← Chapters

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း(၂၂၃)

“ထမင်းကျွေးတာ ကျေးဇူးပဲဗျို့” လို့ ဆိုင်ထဲကနေ အထွက်မှာ ဂျီဆော့ က လှမ်းပြောလိုက်တယ်။

“သွေးခဲစွပ်ပြုတ်ထမင်းကို အခုမှ ပထမဆုံး စားဖူးတာ။ ဒါပေမဲ့ မထင်မှတ်ထားလောက်အောင်ကို ကောင်းလွန်းတယ်။ အမဲရိုးပြုတ်ရည်နဲ့ လုပ်တဲ့ ဆွန်လုံထန်နဲ့မတူဘဲ သူ့မှာ သီးသန့်ဆွဲဆောင်မှုလေး တစ်မျိုးရှိသားပဲ”

ဂျီဆော့ က ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နဲ့ မလိုက်အောင် တကယ်တော့ အစားတော်တော်စားနိုင်သူပါ။ သူကိုယ်တိုင် မှာထားတဲ့ ဆွန်လုံထန်တစ်ပွဲကို ဇတ်ခနဲ လက်စသတ်လိုက်ပြီး မာရူး မှာထားတဲ့ သွေးခဲစွပ်ပြုတ်ထမင်းကို မျက်စိကျနေတော့တာပေါ့။ သူက သွားရည်တမြှားမြှားနဲ့ ဖြစ်နေတာကြောင့် မာရူးလည်း သွေးခဲစွပ်ပြုတ်ထမင်း နောက်ထပ်တစ်ပွဲ ထပ်မှာပေးလိုက်ရပြီး ပွဲရောက်လာတာနဲ့ ဂျီဆော့ ကတော့ ကုန်းစားတော့တာပါပဲ။

သူ စားနေတာကို ကြည့်ပြီး မာရူးစိတ်ထဲမှာ အလုပ်ဆင်းဖို့ အလုအယက် ထမင်းစားနေတဲ့ လယ်သမားတစ်ယောက်ကိုတောင် ပြေးသတိရမိစေတယ်။ အကယ်၍ သူ့ကို မာကောလီ ဆန်အရက်သာ တိုက်လိုက်ရင် တစ်ငုံတည်းနဲ့ မော့ချလိုက်ပြီး အားရပါးရ အော်ညည်းမိမှာ သေချာတယ်။ ဒုတိယအပွဲကို ကုန်အောင်စားပြီးတာတောင် ဂျီဆော့ က စားသောက်ဖွယ်ရာ စာရင်းကို စိုက်ကြည့်နေတုန်းပဲ။ သူက ဘဝမှာ ပိုပြီးတော့ပဲ ဆာလောင်မွတ်သိပ်နေတတ်သူပေါ့၊ တကယ့်ကို စာသားအတိုင်းပါပဲ။

“ကဲ... ဒီနေ့ကစပြီး ငါတို့ သူငယ်ချင်းတွေ ဖြစ်ကြတာပေါ့။ ငါ့ကို ထမင်းကျွေးတဲ့လူက ဘယ်တော့မှ လူဆိုးမဖြစ်နိုင်ဘူးလေ”

“အဲဒါ ဘယ်သူပြောတာလဲ”

“ငါ့အဖေလေ”

“မင်းအဖေက တကယ့်ကို အန္တရာယ်များတဲ့ ဘဝအမြင်ကြီး ရှိနေတာပဲ။ မင်းကို ထမင်းကျွေးတဲ့လူက အန္တရာယ်အရှိဆုံးလူဆိုတာ မှတ်ထားစမ်းပါ”

သူတို့နှစ်ယောက် ဆိုင်က အချိုပွဲအဖြစ်ပေးတဲ့ ပူစီနံသကြားလုံးကို ဝါးရင်းနဲ့ မြေအောက်ရထားဘူတာရုံဆီ လျှောက်လာခဲ့ကြတယ်။ သူတို့သွားမယ့်နေရာက ဟျဲဟွာ ဘူတာရုံ ပါ။ အခြေအနေက ဒီလိုဖြစ်လာမှတော့ ပြဇာတ်ကိုပဲ အေးအေးဆေးဆေး အရသာခံကြည့်ဖို့ သူ ဆုံးဖြတ်လိုက်တယ်။ ရထားပေါ် ရောက်တာနဲ့ မာရူးက ဂျီဆော့ ရဲ့ အဝေးကို ချက်ချင်း လျှောက်သွားလိုက်တော့တယ်။ ရထားလှုပ်ခါနေတာကို ဘာမှမဖြစ်သလိုမျိုး လက်ကိုင်ကွင်းကနေ လက်နှစ်ဖက်လုံးလွှတ်ပြီး လူတတ်လုပ်နေတဲ့ ဒီလိုကလေးဆန်တဲ့ကောင်ကို မသိချင်ယောင်ဆောင်ထားချင်လို့ပဲ။

“ဒါ စကိတ်ဘုတ်စီးရတဲ့ ခံစားချက်မျိုးနဲ့ တူလိမ့်မယ်ထင်တယ်”

“ဟုတ်ပါပြီဗျာ”

