အခန်း ၂၂၅
Vol. 23 Ch. 225
အခန်း(၂၂၅)
JA အဆောက်အအုံဆီ နောက်ဆုံးတစ်ခေါက် ရောက်ခဲ့တာ တစ်ပတ်တောင် ရှိသွားပြီ။ အခုဆို ဒါက သုံးကြိမ်မြောက် ရှိပြီဖြစ်လို့ ဟန်မာရူးတစ်ယောက် တော်တော်လေး နေသားတကျ ရှိနေသလို ခံစားရတယ်။ အချိန်က မနက် ၁၀ နာရီ။ လူရွေးပွဲက ၁၁ နာရီမှ စမှာဆိုတော့ ၁ နာရီလောက် လိုသေးတာပေါ့။
သူက ပထမထပ်ရဲ့ ညာဘက်မှာရှိတဲ့ နာမည်ကြီး ကော်ဖီဆိုင်ထဲဝင်ပြီး မိုခါ တစ်ခွက်ဝယ်လိုက်တယ်။ ချောကလက်ရဲ့ အချိုဓာတ်က ခန္ဓာကိုယ်ထဲက တုန်လှုပ်ခြောက်ခြားမှုတွေကို ပြေလျော့စေခဲ့ပါတယ်။ မကြာခင်မှာပဲ လည်ပတ်နေတဲ့ မှန်တံခါးကနေတစ်ဆင့် လူတွေ တဖွဲဖွဲ ဝင်လာကြတယ်။ အသက်အရွယ်စုံပါပဲ။ အကုန်လုံးက ပေါ့ပေါ့ပါးပါး အဝတ်အစားတွေ ဝတ်ထားကြတာ။ သူတို့ထဲက အတော်များများက လူရွေးပွဲအတွက် လာကြတာ ဖြစ်ဖို့များတယ်။ ဟန်မာရူးက ကော်ဖီကို တစိမ့်စိမ့် သောက်ရင်း သူတို့မျက်နှာတွေကို အကဲခတ်ကြည့်နေမိတယ်။ အမူအရာပျက်ပြီး သိသိသာသာ ရင်ခုန်နေတဲ့ တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်၊ ပျင်းရိပျင်းတွဲနဲ့ ဘေးဘီကို ဝေ့ဝဲကြည့်နေတဲ့ လူငယ်တစ်ယောက်၊ ပြီးတော့ သိကျွမ်းနေတဲ့ ပုံစံမျိုးနဲ့ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်နေကြတဲ့ အသက် ၄၀ ကျော် အမျိုးသား နှစ်ယောက် သုံးယောက်ကို တွေ့ရတယ်။ သူတို့ထဲမှာ အထက်တန်းကျောင်းသား အရွယ်တွေလည်း အများကြီး ပါဝင်နေပုံရတယ်။
‘လူ ဘယ်လောက်များများ ရွေးဖို့ စိတ်ကူးထားကြတာပါလိမ့်’ ဟန်မာရူး သိချင်မိသွားတယ်။
အဓိကဇာတ်ကောင်၊ အရန်ဇာတ်ကောင်၊ ပြီးတော့ အပိုဇာတ်ရံတွေ။ ဒီနေ့လုပ်မယ့် လူရွေးပွဲက အပိုဇာတ်ရံတွေ ရွေးဖို့လို့ လူသိများထားတာ။ ရုပ်ရှင်ရဲ့ မူရင်းဝတ္ထုကိုလည်း ချပြထားပြီးသားဆိုတော့ ဒီနေ့ လူရွေးပွဲလာတဲ့သူတွေအကုန်လုံး ‘ဆည်းဆာအချိန် ရုန်းကန်မှုများ’ ကို ဖတ်ဖူးကြမှာ သေချာတယ်။ စာအုပ်ကို ရုပ်ရှင်အဖြစ် ပြန်ရိုက်ကူးတဲ့အခါ မူရင်းနဲ့ ကွဲလွဲချက်တချို့တော့ ရှိမှာ အမှန်ပဲ၊ ဒါပေမဲ့ ရှိပြီးသား ဇာတ်ကောင်တွေကိုတော့ ပြောင်းလဲပစ်မှာ မဟုတ်ဖို့ များပါတယ်။
အဲဒီအထဲကမှ လူမိုက်နေရာဟာ အခန်းတစ်ခန်းတည်းမှာပဲ ပါဝင်ပြီး စကားပြောခန်းကလည်း နည်းနည်းလေးပဲ ရှိတာ ဖြစ်သော်လည်း အဲဒီဇာတ်ကောင်ရဲ့ အရေးပါမှုကတော့ ဘယ်အဓိကဇာတ်ကောင်နဲ့မဆို ရင်ဘောင်တန်းနိုင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီအခန်းက ရုပ်ရှင်တစ်ခုလုံးရဲ့ အရှိန်ကိုရော စီးဆင်းမှုကိုပါ ပြောင်းလဲပစ်မှာမို့လို့ပဲ။ မူရင်းစာရေးဆရာ ဂွတ်ဂျွန် ကိုယ်တိုင်လည်း အဲဒီအခန်းကို အကြိမ်ကြိမ် ပြန်ပြင်ရေးခဲ့ရတယ်လို့ ပြောဖူးတယ်။
