အခန်း ၂၂၄
Vol. 23 Ch. 224
အခန်း(၂၂၄)
“အစ်မရဲ့ ဖျော်ဖြေမှုကို ကျွန်တော် တော်တော် သဘောကျမိတယ်”
“အခုမှတော့ နောက်ကျသွားပါပြီ။ အနည်းဆုံးတော့ ငါ မင်းကို လှမ်းမခေါ်ခင်ကတည်းက အဲဒီလို ပြောခဲ့သင့်တာပေါ့။ ဘာလို့ ဘာမှမပြောဘဲ ထွက်သွားဖို့ ကြိုးစားရတာလဲ။ ငါတို့က ဒီလောက်ပဲ ပတ်သက်မှု ရှိကြတာလား”
မီဆိုက သူ့ရင်ဘတ်ကို လက်သီးနဲ့ ခပ်ပေါ့ပေါ့ လှမ်းထိုးတာကို ရှောင်ရင်း မာရူးက ပြန်ပြောလိုက်တယ်။
“လူတွေက အတွေ့များရင် တစ်ယောက်နဲ့တစ်ယောက် ရိုးသွားတတ်တယ်ဆိုတဲ့ စကားပုံ ရှိတယ်လေ။ ကျွန်တော်တို့တွေ ခပ်ခွာခွာလေး နေဖို့ လိုအပ်နေပြီလို့ ထင်တာပဲ”
“အိုး... မင်းနဲ့ မင်းရဲ့ ပြန်ပက်တဲ့ စကားတွေ။ နည်းနည်းလောက် ရိုရိုကျိုးကျိုး ရှိတဲ့ပုံစံလေး ပြရင် ကောင်းမှာပဲ”
“အစ်မ မီဆို သာ ငြိမ်ငြိမ်နေမယ်ဆိုရင် ကျွန်တော် စဉ်းစားပေးပါ့မယ်”
“ငါတော့ဖြင့်...” မီဆိုက မာရူးဆီကို မျက်စောင်းတခဲခဲနဲ့ လျှောက်လာတဲ့အချိန်မှာပဲ ဂန်ဟွမ် ကလည်း ပရိသတ်တွေကို နောက်ဆုံးတစ်ခေါက် လက်ပြနှုတ်ဆက်ပြီး ဒီဘက်ကို လျှောက်လာခဲ့တယ်။
“မင်းက ကလပ်က သူငယ်ချင်းတွေနဲ့ သွားလည်နေမယ်လို့ ထင်တာ၊ ထူးထူးဆန်းဆန်း တခြားတစ်ယောက်နဲ့ ဒီမှာ ရောက်နေပါလား”
အဲဒီစကားကို ကြားတော့ မာရူးက ချက်ချင်းပဲ ပြန်ပြင်ပေးလိုက်တယ်။
“သူက သူငယ်ချင်း မဟုတ်ပါဘူး။ အစားသောင်းကျန်းတဲ့ ကောင်တစ်ယောက်ပါ။ ဒီနေ့မှပဲ သူ့ကို ပထမဆုံး တွေ့ဖူးတာ”
“ဟုတ်လား” လို့ ပြောရင်း ဂန်ဟွမ်က ဂျီဆော့ ကို လှမ်းကြည့်လိုက်တယ်။ ဂျီဆော့ ကတော့ ရှက်ရမှာကို ထားလို့ ပြုံးစိစိနဲ့ ဂန်ဟွမ်ကို လက်ဆွဲနှုတ်ဆက်ဖို့ တောင်းဆိုလာတယ်။
“ကျွန်တော် ဒီနေ့ကစပြီး မာရူးနဲ့ သူငယ်ချင်း ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ သူငယ်ချင်းဖြစ်ဖို့ အကြောင်းပြချက်တွေ အများကြီး မလိုပါဘူး၊ ဟုတ်တယ်မလား။ မာရူးက ရှက်လို့ ကျွန်တော့်ကို ရှောင်နေတာ၊ ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူး။ ပြီးတော့ တောင်းဆိုရတာ အားနာပေမဲ့ ဒီနေရာမှာပဲ အစ်ကို့ရဲ့ အမှတ်တရလက်မှတ်လေး ပေးလို့ရမလား” ဂျီဆော့ က သူ့ရဲ့ အပြာရောင် ရှပ်အင်္ကျီကို ချွတ်ပြီး ဂန်ဟွမ်ကို အင်္ကျီနောက်ကျောဘက် ပြရင်း မေးလိုက်တယ်။ ဂန်ဟွမ်ကတော့ နည်းနည်း ကြောင်အမ်းအမ်း ဖြစ်သွားတဲ့ပုံပဲ။ ဂန်ဟွမ်က လှမ်းကြည့်လိုက်တော့ မာရူးက ခေါင်းခါပြလိုက်တယ်။
‘အဲဒီကောင်က ရှားပါးမျိုးစိတ်ပဲ။ မင်းအဆင်ပြေသလိုသာ လုပ်လိုက်တော့’
“လက်မှတ်ထိုးပေးရတာကတော့ အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက ဖျက်လို့မရတဲ့ မာကာဖောင်တိန်ကြီးလေ။ အဆင်ပြေရဲ့လား”
“တကယ်တော့ အဲဒီလိုဖြစ်တာကိုပဲ သဘောကျတာ။ အင်္ကျီလျှော်ရင်လည်း ပျက်မသွားတော့ဘူးပေါ့။ ပြီးတော့ မမရဲ့ လက်မှတ်ကိုလည်း လိုချင်သေးတယ်၊ အဆင်ပြေမလားဟင်”
“ရတာပေါ့”
လူနှစ်ယောက်ရဲ့ လက်မှတ်ကို ရသွားပြီးတဲ့နောက် ဂျီဆော့ က အရမ်းကို ကျေနပ်ပီတိဖြစ်နေတဲ့ မျက်နှာပေးနဲ့ အင်္ကျီကို ပြန်ဝတ်လိုက်တယ်။
