲ့ သိလား"

မိုက်ကယ်က သူမကို နောက်ပြောင်နေသလိုမျိုး ကြည့်လိုက်ပြီး "သူမက ဘယ်သူလဲ... မင်း ဘာတွေ ပြောနေတာလဲ" လို့ မေးလိုက်တယ်။

ယူနာက တစ်ခုခု ပြောချင်နေတဲ့ ပုံစံမျိုး ဖြစ်နေပေမယ့် နောက်ဆုံးတော့ ဘာမှ မပြောဖြစ်ခဲ့ဘူး။

"အဲဒီအရာတွေကို သူမကို ကျွန်မ လုံးဝ မပြောခဲ့ဘူးဆိုတာကိုပဲ မှတ်ထားပေးပါ ဟုတ်ပြီလား"

အခုတော့ မိုက်ကယ်ဟာ သူမပြောနေတဲ့ အကြောင်းအရာကို ပိုပြီး စိတ်ဝင်စားသွားခဲ့ပြီ၊ ဒါပေမဲ့ သူ ဘယ်လိုပဲ စူးစမ်းမေးမြန်းပါစေ သူမကတော့ စကားလမ်းကြောင်းကိုပဲ လွှဲနေခဲ့တယ်၊

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အဲဒါက ပုဂ္ဂိုလ်ရေးကိစ္စတစ်ခု ဖြစ်ပုံရတယ်၊ သူမ ပြုမူနေတဲ့ ပုံစံက သူ့ရဲ့ မိဘတွေက သူ့ကို အရှက်ရစေမယ့် အစီအစဉ်မျိုးတွေ လုပ်ပေးတဲ့အခါတိုင်း သူ ပြုမူမိတတ်တဲ့ ပုံစံမျိုးနဲ့ ဆင်တူနေတာပေါ့။

"ကောင်းပြီလေ... မင်းစကားကို ငါ ထည့်စဉ်းစားပါ့မယ်" လို့ သူက ကတိပေးလိုက်တော့မှပဲ သူမရဲ့ စိတ်ထဲက အလေးကြီး ကျသွားတဲ့ ပုံပေါ်သွားတယ်။

"အိုကေ... အခု သွားလို့ရပြီ" လို့ သူမက ပြောတယ်။

မိုက်ကယ်က ခပ်တိုးတိုး ရယ်မောရင်း ခေါင်းခါလိုက်မိတယ်၊ သူကတော့ မိန်းကလေးတွေရဲ့ စိတ်အခြေအနေကို တကယ်ပဲ နားမလည်နိုင်တော့ဘူး။

နောက်ဆုံးတော့ သူက သူ့ရဲ့ ခန္ဓာကိုယ်ကို အာရုံစိုက်လိုက်ပြီး ကွင်းစ်နယ်မြေထဲမှာ သူ ချန်ထားခဲ့တဲ့ အရိပ်အားလုံးကို သိရှိနိုင်ဖို့အတွက် သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို အသုံးပြုလိုက်တယ်။

အခုအချိန်မှာ အဲဒီအရိပ်တွေဟာ သန်းနဲ့ချီပြီး ရှိနေနိုင်ကာ အန်ဂိုရာမြို့နဲ့ ဂရက်ဖ်တက်ကလတ်စတာ နယ်မြေတွေထဲမှာ အထူးသဖြင့် ပျံ့နှံ့နေကြတာပါ။

ဒါပေမဲ့ ကွင်းစ်နယ်မြေရဲ့ မြောက်ဘက် အဝေးကြီးမှာ၊ ဘတ်ချ်ရောခ့် မြို့ထက်တောင် ကျော်လွန်တဲ့ နေရာတစ်ခုမှာ အရိပ်တစ်ခု ရှိနေခဲ့တယ်။

ဒီပစ်မှတ် အသေးလေးကို အာရုံစူးစိုက်လိုက်တဲ့အခါ မိုက်ကယ်က သူ့ကို စောင့်နေတဲ့ နယ်မြေတစ်ခုရဲ့ မြင့်မားတဲ့ တံတိုင်းကြီးတွေရဲ့ ဘေးမှာ ရပ်နေတဲ့ ဂျင်မီကို မြင်လိုက်ရတယ်။