ဟန်မာရူး ကိုယ်တိုင်လည်း လူအိုကြီးရဲ့ ဒေါသတွေကို လူမိုက်ကတစ်ဆင့် ဖော်ပြထားတဲ့ အပိုင်းကို ဖတ်ရတုန်းက တော်တော်လေး ထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ်။ ဇာတ်လိုက်ဖြစ်တဲ့ လူအိုကြီးနဲ့ လူမိုက်တို့ ထိပ်တိုက်တွေ့တဲ့ ဒီအခန်းကို ရိုက်ကူးရေးလုပ်တဲ့အခါမှာ သိပ်ကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းကြမှာပါ။ လူတွေ့စစ်ဆေးစဉ်တုန်းက အလယ်မှာ ထိုင်နေတဲ့လူ ပြောသွားတဲ့ စကားတွေကို ကြည့်ရုံနဲ့တင် လူမိုက်ဇာတ်ကောင်နေရာကို မျက်စိကျနေတဲ့သူတွေ မနည်းဘူးဆိုတာ သိသာလှပါတယ်။ ဇာတ်လမ်းထဲမှာ ဘယ်ဇာတ်ရံနေရာက အသက်ပါဆုံးလဲဆိုတာ လူတိုင်း သိကြတာပဲလေ။
“လီဟျော့ပဲ”
“သူပဲဟ”
ရုတ်တရက် လူတွေဆီကနေ တိုးတိုးတိုးတိုးနဲ့ တီးတိုးပြောသံတွေ ထွက်လာတယ်။ နားနေခန်းထဲမှာ စုဝေးနေတဲ့ လူတွေအကုန်လုံးက ဝင်ပေါက်ဆီကို လှမ်းကြည့်နေကြတာပေါ့။ ဟန်မာရူးလည်း အဲဒီနေရာဆီ လှမ်းကြည့်လိုက်တယ်။ ပြာလွင်တဲ့အရောင် ရှိပြီး စမတ်ကျတဲ့ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ကို မှတ်မိတဲ့သူတွေကို ခေါင်းလေးအသာညိတ်ပြရင်း အထဲကို လျှောက်ဝင်လာနေတယ်။ ဟန်မာရူး သိတဲ့လူတစ်ယောက်ပဲ။ အဲဒီလူက သတင်းစာ ကြော်ငြာတွေထဲမှာ သူ အကြိမ်အနည်းငယ် မြင်ဖူးတဲ့ မင်းသားတစ်ယောက် ဖြစ်နေတယ်။ သူ့ဘေးမှာတော့ သူ့ရဲ့ ဝတ်စုံနဲ့ မိတ်ကပ်ပိုင်းဆိုင်ရာ တာဝန်ခံလို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက် ပါလာတယ်။
“သူ JA Productionsနဲ့ စာချုပ်ချုပ်တော့မယ်လို့ ကြားထားတာ၊ တကယ်ပဲ ကိုး”
“နာမည်ကြီး မင်းသားအများစုက JAဆီ ပြောင်းနေကြတယ်ဆိုတာ မင်း ကြားပြီးပြီလား”
“JAသာ တကယ် အာရုံစိုက်ပြီး လုပ်မယ်ဆိုရင် ကုမ္ပဏီကြီး သုံးခုရဲ့ လက်ဝါးကြီးအုပ် စိုးမိုးထားမှုက မကြာခင်မှာပဲ ပြိုလဲသွားတော့မှာပေါ့”
ဟန်မာရူးကတော့ ငြိမ်ငြိမ်လေး ထိုင်နေရင်းနဲ့တင် သတင်းအချက်အလက်တွေကို အလကား ရနေခဲ့တယ်။ နောက်ပိုင်း ဒီလောကထဲမှာ သူ အလုပ်လုပ်ရမယ်ဆိုရင် သူ့ရဲ့ သရုပ်ဆောင် အရည်အချင်းတွေအပြင် လူမှုဆက်ဆံရေး အရည်အချင်းကလည်း အရေးပါလာမှာပဲ။ ဘယ်လောက်ပဲ သေးဖွဲတဲ့ အကြောင်းအရာဖြစ်ဖြစ် သတင်းအချက်အလက်တွေ ပိုရထားလေ ကောင်းလေပါပဲ။