“မင်းမှာ အလွန်တက်ကြွတဲ့ သူငယ်ချင်းတစ်ယောက် ရှိနေတာပဲ”
“သူက လိုတာထက်ကို ပိုပြီး တက်ကြွလွန်းနေတာ။ ပြီးတော့ ထပ်ပြောပါရစေ၊ ကျွန်တော် သူနဲ့ သူငယ်ချင်း မဟုတ်ပါဘူး” လို့ ပြောပြီးတဲ့နောက် မာရူးက ပြုံးစိစိဖြစ်နေတဲ့ မီဆိုရဲ့ နောက်ကွယ်မှာ အလုပ်ရှုပ်နေကြတဲ့ လူတွေကို လှမ်းကြည့်လိုက်တယ်။ သူတို့ကတော့ ပြဇာတ်ကပြနေတုန်း စင်မြင့်အပြင်အဆင်တွေကို လိုက်ပြောင်းပေးနေတဲ့သူတွေပေါ့။
“သူတို့အားလုံးက သရုပ်ဆောင်တွေပဲလား”
“သူတို့လား။ အင်း ဟုတ်တယ်။ ဒီအလုပ်က ဘာအာမခံချက်မှ မရှိမှန်း သိသိကြီးနဲ့ ဆက်လုပ်နေကြတဲ့ လူအတွေလေ”
သူမရဲ့ စကားတွေက ခပ်ကြမ်းကြမ်း ဖြစ်နေပေမဲ့ သူတို့ကို ကြည့်နေတဲ့ မျက်ဝန်းတွေကတော့ ဘယ်အချိန်ထက်မဆို ပိုပြီး နွေးထွေးနေခဲ့တယ်။
“ကျွန်တော်လည်း ကူညီပေးမယ်လေ”
ဂျီဆော့ က စင်မြင့်ဘက်ကို လျှောက်သွားရင်း လှမ်းပြောလိုက်တယ်။ ဒီကောင်ကတော့ ငြိမ်ငြိမ်နေရင်ကို အပြစ်ရှိတယ်လို့ ထင်နေတဲ့ပုံပဲ။ တခြားသူတွေက ပထမတော့ သူ့ကို စိမ်းကားသလို ဖြစ်နေပေမဲ့ မကြာခင်မှာပဲ လုပ်စရာ အလုပ်တွေကို ခိုင်းစေလာကြတယ်။ တကယ်ပဲ သူ့ရဲ့ ပေါင်းသင်းဆက်ဆံရေးကတော့ ထိပ်တန်းပါပဲ။
“ဒါနဲ့ တကယ်ပဲ အဲဒီကောင်က ဘယ်သူလဲ”
“လူတွေ့စစ်ဆေးမှုမှာ တွေ့ခဲ့တာ။ သူက နည်းနည်း... မဟုတ်ဘူး၊ တော်တော်လေး ထူးဆန်းတယ်”
“မင်းက ဘာလို့ သူ့ကို ဒီလောက်အဆင့်နှိမ့်ပြီး အကဲဖြတ်ရတာလဲ။ ငါ အခုထိ မြင်သလောက်တော့ သူက အဆင်ပြေပါတယ်” လို့ ဂန်ဟွမ်က ပြောတယ်။ သူ ဂျီဆော့ ကို သဘောကျသွားတဲ့ပုံပဲ။ ဂန်ဟွမ်ကလည်း ဂျီဆော့ ထက်မနည်း ထူးဆန်းတဲ့သူဆိုတော့ အဲဒီလူနှစ်ယောက်က တော်တော်လေး အံဝင်ခွင်ကျ ဖြစ်လိမ့်မယ်။ မဟုတ်သေးဘူး၊ တကယ်တော့ အဲဒီလူနှစ်ယောက်ကို ပေါင်းပေးလိုက်ရင် အကြီးအကျယ် ပြဿနာတက်မှာ သေချာနေလို့ ဘာပဲဖြစ်ဖြစ် သူတို့ကို ဝေးဝေးမှာ ခွဲထားရမယ်။
“လူတွေ့စစ်ဆေးမှုကကော ဘယ်လိုလဲ”
“အဆင်ပြေပါတယ်”
“မင်းရဲ့ ယုံကြည်မှုအရဆိုရင်တော့ တကယ်ပဲ အဆင်ပြေခဲ့ပုံရတယ်”
“တကယ်တော့ နှုတ်ဆက်စကား နည်းနည်းနဲ့ စကားစမြည် ပြောတာလောက်ပဲ ရှိခဲ့တာဆိုတော့ မကောင်းစရာတော့ မရှိပါဘူး”
“အဲဒီ စကားစမြည် နည်းနည်းကိုတောင် သေချာမပြောနိုင်တဲ့ လူတွေ အများကြီး ရှိတယ်။ အဲဒီလိုအခြေအနေမျိုးမှာ မင်းရဲ့ စိုးရိမ်ပူပန်မှုမရှိဘဲ အေးအေးဆေးဆေး နေနိုင်တာက ကောင်းကင်ကပေးတဲ့ လက်ဆောင်ပဲ”
“တစ်ဖက်ကကြည့်ရင်တော့ အစ်ကိုပြောတာ မှန်တာပေါ့”
မာရူးက အဲဒီစကားကို ကြားပြီး ပြုံးလိုက်တယ်။ ‘ကောင်းကင်ကပေးတဲ့ လက်ဆောင်’ ဆိုတာ လုံးဝကြီးတော့ မမှားပါဘူး။ အတိတ်က အတွေ့အကြုံတွေ ရှိနေတုန်းမှာပဲ ဘဝကို အစကနေ ပြန်စနိုင်ခဲ့တာက ဘုရားသခင်ရဲ့ ကြားဝင်မှုကြောင့်ပဲလေ။
‘မဟုတ်ဘူး၊ အတိအကျ ပြောရရင်တော့ အဲဒီ အဖွားအိုကြောင့်လို့ ပြောရမလား’
သူမရဲ့ ပြန်လည်မွေးဖွားခြင်း အခွင့်အရေးကို သူ့ဆီ လွှဲပေးခဲ့တဲ့ အဖွားအိုပေါ့။ အခုတော့ သေဆုံးပြီးနောက်ပိုင်း မှတ်ဉာဏ်တွေအားလုံးက ဝေဝါးနေတာကြောင့် သူမရဲ့ ပုံစံက ဘယ်လိုလဲဆိုတာ မမှတ်မိတော့ပေမဲ့ သူ့ကို နွေးနွေးထွေးထွေး ပြုံးပြခဲ့တဲ့ ပုံရိပ်ကိုတော့ မြင်ယောင်နေမိဆဲပဲ။ အတွေ့အကြုံတွေက သူ့အပိုင် ဖြစ်ပေမဲ့ ဘဝကို အစကနေ ပြန်စခွင့်ရတာကတော့ သူမကြောင့်ပဲ ဖြစ်တယ်။
