← Chapters

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း(၂၂၂)

လှေကားအတိုင်း ရှစ်လွှာအထိ တက်လာခဲ့တဲ့ မာရူးတစ်ယောက် ပစ္စည်းတင်လှည်းကို အားယူပြီး မနည်းဆွဲတင်နေရတဲ့ အင်္ကျီအပြာရောင်နဲ့ ယူးဂျီဆော့ ဆီကို အမီလိုက်နိုင်ခဲ့ပါတယ်။

“ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ”

သူက မျက်နှာကြီးနီမြန်းပြီး မေးလာတယ်။

“အမလေး... မင်းကတော့ တကယ်ကို ထူးဆန်းတဲ့ကောင်ပဲ”

“နောက်မှ စကားပြော၊ ဒါကြီး လှေကားပေါ်ရောက်အောင် ဝိုင်းဆွဲပေးပါဦး။ ခုနစ်လွှာကနေ ဒီအထိတော့ ဘယ်လိုဘယ်ပုံ ဆွဲတင်လာမိပါရဲ့၊ ဒါပေမဲ့ ငါ့အရှိန်လည်း ကုန်ပြီလေ”

အရပ် တစ်မီတာ ခုနစ်ဆယ်လောက်နဲ့ တော်တော်လေး ပိန်လှီတဲ့ ဂျီဆော့ အတွက်တော့ ပစ္စည်းတွေအပြည့်တင်ထားတဲ့ ဒီလှည်းက တော်တော်လေး လေးပုံရပါတယ်။ လှည်းပေါ်က ပစ္စည်းတွေကို လက်နဲ့သယ်ပြီး လှေကားပေါ် တက်သွားပေးတဲ့ အမျိုးသမီးကြီးရဲ့ အကူအညီသာ မပါရင် သူ ဒီအထိတောင် ရောက်လာနိုင်မှာ မဟုတ်ပါဘူး။

“သတိထားဦး။ ထိခိုက်မိလိမ့်မယ်”

အမျိုးသမီးကြီးက လှေကားအတိုင်း ဆင်းလာရင်း စိုးရိမ်တကြီးနဲ့ လှမ်းပြောတယ်။

“ရပါတယ်ခင်ဗျာ။ ကျွန်တော်တို့ စိတ် ရှိရင် ရှိသလို ဒါကြီးကို တစ်ချက်တည်းနဲ့ အပေါ်ရောက်အောင် ဆွဲတင်နိုင်ပါတယ်၊ ဟုတ်တယ်မလား”

သူ့အသံက အမောတကောနဲ့ အသက်ရှူသံတွေ ပြင်းနေတာမို့ သိပ်တော့ ယုံကြည်စရာမရှိလှဘူး။ ဒါတင်မကသေးဘူး၊ သူတို့က ဘယ်တုန်းကတည်းက ဒီလောက်တောင် ရင်းနှီးသွားကြလို့လဲ။ မာရူးက ဂျီဆော့ ဘေးမှာ သွားရပ်လိုက်တယ်။

“ငါက အရှေ့ကနေ ဆွဲမယ်။ မင်းက အနောက်ကနေ တွ…”

“အဟက်... ဖယ်စမ်းပါ။ အခုမှ စဝင်မယ့်လူသစ်က အရှေ့ကနေ နေရင် အန္တရာယ်များတယ်ကွ”

“ဒါပေမဲ့ ဒါကြီးက လေးတယ်နော်”

“အဲဒါ မင်းက အားစိုက်ရမယ့် ပုံစံအမှန်ကို မသုံးတတ်လို့ပဲ”

ဂျီဆော့ကို ဘေးကို တွန်းဖယ်လိုက်ပြီး မာရူးက လှည်းရဲ့ အောက်ခြေကို လှမ်းကိုင်လိုက်တယ်၊ ပြီးတော့ သူ့ခါးနဲ့ ပေါင်ပေါ်ကို အလေးချိန် သက်ရောက်အောင် အားပြုလိုက်ပါတယ်။

‘ငါ့အင်အားနဲ့တော့ ရနိုင်ပါသေးတယ်’

သူ့ရဲ့ ဘဝသစ်မှာတော့ ခန္ဓာကိုယ်က အရင်ဘဝကထက် ပိုပြီး ဖွံ့ဖြိုးထွားကျိုင်းလာတာလေ။ ဝမ်းဗိုက်အောက်ပိုင်းဆီ အားစိုက်လိုက်ရင်း သူက လှည်းကို စပြီး ဆွဲတင်လိုက်တယ်။ လှည်းဘီးတွေက လှေကားထစ်တွေနဲ့ ရိုက်ခတ်ပြီး တဂျိဂျိမြည်ရင်း ဖြည်းဖြည်းချင်း တက်လာခဲ့ပါတယ်။

“ဟိုး... မင်း အားသန်လှချည်လား”

“အားပေးပဲ မလုပ်နေနဲ့၊ အနောက်ကနေ နည်းနည်းလောက် ဝိုင်းတွန်းပေးဦး”

“သိပြီ သိပြီ”