သူက တခြားလူတွေရဲ့ စကားဝိုင်းတွေကို အာရုံစိုက်နားထောင်လိုက်တယ်။ အရေးကြီးတဲ့ အပိုင်းကတော့ ဖျော်ဖြေရေးကုမ္ပဏီတွေကြားက အာဏာလွန်ဆွဲပွဲတွေပဲ။ စာချုပ်သက်တမ်း ကုန်ခါနီးဖြစ်နေတဲ့ မင်းသား၊ မင်းသမီးတွေကို စာချုပ်ချုပ်နိုင်ဖို့ ကုမ္ပဏီတွေက နည်းလမ်းပေါင်းစုံ သုံးနေကြတဲ့အကြောင်း သူတို့ ပြောနေကြတာ။ လီဟျော့ ဆိုတဲ့ ဒီမင်းသားဟာလည်း အပြိုင်အဆိုင် လုနေကြတဲ့ ပစ်မှတ်တစ်ခု ဖြစ်ပုံရတယ်။ မင်းသား ပေါ်လာတာနဲ့တင် နားနေခန်းတစ်ခုလုံး အပူချိန် တက်သွားသလိုပဲ။ ဒီမှာရှိတဲ့ လူတိုင်းက ရုပ်ရှင်ထဲမှာ သူတို့နာမည်လေး ချန်ထားရစ်နိုင်ဖို့ ရည်မှန်းနေကြတာ။ အောင်မြင်နေတဲ့ မင်းသားတစ်ယောက်ကို မြင်လိုက်ရပြီးတဲ့နောက် သူတို့ရဲ့ တက်ကြွမှုတွေက အရှိန်အဟုန်နဲ့ ထိုးတက်သွားပုံရတယ်။ ဟန်မာရူးက ကော်ဖီခွက်အလွတ်ကို ကောင်တာပေါ် တင်လိုက်ပြီး အချိန်ကို ကြည့်လိုက်တယ်။ အပေါ်တက်ရမယ့် အချိန် ရောက်ပြီ။ နားနေခန်းထဲမှာ အချိန်ဖြုန်းနေကြတဲ့ လူတွေလည်း အပေါ်ကို တက်လှမ်းသွားကြပြီ။
‘ပြိုင်ဘက်တချို့ကိုတော့ မြင်နေရပြီပဲ’ လို့ ဟန်မာရူး စိတ်ထဲကနေ တွေးလိုက်တယ်။
တခြား အသက်အရွယ်အုပ်စုက လူတွေကတော့ တခြားဇာတ်ကောင် နေရာတွေကို ချိန်ထားကြတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆယ်ကျော်သက်နှောင်းပိုင်းကနေ အသက် ၂၀ အစောပိုင်းအရွယ် လူတွေကတော့ ဒီဇာတ်ကောင် နေရာတစ်ခုတည်းကိုပဲ ပြိုင်ကြမှာကတော့ လုံးဝ သေချာသလောက်ပဲ။ ဒါက ရိုးရှင်းတဲ့ ယုတ္တိဗေဒကသာ အစိုးရတဲ့ ကမ္ဘာပဲလေ - ဇာတ်ကောင်နေရာ တစ်ခုကို ခွဲဝေယူလို့ မရဘူး၊ အနိုင်ရတဲ့သူတစ်ယောက်တည်းသာ အဲဒီနေရာကို ရမှာ။ ဓာတ်လှေကားထဲ ဝင်လိုက်တာနဲ့ အကြည့်က ချက်ချင်း ပြောင်းသွားတယ်။ တိတ်ဆိတ်နေတာ မှန်သော်လည်း ဒါက ငြိမ်သက်အေးချမ်းနေတာမျိုး မဟုတ်ဘဲ စစ်ပွဲတစ်ခု မပေါက်ကွဲခင်မှာ ရှိတတ်တဲ့ ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်ခြင်းမျိုး ဖြစ်နေတယ်။ လူတိုင်းက စိတ်ကူးချင်း တူနေကြတာ ဖြစ်ဖို့များတယ်။ ကိုယ်က သားကောင်မဖြစ်ချင်ရင် တခြားလူကို သားကောင်ဖြစ်အောင် လုပ်ရမှာပဲ။
‘တစ်ခုခုကို ပိုင်ဆိုင်ထားတဲ့လူက သူ့အောက်ကလူတွေကို ကန်ချပစ်ဖို့ပဲ စဉ်းစားတတ်တာမျိုး'
ဒီကမ္ဘာမှာ နှစ်ဦးနှစ်ဖက် အနိုင်ရစေမယ့် အခြေအနေဆိုတာ သိပ်မရှိပါဘူး။ စနစ်အများစုက ပြိုင်ဆိုင်မှုတွေကို တောင်းဆိုတတ်ကြတာပဲ။ အသင်းအဖွဲ့တွေကို ဘယ်လောက်ပဲ ကောင်းအောင် ပုံဖော်ထားပါစေ၊ နောက်ဆုံးမှာတော့ အနိုင်ရသူနဲ့ အရှုံးသမားတွေပဲ ရှိတာ။ အနိုင်ရတဲ့သူက ဆုဖလားကို ရယူသွားပြီး ရှုံးနိမ့်သွားတဲ့သူတွေကတော့ ကျရှုံးခြင်းကို ရင်ဆိုင်ရတာပေါ့။ လူတိုင်းက အနိုင်ရသူဖြစ်ဖို့ ကြိုးစားကြပေမယ့် ရှိနေတဲ့ နေရာအများစုကတော့ ရှုံးနိမ့်သူတွေအတွက်ပဲ သတ်မှတ်ထားတာ။ ဇာတ်ကောင်နေရာကို အနိုင်ရရှိတယ်ဆိုတာ တခြားလူတွေကို ချောက်ကမ်းပါးထဲ တွန်းချလိုက်တာနဲ့ အတူတူပါပဲ။ ဟန်မာရူးက ဒါကို သိပ်ကို အသေအချာ သိတာပေါ့။ ဒါကြောင့်လည်း သူက မျှတတဲ့ ပြိုင်ဆိုင်မှု ဆိုတဲ့ စကားလုံးတွေကို ဘယ်တော့မှ မသုံးတာ။ မျှတတဲ့ နဲ့ ပြိုင်ဆိုင်မှုဆိုတာ စကားလုံး အသုံးအနှုန်းအရကို ရှေ့နောက်မညီတဲ့အရာပဲ။ တခြားလူတွေကို အသာစီးရယူလိုတဲ့ ဆန္ဒပဲ ရှိတာ။
