အခန်း ၂၂၆
Vol. 23 Ch. 226
အခန်း(၂၂၆)
နံပါတ်လေးကို နှိပ်မိကတည်းက ကံမကောင်းဘူးလို့ စိတ်ထဲ ထင်နေခဲ့ပေမဲ့ ပထမဆုံး အရွေးခံရမယ့်သူတွေထဲမှာ သူ ပါလာလိမ့်မယ်လို့တော့ တစ်ခါမှ မတွေးမိခဲ့ပါဘူး။ နံပါတ် ၁၊ ၂ နဲ့ ၃ သမားတွေ သက်ပြင်းချရင်း သူ့ကို လှောင်ရယ်နေကြမယ့်ပုံကို တွေးမိတော့ ခေါင်းထဲ မူးခနဲ ဖြစ်သွားရတယ်။ လင်းလက်တောက်ပစွာ ကြီးပြင်းလာပါစေဆိုတဲ့ မိဘတွေ၏ ဆုတောင်းကြောင့် ပေးထားတဲ့ ‘ဂွမ်ဆော့’ ဂွမ်ဆိုတဲ့ အလင်း၊ ကျောက်တုံးလို ကြံ့ခိုင်ပါစေဆိုတဲ့ ‘ဆော့’ (ကျောက်တုံး) ဆိုတဲ့ နာမည်နဲ့မညီဘဲ မွန်ဂွမ်ဆော့ ရဲ့ မျက်နှာကြီးကတော့ မှောင်မှိုင်လို့နေတာပေါ့။
‘ဒီလိုဖြစ်မှတော့လည်း ဖြစ်တဲ့အတိုင်းပဲ’ လို့ ဂွမ်ဆော့က ကောင်းတာလေးပဲ တွေးဖို့ စိတ်ဆုံးဖြတ်လိုက်ပြီး အသံစစ်ဆေးတဲ့ လူရွေးပွဲအခန်း တံခါးကို ဖွင့်လိုက်တယ်။ အထဲမှာ မြင်လိုက်ရတာကတော့ စားပွဲရှည်ကြီးတစ်ခုရဲ့ နောက်ကွယ်မှာ ထိုင်နေတဲ့ လူနှစ်ယောက်ရယ်၊ သူတို့ဘေးမှာ ထောင်ထားတဲ့ ကင်မရာတစ်လုံးနဲ့ မော်နီတာမျက်နှာပြင်တစ်ခုပဲ။ ဒီလောက်ကိုတော့ သူ မျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ အဲဒီလူနှစ်ယောက်ရဲ့ နောက်ကွယ်က လူတွေကတော့ သူ လုံးဝ ထင်မထားတဲ့အရာ ဖြစ်နေခဲ့တယ်။ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး သူ့ကို စိုက်ကြည့်နေတဲ့ လူတွေအများကြီး ရှိနေလို့ပဲ။
‘လူရွေးချယ်တဲ့ ဒိုင်က နှစ်ယောက်တည်း မဟုတ်ဘူးလား’
“နံပါတ်လေး... ရှေ့ကို တစ်လှမ်းတိုးခဲ့ပါ။ ကျန်တဲ့သူတွေကတော့ အနောက်မှာပဲ စောင့်နေနိုင်ပါတယ်” လို့ ရုပ်ရှင်ဒါရိုက်တာပါလို့ မိတ်ဆက်ထားတဲ့ ဟိုယောင်း က ပြောလိုက်တယ်။ သူ့ဆီကနေ လေးလံတဲ့ ဖိအားကြီးတစ်ခု ထွက်လာနေသလိုပဲ။ အခန်းအပြင်ဘက်တုန်းက လေသံအေးအေးနဲ့ စကားပြောခဲ့တဲ့ ဂျွန်မင်းကလည်း အခုတော့ တော်တော်လေး တည်ကြည် လေးနက်နေတဲ့ပုံပဲ။ ဂွမ်ဆော့ တစ်ကိုယ်လုံး ခြေဖျားလက်ဖျားတွေတောင် တုန်လာသလို ခံစားလိုက်ရတယ်။
“ကြက်ခြေခတ် အမှတ်အသားပေါ်မှာ ရပ်ပြီး ပြင်ဆင်လိုက်ပါ”
တိပ်အမည်းနဲ့ ကပ်ထားတဲ့ ကြက်ခြေခတ် နေရာလေးပေါ်မှာ သူ သွားရပ်လိုက်တယ်။ အခုအချိန်မှာတော့ သူ ရူးမတတ် ဖြစ်နေပါပြီ။ လူရွေးပွဲတစ်ခုမှာ ဒီလောက် လူအများကြီးရှေ့ မတ်တတ်ရပ်ရတာ ဒါ ပထမဆုံးအကြိမ်ပဲလေ။ ဂွမ်ဆော့ရဲ့ ပထမဆုံး လူရွေးပွဲတုန်းက တခြားသူတစ်ယောက်ရဲ့ ကျောင်းဆင်းပရောဂျက်အတွက် မိတ်ဆက်ပေးရုံသက်သက်ပဲ ရှိခဲ့တာဖြစ်ပြီး၊ အဲဒီနောက်ပိုင်းတစ်ခုကတော့ ဇာတ်လမ်းတိုအတွက်မို့လို့ လူရွေးပွဲမှာ ဒါရိုက်တာတစ်ယောက်တည်းပဲ ရှိခဲ့တာ။ ဒါပေမဲ့ အခုတော့ နာမည်ကြီး ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ လီဂျွန်မင်းနဲ့အတူ လူငါးယောက်ထက်မနည်းက သူ့ကို စိုက်ကြည့်နေကြတာပေါ့။
‘ဒါ ဇာတ်ရံလေးပဲဥစ္စာ... ဘာလို့ လူတွေ ဒီလောက်တောင် များနေရတာလဲ’
သူ သတိမထားမိဘဲ တံတွေးကို ဂလုခနဲ မျိုချလိုက်မိတယ်။ ဒူးဆစ်တွေ အနောက်ဘက်ကနေ ဖျဉ်းခနဲ ယားယားလာသလိုပဲ။ နှုတ်ခမ်းတွေလည်း ခြောက်ကပ်လာတယ်။ ဒီနေရာမှာသာ သူ စိတ်လှုပ်ရှားသွားရင် အရာအားလုံး အဆုံးသတ်သွားတော့မှာ။ ဂွမ်ဆော့ဟာ သူ့ကို အပြည့်အဝ ထောက်ပံ့ပေးနေတဲ့ မိဘတွေကို ပြန်တွေးရင်းနဲ့ပဲ သူ့ရဲ့ ကြောက်စိတ်တွေကို ရင်ဆိုင်လိုက်ပါတယ်။
“ကင်မရာကို စိတ်ထဲ ထည့်မနေပါနဲ့။ ကြည့်ချင်တဲ့နေရာကို ကြည့်လို့ရတယ်။ ကင်မရာကို ကြည့်ရင်လည်း ကြည့်၊ ဒါမှမဟုတ် ကျွန်တော်တို့ကို ကြည့်ရင်လည်း ရတယ်”
“ဟု... ဟုတ်ကဲ့ခင်ဗျာ”
“သိပ်ပြီး စိတ်မလှုပ်ရှားပါနဲ့။ မင်း စိတ်လှုပ်ရှားရင် ကျွန်တော်တို့လည်း လိုက်ပြီး စိတ်လှုပ်ရှားရလိမ့်မယ်။ စိုးရိမ်စိတ်တွေကို လွှတ်ချလိုက်ပါ”
ဟိုယောင်း က တော်တော်လေး ကြင်နာစွာ ပြုမူဆက်ဆံပေးရှာပါတယ်။ ဒါနဲ့ပဲ ဂွမ်ဆော့လည်း စိတ်ခွန်အား ပြန်ရလာပြီး အသက်ကို ဝဝရှူလိုက်တယ်။
“အဆင်သင့်ဖြစ်ရင် စလို့ရပါပြီ”
