အခန်း ၂၂၇
Vol. 23 Ch. 227
အခန်း(၂၂၇)
ဘေ့စ်ဘောဦးထုပ် ဆောင်းထားတဲ့လူက ထိုင်ခုံကနေ ထရပ်ပြီး ရှေ့ကို လျှောက်လာတယ်။ မာရူး အဲဒီလူရဲ့ မျက်နှာကို အနီးကပ် သေချာကြည့်ခွင့်ရသွားတယ်။ မုတ်ဆိတ်မွှေးတွေကလည်း မရိတ်ထားသလို၊ ဘေ့စ်ဘောဦးထုပ်အောက်ကနေ ထွက်နေတဲ့ ဆံပင်တွေကလည်း ဘယ်လိုမှ သပ်သပ်ရပ်ရပ် ရှိမနေဘူး။ သူဝတ်ထားတဲ့ ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီကလည်း လမ်းဘေးဆိုင်ကနေ ကောက်ကောက်ကာကာ ကောက်ဝတ်လာတဲ့အတိုင်းပဲ။
ဒါပေမဲ့လည်း မာရူးကတော့ သူ့ဆီကနေ မျက်လုံးမလွှဲနိုင် ဖြစ်နေရတယ်။ ဒီလူက သူ ကောင်းကောင်းကြီး သိနေတဲ့ မင်းသားတစ်ယောက် ဖြစ်နေလို့ပဲ။ မုတ်ဆိတ်မွှေးတွေရယ်၊ အသံရယ်ကြောင့် ပထမတော့ နည်းနည်း ဝေခွဲမရဖြစ်သွားပေမဲ့ အခုလို အနီးကပ် မြင်လိုက်ရတဲ့အခါမှာတော့ အသေအချာကို အတည်ပြုနိုင်သွားပြီ။
ဒီလူက မနှစ်က ဒယ်ဂျုံရုပ်ရှင်ဆုပေးပွဲမှာ အမျိုးသားဇာတ်ဆောင်ဆု ရထားတဲ့ ဘတ်ထယ်ဟို ပဲ။ ဒီလူကပါ ဒီရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ဖို့ အရွေးခံထားရတာလားလို့ မာရူး စဉ်းစားနေမိတယ်။
“ဇာတ်ညွှန်းတစ်စောင် ပေးပါဦး”
ထယ်ဟို က ဟိုယောင်း ဆီကနေ ဇာတ်ညွှန်းတစ်စောင် ယူပြီး မာရူးဆီ ကမ်းပေးလိုက်တယ်။
“စာမျက်နှာ ၇၈ ကို လှန်လိုက်”
မာရူးလည်း ပြောတဲ့အတိုင်း လိုက်လုပ်လိုက်တယ်။ စာကြောင်းတွေ အတန်းလိုက် ရေးထားတဲ့ကြားထဲမှာ သူ့မျက်လုံးထဲ ကွက်ကနဲ ဝင်လာတာကတော့ လူမိုက် ၁၊ လူမိုက် ၂ နဲ့ လူမိုက် ၃ ဆိုတဲ့ စာသား သုံးလုံးပဲ။
“ကဲ...ဒီအခန်းကို ဖတ်ကြည့်။ စိတ်ခံစားမှု ဘာမှမထည့်နဲ့ဦး”
ထယ်ဟို ညွှန်ပြတဲ့နေရာက လူမိုက် ၂ ရဲ့ စကားပြောစာသားပဲ။ အဲဒါက မာရူး စာအုပ်ထဲမှာ အကြိမ်ကြိမ် ဖတ်ဖူးထားတဲ့ စာသားလည်း ဖြစ်နေတယ်။ ‘ဟျောင့်... မင်းက အသက်သာ ကြီးလာတယ်၊ ဘာတစ်ခုမှ ဖြစ်မြောက်အောင် လုပ်နိုင်တာ မဟုတ်ဘဲနဲ့။ ဘာလိုလိုနဲ့ ဘဝကြီးကို စုတ်ပြတ်သတ်နေအောင် ဖြတ်သန်းလာခဲ့တာလဲ အဘိုးကြီးရဲ့’ ဆိုတဲ့ စာသားက စကားလုံးတစ်လုံးမှ မပြောင်းလဲဘဲ ရှိနေတာလေ။
“ဟျောင့်... မင်းက အသက်သာ ကြီးလာတယ်၊ ဘာတစ်ခုမှ ဖြစ်မြောက်အောင် လုပ်နိုင်တာ မဟုတ်ဘဲနဲ့။ ဘာလိုလိုနဲ့ ဘဝကြီးကို စုတ်ပြတ်သတ်နေအောင် ဖြတ်သန်းလာခဲ့တာလဲ အဘိုးကြီးရဲ့”
“အဲဒီလို ခြောက်ကပ်ကပ် အသံနေအထားမျိုးကို သဘောကျတယ်။ ကဲ...ဒါဆို ဇာတ်ညွှန်းထဲက လမ်းညွှန်ချက်အတိုင်း မထေမဲ့မြင် ပြုတဲ့ပုံစံမျိုးနဲ့ အဲဒီစာသားကို ပြောကြည့်ဦး”
ထယ်ဟို က နောက်တစ်လှမ်း ဆုတ်ပေးလိုက်တယ်။ မာရူးကတော့ မထေမဲ့မြင် ဆိုတဲ့ စကားလုံးအပေါ် စိတ်အာရုံ စူးစိုက်လိုက်တယ်။ မထေမဲ့မြင် ပြုံးတဲ့ အပြုံးမျိုးလေးပါ နည်းနည်း ရောထည့်ရမလားလို့ သူ စဉ်းစားနေမိတယ်။ အရင်ဆုံး အသံနေအထားကို ပြောင်းပြီး စာသားကို ပြောလိုက်တယ်။