အနောက်ကနေ ဝိုင်းတွန်းပေးမယ့်လူ ရှိလာတာမို့ မာရူးအတွက် ဆွဲရတာ ပိုပြီး သက်သာသွားတယ်။ မာရူးက အသက်တစ်ရှိုက်စာအတွင်းမှာတင် လှည်းကို ကိုးလွှာရဲ့ လူသွားစင်္ကြံပေါ်အထိ အရောက် ဆွဲတင်ပေးလိုက်ပါတယ်။

“အမလေး... အမလေး။ ဝိုင်းကူညီပေးကြတာ ကျေးဇူးအများကြီးတင်ပါတယ်ကွယ်။ ဒီအလွှာမှာ ပစ္စည်းသိုလှောင်ခန်း ရှိတာမို့ အန်တီတစ်ယောက်တည်းပဲ အဆင်ပြေပါတယ်”

အမျိုးသမီးကြီးက အအေးရောင်းစက်ထဲကနေ ကော်ဖီဘူးနှစ်ဘူး ဝယ်ပြီး သူတို့နှစ်ယောက်ကို ပေးတယ်။ ဒီကိစ္စက မာရူး ထင်ထားတာထက် ပိုပြီး စောစောစီးစီး ပြီးသွားတာမို့ ကော်ဖီသောက်ဖို့ အချိန် လုံလုံလောက်လောက် ရသွားတာပေါ့။

“ငါ့နာမည်တော့ မခေါ်သေးဘူးမလား”

“ခေါ်လောက်ဦးမှာ မဟုတ်ပါဘူး”

ရှင်းပြနေရရင် အလုပ်ရှုပ်မှာမို့ မာရူးက ဘာမှမသိသလိုပဲ ဟန်ဆောင်နေလိုက်တယ်။ လူတွေ့စစ်ဆေးမေးမြန်းမှုက ဆက်တိုက်ဖြစ်နေပြီး မကြာခင်မှာပဲ ဂျီဆော့ အလှည့် ရောက်လာခဲ့ပါတယ်။

“ဒါဆို ငါ အရင် သွားပြီနော်”

ဂျီဆော့ အထဲ ဝင်သွားတာနဲ့ တစ်ပြိုင်နက် ဓာတ်လှေကား ရှိတဲ့ဘက်ကနေ လူတွေ အများကြီး တိုးထွက်လာကြတယ်။ အခုဆိုရင် ၁၁ နာရီတောင် ကျော်နေပြီ။ သူတို့က နောက်ထပ် အင်တာဗျူးဖြေမယ့်လူတွေ ထင်ပါရဲ့။ မာရူး ထင်ထားတဲ့အတိုင်းပဲ သူတို့အားလုံးက တော်တော်လေး ငယ်ကြသေးတယ်။ မေးမြန်းမှုက နှစ်မိနစ်၊ သုံးမိနစ်လောက်ပဲ ကြာတယ်။ အချို့ဆိုရင် အထဲ ဝင်သွားပြီးတာနဲ့ ချက်ချင်း ပြန်ထွက်လာကြတာမျိုး။ ဂျီဆော့ ကတော့ ငါးမိနစ်လောက် ကြာပြီးမှ လူတွေ့စစ်ဆေးတဲ့ အခန်းထဲကနေ ထွက်လာခဲ့ပါတယ်။

“ဟေး... မင်း ငါ့ကို စောင့်နေတာလား”

မျက်နှာတစ်ခုလုံး ပြုံးဖြန်းနေပြီး သူ့ဆီ လျှောက်လာတဲ့ ဂျီဆော့ ကို ဂရုမစိုက်ဘဲ မာရူးက လူတွေ့စစ်ဆေးတဲ့ အခန်းထဲကို လျှောက်ဝင်ခဲ့တယ်။

“ဟန်မာရူး”

“ဪ... ဟုတ်ကဲ့။ အထဲကို ဝင်ပါရှင့်”

အမျိုးသမီးကြီးက လမ်းဖယ်ပေးတယ်။ မာရူးက အခန်းထဲ ဝင်သွားပြီး တံခါးကို အသာအယာ ပြန်ပိတ်လိုက်တယ်၊ ပြီးတော့ ကုလားထိုင် ဘေးမှာ သွားရပ်လိုက်ပါတယ်။ သူ့အရှေ့မှာ လူသုံးယောက် ရှိနေပြီး အဲဒီအထဲက တစ်ယောက်ကိုတော့ သူ သိနေခဲ့တယ်။

အလယ်မှာ ထိုင်နေတဲ့လူကတော့ ကိုယ်လုံးကိုယ်ထည် တော်တော်လေးကြီးတဲ့ လူလတ်ပိုင်းအမျိုးသားကြီးတစ်ယောက်ပဲ။ သူက မာရူးရဲ့ လျှောက်လွှာကို ကြည့်ပြီး မေးလာတယ်။

“ဟန်မာရူးလား”

“ဟုတ်ကဲ့”

“ထိုင်ပါ”

သူက သံကုလားထိုင်ပေါ်မှာ မတ်မတ်ကလေး ထိုင်လိုက်တယ်။ မေးစေ့ကို အသာလေး ဆွဲသွင်းပြီး မေးခွန်းတွေ မေးမယ့်ပုံစံ ရှိနေတဲ့ အဲဒီလူလတ်ပိုင်းအမျိုးသားကြီးကို စိုက်ကြည့်လိုက်ပါတယ်။ အမျိုးသားကြီးက မျက်မှန်ပေါ်ကနေတစ်ဆင့် မာရူးကို တစ်ချက် ဝေ့ကြည့်တယ်။

