← Chapters

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း(၂၂၈)

“ငါ ကျရှုံးခဲ့တယ် ထင်တယ်”

မနက်ခင်းမှာ အဲဒီစကားကို ကြားလိုက်ရတဲ့ ဒေးမြောင်ဟာ ဘာလုပ်ရမှန်းမသိဘဲ အဆုံးမရှိ သက်ပြင်းတွေ တရစပ် ချနေမိတော့တယ်။ မာရူး လွယ်လွယ်ကူကူ အောင်မြင်လိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေါ့၊ အရည်အချင်းရှိတဲ့လူတွေ အများကြီး အဲဒီလူရွေးပွဲကို တက်ရောက်ခဲ့ကြမှာပဲလေ။ မာရူးကိုယ်တိုင်လည်း အဲဒီလို ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ မာရူး အဲဒီလို အပိုင်ပြောချလိုက်တာကို မြင်တော့ ဒေးမြောင်စိတ်ထဲမှာ မျှော်လင့်ချက် လုံးဝမရှိတော့သလို ခံစားလိုက်ရတယ်။ လူရွေးပွဲမှာ တစ်ခုခု ဖြစ်ခဲ့တာ အသေအချာပါပဲ။ မာရူး တစ်ခုခု အကြီးအကျယ် မှားခဲ့တာမျိုးလည်း ဖြစ်နိုင်တာပေါ့။

‘မာရူးလို လူမျိုးတောင် အမှားလုပ်တတ်တာပဲကိုး’

မာရူးဟာ များသောအားဖြင့် အပြစ်ပြောစရာမရှိအောင် ပြည့်စုံတတ်ပေမဲ့ သူလည်း တခြားလူတွေနဲ့ သက်တူရွယ်တူပဲလေ။ အရေးကြီးတဲ့ အချိန်ကျမှ မာရူး စိတ်လှုပ်ရှားသွားလို့ လူရွေးပွဲမှာ အဆင်မပြေဖြစ်ခဲ့တာနေမှာလို့ ဒေးမြောင် တွေးမိတယ်။ ကဲ... အသက်မွေးဝမ်းကျောင်း သင်ခန်းစာတွေ သေချာသင်ယူထားတဲ့ တခြားလူတွေအများကြီးနဲ့ ယှဉ်ပြိုင်ရတာဆိုတော့ ဒါကလည်း အထူးအဆန်းတော့ မဟုတ်ပါဘူးလေ။ သူ့ကို ဘယ်လိုမျိုး နှစ်သိမ့်ပေးရမလဲဆိုတာကိုပဲ ဒေးမြောင် စဉ်းစားနေမိတော့တယ်။

သူ့နောက်ဘက်ကို သူ ခိုးကြည့်လိုက်တယ်။ သင်္ချာချိန် ပြီးသွားကတည်းက မာရူးဟာ သူ့ခုံပေါ်မှာ မှောက်အိပ်နေခဲ့တာပါ။ ဒီနေ့တော့ အဲဒီလို ငြိမ်သက်နေတဲ့ ပုံစံက သူ့ကို ပိုပြီး သနားစရာကောင်းအောင် လုပ်နေသလိုပဲ။ တခြားလူတွေ သူ့အတွက် စိတ်မပူရအောင်လို့ ကိုယ့်ကိုယ်ကိုယ် အတင်းအားတင်းထားတာလည်း ဖြစ်နိုင်တယ်။ မာရူးဆိုရင် ဒီလိုလုပ်မှာ အသေအချာပါပဲ။ ဒါပေါ့... လွန်ခဲ့တဲ့ တစ်နှစ်က ပြဇာတ်အသင်းက လူအများကြီးရဲ့ စော်ကားတာကိုတောင် သူ ဘာတစ်ခွန်းမှမပြောဘဲ အောင့်အီးသည်းခံခဲ့တာပဲလေ။

‘အခုလိုအချိန်မှ မနှစ်သိမ့်ရင် ဘယ်အချိန် သွားနှစ်သိမ့်ရမလဲ။ ငါတို့က သူငယ်ချင်းတွေပဲဟာ’