“မင်းက လူတွေ့စစ်ဆေးမှုကို ယုံကြည်မှု ရှိနေပြီဆိုတော့ အခုကစပြီး အရည်အချင်းစစ် လူရွေးပွဲအတွက် ပြင်ဆင်သင့်ပြီ”
“ပြင်ဆင်ဖို့ ကြိုးစားနေပေမဲ့ ဘာတွေ ပြင်ဆင်ရမလဲဆိုတာ သေချာမသိသေးဘူး။ ကိုယ်ပိုင်သရုပ်ဆောင်မှုနဲ့ ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်ရမယ်၊ အဲဒီလောက်ပဲ သတင်းအချက်အလက် ရထားတာ”
“သူတို့က အဲဒီအခြေအနေမျိုးမှာ မင်း ဘယ်လို သရုပ်ဆောင်မလဲဆိုတာကို သိချင်ကြတာ။ ပြီးတော့ မင်းရဲ့ သရုပ်ဆောင်မှု ဘယ်လောက်အထိ အတိုင်းအတာ ရှိလဲဆိုတာကိုလည်း ကြည့်ချင်ကြတယ်။ အရည်အချင်းစစ်ပွဲ မို့လို့ဆိုပြီး စိတ်မလှုပ်ရှားပါနဲ့။ ပရိသတ်အရှေ့မှာ သရုပ်ဆောင်တစ်ယောက်က စိတ်လှုပ်ရှားနေတာထက် ပိုပြီး ကြည့်ရဆိုးတာ မရှိဘူး” ဂန်ဟွမ်က ပြောရင်း မာရူးရဲ့ ပုခုံးကို ပုတ်ပေးလိုက်တယ်။
“ဒါပေမဲ့ မင်းကတော့ မင်းဘာသာမင်း အဆင်ပြေပြေ လုပ်နိုင်မှာပါ”
“ကျွန်တော့်အတွက် အကြံပြုချက်လေးတွေ မရှိဘူးလား”
“မင်းကို တစ်ခုပြောရရင် ငါ့ရဲ့ ဇီဇာကြောင်တဲ့ တပည့်လေး၊ မင်း သရုပ်ဆောင်မယ့် ဇာတ်ကောင်ကို ပုံသေကားချပ်ကြီး မသတ်မှတ်လိုက်နဲ့၊ ပြီးတော့ အဲဒီဇာတ်ကောင်ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် မတွန်းအားပေးပါနဲ့။ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရဲ့ စိတ်ထဲမှာ ဇာတ်ကောင်က ဘယ်လိုပုံစံ ဖြစ်ရမယ်ဆိုတဲ့ ပုံရိပ် ရှိနေတတ်ပေမဲ့ အဲဒီပုံရိပ်က အရည်အချင်းစစ်ပွဲ လုပ်နေတုန်းမှာ ပြောင်းလဲသွားတတ်တာက ပိုများတယ်။ ငါ့သူငယ်ချင်းတစ်ယောက်က လူသတ်သမားနေရာအတွက် အရည်အချင်းစစ်ပွဲ ဝင်ပြိုင်တုန်းက စကပ်ဝတ်စုံ ဝတ်လာပြီး ဗြိတိသျှ လူကြီးလူကောင်းတစ်ယောက်လို စကားတွေ ပြောခဲ့တယ်။ အဆုံးမှာ သူ အဲဒီဇာတ်ကောင်နေရာကို ရသွားခဲ့တာပဲ။ ‘ရူးသွပ်ပြီး အော်ဟစ်နေတဲ့ စိတ်ဝေဒနာရှင် လူသတ်သမားထက် ပိုပြီး ပျင်းစရာကောင်းတာ ရှိဦးမလား’ လို့ သူက အဲဒီလူတွေ့စစ်ဆေးမှုအပြီးမှာ ငါ့ကို ပြောခဲ့ဖူးတယ်”
“သူက လူကြီးလူကောင်းတစ်ယောက်လို သရုပ်ဆောင်ရုံပဲဆိုရင်တော့ ရွေးချယ်ခံရမှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား”
“ဒါပေါ့။ သူ အရည်အချင်းစစ်ပွဲ ဝင်ပြိုင်တုန်းက ဒိုင်လူကြီး လေးယောက် ရှိတာ၊ သူက အဲဒီလေးယောက်ထဲက တစ်ယောက်ကိုပဲ စိုက်ကြည့်ခဲ့တယ်။ အားလုံးက သူ မကောင်းဘူးလို့ ပြောကြပေမဲ့ အဲဒီတစ်ယောက်ကတော့ ဒီကောင်ကပဲ အမှန်ကန်ဆုံးလူလို့ ပြောခဲ့တယ်။ ဒါက ဒီလောကမှာ တော်တော်လေး နာမည်ကြီးတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ။ အဆုံးမှာတော့ ‘ဒီကောင်က တကယ်ပဲ သန်းခေါင်ယံအချိန်မှာ တစ်ယောက်ယောက်နောက်ကို တကောက်ကောက်လိုက်ပြီး ဓားနဲ့ ထိုးမယ့်ပုံစံမျိုး’ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွေးချယ်ခံခဲ့ရတာ”
“အဲဒါက ချီးကျူးတာလား၊ ဆဲတာလားဆိုတာ သေချာမသိတော့ဘူး”