“မဟုတ်ဘူး၊ တကယ် ဒီလိုခံစားချက်မျိုး ဖြစ်မှာ သေချာတယ်”

ဒီကောင်ကတော့ လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ် ရောက်သွားရင်တောင် အဆင်ပြေပြေ နေနိုင်မယ့်ကောင်ပဲလို့ မာရူး တွေးမိတယ်။ ဘော်လီဘောလုံးတစ်လုံးကို ဝေလ်ဆင် လို့ နာမည်ပေးပြီး သူ သေတဲ့အထိ ပျော်ပျော်ရွှင်ရွှင် ကစားနေလောက်တယ်။ ဒီကောင်ကတော့ အဲလိုလုပ်ဖို့ တကယ့်ကို အစွမ်းရှိတဲ့ကောင်ပဲ။

(TR Note: Cast Away ရုပ်ရှင်ထဲမှာ Tom Hanksဟာ ကျွန်းတစ်ကျွန်းပေါ်မှာ တစ်ယောက်တည်း သောင်တင်နေရင်း အထီးကျန်မှုကို ဖြေဖျောက်ဖို့အတွက် ဘော်လီဘောလုံးလေးကို Wilson လို့ နာမည်ပေးထားတဲ့ အခန်းကိုရည်ညွှန်းတာ)

သူ့ကို ခဏလောက် စောင့်ကြည့်ပြီးတဲ့နောက် မကြာခင်မှာပဲ ဟျဲဟွာ ဘူတာရုံကို ရောက်လာခဲ့ကြတယ်။ ဒီနေ့က တနင်္ဂနွေနေ့ ဖြစ်တာကြောင့် လူတွေ တော်တော်စည်ကားနေတာပေါ့။ ပြဇာတ်လာကြည့်တဲ့ ကျောင်းသားတွေရှိသလို အရွယ်စုံ ချိန်းတွေ့နေကြတဲ့ စုံတွဲတွေလည်း ရှိနေတယ်။ ဒီနေ့ ရာသီဥတုက အပန်းဖြေခရီးထွက်ဖို့ တကယ့်ကို ကောင်းမွန်လွန်းလှပါတယ်။ သို့ပေမဲ့ မာရူးရဲ့ စိတ်ထဲမှာတော့ ဒီနေ့ သူ့ဘေးနားမှာ ရှိနေတာက သူမ မဟုတ်တဲ့အတွက် တော်တော်လေး စိတ်ပျက်စရာ ကောင်းနေခဲ့တယ်။

“ငါတို့ ပတ်ပတ်လည်ကို လျှောက်ကြည့်ဖို့ အချိန်ရသေးတယ်”

အချိန်က ၂ နာရီ ၂၇ မိနစ်။ ပြဇာတ်က ၃ နာရီမှာ စမှာဆိုတော့ အချိန်နည်းနည်း ကျန်သေးတာပေါ့။ တနင်္ဂနွေနေ့ ဖြစ်တာကြောင့် လမ်းဘေးအနုပညာပြသသူတွေလည်း အများကြီး ရှိနေတယ်။ သူတို့ထဲက အများစုက အရည်အချင်းရှိကြပြီး အလကား လာပြနေကြတာ နှမြောစရာတောင် ကောင်းသေးတယ်။ မာရူးက စကားအလွန်များတဲ့ ဂျီဆော့ ကို ခေါ်ပြီး မာရိုနီယေး ပန်းခြံပတ်ပတ်လည်ကို လျှောက်လည်လိုက်တာ မိနစ် ၂၀ လောက် ကုန်သွားတယ်။ အချိန်လည်း တန်ပြီကော။ သူတို့နှစ်ယောက် ပြဇာတ်ရုံဆီကို ဦးတည်လိုက်ကြတယ်။ အပြင်ဘက်မှာ တန်းစီနေတဲ့ လူတန်းကြီးက အရှည်ကြီးပဲ၊ အားလုံးက ဂန်ဟွမ် နဲ့ မီဆို တို့ သရုပ်ဆောင်မယ့် ပြဇာတ်ရုံထဲကို ဝင်ဖို့ စောင့်နေကြတဲ့ လူတွေချည်းပါပဲ။

“ဒီပြဇာတ်က တကယ် နာမည်ကြီးမှန်း ငါ သိသားပဲ” လို့ ဂျီဆော့ က ဝမ်းသာအားရ အော်ဟစ်ရင်း အောင်ပွဲခံတဲ့ဟန် လုပ်ပြတယ်။ အဲဒီနောက် ဝင်ပေါက်ထဲကို လှမ်းမြင်ရအောင် ခြေဖျားထောက်ပြီး ချောင်းကြည့်နေတော့တယ်။ ဒီကောင်ကတော့ ပြဇာတ်ကို သိပ်ကို ရူးသွပ်လွန်းတာပဲ။

“မင်း ပြဇာတ်ကို အဲလောက်တောင် ကြိုက်တာလား”

“ပြဇာတ်ထက်စာရင် စင်ပေါ်မှာ သူတို့ရဲ့ အစွမ်းရှိသမျှ အကုန်ထုတ်သုံးပြီး သရုပ်ဆောင်နေကြတဲ့ လူတွေ၊ ဆုတောင်းချင်စရာကောင်းတဲ့ သရုပ်ဆောင်တွေကို ပိုကြိုက်တာ”