‘တီ’ ဆိုတဲ့ အသံနဲ့အတူ ဓာတ်လှေကား တံခါး ပွင့်သွားတယ်။ ဒီနေ့တော့ စင်္ကြံလမ်းအတိုင်း လျှောက်သွားနေဖို့ မလိုတော့ဘူး။ သူတို့က ရှေ့တည့်တည့်မှာရှိတဲ့ မှန်တံခါးကနေတစ်ဆင့် ဝင်ခဲ့ကြတယ်။ စောင့်ဆိုင်းခန်းက ဧရာမ ပြတင်းမှန်ကြီးကနေတစ်ဆင့် အပြင်ဘက်ကို လှမ်းမြင်နေရတယ်။ ရှေ့တည့်တည့်မှာတော့ လူရွေးပွဲလုပ်မယ့် အခန်း ရှိနေတယ်။ လူတွေ့စစ်ဆေးစဉ်တုန်းက အမျိုးသမီးဟာ ရောက်မရောက် စာရင်းတွေကို စစ်ဆေးရင်း အလုပ်ရှုပ်နေတာ။
“မစ္စတာ ကင်ဂျင်ဆူး။ မစ္စတာ ကင်ဂျင်ဆူး ရှိပါသလား” သူက နာမည်တစ်ခုကို လှမ်းခေါ်လိုက်တယ်။
နှစ်ခေါက်ခေါ်လို့မှ ဘယ်သူမှ ပြန်မထူးရင် အခေါ်ခံရသူရဲ့ ကိုယ်ရေးရာဇဝင်ကို အနောက်ဆုံးဆီ ပို့လိုက်တာပဲ။ ဟန်မာရူးက အဲဒီလူကို အနောက်ဆုံးနေရာဆီ ရွှေ့လိုက်တာလားလို့ တွေးမိပေမယ့် တကယ်တမ်းက အဲလိုမဟုတ်ဘူး။ ရောက်မလာတဲ့သူတွေရဲ့ ကိုယ်ရေးရာဇဝင်တွေက စောင့်ဆိုင်းခန်းရဲ့ ထောင့်တစ်နေရာမှာရှိတဲ့ စာရွက်ဖျက်စက်ထဲကို ရောက်သွားတာ။ စက်သံနဲ့အတူ စာရွက်တွေက အစစအရာရာ ကြေမွသွားခဲ့တယ်။ ဒါကို မြင်လိုက်ရတော့ ရှိနေတဲ့ လူတိုင်း တံတွေး မြိုချလိုက်ကြတယ်။
မကြာခင်မှာပဲ ဓာတ်လှေကားက နောက်တစ်ခေါက် ထပ်ရောက်လာပြီး အမျိုးသားတစ်ယောက် ထွက်လာတယ်။ သိသိသာသာကို ပျာယာခတ်နေတဲ့ အဲဒီအမျိုးသားဟာ သူ့ဖိနပ်ကြိုး ပြုတ်နေတာကိုတောင် သတိထားမိပုံမပေါ်ဘူး။
“ကျွန်တော် ကင်ဂျင်ဆူး ပါ”
အဲဒီအမျိုးသားက အမျိုးသမီးဆီ ပြောလိုက်တယ်။ အဲဒီလူရဲ့ ကိုယ်ရေးရာဇဝင်က အခုတင်ပဲ စာရွက်ဖျက်စက်ထဲ ရောက်ပြီး အမှုန့်ဖြစ်သွားပြီဆိုတော့ အမျိုးသမီးက အကျပ်ရိုက်သွားတဲ့ ပုံစံပဲ။
“စိတ်မကောင်းပါဘူးရှင်၊ လူရွေးပွဲကို နောက်ကျမှ ရောက်လာတဲ့သူတွေ တက်ရောက်ခွင့် မရှိပါဘူး”
“ဘာပြောတယ်ဗျာ။ ကျွန်တော် ၃ မိနစ်ပဲ နောက်ကျတာပါ။ ၃ မိနစ်လေးတင်ပဲ။ အဲလောက်ကြီး မကြာသေးပါဘူး”
အဲဒီအမျိုးသားက သူ့နာရီကို အမျိုးသမီးအား ပြလိုက်တယ်။ အမျိုးသမီးက လန့်သွားပြီး နောက်ဆုတ်သွားတာ။ အမျိုးသားကတော့ မျှော်လင့်ချက် ကုန်သလို ဖြစ်နေပြီး အမျိုးသမီးကလည်း ဒီလို ဒေါသထွက်နေတဲ့ မျက်နှာနဲ့ အမျိုးသားကို ဘယ်လို ကိုင်တွယ်ရမှန်း မသိဖြစ်နေပုံရတယ်။ ဟန်မာရူးက လက်ပိုက်ပြီး စောင့်ကြည့်နေလိုက်တယ်။ လူရွေးပွဲ နောက်ကျသွားတာ မှန်သော်လည်း သူ့အတွက်တော့ ဘာမှ မဖြစ်ပါဘူး။ တကယ်တမ်းကျတော့ ပုံရိပ်ယောင် လေ့ကျင့်ခန်းတွေ လုပ်ဖို့ အချိန်ပိုရသွားလို့ ကျေးဇူးတင်ရဦးမှာ။ ဒါပေမဲ့ သူ့ဘေးမှာ ထိုင်နေတဲ့ လူငယ်ကတော့ အဲလိုမျိုး လုံးဝ တွေးပုံမရဘူး။