ဂွမ်ဆော့က “ကျွန်တော်ကတော့ Star Academy က နံပါတ်လေး မွန်ဂွမ်ဆော့ ဖြစ်ပါတယ်” လို့ မိတ်ဆက်လိုက်ပြီး သူ့ရဲ့ စိတ်ကြိုက် သရုပ်ဆောင်မှုကို စတင်လိုက်တော့တယ်။ သူ ပြင်ဆင်လာတဲ့ ပြကွက်တိုလေးကတော့ ကျောင်းဆင်းချိန် ကိုယ်ပိုင်စာကြည့်ရမယ့်အချိန်ကို ခိုးပြေးပြီး၊ သူ့သူငယ်ချင်းကိုပါ အတူတူ လိုက်ခဲ့ဖို့ စည်းရုံးတဲ့ အခန်းလေးပေါ့။
“ဟေ့ကောင်... သွားရအောင်ကွာ။ မိရင်လည်း အရိုက်ခံရရုံတင် ရှိတာပါ။ ဒါပေမဲ့ ငါတို့ ခိုးပြေးရင် ဘေးက မိန်းကလေးအထက်တန်းကျောင်းက ကောင်မလေးတွေနဲ့ အတူတူ ကစားရမှာလေ။ လူငယ်ဘဝဆိုတာ ဘာလဲကွ။ စာအုပ်ကိုပဲ စိုက်ကြည့်နေရမှာလား။ မဟုတ်တာကွာ။ လူငယ်ဘဝဆိုတာ အသက်အရွယ် ရောက်လာတဲ့ ယောကျာ်းလေးနဲ့ မိန်းကလေးတို့ စိတ်ကူးယဉ် အချစ်တွေကို မျှဝေခံစားရမယ့် အချိန်ကွ။ မင်းလည်း သိသားပဲ။ ဆရာတွေ အမြဲပြောနေကြတာ မဟုတ်ဘူးလား။ စာသင်တာထက် ပိုအရေးကြီးတဲ့အရာ ရှိတယ်ဆိုတာလေ။ ဒီနေ့က အဲဒီလို အရေးကြီး... ” သူ ဒီနားအထိ ပြောလိုက်တဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က သူ့စကားကို ဖြတ်ပြောလိုက်တယ်။
“တော်ပြီ”
အခုအချိန်ထိ စကားတစ်လုံးမှ မပြောခဲ့တဲ့ ဂျွန်မင်း ဖြစ်နေခဲ့တယ်။
“ငါ ဘာလို့ မင်းကို ရပ်ခိုင်းလိုက်လဲ မင်း သိလား”
“မ... မသိပါဘူးခင်ဗျာ”
“ဒီကို လာခဲ့”
ဂွမ်ဆော့က စားပွဲဆီကို လျှောက်သွားပြီး ဂျွန်မင်း လက်ညှိုးထိုးပြနေတဲ့ မော်နီတာ မျက်နှာပြင်ကို ကြည့်လိုက်တယ်။ အခုအချိန်မှာတော့ မော်နီတာပေါ်မှာ ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေတာပေါ့။ ဂျွန်မင်းက ခလုတ်အချို့ကို နှိပ်လိုက်တဲ့အခါ ဗီဒီယိုက အနောက်ကို ပြန်ရစ်သွားတယ်။ မကြာခင်မှာပဲ သူ့ရဲ့ သရုပ်ဆောင်ကွက်က အနောက်ကို ပြန်ရစ်နေတာ မြင်လိုက်ရတာပေါ့။ ဂျွန်မင်းက ဗီဒီယိုကို ရပ်လိုက်ပြီး ပြန်ဖွင့်ပြတယ်။ ဂွမ်ဆော့ဟာ သူ့ရဲ့ သရုပ်ဆောင်ချက်ကို ပြန်ကြည့်မိတဲ့အခါ မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းကို ကိုက်ထားမိရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ဘူး။
“ကျွန်တော်တို့က သင်တန်းကျောင်း မဟုတ်ဘူး။ မင်း ဘာတွေ မှားသွားလဲဆိုတာကို လိုက်ပြောပြနေဖို့ ငါ့မှာ အချိန်မရှိဘူး။ ဒါပေမဲ့ မင်းအနေနဲ့ ဒီနေရာကနေ တစ်ခုခုတော့ ရသွားသင့်တယ် မဟုတ်လား။ မင်း ဘာမှားသွားလဲဆိုတာ မင်းကိုယ်တိုင် မြင်တယ်မလား”
“ဟုတ်ကဲ့... ”
“ဟိုဘက်မှာ သွားပြီး စောင့်နေလိုက်”
“ဟုတ်ကဲ့ပါ”
သူ့အတွက် အခွင့်အရေး ပြီးဆုံးသွားပြီလားဆိုတာကို သူ မမေးရဲတော့ပါဘူး။ ဗီဒီယိုထဲမှာ မြင်လိုက်ရတဲ့အတိုင်းပဲ သူ တော်တော်လေး ညံ့ဖျင်းခဲ့တာကိုး။ သူ့မျက်နှာအမူအရာက ကျောက်တုံးကြီးလို တောင့်တင်းနေပြီး အသက်ဝင်မှု မရှိတဲ့အပြင်၊ သူ့ရဲ့ အကြည့်တွေကလည်း ဟိုရောက်ဒီရောက် ဖြစ်နေခဲ့တယ်။ ဘာလို့ အဲဒီလို ဖြစ်သွားရတာလဲလို့ သူ့ဘာသာ ပြန်ဆင်ခြင်ကြည့်တဲ့အခါ ဒိုင်တွေရဲ့ နောက်ကွယ်က လူတွေကို သူ အလွန်အမင်း စိတ်ထဲ ရောက်နေခဲ့မှန်း သဘောပေါက်လိုက်ရတယ်။ အားလုံးထက် ဆိုးတာကတော့ မော်နီတာကနေတစ်ဆင့် ကြည့်လိုက်တဲ့အခါ သူ့ရဲ့ လှုပ်ရှားမှုတွေက ကြည့်ရဆိုးလွန်းနေတာပဲ။ ကင်မရာက ရင်ဘတ်အထက်ပိုင်းကိုပဲ ရိုက်နေတယ်လို့ သူ အထင်မှားပြီး သူ့လက်လှုပ်ရှားမှုတွေကို သေချာ မထိန်းချုပ်နိုင်ခဲ့ဘူး။ သူ သရုပ်ဆောင်နေတုန်း တုန်တုန်ယင်ယင်နဲ့ ဖြစ်နေခဲ့တာကို ပြန်မြင်ရတော့ ဂွမ်ဆော့ စိတ်ပျက်ဝမ်းနည်းသွားရတာပေါ့။
‘ငါ ကင်မရာကို သိပ်ပြီး စိတ်ထဲ ရောက်နေခဲ့တာပဲ’
ဟိုယောင်း က ကင်မရာကို စိတ်ထဲမထားဖို့ သေချာပြောခဲ့သားပဲ။ ဂွမ်ဆော့ မျက်လုံးတွေကို မှိတ်လိုက်ပြီး ကျန်တဲ့သူတွေရှိတဲ့ တန်းစီတဲ့နေရာဆီ ပြန်လျှောက်သွားလိုက်တယ်။
‘ဇာတ်လမ်းကတော့ ပြီးသွားပြီ’
ငါးမိနစ်ဆိုတဲ့ အချိန်ကန့်သတ်ချက်ကို ပြည့်အောင်တောင် သူ မလုပ်နိုင်ခဲ့ဘဲ စက္ကန့်နှစ်ဆယ်လောက်ပဲ သုံးခဲ့ရတာလေ။ သူ့ရဲ့ ဇာတ်ညွှန်း သရုပ်ဆောင်မှုကတော့...