မထင်မှတ်ဘဲ ထွက်လာတဲ့ ပုံမှန်အဖြေကြောင့် မာရူး ခေါင်းညိတ်လိုက်မိတယ်။ လက်မှတ်စစ်တဲ့လူဆီ ရောက်တဲ့အထိ လူတန်းကြီးက ဖြည်းဖြည်းချင်း ရှေ့ကို ရွေ့လျားသွားတယ်။

“အို”

မထင်မှတ်ထားတဲ့ လူတစ်ယောက်က လက်မှတ်စစ်နေတာကိုး။

“မတွေ့ရတာ ကြာပြီနော် မမ” လို့ မာရူးက နှုတ်ဆက်လိုက်တယ်။

“ဟန်မာရူး၊ မတွေ့ရတာ ကြာပြီပဲ”

သူမကတော့ ဆူဝမ် က လေ့ကျင့်ရေးအခန်းဆီ သွားတုန်းက ဆုံခဲ့ဖူးတဲ့ မင်းသမီး ပတ်ဟန်နာ ပါပဲ။ မာရူးနဲ့ သူမကြားထဲမှာ ပေါင်းကူးတံတားလို ဖြစ်ခဲ့တဲ့ လူပေါ့။

“အဲဒီနောက်ပိုင်း မင်းတို့နှစ်ယောက် အဆင်ပြေသွားကြတယ်လို့ ကောလာဟလ ကြားမိသားပဲ”

“မမ ကျေးဇူးကြောင့် အခု ကျွန်တော်တို့ တွဲနေကြပြီလေ”

“ဝိုး၊ အခွင့်အရေးကို လက်လွှတ်မခံဘူးပဲ။ ဒါမှ ယောက်ျားကွ” လို့ သူမက ခါတိုင်းလိုပဲ တက်တက်ကြွကြွနဲ့ ပြောလိုက်တယ်။

“ဒါနဲ့ ဘယ်အဆင့်အထိ ရောက်သွားပြီလဲ။ အနမ်းအပြီး နောက်တစ်ဆင့်လား။ ပြောစမ်းပါဦး၊ ပြောပြစမ်းပါဦး” ဆိုပြီး သူမက အောက်လုံးတွေပါတဲ့နောက်ပြောင်တဲ့ စကားတွေကို ကြိုက်တုန်းပဲ။

“ကျွန်တော်တို့ ဖြည်းဖြည်းချင်းပဲ သွားနေကြတာပါ”

“မင်းကတော့ မြေခွေးလေးပဲ”

“ဒါထက် မမနဲ့ ဆူချန်းအစ်ကိုနဲ့ရော ဘယ်လိုလဲဟင်”

“အဲဒီ ရိုမန်းတစ်ဆန်လွန်းတဲ့ လူနဲ့ ငါ့ကြားမှာ ဘာရှိဦးမှာလဲ။ ပြီးခဲ့တဲ့ ဆောင်းတွင်းက ဂျောင်ဒုံဂျင်ကို အတူတူသွားပြီး အခန်းတောင် တစ်ခန်းတည်း ယူခဲ့သေးတယ်၊ ဒါပေမဲ့ သူက ငါ့ကို လက်ဖျားနဲ့တောင် မတို့ဘူးဟယ်။ ငါ ဆွဲထားတဲ့ စည်းကို မကျော်နဲ့လို့ ပြောလိုက်တာကို သူက တကယ်ကြီး မကျော်ဘဲ နေခဲ့တာ။ တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်။ ဆိုဂျူ သုံးပုလင်းလောက် သောက်ပြီး ငါကပဲ သူ့ကို အဓမ္မပြုကျင့်လိုက်ရရင် ကောင်းမလားပဲ”

“...ကျေးဇူးပြုပြီး သူ့ကို မနှောင့်ယှက်ပါနဲ့ မမရယ်။ သူ သနားဖို့ကောင်းလွန်းလို့ပါ”

“ဟီးဟီး၊ အဲဒါအတွက် မပူပါနဲ့။ သူ နာကျင်မှာ မဟုတ်ပါဘူး” လို့ ပတ်ဟန်နာ က ကောက်ကျစ်တဲ့ အပြုံးနဲ့ ပြောတယ်။ အဲလိုပြောရင်း သူမရဲ့ လက်သူကြွယ်က လက်စွပ်ကို မာရူးကို ပြလိုက်တယ်။

“အနည်းဆုံးတော့ သူ ငါ့ကို လက်ထပ်ခွင့်တောင်းခဲ့သားပဲ”

“လက်ထပ်ခွင့်တောင်းခဲ့တယ် ဟုတ်လား။ မမတို့ လက်ထပ်ကြတော့မလို့လား”

