← Chapters

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း(၂၂၁)

မနက်နိုးနိုးချင်း သူ့မျက်လုံးထဲ ပထမဆုံး မြင်လိုက်ရတာက အဝတ်လှန်းစင်ပေါ်မှာ ချိတ်ထားတဲ့ နက်ကတိုင်ပါပဲ။ အဲဒါကို သူက တံခါးဘေးတင် ချိတ်ထားခဲ့တာ။ ဒါဟာ သူ့ရည်းစားက သူ့ကို ပထမဆုံး ပေးခဲ့တဲ့ အဓိပ္ပာယ်အရှိဆုံး လက်ဆောင်ပေါ့။ ဒီနေ့တော့ ဒီနက်ကတိုင်လေးက သူ့ဆီ ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးမှာ သေချာသလောက် ရှိနေပါတယ်။

‘ဒီနေ့တော့ ကံကောင်းခြင်းတွေနဲ့ ပြည့်နှက်ပါစေ’ လို့ သူ စိတ်ထဲကနေ ဆုတောင်းလိုက်မိတယ်။

သူ ရေချိုးပြီး ထွက်လာတော့ အဖေဖြစ်သူက စားပွဲမှာ ထိုင်နေတာ တွေ့ရတယ်။ မျက်နှာကြီးကလည်း တော်တော်လေး မှုန်ကုပ်ပြီး သတင်းစာ ဖတ်နေတာလေ။ မာရူးက လှမ်းချောင်းကြည့်လိုက်တော့မှ ကာတွန်းကဏ္ဍ ဖြစ်နေတာ တွေ့ရတယ်။

“ဒီလိုမျိုးကြီး ပြီးသွားရတယ်လို့…”

အဖေက အဲဒီကာတွန်းကို တော်တော်လေး စွဲစွဲလန်းလန်း ဖတ်တဲ့သူ ထင်ပါရဲ့၊ ဇာတ်သိမ်းသွားပုံကို တော်တော်လေး စိတ်ပျက်နေတဲ့ ပုံပဲ။ အဖေက ကိုယ်လက်သန့်စင်ဖို့ သန့်စင်ခန်းထဲ ဝင်သွားတဲ့အချိန်မှာ မာရူးလည်း မနက်စာကို ခပ်လွယ်လွယ်ပဲ စားလိုက်ပါတယ်။

“အစ်ကို... အပြင်သွားမလို့လား”

“အင်း”

“ဘယ်လဲ”

“ဆိုးလ်”

“ဆိုးလ် ဟုတ်လား”

သန်းဝေပြီး နှုတ်ဆက်ကျန်ခဲ့တဲ့ ညီမဖြစ်သူကို ထားခဲ့ပြီး သူ အိမ်ကနေ ထွက်လာခဲ့တယ်။ ဂွန်ဆူ အကြံပေးထားတဲ့အတိုင်းပဲ သာမန်ရိုးရိုးအဝတ်အစားတွေကိုပဲ သူ ဝတ်ထားတာပါ။ မီးခိုးရောင် တီရှပ်နဲ့ ဂျင်းဘောင်းဘီတစ်ထည်ပေါ့။ ဒါပေမဲ့ သူ့မှာ အနီရောင် ဦးထုပ်တစ်လုံးတော့ အဆင်သင့် ပြင်ထားပါတယ်။

“လူရွေးပွဲကို လာတဲ့သူတွေက အများကြီးပဲကွ။ မန်နေဂျာတွေက လူတိုင်းကို မှတ်မိနေမှာ မဟုတ်ဘူး။ ဒါကြောင့် အများစုက တစ်ယောက်ချင်းစီရဲ့ ထူးခြားတဲ့ အမှတ်အသားတွေကိုပဲ မှတ်ထားတတ်ကြတယ်။ ‘အစိမ်းရောင် ဝတ်ထားတဲ့ကောင်’၊ ‘အနီရောင်ဦးထုပ် ဆောင်းထားတဲ့ကောင်’၊ ‘နှာခေါင်းမှာ ပုရွက်ဆိတ်ကိုက်ရာ ပါတဲ့ကောင်’ စသဖြင့်ပေါ့။ မင်းကို လူမှတ်မိလွယ်စေမယ့်အရာမျိုး ယူသွား၊ ဒါပေမဲ့ လူမြင်ကွင်းမှာ သိပ်ပြီး သိသိသာသာ ဖြစ်နေတာမျိုးတော့ မဖြစ်စေနဲ့။ ပြီးတော့ လူတွေ့စစ်ဆေးပြီးတာနဲ့ ချက်ချင်း လူရွေးပွဲ လုပ်မှာဆိုတော့ အဲဒီဝတ်စုံအတိုင်းပဲ လူရွေးပွဲကို တက်ရလိမ့်မယ်။ ဒါမှ မန်နေဂျာတွေက မင်းကို မှတ်မိမှာ”