“သူက သရုပ်ဆောင်တာ အရမ်းတော်လွန်းတယ်လို့ အဓိပ္ပာယ်ရတာပေါ့”
“သူ နာမည်ကြီးသွားလား”
“ကံမကောင်းစွာနဲ့ပဲ ရုပ်ရှင်ရိုက်ကူးမှုက ပျက်သွားပြီး သူလည်း သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်လိုက်ရတယ်။ အခုတော့ သူ ဟုန်အစ် တက္ကသိုလ်နားမှာ ကော်ဖီဆိုင် ဖွင့်ထားတယ်”
“ဒီလောက် ကောင်းတဲ့ ဇာတ်လမ်းရဲ့ အဆုံးသတ်က ဘာလို့ ဒီလောက် စိတ်ပျက်စရာ ကောင်းနေရတာလဲ”
“အဆုံးသတ်က ချိုမြိန်နေရင် အဲဒါက ဇာတ်လမ်းတွဲ ဖြစ်နေမှာပေါ့။ ဒါက ဘဝမို့လို့ ခါးသီးနေတာလေ”
“နည်းနည်းတော့ ခါးလွန်းတယ်”
“ငါ သကြားနည်းနည်းလောက် ဖြန်းပေးရမလား” သူတို့ စကားပြောနေတုန်းမှာပဲ ဂျီဆော့ က ချွေးတွေ တရွှဲရွှဲနဲ့ ပြန်ရောက်လာတယ်။ ဒီကောင်က တကယ်ပဲ ကြံ့ခိုင်မှု ညံ့ဖျဉ်းတာပဲ။ စင်မြင့်ပစ္စည်းတွေကို ရွှေ့ပြောင်းပေးနေတဲ့ သရုပ်ဆောင်တစ်ယောက်က သူ့ကို သနားကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ရေတစ်ခွက် လာပေးတယ်။
“ကျေ... ကျေးဇူးတင်ပါတယ်”
ဂျီဆော့ က မောဟိုက်ရင်း ရေကို သောက်လိုက်တယ်။
“မင်းကကော သရုပ်ဆောင်တစ်ယောက် ဖြစ်ဖို့ ရည်မှန်းထားတာလား” မီဆိုက ဂျီဆော့ ကို မေးလိုက်တယ်။
“ဟုတ်ကဲ့။ ကျွန်တော့်ရဲ့ အိမ်မက်က သရုပ်ဆောင်တစ်ယောက် ဖြစ်ဖို့ပါ”
“ဒါက ခက်ခဲတယ်ဆိုတာ မင်းသိရဲ့လား။ အခုကတည်းက လက်လျှော့လိုက်တာ ပိုကောင်းလိမ့်မယ်”
“လွယ်ကူတဲ့အရာဆိုရင်တော့ ကျွန်တော် ကြိုးစားမှာ မဟုတ်ပါဘူး။ ခက်ခဲလို့ပဲ စိန်ခေါ်ရတာ တန်ဖိုးရှိတာပေါ့။ အခုလို ဒီလောကထဲမှာ တကယ်လုပ်နေတဲ့သူဆီက အဲဒီလိုစကား ကြားရတော့ ပိုပြီးတော့တောင် လုပ်ချင်စိတ် ပေါက်လာပြီ။ ဟားဟား”
မီဆိုက အဲဒီအဖြေကို သဘောကျသွားတဲ့ပုံပဲ။ မီဆိုက ‘ဒီကောင်က တော်တော်လေး အဆင်ပြေသားပဲ’ ဆိုတဲ့ မျက်လုံးနဲ့ လှမ်းကြည့်လိုက်တော့ မာရူးက အဝေးကို မျက်နှာလွှဲလိုက်တယ်။
“မင်းက ဘာလို့ သရုပ်ဆောင် ဖြစ်ချင်ရတာလဲ။ မင်းကို အဲဒီလို တွေးမိစေတဲ့ တွန်းအားတစ်ခုခု ရှိရမယ်၊ ဟုတ်တယ်မလား” မီဆိုက ထပ်မေးပြန်တယ်။
“ကျွန်တော့်ရဲ့ နာမည်ကို တခြားလူတွေ သိအောင် လုပ်နိုင်လို့ပေါ့။ လူတွေရဲ့ အမှတ်ရမှုကို ခံရမယ်။ အဲဒါကို ကျွန်တော် အားကျခဲ့တာ။ လူတွေအများကြီးက ကျွန်တော့်ကို မှတ်မိနေမယ့်အကြောင်း တွေးလိုက်ရင် တကယ်ပဲ စိတ်လှုပ်ရှားမိတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော် ဆုံးဖြတ်လိုက်တာ။ ‘အို... ငါ သရုပ်ဆောင်တစ်ယောက် ဖြစ်ရမယ်’ လို့ပေါ့”
“ဆိုတော့ နိဂုံးချုပ်ကတော့ မင်းက နာမည်ကြီးချင်တာပေါ့”
“ဟင်း... အဲဒါနဲ့တော့ နည်းနည်း ကွဲပြားပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ နာမည်ကို လူသိများအောင် လုပ်ချင်တာကတော့ အမှန်ပဲဆိုတော့ ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး”
အဲဒါက တော်တော်လေးကို မျှော်လင့်မထားတဲ့ အရာပဲ။ ဂျီဆော့ ရဲ့ အပြုံးက မနက်ကတည်းက ပြနေတဲ့ ဘာမှမသိတဲ့ အူတူတူအပြုံးမျိုး မဟုတ်တော့ဘူး။ အခု သူ့ရဲ့ အပြုံးထဲမှာ ဝမ်းနည်းပူဆွေးမှုတွေ အထိုင်းအမှိုင်း ပါဝင်နေတယ်။ အဲဒါက ချက်ချင်းပဲ ပျောက်ကွယ်သွားပေမဲ့ မာရူးရဲ့ စိတ်ထဲမှာတော့ အမှတ်တရ အကြီးအကြီး ကျန်ရစ်ခဲ့တယ်။