“မဟုတ်သေးပါဘူး။ ငါတို့မှာ အိမ်တောင် မရှိသေးဘူးလေ။ အဲဒါက တစ်ယောက်နဲ့တစ်ယောက် ပိုင်ဆိုင်ကြောင်း သက်သေပြတာ ပိုတူပါတယ်။ ငါက စိတ်မရှည်လွန်းလို့ ငါ့ကိုလက်ထပ်ခွင့်တောင်းဖို့ သူ့ကို ခြိမ်းခြောက်ခဲ့ရတာလေ။ အဲဒီနောက်ပိုင်းမှ ဒါလေး ရခဲ့တာပေါ့” လို့ ပတ်ဟန်နာ က သူမရဲ့ ဘယ်ဘက်လက်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြရင်း ပြောတယ်။ သူမ တကယ်ကို ပျော်ရွှင်နေပုံရပါတယ်။

သူတို့နှစ်ယောက်ရဲ့ လက်မှတ်တွေကို စစ်ပြီးတဲ့နောက် အစွန်းလေးတွေကို နည်းနည်းလေး ဆုတ်ဖြဲပြီး ပြန်ပေးလိုက်တယ်။

“မမလည်း ဒီပြဇာတ်မှာ ပါတာလား”

“ငါက အလှည့်ကျ သရုပ်ဆောင်အဖြစ် ပါတာပါ။ ဒါပေမဲ့ မီဆိုအစ်မရဲ့ နာမည်ကြီးမှုက သိပ်မြင့်နေတော့ ငါ နည်းနည်း ဝမ်းနည်းရတာပေါ့” လို့ ပတ်ဟန်နာ က ရှိုက်ကြီးတငင် ငိုချင်ယောင်ဆောင်ရင်း ပြောတယ်။

“ဘာပဲဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင် ကြည့်သွားကြဦး။ ပြီးတော့ မာရူး ဘေးကလူလည်းပဲနော်”

“ဟုတ်ကဲ့ ခင်ဗျာ” လို့ ဂျီဆော့ က ရှေ့ကို တစ်လှမ်းတိုးရင်း ပြန်ဖြေလိုက်တယ်။

“ဟို... မရိုင်းဘူးဆိုရင် ကျွန်တော် မမကို ဖက်လို့ရမလားဟင်။ အဲဒီတုန်းက ‘မင်းရဲ့ပုံပြင်’ ကို တကယ် သဘောကျခဲ့လို့ပါ”

“ဟင် အဲဒါက ၁၉ နှစ်အထက် ကန့်သတ်ချက်ပါနော်၊ မင်း ကြည့်လို့မရသင့်ဘူးလေ”

“ကျွန်တော့် မျက်နှာက နည်းနည်း ရင့်နေတော့ ဝင်လို့ရသွားတာပေါ့”

“မင်း... မင်းကတော့ ငါ့အကြိုက်ပဲဟေ့”

ပတ်ဟန်နာ က ဂျီဆော့ ကို ခပ်ဖွဖွလေး ဖက်လိုက်တယ်။ ဒါကတော့ ထူးဆန်းတဲ့ မိန်းမတစ်ယောက်က ထူးဆန်းတဲ့ကောင်တစ်ယောက်ကို အသိအမှတ်ပြုတဲ့ မြင်ကွင်းတစ်ခုပါပဲ။ မာရူးကတော့ ဒီနှစ်ယောက်ဆီက ထွက်လာတဲ့ ထူးဆန်းတဲ့ စွမ်းအင်တွေ ကူးစက်ခံရမှာ ကြောက်လို့ ပြဇာတ်ရုံထဲကို အမြန် ဝင်သွားလိုက်တော့တယ်။

“ရှေ့ကနေ ဇွတ်မသွားပါနဲ့ဦး။ ငါ စိတ်မကောင်းဖြစ်ရတယ်”

ဂျီဆော့ က မကြာခင်မှာပဲ အမှီလိုက်လာပြီး မာရူးရဲ့ ဘေးနားမှာ ထိုင်လိုက်တယ်။ ပြဇာတ်ရုံအသေးလေးတွေကို မလာဖြစ်တာ တော်တော်ကြာပြီပေါ့။ ဒီနေရာက အသုံးအဆောင်တွေက တော်တော်လေး ကောင်းမွန်ပြီး ခြေထောက်ကို ဆန့်ထားလို့တောင် ရသေးတယ်။ တချို့ ပြဇာတ်ရုံအသေး အဟောင်းတွေဆိုရင် ဘေးကလူနဲ့ ပုခုံးချင်း ထိလုနီးပါးအထိ ကျဉ်းမြောင်းလွန်းလှတာ။

“မင်း အဲဒီအစ်မနဲ့ သိတာလား”

“ငါတို့ ခဏလောက် အတူတူ လေ့ကျင့်ခဲ့ဖူးတာလေ။ ငါက သရုပ်ဆောင်လုပ်တာ၊ သူမက တစ်ခါတလေ ငါ့ကို အကြံဉာဏ်တွေ ပေးတတ်တယ်”