သူက ‘တကယ်လို့ မန်နေဂျာတွေ ပြောင်းသွားရင်ကော’ လို့ ပြန်မေးတော့ ‘အဲဒါကတော့ မင်းကံပေါ့’ ဆိုတဲ့ အဖြေပဲ ရခဲ့တယ်။ အဓိပ္ပာယ်ရှိတဲ့ အဖြေမို့ သူလည်း လက်ခံလိုက်ပါတယ်။ ဘတ်စကားမှတ်တိုင်ကို သွားတဲ့လမ်းမှာ မှန်ထဲကနေ သူ့အဝတ်အစားကို သူ ပြန်စစ်ကြည့်တော့ အပြစ်ပြောစရာ မရှိပါဘူး။

ဆိုးလ်ကို သွားတဲ့ ဘတ်စကားပေါ်မှာ သူ အပြင်ဘက်ကို ငေးငေးမောမော စိုက်ကြည့်နေမိတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လုံးအတွင်းမှာ အကြောင်းအရာတွေ အများကြီး ဖြစ်ပျက်ခဲ့ပြီး အခုတော့ နှစ်သစ်ကို ရောက်လာခဲ့ပြီ။ နှစ်က ခုမှ စတာဆိုပေမဲ့ ဒီနှစ်ထဲမှာ ထူးခြားတာတွေ အများကြီး ဖြစ်လာတော့မလို သူ ခံစားနေရတယ်။ တကယ်လို့ လူတွေ့စစ်ဆေးတာ အောင်မြင်ရင် သူ လူရွေးပွဲ ဝင်ရလိမ့်မယ်။ အဲဒါကိုပါ အောင်မြင်သွားရင်တော့ ရုပ်ရှင်ရိုက်ကူးရေး စတော့မှာပေါ့။

‘ရုပ်ရှင် တဲ့လား’

ဒီစကားလုံးက အခုအချိန်မှာ သူ့အတွက်တော့ သိပ်ကို ဝေးကွာလွန်းနေသေးသလိုပဲ။ ရုပ်ရှင်ဆိုတာ ကြည့်ဖို့ပဲ ဖြစ်ခဲ့တာ၊ သူကိုယ်တိုင် ပါဝင်ပတ်သက်ရမယ့်အရာ မဟုတ်ခဲ့ဘူးလေ။ သူ့ရဲ့ ပါဝင်မှုက အလွန်ဆုံးရှိမှ စက္ကန့်ပိုင်းလောက်ပဲ ဖြစ်မှာဆိုပေမဲ့ ဒီရုပ်ရှင်မှာ ပါဝင်ခွင့်ရတာတင် သူ့အတွက် လေ့လာဖို့ အခွင့်အရေးအကြီးကြီး တစ်ခုပါပဲ။ စကားလုံး ရာဂဏန်းထက်စာရင် လက်တွေ့အတွေ့အကြုံက ပိုပြီး အဖိုးတန်တယ်မဟုတ်လား။ ဆရာကြီးတွေရဲ့ ကမ္ဘာကို အတွေ့အကြုံ ရလိုက်ရင် သူ့ရဲ့ အမြင်တွေလည်း ပိုပြီး ကျယ်ပြန့်လာမှာ သေချာတယ်။

မြို့ထဲက ကွေ့ကောက်နေတဲ့ လမ်းတွေအတိုင်း မောင်းလာခဲ့တဲ့ ဘတ်စကားက ရပ်သွားတယ်။ မာရူး ဘတ်စကားပေါ်က ဆင်းပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်မိတယ်။ လမ်းရဲ့ ဝဲယာတစ်ဖက်တစ်ချက်မှာ ဧရာမ မိုးမျှော်တိုက်ကြီးတွေ ရှိနေတာပေါ့။ သူ လမ်းအတိုင်း လျှောက်လာခဲ့ပြီး အဆောက်အအုံတစ်ခုရဲ့ ရှေ့မှာ ရပ်လိုက်တယ်။

အလယ်မှာ လည်ပတ်နေတဲ့ တံခါးမကြီး ရှိပြီး ဘေးတစ်ဖက်တစ်ချက်မှာတော့ အလိုအလျောက် ပွင့်တဲ့ တံခါးတွေ ရှိတယ်။ အပေါ်ဘက်မှာတော့ JA လို့ ရေးထွင်းထားတဲ့ ကျောက်ဆစ်လက်ရာ ရှိနေတာပေါ့။ ဒါဟာ သူ့အတွက် ဒုတိယအကြိမ်မြောက် လာဖူးတာ ဖြစ်ပေမဲ့ ဒီအဆောက်အအုံကြီးက ပေးတဲ့ ဖိအားကို သူ အခုထိ မကျင့်သားရသေးပါဘူး။ လည်ပတ်နေတဲ့ တံခါးကြီးကနေ ဝင်ထွက်သွားလာနေတဲ့ လူတွေလည်း အများကြီးပဲ။ အဲဒီထဲက အများစုက လူငယ်တွေ ဖြစ်နေကြတယ်။