“နောက်တစ်ယောက်” လို့ အေးစက်စက် အသံတစ်သံ ထွက်လာတယ်။ ဂွမ်ဆော့ စိတ်ပျက်လက်ပျက်နဲ့ အောက်ကို ငုံ့ကြည့်နေမိတော့တယ်။
* * * * * * * * *
သူ မျှော်လင့်ထားခဲ့ပေမဲ့လည်း သူ ထင်သလိုပဲ ဒါက တကယ်ကို မလွယ်ကူတဲ့အရာ ဖြစ်နေခဲ့တယ်။ သူ့ရှေ့မှာ ထိုင်နေတဲ့ လူနှစ်ယောက်ဟာ ကျောင်းပွဲတော် ဂီတပြဇာတ်အတွက် ကျောင်းသား ရှာနေကြတာ မဟုတ်ဘဲ တကယ့် အနုပညာရှင် စစ်စစ်ကို ရှာနေကြတာ ဖြစ်လို့ပဲ။ ဆိုလိုတာကတော့ သူတို့ဟာ ဘယ်လို အမှားမျိုးကိုမဆို ခွင့်လွှတ်ပေးကြမှာ မဟုတ်ဘူး။
အကယ်၍ လျှောက်တဲ့သူ နည်းနည်းပဲ ရှိရင်တော့ သူ့ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးချင်ပေးနိုင်ဦးမှာဖြစ်ပေမဲ့ အပြင်ဘက်မှာ စောင့်နေတဲ့ လူတွေက အများကြီးပဲလေ။ သူတို့ရဲ့ သရုပ်ဆောင်ချက်တွေကို တစ်ယောက်ချင်းစီ လိုက်ကြည့်ဖို့ဆိုတာ အချိန်တွေ အကြာကြီး ပေးရမှာမို့လို့ ကိုယ့်ရဲ့ အခွင့်အရေးကို လက်လွတ်ပစ်ခဲ့တဲ့သူတစ်ယောက်ကို နောက်ထပ် အခွင့်အရေး ထပ်ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
သူတို့က တကယ့်ကို ကျိုးကြောင်းဆင်ခြင်တတ်ပြီး ရက်စက်လွန်းကြတာပေါ့။ ကျန်တဲ့ ပါဝင်ယှဉ်ပြိုင်သူတွေကို ကြည့်နေတဲ့ ဂျွန်မင်းရဲ့ မျက်လုံးတွေထဲမှာ သံယောဇဉ်အရိပ်အယောင် စိုးစဉ်းမျှ မရှိပါဘူး။ သူက အရည်အချင်းစစ်စစ်၊ ဇာတ်ကောင်စစ်စစ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်း စစ်စစ်ကိုသာ ရှာဖွေနေတာ။ သူ ဂျွန်မင်းနဲ့ စာချုပ်ချုပ်ထားခဲ့တယ်ဆိုတဲ့ အချက်ကလည်း ဒီနေရာမှာတော့ ဘာမှ သုံးစားလို့ မရတော့ပါဘူး။
‘တကယ်တော့ ဒါက အားနည်းချက်တောင် ဖြစ်သွားနိုင်တယ်’
ဂျွန်မင်းက လူရည်လည်တဲ့ လူတစ်ယောက်ပဲ။ အရာတစ်ခုခု ဒါမှမဟုတ် တစ်စုံတစ်ယောက်က သူ့အတွက် အကျိုးအမြတ် ရှိမယ်လို့ ထင်ရင် သူ အပြည့်အဝ ပံ့ပိုးပေးမှာဖြစ်ပေမဲ့၊ အဲဒီလို မဟုတ်ဘူးလို့ ယူဆလိုက်တာနဲ့ ဆက်ဆံရေးအားလုံးကို ချက်ချင်း ဖြတ်တောက်မယ့်သူမျိုး။ အကယ်၍ တစ်ယောက်ယောက်က သူနဲ့ ရင်းနှီးသွားရင်တော့ စိတ်ပြောင်းချင် ပြောင်းနိုင်ဦးမှာဖြစ်ပေမဲ့ အခုအချိန်မှာတော့ မာရူးနဲ့ သူတို့ကြားမှာ အဲဒီလိုမျိုး ဘာမှ ရှိမနေသေးဘူး။ အမှန်တော့ မာရူးအနေနဲ့ သူ့ရဲ့ တန်ဖိုးကို ဂျွန်မင်းဆီမှာ သက်သေပြဖို့ တာဝန်ရှိနေတာပေါ့။
“နောက်တစ်ယောက်... နံပါတ် ၁၁”
“ကျွန်တော့်နာမည်ကတော့ ဘတ်ဂျင်ထယ် ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး စောင့်ရှောက်ပေးကြပါဗျာ”
“အဲဒါက ငါ ပြောရမယ့် စကားလေ။ မင်းက ကောင်းကောင်း လုပ်ပြရမှာ”
“ဟုတ်ကဲ့ပါ ခင်ဗျာ”
“ကြက်ခြေခတ် အမှတ်အသားပေါ်မှာ ရပ်ပြီး အဆင်သင့်ဖြစ်ရင် စလိုက်ပါ” လို့ ဟိုယောင်း က မော်နီတာနဲ့ အဲဒီလူကို တစ်လှည့်စီ ကြည့်ရင်း ပြောလိုက်တယ်။ အင်တာဗျူးတုန်းက လူနဲ့ လုံးဝ တခြားစီ ဖြစ်နေသလိုပဲ။ သူ့ရဲ့ ပေါ့ပေါ့ပါးပါး ပုံစံက ပျောက်ကွယ်သွားပြီး မျက်လုံးတွေထဲမှာ စူးရှတဲ့ အရိပ်အယောင်တွေ ရှိနေခဲ့တယ်။ သူ့မျက်လုံးတွေက ယှဉ်ပြိုင်သူတွေကို ပြင်းထန်စွာ စိုက်ကြည့်နေတာပေါ့။ အကယ်၍ တစ်ယောက်ယောက်ကသာ ဖိအားဒဏ် ခံလိုက်ရရင် မိမိရဲ့ အရည်အချင်း ဆယ်ပုံတစ်ပုံတောင် ထုတ်ပြနိုင်မှာ မဟုတ်တော့ဘူး။ ပထမဆုံး ယှဉ်ပြိုင်သူဆီကနေ သင်ခန်းစာယူပြီး ဒုတိယလူကတော့ ပိုကောင်းအောင် လုပ်နိုင်ခဲ့တယ်။ ဘတ်ဂျင်ထယ်လို့ နာမည်ရတဲ့ ဒီကောင်လေးက လူမိုက်တစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့တာ။ သူ့ရဲ့ ယိမ်းထိုးနေတဲ့ လှုပ်ရှားမှုတွေက ကြည့်ရတာ တော်တော်လေး ကောင်းပါတယ်။ ဒါပေမဲ့လည်း...