သူက အမြဲတမ်း အကူအညီရယူတဲ့ဘက်ကပဲ ရှိခဲ့တာ။ ဒီနေ့အတွက်တော့ မာရူးအတွက် အသုံးဝင်တဲ့လူတစ်ယောက် ဖြစ်ချင်မိတယ်။ မာရူးရဲ့ ကိုယ်လုံးလေး တစ်ချက် တုန်ခါသွားပြီးနောက် သမ်းဝေရင်း ထထိုင်လိုက်တယ်။ ဒီနေ့တော့ သူ သိပ်အိပ်ငိုက်နေတဲ့ပုံ မပေါ်ဘူး။

‘ငါ သိသားပဲ။ သူ တကယ် စိတ်ပူနေတာနေမှာ’

“ဟေ့... မာရူး” ဒေးမြောင်က လှမ်းခေါ်လိုက်တယ်။

“အင်း... ဘာလဲ”

“ကျောင်းမုန့်ဈေးတန်း သွားမလား”

“မုန့်ဈေးတန်းလား။ ဘာလဲ... မင်း ဗိုက်ဆာလို့လား”

“မဟုတ်ပါဘူး... အဲ... မင်း တစ်ခုခု စားချင်မလားလို့ပါ”

အဲဒီအချိန်မှာပဲ အခြေအနေကို လုံးဝရိပ်မိပုံမပေါ်တဲ့ ဒိုဂျင်က ကြားဖြတ်ဝင်လာတယ်။ ဒေးမြောင်အနေနဲ့ တစ်စုံတစ်ယောက်ကို စိုက်ကြည့်ခဲလှပေမဲ့ ဒီနေ့ကတော့ အဲဒီနေ့ပါပဲ။ ဒိုဂျင်ဟာ လန့်ဖျပ်သွားပြီး ဂနာမငြိမ် ဖြစ်လာတော့တယ်။

“ဘာလဲ... မင်းတို့ ရန်ဖြစ်ထားကြတာလား”

“မဟုတ်ပါဘူး... အဲလိုမဟုတ်ပါဘူး”

ဒေးမြောင်ဟာ သူ့ခုံကနေ ထရပ်လိုက်ပြီး မာရူးရဲ့ လက်မောင်းကို ဆွဲလိုက်တယ်။

“အရင် သွားရအောင်။ ငါ မုန့်ဝယ်ကျွေးမယ်။ အိုင်စကရင်လည်း ဝယ်ပေးမယ်လေ”

“မင်း ဒီနေ့ ဘာဖြစ်နေတာလဲ။ မုန့်ဖိုး ပြတ်နေတယ် ဆို”

“ရပါတယ်ဆို... သွားရအောင်ပါ။ နားချိန် ပြီးတော့မယ်”

ဒေးမြောင်က စိတ်ဓာတ်ကျနေတယ်လို့ သူထင်ထားတဲ့ မာရူးကို ကျောင်းမုန့်ဈေးတန်းဆီ အတင်းဆွဲခေါ်သွားတော့တယ်။ ကံကောင်းထောက်မစွာနဲ့ ပတ်ဝန်းကျင်မှာ လူ သိပ်မရှိပါဘူး။ သူတို့ တန်းစီလိုက်ပြီး မကြာခင်မှာပဲ လူတန်းရဲ့ အရှေ့ဆုံးကို ရောက်သွားတယ်။

“ဘာစားမလဲ”

“ငါ သိပ်ဗိုက်မဆာသေးပါဘူး”

“ဗိုက်မဆာလည်း စားရမှာပေါ့။ အဲဒါမှ...”