“ဟွန်း... မင်းက လုံးဝ အတွေ့အကြုံမရှိတဲ့ အသစ်အဆန်းပဲ။ အနုပညာသင်တန်းကျောင်း ဘာညာကော မတက်ဘူးလား”
“မတက်ပါဘူး”
“တကယ်လား။ ထူးတော့ ထူးဆန်းတယ်။ အစ်ကိုကြီး။ ဒီကောင်လေး တကယ် ထူးဆန်းတယ်။ ခုနက ပြောသွားတဲ့ စကားလုံးတွေကတော့ အသစ်တစ်ယောက်ဆိုတာ သိသာစေပေမဲ့ အဲဒီမတိုင်ခင်က ပြောသွားတဲ့ တစ်ယောက်တည်း ရေရွတ်တဲ့ အခန်းကတော့ တကယ့်ကို လုံးဝ အမိုက်စားကြီးဗျာ။ အသံက ရင့်ကျက်တဲ့ပုံစံတောင် ပေါက်သေးတယ်။ ဒါ...ဒါမျိုးက ဖြစ်နိုင်လို့လား။ ကျွန်တော်တော့ တကယ် နားမလည်နိုင်တော့ဘူး”
“မင်း ပြီးရင်လည်း ဖယ်ပေးလိုက်ဦးလေ။ နောက်တစ်ယောက် ကျန်သေးတယ်”
ဂျွန်မင်း ရဲ့ စကားကို ကြားတော့ ထယ်ဟို လည်း ခေါင်းညိတ်ပြီး ပြန်ထိုင်လိုက်တယ်။
‘ငါ ကောင်းကောင်း လုပ်နိုင်ခဲ့ရဲ့လား’ မာရူး က နောက်ကို ဆုတ်ရင်း တွေးနေမိတယ်။ နောက်ဆုံး လျှောက်ထားတဲ့လူက ရှေ့ထွက်လာပြီး သူ့ရဲ့ လွတ်လပ်စွာ သရုပ်ဆောင်မှုကို ပြသတယ်။ ပြီးတော့ ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်တာကိုလည်း အဆင်ပြေပြေပဲ လုပ်သွားနိုင်တယ်။ အဲဒီနောက်မှာတော့ အားလုံးက အဆင်ပြေပြေနဲ့ပဲ ပြီးဆုံးသွားခဲ့တယ်။
“လာရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်” ဟိုယောင်း က ကိုယ်ရေးမှတ်တမ်းတွေကို ဘေးဖယ်ရင်း ပြောလိုက်တယ်။ လူရွေးပွဲကတော့ ပြီးသွားပြီ။ အမျိုးသမီးတစ်ယောက်ရဲ့ လမ်းပြမှုအတိုင်း မာရူး အခန်းထဲကနေ ထွက်လာပြီး သူ့ရဲ့ နံပါတ်ပြားကို ပြန်အပ်လိုက်တယ်။
“လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အောင်မအောင်ဆိုတာကို တစ်ယောက်ချင်းစီအလိုက် အကြောင်းကြားပေးပါမယ်။ နောက်အပတ် ကြာသပတေးနေ့ထက် မနောက်ကျဘဲ အကြောင်းကြားမှာမို့လို့ စိတ်ရှည်ရှည်နဲ့ စောင့်ပေးကြပါဦးနော်”
မာရူးက လူရွေးပွဲအခန်းထဲကို စိုးရိမ်စိတ်အပြည့်နဲ့ ဝင်သွားကြတဲ့ လူတချို့ကို ကြည့်ပြီးမှ လှည့်ထွက်ခဲ့တယ်။ သူ ကောင်းကောင်း လုပ်နိုင်ခဲ့လား၊ မလုပ်နိုင်ခဲ့ဘူးလား ဆိုတာ သူကိုယ်တိုင်လည်း မသိဘူး။ ဘာကိုအခြေခံပြီး ခန့်မှန်းရမှန်းလည်း မသိတာလေ။ အဲဒီအမျိုးသမီး ပြောသလိုပဲ လက်ချောင်းလေးတွေ ယှက်ပြီး ကံကောင်းပါစေလို့ ဆုတောင်းရင်း စောင့်ရုံကလွဲလို့ တခြား ရွေးချယ်စရာ မရှိဘူးပေါ့။
“ဟုတ်ကဲ့ ဆရာ။ ကျွန်တော် နည်းနည်း မှားသွားတယ်ဗျာ”
“ငါတော့ သွားပြီ။ ဒုက္ခပါပဲ”
သူနဲ့အတူ အကဲဖြတ်ပွဲ ဖြေခဲ့ကြတဲ့လူတွေကတော့ ဖုန်းတွေ အလုပ်ရှုပ်နေကြပြီ။ သူတို့ ဖုန်းပြောသံတွေက အပေါ်ဓာတ်လှေကားထဲအထိ ပါလာခဲ့တယ်။
“မသိဘူးလေ။ ငါတော့ ကျမယ် ထင်တာပဲ။ လူတွေကလည်း အများကြီးပဲဟာ။ ပြီးတော့ လူရွေးပွဲ လာဖြေတာက ငါတစ်ယောက်တည်းမှ မဟုတ်ဘဲ”
“မေမေ... သမီးတော့ ကျပြီ ထင်တယ်။ ရလဒ်ကို စောင့်ကြည့်မနေလဲ သိသာပါတယ်”
“ငါ့ရဲ့ နောက်ထပ် လူရွေးပွဲက ဘယ်နေရာမှာ ရှိတာလဲဟင်”