မာရူး အလိုအလျောက်တံခါးကနေ လျှောက်ဝင်လာခဲ့တယ်။ သူ့ရှေ့ တည့်တည့်မှာတော့ ပထမထပ်ရဲ့ ဧည့်ခန်းမကြီး ရှိနေတာပေါ့။ အဆောက်အအုံတစ်ခုလုံးကို ထားရှိ ပံ့ပိုးပေးထားသလို ထင်ရတဲ့ တိုင်လုံးကြီးရဲ့ ဘယ်ဘက်မှာတော့ လုံခြုံရေးစောင့်နေတဲ့ ကုမ္ပဏီဝင်ပေါက်ရှိပြီး ညာဘက်မှာတော့ ပထမထပ်ရဲ့ သုံးပုံတစ်ပုံလောက် နေရာယူထားတဲ့ ကော်ဖီဆိုင် ရှိတယ်။ ကော်ဖီဆိုင်ထဲက သက်တောင့်သက်သာရှိတဲ့ ဆိုဖာအဝိုင်းတွေပေါ်မှာ လူတွေ အပြည့် ထိုင်နေကြတာပေါ့။ သူတို့ရဲ့ လည်ပင်းတွေမှာတော့ လေးထောင့်ပလတ်စတစ် ကတ်ပြားတွေ ချိတ်ထားကြတယ်။

ကော်ဖီဆိုင်ဘေးမှာ ဘဏ်တစ်ခု ရှိပေမဲ့ တနင်္ဂနွေနေ့မို့ ပိတ်ထားပါတယ်။

‘တစ်မျိုးတော့ ရင်းနှီးသလို ခံစားရသား’ လို့ သူ တွေးလိုက်မိတယ်။

သူ ဝန်ထမ်းဘဝတုန်းက အချိန်တွေကို ပြန်သတိရစေတာမို့ သူ့စိတ်ထဲ နည်းနည်းတော့ သက်သာရာရသွားတာပေါ့။ ဒီအဆောက်အအုံထဲမှာ ဖျော်ဖြေရေးကုမ္ပဏီတစ်ခု ရှိနေလို့ ဒီကလူတွေအကုန်လုံးက အဲဒီလုပ်ငန်းကလူတွေချည်းပဲလို့ သူ ထင်ထားခဲ့တာ၊ ဒါပေမဲ့ တကယ်တမ်းတော့ လုပ်ငန်းအမျိုးမျိုးက ကုမ္ပဏီတွေ အများကြီး ရှိနေတာပါ။

မာရူး ဓာတ်လှေကားထဲ ဝင်ပြီး သတ္တမထပ် ခလုတ်ကို နှိပ်လိုက်တယ်။ ဒီနေ့ သူသွားရမယ့်နေရာဖြစ်တဲ့ JA Productions က သတ္တမထပ်မှာ ရှိတာလေ။ တံခါးက တစ်ဝက်လောက် ပိတ်လုဆဲဆဲမှာပဲ လှမ်းအော်လိုက်တဲ့ “နေပါဦး” ဆိုတဲ့ အသံကို အဝေးကနေ ကြားလိုက်ရတယ်။ လူအုပ်ကြားထဲကနေ ဓာတ်လှေကားဆီ အတင်းတိုးဝှေ့လာတဲ့ လူတစ်ယောက်ကို သူ မြင်လိုက်ရတာပေါ့။ အချိန်ရှိသေးတာမို့ မာရူးလည်း တံခါးဖွင့်ခလုတ်ကို နှိပ်ပေးလိုက်ပါတယ်။

“ဟူး... သိပ်ကျေးဇူးတင်တာပဲဗျာ” လို့ သူ့အရွယ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်က ကျေးဇူးတင်စကား ဆိုပါတယ်။ သူက အပြာရောင် အကွက်စိပ် ရှပ်အင်္ကျီကို ဝတ်ထားပြီး သူ့ရဲ့ ထင်ရှားတဲ့ မျက်နှာသွင်ပြင်နဲ့ လိုက်ဖက်လှတယ်။

အဲဒီကောင်လေးက သူသွားချင်တဲ့အထပ်ကို နှိပ်ဖို့ ခလုတ်တွေကို မော့ကြည့်လိုက်ပေမဲ့ သတ္တမထပ် မီးလင်းနေတာ မြင်တော့ ဘာမှမနှိပ်တော့ပါဘူး။ သူလည်း လူတွေ့စစ်ဆေးပွဲအတွက် လာတာ ထင်ပါရဲ့။ တံခါးက ဖြည်းဖြည်းချင်း ပိတ်သွားပြီး ဓာတ်လှေကားက အပေါ်ကို တက်သွားတယ်။ စိတ်မသက်မသာ ဖြစ်စရာ တိတ်ဆိတ်မှုကြီးက စီးဆင်းလို့နေတာပေါ့။

အဲဒီအချိန်မှာပဲ၊

“ဟိုလေ... မင်းလည်း လူတွေ့စစ်ဆေးပွဲ လာတာလား”

မာရူးက ဒီကောင်လေး ဘယ်သူ့ကို ပြောနေတာပါလိမ့်လို့ တွေးလိုက်မိပေမဲ့ ဒီထဲမှာ သူတို့နှစ်ယောက်တည်း ရှိတာ သတိရပြီး ပြန်ဖြေလိုက်တယ်။