“ခွင့်ပြုပါဦး၊ လူရွေးပွဲ နောက်ကျနေတာ အဆင်ပြေလို့လားဗျ”
အဲဒီလူငယ်ကတော့ အမျိုးသားနဲ့ အမျိုးသမီးကြားက စစ်ပွဲထဲကို ဝင်ပါဖို့ ဆုံးဖြတ်လိုက်တာပဲ။ ဟန်မာရူး ခေါင်းခါလိုက်မိတယ်။ အခြေအနေက ပိုဆိုးသွားတော့မှာ။
“မင်းက ဘာကိစ္စ ပါနေတာလဲ”
သူ ထင်ထားတဲ့အတိုင်းပဲ အဲဒီအမျိုးသားက သူ့ရဲ့ ပစ်မှတ်ကို ပြောင်းလိုက်တယ်။ သူက စိတ်ဓာတ်ကျနေတာဆိုတော့ သူ့အတွက် ဘာမှ အရေးမကြီးတော့တဲ့ အသွင်ပဲ။
“မင်းက ဒီမှာရှိတဲ့ လူတိုင်းရဲ့ အချိန်ကို ဖြုန်းနေတာလေ”
“၃ မိနစ်လေးတင်ပဲဟာကို။ အဲလောက်လည်း မကြာသေးဘူး။ ပြီးတော့ ငါက ဘာလုပ်လို့လဲ”
အမျိုးသားနှစ်ယောက် ရန်ဖြစ်ကြတော့တာပဲ။ ဟန်မာရူးက တခြားလူတွေကို လှမ်းကြည့်လိုက်တယ်။ လူတိုင်းက ရန်ပွဲကို စိတ်မဝင်စားကြဘဲ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်နေကြတယ်။ အဲလိုမျိုး အရာတွေပေါ်မှာ အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူးဆိုတဲ့ ပုံစံမျိုးပဲ။
‘သူကတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ဖျက်ဆီးပစ်လိုက်ပြီပဲ'
ဟန်မာရူးကတော့ အဲဒီလူငယ်ဟာ စိတ်ဇောသန်ပြီး အရေးတကြီး ဖြစ်သွားလို့ လုပ်လိုက်တာဆိုတာ နားလည်ပါတယ်၊ ဒါပေမဲ့ သူ့ရဲ့ လုပ်ရပ်ကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ရလဒ်တွေကိုတော့ ထည့်မတွက်ခဲ့ဘူး။ အမျိုးသမီးက ရန်ပွဲကို တားဖို့ ကြိုးစားနေပြီး လူငယ်ကတော့ ဟောဟဲလိုက်ရင်း သူ့နေရာသူ ပြန်ထိုင်လိုက်တယ်။ လှုပ်ရှားသက်ဝင်နေတဲ့ သူ့မျက်နှာကို ကြည့်ပြီး ဒီကောင် သူ့စိတ်ခံစားချက်တွေကို သေချာ ထိန်းချုပ်နိုင်ပါ့မလားလို့ ဟန်မာရူး သံသယဝင်မိတယ်။ မျှော်လင့်မထားတဲ့ သရုပ်ဆောင်ကွက်က ဒေါသနဲ့ ပတ်သက်နေရင်တော့ ဒါက အထောက်အကူ ဖြစ်နိုင်ပေမယ့်၊ အပြုံးနဲ့ ပတ်သက်တဲ့ သရုပ်ဆောင်ကွက်ကို ပြင်ဆင်လာခဲ့တာ ဆိုရင်တော့ ဒါက ဆိုးကျိုး သေချာပေါက် ပေးမှာပဲ။ ဟန်မာရူးက သူ့ခေါင်းထဲမှာ ပြင်ဆင်ထားတဲ့ သရုပ်ဆောင်ကွက် သုံးလေးခုကို အလှည့်ကျ ပြန်တွေးကြည့်နေလိုက်တယ်။ ၅ မိနစ်လောက် ကြာတော့ ဓာတ်လှေကား တံခါး နောက်တစ်ခေါက် ထပ်ပွင့်လာတယ်။ လူနှစ်ယောက် ထွက်လာတာ။ ဗယ်ရီဦးထုပ် ဆောင်းထားတဲ့ ဂျွန်မင်း နဲ့ လူတွေ့စစ်ဆေးစဉ်တုန်းက ဘယ်ဘက်မှာ ထိုင်နေတဲ့ အမျိုးသားကြီး ဖြစ်နေတယ်။