မာရူး သူတို့ကို တစ်ချက် ဝေ့ကြည့်လိုက်တယ်။ သူ့မျက်လုံးက တခြားသူရဲ့မျက်လုံးနဲ့ ဆုံမိတိုင်း အဲဒီလူတွေက သူ့ကို မနှစ်လိုတဲ့ စိုက်ကြည့်မှုတွေနဲ့ ပြန်ကြည့်ကြတယ်။
‘ဒါဆို ငါ အောင်ဖို့ အခွင့်အရေး အများကြီး ရှိနေတာပေါ့’
ဇာတ်ညွှန်းအတိုင်း အဆင်ပြေပြေ သရုပ်ဆောင်သွားနိုင်တဲ့ ကောင်လေးတောင်မှ မျက်နှာမှာ စိုးရိမ်ရိပ်တွေ သန်းနေတာလေ။ အဲဒီလူတွေမှာတော့ မာရူးမှာ မရှိတဲ့ ခန့်မှန်းတွက်ချက်စရာ အခြေခံအချက်တစ်ခုခု ရှိနေကြပုံပဲ။
“ခက်ခဲသားပဲ” မာရူးက တိုးတိုးလေး ရေရွတ်လိုက်တယ်။ အရာအားလုံးက ကိန်းဂဏန်းတွေသာ ဖြစ်မယ်ဆိုရင် လုပ်ငန်းစဉ် ပြီးဆုံးတာနဲ့ ရလဒ်ကို သူ ခန့်မှန်းနိုင်မှာပဲ။ ပထမသုံးလပတ် အောင်မြင်မှုက ဒီလိုရှိခဲ့ရင် ဒုတိယသုံးလပတ် ရလဒ်က ဒီလိုဖြစ်ရမယ်။ ငွေလဲနှုန်းက ဒီလိုရှိနေတော့ ကုန်ကြမ်းစရိတ်က ဒီလောက်ဝန်းကျင် ဖြစ်ရမယ် စသဖြင့်ပေါ့။ အဲဒီလို ကမ္ဘာမျိုးမှာဆိုရင် ပြောင်းလဲနိုင်တဲ့ အချက်တွေက အများကြီး မရှိဘူး။ ကိန်းဂဏန်းတွေက အမြဲတမ်း တိကျပြတ်သားနေတာကိုး။
ဒါပေမဲ့ သရုပ်ဆောင်မှုအပိုင်းမှာတော့ အဲဒီလိုမျိုး ဘာမှမရှိဘူး။ ဘယ်အရာအတွက်မဆို အကြွင်းမဲ့ စံနှုန်းရယ်လို့ မရှိတဲ့အတွက် သူ ကောင်းကောင်း လုပ်နိုင်ခဲ့လား၊ မလုပ်နိုင်ခဲ့ဘူးလား ဆိုတာကို သူ ဝေခွဲမရ ဖြစ်နေရတယ်။ အကယ်၍ မိမိကိုယ်ကိုယ် ကျေနပ်မှုတစ်ခုအတွက်ပဲ ဆိုရင်တော့ အကဲဖြတ်မှုတွေကို သူ ဂရုစိုက်နေစရာ မလိုပါဘူး။ ဒါပေမဲ့ ဒါကိုပဲ အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်တော့မယ်ဆိုရင်တော့ အကဲဖြတ်တဲ့ အခြေခံစံနှုန်းကို သူ သိထားရတော့မယ်။
ဂျွန်မင်း၊ ဟိုယောင်း နဲ့ ထယ်ဟို။ အဲဒီသုံးယောက်က သူ့ရဲ့ သရုပ်ဆောင်မှုကို ဘယ်လို အကဲဖြတ်ကြမှာလဲ။ ဇာတ်ကောင်စရိုက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်မထားဖို့ ဂွန်ဆူ ပေးခဲ့တဲ့ အကြံဉာဏ်ကို နားထောင်ပြီး ပထမပိုင်းကို သူ အတင်းအကျပ်ပဲ ဖြတ်သန်းခဲ့တယ်။ ဒါပေမဲ့ အဲဒါက ကောင်းတဲ့အချက် ဖြစ်မဖြစ်ကိုတော့ သူ မသိဘူး။ အစောကတည်းက စဉ်းစားထားတဲ့ အစီအစဉ်အတိုင်းပဲ လူမိုက်နေရာကနေပဲ ပုံမှန်အတိုင်း သရုပ်ဆောင်ခဲ့ရမှာလား မသိဘူး။
‘သူတို့ရဲ့ စိတ်ဓာတ်ကျစရာတွေက ငါ့ဆီပါ ကူးစက်နေပြီ’ ဘေးပတ်ဝန်းကျင်က ညည်းတွားသံတွေကြောင့် သူ့ရဲ့ အတွေးတွေက လမ်းကြောင်းအမှားဘက်ကို ရောက်နေသလို သူ ခံစားလိုက်ရတယ်။ ဓာတ်လှေကားတံခါး ပွင့်သွားတာနဲ့ မာရူး ချက်ချင်း အပြင်ကို ထွက်ခဲ့ပြီး တခြားလူတွေနဲ့ ဝေးရာကို ထွက်လာခဲ့တယ်။
“ငါ လုပ်နိုင်သမျှတော့ လုပ်ခဲ့ပြီ၊ ကျန်တာကတော့ ကံတရားအတိုင်းပဲပေါ့”
သူ ပြသနိုင်သမျှ အကုန်လုံးကို ပြသခဲ့ပြီးပြီ။ စိတ်အေးချမ်းမှု ရဖို့အတွက် ကျန်တဲ့အပိုင်းကို ကံတရားလက်ထဲပဲ ပုံအပ်ထားလိုက်တာက သူ့အတွက် ပိုကောင်းပါတယ်။