စိတ်ကူးလိုက်တာနဲ့ တစ်ပြိုင်နက် မိုက်ကယ်ဟာ ဂျင်မီရဲ့ ခြေထောက်မှာ ချန်ထားခဲ့တဲ့ အရိပ်ခွဲကို လှမ်းဖမ်းဆုပ်လိုက်ပြီး ထိုဘက်ဆီသို့ သူ့ကိုယ်သူ ဆွဲခေါ်လိုက်တော့တယ်။

သူဟာ ချက်ချင်းပဲ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရာအားလုံးကို ဖြတ်ကျော်မသွားခင်မှာ မှောင်မိုက်နေတဲ့ ကမ္ဘာတစ်ခုထဲကို ရောက်ရှိသွားခဲ့တယ်၊

ပြီးတော့ တစ်စက္ကန့်အတွင်းမှာပဲ သူဟာ သူ့ရဲ့ ဦးတည်ရာကို ရောက်သွားခဲ့တာပေါ့။

တစ်ဖက်မှာတော့ သူတို့ရဲ့ ဌာနချုပ်မှာ ရှိနေတဲ့ ဆီဘက်စတီယန်ဟာ မိုက်ကယ်က မက်ထရိုပိုလစ်ကို ဒီလောက် လွယ်လွယ်ကူကူနဲ့ ရောက်သွားတာကို မြင်တော့ ခေါင်းကိုပဲ ခါယမ်းနေမိတော့တယ်။

"ဟူး... တကယ် မတရားတာပဲ" လို့ သူက တိုးတိုးလေး ရေရွတ်လိုက်တယ်၊ မှော်စွမ်းအင်ကို အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ မိုက်ကယ်လို လူမျိုးမှသာ သွားဖို့ တစ်လနီးပါး ကြာမယ့် ခရီးအကွာအဝေးမှာရှိတဲ့ သူ့ရဲ့ အရိပ်ဖန်တီးမှုကို အာရုံခံနိုင်မှာပါ၊ ပြီးတော့ အကန့်အသတ်မရှိနီးပါး မှော်စွမ်းအင် ရှိတဲ့လူမှသာ ချွေးတစ်စက်တောင် မထွက်ဘဲ အဲဒီနေရာကို သူ့ကိုယ်သူ ရွှေ့ပြောင်းနိုင်မှာဖြစ်တယ်၊ ဒါက တကယ်ကို မတရားတာပဲလေ။

* * * * * * * *

မိုက်ကယ်က မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါ ဂျင်မီရဲ့ ဘေးနား တည့်တည့်ကို ရောက်နေတာကို တွေ့လိုက်ရတယ်။

"ဆရာ မိုက်ကယ်... နောက်ဆုံးတော့ ရောက်လာပြီပဲ"

"တွေ့ရတာ ဝမ်းသာပါတယ်၊ ခရီးက ဘယ်လိုလဲ"

ဂျင်မီက သူ့ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို သက်ပြင်းချရင်း ထုတ်ပစ်လိုက်တယ်၊

"နောက်တစ်ကြိမ်ဆိုရင်တော့ ကျွန်တော် ဆရာ့ရဲ့ အရိပ်နဲ့ ရွှေ့ပြောင်းတဲ့ နည်းလမ်းကိုပဲ သုံးတော့မယ်၊ ခရီးက တကယ် ပျင်းစရာကောင်းတာပဲ၊ ဆရာ ဒီမှာ ရထားလမ်းတွေနဲ့ လမ်းမကြီးတွေ ဖောက်လုပ်ပေးမယ့် အချိန်ကို မစောင့်နိုင်တော့ဘူး"

"ဒါကြောင့်မလို့ ငါ ဒီကို ရောက်နေတာပေါ့" လို့ သူက ပြန်ဖြေလိုက်တယ်။

သူတို့ နှစ်ယောက်လုံးဟာ စစ်သည်တွေ စောင့်ကြပ်နေတဲ့ ဂိတ်တံခါးတွေဆီကို လျှောက်သွားခဲ့ကြတယ်၊ မက်ထရိုပိုလစ်ထဲကို ဝင်လာကြတဲ့ မြင်းရထားတွေနဲ့ မြင်းစီးသမားတွေ အများကြီး ရှိနေပြီး အားလုံးကို အစောင့်တွေက စာရွက်စာတမ်းတွေ စစ်ဆေးနေကြတာပါ။

"ခွင့်ပြုချက် စာရွက်စာတမ်းတွေ ပြပါ" လို့ အစောင့်က ဝိုင်စပါးလင်တွေ တင်ဆောင်လာတဲ့ မြင်းရထားတစ်စီးကို ပြောလိုက်တယ်။