“အင်း”

ဒီကောင်လေးက သာမန်စကားပြောဟန်နဲ့ ပြောတာမို့ သူလည်း အလွတ်သဘောပဲ ပြန်ပြောလိုက်တာပါ။

“အော်... ဟုတ်လား။ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ၊ ငါလည်း လူတွေ့စစ်ဆေးပွဲ လာတာပဲ”

အဲဒီကောင်လေးက ဘာမှမဟုတ်သလိုမျိုး သူ့လက်ကို ကမ်းပေးလိုက်တယ်။ မာရူးက သူ့ရှေ့က လက်ကို ငေးငေးမောမော စိုက်ကြည့်နေမိတာပေါ့။ ဒီလို အပြုအမူကြောင့် သူ နည်းနည်းတော့ ဇဝေဇဝါ ဖြစ်သွားပေမဲ့ အဲဒီကောင်လေးရဲ့ မျက်နှာမှာ တောက်ပတဲ့ အပြုံးကြီး ရှိနေတာမို့ လျစ်လျူရှုထားဖို့က ခက်ခဲလှပါတယ်။

‘ပထမဆုံး ဆုံဆုံချင်း လက်ဆွဲနှုတ်ဆက်ဖို့ တောင်းဆိုတဲ့သူပါလား။ ဒီဘက်ခေတ် ကလေးတွေက အကုန်လုံး ဒီလိုချည်းပဲလား။ ငါပဲ သိပ်ပြီး ရှေးရိုးစွဲဆန်သွားတာလား’ လို့ သူ တွေးတောနေမိတယ်။

“နည်းနည်းတော့ ရှက်ဖို့ကောင်းလာပြီဗျ၊ ဒါကြောင့် ငါ့လက်ကို ဆွဲပေးလို့ ရမလားဟင်”

အဲဒီကောင်လေးက သူ့လက်ကို မြှောက်ထားရင်းနဲ့ တစ်ယောက်တည်း ရယ်ကျဲကျဲ လုပ်နေတာပေါ့။

‘အော်...’ မာရူးက သူ့ရဲ့ ပွင့်လင်းမှုကို စိတ်ထဲမထားပါဘူး။ ဒါကြောင့် သူ့လက်ကို ဆွဲနှုတ်ဆက်လိုက်တယ်။

“ငါတို့ နှစ်ယောက်လုံး အောင်ပါစေဗျာ၊ ဟုတ်ပြီလား။ ငါတို့ရဲ့ အိပ်မက်တွေနဲ့ အနာဂတ်အတွက်ပေါ့”

“...ကြိုးစားပါ”

ဒီကောင်က တော်တော်လေး ထူးဆန်းတဲ့ကောင်ပဲ။ မာရူးကတော့ ဒီကောင်နဲ့ သိပ်မနီးစပ်တာ ပိုကောင်းမယ်လို့ တွေးလိုက်မိတယ်။ သူ့ပတ်ဝန်းကျင်မှာ ဒီလို ထူးထူးဆန်းဆန်း လူတွေလည်း အလုံအလောက် ရှိပြီးသားလေ။ တကယ့် သာမန် အသိတရားရှိတဲ့ လူတွေကို တောင် လွမ်းမိတဲ့အထိ ဖြစ်နေရတာ။

“စိတ်လှုပ်ရှားဖို့ သိပ်ကောင်းတာပဲဗျာ။ လူရွေးပွဲ မတိုင်ခင် လူတွေ့စစ်ဆေးတာတဲ့။ ဒါဟာ ဆရာကြီးတွေ ဖြစ်လာရင် ခံစားရမယ့် ခံစားချက်မျိုး ထင်တယ်နော်”

တကယ်ပဲ သူ့အသံထဲမှာ စိတ်လှုပ်ရှားမှုတွေ အတိုင်းသား ကြားနေရတယ်။ မာရူးကတော့ အဲဒီကောင်လေးကို မကြည့်မိအောင် အတတ်နိုင်ဆုံး ကြိုးစားနေရတာပေါ့။ အဲဒီကောင်ရဲ့ မျက်လုံးချင်း ဆုံမိရင် အလုပ်တွေ ရှုပ်ကုန်တော့မှာ သေချာနေတာကိုး။

ကံကောင်းချင်တော့ ဓာတ်လှေကားက မြန်ပြီး သတ္တမထပ်ကို ချက်ချင်း ရောက်သွားတယ်။ တံခါးပွင့်တာနဲ့ မာရူး ဓာတ်လှေကားထဲကနေ ထွက်ခဲ့လိုက်တယ်။ ခြေဖဝါးအောက်ကနေ နူးညံ့တဲ့ ခံစားချက်တစ်ခုကို သူ ခံစားလိုက်ရတယ်။ ကြမ်းပြင်ပေါ်က ကော်ဇောကြောင့်ပေါ့။ သူ့ရှေ့တည့်တည့်မှာ ဧရာမ မှန်ပြတင်းကြီး ရှိနေပြီး အထဲကို လှမ်းကြည့်လို့ ရတယ်။ မာရူးက မှန်နံရံအရှည်ကြီးအတိုင်း ညာဘက်ကို လျှောက်လာခဲ့တယ်။ စင်္ကြံလမ်းရဲ့ အဆုံးမှာတော့ လျှောက်လွှာတင်ရမယ့် နေရာ ရှိနေတာပေါ့။