သူ စကားစဖြတ်လိုက်တယ်။ အဲဒီအကြောင်းအရာကို ထုတ်ပြောလိုက်ရင် မာရူးရဲ့ စိတ်ကို ထိခိုက်သွားစေနိုင်တယ်လို့ သူ တွေးမိလို့ပါ။ မာရူးက သန်မာတဲ့လူတစ်ယောက် ဖြစ်ပေမဲ့ သူလည်း လူသားတစ်ယောက်ပဲလေ။ ဒေးမြောင်က ပိုပြီး ငဲ့ညှာပေးရမယ်လို့ တွေးလိုက်တယ်။

“အဲ... အဲဒါက ငါတစ်ယောက်တည်း စားရမှာ အိုးတိုးအမ်းတမ်း ဖြစ်လို့ပါ”

“ဒါဆိုလည်း ဒိုဂျင်နဲ့ လာခဲ့ရမှာပေါ့။ သူက တကယ် ဗိုက်ဆာနေတဲ့ ပုံပဲကို”

“သူ့ကိုတော့ နောက်မှ ဝယ်ကျွေးလို့ ရတာပဲ။ ကြိုက်တာ ရွေးစမ်းပါ။ ဖျော်ရည်ဆိုလည်း ရတာပဲ”

“မင်း လမ်းမှာ ပိုက်ဆံကောက်ရလာလို့လား။ ဘာလို့ အဲလောက်တောင် အတင်း သုံးချင်နေရတာလဲ”

သူက မာရူးကို တစ်ခုခုမှာဖို့ အတင်းတိုက်တွန်းနေတာပါ။ မာရူးက ကော်ဖီနို့ မှာလိုက်တယ်။ ဒေးမြောင်က မုန့်နဲ့ နို့ကော်ဖီကို ယူပြီး မုန့်ဈေးတန်း အပေါက်ဝနဲ့ နီးတဲ့နေရာမှာ ဝင်ထိုင်လိုက်တယ်။

“ရော့... မင်းအတွက်”

“အင်း... ကျေးဇူးပဲ။ ဒါပေမဲ့ မင်း ဘာကြံစည်နေလဲဆိုတာ ငါ တကယ် မသိဘူး”

“ဟိုလေ... မာရူး”

“အင်း... ဘာလဲ”

“မင်း တစ်ခုခု စိတ်ပူနေတာရှိရင် ငါ့ကို ပြောပြလို့ ရတယ်နော်။ ငါ မကူညီနိုင်ရင်တောင်မှ မင်းပြောတာကို အမြဲ နားထောင်ပေးနိုင်ပါတယ်”

“ဟေ့... မင်း ငါ့ကို အကူအညီတောင်းစရာ ရှိလို့လား။ အဲလိုဆိုရင်လည်း စကားတွေ လှည့်ပတ်မနေနဲ့၊ တည့်တည့်သာ ပြောစမ်းပါ”

“ငါ မင်းဆီက ဘာမှ အကူအညီမတောင်းပါဘူး။ ငါက မင်းရဲ့ သူငယ်ချင်းအနေနဲ့ မင်းပြောတာကို နားထောင်ပေးဖို့ အမြဲ အဆင်သင့်ရှိနေတယ်လို့ ပြောတာပါ။ ဥပမာ... မင်း အဆင်မပြေဖြစ်နေတာကို ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်နေတာမျိုးပေါ့... အဲဒါမျိုးတွေလေ” အဲဒီလိုပြောရင်း ဒေးမြောင်က ပြုံးလိုက်ပြီး မုန့်ကို တစ်ကိုက် ကိုက်လိုက်တယ်။ သူ လူမရိပ်မိအောင် တော်တော်လေး လုပ်နိုင်ခဲ့တယ်လို့ ကိုယ့်ကိုယ်ကိုယ် တွေးနေတာပါ။ ဒါပေမဲ့ မာရူးကတော့ သူ့ကို မျက်မှောင်ကုတ်ပြီး စိုက်ကြည့်နေတယ်။

“မင်း နေမကောင်းဘူးလား”

“ဟင်။ မဟုတ်ပါဘူး... ငါ နေကောင်းပါတယ်”

“ဒါဆို မင်း တစ်ခုခု စိတ်ပူနေတာ ရှိလို့လား”

“မဟုတ်ပါဘူး... လုံးဝမရှိဘူး”

“ဒါဆို ငါက ဘာလို့ ဒီလောက်တောင် စိတ်အနှောင့်အယှက် ဖြစ်နေရတာလဲ။ ဒီနို့ကို သောက်နေရတာ လုံးဝ အဆင်မပြေဘူး။ မင်း အခု တကယ် ထူးဆန်းနေတယ်”