“အထက်တန်းကျောင်းသားလား”

“ဟုတ်ကဲ့”

“ပြီးတော့ မူရင်းလက်ရာကိုလည်း ဖတ်ဖူးတယ်ပေါ့”

“ဟုတ်ကဲ့၊ ဖတ်ဖူးပါတယ်”

“ဘယ်လိုဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ချင်တာလဲ”

“လူမိုက်နေရာကပါ”

“တစ်ယောက်မကျန် အကုန်လုံးက အဲဒီနေရာကိုပဲ လိုချင်နေကြတာချည်းပဲ”

အမျိုးသားကြီးက လက်ထဲက ယပ်တောင်နဲ့ ကုလားထိုင်ကို တောက်တောက် တောက်တောက် ခေါက်နေတယ်။ သူက နောက်ထပ် မေးစရာ မရှိတော့တဲ့ပုံစံနဲ့ သူ့ရဲ့ လက်ဝဲဘက်ဆီကို လှည့်ကြည့်လိုက်ပါတယ်။ သူ လှည့်ကြည့်လိုက်တဲ့လူကလည်း လူလတ်ပိုင်းတစ်ယောက်ပါပဲ၊ ဒါပေမဲ့ အလယ်ကလူနဲ့မတူဘဲ သူကတော့ ကိုယ်လုံးကိုယ်ထည် တောင့်တင်းခိုင်မာတယ်။

“ငါတို့ ရိုက်ကူးရေး စတာနဲ့ မင်း ကျောင်းတက်နိုင်မှာ မဟုတ်ဘူး။ အဲဒါ အဆင်ပြေရဲ့လား”

“ဘာမှမဖြစ်ပါဘူး”

“နေရာဒေသပေါ် မူတည်ပြီးတော့ ငါတို့က အဝေးကြီး သွားရနိုင်တယ်၊ အဲဒီလို အခြေအနေမျိုးတွေဆိုရင် အချိန်တွေ အများကြီး ပေးရလိမ့်မယ်။ တစ်ရက်၊ နှစ်ရက်တည်းနဲ့ ပြီးသွားမှာ မဟုတ်သလို ဇာတ်ဝင်ခန်းတွေကို ပြန်ရိုက်ဖို့ ဆုံးဖြတ်မိရင်လည်း ဘာအကြောင်းပြချက်မှမရှိဘဲ အဲဒီနေရာမှာ အကြာကြီး ပိတ်မိနေနိုင်တယ်။ ရိုက်ကူးရေးလုပ်နေတုန်း တစ်ခုခု ဖြစ်သွားရင်လည်း နှောင့်နှေးကြန့်ကြာသွားနိုင်ပြီး တစ်နေ့ခင်းလုံး ဘာမှမရိုက်ရဘဲ ဒီတိုင်း နေရတာမျိုးလည်း ရှိနိုင်တယ်။ အဲဒါက မင်းရဲ့ စာပေသင်ကြားမှုကို ထိခိုက်စေနိုင်တယ်နော်။ အဆင်ပြေပါ့မလား”

“ဟုတ်ကဲ့။ ကျွန်တော်က ရက်အနည်းငယ်လောက် ကျောင်းပျက်ရုံနဲ့ အမှတ်တွေကို အများကြီး ထိခိုက်သွားစေလောက်အောင် စာ အရမ်းတော်တဲ့လူလည်း မဟုတ်လို့ပါ”

“ဟဟ... ဒီကောင်လေးကတော့ စကားပြော တော်သားပဲ”

အလယ်က အမျိုးသားကြီးက ဝင်ပြောတယ်။

“ကျေးဇူးပြုပြီး မင်းရဲ့ အမူအရာကို သတိထားပါဦး”

“ဘာဖြစ်လဲ၊ သူက ငါ့ထက် ငယ်တာပဲကို”

“ဒါပေါ့။ ဒါပေမဲ့ အသက်ကြီးတာက ကြွားစရာအရာမှ မဟုတ်တာ”

“အေးပါ၊ အေးပါ၊ သိပါပြီ။ ငါ ငြိမ်ငြိမ်နေပါ့မယ်၊ ဒါကြောင့် မင်း သဘောရှိတာသာ လုပ်တော့။ မင်းပဲ ဒါရိုက်တာ လုပ်လိုက်ပါတော့လား။ ဇာတ်ညွှန်းလည်း မင်းဘာသာရေး၊ ရိုက်ကူးရေးလည်း မင်းဘာသာလုပ်၊ တည်းဖြတ်တာလည်း မင်းတစ်ယောက်တည်း အကုန်လုပ်လိုက်ပါလား”

အလယ်ကလူက ငြိမ်သွားပေမယ့် သူ့မျက်နှာကြီးကတော့ စူပုတ်နေတာ ထင်ထင်ရှားရှားပါပဲ။ လက်ဝဲဘက်ကလူက ခေါင်းကို ခါယမ်းလိုက်ပြီး မာရူးကို သူ့ကို ဂရုမစိုက်ဖို့ လှမ်းပြောတယ်။