“ပြီးခဲ့တဲ့တစ်ခေါက်ကလည်း ဒီနေရာကို လာဖူးတယ်ဗျာ၊ ဒါပေမဲ့... ဒီနေရာကြီးက တော်တော် ကျယ်တာပဲနော်”

ဟိုကောင်က အနားကို ရောက်လာပြန်ပြီ။ စကားအနည်းငယ် ပြောပြီး လက်ဆွဲနှုတ်ဆက်ရုံပဲ ရှိသေးတာကို သူတို့နှစ်ယောက်က နှစ်အကြာကြီး ပေါင်းလာတဲ့ သူငယ်ချင်းတွေလို ဖြစ်နေပြီလေ။ အချိန်မရွေး မာရူးရဲ့ ပုခုံးကို လှမ်းဖက်တော့မယ့် ပုံစံမျိုး။

ကြောက်စရာကောင်းတာက သူ့ရဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှုက ဘာမှ ငြင်းဆန်ချင်စရာ မရှိတာပဲ။ အမှန်တော့ ဆန့်ကျင်ဘက်အနေနဲ့ မာရူးကိုယ်တိုင်တောင် သူ့အပေါ် ပိုပြီး ရင်းနှီးချင်စိတ် ဖြစ်လာရတယ်။ ဒီလူကို ဆုံးဖြတ်ဖို့ ဘာအထောက်အထားမှ မရှိပေမဲ့ တစ်နည်းနည်းနဲ့တော့ ဒီကောင်လေးက လူကောင်းတစ်ယောက် ဖြစ်မှာပါလို့ တွေးမိနေတာပေါ့။

မာရူး ခြေလှမ်းတွေကို ရပ်လိုက်ပြီး အပြာရောင်ရှပ်အင်္ကျီကောင်ကို သူ့ရှေ့ကနေ အရင်သွားခွင့် ပေးလိုက်တယ်။ အပြာရောင်ရှပ်အင်္ကျီကောင်က ပတ်ဝန်းကျင်က မြင်ကွင်းတွေကို ကြည့်ပြီး အံ့ဩတသ ဖြစ်နေရင်းကနေ သူ့ဆီ ပြန်လှည့်လာတယ်။

“မသွားဘူးလား”

“မင်း အရင်သွားလေ”

“ဘာလို့လဲ”

“ငါတို့က အတူတူ လာတာမှ မဟုတ်တာ”

“ဒါပေမဲ့ အတူတူ ရောက်လာတာပဲလေ။ မင်းကြောင့် ငါ ဓာတ်လှေကား စီးခွင့်ရတာ။ အဲဒါကို ရေစက်လို့ ခေါ်တာ မဟုတ်ဘူးလား။ အမလေး... အဲဒါကို ရေစက်လို့ ခေါ်တာပေါ့ဗျာ”

အဲလိုပြောရင်းနဲ့ သူက ခန္ဓာကိုယ်ကိုတောင် မဆိုစလောက် တုန်ခါပြနေသေးတယ်။

“အေးပါဗျာ”

အဲဒီအချိန်မှာပဲ အပြာရောင်ရှပ်အင်္ကျီကောင်က စင်္ကြံလမ်းရဲ့ ထောင့်တစ်နေရာကို ကြည့်ပြီး အဲဒီနေရာဆီ လျှောက်သွားတယ်။ သူသိတဲ့သူ တစ်ယောက်ယောက် ရှိနေလို့လား မသိဘူး။

“အမှိုက်တွေကို ဒီလို မပစ်ရဘူးလေ”

အပြာရောင်ရှပ်အင်္ကျီကောင်က တစ်ရှူးစတစ်ခုကို ကောက်လိုက်တယ်။ ပြီးတော့ ခပ်လှမ်းလှမ်းမှာရှိတဲ့ အမှိုက်ပုံးဆီ လျှောက်သွားတာပေါ့။ မာရူးလည်း အဲဒီအတောအတွင်း စင်္ကြံလမ်းရဲ့ အဆုံးထိ လျှောက်လာခဲ့လိုက်တယ်။ စင်္ကြံလမ်းအဆုံးကနေ ဘယ်ဘက်ကို ကွေ့လိုက်တဲ့အခါမှာတော့ လူတွေ အများကြီးကို တွေ့လိုက်ရတယ်။ သူတို့က စင်္ကြံလမ်းမှာ စီထားတဲ့ ထိုင်ခုံတွေပေါ်မှာ ထိုင်နေကြပြီး သူတို့နဲ့ မျက်နှာချင်းဆိုင်က တံခါးကို မှုန်ကုပ်ကုပ် မျက်နှာတွေနဲ့ စိုက်ကြည့်နေကြတာပေါ့။