* * * * * * * * *
ဂျွန်မင်းက ဖန်သားပြင်ကို ကြည့်ရင်း ခပ်ဖွဖွလေး ပြုံးလိုက်တယ်။ အဲဒီကောင်လေး သူ့ဆီကနေ ဝမ်သန်းသုံးရာ တောင်းခဲ့တုန်းက အကြောင်းကို ပြန်သတိရသွားတာ။ အဲဒီတုန်းကတော့ အဲဒီကောင်လေး ရူးနေပြီလို့ သူ ထင်ခဲ့ပေမဲ့ နောက်ထပ် ပြောပြတဲ့ စကားတွေကို နားထောင်ပြီးတဲ့နောက်မှာတော့ သူလည်း သဘောတူပြီး ပါဝင်ပတ်သက်ခဲ့တယ်။ အဲဒီအချိန်ကစလို့ တစ်နှစ်တောင် ရှိခဲ့ပြီ။ ကောင်လေးက သူ့ရဲ့ အထက်တန်းကျောင်းက ကလပ်လေးကို သုံးပြီး တစ်ခုခု ပြသတော့မလိုလိုနဲ့ ဒဏ်ရာတစ်ခုကြောင့် သူတစ်ယောက်တည်း နစ်မြုပ်သွားခဲ့ရတယ်။ ကောင်လေး တော်တော်လေး စိတ်ပျက်အားငယ်နေမှာပဲလို့ တွေးပြီး ဂျွန်မင်း သွားကြည့်ခဲ့ပေမဲ့ သူကတော့ အေးအေးလူလူပဲ စာဖတ်နေခဲ့တာလေ။ အဲဒီကောင်လေးက ခံစားချက် မရှိတာလား၊ ဒါမှမဟုတ် သတ္တိခဲကြီးမို့လို့လား ဆိုတာကို ဂျွန်မင်းလည်း ဝေခွဲမရ ဖြစ်ခဲ့ရတယ်။
အဲဒီအရွယ် ကောင်လေးတွေကို ရွက်လှေငယ်လေးတစ်စင်းနဲ့ နှိုင်းယှဉ်လို့ ရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့တင် လေတိုက်တဲ့ အရပ်မျက်နှာဆီကို သိပ်ကို မြန်မြန်ဆန်ဆန် လွှင့်ပါးသွားတတ်ကြတာကိုး။ ကလေးသရုပ်ဆောင်တွေရဲ့ ကြီးထွားနှုန်းက ကြောက်စရာကောင်းလှပါတယ်လို့ လူအများစုက ပြောကြသလို၊ လမ်းကြောင်းဖြောင့်ဖြောင့်နဲ့ သွားနိုင်တဲ့ ကလေးသရုပ်ဆောင်တစ်ယောက်က အဆင်ပြေပြေနဲ့ပဲ နာမည်ကြီး မင်းသား ဖြစ်လာတတ်တယ်။ ဒါပေမဲ့ လေက လမ်းကြောင်းအမှားဘက်ကို တိုက်ခတ်သွားပြီဆိုရင်တော့ သူတို့က အဲဒီနေရာမှာတင် မှောက်ခုံလဲသွားတတ်ကြပြန်ရော။ ခံနိုင်ရည်အလေးချိန် မရှိတာက အဲဒီပြဿနာကို ဖြစ်စေတာပဲ။ ကလေးသရုပ်ဆောင် အများစုက ပုံမှန်ကျောင်းသားဘဝကိုပဲ ပြန်ပြောင်းသွားကြရတဲ့ အကြောင်းရင်းကတော့ အဲဒီလို အခက်အခဲ အတားအဆီးတွေကို မခံနိုင်ကြလို့ပဲ။
အရင်တုန်းကတော့ ဝေဖန်မှုတွေက မိမိနဲ့ နီးစပ်သူတွေဆီကနေပဲ လာလေ့ရှိပေမဲ့ အင်တာနက် ခေတ်မီတိုးတက်လာတဲ့ အခါမှာတော့ လူတွေက အင်တာနက်ပေါ်က စကားလုံးတွေလို့ ခေါ်တဲ့ ဓားမြှောင်တွေနဲ့ ထိုးနှက်ကြတော့တာပဲ။ တစ်စုံတစ်ယောက်က ငယ်သေးလို့ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် အလိုက်သင့် ညှာတာပေးတတ်တဲ့ ကြည့်ရှုသူရယ်လို့ သိပ်မရှိပါဘူး။
ညံ့ဖျင်းတဲ့ သရုပ်ဆောင်မှုဆိုရင် ကဲ့ရဲ့ရှုတ်ချမှုတွေနဲ့ပဲ ရင်ဆိုင်ရတာ။ အရေးကြီးတဲ့အချက်က လူတွေက လွန်လွန်ကျုူးကျူး လုပ်တတ်ကြတာပဲ။ လူကြီးတွေတောင် အဲဒီလိုအရာတွေကြောင့် စိတ်ဖိစီးမှုတွေ များရတာဆိုတော့ ကလေးတွေအတွက်ကတော့ ပိုပြီး ဆိုးဝါးတာပေါ့။ ဒါကြောင့်မို့လို့ပဲ သရုပ်ဆောင်သင်တန်းကျောင်းတွေနဲ့ ကျောင်းတွေမှာ သရုပ်ဆောင်ပညာတစ်ခုတည်းကိုပဲ သင်ပေးတာ မဟုတ်ပါဘူး။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု ရရှိစေဖို့အတွက် လူသားပညာရပ်ဆိုင်ရာ ဘာသာရပ်တွေကိုပါ သင်ကြားပေးကြတာ ဖြစ်တယ်။ အဲဒီလိုမျိုး အစွမ်းကုန် ကြိုးစားကြပေမဲ့လည်း ကလေးကတော့ ကလေးပါပဲ။ သူတို့ရဲ့ စိတ်ခံစားမှုတွေက လူကြီးတွေထက်စာရင် အများကြီး ပိုပြီး နုနယ်ကြတာလေ။