“ဝိုး၊ မင်းက တကယ် မဆိုးဘူးပဲ” ပရိသတ်တွေအတွက် ဖွင့်ထားတဲ့ မီးတွေ မှိန်မသွားခင်အထိ ဂျီဆော့ ရဲ့ စကားတွေက ဆက်နေတုန်းပဲ။ လှေကားတွေ ရှိနေကြောင်း ပြသတဲ့ အချက်ပြမီးလေးတွေပဲ လင်းကျန်ခဲ့ပြီး ပြဇာတ်ရုံတစ်ခုလုံး မှောင်အတိ ကျသွားတော့တယ်။ စကားပြောနေကြတဲ့ ပရိသတ်အချို့လည်း ငြိမ်ကျသွားကြပြီ။ ဒီကျဉ်းမြောင်းတဲ့ နေရာလေးထဲမှာ လူတစ်ရာကျော် ရှိနေပေမဲ့ အသက်ရှူသံတစ်ချက်တောင် မကြားရတော့ဘူး။ မာရူးက ပြဇာတ်မစခင် ခံစားရတဲ့ ဒီလိုတိတ်ဆိတ်မှုကို သဘောကျတယ်။ စင်နောက်ကွယ်မှာ ရှိနေစဉ်ကတည်းက ဒီတိတ်ဆိတ်မှုကို သူ ခံစားနိုင်ခဲ့ပြီး အဲဒီတိတ်ဆိတ်မှုက သူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ တင်းမာမှုကို လှုံ့ဆော်ပေးခဲ့တာလေ။ အဲဒါက ပြဇာတ်စတော့မယ်ဆိုတာကို အသိပေးတဲ့ သက်တောင့်သက်သာရှိမှုမျိုးပါပဲ။

“ဟူး”

သူ့ဘေးနားကနေ သက်ပြင်းချသံတိုတိုလေးတစ်ခု ကြားလိုက်ရတယ်။ ဂျီဆော့ ရဲ့ မျက်နှာအမူအရာကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ မာရူး မဆိုစလောက် ညည်းတွားမိသွားတယ်။ ဂျီဆော့ ရဲ့ မျက်လုံးတွေက လုံးဝ ပြောင်းလဲသွားခဲ့ပြီ။ သူ့ရဲ့ ခါတိုင်းလို ပေါ့ပေါ့ပါးပါး အပြုံးတွေက လုံးဝ စိမ်းသက်တဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲသွားတာ။ အလွန်အမင်း အာရုံစူးစိုက်မှုက စောင့်ကြည့်နေတဲ့လူကို ကြောက်ရွံ့မှု ဖြစ်စေတဲ့ အချိန်မျိုး ရှိတတ်ပြီး ဂျီဆော့ ရဲ့ ဘေးပတ်ဝန်းကျင်က လေထုကလည်း အခု အဲလိုမျိုး ဖြစ်နေခဲ့တယ်။ လက်နှစ်ဖက်ပေါ် မေးတင်ပြီး စင်မြင့်ကို စိုက်ကြည့်နေတာပေါ့။ ဖြစ်ပျက်တော့မယ့် အရာမှန်သမျှကို တစ်ခုမှ လွဲချော်မခံဘူးလို့ ပြောနေသလိုပါပဲ။

သူ့ကို စကားလှမ်းပြောရင်တောင် ဂျီဆော့ ပြန်ဖြေမှာ မဟုတ်ဘူးလို့ မာရူး ခံစားမိတယ်။ သူကိုယ်တိုင်လည်း စကားပြောဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီပြဇာတ်ကို အရသာခံကြည့်တဲ့အခါမှာတော့ စိတ်အေးချမ်းမှု အနည်းငယ် ရလိမ့်မယ်လို့ သူ တွေးလိုက်တယ်။ မကြာခင်မှာပဲ နောက်ခံစကားပြောသံနဲ့အတူ ပြဇာတ် စတင်ခဲ့တော့တယ်။

“နောက်ဆက်တွဲ သတင်းအရ ထီပထမဆုကြီးဟာ ယခင်စံချိန်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပထမဆုကတော့ ဝမ် ၈ ဘီလီယံ ဖြစ်ပြီး ဆုပေါက်သူကတော့ တစ်ဦးတည်းသာ ရှိပါတယ်”

သတင်းကြေညာချက်အပြီးမှာ စင်မြင့်ရဲ့ ဘယ်ဘက်နံရံကနေ လူတစ်ယောက် စင်ပေါ်ကို အလုအယက် ဝင်လာခဲ့တယ်။ ပွပွယောင်းယောင်း အင်္ကျီကို ဝတ်ထားတဲ့ လူတစ်ယောက်ပေါ့။ သူကတော့ တခြားသူမဟုတ်ဘဲ ဂန်ဟွမ် ပါပဲ။ တစ်ခုခုကို ခိုးလာခဲ့သလိုမျိုး သူ့ဘေးပတ်ပတ်လည်ကို စိုးရိမ်တကြီး ကြည့်နေရင်း ဂယောက်ဂယက် ဖြစ်နေပုံရတယ်။ မကြာခင်မှာပဲ သူ့ရဲ့ ရင်ဘတ်အိတ်ကပ်ထဲကနေ စာရွက်တစ်ရွက်ကို ထုတ်လိုက်တယ်။

“ငါ... ငါ ပေါက်ပြီ ငါ တကယ်ကြီး ပေါက်ပြီဟေ့”