“ဘာဖြစ်နေကြတာလဲ”
ဂျွန်မင်းက အမျိုးသမီးကို လှမ်းမေးလိုက်တယ်။ အမျိုးသမီးက ထွက်ပေါက်တစ်ခု တွေ့သွားသလိုမျိုး အခြေအနေကို ရှင်းပြတော့တာပဲ။ အဲဒီအချိန်မှာတော့ ကင်ဂျင်ဆူး လို့ အမည်ရတဲ့ အမျိုးသားက သူ ခံစားရတဲ့ မတရားမှုတွေကို သူ့ခန္ဓာကိုယ် အမူအရာ အပြည့်နဲ့ ဖော်ပြနေခဲ့တယ်။
“မစ္စတာ ကင်ဂျင်ဆူး”
“ဗျာ”
“နောက်ကျတဲ့ လျှောက်ထားသူတွေရဲ့ စာရွက်စာတမ်းတွေကို စာရွက်ဖျက်စက်ထဲ ထည့်ဖို့ ဝန်ထမ်းတွေကို ခိုင်းခဲ့တာ ကျွန်တော် ကိုယ်တိုင်ပဲ။ စိတ်မကောင်းပါဘူး၊ မင်း ပြန်ရလိမ့်မယ်”
“နေပါဦးဗျာ။ ကျွန်တော် နောက်ကျတာကတော့ ကျွန်တော့်အပြစ်ဆိုတာ လုံးဝ သေချာပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ သရုပ်ဆောင်ကွက်ကို တစ်ခေါက်လောက်တော့ ကြည့်ပေးစေချင်ပါတယ်။ ဒီလူရွေးပွဲအတွက် ကျွန်တော် အများကြီး စွန့်လွှတ်ခဲ့ရတာပါ။ ပြင်ဆင်မှုတွေလည်း အများကြီး လုပ်ခဲ့ပါတယ်။ ကျွန်တော့် သရုပ်ဆောင်မှုကို ကြည့်ပြီးရင် မင်းတို့ နောင်တရမှာ မဟုတ်ပါဘူး”
“အင်း…” ဂျွန်မင်းဆီကနေ လေးနက်တဲ့ အသံနဲ့ ညည်းတွားသံ ထွက်လာတယ်။ ဒါပေမဲ့ သူ စဉ်းစားနေတဲ့ အသံမျိုးတော့ မဟုတ်ဘူး။ ဂျွန်မင်းရဲ့ မျက်ခုံးတွေ ကြားထဲမှာ တွန့်ချိုးနေတာကို ဟန်မာရူး မြင်လိုက်ရတယ်။ ဒါက သူ နည်းနည်း ဒေါသထွက်နေတဲ့ လက္ခဏာပဲ။
“မစ္စတာ ကင်ဂျင်ဆူး။ မင်းရဲ့ ဘေးပတ်ပတ်လည်က လူတွေကို လှမ်းကြည့်လိုက်စမ်းပါ” ဂျွန်မင်းက လူရွေးပွဲအခန်းရှေ့မှာ စောင့်နေကြတဲ့ လူတွေကို လက်ညှိုးထိုးပြလိုက်တယ်။
“သူတို့ကို သေချာကြည့်” လို့ ပြောရင်း သူ့ရဲ့ ညာဘက်လက်ကို မြှောက်လိုက်တယ်။
“ဒီလူရွေးပွဲကို တက်ရောက်ဖို့အတွက် ဘာတစ်ခုမှ စွန့်လွှတ်ခဲ့ရတာ မရှိဘူးဆိုတဲ့လူ ရှိရင် လက်မြှောက်ပေးကြပါ”
ဘယ်သူမှ လက်မမြှောက်ကြဘူး။
“ဒါဆိုရင် ဒီလူရွေးပွဲအတွက် အများကြီး ပြင်ဆင်ခဲ့ရပါတယ်ဆိုတဲ့လူ လက်မြှောက်ပေးကြပါ”
သူ့စကားလည်း ဆုံးရော ဟန်မာရူး အပါအဝင် လူတိုင်း လက်မြှောက်လိုက်ကြတယ်။
“နောက်ဆုံးအနေနဲ့ ကိုယ့်ရဲ့ သရုပ်ဆောင် အရည်အချင်းပေါ်မှာ ယုံကြည်မှု မရှိဘူးဆိုတဲ့လူ ရှိရင် လက်မြှောက်ထားပေးပါ”
လူတိုင်း လက်တွေ ပြန်ချလိုက်ကြတယ်။
“ပူးပေါင်းပါဝင်ပေးလို့ ကျေးဇူးတင်ပါတယ်”
ဂျွန်မင်းက ကိုယ်ကိုလှည့်ပြီး ကင်ဂျင်ဆူး ဆိုတဲ့ အမျိုးသားကို စိုက်ကြည့်လိုက်တယ်။ အဲဒီအမျိုးသားက လက်သီးကို တင်းတင်းဆုပ်ထားပြီး နှုတ်ခမ်းတွေ တုန်ရီနေတာ။ ကလေးလေးတစ်ယောက်တောင် ဘာဖြစ်နေလဲဆိုတာ နားလည်နိုင်တဲ့ အခြေအနေပဲ။