“လူမိုက်နေရာကလွဲလို့ တခြားဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ဖို့ကော ဖြစ်နိုင်မလား”

“ကျွန်တော် အရည်အချင်းစစ်ပွဲကို ဝင်ပြိုင်ပါ့မယ်၊ ပြီးတော့ လူကြီးမင်းတို့ ပေးမယ့် ဘယ်လိုရလဒ်ကိုမဆို လက်ခံပါ့မယ်”

“ဟားဟား... အဲဒါက မင်းကို အင်တာဗျူး ပေးအောင်လုပ်ဖို့ တောင်းဆိုနေတာပဲပေါ့”

လက်ဝဲဘက်ကလူက ခေါင်းကို ညိတ်လိုက်ပြီး ငြိမ်သွားပြန်တယ်။ ပြီးတော့မှ မာရူးက လက်ယာဘက်ကလူကို လှည့်ကြည့်လိုက်ပါတယ်။ အဲဒီလူကို သိသလိုမျိုး ဟန်ဆောင်ရမလား၊ ဘာလုပ်ရမလဲ။

သူ စဉ်းစားနေတုန်းမှာပဲ အဲဒီလူက စကားစလာတယ်။

“မင်းရဲ့ နာမည်က တော်တော်လေး ထူးဆန်းတာပဲ။ ဟန်မာရူး တဲ့။ ဘာအဓိပ္ပာယ်လဲ။ မင်းရဲ့နာမည် မာရူး က ကြမ်းပြင်ကို ဆိုလိုတဲ့ မာရူးတော့ မဟုတ်လောက်ဘူးမလား”

“ကောင်းကင်ကြီးလို့ အဓိပ္ပာယ်ရပါတယ်”

အဲဒါကို ကြားတော့ အလယ်ကလူက လက်ချောင်းတွေကို တဖြောက်ဖြောက်တီးရင်း ပြောလာတယ်။

“နာမည်ကောင်းပဲ။ ကောင်းကင်ကြီး ဟုတ်လား။ လူကသာ အကြံပေးနိုင်ပေမယ့် ကောင်းကင်ဘုံကသာ ဆုံးဖြတ်တာလေ။ သူ့ကို ခေါ်ထားလိုက်ရင် ငါတို့ ကံကောင်းခြင်းတွေ အများကြီး တိုးလာမယ့်ပုံပဲ။ ဟေ့ ကောင်လေး... အရည်အချင်းစစ်ပွဲကို လာခဲ့ဦးနော်။ ဒါပဲလေ။ ငါတို့ ပြီးပြီ။ သွားစားကြစို့။ ငါ ဗိုက်ဆာလို့ သေတော့မယ်”

“အပြင်မှာ လူ ၁၅၀ လောက် ကျန်သေးတယ်ဗျ”

“ဘာ... ၁၅၀ ဟုတ်လား။ မင်း နောက်နေတာလား။ ဒါဆို အစားအသောက်ကကော”

“ပေါင်မုန့်နဲ့ပဲ ဖြစ်သလို ရှင်းလိုက်ပါ။ ငါတို့ဆီမှာ အချိန် မရှိတော့ဘူး”

“ဒါကြောင့်မို့ ငါက ဒီအင်တာဗျူးကို အဖွဲ့လိုက် လုပ်ချင်ပါတယ်လို့ ပြောတာပေါ့။ အမလေး... ဒီကောင်ကတော့ ဘယ်လိုမှကို လိုက်လျောမှု မရှိတာပဲ”

“အဲဒီစကားကို ထုတ်လုပ်သူဆီ သွားပြောပေးရမလား”

“...မင်း ငါ့မျက်နှာကို နောက်ဘယ်တော့မှမမြင်ချင်တော့ဘူးလား”

အလယ်ကလူက တော်တော်လေး ညည်းညူမြည်တမ်းနေပြီး လက်ဝဲဘက်ကလူကတော့ တော်တော်လေး စည်းကမ်းကြီးပါတယ်။ မာရူးက သူတို့နှစ်ယောက်လုံးကို ကြည့်လိုက်ပြီး လက်ယာဘက်ကလူကို မျက်လုံးချင်းဆုံကာ နှုတ်ဆက်လိုက်တယ်။ နှုတ်ဆက်ခြင်း ခံလိုက်ရတဲ့ ဂွတ်ဂျွန် က ခပ်ဖွဖွကလေး ပြုံးပြတယ်။

“လာပေးတာ ကျေးဇူးတင်ပါတယ်။ ပြန်နိုင်ပါပြီ”

“ဟုတ်ကဲ့”

မာရူးက နေရာကနေ ထရပ်ပြီး အခန်းထဲကနေ ထွက်လာခဲ့ပါတယ်။ ဒီလူတွေ့စစ်ဆေးမှုက စရိုက်မကောင်းတဲ့လူတွေကို စစ်ထုတ်ဖို့ ရည်ရွယ်ထားတာမျိုး မဟုတ်ပုံရဘူး။ ဒါက လျှောက်ထားတဲ့လူတွေရဲ့ ခန္ဓာကိုယ်အချိုးအစား၊ မျက်နှာအမူအရာ၊ အသံနဲ့ တခြား ပြင်ပအချက်အလက်တွေက ဇာတ်လမ်းထဲက ဇာတ်ကောင်နဲ့ ကိုက်ညီမှု ရှိမရှိကို သိချင်လို့ စစ်ဆေးတာမျိုး ဖြစ်နေလို့ပဲ။

“ဖူး...”