သူက ဝမ်းသာအားရ တုန်လှုပ်နေခဲ့ပေမဲ့ မကြာခင်မှာပဲ တည်ငြိမ်တဲ့ အမူအရာကို ပြန်ရလာပြီး သူ့ဘေးပတ်ဝန်းကျင်ကို ဆက်ကြည့်နေပြန်တယ်။ အဲဒီအချိန်မှာပဲ အသက်ရှူသံ ပြင်းပြင်းနဲ့ စင်မြင့်ရဲ့ နောက်တစ်ဖက်ကနေ နောက်ထပ် သရုပ်ဆောင်တစ်ယောက် ပြေးထွက်လာခဲ့တယ်။ ဂန်ဟွမ် ဆီကို လင်းနေတဲ့မီးက နည်းနည်း မှိန်သွားပြီး နောက်လူဆီမှာ ပိုလင်းလာခဲ့တယ်။ အဲဒါကတော့ ဆံပင်တွေ ရှုပ်ပွပြီး လေ့ကျင့်ရေးဝတ်စုံကို ဝတ်ထားတဲ့ မီဆို ပါပဲ။ မာရူးအနေနဲ့ မီဆို စင်ပေါ်မှာ သရုပ်ဆောင်တာကို ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်လို့ တော်တော်လေး စိမ်းသက်ပြီး ထူးဆန်းသလို ခံစားရတယ်။

“ဒါ အိမ်မက်မဟုတ်ဘူးမလား။ ငါ တကယ် ပေါက်တာမလား။ ကောင်းကင်ကြီးက ငါ့ကို အခွင့်အရေး ပေးလိုက်ပြီပေါ့လေ”

မီဆိုကလည်း စာရွက်တစ်ရွက်ကို ထုတ်ပြီး နေရောင်နဲ့ ထောင်ကြည့်လိုက်တယ်။ သူမက ဝတ်ပြုဆုတောင်းနေတဲ့ ဘုန်းကြီးတစ်ပါးလိုမျိုး အဲဒီစာရွက်ကို ဦးချနေတော့တယ်။ မကြာခင်မှာပဲ သူမလည်း ဘေးပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်လာခဲ့တယ်။

အဲဒီနောက် မီးမောင်းတွေက သူတို့နှစ်ယောက်လုံးဆီ အာရုံစိုက်သွားပြီး တခြားလူအချို့က သူတို့ဘေးကနေ ဖြတ်လျှောက်သွားကြတယ်။ ဂန်ဟွမ် နဲ့ မီဆို ကတော့ တကယ့်ကို သံသယဖြစ်စရာကောင်းတဲ့ လူတွေအဖြစ် သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ သရုပ်ဆောင်ပြနေကြတယ်။ မကြာခင်မှာပဲ သူတို့နှစ်ယောက် စင်မြင့်ရဲ့ အလယ်တည့်တည့်မှာ တစ်ယောက်နဲ့တစ်ယောက် တိုက်မိကြတော့တယ်။ နှစ်ယောက်လုံး လက်ထဲက စာရွက်တွေ ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြီး တစ်ချိန်တည်းမှာပဲ အော်ဟစ်လိုက်ကြတယ်။

“မလုပ်နဲ့”

“ငါ့ပိုက်ဆံတွေ”

မီးတွေ မှိတ်သွားခဲ့ပြီ။ အမှောင်ထုထဲမှာ စင်မြင့်က ပြောင်းလဲသွားတယ်။ မီးတွေ ပြန်လင်းလာတဲ့အခါမှာတော့ ပိုဂျန်မာချာ လမ်းဘေးအရက်ဆိုင်လေးတစ်ခု ပေါ်လာခဲ့တယ်။ ဂန်ဟွမ် နဲ့ မီဆို က အထဲက စားပွဲတစ်ခုမှာ ထိုင်နေကြတာပေါ့။ စားပွဲပေါ်မှာတော့ ဆိုဂျူပုလင်းခွံတွေ အများကြီး ရှိနေတယ်။

“ရှင် ဒါကို ဘယ်လို လျော်ပေးမှာလဲ။ အဲဒါ ငါ့ရဲ့ ပထမဆုကြီး ရှင့်”

ဂန်ဟွမ် က လူမူးတစ်ယောက်လို သရုပ်ဆောင်နေတယ်။ သူ့ရဲ့ ဗလုံးဗထွေး စကားပြောပုံက သဘာဝကျလွန်းလို့ တကယ်ကြီး မူးနေတဲ့အတိုင်းပါပဲ။

“အဲဒါ ငါပြောချင်တဲ့ စကားပဲ။ မင်းကော ငါ့ရဲ့ ပထမဆုရ ထီလက်မှတ်ကို ဘယ်လို လျော်ပေးမှာလဲ”

“ဟေ့ အမျိုးသမီး။ မင်းကတော့ တကယ့်ကို ပြူးပြူးပြဲပြဲ လိမ်နေတာပဲ”

“မင်းရဲ့ စောက်တလွဲစကားတွေကို ပိတ်ထားစမ်း”

နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြတယ်။ ဒါပေမဲ့ ရန်ဖြစ်ဖို့ အင်အားမရှိကြတော့ဘဲ ပြန်ထိုင်ပြီး အရက်ပဲ ဆက်သောက်နေကြတော့တယ်။