“အဲ... အဲလို မဟုတ်နိုင်ပါဘူး၊ ဟုတ်တယ်မလား။ ငါက... မင်း ပြောပြချင်ရင် နားထောင်ပေးချင်ရုံတင်ပါ၊ ဟုတ်တယ်... အဲဒါ ဟုတ်တယ်။ မင်း စိတ်ပူတာ ဒါမှမဟုတ် တစ်ခုခု ဖြစ်နေရင် ငါ့ကို ဘာမဆို ပြောပြပါ။ ငါတို့ ကာရာအိုကေ တူတူသွားကြမလား”

မာရူးက ခေါင်းကို တစ်စောင်းလုပ်ပြီး သူ့ကို ပြန်စိုက်ကြည့်နေတယ်။ မာရူးက ရှက်လို့ ဒီလိုမျိုး ဟန်ဆောင်နေတာလို့ ဒေးမြောင် တွေးလိုက်မိတယ်။ ဒါပေါ့... သူက တခြားလူတွေအရှေ့မှာ ဘယ်တော့မှ မတုန်လှုပ်တဲ့ ပုံစံပဲ အမြဲ ပြသခဲ့တာကိုး။ သူ့ရဲ့ အားနည်းတဲ့ အချက်ကို ပြသရမှာက သူ့အတွက်တော့ သိပ်ကို စိမ်းသက်ပြီး အိုးတိုးအမ်းတမ်း ဖြစ်နေမှာ အသေအချာပဲ။ ဒါပေမဲ့ သူငယ်ချင်းဆိုတာ ဘာအတွက်လဲ။ သူငယ်ချင်းဆိုတာ အဲဒီလူရဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို လက်ခံဖို့ အဆင်သင့် ရှိနေရမှာ မဟုတ်ဘူးလား။

“အားတင်းထားပါ”

ဒေးမြောင် အများကြီး မပြောတော့ပါဘူး။ မာရူးအနေနဲ့ သူ ဘာလုပ်နေလဲဆိုတာကို နားလည်သွားလိမ့်မယ်လို့ သူ ထင်လိုက်တယ်။

* * * * * * * * *

“ဟေ့... ဒိုဂျင်”

“အင်း... ဘာလဲ”

“ဒေးမြောင် တစ်ခုခု ဖြစ်နေလို့လား”

“ဟင့်အင်း... ငါသိသလောက်တော့ ဘာမှမဖြစ်ပါဘူး။ ဪ... သူ နည်းနည်း ဝလာတယ်။ သူက အရင်ကတည်းက ဝတုတ်ကြီးပါ၊ အခုတော့ ပိုဝလာတာပေါ့။ ငါ့အထင်တော့ သူ ဝိတ်ချဖို့ လိုနေပြီ ထင်တယ်” ဒိုဂျင်က သမ်းဝေရင်း ပြောလိုက်ပြီး သူ့ခုံပေါ်က လက်မောင်းတွေပေါ် ခေါင်းမှောက်ချလိုက်တော့တယ်။ ဒိုဂျင်က ဘာမှမသိဘူးဆိုတာ မာရူး ရိပ်မိလိုက်တယ်။ အဲဒါနဲ့ မာရူးက ကျောက်သင်ပုန်းကို စိတ်လွင့်ပြီး စိုက်ကြည့်နေတဲ့ ဒိုဝူးရဲ့ ခါးကို လှမ်းတို့လိုက်တယ်။

“အမလေး... နာလိုက်တာ”

“ဒီမှာ ဇီးကွက်တစ်ကောင်မှ မရှိဘူး။ ဟေ့... မင်း ဒေးမြောင်ဆီက ဘာသတင်းမဆို ကြားမိသေးလား”

“ဒါက ဘာဖြစ်လို့လဲ”

“ဥပမာ... မကြာသေးခင်က သူ တစ်ခုခု ဒုက္ခရောက်နေတာမျိုးပေါ့။ ဒါမှမဟုတ် သူတစ်ယောက်တည်း စိတ်ပူနေတာမျိုး မင်း မြင်မိလားလို့”