ဒါပေမဲ့လည်း မာရူးကတော့ အခန်းထဲက ထွက်လာပြီးမှ စိတ်သက်သာရာရသလို သက်ပြင်းချမိတာမို့ နည်းနည်းတော့ စိတ်လှုပ်ရှားနေခဲ့ပုံရတယ်။ သူက လူသွားစင်္ကြံရှည်ကြီးအတိုင်း လျှောက်လာခဲ့ပြီး ဓာတ်လှေကားထဲကို ဝင်လိုက်ပါတယ်။ ပထမထပ်ကို နှိပ်လိုက်ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။

‘ငါ အခု ဆိုးလ်ကို ရောက်နေတာဆိုတော့ မပြန်ခင် ဟိုဟိုဒီဒီ နည်းနည်းလောက် လျှောက်ကြည့်ရမလား’

အဲဒီလို စဉ်းစားရင်း သူ ဓာတ်လှေကားထဲကနေ ခြေလှမ်းလှမ်းထွက်လိုက်တယ်။

“မင်း ပြီးပြီလား”

တစ်ယောက်ယောက်က သူ့ဆီကို လက်လှမ်းပြရင်း ပြေးလာတယ်။ ဂျီဆော့ ပါပဲ။ ဂျီဆော့ ရဲ့ အနောက်မှာတော့ သူတို့နဲ့ အသက်အရွယ်တူလောက်ရှိမယ့် တခြားလူငါးယောက် ရှိနေခဲ့တယ်။ သူတို့အားလုံးက သူ့ဘက်ကို လှည့်ကြည့်နေကြတာ။ ဖြစ်နိုင်တာကတော့ သူတို့က ဂျီဆော့ ကို အားပေးဖို့ ရောက်လာကြတဲ့ သူငယ်ချင်းတွေ ထင်ပါရဲ့။

‘နေဦး... သူငယ်ချင်းတွေ ဟုတ်လား’

မာရူးက မျက်မှောင်ကြုတ်လိုက်ပြီး အဲဒီလူတွေကို အသေအချာ လှည့်ကြည့်လိုက်တယ်။ သူတို့အားလုံးက ဆိုဖာတစ်ခုတည်းပေါ်မှာ အတူတူ ထိုင်နေကြပေမယ့် တော်တော်လေးကို နေရခက်ပြီး စိမ်းသက်နေတဲ့ပုံစံ ပေါက်နေလို့ပဲ။ မာရူးက သူတို့ဆီ လျှောက်သွားပြီး မေးလိုက်တယ်။

“ဒီထဲမှာ ဘယ်သူတွေက အချင်းချင်း သိကြတာလဲ”

သူတို့ငါးယောက်လုံးက တစ်ပြိုင်နက်တည်း ခေါင်းခါပြကြတယ်။

“ငါတို့က အခုကစပြီး သိသွားကြမှာပေါ့။ ငါတို့က တစ်သွေးတည်း တစ်သားတည်း၊ သူငယ်ချင်းတွေလေ။ ဒီလိုလူမျိုးတွေကို တခြားဘယ်မှာ သွားရှာလို့ ရဦးမှာလဲ၊ ဟုတ်တယ်မလား။ ငါတို့က အသက်လည်း တူတူပဲ၊ ပြီးတော့ ဒီအရည်အချင်းစစ်ပွဲကိုလည်း အတူတူ လာပြိုင်ကြတာ။ အခု ဖြစ်နေတာကိုက ဇာတ်လမ်းတစ်ပုဒ်လိုပဲလေ”

ဂျီဆော့ ကတော့ ဒီဆုံတွေ့မှုကို အပီအပြင်ကို ကောင်းချီးပေးနေတာပေါ့။ မာရူးက သူ့ကိုပဲ စကားပြောခွင့်ပေးထားလိုက်ပြီး တခြားလူငါးယောက်ကို လှမ်းမေးလိုက်တယ်။

“ဒီထဲမှာ ဘယ်သူက နေရခက်နေလဲ”

သူ အဲဒီလို မေးလိုက်တဲ့အခါမှာတော့ ငါးယောက်လုံးက လက်ထောင်ပြကြတယ်။ ဂျီဆော့ ရဲ့ စရိုက်က သူတို့ အလွယ်တကူ ပေါင်းသင်းနိုင်မယ့် အမျိုးအစားမှ မဟုတ်တာ။

“ဒါဆို မင်းတို့ သွားနိုင်ပါပြီ။ ရူးကြောင်ကြောင်နိုင်တဲ့လူတွေနဲ့ အပေါင်းအသင်းမလုပ်နဲ့ဆိုတဲ့ တို့ဘိုးဘွားတွေရဲ့စကားက ဘယ်တုန်းကမှ မမှားခဲ့ပါဘူး”