“ငါ့မှာသာ အဲဒီပိုက်ဆံတွေ ရှိရင် ငါကတော့...” လို့ ဂန်ဟွမ် က လမ်းတစ်ဝက်မှာ ရုတ်တရက် ထရပ်လိုက်တယ်။ မီးတွေ ပြောင်းလဲသွားပြီး သူ့ရဲ့ တစ်ကိုယ်တော် စကားပြောခန်း စတင်ခဲ့တော့တယ်။

“ပထမဆုံးအနေနဲ့ ငါ အိမ်တစ်လုံး ဝယ်နိုင်လိမ့်မယ်။ အဲဒါမှ အကြီးကြီးပေါ့။ ပြီးတော့ ဆိုဖာကလည်း ကြီးရမယ်။ ငါ လှဲအိပ်လိုက်ရင်တောင် နေရာလွတ်တွေ အများကြီး ကျန်နေလောက်အောင် ကြီးရမယ်”

အဲဒီနောက် စင်မြင့်နောက်ကွယ်မှာ လျှောက်လှမ်းနေတဲ့ သရုပ်ဆောင်တွေက အမြန်ထွက်လာပြီး စင်ပေါ်က ပစ္စည်းတွေကို ရှင်းလင်းကာ ဆိုဖာတစ်ခုနဲ့ ပြင်ဆင်ပေးလိုက်ကြတယ်။ အဲဒါကို ကြည့်ရင်း ဒီပြဇာတ်က ဘယ်လို စီးဆင်းသွားမလဲဆိုတာ မာရူး သဘောပေါက်လိုက်တယ်။ ဂန်ဟွမ် က ဆိုဖာပေါ်မှာ လှဲအိပ်လိုက်ပြီး တီဗီရီမုဒ်ကို ကောက်ကိုင်လိုက်တယ်။ အဲဒီနောက် သူ့ရဲ့ အမူးလွန်တာတွေ ပျောက်ဆုံးသွားပြီး ပြဇာတ်ကို ဆက်လက် သရုပ်ဆောင်နေတော့တယ်။

* * * * * * * * *

လက်ခုပ်သံတွေနဲ့အတူ သရုပ်ဆောင်တွေ စင်ပေါ်တက် နှုတ်ဆက်တဲ့ အချိန် ရောက်လာခဲ့ပြီ။ ပြဇာတ်ကတော့ ထီလက်မှတ်တွေ ပျောက်ဆုံးသွားပြီးနောက် သူတို့ရဲ့ အိမ်မက်တွေကို ဆွေးနွေးရင်း နောက်ဆုံးမှာ ချစ်သူတွေ ဖြစ်သွားကြတဲ့ လူနှစ်ယောက်ရဲ့အကြောင်း ရိုမန်းတစ်ဟာသ ဇာတ်လမ်းလေးပါ။ ပိုဂျန်မာချာ ဆိုင်ထဲက လူနှစ်ယောက်ရဲ့ စိတ်ကူးယဉ်မှုတွေကို စင်ပေါ်မှာ ပြန်လည်ပုံဖော်ထားပြီး ဇာတ်လမ်း တိုးတက်လာတာနဲ့အမျှ သူတို့ရဲ့ စိတ်ကူးယဉ်မှုတွေက လုံးဝ လက်တွေ့မဆန်ရာကနေ အနည်းငယ် လက်တွေ့ဆန်တဲ့ အရာတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။

အဆုံးသတ်ကတော့ ဘယ်သူမှ ထီမပေါက်ခဲ့ကြဘူးဆိုတဲ့ ထုံးစံအတိုင်း အဆုံးသတ်မျိုး ဖြစ်နေခဲ့ပေမဲ့ ပြဇာတ်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာကြောင့် အဆုံးသတ်က ဘာမှ အရေးမကြီးတော့ပါဘူး။ စင်ပေါ်က လူနှစ်ယောက်ရဲ့ အေးအေးဆေးဆေး သရုပ်ဆောင်မှုတွေအပြင် ဘေးက ဇာတ်ရံတွေကလည်း စင်ပေါ်က ပစ္စည်းတွေကို အလုအယက် လဲလှယ်ပေးနေကြတာကြောင့် လူတိုင်းကို ရယ်မောစေခဲ့တယ်။

ဒါက တကယ့်ကို ပျော်စရာကောင်းတဲ့ ပြဇာတ်တစ်ခုဖြစ်ပြီး ပြဇာတ်ကြည့်ရတာ ခက်ခဲတယ်လို့ ထင်နေတဲ့ လူတွေအတွက်တောင် ဘာမှ အခက်အခဲမရှိ အရသာခံကြည့်နိုင်တဲ့ အရာမျိုးပါ။ မီဆို ကိုယ်တိုင် လက်မှတ်တွေ လာပေးခဲ့ရကျိုး နပ်ပါတယ်ပဲ။ ပထမနှစ် ကျောင်းသားတွေအတွက်တော့ ဒါထက်ကောင်းတဲ့ ပြဇာတ် ရှိနိုင်တော့မှာ မဟုတ်ဘူး။ စိတ်လည်းဝင်စားဖို့ကောင်းသလို သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုကလည်း တော်တော်လေး ကောင်းမွန်တယ်။ နက်နဲတဲ့ အဓိပ္ပာယ်တွေ အများကြီး မပါဝင်ပေမဲ့ ပရိသတ်တွေကို အချိန်ကုန်လို့ ကုန်မှန်းမသိအောင် လုပ်နိုင်တဲ့ မှော်ဆန်မှုမျိုး ရှိနေတာကြောင့် ခြုံပြောရရင် တကယ့်ကို ပြောင်မြောက်လှပါတယ်။