တစ်ဖက်မှာကျတော့ မာရူးက ဧရာမ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်းလိုပဲ။ သူက တခြားလူတွေကြောင့် လှုပ်ခတ်သွားခြင်း မရှိတာက ဂျွန်မင်းကို သင်္ဘောကြီးတစ်စင်းကို သတိရစေတဲ့အထိပဲ။ ရွက်လှေလေးတစ်စင်းကို ယိမ်းထိုးသွားစေနိုင်တဲ့ လေပြင်းက သူ့အတွက်တော့ ခပ်ဖွဖွ တိုက်ခတ်တဲ့ လေပြေကလေးတစ်ခုထက် မပိုပါဘူး။ သူက တခြားသူတွေနဲ့မတူတဲ့ တည်ငြိမ်မှုမျိုး ရှိနေတာ။ အဲဒါက မာရူးရဲ့ အားသာချက်ပဲပေါ့။
ဒါပေမဲ့လည်း အဲဒီအားသာချက်ကပဲ သူ့ရဲ့ အားနည်းချက် ဖြစ်နေပြန်ရော။ လှုပ်ခတ်မှု မရှိဘူးဆိုတာက ပြောင်းလဲမှု မရှိနိုင်တာကို ဆိုလိုတာပဲ။ တခြားလူတွေက တိုးတက်တာဖြစ်ဖြစ်၊ ဆုတ်ယုတ်တာဖြစ်ဖြစ် ပြောင်းလဲနေကြတဲ့အချိန်မှာ မာရူးကတော့ မပြောင်းလဲဘဲ ဒီအတိုင်း ရှိနေဖို့က ပိုများတယ်။ အပြင်ပန်း လှုံ့ဆော်မှုတွေကို သူ ခံစားချက် မရှိဘူးလို့တော့ ယူဆလို့ မရပါဘူး။ သူ့ကို လာဆွရင်တော့ သူလည်း အတိုင်းအတာတစ်ခုအထိ ဒေါသထွက်မှာပဲ၊ ပြီးတော့ တစ်စုံတစ်ယောက်က စည်းကျော်လာရင်လည်း သူ့ရဲ့ ပြဿနာအားလုံးကို သူက သေသပ်လှပစွာ ဖြေရှင်းပစ်မှာပဲ။ ပြဿနာက သူ လုပ်ဆောင်တဲ့ ပုံစံက သိပ်ကို သေသပ်လွန်းနေတာ။ ဘာအတက်အကျမှ မရှိဘူး။
လွန်ခဲ့တဲ့ အချိန်အထိတော့ မာရူးက ဘယ်တော့မှ ရွက်မတင်မယ့် သင်္ဘောတစ်စင်းလိုပဲ။ မုန်တိုင်း ဘယ်လောက်ပဲ ပြင်းထန်ပါစေ သူကတော့ သူ့နေရာကိုပဲ ထိန်းထားမှာ။ ဂျွန်မင်းက အဲဒီအချက်ကို သတိထားမိနေတယ်။ ဆုတ်ယုတ်တယ်ဆိုတာက နောက်ပြန်ဆုတ်သွားတာ တစ်ခုတည်းကိုပဲ ပြောတာ မဟုတ်ဘူး။ တိုးတက်မှု အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ ငြိမ်သက်နေခြင်းကလည်း ဆုတ်ယုတ်မှု ပုံစံတစ်မျိုးပဲ ဖြစ်နေလို့ပဲ။
ဒါကြောင့်မို့လို့ပဲ ဂျွန်မင်းက ဒီနေ့ရဲ့ လူရွေးပွဲကနေတစ်ဆင့် မာရူးရဲ့ အလားအလာကို နောက်တစ်ကြိမ် ထပ်ပြီး ခန့်မှန်းတွက်ချက်ဖို့ ဆုံးဖြတ်လိုက်တာ။ မာရူး ဘယ်လို ပြင်ဆင်မှုတွေ လုပ်ခဲ့လဲဆိုတာရယ်၊ နောက်ပြီး ဘယ်လို အလားအလာမျိုးကို သူ့ကို ထပ်ပြီး ပြသဦးမလဲဆိုတာကို သူ သိချင်နေမိတယ်။ အကယ်၍ မာရူးက သူ့ရဲ့ စံနှုန်းတွေအတိုင်း ဖြစ်မလာဘူးဆိုရင်တော့ သူ့ကို လွတ်လွတ်လပ်လပ် ပစ်ထားမှာ မဟုတ်တော့ဘဲ လမ်းညွှန်ချက်တွေ ပေးဖို့ သူ စီစဉ်ထားတယ်။
ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အထက်တန်းကျောင်း သုံးနှစ်တာ ကာလကို ဝယ်ယူဖို့အတွက် သူ ဝမ်သန်း ၃၀၀ တောင် သုံးထားတာလေ။ သူ့ရဲ့ ကျောင်းတက်မှုကိုပါ ထိခိုက်စေမယ့် အချိန်ဇယားတွေနဲ့ သရုပ်ဆောင် သင်ခန်းစာတွေ ပေးဖို့အထိတောင် သူ စဉ်းစားထားခဲ့တာ။