တော်တော်လေးကို စိတ်လှုပ်ရှားနေပြီး လေထဲကို လက်သီးနဲ့ထိုးပြတာမျိုးတွေအထိ အမူအရာတွေ ပိုလုပ်နေတဲ့ ဂျီဆော့ ကို အနောက်မှာ ထားခဲ့ပြီး သူတို့ အဆောက်အအုံထဲကနေ ထွက်လာခဲ့ကြပါတယ်။ တခြားလူငါးယောက်ကလည်း မာရူးရဲ့နောက်ကနေ လိုက်ထွက်လာကြပြီး အချင်းချင်း ကံကောင်းပါစေလို့ ဆုတောင်းပေးကာ လမ်းခွဲသွားကြတယ်။ မာရူးလည်း ထွက်သွားဖို့ ပြင်နေတုန်းမှာပဲ အဲဒီ စိတ်ရှုပ်စရာကောင်းတဲ့ကောင်က သူ့နောက်ကို လိုက်လာပြန်တယ်၊ ဒါပေမဲ့ အဲဒီကောင်က ရိုးရိုးပုံမှန်တော့ မဟုတ်ဘူး။

“ဘာလဲ... မင်းက ပြန်တော့မလို့လား”

သူက ဘတ်စကားစီးဖို့ လှေကားအတိုင်း ဆင်းလာခိုက်မှာပဲ အနောက်ကနေ စိတ်လှုပ်ရှားနေတဲ့ အသံကြီးက လှမ်းအော်တယ်။ မာရူးက ‘ငါ ဒီအရူးကောင်ကို မသိဘူး’ ဆိုတဲ့ မျက်နှာပေးမျိုးလုပ်ပြီး ဆက်လျှောက်နေပေမယ့် ဂျီဆော့ ကတော့ အဲဒါကို လုံးဝဂရုမစိုက်ဘဲ အနားကို တိုးကပ်လာခဲ့ပါတယ်။

“ဟေ့”

“ဘာလဲ”

“အိမ်မပြန်သေးဘူးမလား”

“ငါတို့ အခုမှ ဆုံတာဆိုတော့ ချက်ချင်း လမ်းခွဲလိုက်ရင် နှမြောစရာကြီး မဟုတ်ဘူးလား။ ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာကြမှာဆိုတော့ အတူတူ စုမိပြီး တစ်ခုခု အကြီးအကျယ် လုပ်ကြရအောင်လေ၊ ဟုတ်တယ်မလား”

“ဘာလုပ်ဖော်ကိုင်ဖက်လဲ။ မင်းမှာ အဲဒီလောက်တောင် အားအင်တွေ ပိုနေရင် ပန်းခြံထဲမှာ တစ်ပတ်လောက် ပြေးလိုက်ပြီး အိမ်ပြန်အိပ်လိုက်ပါလား”

“မင်းကတော့ ရက်စက်လိုက်တာ။ ဒါပေမဲ့ အဲဒီရက်စက်မှုကပဲ မင်းကို ဆွဲဆောင်မှု ရှိစေတာကွ။ မင်းက မိန်းကလေးတွေ ကြိုက်မယ့် အမျိုးအစားပဲ”

“ဪ... အဲဒါကို မင်းက မြင်လို့လား”

“နည်းနည်းပေါ့”

ဒီကောင်ကတော့ ပြောစရာ စကားလုံးတွေ ဘယ်တော့မှ ကုန်သွားမယ့်ပုံမပေါ်ဘူး။ မာရူးလည်း ဒီကောင်က မကောင်းတဲ့ စိတ်ရည်ရွယ်ချက် မရှိဘူးဆိုတာ သိနေပါတယ်၊ သူက ပျော်ပျော်နေတတ်တဲ့ ကောင်လေးတစ်ယောက်ပဲ။ ဒါပေမဲ့ သူ့ရဲ့ ပျော်ရွှင်မှု လှိုင်းလုံးကြီးက ဘေးနားကလူတွေကိုပါ လာပြီး ရိုက်ခတ်နေလို့ပဲ။ တည်ငြိမ်နေတဲ့ ရေပြင်ကျယ်ထဲမှာ လှေငယ်လေးတစ်စောင်နဲ့ အေးအေးလူလူ အနားယူနေတဲ့လူတစ်ယောက်အတွက်တော့ ဒီကောင်က ကပ်ဘေးတစ်ခုပါပဲ။

“ငါ မင်းကို ငြင်းလို့မရနိုင်မယ့် ကမ်းလှမ်းမှုတစ်ခု ပေးမယ်”

အဲဒီလိုပြောရင်း သူက လက်မှတ်နှစ်စောင်ကို ထုတ်ပြတယ်။ အဲဒါတွေက တော်တော်လေး ရင်းနှီးနေခဲ့ပါတယ်။

“ဒါက ဒီရက်ပိုင်းမှာ အောင်မြင်နေတာကွ”

သူ ထုတ်ပြလိုက်တဲ့ လက်မှတ်တွေက ထီအိပ်မက်ပြဇာတ်အတွက် ဖြစ်နေလို့ပဲ။

“သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဒီလိုမျိုး ပြဌာန်းစာအုပ်လို ပြဇာတ်ကို ကြည့်ဖို့ အခွင့်အရေးကို လက်လွှတ်မခံသင့်ဘူး၊ မဟုတ်ဘူးလား”