သရုပ်ဆောင်တွေ စင်ပေါ်ကို တက်လာပြီး အတူတူ ဦးညွှတ်နှုတ်ဆက်ကြတယ်။ နောက်ထပ် ရောက်လာတာကတော့ ဒီလို ပြဇာတ်ရုံအသေးစားလေးတွေမှာပဲ ရနိုင်တဲ့ အခွင့်အရေးမျိုးပါပဲ၊ ပရိသတ်တွေက သရုပ်ဆောင်တွေနဲ့ တိုက်ရိုက် စကားပြောခွင့်ရတဲ့ အချိန်ပေါ့။ ဂန်ဟွမ် နဲ့ မီဆို က ကုလားထိုင်ပေါ်မှာ ထိုင်ပြီး သူတို့ရဲ့ ချွေးတွေကို သုတ်လိုက်ကြတယ်။ ပရိသတ်အချို့ မေးတဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးပြီး သူတို့ရဲ့ ပရိသတ်တွေပါလို့ ပြောတဲ့လူတွေနဲ့အတူ ဓာတ်ပုံတွဲရိုက်ပေးနေကြတယ်။

“မီဆိုမမ ကျွန်တော် မမရဲ့ ပရိသတ်ပါဗျာ”

ပြဇာတ်ကို အလေးအနက် စိုက်ကြည့်နေခဲ့တဲ့ ဂျီဆော့ က စင်ပေါ်ကို တက်သွားပြီး မီဆိုရဲ့ ဘေးနားမှာ သွားရပ်လိုက်တယ်။ သူ အဲလောက်တောင် ပျော်ရွှင်နေတာကို ကြည့်ပြီး မာရူးလည်း စိတ်ထဲမှာ ကျေနပ်မိသားပဲ။ ထိုင်ခုံကို ပြန်ရောက်လာတဲ့အခါ ဂျီဆော့ က သူမနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တယ်ဆိုပြီး သူ့ကို လာကြွားနေသေးတယ်။

“မင်းလည်း သွားရိုက်သင့်တယ်လေ။ ဒါ အခွင့်အရေးကောင်းကြီးပဲကို”

“တော်ပါပြီ၊ ငါ အဆင်ပြေပါတယ်”

“ဘာလို့လဲ”

“ငါ အဆင်ပြေလို့ပါ”

“မဖြစ်ဘူး။ မင်းရဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ဒီလို အခွင့်အရေးကြီးကို လက်လွှတ်ခံဖို့ ငါ ခွင့်မပြုနိုင်ဘူး”

ဓာတ်ပုံရိုက်တဲ့ အချိန်ပြီးသွားတဲ့အခါ ပရိသတ်တွေက ပြဇာတ်ရုံထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပြီ၊ အဲဒီအချိန်မှာပဲ ဂျီဆော့ က မာရူးရဲ့ လက်မောင်းကို ဆွဲပြီး စင်ပေါ်ကို အတင်းခေါ်သွားတော့တယ်။ ပြဇာတ်ရုံက ဝန်ထမ်းကတော့ အခုက ထွက်ရမယ့်အချိန် ရောက်ပြီဖြစ်ကြောင်း ယဉ်ယဉ်ကျေးကျေး လာပြောနေတာပေါ့။ မာရူးကတော့ လူတွေကို မနှောင့်ယှက်ချင်တာကြောင့် ပြန်ဖို့လုပ်နေတုန်း စင်ပေါ်က ထွက်လာတဲ့ အသံတစ်သံက သူ့ရဲ့ ခြေလှမ်းတွေကို တန့်သွားစေခဲ့တယ်။

“ဟေ့ နင် ဒီကို ရောက်နေရင် အနည်းဆုံးတော့ လာနှုတ်ဆက်သင့်တယ်လေ”

မီဆို က ဝမ်းသာအားရနဲ့ သူ့ကို လှမ်းလက်ပြနေခဲ့တယ်။ ဂျီဆော့ ကတော့ ပါးစပ်ကြီး အဟောင်းသားနဲ့ သူ့ကို စိုက်ကြည့်နေတာကို မာရူး မြင်လိုက်ရတယ်။ မာရူးကတော့ အဲဒီမျက်လုံးတွေကို သိပ်မုန်းတာပဲ။ ဒါ ဘာအကြောင်းလဲဆိုတာ ရှင်းပြဖို့ တောင်းဆိုနေတဲ့ မျက်လုံးမျိုးလေ။ မာရူးကတော့ ခါးခါးသီးသီး ပြုံးလိုက်ရင်းနဲ့ပဲ စင်ပေါ်ကို တက်သွားလိုက်ရတော့တယ်။

* * * * * * * * *

All Chapters