“အဲလိုမျိုး ဘာမှမဖြစ်ပါဘူး။ မင်းက ဒီလိုကိစ္စလေးအတွက်နဲ့ ငါ့ခါးကို လာတို့တာလား” အဲဒီလိုပြောပြီး ဒိုဝူးက ညည်းညူရင်း သူ့ခုံကနေ ထရပ်လိုက်တယ်။ ဒေးမြောင်က လိမ်ညာရတာ သိပ်ကျွမ်းကျင်တာ မဟုတ်ဘူး။ တစ်ခုခု ဖြစ်ခဲ့ရင် ဒီနှစ်ယောက်က သတိထားမိမှာ အသေအချာပဲ။ ဒီနှစ်ယောက်မှ မသိရင် ဒေးမြောင်မှာ ဘာပြဿနာမှ မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့။

“မာရူး”

ဒေးမြောင် ပြန်လာပြီ။ သူ့လက်ထဲမှာ အအေးဘူးတစ်ဘူး ပါလာတယ်။ မနေ့ကအတိုင်းပဲ ဒေးမြောင်က ပျော်ပျော်ရွှင်ရွှင်နဲ့ သရေစာတွေ လိုက်ဝေနေတာပါ။ ဒိုဂျင်က တစ်ခု တောင်းလိုက်တဲ့အခါ သူက လန့်ဖျပ်သွားပြီး ခေါင်းခါပြလိုက်တယ်။ ဒီကောင် ဘာကြံစည်နေလဲဆိုတာ မာရူး တကယ် မသိတော့ဘူး။

“ရော့... ဒါ သောက်လိုက်”

“...အင်း... ဟုတ်ပြီ”

ဒီအချိန်မှာတော့ မာရူးလည်း ထူးဆန်းနေပြီ။ ဒေးမြောင်ရဲ့ စေတနာက သူ့ကို ပထမဆုံးအကြိမ် ခြောက်လှန့်နေသလို ခံစားရတာပါ။ အထူးသဖြင့် သူ့ရဲ့ မျက်လုံးတွေပေါ့... သနားစရာကောင်းတဲ့ ပုံစံနဲ့ စိုက်ကြည့်နေတဲ့ အဲဒီမျက်လုံးတွေကြောင့် မာရူးဟာ သတိကြီးစွာနဲ့ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်မိတော့တယ်။ သူကိုယ်တိုင် မမြင်ရဘဲ ဒေးမြောင်ပဲ မြင်နေရတဲ့ တစ်ခုခု ပတ်ဝန်းကျင်မှာ ရှိနေလို့နေမှာပေါ့။ ဥပမာ... ဒီလောကကြီးကို တွယ်တာနေတဲ့ သရဲတစ္ဆေမျိုးပေါ့။

“မာရူး။ မင်း သိတယ်မလား”

“ဘာကို သိရမှာလဲ”

“နောင်ကျရင် အရာအားလုံး အဆင်ပြေသွားမှာပါ။ ကျရှုံးခြင်းက အောင်မြင်ခြင်းရဲ့ မိခင်ပေါ့။ ဟုတ်တယ်မလား” ဒေးမြောင်က အဲဒီစကားတွေကို ပြောရင်း သူ့မျက်နှာမှာ ကျေနပ်စရာ အပြုံးတစ်ခု ပေါ်နေတယ်။ မာရူး အခုတော့ တကယ် စိတ်ပူလာပြီ။ ဒီကောင် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြဿနာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်နေတာလည်း ဖြစ်နိုင်တာပဲ...