ဒါပေမဲ့လည်း၊
“ငါက အပိုတွေ စိုးရိမ်နေခဲ့တာပဲကိုး”
ဖန်သားပြင်ကနေတစ်ဆင့် မြင်လိုက်ရတဲ့ မာရူးရဲ့ စိတ်ခံစားမှုတွေ ထုတ်ဖော်ပြသပုံက အခုအချိန်အထိ သူ သိထားခဲ့တဲ့ မာရူးနဲ့ သိပ်ကို ကွဲပြားခြားနားနေတယ်။ နည်းစနစ်ပိုင်းအရ ဆိုရင်တော့ သူက လိုအပ်ချက်တွေ ရှိနေသေးတာ အမှန်ပဲ။ သူ့ရဲ့ မျက်လုံးတွေ လှုပ်ခတ်သွားပုံ၊ နှုတ်ခမ်းရဲ့ တည်နေရာ၊ လက်ဟန်ခြေဟန်တွေကအစ အကုန်လုံးက သူက လူသစ်တစ်ယောက်ဆိုတာကို ပေါ်လွင်စေတုန်းပဲ။
ဒါပေမဲ့ ကင်မရာကို ကြည့်တဲ့ သူ့ရဲ့ စိုက်ကြည့်မှုတွေရယ်၊ သူ့အသံကနေ ထွက်ပေါ်လာတဲ့ ဝမ်းနည်းမှုနဲ့ စိတ်ပျက်အားငယ်မှုတွေက အဲဒီလိုအပ်ချက်တွေကို အလိုလို ဖုံးကွယ်သွားစေခဲ့တယ်။ သူ့ရဲ့ သရုပ်ဆောင်မှုက ကြည့်ရှုသူတွေကို သူ့ရဲ့ စိတ်ခံစားမှုတွေထဲမှာ အကြွင်းမဲ့ စီးမျောပါဝင်သွားစေတာ။ အရှိန်အဟုန်ပြင်းလှတဲ့ စိတ်ခံစားမှု ကူးစက်ခြင်းက သရုပ်ဆောင်မှု အရည်အချင်းတွေ အားလုံးကို အရာမထင် ဖြစ်သွားစေခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ နည်းစနစ်အားလုံးရဲ့ နောက်ဆုံး ပန်းတိုင်က ကြည့်ရှုသူတွေဆီ စိတ်ခံစားမှုတွေ ကူးစက်စေဖို့ပဲ ဖြစ်နေလို့ပဲ။
“ခဏတာ အချိန်ကလေးအတွင်းမှာ ဖြစ်ပေမဲ့ သူ အဲဒါကို ထုတ်ပြနိုင်ခဲ့တယ်။ ဒါကတော့ သေချာတယ်”
သူ့ရဲ့ စိတ်ခံစားမှုတွေကို လုံးဝ လွတ်လွတ်လပ်လပ် ပစ်ထားလိုက်တာမျိုးတော့ မဟုတ်ဘူး။ သူ လုပ်ခဲ့တာက အဲဒါနဲ့ ကွဲပြားတယ်။ သူ ဘာလုပ်ရမယ်ဆိုတာကို သိနေတဲ့ အခြေအနေအောက်မှာ သူ့ရဲ့ စိတ်ခံစားမှုတွေကို အဆုံးစွန်အထိ ထုတ်ဖော်ပြသခဲ့တာ။ သူက အရာရာကို အပိုတွေ လုပ်မပြခဲ့ဘူး။ မင်းသားတစ်ယောက်က ငိုပြရုံနဲ့ ကြည့်ရှုသူက အတူတူ လိုက်ငိုမှာ မဟုတ်ဘူးလေ။
ဒါက မင်းသားတွေအားလုံး ရင်ဆိုင်ရတဲ့ ပြဿနာပဲ။ ဒါက မင်းသားတွေအားလုံး သူတို့ရဲ့ သက်တမ်းတစ်လျှောက်လုံး လုပ်ဆောင်ရမယ့် အိမ်စာတစ်ပုဒ်ပဲ။ မိမိကိုယ်တိုင် မငိုဘဲနဲ့ လူတွေကို လိုက်ငိုအောင် လုပ်နိုင်တဲ့ မင်းသား၊ မိမိကိုယ်တိုင် မရယ်ဘဲနဲ့ လူတွေကို လိုက်ရယ်အောင် လုပ်နိုင်တဲ့ မင်းသား၊ မိမိကိုယ်တိုင် ဒေါသမထွက်ဘဲနဲ့ လူတွေကို လိုက်ပြီး ဒေါသထွက်အောင် လုပ်နိုင်တဲ့ မင်းသားမျိုးပေါ့။
ဗီဒီယိုမှတ်တမ်းထဲက မာရူးကို ဖော်ပြဖို့ စကားလုံးတစ်လုံး သုံးရမယ်ဆိုရင်တော့ ‘ကြောက်စရာကောင်းတယ်’ ဆိုတာပဲ ဖြစ်လိမ့်မယ်။ သူ့ရဲ့ စိတ်ခံစားမှုတွေက ဖန်သားပြင်ကို ဖောက်ထွက်ပြီး ကြည့်ရှုသူတွေရဲ့ နှလုံးသားထဲကို တိုက်ရိုက် ထိမှန်သွားစေတာ။ ဒါဟာ ‘ဒါပဲပေါ့’ လို့ တွေးမိစေတဲ့အထိပဲ။ ဒါက လူရွေးပွဲတစ်ခု ဖြစ်နေတာတောင်မှ ထယ်ဟို တစ်ယောက် ရှေ့ကို ထွက်လာခဲ့ရတဲ့ အကြောင်းရင်းကလည်း အဲဒါနဲ့ပဲ ပတ်သက်နေမှာ သေချာပါတယ်။