“မင်း ဒီလူရွေးပွဲအတွက် ကြိုးစားအားထုတ်မှုတွေ အများကြီး လုပ်ခဲ့ပြီး ပြင်ဆင်ခဲ့တယ်ဆိုတာကို ကျွန်တော် သေချာ သိပါတယ်။ ဒါပေမဲ့ အဲဒါက ဒီမှာစုဝေးနေတဲ့ လူတွေအတွက်တော့ အခြေခံအကျဆုံး အရာပဲလေ။ အခြေခံအကျဆုံးအရာကို လုပ်ထားပြီးတော့ မင်းက ဘာလို့ ထူးထူးခြားခြား အခွင့်အရေးမျိုး လိုချင်နေရတာလဲဆိုတာ ကျွန်တော် ဘယ်လို နားလည်ပေးရမလဲ”
“ဒါပေမဲ့…”
“စိတ်မကောင်းပါဘူး၊ ကျွန်တော့်ရဲ့ အချိန်တွေကို မင်းအတွက် ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်တဲ့ လူတစ်ယောက်အဖြစ် ရှုမြင်ဖို့ တော်တော်လေး ခက်ခဲပါတယ်။ မင်းက သိပ်ကို ထူးချွန်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်နေမယ်ဆိုရင်တော့ ကျွန်တော့်အချိန်တွေကို သေချာပေါက် ပေးမှာပေါ့။ ဒါပေမဲ့ မင်းမှာ ဘာမှ ထူးထူးခြားခြား ရှိမနေတဲ့အပြင် နောက်တောင် နောက်ကျနေတဲ့ အခြေအနေမှာ မင်းစကားတွေကို ဆက်နားထောင်နေဖို့ အကြောင်းပြချက်ကို ကျွန်တော် ရှာမတွေ့တော့ဘူး”
“တောင်းပန်ပါတယ်ဗျာ၊ ကျွန်တော် အရှက်မရှိ တောင်းဆိုနေမှန်း သိပါတယ်၊ ဒါပေမဲ့ တစ်ကြိမ်လောက်ပဲ အခွင့်အရေး ပေးမယ်ဆိုရင်…”
အဲဒီအမျိုးသား ဒူးထောက်တော့မယ့် ပုံစံမျိုး ဖြစ်နေတယ်။ ဒီလူရွေးပွဲက အဲဒီအမျိုးသားအတွက် နောက်ဆုံး အခွင့်အရေး ဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။ ဟန်မာရူးလည်း အဲဒါကို ကိုယ်ချင်းစာမိသွားတယ်။ လူတိုင်းမှာ သူတို့ရဲ့ နောက်ဆုံး အခွင့်အရေးဆိုတာ ရှိကြတာပဲလေ။ သူ့ရဲ့ အောက်ကျို့နေတဲ့ အမူအရာက ဒီလူရွေးပွဲကို သူ ဘယ်လောက်အထိ အရေးတကြီး သတ်မှတ်ထားလဲဆိုတာရဲ့ သက်သေပဲ။
ဒါပေမဲ့လည်း၊
‘စကားပြောနေတဲ့အချိန်မှာ အနည်းဆုံးတော့ တစ်ဖက်လူရဲ့ မျက်နှာကို စိုက်ကြည့်သင့်တာပေါ့'
ဟန်မာရူးက လျှာသပ်လိုက်ပြီး အကြည့်ကို လွှဲလိုက်တယ်။ ဂျွန်မင်းရဲ့ မျက်နှာအမူအရာက စော်ကားခံလိုက်ရတဲ့ အချိန်မှာ ရှိတတ်တဲ့ အမူအရာမျိုး ဖြစ်နေတာ။ အဲဒီအမျိုးသားကတော့ ကြမ်းပြင်ကိုပဲ စိုက်ကြည့်နေတာမို့လို့ အဲဒီအချက်ကို လုံးဝ သတိမထားမိခဲ့ဘူး။ နောက်ဆုံးတော့ ဂျွန်မင်းက အဲဒီအမျိုးသားရဲ့ ပုခုံးကို ကိုင်လိုက်တယ်။
“မစ္စတာ ကင်ဂျင်ဆူး။ ကျွန်တော် စကားကို အကောင်းပြောနေတုန်းမှာပဲ ထွက်သွားပေးပါ။ မင်းက အရှက်တရားကို သိတဲ့ ယောက်ျားတစ်ယောက် ဆိုရင်ပေါ့လေ”
ဒါက ဆက်ပြီး ဆွေးနွေးနေဖို့ နေရာ မကျန်တော့တဲ့ အခြေအနေပဲ။ အဲဒီအမျိုးသားလည်း အဲဒါကို ခံစားမိသွားပုံရပြီး ယိုင်တိုင်တိုင်နဲ့ ကိုယ်ကိုလှည့်ကာ ထွက်သွားတော့တယ်။ သူ ပျောက်ကွယ်သွားပြီးတဲ့နောက် ဂျွန်မင်းက လူတွေရဲ့ ရှေ့မှာ မတ်တပ်ရပ်လိုက်တယ်။ ဘာမှမဖြစ်ခဲ့သလိုမျိုးပဲ စကားကို ဆက်ပြောတာ။