“နေဦး” လို့ ဂျွန်မင်းက လက်မြှောက်ပြီး သူ့ကို တားလိုက်တယ်။ ဒါက ‘ရပ်’ ခိုင်းတာ မဟုတ်ဘဲ ‘ခေတ္တစောင့်’ ခိုင်းတာမျိုးပဲ။ ကောင်လေးက ချက်ချင်းပဲ သရုပ်ဆောင်တာကို ရပ်လိုက်ပြီး မတ်မတ်ရပ်လိုက်တယ်။ ပြီးတော့ ဒိုင်တွေကို ကြည့်လိုက်တာပေါ့။
“မင်း စကားလုံးတွေကို အဲဒီလိုမျိုး ဗလုံးဗထွေး ပြောနေမယ်ဆိုရင် Boom micက ဘာသံမှ ဖမ်းနိုင်မှာ မဟုတ်ဘူး။ ပြန်လုပ်ကြည့်ပါဦး”
“ဟုတ်ကဲ့ပါ”
ကောင်လေးက သဘောပေါက်သွားပုံရပြီး ပြန်စလိုက်ပေမဲ့ သူ့ရဲ့ စည်းချက်က တစ်ကြိမ် ပျက်သွားခဲ့ပြီမို့လို့ သူ့ရဲ့ လှုပ်ရှားမှုတွေက စတင်ပြီး ကမောက်ကမ ဖြစ်လာခဲ့ရတယ်။ မာရူးက အနောက်ကနေ ကြည့်နေရင်းနဲ့ အခု သူ့ရဲ့ ယိမ်းထိုးနေတဲ့ လှုပ်ရှားမှုက လူမိုက်ပုံစံထက် ဒဏ်ရာရထားတဲ့သူတစ်ယောက်လို ဖြစ်နေပြီလို့ မြင်လိုက်ရတယ်။ ဂျွန်မင်းက သူ့ကို ရပ်ဖို့ လက်ဟန်ပြလိုက်တယ်။ ဒါပေမဲ့ သူ တစ်ခုခု မပြောခင်မှာပဲ အနောက်ဘက်ကနေ နောက်ထပ် အသံတစ်သံ ထွက်လာခဲ့ပြန်တယ်။
“သူ့ကို ဇာတ်ညွှန်းစာသားတွေ ဖတ်ခိုင်းကြည့်ရအောင်”
အဲဒါက ဘေ့စ်ဘောဦးထုပ် ဆောင်းထားတဲ့ လူတစ်ယောက်ပဲ။ သူ့အသံက တော်တော်လေး အသံဩဇာကြီးမားလှတယ်။ ဂျွန်မင်းက ခေါင်းညိတ်လိုက်ပြီး တခြားလူတစ်ယောက်ကနေတစ်ဆင့် ကောင်လေးဆီကို ဇာတ်ညွှန်းတစ်ခု ကမ်းပေးလိုက်တယ်။
‘သူက သရုပ်ဆောင်တစ်ယောက်လား’
ဘေ့စ်ဘောဦးထုပ် ဆောင်းထားတာရယ်၊ အဲဒီလူ့လက်ထဲက ဇာတ်ညွှန်းစာအုပ်ကြောင့်ရယ်ကြောင့် သူ့မျက်နှာကို သေချာ မမြင်ရပါဘူး။ မာရူးကတော့ အဲဒီလူ့အသံကို နားထောင်ပြီး အသက် လေးဆယ်ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းလိုက်တယ်။
“စာမျက်နှာ ၄၈။ ဂျူရှစ် ရဲ့ သားပြောရမယ့် စာသားတွေကို မြင်တယ်မလား”
“ဟုတ်ကဲ့ မြင်ပါတယ်”
“ဇာတ်ခုံညွှန်ကြားချက်တွေကို သေချာကြည့်ပြီး အဆင်သင့်ဖြစ်ရင် စလိုက်ပါ”
ဇာတ်ညွှန်းကို ခဏလောက် ကြည့်ပြီးတဲ့နောက် ကောင်လေးက အသက်ကို ခပ်တိုတို ရှူလိုက်ပြီး စာသားတွေကို ဖတ်တော့တယ်။
“အဖေ... ကျွန်တော် သွားတော့မယ်နော်”
“အေး... ဂရုစိုက်သွားဦး။ ဪ... မင်း မုန့်ဖိုး မလိုဘူးလား”
“မလိုပါဘူး။ အဖေ ကျွန်တော့်ကို ပေးထားတာ မကြာသေးဘူးလေ”
“အဲဒီနားမှာတင် ရပ်လိုက်ပါ”
ကောင်လေးက ဇာတ်ညွှန်းကို ပြန်ပေးလိုက်တယ်။ ဂျွန်မင်းက ကောင်လေးရဲ့ ကိုယ်ရေးရာဇဝင်ပေါ်မှာ စာအချို့ ရေးမှတ်လိုက်တာပေါ့။ ကောင်လေးကတော့ သူ နောက်ထပ် ထပ်လုပ်ရဦးမယ်လို့ မျှော်လင့်ထားပုံရပေမဲ့ အရာအားလုံးက ပြီးဆုံးသွားခဲ့ပါပြီ။ သူ ပြန်လျှောက်လာခဲ့တယ်။ ဘတ်ဂျင်ထယ် ဆိုတဲ့ ကောင်လေးရဲ့ မျက်နှာက သိပ်ပြီး မကောင်းလှဘူး။ သူ့မျက်နှာပေါ်မှာ ‘ငါ အခုလုပ်ပြခဲ့တာထက် ပိုပြီး လုပ်ပြနိုင်ပါသေးတယ်’ ဆိုတဲ့ ပြင်းထန်တဲ့ စိတ်ပျက်မှုတွေ အရိပ်ထိုးနေခဲ့တာပေါ့။
“နောက်တစ်ယောက်”
မာရူး ခံစားလိုက်ရတာကတော့ သူက ငါးသေတ္တာစက်ရုံထဲ ရောက်နေသလိုပဲ။ သူက လုပ်ငန်းစဉ်အတိုင်း ဖြတ်သန်းနေရတဲ့ ငါးသေတ္တာဘူး ဖြစ်ပြီး၊ သူ့ရှေ့က လူတွေကတော့ သူ့ရဲ့ အရည်အသွေးကို စစ်ဆေး အကဲဖြတ်နေတဲ့ အရည်အသွေးထိန်းသိမ်းရေး အရာရှိတွေပေါ့။ အကယ်၍ သူက ပုံမှန်အဆင့်လောက်ပဲ လုပ်ပြနိုင်ရင် အပြစ်ပြောခံရမှာ မဟုတ်သလို၊ အရွေးခံရမှာလည်း မဟုတ်ပါဘူး။ သူက တခြား ရိုးရိုးပုံမှန် ငါးသေတ္တာဘူးတွေလိုပဲ ဖြစ်သွားမှာပေါ့။ သူက တခြားသူတွေနဲ့ ကွဲထွက်နေဖို့ လိုပါတယ်။ ကောင်းတဲ့နည်းလမ်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့နည်းလမ်းပဲဖြစ်ဖြစ် သူ့ရှေ့က လူတွေရဲ့ မျက်စိထဲကို ရောက်အောင် လုပ်ရမှာပဲ။ လူရွေးပွဲစတင်ခဲ့တာ ဆယ်မိနစ်လောက် ရှိသွားခဲ့ပါပြီ။