အဲဒီအချိန်မှာပဲ သူ့ခေါင်းထဲကို တစ်ခုခု ဖျတ်ခနဲ ပေါ်လာတယ်။ ဒေးမြောင်က မနေ့ကတည်းက ထူးဆန်းနေခဲ့တာ။ မနက်ခင်း အခန်းတွင်း ဆုံတွေ့ချိန်မတိုင်ခင်အထိ သူ လုံးဝ အဆင်ပြေနေခဲ့တာပါ၊ မာရူးနဲ့ စကားပြောပြီးတဲ့နောက်မှ ဒေးမြောင်က ထူးဆန်းသွားတာလို့ မာရူး ယုံကြည်လိုက်တယ်။ မဟုတ်ဘူး... သူ သေချာပေါက် သိလိုက်ပြီ။

‘ငါ သူ့ကို ဘာပြောခဲ့မိလို့လဲ’

သူ ဘာမှ ထူးထူးဆန်းဆန်း ပြောခဲ့မိတယ်လို့ မထင်ပါဘူး။ မာရူးက သူ့မေးစေ့ကို လက်နဲ့ကိုင်ပြီး ဒေးမြောင်ကို စိုက်ကြည့်လိုက်တယ်။ သာမန် စကားပြောတွေကို မှတ်မိနိုင်လောက်အောင် သူ ဦးနှောက်မကောင်းတာကို နည်းနည်းတော့ စိတ်ပျက်မိတာပေါ့။ အခုလို အချိန်မျိုးမှာတော့ ကာယကံရှင်ကို တိုက်ရိုက်မေးတာက ပိုကောင်းပါတယ်။

“ဒေးမြောင်”

“အင်း... ဘာလဲ”

“ငါ မနေ့က မင်းကို တစ်ခုခု မှားပြောခဲ့မိလား။ လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက မင်း အပြုအမူတွေ ထူးဆန်းနေတယ်။ မင်းကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အရာ ရှိရင် ဘာမဆို ပြောပြပါ။ ငါတို့တွေ ရှင်းရှင်းလင်းလင်း လုပ်ကြရအောင်”

“...ဪ... အဲ... မဟုတ်ပါဘူး။ အဲလိုမျိုး မဟုတ်ပါဘူး”

ဒေးမြောင်ရဲ့ မျက်နှာအမူအရာက သူပြောတဲ့စကားကို လုံးဝ သစ္စာဖောက်နေတာပေါ့။ မာရူးက သူ့မေးစေ့ကို လက်နဲ့ကိုင်ပြီး ဒေးမြောင်ကို စိုက်ကြည့်နေမိတယ်။ ဒေးမြောင်ရဲ့ မျက်လုံးတွေထဲမှာ သနားစရာကောင်းတဲ့ ပုံစံထက် ပိုတဲ့တစ်ခုခု ပါဝင်နေတာကို သူ သတိထားမိလိုက်တယ်။ ပြီးခဲ့တဲ့အချိန်က သူတို့တွေ မိုးရေထဲမှာ စိုရွှဲပြီး ညည်းတွားနေတဲ့ ခွေးကလေးတစ်ကောင်နဲ့ တိုးခဲ့ဖူးတယ်။ အဲဒီခွေးကလေးကို ကြည့်တုန်းက ဒေးမြောင်ရဲ့ မျက်လုံးတွေက အခု မာရူးကို ကြည့်နေတဲ့ မျက်လုံးတွေနဲ့ ထပ်တူပါပဲ။ မာရူးက ဒေးမြောင်ရဲ့ စိတ်ထဲက အတွေးတွေကို ဖတ်ဖို့ စဉ်းစားလိုက်ပေမဲ့ အဲဒီလို ထူးဆန်းတဲ့ စွမ်းအားကို သူနဲ့ ရင်းနှီးတဲ့လူတစ်ယောက်အပေါ်မှာ မသုံးချင်ပါဘူး။

‘ကဲ... ဒါက သိပ်ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပုံရပါဘူး၊ ရက်ပိုင်းလောက်ဆိုရင် အဆင်ပြေသွားမှာပါ’

* * * * * * * * *

“မင်းတို့က သူငယ်ချင်း ဖြစ်ဖို့ မထိုက်တန်ဘူး”