“မင်းက ပြဌာန်းစာအုပ်ဆိုတာ ဘာလဲဆိုတာကော သိလို့လား”

“သိတာပေါ့။ ငါ့အစ်ကိုက စစ်တပ်ထဲမှာလေ”

သူက အဲဒီလိုပြောရင်း ပြုံးပြတယ်။ အဲဒီလက်မှတ်က မီဆို က ကလပ်ထဲက ကျန်တဲ့လူတွေနဲ့ အတူတူသွားကြည့်ဖို့ သူ့ကို ပေးခဲ့တဲ့ လက်မှတ်နဲ့ အတူတူပါပဲ။ သူက လာမယ့် သီတင်းပတ်ကုန်မှာ သွားကြည့်ဖို့ ချိန်းထားပြီးသား။ ပြဇာတ်ကို နှစ်ခါပြန်ကြည့်ရတာက ထိုက်တန်ပါတယ်ဆိုပေမယ့် ဒီလိုကောင်မျိုးနဲ့ အတူတူ ထပ်ကြည့်ဖို့ကော တကယ် ထိုက်တန်ရဲ့လားလို့ မာရူး တွေးတောမိနေတယ်။

“မင်းဘာသာ မင်း တစ်ယောက်တည်း သွားကြည့်လိုက်ပါ”

“ဘာလို့လဲ”

ဂျီဆော့ က ခွေးပေါက်လေးလို မျက်လုံးမျိုးနဲ့ မာရူးရဲ့ လမ်းကို ပိတ်ရပ်လိုက်တယ်။ ဒီကောင်ကတော့... တကယ့်ကို အားကောင်းတဲ့ ရန်သူပဲ။ လူမှုဆက်ဆံရေးကို ဖြေရှင်းရာမှာ ကျွမ်းကျင်တဲ့ မာရူးတောင်မှ ဒီကောင် သူ့အနားကနေ ဖယ်သွားအောင် အလွယ်တကူ မလုပ်နိုင်ဘူး ဖြစ်နေတယ်။

“မင်းမှာ သူငယ်ချင်း မရှိဘူးလား”

“မရှိဘူး”

“.......”

“ငါက နေရာခဏခဏ ပြောင်းနေရတာ။ လွန်ခဲ့တဲ့ ခဏကတင် ဘူဆန်မှာ ရှိနေခဲ့တာလေ။ သူငယ်ချင်းတွေ ရှိတော့ ရှိပါတယ်၊ ဒါပေမဲ့ အခုချက်ချင်း တွေ့နိုင်တဲ့လူတော့ မရှိဘူး”

“မင်းက ငါ့ကို စိတ်မကောင်းဖြစ်အောင် လုပ်နေတာပဲ”

“မင်း စိတ်မကောင်းဖြစ်တယ် ဟုတ်လား။ ဒါဆို အတူတူ ကြည့်ကြစို့လေ။ ဒီနေ့က နောက်ဆုံးရက်ပဲ။ မသုံးလိုက်ရရင် နှမြောစရာကြီးကွ”

“ဟူး...”

မာရူးက ဖုန်းကို ထုတ်ကြည့်လိုက်တယ်။ အချိန်က ၁၂ နာရီ ၁၁ မိနစ် ရှိနေပြီ။ ပြဇာတ်က ၃ နာရီမှ စမှာဆိုတော့ နေ့လယ်စာစားပြီး ဟျဲဟွာ ဘူတာရုံ ဆီကို သွားရင်တောင် အချိန် အများကြီး ရပါသေးတယ်။

“နေ့လယ်စာ စားပြီးပြီလား”

“မစားရသေးဘူး”

“ဒါဆို အရင်ဆုံး တစ်ခုခု သွားစားကြစို့”

“...ဒါပေမဲ့ ငါ့မှာ ပိုက်ဆံမပါဘူး”

“ဒါဆို ငါ ဝယ်ကျွေးမယ်၊ ဒါကြောင့် လာမယ့် သုံးနာရီအတွင်း ပါးစပ်ပိတ်ထား။ မဆိုးတဲ့ ကမ်းလှမ်းမှုပဲမလား”

“ဒါဆို ငါ မပါတော့ဘူး”

မာရူး ခေါင်းကိုက်သလို ခံစားလိုက်ရတယ်။ သူက ခေါင်းကို နှိပ်ရင်း လျှောက်လာတဲ့အခါ ဂျီဆော့ ကလည်း အနောက်ကနေ ထပ်ချပ်မကွာ လိုက်လာခဲ့ပါတယ်။ သူ့စိတ်ထဲမှာတော့ ‘သူတို့ အရည်အချင်းစစ်ပွဲကို အတူတူ ဝင်ပြိုင်ရမှာ မဟုတ်ပါဘူးနော်။ သူတို့နှစ်ယောက်လုံး အဲဒီဇာတ်ကောင်နေရာအတွက် အရွေးခံရမှာ မဟုတ်ပါဘူးနော်။ အဲဒီလိုသာ ဖြစ်လာရင်တော့ တကယ့်ကို စိတ်ရှုပ်စရာကြီးပဲ’ လို့ တွေးနေမိတာပေါ့။