ဒါတောင်မှ သူ့ရှေ့က လူတွေရဲ့ မျက်နှာပေါ်မှာ ပျင်းရိ ငြီးငွေ့နေတဲ့ အမူအရာတွေက ထင်းထင်းကြီး ပေါ်နေတာပေါ့။ ဒါက တကယ့်ကို အန္တရာယ်ရှိတဲ့ လက္ခဏာတစ်ခုပဲ။ သူတို့ရှေ့က လူတွေမှာ ကြည့်ရမယ့်သူတွေ နောက်ထပ် အများကြီး ရှိသေးတယ်ဆိုတဲ့ အချက်အရ ဒီလို ပျင်းခြောက်ခြောက် အခြေအနေကြီးကို တတ်နိုင်သမျှ မြန်မြန် ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။
သို့သော်လည်း၊
“ကျွန်တော်ကတော့ နံပါတ် ၁၈ ဖြစ်ပြီး၊ နာမည်ကတော့ က... ကင်ဂျွန်မြောင် ဖြစ်ပါတယ်။ ကျွန်တော်က ဂ... ဂန်နမ် သရုပ်ဆောင်သင်တန်းက လာတာပါ”
ဒီယှဉ်ပြိုင်သူကတော့ အခြေအနေကို ပြောင်းလဲပစ်ဖို့အတွက် အဆိုးရွားဆုံး ဖြစ်နိုင်ချေရှိတဲ့ လူတစ်ယောက် ဖြစ်နေခဲ့တယ်။ သူက စိုးရိမ်စိတ် လွန်ကဲတဲ့ ရောဂါဝေဒနာရှင်တစ်ယောက်လို ဖြစ်နေလို့ပဲ။ အခြေအနေက ပိုပြီးတော့တောင် ဆိုးဝါးသွားရတယ်။ စားပွဲရှည်ကြီးရဲ့ နောက်ကွယ်မှာ ထိုင်နေတဲ့ လူတွေရော၊ သူတို့အနောက်မှာ မတ်တတ်ရပ်နေတဲ့ လူတွေရဲ့ မျက်လုံးထဲမှာပါ အထင်သေးတဲ့ အရိပ်အယောင်တွေ ရှိနေတာကို မာရူး မြင်လိုက်ရတယ်။
“အဆင်သင့်ဖြစ်ရင် စလိုက်ပါ”
ဒါတောင်မှ ဟိုယောင်း နဲ့ ဂျွန်မင်းက သူ့ရှေ့က ကောင်လေးကို စိုက်ကြည့်နေကြတုန်းပဲ။ သူတို့မှာ ဖြစ်နိုင်ချေရှိတဲ့ ယှဉ်ပြိုင်သူကို လက်လွတ်မခံချင်တဲ့ ပရော်ဖက်ရှင်နယ် စိတ်ဓာတ်မျိုး ရှိနေကြတာကိုး။ အလုပ်အပေါ် ထားတဲ့ သူတို့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒက ကောင်လေးအတွက် ကောင်းကျိုးဖြစ်စေရင် ကောင်းမှာဖြစ်ပေမဲ့၊ ဂျွန်မြောင်လို့ နာမည်ရတဲ့ ကောင်လေးကတော့ သူတို့ရဲ့ အကြည့်တွေကြောင့် ဖိအားဒဏ်ကို အပြင်းအထန် ခံနေရပုံပဲ။
“ဟို... အာ... ဟို... ”
မာရူး သူ့ကို ကြည့်ပြီး သနားမိသွားတယ်။ ဒီကောင်လေးလည်း ဒီပွဲအတွက် အများကြီး ပြင်ဆင်လာခဲ့ရမှာ သေချာတာပေါ့။ ဒါပေမဲ့ လူရွေးပွဲဆိုတာက ရလဒ်ကိုပဲ ထုတ်ပြရမယ့် နေရာလေ။ စက္ကန့်တစ်ဆယ်လောက် စောင့်ကြည့်ပြီးတဲ့နောက် ဂျွန်မင်းက သက်ပြင်းချလိုက်ပြီး သူ့လက်ကို ယမ်းပြလိုက်တယ်။ ကြက်ခြေခတ်ပေါ်မှာ ရပ်နေတဲ့ ကောင်လေးကတော့ သူ့ရဲ့ လက်ဟန်ပြမှုကိုတောင် မမြင်ဘဲ ငြိမ်သက်လို့ နေတုန်းပဲ။
“ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ ပြန်သွားလို့ရပါပြီ” လို့ ဟိုယောင်း က ပြောလိုက်မှပဲ ကောင်လေးက သတိပြန်ဝင်လာပြီး အနောက်ကို ဆုတ်သွားတော့တယ်။ ကောင်လေးက အနောက်ကို ဆုတ်သွားချိန်မှာ ဘာအမူအရာမျှ ရှိမနေခဲ့ပါဘူး။ သူ မိန်းမောတွေဝေနေတဲ့ပုံပဲ။
“နောက်တစ်ယောက်”
မာရူး အသက်ကို ဝဝရှူလိုက်ပြီးမှ မတ်တတ်ရပ်လိုက်တယ်။ သူကလည်း လူမိုက်သရုပ်ဆောင်ကွက်ကို ပြင်ဆင်လာခဲ့တာ မှန်ပေမဲ့ အခုတော့ တခြားတစ်ခုခုကို ပြောင်းလဲပစ်လိုက်တာက ပိုကောင်းမယ်လို့ ထင်မိသွားတယ်။ သူ့ရှေ့မှာ အဲဒီအကွက်ကို သုံးသွားတာ များလွန်းနေပြီလေ။ အကယ်၍ သူသာ အဲဒါကိုပဲ ထပ်လုပ်ပြရင် ရမှတ်တွေ ပိုနည်းသွားမှာ သေချာတယ်။ သူ့ရှေ့က လူတွေဆီကနေ သင်ခန်းစာတွေ အများကြီး ရခဲ့ပြီပဲ။