“အဲဒါဆို ကျွန်တော့်ဆီကို စင်မြင့်မီးတွေ လှမ်းထိုးပေးဖို့ တောင်းဆိုလို့ ရမလား” သူက ပုံမှန်အတိုင်း အေးအေးဆေးဆေး ပုံစံပြန်ပြောင်းပြီး ဂန်ဟွမ်ကို မေးလိုက်တယ်။
“နောက်ထပ် ဖျော်ဖြေမှုတစ်ခု စဖို့ အချိန်နည်းနည်း လိုသေးတာဆိုတော့ မရစရာ အကြောင်းမရှိပါဘူး”
ဂန်ဟွမ်က စင်မြင့်ရဲ့ ဆန့်ကျင်ဘက်မှာရှိတဲ့ ပြတင်းပေါက် သေးသေးလေးဆီကို အချက်ပြလိုက်တယ်။ ထိန်းချုပ်ခန်း ပြတင်းပေါက်ရဲ့ နောက်ကွယ်မှာ လူရိပ်တစ်ခု ပေါ်လာပြီး မကြာခင်မှာပဲ ပရိသတ်ထိုင်ခုံက မီးတွေ မှိတ်သွားခဲ့တယ်။
“ဝိုး... တကယ်ကို ကွဲပြားတာပဲ။ လေထုကအစ ကွဲပြားသွားတယ်”
ဂန်ဟွမ်နဲ့ မီဆိုက ပရိသတ်ထိုင်ခုံတွေဆီ သွားလိုက်ကြတယ်။ သူတို့က ရှေ့ဆုံးတန်းမှာ ထိုင်ပြီး ဂျီဆော့ ကို စောင့်ကြည့်နေကြတယ်။ သူတို့က ဒီလို သတ္တိရှိတဲ့ ဂျူနီယာလေးကို သဘောကျသွားပုံရတယ်။
“မင်းလည်း တစ်ခုခု လုပ်ပြပါလား။ ဒီလို အခွင့်အရေးက နေ့တိုင်း ရနေတာ မဟုတ်ဘူးနော်”
မီဆို ပြောတာကို ကြားတော့ ဂျီဆော့ က မီးမောင်းထိုးထားတဲ့ စင်မြင့်ရဲ့ အလယ်ဗဟိုဆီကို လျှောက်သွားခဲ့တယ်။ မာရူးက သူ့အတွက် နေရာဖယ်ပေးပြီး ဘေးကနေ စောင့်ကြည့်နေလိုက်တယ်။ မီးမောင်းအောက်မှာ ဂျီဆော့ က ခေတ္တမျှ စောင့်ဆိုင်းပြီးမှ ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်တယ်။ မဟုတ်သေးဘူး၊ သူက နည်းနည်းတောင် လှဲချလိုက်သေးတယ်။ ပြီးတော့ သူ့လက်ထဲမှာ တစ်စုံတစ်ခုကို ကိုင်ထားသလိုမျိုး ဟန်ဆောင်ရင်း ဇာတ်လမ်းထဲက စကားတွေကို ပြောလာခဲ့တယ်။
“ဟိုး... ပင်လယ်ကြီးက ကြည့်လို့ကောင်းလိုက်တာ။ နွေရာသီဆိုရင်တော့ ပင်လယ်က အကောင်းဆုံးပဲ”
သူက ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ဖုန်းကိုင်လိုက်သလိုမျိုး ဟန်ဆောင်ရင်း သူ့ရဲ့ သရုပ်ဆောင်မှုကို ဆက်လုပ်တယ်။ အဲဒီမြင်ကွင်းကို မြင်တော့ မာရူးက အော်ဟစ် အံ့ဩမိသွားတယ်။ ဂျီဆော့ အခု သရုပ်ဆောင်နေတဲ့ ပြကွက်က သူတို့ ခုနကတင် ကြည့်ခဲ့တဲ့ ပြဇာတ်ထဲက ဖြစ်နေလို့ပဲ။ သူ့ရဲ့ စကားလုံးတွေက ဇာတ်ညွှန်းတွေကို အကုန်လုံးနီးပါး အလွတ်ကျက်ထားသလိုမျိုး အရမ်းကို သွက်လက်လွန်းနေတယ်။ သူ့ရဲ့ သရုပ်ဆောင်မှုက ပြဇာတ်ထဲကအတိုင်း တသတ်သမတ်တည်းတော့ မဟုတ်ပါဘူး။ ကွဲပြားမှုတွေ ရှိနေပေမဲ့ ထူးထူးဆန်းဆန်း ဂန်ဟွမ် သရုပ်ဆောင်ခဲ့တဲ့ ပုံစံနဲ့ ဆင်တူနေခဲ့တယ်။
အဲဒါက ခံစားချက်ကြောင့် ဖြစ်လိမ့်မယ်။ ဂျီဆော့ ရဲ့ ခံစားချက်က ပျောက်ကွယ်သွားပြီး ဂန်ဟွမ်ရဲ့ ခံစားချက်တွေ သူ့ဆီမှာ ပေါ်ထွက်လာသလိုပဲ။ မီးမောင်းအောက်မှာ စည်းဝိုင်းအတိုင်း လျှောက်လှမ်းရင်း သူက ဂန်ဟွမ်လိုမျိုး ဆက်ပြီး သရုပ်ဆောင်နေခဲ့ရာကနေ ရုတ်တရက် ရပ်တန့်သွားတယ်။ ၃ စက္ကန့်လောက် တိတ်ဆိတ်သွားပြီးတဲ့နောက် သူက ဘာမှမသိတဲ့ အပြုံးနဲ့ ခေါင်းကို ကုတ်လိုက်တယ်။
“နောက်က ဘာလာလဲဆိုတာ မေ့သွားပြီ”