လူအယောက်သုံးဆယ်နီးပါးလောက် ရှိတယ်။ မနက် ၁၀ နာရီပဲ ရှိသေးတာကို ထည့်တွက်ရင် ဒါက တော်တော်လေး များတဲ့ အရေအတွက်ပဲ။ မာရူး သိသလောက်တော့ လူတွေ့စစ်ဆေးတာက ညနေစောင်းအထိ ဆက်သွားမှာ။ ဆိုလိုတာက အချိန်ကြာလာတာနဲ့အမျှ လူတွေ ထပ်ရောက်လာဦးမှာပေါ့။ ကိုယ်ရေးရာဇဝင်စိစစ်ပြီးတာတောင် လူတွေ ဒီလောက်အများကြီး ကျန်နေသေးတာကို မြင်တော့ သူ အံ့ဩမိသွားတယ်။

“ဟေး... မင်းက ငါ့ရှေ့ကနေ အရင် လာနှင့်တာကိုး”

အပြာရောင်ရှပ်အင်္ကျီကောင်က အနားကို ရောက်လာပြန်ပြီ၊ မာရူးရဲ့ ပုခုံးပေါ် မေးတင်ရင်း စကားပြောလာတာ။ တကယ်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာ အပြုအမူမျိုး ဖြစ်ပေမဲ့ ထူးထူးဆန်းဆန်း မာရူးစိတ်ထဲ သိပ်ပြီး စိတ်မဆိုးမိဘူး။ သူ့ရဲ့ စူးရှတောက်ပတဲ့ အပြုံးကြောင့်လည်း ဖြစ်နိုင်တာပေါ့။ ဒီကောင်က သူ့ပတ်ဝန်းကျင်က လူတွေကို စိတ်ချမ်းသာအောင် လုပ်ပေးနိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်မျိုး ရှိနေတာ။

“ဝါး... လူတွေ အများကြီးပဲနော်။ ငါကော အောင်ပါ့မလားမသိဘူး”

မာရူးက တစ်ယောက်တည်း စကားတွေ တရစပ် ပြောနိုင်စွမ်းရှိတဲ့ အပြာရောင်ရှပ်အင်္ကျီကောင်ကို ကြည့်လိုက်တယ်။ အများစုကတော့ ဒီအချိန်ဆို စိတ်ပျက်ပြီး သူ့ကို စကားပြောတော့မှာ မဟုတ်ပေမဲ့ ဒီကောင်ကတော့ ဘာမှ ဂရုစိုက်မယ့် ပုံမပေါ်ပါဘူး။

“ဝါး... ဟိုးက ကောင်မလေးက သိပ်လှတာပဲ။ ငါသာ လူရွေးပွဲ အောင်ရင် သူနဲ့ အတူတူ အလုပ်လုပ်ရမလားမသိဘူးနော်” လို့ အပြာရောင်ရှပ်အင်္ကျီကောင်က ဒီကလူတိုင်းကို လိုက်ကြည့်ရင်း ပြောနေတာပေါ့။

မာရူးကတော့ ဒီကောင်နဲ့ ပတ်သက်နေရင် အလုပ်ရှုပ်မယ်ဆိုတာ သိလို့ လျစ်လျူရှုထားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ သူ အစွန်ဆုံးက လွတ်နေတဲ့ ခုံတစ်ခုံမှာ ထိုင်ပြီး စောင့်နေလိုက်တာပေါ့။ သူ ရထားတဲ့ အကြောင်းကြားစာကတော့ သာမန် လူတွေ့စစ်ဆေးမှုတစ်ခု လုပ်မယ်ဆိုတာပဲ။ လူရွေးပွဲက နောက်မှ ဖြစ်မှာဆိုတော့ အင်တာဗျူးသူတွေက အလွန်ဆုံးရှိမှ သူ့ရဲ့ ပထမဆုံး အထင်အမြင်နဲ့ အသံကိုပဲ ကြည့်ကြမှာလေ။

သူ အေးအေးဆေးဆေးပဲ သူ့အလှည့်ကို စောင့်နေတဲ့ အချိန်မှာပဲ။ သန့်ရှင်းရေး ပစ္စည်းတွေ အပြည့် တင်ထားတဲ့ တွန်းလှည်းကို တွန်းလာတဲ့ အမျိုးသမီးတစ်ယောက်ကို သူ မြင်လိုက်ရတယ်။ ဒီက သန့်ရှင်းရေး အန်တီကြီး ထင်ပါရဲ့။ အဲဒီအန်တီကြီးက ဒီကလူတွေကို အနှောင့်အယှက် မဖြစ်စေချင်လို့ တွန်းလှည်းကို သတိထားပြီး တွန်းလာပေမဲ့ စင်္ကြံလမ်းမှာ လူတွေ ပြည့်ညှပ်နေတာ မြင်တော့ မျက်နှာ ပျက်သွားတာပေါ့။ ပတ်ဝန်းကျင်က လူတွေကလည်း အန်တီကြီး ရှိနေတာကို သတိထားမိကြပေမဲ့ ဘယ်သူမှ ဖယ်မပေးကြပါဘူး။ လူတိုင်းက ကိုယ့်အရေးနဲ့ကိုယ် စိတ်ရှုပ်နေကြလို့ တခြားသူကို ငဲ့ညှာဖို့ စိတ်ကူးမရှိကြတဲ့ ပုံပဲ။