သူ့ရဲ့ အသက်ရှူနှုန်းက ပုံမှန်အတိုင်း ရှိနေပြီး စိတ်လှုပ်ရှားမှုကလည်း လိုအပ်သလောက်ပဲ ရှိနေခဲ့တယ်။ ကြက်ခြေခတ်လေး... အဲဒါက ဇာတ်ခုံပဲပေါ့။ အဲဒါကို ဇာတ်ခုံတစ်ခုလို့ တွေးလိုက်တဲ့အခါ သူ့စိတ်က တော်တော်လေး ပေါ့ပါးသွားရတယ်။ နည်းနည်းတောင် စိတ်လှုပ်ရှား တက်ကြွလာသလိုပဲ။ သူ့ရဲ့ စိတ်ခံစားမှု အားလုံးကို သူ့ရှေ့က လူတွေဆီ အကုန်ပုံအောပြီး ထုတ်ပြချင်တဲ့ ထိန်းမနိုင်သိမ်းမရ စိတ်ဆန္ဒမျိုးတောင် ပေါ်လာခဲ့ရတယ်။
သို့ပေမဲ့ မာရူးက အဲဒီစိတ်ဆန္ဒတွေကို ခေတ္တ မျိုသိပ်ထားလိုက်ပါတယ်။ သူ အခုလုပ်ပြမယ့် သရုပ်ဆောင်ချက်က သူ့ရဲ့ စိတ်ခံစားမှုတွေကို ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြသဖို့ လိုအပ်တဲ့ အရာမျိုး မဟုတ်လို့ပဲ။ သူ အခုလုပ်ပြမှာက မျိုသိပ်ထားတဲ့ စိတ်ခံစားမှုတွေကြားထဲကနေ စီးဆင်းလာတဲ့ စိတ်ခံစားမှုရဲ့ မျှင်ပါးပါးလေးတစ်ခုကို ထုတ်ပြဖို့ ဖြစ်လို့ပဲ။ တစ်နည်းအားဖြင့် သူ အခုလုပ်ပြမှာက သရုပ်ဆောင်တာ မဟုတ်ဘဲ ဝန်ခံချက်တစ်ခု ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။
“ကျွန်တော် ကုလားထိုင်တစ်လုံး သုံးလို့ရမလား ခင်ဗျာ”
“ရတာပေါ့” လို့ ဟိုယောင်း က သူ့ဘေးက ကုလားထိုင်ကို လက်ညှိုးထိုးပြရင်း ပြန်ဖြေတယ်။ မာရူးက ကုလားထိုင်ကို ကြက်ခြေခတ် အမှတ်အသားပေါ်မှာ တည့်တည့်ချလိုက်ပြီး အပေါ်မှာ ထိုင်လိုက်တာပေါ့။
“ကျွန်တော် အဆင်သင့်ဖြစ်ရင် စလိုက်ပါ့မယ်”
ဟိုယောင်း ခေါင်းညိတ်ပြတာကို အတည်ပြုပြီးတဲ့နောက် သူ မျက်လုံးတွေကို ခဏလောက် မှိတ်ထားလိုက်တယ်။ သူ အခုပြောမယ့် စကားတွေက ခါးသီးလွန်းတဲ့ အမှန်တရားတွေပဲလေ။ ဒါပေမဲ့ နည်းစနစ် အနည်းငယ်တော့ ထည့်သွင်းရမှာပေါ့။
အကယ်၍ သရုပ်ဆောင်ခြင်းဆိုတာ အတုခိုးခြင်း ဖြစ်တယ်ဆိုရင်၊ သူက မိမိကိုယ်ကိုယ် အတုခိုးတော့မှာ ဖြစ်ပါတယ်။
သူ အသက်ကို ဝဝရှူလိုက်တယ်။
“ကျွန်တော် အချစ်အကြောင်းကို ဆွေးနွေးပြောဆိုဖို့ အသက်အရွယ် သိပ်ငယ်လွန်းသေးတဲ့ အချိန်မှာပဲ အချစ်ကို သိခဲ့ရတယ်။ ကျွန်တော် ကိုယ်တိုင်လည်း မပြည့်စုံသေးတဲ့ အချိန်မှာပဲ တာဝန်ယူချင်တဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရတာပေါ့။ အဲဒီလူက မိမိကိုယ်ကိုယ်ထက် တခြားလူတွေကို ပိုပြီး ဂရုစိုက်တတ်တဲ့ လူမိုက်ကလေးတစ်ယောက်ပဲ။ သူက သတ္တိရှိတယ်၊ ပေးဆပ်တတ်တယ်၊ ပြီးတော့ အားလုံးထက် ပိုတာက... ချောတယ်ဗျာ” မာရူးက သူမရဲ့ အပြုံးကို ပြန်တွေးမိပြီး ပြုံးလိုက်မိတယ်။ ‘အပြုံးတစ်ခု ဖန်တီးရမယ်’ လို့ တကူးတက တွေးနေဖို့ မလိုပါဘူး။ သူမအကြောင်း တွေးလိုက်ရုံတင်နဲ့ သူ သတိမထားမိဘဲ အလိုလို ပြုံးမိသွားတာပေါ့။
“သဘာဝအတိုင်းပဲ၊ ကျွန်တော့်မှာ ပြိုင်ဘက်တွေ အများကြီး ရှိခဲ့တာပေါ့။ သူမလို မိန်းကလေးမျိုးကို ဒီအတိုင်း ပစ်ထားမယ့် ယောကျာ်းဆိုတာ အများကြီး မရှိဘူးလေ။ ကျွန်တော် တိုက်ဆိုင်မှုတစ်ခုကြောင့် သူမနဲ့ ရင်းနှီးခွင့် ရခဲ့ပေမဲ့ စိတ်တော့ မချနိုင်ခဲ့ဘူး။ အဲဒါကြောင့်ပဲ ကျွန်တော် သူမဘေးမှာ ကပ်နေခဲ့တာ။ တခြားယောကျာ်းတွေ သူမနား မကပ်နိုင်အောင်လို့ပေါ့။ အဲဒီလို လုပ်ခဲ့လို့ပဲလားမသိဘူး၊ သူမက ကျွန်တော့်ရဲ့ လက်ထပ်ခွင့် တောင်းတာကို လက်ခံခဲ့တယ်။ ဪ... ဒါပေမဲ့ ဒါက အလွယ်တကူ ဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။ အခက်အခဲတွေ အများကြီး ရှိခဲ့တာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လက်ထပ်ခဲ့ကြပြီး ကိုယ်ပိုင်အိမ်လေးထဲကို ပြောင်းရွှေ့ခဲ့ကြတယ်။ ချေးငွေယူခဲ့ရတာ မှန်ပေမဲ့ အဲဒါက ကျွန်တော်တို့အတွက်တော့ နွေးထွေးတဲ့ အိမ်ကလေးပေါ့”