“အလိုဗျာ” မာရူးက ရယ်မိသွားတော့တယ်။ ဒီကောင်ရဲ့ ပုံမှန်ပုံစံက သရုပ်ဆောင်နေတဲ့ အချိန်နဲ့ဆိုရင်တော့ အကြီးအကျယ် ကွဲပြားခြားနားလွန်းတယ်။ ပြဇာတ်ကြည့်တာ ဒါမှမဟုတ် သရုပ်ဆောင်တာနဲ့ ပတ်သက်လာရင် သူက အရမ်းကို တည်ကြည်လေးနက်သွားတတ်ပေမဲ့ အဲဒီနယ်ပယ်ကနေ ထွက်လိုက်တာနဲ့ အရာအားလုံးက လိမ်ညာမှုတစ်ခုလိုမျိုး ဘာမှမသိတဲ့ ပုံစံ ပြန်ပြောင်းသွားတာပဲ။
“ဒါက အံ့ဩစရာပဲ။ ဒီနေ့က မင်း ဒီပြဇာတ်ကို ပထမဆုံးအကြိမ် ကြည့်ဖူးတာ၊ ဟုတ်တယ်မလား”
“ဟုတ်ကဲ့”
“တစ်ကြိမ်ပဲ ကြည့်ပြီးတော့ ဒီလောက်အထိ ပြန်လုပ်နိုင်တာ... မင်းက ငါနဲ့ယှဉ်ရင်တော့ လိုအပ်ချက်တွေ ရှိသေးပေမဲ့ တော်တော်လေးတော့ ကောင်းပါတယ်” လို့ ပြောရင်း ဂန်ဟွမ်က သူ့ရဲ့ လက်မကို ထောင်ပြလိုက်တယ်။
“မာရူး၊ မင်းကော တစ်ခုခု မလုပ်ဘူးလား” လို့ မီဆိုက လက်ပိုက်ပြီး မာရူးကို လှမ်းကြည့်ရင်း ပြောတယ်။ သူမရဲ့ မျက်နှာမှာ ပြုံးစိစိနဲ့ အကြံဆိုးတွေ ရှိနေတဲ့ပုံပဲ။ မာရူးက ငြင်းဆန်ဖို့ ကြိုးစားပေမဲ့ သူမရဲ့ အပြုံးတွေအပြင် ဂျီဆော့ ရဲ့ တောင်းပန်တိုးလျှိုးနေတဲ့ မျက်န်းဝန်းတွေကြောင့်ပဲ စင်ပေါ်ကို တက်သွားခဲ့ရတယ်။
“ဟင်း...”
နည်းနည်းလောက် တွေးတောပြီးတဲ့နောက် မာရူးက ဂျီဆော့ လိုပဲ အဲဒီနေရာမှာ ထိုင်ချလိုက်တယ်။ ဒီလိုအခြေအနေ ရောက်လာမှတော့ သူလည်း သူတို့နဲ့အတူ လိုက်ကစားဖို့ ဆုံးဖြတ်လိုက်တာပေါ့။ သူ ဂန်ဟွမ်ရဲ့ သရုပ်ဆောင်မှုကို နှစ်ကြိမ်တိုင်တိုင် မြင်ဖူးထားတာပဲလေ။ မာရူးက အဲဒီနေရာမှာ လှဲချလိုက်ပြီး စိတ်ကူးထဲက ရီမုကွန်ထရိုးတစ်ခုကို ကောက်ကိုင်လိုက်တယ်။
* * * * * * * * *
“ရံဖန်ရံခါလည်း လာလည်ကြဦးပေါ့” ဂန်ဟွမ်က လူနှစ်ယောက်ကို လိုက်ပို့ရင်း လှမ်းပြောလိုက်တယ်။
“ဟုတ်ကဲ့။ ကျွန်တော် အသေအချာ လာမှာပါ။ တကယ်ပြောတာ”
“သွားတော့မယ်နော်”
နှုတ်ဆက်ပြီးတဲ့နောက် လူနှစ်ယောက်က ဘူတာရုံဘက်ကို လျှောက်သွားခဲ့ကြတယ်။ ဂျီဆော့ က လျှောက်နေတုန်း နောက်ကို ခဏခဏ လှည့်ကြည့်နေလို့ မာရူးက အဲဒီလိုလုပ်တိုင်း သူ့လည်ပင်းကို ဆွဲခေါ်သွားခဲ့ရတယ်။
“အဲဒီလူနှစ်ယောက်က မျှော်လင့်မထားတဲ့ အတွဲအစပ်ပဲ” မီဆိုက ပြောလိုက်တယ်။
“ဆန့်ကျင်ဘက်တွေက ဆွဲဆောင်တတ်ကြတယ်လို့ ပြောကြတာပဲ”
“ဒါက အမှန်ပဲ။ ငါလို ယဉ်ကျေးသိမ်မွေ့တဲ့ အမျိုးသမီးတစ်ယောက်က မင်းလို အရူးတစ်ယောက်နဲ့ တွဲနေရတာကလည်း အဲဒီအကြောင်းပြချက်ကြောင့်ပဲ ဖြစ်လိမ့်မယ်”
“အဲဒီလို အတွေးအခေါ်အရဆိုရင်တော့ မင်းနဲ့ တွဲနေတဲ့ ဆရာကလည်း အရူးတစ်... အိုကေ၊ အဆင်ပြေတယ်။ ငါ ပါးစပ်ပိတ်ထားပါ့မယ်၊ ဒါကြောင့် ကျေးဇူးပြု၍ လက်ကို ပြန်ချပေးပါ” လို့ ပြောရင်း ဂန်ဟွမ်က မီဆို မြှောက်ထားတဲ့ လက်ကို အတင်းဆွဲချလိုက်တယ်။ ဒီအမျိုးသမီးရဲ့ ရည်းစားကတော့ တင့်ကားတစ်စီးလို တည်ဆောက်ထားတာ ဖြစ်ရမယ်။ မဟုတ်ရင်တော့ ဒီအမျိုးသမီးကို သည်းခံနိုင်စရာ အကြောင်းမရှိဘူး။
“အဲဒါထက်၊ ဘယ်လိုလဲ”
“ဘာက ဘယ်လိုလဲ”
“သူတို့က တိုက်ရိုက်သရုပ်ဆောင်တာ ဖြစ်ပေမဲ့ နှစ်ယောက်စလုံးက မင်းရဲ့ သရုပ်ဆောင်မှုကို အတုခိုးခဲ့ကြတာလေ။ မင်းရဲ့ ခံစားချက်ကို ငါ့ကို ပြောပြပါလား”
“ဟွန်း...”