“ကျွန်တော်က လီဂျွန်မင်း ပါ၊ ဒီလူရွေးပွဲရဲ့ အကဲဖြတ်ဒိုင်တွေထဲက တစ်ယောက်ပေါ့။ ကျွန်တော့်ဘေးက လူကတော့ ရုပ်ရှင်ဒါရိုက်တာ ဘတ်ဟိုယောင်း ဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ ကျွန်တော် ဒီလိုမျိုး မိတ်ဆက်ပေးလေ့မရှိဘူး၊ ဒါပေမဲ့ ဒီနေ့တော့ ဘာကြောင့်လဲမသိဘူး မိတ်ဆက်ပေးဖြစ်သွားတယ်။ ဒါဆိုရင် လူရွေးပွဲမစခင် တစ်ချက်လောက် ထပ်ပြီး အသိပေးပါရစေ။ မျှော်လင့်မထားတဲ့ သရုပ်ဆောင်ကွက်ကို လုပ်ဖို့ ၅ မိနစ်အထိ အချိန်ရမှာဖြစ်ပြီး၊ ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်ဖို့ကိုလည်း ၅ မိနစ်အထိ အချိန်ရမှာပါ။ ဒါက ကင်မရာ စမ်းသပ်မှုဖြစ်လို့ သရုပ်ဆောင်နေတဲ့အချိန်မှာ ကင်မရာကို စိုက်ကြည့်ပြီး လုပ်ရပါမယ်။ အထဲကို ဝင်လာတဲ့အခါ မင်းတို့ရဲ့ နာမည်နဲ့ ပိုင်ဆိုင်တဲ့ ကုမ္ပဏီကို ပြောပြပါ။ မင်းတို့အတော်များများက လူရွေးပွဲတွေ သွားဖူးတဲ့ အတွေ့အကြုံ ရှိကြမှာဆိုတော့ ကျွန်တော် ထပ်ပြီး ရှင်းပြနေဖို့ မလိုတော့ဘူးလို့ ထင်ပါတယ်”
သူတို့နှစ်ယောက် လူရွေးပွဲအခန်း တံခါးကို တစ်ဝက်လောက် ဖွင့်လိုက်တဲ့အချိန်မှာ ဂျွန်မင်းက စကားတစ်ခွန်း ထပ်ပြောတယ်။
“အော်၊ ဒါကိုတော့ ကြိုပြောထားရမယ်။ ဇာတ်ကောင်နေရာ တစ်ခုတည်းကိုပဲ လျှောက်ထားတဲ့သူတွေ အများကြီး ရှိနေတာမို့လို့ မင်းတို့ကို အုပ်စုလိုက် ခွဲလိုက်တာမျိုးလည်း ရှိနိုင်တယ်”
ဂျွန်မင်းက အဲဒီစကားကို ပြောရင်း သူ့ဘက်ကို လှမ်းကြည့်လိုက်တဲ့အခါ ဟန်မာရူးက ပုခုံးလေးအသာတွန့်ပြလိုက်တယ်။ ဂျွန်မင်းက အသာလေး ပြုံးပြပြီး အထဲကို ဝင်သွားခဲ့တယ်။
“အခုတင် ကြားလိုက်တဲ့အတိုင်းပဲ အထဲကို ဝင်သွားတာနဲ့ ခိုင်းထားတဲ့အတိုင်း သရုပ်ဆောင်ရပါမယ်။ ကင်မရာကို စိုက်ကြည့်ဖို့လည်း မမေ့ပါနဲ့ဦး။ ပြီးတော့ မင်းတို့ရဲ့ နံပါတ်ပြားတွေကို ရင်ဘတ်ရဲ့ ဘယ်ဘက်ခြမ်းမှာ ချိတ်ထားပေးကြပါ”
အမျိုးသမီးက နံပါတ်တွေ ရေးထားတဲ့ နံပါတ်ပြားတွေကို လိုက်ဝေပေးတယ်။ ဟန်မာရူး သူ့နံပါတ်ကို စစ်ကြည့်လိုက်တော့။ သူ့နံပါတ်က ၂၇ ဖြစ်နေတယ်။
“ဒါဆိုရင် ကျွန်မ ခေါ်တဲ့ အစဉ်လိုက်အတိုင်း လူရွေးပွဲအခန်းထဲကို ဝင်ပေးကြပါ”
သူ့နံပါတ်က ၂၇ ဆိုတော့ ဟန်မာရူးက အချိန်နည်းနည်း ရဦးမယ်လို့ ထင်ထားတာ။ သူက သက်ပြင်းလေး အသာချလိုက်ပြီး ပြတင်းပေါက် အပြင်ဘက်က အေးစိမ့်စိမ့်နိုင်လှတဲ့ ကောင်းကင်ကြီးကို ငေးကြည့်နေမိတယ်။ အဲဒီနောက် ချက်ချင်းဆိုသလိုပဲ စူးရှတဲ့ အသံတစ်သံက သူ့နားထဲကို တိုးဝင်လာခဲ့တယ်။
“နံပါတ် ၄၊ ၁၁၊ ၁၈၊ ၂၇၊ ၃၄။ အထဲကို ဝင်ပေးကြပါ”
‘…တကယ်ပဲ'
ဟန်မာရူး နေရာကနေ မတ်တပ်ရပ်လိုက်တယ်။
* * * * * * * * *