အခုအချိန်အထိ ခေါက်ထားခဲ့တဲ့ ရွက်လွှင့်တံခွန်က နောက်ဆုံးတော့ ပွင့်အာလာခဲ့ပြီ။ လေကို လက်ခံဖို့ ပြင်ဆင်နေပြီပေါ့။ သူက အဲဒီလို ပြောင်းလဲမှုကို မိမိသဘောနဲ့မိမိ လုပ်ခဲ့တာတော့ မဟုတ်လောက်ဘူး။ တခြားလူတစ်ယောက်ယောက်ရဲ့ စကားလုံးတွေက သူ့ကို အဲဒီလို ပြောင်းလဲမှုမျိုး ဖြစ်အောင် လှုံ့ဆော်ပေးခဲ့တာ ဖြစ်ရမယ်။ သူကိုယ်တိုင်လည်း မသိလိုက်ဘဲနဲ့ သူ့ရဲ့ ကိုယ်ပိုင် စိတ်ခံစားမှုတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြသခဲ့ပုံကနေ အဲဒါကို မြင်နိုင်တာပဲ။
“ဟန်မာရူး... သူ တော်သားပဲ”
အဲဒီအသံကို ကြားတော့ ဂျွန်မင်း လှည့်ကြည့်လိုက်တယ်။ ခရမ်းရောင်ဆံပင်နဲ့ စကားပြောရင် ဆဲသံပါတတ်တဲ့ အမျိုးသမီးတစ်ယောက် အဲဒီမှာ ရပ်နေတယ်။ ဂျူဟယွန်း ပဲ။ ဒါရိုက်တာနဲ့ မင်းသားတွေကြားထဲက အချိန်ဇယား ပြဿနာတချို့ကြောင့် အဓိက မင်းသားမင်းသမီးတွေ အားလုံးကို ခေါ်ထားခဲ့တာ။ ဂျူဟယွန်း ကလည်း အဲဒီအကြောင်းရင်းကြောင့် ရောက်နေတာ ဖြစ်တယ်။
“မင်း သူ့ကို သိလို့လား”
“သိတာပေါ့။ တစ်ခါ ဆုံဖူးတယ်။ ငါ ပြောသမျှ စကားတိုင်းကို သူ ပြန်ချေပတာကို ကြည့်ပြီး ခံစားချက်တစ်ခု ရခဲ့တယ်၊ ဒီကောင်လေးက စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးပဲ ဆိုတာလေ။ ဒါကြောင့်မို့လို့ သူ့ကို အချက်တချို့ ပြောပြခဲ့တာ”
“ဘာတွေ ပြောပြခဲ့လို့လဲ”
“သူ့ရဲ့ စိတ်ခံစားမှုတွေရဲ့ အောက်ခြေအထိ ရောက်အောင် သွားဖို့ ပြောခဲ့တာ။ တခြားအချက်တွေလည်း ပြောပြခဲ့သေးတယ်၊ ဒါပေမဲ့ ခုနက ငါ မြင်လိုက်ရသလောက်တော့ သူ မလိုအပ်ဘူးလို့ ထင်တဲ့အရာတွေကိုတော့ အကုန် လျစ်လျူရှုထားခဲ့ပုံပဲ။ သိပ်ကို လည်ပတ်တဲ့ ကောင်လေးပဲ။ ဘယ်သူ့ရဲ့ အကြံဉာဏ်မှ မလိုတဲ့အတိုင်း သရုပ်ဆောင်သွားတာ။ သူ ကြီးလာရင်တော့ နိုင်ငံရေးသမားကောင်းတစ်ယောက် ဖြစ်လာမှာ သေချာတယ်”
အဲဒီလိုပြောပြီး ဂျူဟယွန်း က ကော်ဖီကို တစ်ငုံသောက်ရင်း လှည့်ထွက်သွားခဲ့တယ်။ ဂျွန်မင်း ကတော့ စိတ်ထဲကနေ ပြုံးနေမိတယ်။ ပုံမှန်လေပြင်းက သူ့ကို မလှုပ်ခတ်နိုင်ဘူးဆိုတော့ သူ့ကို လှုပ်ခတ်စေခဲ့တဲ့ လေက အဲဒီလောက်အထိ ပြင်းထန်ခဲ့တာကို ဆိုလိုတာပဲ။ ဂျူဟယွန်း လို လူမျိုးဆိုရင်တော့ ဟာရီကိန်းမုန်တိုင်းတစ်ခု ဖြစ်မှာပဲ။ သူမမှာ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်းကို လှုပ်ခတ်စေနိုင်တဲ့ အစွမ်းအစတွေ အများကြီး ရှိနေတာကိုး။
“ဒါဆို သူက အဲဒီလို အဆင့်အတန်းရှိတဲ့ လူမျိုးရဲ့ စကားကိုပဲ နားထောင်တတ်တာပေါ့လေ”
သူက တကယ်ကို လည်ပတ်တဲ့ ကောင်လေးတစ်ယောက်ပဲ။ အဲဒါက သူ့ကို ပိုပြီးတော့တောင် စိတ်ဝင်စားစရာ ကောင်းလာစေတယ်။
“တချို့ဆိုရင် သူက ပုံမှန် ဇာတ်ပို့နေရာတွေကိုပါ လွှမ်းမိုးသွားနိုင်မယ့် ဇာတ်ပို့တစ်ယောက် ဖြစ်လာနိုင်တယ်”