ဒါပေမဲ့ တစ်ယောက်ယောက်ကတော့ ရှေ့ထွက်လာခဲ့တယ်။ တခြားသူ မဟုတ်ပါဘူး၊ အပြာရောင်ရှပ်အင်္ကျီကောင်ပါပဲ။

“အန်တီ... ဟိုဘက်အခြမ်းကို သွားမလို့လားဗျာ”

“ဘာ... အော်၊ ဟုတ်တယ်ကွယ်၊ သွားမလို့”

“ဒီအတိုင်း တည့်တည့်သွားရင် ကောင်းမှာပေမဲ့ ဒီကလူတွေက သူတို့ဘဝရဲ့ အရေးကြီးတဲ့ အချိန်ကို စောင့်နေကြတာဆိုတော့လေ။ တခြား ပတ်သွားလို့ရမယ့် လမ်း ရှိလားဗျ”

“တခြားလမ်းက သွားမယ်ဆိုရင်တော့ လှေကားကနေ ပတ်သွားရမှာ...”

အလုပ်သမားတွေပဲ သုံးတဲ့ ဓာတ်လှေကားက ပြုပြင်ထိန်းသိမ်းမှု လုပ်နေတဲ့ ပုံပဲ။ ဒါကြောင့် တွန်းလှည်းကို လှေကားအတိုင်း သယ်ပြီး တက်လိုက်ဆင်းလိုက် လုပ်ဖို့က တကယ်ကို ခက်ခဲလိမ့်မယ်။ အန်တီကြီးရဲ့ အခက်အခဲကို ခန့်မှန်းလို့ ရတာပေါ့။

“ကျွန်တော် ကူညီပါရစေ”

“အ... အဆင်ပြေပါ့မလားကွယ်။ မင်းလည်း သူတို့လိုပဲ ကိစ္စရှိလို့ လာတာ မဟုတ်ဘူးလား”

“ဒါပြီးရင် ချက်ချင်း ပြန်လာလို့ ရတာပဲဥစ္စာ”

အပြာရောင်ရှပ်အင်္ကျီကောင်က အန်တီကြီးကို စိုးရိမ်မနေဖို့ ပြောတဲ့ မျက်နှာပေးနဲ့ တွန်းလှည်းရှေ့မှာ မတ်တတ်ရပ်လိုက်တယ်။ အန်တီကြီးကတော့ သူ့ကြောင့် အလုပ်တွေ ပျက်ကုန်မလားဆိုပြီး စိုးရိမ်နေတုန်းပါပဲ။

“သွားကြစို့”

အပြာရောင်ရှပ်အင်္ကျီကောင်က တွန်းလှည်းကို စပြီး တွန်းတော့တယ်။ မာရူးကတော့ သူတို့နှစ်ယောက် ထွက်သွားတာကို စောင့်ကြည့်နေမိတာပေါ့။ သူက လူကောင်းတစ်ယောက် ဖြစ်ပေမဲ့ သူ့ရဲ့ ကြင်နာတတ်တဲ့ စိတ်ထားကြောင့် တစ်နေ့နေ့မှာ သူတစ်ပါး အနိုင်ကျင့်တာ ခံရနိုင်တယ်လို့ သူ တွေးလိုက်မိတယ်။

“ယူးဂျီဆော့” တစ်ယောက်ယောက်က လူတွေ့စစ်ဆေးတဲ့ အခန်းထဲက ထွက်လာပြီး နာမည်တစ်ခုကို လှမ်းခေါ်လိုက်တယ်။ ဒါပေမဲ့ လူတွေ့စစ်ဆေးခံမယ့်သူတွေထဲက ဘယ်သူမှ မလှုပ်ရှားကြပါဘူး။

“ရုပ်ရှင်ဘက်က ယူးဂျီဆော့ ရှိပါသလားခင်ဗျာ”

မာရူး စင်္ကြံလမ်းကို ဝေ့ကြည့်လိုက်တယ်။ သူတို့နှစ်ယောက် ပျောက်သွားပြီလေ။ သူ့စိတ်ထဲ မကောင်းတဲ့ အငြိမ်းဓာတ်တစ်ခုကို ခံစားလိုက်ရတယ်။ သူ မျက်ခုံးကို ကုတ်လိုက်မိတာပေါ့။

‘ကဲ... ဘာလုပ်ရမလဲ’ လို့ သူ တွေးနေမိတယ်။

“ဟိုလေ... သူ့ဓာတ်ပုံကို ကျွန်တော် တစ်ချက်လောက် ကြည့်လို့ ရမလားခင်ဗျာ။ စောစောတင် အရေးတကြီး အိမ်သာသွားတဲ့သူ ရှိလို့ပါ”

“အော်... ရပါတယ်ဗျာ”

အဲဒီအမျိုးသမီး ပြပေးတဲ့ လျှောက်လွှာပေါ်မှာတော့ သူ့မျက်နှာကြီးက အတိုင်းသား ရှိနေတာပေါ့။

“သူ အခုပဲ ပြန်လာတော့မှာမို့ တခြားတစ်ယောက်ကို အရင် ခေါ်ထားလို့ ရမလားခင်ဗျာ”

“ဒါပေမဲ့ သူ့အလှည့် နံပါတ်က...”