“ဪ... ဒါနဲ့”

သူ့နံဘေးကို လာတို့တဲ့ ဂျီဆော့ ကို မာရူးက စိုက်ကြည့်လိုက်တယ်။

“မင်းနာမည် ဘယ်လို ခေါ်လဲ”

‘အခုမှ ဒါကို လာမေးနေတာလား’ မာရူးက ခေါင်းကို ခါယမ်းလိုက်ပြီး အရှေ့ကို ဆက်လျှောက်သွားခဲ့ပါတယ်။

“ဟေ့... မင်းနာမည် ဘာလဲလို့ မေးနေတာလေ”

ဂျီဆော့ ရဲ့ အသံကြီးက သူ့နားထဲမှာ ထပ်ခါတလဲလဲ မြည်ဟည်းနေခဲ့ပါတယ်။

* * * * * * * * *

“ဇာတ်ရံနေရာလေး ရွေးဖို့အတွက်နဲ့ မင်းတို့အထိပါ ရောက်လာကြလိမ့်မယ်လို့ ထင်မထားဘူး၊ ကမ္ဘာပျက်တော့မယ့် အတိုင်းပဲ”

ချွဲဂျုန်ဂွန် က ဒါရိုက်တာ ဘတ်ဟိုယောင်း ကို တစ်ချက် ဝေ့ကြည့်ရင်း ပြောလိုက်တယ်။

“အဲဒါက ငါ ဒီအလုပ်အပေါ် ဘယ်လောက်အထိ အလေးအနက်ထားလဲဆိုတာ ပြတာပဲလေ။ ဂျွန်... မင်း ငါ့ဆီကနေ တစ်ခွက်လောက် ယူသင့်တယ်”

ဟိုယောင်းက ဂွတ်ဂျွန် အတွက် အရက်တစ်ခွက် ငှဲ့ပေးတယ်။

“ဒီနေ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုတော့ ပြီးသွားပါပြီ။ လူရွေးရတာလည်း အဆင်ပြေပြေ သွားနေတယ်၊ ပြီးတော့ အဖွဲ့ကလည်း တကယ့်ကို လန်းတယ်။ အခုတော့ ပုံရိပ်ကောင်းကောင်းလေးတွေ ထွက်လာဖို့ပဲ ကျန်တော့တာပေါ့”

“ဒါပေမဲ့ ငါတို့ အရည်အချင်းစစ်ပွဲကို မလုပ်ရသေးဘူးလေ”

“ငါ အဲဒါကို စိတ်ထဲ ထည့်မထားချင်တော့ဘူး။ ဆရာကြီးတွေက တစ်ခုခုတော့ လုပ်ပေးကြမှာပါ။ မင်းကော ဘယ်လိုလဲ ဂျွန်။ မင်း သဘောကျတဲ့လူ တွေ့ခဲ့လား”

“အနည်းငယ်တော့ တွေ့ခဲ့တယ်”

“အဲဒါပဲလေ။ ငါတို့ မူရင်းစာရေးဆရာရဲ့ ထင်မြင်ချက်တွေကို အတတ်နိုင်ဆုံး ထင်ဟပ်အောင် လုပ်ကြစို့”

ခလွင် သူတို့က ဆိုဂျူဖန်ခွက်ချင်း တိုက်လိုက်ကြတယ်။

“ဒါကို လုပ်ကြစို့။ ငါ့ရဲ့ ရုပ်ရှင်လောက သက်တမ်းတစ်လျှောက်မှာ အကြီးအကျယ် ချန်ထားခဲ့နိုင်ရမယ်”

“ခုနစ်သန်းက မင်းအတွက် မလုံလောက်သေးဘူးလား”

“လုံးဝ မလုံလောက်သေးဘူး။ ဆယ်သန်း။ အဲဒါ ငါ့ရဲ့ ပန်းတိုင်ပဲ”

“Silmido က အဲဒါကို ရောက်သွားပြီးပြီလေ”

(TR Note: 2003 ခုနှစ်က ထွက်ရှိခဲ့တဲ့ Silmido ရုပ်ရှင်ဖြစ်ပါတယ်။)

“ဒါဆို သန်းနှစ်ဆယ်ပေါ့”

“အိပ်မက်ကြီးလှချည်လား”

“ငါ လုပ်နိုင်တယ်၊ ငါ လုပ်နိုင်တယ်ဆိုတာ ငါ သိတာပေါ့”

ဟိုယောင်း က ဆိုဂျူဖန်ခွက်ကို ချလိုက်ပြီး ပုလင်းလိုက် စပြီး မော့သောက်တော့တယ်။

“တော်တော့... မင်း မူးလာရင် ငါ ထပ်ပြီး မဖြေရှင်းပေးနိုင်တော့ဘူးနော်”

ဂျုန်ဂွန် က သူ့ကို တားလိုက်တယ်။ အဲဒီအချိန်မှာတော့ ဂွတ်ဂျွန် က သူတို့နှစ်ယောက်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ကင်ပွတ်စင်ပေါ်က ကင်နေတဲ့ အသားတွေကို ဟိုဘက်ဒီဘက် လှန်ပေးနေခဲ့ပါတယ်။

* * * * * * * * *

All Chapters