သူ ဆက်မပြောခင် ပခုံးကို တစ်ချက် တွန့်လိုက်တယ်။
“အဲဒီနေ့ရက်တွေက သိပ်ပြီး ခက်ခဲပင်ပန်းမှုတွေ မရှိခဲ့ပါဘူး။ တစ်ခါတလေ ကျွန်တော်တို့ သဘောထားချင်း မတိုက်ဆိုင်လို့ ရန်ဖြစ်ကြတာ ရှိပေမဲ့ အဲဒီရန်ပွဲတွေက အကြာကြီး မခံပါဘူး။ ကျွန်တော် သူမကို ဘယ်တော့မှ မနိုင်ဘူးဆိုတာ ကျွန်တော် ကောင်းကောင်း သိတာကိုး။ နေ့ရက်တိုင်းက ဘာအခက်အခဲမှမရှိဘဲ ကုန်ဆုံးသွားခဲ့တယ်။ အဲဒါက ရယ်မောသံတွေ၊ စိတ်ကောက်တာတွေနဲ့ ပြည့်နှက်နေတဲ့ သာမန် နေ့ရက်တွေပဲပေါ့။ ပြီးတော့ အဲဒီလို သာမန်နေ့ရက်တွေ ကြားထဲမှာပဲ ကျွန်တော်တို့ နှစ်ယောက်ကနေ သုံးယောက် ဖြစ်လာခဲ့ကြတယ်”
သူ့ရဲ့ သွေးသားမှတ်ဉာဏ်တွေကို သူ ပြန်လည် မွှေနှောက်ကြည့်လိုက်တယ်။ အများကြီးတော့ သူ မမှတ်မိတော့ပေမဲ့ သင်းပျံ့ပျံ့ အနံ့လေးကတော့ သူ့စိတ်ထဲမှာ စွဲကျန်နေတုန်းပဲ။
“ကလေးဆီကနေ ပျော်ရွှင်ခြင်းရဲ့ အနံ့အသက်လေးတွေ ရနေခဲ့တယ်။ အဲဒါက အဲဒီလူရဲ့ အနံ့နဲ့ တကယ်ကို ဆင်တူတာ။ ကလေးက နေ့တိုင်း ကြီးထွားလာခဲ့ပြီး ကျွန်တော် သတိထားမိတဲ့ အချိန်မှာတော့ သူက ခြေထောက်နှစ်ဖက်နဲ့ လျှောက်နေနိုင်ပြီ။ သူ့ရဲ့ ပထမဆုံး စကားလုံးက ‘ဖေဖေ’ တဲ့။ ဟုတ်ပါတယ်။ ဒါ သေချာပေါက် ဖေဖေ ဆိုတာပါပဲ”
သူ့ရဲ့ လေသံက တကယ်ကို တည်ငြိမ် အေးဆေးနေခဲ့တယ်။ ဒိုင်တွေရဲ့ မျက်နှာတွေက သူ့ရှေ့မှာ ဖြတ်ပြေးသွားပေမဲ့ သူ သူတို့ရဲ့ အမူအရာတွေကို မမြင်ခဲ့ပါဘူး။ ဒီတစ်ကိုယ်တော် ပြဇာတ်ရဲ့ ပရိသတ်က နောက်ဆုံးတော့ သူကိုယ်တိုင်ပဲ ဖြစ်နေလို့ပဲ။
“ကလေးက ကြီးလာပြီး အဆုံးမှာတော့ မျက်နှာသေကြီးနဲ့ အာခံတတ်တဲ့ အသက်အရွယ်ကို ရောက်လာခဲ့ရတယ်။ အမလေး... သူက ကျွန်တော့်ကို တော်တော်လေး စိတ်ပျက်အောင် လုပ်ခဲ့တာ။ ‘ဖေဖေက အတော်ဆုံးပဲ’ လို့ ပြောတတ်တဲ့ သမီးလေးက ‘ဖေဖေ ဝိတ်ချဦး’ လို့ ပြောင်းလဲပြောလာတဲ့အခါ ခံစားရတဲ့ စိတ်အခြေအနေကတော့... ဟူး... ဒါပေမဲ့ ဒါကလည်း ကောင်းပါသေးတယ်။ မနက်ခင်းမှာ ကျွန်တော် မျက်လုံးဖွင့်လိုက်တဲ့အခါ ကျွန်တော် ချစ်ရတဲ့သူက ကျွန်တော့်ဘေးမှာ ရှိနေပြီး၊ ကျွန်တော် အခန်းထဲက ထွက်လိုက်တဲ့အခါ ကျွန်တော် ပိုပြီးတော့တောင် ချစ်ရတဲ့ ကလေးက ရှိနေတာလေ။ အဲဒါက ဘယ်တော့မှ ပျက်စီးမှာမဟုတ်တဲ့ ထာဝရ ပျော်ရွှင်မှုကြီးလို့ ထင်ရတာပဲ။ အနည်းဆုံးတော့ ကျွန်တော် အဲဒီလို ထင်ခဲ့တာပေါ့”
မာရူး သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်တယ်။ ပြီးတော့ သူ့ရဲ့ အတွေးတွေကို ဆက်စပ်လိုက်တာပေါ့။ သူ့ရဲ့ ပြေလျော့နေတဲ့ ခန္ဓာကိုယ်ပေါ်မှာ ကြက်သီးမွေးညင်းတွေ စတင် ထလာခဲ့ရတယ်။ အဲဒီအချိန်က အဖြစ်အပျက်တွေက သူ့ရှေ့မှာ ထင်းထင်းကြီး ပြန်ပေါ်လာခဲ့ပြီ။ ဧရာမ သံထည်တုံးကြီးက သူ့ရဲ့ ရင်ဘတ်ကို နင်းခြေလိုက်သလိုပဲ။
“အဲဒါက မတော်တဆမှုတစ်ခုပဲ။ ဟုတ်တယ်... အဲဒါ မတော်တဆမှုတစ်ခု။ ကျွန်တော် ရယ်မောခဲ့တယ်။ ပျော်ရွှင်ခြင်းရဲ့ ချိုမြိန်မှုတွေက ကျွန်တော့်ဆီမှာ ကျန်ရှိနေတုန်းပဲ ဖြစ်ပေမဲ့ ကျွန်တော် သေလုမျောပါး ဖြစ်နေခဲ့ရပြီ။ ကျွန်တော် အရာအများကြီးကို တွေးမိခဲ့တယ်။ တစ်ချိန်တည်းမှာပဲ လူသတ်ချင်စိတ် ပေါက်လောက်အောင်အထိ ကျွန်တော် နာကျည်းမိခဲ့ရတယ်”