“သူ စောစောတင် ဒီမှာ ရှိနေတာပါ၊ အခုလေးတင် ထွက်သွားတာ။ အလှည့်ကို ကြိုပြောထားရင် သူ သွားမှာ မဟုတ်ဘူးလေ”

အဲဒီစကားကို ကြားတော့ အဲဒီအမျိုးသမီးက လူတွေ့စစ်ဆေးတဲ့ အခန်းထဲကို လှမ်းကြည့်လိုက်တယ်။ အထဲကလူတွေက သူ့ကို ကြည့်ပြီး ဘာဖြစ်တာလဲလို့ မေးကြတာပေါ့။

“နောက်တစ်ယောက်က အိမ်သာသွားနေလို့ပါရှင်”

“အိမ်သာ ဟုတ်လား”

“ဟုတ်ကဲ့”

“အင်း... ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ငါတို့လည်း အလှည့်စဉ်ကို အသေအချာ ပြောထားတာမှ မဟုတ်တာ။ သူ့ကို အနောက်ဆုံးမှာ ထားလိုက်ပြီး နောက်တစ်ယောက်ကိုသာ ခေါ်လိုက်ပါ”

“ဟုတ်ကဲ့”

အဲဒီအမျိုးသမီးက သူ့ရဲ့ လျှောက်လွှာကို အောက်ဆုံးမှာ ထားလိုက်တယ်။ မာရူးလည်း အဲဒီအတောအတွင်း စင်္ကြံလမ်းကို လှမ်းကြည့်ပေမဲ့ သူ့အရိပ်အယောင်တောင် မတွေ့ရပါဘူး။

“ဟိုဘက်ကို ပတ်သွားဖို့ အဲဒီလှေကားကနေ သွားရင် ဘယ်လောက်ကြာမလဲဗျာ”

“လှေကားလား။ ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ အဋ္ဌမထပ်က ရုံးခန်းကို ပေးမဝင်ဘူးလေ၊ ဒါကြောင့် နဝမထပ်အထိ ပတ်သွားရမှာဆိုတော့ အချိန်တော်တော် ကြာလိမ့်မယ်”

“...ပြီးတော့ ခွင့်လွှတ်ပါဗျာ၊ ကျွန်တော့်အလှည့်က ဘယ်တော့လဲ။ ကျွန်တော့်နာမည်က ဟန်မာရူး ပါ”

အဲဒီအမျိုးသမီးက လျှောက်လွှာတွေကို လှန်ကြည့်ပြီးမှ ပြန်ပြောပါတယ်။

“မောင်က အနောက်ဆုံးပဲ”

“ဒါဆို ဒီကလူတွေအကုန်လုံးက ကျွန်တော့်ရှေ့ကချည်းပဲပေါ့၊ ဟုတ်လား”

“ဟုတ်တယ်”

“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်ဗျာ” အဖြေကို ကြားတာနဲ့ မာရူး စင်္ကြံလမ်းအတိုင်း ချက်ချင်း လျှောက်သွားတော့တယ်။

‘ကံကောင်းတယ်လို့ပဲ မှတ်လိုက်ပါ'

တကယ်လို့ သူ့ရဲ့ ကိုယ်ရေးရာဇဝင်က အောက်ဆုံးမှာ ရှိမနေရင် မာရူး လှုပ်ရှားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုတော့ သူ့မှာ အချိန်နည်းနည်း ရှိသေးမှန်း သိလိုက်ရတော့ ဒီအတိုင်း ပစ်ထားဖို့ စိတ်မရှိတော့ဘူးလေ။ အပြာရောင်ရှပ်အင်္ကျီကောင်ရဲ့ ပွင့်လင်းတဲ့ ကြင်နာတတ်မှုကို သူ သိပ်ပြီး မုန်းမုန်းတီးတီး မရှိတာလည်း ပါတာပေါ့။ လောကကြီးက လူကောင်းတွေကို အနိုင်ကျင့်တတ်တဲ့ လောကကြီး ဖြစ်နေပေမဲ့ ဒီလိုလူမျိုးတွေ ရှိနေမှသာ လောကကြီးက သိပ်ပြီး စိတ်ပျက်စရာ မကောင်းမှာလေ။ သူ ကူညီနိုင်တဲ့အချိန်မှာ ကူညီပေးသင့်တယ်လို့ သူ တွေးလိုက်မိတယ်။

“လှေကားက ဘယ်ဘက်မှာလဲဗျာ” မာရူး လူတွေကို လမ်းမေးပြီး ခပ်သွက်သွက်လေး နှင်ခဲ့လိုက်ပါတော့တယ်။

* * * * * * * * *

All Chapters