မြင်းစီးသမားက သူတို့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြတဲ့ ရွှေရောင်တံဆိပ်တုံးတစ်ခုကို အစောင့်တွေဆီ ထုတ်ပြလိုက်တာပေါ့။

"ကောင်းပြီ... ဝင်သွားလို့ရပြီ" လို့ သူက ပြောလိုက်တော့ ရထားဝင်နိုင်ဖို့ တံခါးကြီးတွေက ဖြည်းဖြည်းချင်း ပွင့်လာခဲ့တယ်။

"နောက်တစ်ယောက်" လို့ စစ်သားက ပြောလိုက်ပြီး နောက်ဆုံးမှာတော့ ဂျင်မီနဲ့ မိုက်ကယ်တို့ရဲ့ အလှည့်ကို ရောက်လာခဲ့ပြီ။

သူတို့က မြင်းစီးပြီး လာတာကို မြင်တော့ စစ်သားက သူတို့ကို ခရီးသွားတွေပဲလို့ ထင်လိုက်တာပေါ့။

"မင်းတို့ လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ... အလည်အပတ်လား... စီးပွားရေးလား... ကျေးဇူးပြုပြီး အမှန်အတိုင်း ပြောပါ"

ဂျင်မီက တံဆိပ်တုံး ထုထားတဲ့ သူ့ရဲ့ စာတစ်စောင်ကို ချက်ချင်း ထုတ်ပြလိုက်တယ်၊ "ကျွန်တော်က သတင်းထောက်တစ်ယောက်ပါ၊ ဆောင်းပါးတစ်ပုဒ်အတွက် ဒီမှာရှိတဲ့ သတင်းစာကုမ္ပဏီဆီကို စာရေးထားတာ ရှိပါတယ်"

စစ်သားက စာကို သေချာကြည့်ပြီး အထူးသဖြင့် အောက်ခြေက အနီရောင် တံဆိပ်တုံးကို ကြည့်ပြီးနောက်မှာတော့ ခေါင်းငြိမ့်လိုက်တယ်။

"ကောင်းပြီ... ဝင်ခဲ့ပါ"

စစ်သားက အဲဒီ ရွှေရောင်ဆံပင်နဲ့ ကောင်လေးဟာ သတင်းထောက်နဲ့အတူ ပါလာတာလို့ ထင်ပြီး သူတို့ နှစ်ယောက်လုံးကို အထဲဝင်ဖို့ လက်ဟန်ပြလိုက်တယ်။

"ဟင်... ပြဿနာ တစ်ခုခု ရှိလို့လား" လို့ စစ်သားက မေးလိုက်တယ်။

"ကျွန်တော် လာရတဲ့ ရည်ရွယ်ချက်ကတော့ မတူဘူး" လို့ မိုက်ကယ်က ပြောလိုက်တယ်၊ "ကျွန်တော် အသင်းဆီကနေ ခွင့်ပြုချက်တစ်ခု တောင်းချင်လို့ပါ"

စစ်သားက မိုက်ခယ့်ကို ကြည့်လိုက်ပြီး သူ့လို ငယ်ငယ်ရွယ်ရွယ်နဲ့ ခွင့်ပြုချက်တစ်ခု ရဖို့အတွက် ခက်ခဲမှုတွေကို ရင်ဆိုင်ချင်နေတာကို အံ့ဩသွားတာပေါ့။

"ကဲ... ကံကောင်းပါစေ လူငယ်လေး" လို့ စစ်သားက ပြောတယ်၊ "ကျွန်တော်တို့ စစ်သားတစ်ယောက်က မင်းကို အသင်းဆီ လိုက်ပို့ပေးလိမ့်မယ်၊ ပြီးတော့ သူတို့က မင်းကို စည်းမျဉ်းတွေအကြောင်း ရှင်းပြပေးလိမ့်မယ်၊ ရှင်းရဲ့လား"

မိုက်ကယ်က ခေါင်းငြိမ့်လိုက်ပြီး "ကျွန်တော် ဘယ်သူ့ကို မေးရမလဲ" လို့ မေးတယ်။

"ကလော်ဒီယာ မောင့်ဂိုမာရီ ကိုပဲ မေးလိုက်ပါ၊ သူမက ခွင့်ပြုချက်တွေ ပေးတဲ့အပိုင်းကို တာဝန်ယူထားတာ"

* * * * * * * *

စာစဉ်(၃၆)

All Chapters