ဂျီဆော့ က စင်ပေါ်မှာ ရပ်ခွင့်ရမလားလို့ မေးတုန်းကတော့ ဂန်ဟွမ်က သူ့ကို ဘာမှမကြောက်တဲ့ ကောင်စုတ်လေးလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သူ သရုပ်ဆောင်တာကို မြင်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ အတွေးတွေ ပြောင်းလဲသွားခဲ့တယ်။
“အဲဒီ ကောင်လေးဂျီဆော့ က ခံစားချက်ကို တော်တော်လေး ကောင်းကောင်း ဖော်ထုတ်နိုင်တယ်။ သူ့ရဲ့ စကားလုံးတွေနဲ့ လှုပ်ရှားမှုတွေက ကွဲပြားနေပေမဲ့ သူ့ရဲ့ လေထုကတော့ ငါနဲ့ အသေအချာ ဆင်တူတယ်။ တခြားတစ်ဖက်မှာတော့ မာရူးရဲ့ အမူအရာတွေနဲ့ စကားလုံးတွေက ထူးထူးဆန်းဆန်း ငါနဲ့ တူညီနေခဲ့တယ်။ သူ အချိန်အကြာကြီး လေ့ကျင့်ထားသလိုမျိုးပဲ”
“ငါလည်း အဲဒီလို ခံစားရတယ်။ ငါ အမြဲတမ်း တွေးနေတာ၊ အဲဒီကောင်ရဲ့ ဉာဏ်ရည်ကတော့ တကယ်ကို ရူးလောက်စရာပဲ”
“ဒါက အမှန်ပဲ”
မီဆိုက လက်ပိုက်ပြီး သိသာထင်ရှားစွာ မေးလိုက်တယ်။
“ဆိုတော့၊ မင်း ဘယ်သူ့ကို ပိုသဘောကျလဲ”
“ငါ ဘယ်သူ့ကိုမှ ပိုပြီး သဘောမကျပါဘူး။ သူတို့ နှစ်ယောက်စလုံးက ငါ့ထက် ညံ့ကြတာပဲ”
“ဟုတ်ပါပြီ၊ စီနီယာ အတော်ဆုံးကြီးရယ်”
“ဒါပေမဲ့ အဲဒီနှစ်ယောက်ထဲက ဘယ်သူက ပိုတော်လဲဆိုတာ ဆုံးဖြတ်ရမယ်ဆိုရင်တော့ အခြေအနေတွေအရ မာရူး ဖြစ်လိမ့်မယ်။ သူက အခြေခံတွေကို သေချာဆုပ်ကိုင်ထားတာ။ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးကို လေ့ကျင့်ဖို့ အချိန်အလုံအလောက် ပေးမယ်ဆိုရင်တော့ ဂျီဆော့ က ပိုပြီး နက်ရှိုင်းတဲ့ အမှတ်တရကို ချန်ထားနိုင်လိမ့်မယ်”
“ဒါပေမဲ့ သူက မင်းနဲ့တော့ နှိုင်းယှဉ်လို့မရသေးဘူးပေါ့”
“အလိုဗျာ။ ငါက ငါ့ကိုယ်ငါ ထပ်ပြောနေရဦးမှာလား”
“မင်းက အရမ်းကို ဘဝင်မြင့်တဲ့ စကားတွေ ပြောနေတာပဲ၊ ဒါပေမဲ့ အဲဒါက အမှန်တရား ဖြစ်နေတော့ ပိုပြီးတော့တောင် ခံရခက်သေးတယ်”
“သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် စကားပြောနိုင်ရင် ကောင်းမှာပဲ”
“ဒီနေ့က သူတို့ ပထမဆုံး တွေ့ကြတာ၊ ဟုတ်တယ်မလား။ ဒါတင်မကဘဲ မာရူးက အဲဒီကောင်လေးကို သဘောကျပုံမရဘူး”
“ဒါက အမျိုးသားတွေနဲ့ အမျိုးသမီးတွေ ကွဲပြားတဲ့နေရာပဲ။ အမျိုးသမီးတွေက အဆင်မပြေရင်တောင် ခဏခဏ အတူတူ သွားလာတတ်ကြတယ်။ ဒါပေမဲ့ အမျိုးသားတွေကတော့ အဲဒီလို မဟုတ်ဘူး။ မာရူးက တကယ်ပဲ အဲဒီကောင်လေးကို သဘောမကျဘူးဆိုရင် သူ့ကို ဒီနေရာကို ပထမဆုံးကတည်းက ခေါ်လာမှာ မဟုတ်ဘူး”
“အို... မင်းသိတဲ့ အမျိုးသမီးတွေအားလုံးက ထူးဆန်းတဲ့ လူတွေ ဖြစ်ရမယ်”
“မင်းကသာ အရာအားလုံးကို အရမ်းအေးဆေးလွန်းနေတာ။ အမှန်အတိုင်း ပြောရရင် မင်းရဲ့ မှတ်ပုံတင်နံပါတ် ဒုတိယအပိုင်းရဲ့ ပထမဆုံးဂဏန်းက ၁ နဲ့ စတာ၊ ဟုတ်တယ်မလား”
“ဟေး၊ မင်း ဒီနေ့ ဓာတ်ပုံဘောင်ထဲကနေ အမွှေးတိုင်အနံ့ကို တကယ် ရှူချင်နေတာလား”