ဂုတ်ခနဲ သူ သွားကို တင်းတင်းကြိတ်လိုက်တယ်။ သူ့ရဲ့ ဆင်ခြင်တုံတရားကို နည်းနည်းလောက် လွှတ်ပေးရမယ့် အချိန်ရောက်ပြီလို့ သူ့နှလုံးသားက တိုးတိုးလေး ပြောနေခဲ့တယ်။ သူ ချက်ချင်း ခေါင်းကို မော့လိုက်တယ်။ ပြီးတော့ ကင်မရာကို စိုက်ကြည့်လိုက်တာပေါ့။
“အဲဒီ ပျော်ရွှင်မှုက ဒီနေရာမှာတင် အဆုံးသတ်သွားရမယ့် အရာ မဟုတ်ဘူး။ အဲဒီလူနဲ့ ကျွန်တော့်ရဲ့ ကလေးက အဲဒီလိုမျိုး ဝမ်းနည်းပက်လက်ဖြစ်ပြီး နစ်မွန်းနေရမယ့်သူတွေ မဟုတ်ဘူး။ ကျွန်တော် ကောင်းကင်ကြီးကို နာကျည်းတယ်။ ဘုရားသခင်ကို ကျိန်ဆဲတယ်။ ကျွန်တော်သာ လုပ်နိုင်ရင် သူတို့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ပြီး သူတို့ရဲ့ သွေးတွေနဲ့ ကျွန်တော့်ကိုယ်ကို စိုရွှဲစေချင်တာ။ သို့သော်လည်း... အဲဒီလို စိတ်ပျက် အားလျော့မှုတွေကလည်း မကြာခင်မှာပဲ ငြိမ်းသတ်သွားခဲ့ရပါတယ်။ ကျွန်တော် သေဆုံးသွားပြီဆိုတာကို သိလိုက်ရတဲ့ အချိန်မှာပဲ ကျွန်တော့်ရဲ့ ဒေါသတရားတွေက အဓိပ္ပာယ်မဲ့သွားခဲ့ရတယ်။ ကျန်ရစ်ခဲ့တာကတော့ စိုးရိမ်ပူပန်မှု သက်သက်ပဲပေါ့”
သူ့လည်ချောင်းထဲမှာ ပိတ်ဆို့နေတဲ့ လေဟောင်းတွေကို အပြင်ကို မှုတ်ထုတ်လိုက်ပြီးမှ ကုလားထိုင်ပေါ်မှာ ပြန်ထိုင်လိုက်တယ်။ အဲဒီအဖြစ်အပျက်ကို ပြန်တွေးမိလို့ သူ တကယ်ကို စိတ်လှုပ်ရှား တုန်လှုပ်နေခဲ့တာ မှန်ပေမဲ့ သူ့ရဲ့ မျက်လုံးတွေကတော့ အံ့ဩစရာကောင်းလောက်အောင် နာရီကိုပဲ စိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့ တည်ငြိမ်တဲ့ ဆင်ခြင်တုံတရားက သူ့ရဲ့ စိတ်ခံစားမှုတွေနဲ့ ဆန့်ကျင်ဘက်အဖြစ် အလုပ်လုပ်နေတယ်လို့ သူ ခံစားလိုက်ရတယ်။
အဲဒါက တစ်မျိုးတော့ အသစ်အဆန်း ဖြစ်နေတာပေါ့။ အရင်တုန်းကတော့ ဒီနှစ်ခုထဲက တစ်ခုပဲ ဖြစ်ခဲ့တာလေ။ သူက မျိုသိပ်လိုက်တာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ထုတ်လွှတ်လိုက်တာ ဖြစ်ဖြစ်ပေါ့။ အခုအချိန်မှာတော့ ဒါက နှစ်ခုစလုံး မဟုတ်တော့ဘူး။ သူက ခဏလေးအတွင်းမှာတင် ပြန်ပြီး ပူပြင်းလာနိုင်သလို၊ ပြန်ပြီးတော့လည်း အေးစက်သွားနိုင်တယ်လို့ ခံစားလိုက်ရတယ်။ သို့သော်လည်း အဲဒီခံစားချက်က မကြာခင်မှာပဲ ပျောက်ကွယ်သွားခဲ့ရပါတယ်။ ဆင်ခြင်တုံတရားနဲ့ စိတ်ခံစားမှုတို့က သူတို့ရဲ့ နယ်မြေလုပွဲကို ပြန်လည် စတင်လိုက်ကြပြီး မာရူးလည်း ပြန်ပြီး တည်ငြိမ်သွားတာပေါ့။
“ဒါကတော့ အဆုံးသတ်ပါပဲ”
“ဒါပဲလား”
“ဟုတ်ကဲ့ပါ”
“နောက်ထပ် ရှိသေးတယ်လို့ ငါ ထင်တယ်”
“ဇာတ်လမ်းဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ အပိုင်းအလယ်မှာ ဖြတ်လိုက်မှပဲ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်တာလေ”
အဲဒီအဖြေကို ကြားလိုက်ရတော့ ဟိုယောင်း က အကျယ်ကြီး အော်ရယ်လိုက်တော့တယ်။ မာရူးက ဒိုင်တွေကြားထဲက အခြေအနေကို တည်တည်ငြိမ်ငြိမ်ပဲ ကြည့်နေလိုက်တာပေါ့။ အခုအချိန်အထိတော့ သူ သရုပ်ဆောင်နေတုန်း အလယ်မှာ အဖြတ်မခံရသေးပါဘူး။ ဒါက သူ့အနေနဲ့ လမ်းတစ်ဝက်လောက် အောင်မြင်သွားပြီလို့ ယူဆလို့ ရတာပေါ့။ အဲဒီအချိန်မှာပဲ ဘေ့စ်ဘောဦးထုပ် ဆောင်းထားတဲ့ လူက လှမ်းပြောလိုက်တယ်။
“အဲဒီကောင်လေးကို နောက်ထပ် နည်းနည်းလောက် ထပ်ကြည့်ရအောင်”
* * * * * * * * *