လူမိုက် ပေါ်လာတဲ့ အခန်းက သိပ်ကို တိုတောင်းလှပါတယ်၊ ပြီးတော့ အဲဒီလို တိုတောင်းလွန်းလို့ပဲ ပိုပြီး အားကောင်းနေတာ။ ဂျွန်မင်း က ကိုယ်ရေးမှတ်တမ်းပေါ်မှာ အောင်မြင်သည် လို့ ရေးလိုက်တယ်။ လူမိုက် သုံးယောက်ထဲက နှစ်ယောက်ကတော့ အတည်ပြုပြီးသွားပြီ။ အဲဒီနှစ်ယောက်ကပဲ စကားပြော စာသားတွေ ရှိတဲ့လူတွေ ဖြစ်နေလို့ နောက်ဆုံးတစ်ယောက်အတွက်ကတော့ အဆင်ပြေအောင် ညှိနှိုင်းလိုက်ရုံပဲပေါ့။
“ကဲ...ဒါဆိုရင်။ ဘယ်သူ့ကို ငါက လှုံ့ဆော်မှု ပေးရမလဲ”
ဂျွန်မင်း က ကိုယ်ရေးမှတ်တမ်း နှစ်စောင်ကို လက်ထဲမှာ ကိုင်ထားလိုက်တယ်။ တစ်စောင်မှာက ‘ဟန်မာရူး’ ဆိုတဲ့ နာမည် ရှိနေပြီး တခြားတစ်စောင်မှာတော့ ‘ယူးဂျီဆော့’ လို့ ရေးထားတယ်။ အဲဒီ ကိုယ်ရေးမှတ်တမ်း နှစ်စောင်ကို ကြည့်နေတဲ့ သူ့ရဲ့ မျက်လုံးတွေထဲမှာတော့ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
* * * * * * * * *
“ဘာမှ ဝယ်မလာဘူးလား”
သူ့ညီမဆီကို ကိတ်မုန့်တစ်ချပ် လှမ်းပစ်ပေးပြီး သူ သူ့အခန်းထဲ ပြန်ဝင်လာခဲ့တယ်။ ဘာမှ အများကြီး မလုပ်ခဲ့ရဘဲနဲ့ကို ပင်ပန်းနေသလို သူ ခံစားနေရတယ်။ သူ့ထဲမှာ စုဆောင်းထားသမျှ အင်အားတွေအကုန်လုံး ထုတ်သုံးလိုက်ရသလိုမျိုးပဲ။ မာရူး က လိုက်ကာတွေကို ပိတ်၊ မီးတွေကို ပိတ်ပြီး သူ့ကုတင်ပေါ်မှာ လှဲချလိုက်တယ်။ သူ သူမဆီ ဖုန်းဆက်ဖို့ စဉ်းစားလိုက်ပေမဲ့ အိပ်ချင်စိတ်က သူ့ကို အစွမ်းကုန် လွှမ်းမိုးလာခဲ့တယ်။ အရင်ဆုံး အိပ်လိုက်တာက ပိုကောင်းပါလိမ့်မယ်လို့ သူ တွေးလိုက်တယ်။
သူ့မျက်လုံးတွေ ပိတ်ခါနီးမှာပဲ မမှိတ်မသုန် တောက်ပနေတဲ့ အမှောင်ထဲမှာ လင်းတဲ့ စတစ်ကာလေးကို သူ မြင်လိုက်ရတယ်။ အဲဒါက လဆန်းပုံစံကလေး။ ကိုယ်ပိုင် အလင်းရောင် မထုတ်ပေးနိုင်သင့်ပေမဲ့လည်း အခုအချိန်မှာတော့ လက သူ့အလိုလို လင်းပပါနေခဲ့တာ။
မျက်လုံးတွေကို ပိတ်လိုက်ပြီးတဲ့နောက်မှာတော့ မာရူး အရင်က တစ်ကြိမ် မြင်ဖူးခဲ့တဲ့ အိမ်မက်ထဲက စင်မြင့်ကြီးကို ပြန်မြင်လိုက်ရတယ်။ အဲဒီမှာ အမည်းရောင်နဲ့ အဖြူရောင်တွေ ရှုပ်ပွနေအောင် ရောနှောနေတဲ့ မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက် ရှိနေတယ်။ အဲဒီတုန်းကတော့ အဲဒီလူတစ်ယောက်တည်းပဲ စင်ပေါ်မှာ ရှိနေခဲ့တာဖြစ်ပြီး သူကတော့ ကြည့်ရှုသူ ခုံတွေကနေ ကြည့်နေခဲ့တာ။
ဒါပေမဲ့ အခုအချိန်မှာတော့ မာရူးက အဲဒီလူနဲ့အတူတူ စင်မြင့်တစ်ခုတည်းပေါ်မှာ ရှိနေပြီး အဲဒီလူကို ကြည့်နေခဲ့တာ ဖြစ်တယ်။
“မင်း ပိုပြီး နီးကပ်လာပြီပဲ” အဲဒီလူက ပြုံးရင်း ပြောလိုက်တယ်။
မာရူးက သူ့ပုခုံးကို တွန့်ပြလိုက်တယ်။
“အင်း... အခြေအနေတွေ ဖြစ်ပျက်ခဲ့လို့ပါ”
“ဟုတ်တာပေါ့၊ အရာအားလုံးက လူတိုင်းဆီမှာ ဖြစ်ပျက်တတ်တာပဲ” မျက်နှာဖုံးစွပ်ထားတဲ့လူက နောက်တစ်ကြိမ် ထပ်ပြီး ပြောလိုက်တယ်။
* * * * * * * * *