“အို... မဟုတ်တာ၊ ငါ မင်းရဲ့ မကြာခင် လက်ထပ်တော့မယ့် လင်ယောက်ျားကို ဖုန်းဆက်လိုက်မယ်။ အိမ်တွင်းအကြမ်းဖက်မှု ခြိမ်းခြောက်မှုတွေအကြောင်း သူ့ကို ပြောပြရမယ်”
“မင်းတော့ အခုချက်ချင်း အတီးခံရဖို့ လိုနေပြီ ထင်တယ်”
ဂန်ဟွမ်က သူ့ဆီကို လက်ဆစ်တွေ ချိုးပြီး လျှောက်လာတဲ့ မီဆိုရဲ့ ဘေးကနေ သူ့ရဲ့ ခွန်အားရှိသမျှ သုတ်ခြေတင် ပြေးတော့တယ်။ အဲဒီဆရာကတော့ တကယ်ကို သနားစရာကောင်းတာပဲ။ သူ ဘယ်လိုဖြစ်ပြီး ဒီလိုမိန်းကလေးမျိုးနဲ့... ဂန်ဟွမ်က ရုတ်တရက် ပေါ်လာတဲ့ ဝမ်းနည်းပူဆွေးမှုတွေကြောင့် ခေါင်းကို ခါယမ်းလိုက်တယ်။
* * * * * * * * *
အချိန်တွေ ကုန်လွန်သွားခဲ့ပြီး လူတွေ့စစ်ဆေးမှုအပြီး နောက်တစ်ပတ်ရဲ့ စနေနေ့ကို ရောက်ရှိလာခဲ့တယ်။ မာရူးက ကလပ်မှာ လေ့ကျင့်မှုအပြီး အိမ်ပြန်နေတုန်း စာတိုတစ်စောင် လက်ခံရရှိခဲ့တယ်။
(မင်းက အရည်အချင်းစစ်ပွဲအတွက် အတည်ပြုခြင်း ခံရပါတယ်။ မနက်ဖြန် ၁၁ နာရီမှာ JA အဆောက်အအုံရဲ့ ၇ လွှာကို လာခဲ့ပေးပါ)
သူက စတင်ခြင်းမျဉ်းကို ဘာပြဿနာမှမရှိဘဲ ဖြတ်ကျော်နိုင်ခဲ့ပြီ။ မကြာခင်မှာပဲ ဂျီဆော့ ကလည်း သူ့ဆီ စာတိုလှမ်းပို့လာတယ်။
“မင်းလည်း အောင်တယ်၊ ဟုတ်တယ်မလား။ ငါကတော့ အောင်တယ်။ မင်းသာ မအောင်ရင် မင်းရဲ့ အပိုင်းအတွက်ပါ ငါ အစွမ်းကုန် ကြိုးစားပေးပါ့မယ်”
“ဒီကောင်ကတော့ အားနာရမှန်းကို လုံးဝမသိဘူး”
မာရူးက ပြုံးရင်း ‘အောင်တယ်’ ဆိုတဲ့ စကားလုံးကို ယုံကြည်မှုအပြည့်နဲ့ စာပြန်ပို့လိုက်တယ်။ အဲဒီလိုမျိုး ဖြစ်နေပေမဲ့ သူတို့တွေ အရည်အချင်းစစ်ပွဲကို အတူတူ ဝင်ပြိုင်ရမှာမို့လို့ စိတ်ထဲမှာတော့ အဆင်ပြေနေခဲ့တယ်။ ဒီကောင်ရဲ့ စိတ်နေစိတ်ထားက တကယ်ပဲ ကောကာစပန်နီယယ်ခွေးလေးလို ဆိုးဝါးလှပေမဲ့ သူ့ရဲ့ အကောင်းမြင်တဲ့ စွမ်းအင်တွေကို ခံစားရတဲ့အခါမှာတော့ သူလည်း မသိမသာ ပြုံးမိသွားတတ်လို့ သူ့ကို မုန်းလို့မရခဲ့ဘူး။
“အရည်အချင်းစစ်ပွဲ၊ ဟုတ်လား။ သူတို့က ငါ့ကို နောက်ပေါက်ကနေ ပေးမဝင်ဘူးလားမသိဘူး”
လူမှုကွန်ရက် အဆက်အသွယ်တွေဆိုတာ ဒီလိုအချိန်မျိုးမှာ သုံးရတာ ဖြစ်ပေမဲ့ အဲဒီလူတွေအားလုံးက ကျွမ်းကျင်ပညာရှင်တွေ ဖြစ်နေကြတော့ အဆက်အသွယ် သုံးတာကလည်း လုံးဝ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အဆင်ပြေရင် လွယ်ကူတဲ့ လမ်းကြောင်းကို ရွေးချယ်တာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေမဲ့ ဒီအခြေအနေမှာတော့ သူက သူ့ရဲ့ ဒုတိယအကောင်းဆုံး ရွေးချယ်မှုဖြစ်တဲ့ ‘အစွမ်းကုန် ကြိုးစားဖို့’ ပဲ ရှိတော့တာပေါ့။ မာရူးက ဖုန်းကို ပိတ်ပြီး သူ့ရဲ့ အိတ်ကပ်ထဲ ထည့်လိုက်တယ်။
မနက်ဖြန်။
၁၁ နာရီ။
အရည်အချင်းစစ်ပွဲ။
အဲဒီ စကားလုံး သုံးလုံးကို တွေးတောရင်း မာရူးရဲ့ မျက်ဝန်းတွေက ဘယ်အချိန်ထက်မဆို ပိုပြီး နက်ရှိုင်းသွားခဲ့တော့တယ်။
* * * * * * * * *