ဒိုဝူးက ဒေးမြောင်ကို ‘ဒါ ဘာလျှောက်ပြောနေတာလဲ’ ဆိုတဲ့ အမူအရာနဲ့ စိုက်ကြည့်လိုက်တယ်။ ဒါက ဒိုဂျင်နဲ့ သူ့ကို ခေါ်ထုတ်ပြီးတဲ့နောက် ဒေးမြောင်ရဲ့ ပါးစပ်ကနေ ပထမဆုံး ထွက်လာတဲ့ စကားလုံးတွေပါ။ ဘာအကြောင်းအရင်းမှမရှိဘဲ ပြောလိုက်တာပေါ့။ ဒိုဝူးက မျက်မှောင်ကုတ်လိုက်တယ်။ ဒေးမြောင်က လန့်ဖျပ်သွားပြီး နောက်တစ်လှမ်း ဆုတ်လိုက်တယ်။

“ဟေ့... ငါ နားလည်အောင် သေချာပြောစမ်းပါ”

“အဲ... အဲဒါက... မင်းတို့တွေ မာရူးအတွက် နည်းနည်းလေးတောင် စိတ်မပူကြဘူးလား”

“ဟန်မာရူး အကြောင်းလား။ သူက ဘာဖြစ်လို့လဲ”

“မင်းတို့တွေ ဘာလို့ အဲလောက်တောင် အူကြောင်ကြောင် ဖြစ်နေရတာလဲ။ ဒိုဂျင်... မင်းကော ဘာမှ သတိမထားမိဘူးလား”

အဲဒီမေးခွန်းကို ကြားတော့ ဒိုဂျင်လည်း ဘာမှမပြောဘဲ မတ်တတ်ရပ်နေခဲ့တယ်။ သူလည်း ဘာမှမသိတာ သိသာပါတယ်။ ဒေးမြောင်က သက်ပြင်းချလိုက်တယ်။

“မာရူး လူရွေးပွဲ ဝင်ထားတာကို မင်းတို့နှစ်ယောက်လုံး သိတယ်မလား”

“အင်း... သိတယ်လေ”

“အဲဒီလူရွေးပွဲမှာ သူ ကျရှုံးခဲ့ပုံရတယ်။ အဲဒါကြောင့်ပဲ သူ ဒီတစ်ပတ်လုံး မျက်နှာမကောင်းဖြစ်နေတာပေါ့”

“ရလဒ်တွေ ထွက်လာပြီလား”

လူရွေးပွဲ ရလဒ်တွေ ထွက်လာပြီဆိုတာကို ဒိုဝူး မကြားမိသေးပါဘူး။

“မဟုတ်ဘူး... ဒါပေမဲ့ မာရူး ပြောတဲ့ စကားရဲ့ အဓိပ္ပာယ်အရဆိုရင် သူ လူရွေးပွဲမှာ အမှားကြီးတစ်ခု လုပ်ခဲ့မိပုံရတယ်။ အဲဒါကြောင့် အောင်မြင်ဖို့ မျှော်လင့်ချက် လုံးဝ မရှိတော့တာပေါ့”

“ဒါနဲ့ ဘာဖြစ်လဲ”

“ ‘ဒါနဲ့ ဘာဖြစ်လဲ’ လို့ မင်းက ဘယ်လို ပြောနိုင်ရတာလဲ။ အဲဒါက မာရူးအတွက် တကယ် အရေးကြီးတဲ့ လူရွေးပွဲ ဖြစ်ခဲ့တာနော်။ သူ အခု စိတ်ဓာတ်ကျနေမှာပေါ့။ သူ ငါတို့ကို ထုတ်မပြပေမဲ့ သူ တကယ် စိတ်မကောင်း ဖြစ်နေမှာ အသေအချာပဲ” ဒေးမြောင်ရဲ့ အသံက စိုးရိမ်တကြီး ဖြစ်နေတယ်။ ဒိုဝူးက ဒိုဂျင်ရဲ့ ပုခုံးကို ပုတ်လိုက်တယ်။

“မင်း တစ်ခုခု သတိထားမိလား”

“လုံးဝ မရိပ်မိဘူး။ မာရူးက ပုံမှန်အတိုင်းပါပဲ”

ဒိုဝူးက သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ မာရူးက တစ်နေ့ကုန် အိပ်နေခဲ့တာပါ။ သူ ဘယ်လိုမျိုး စိတ်ပျက်စရာ ရှိနိုင်မှာလဲ။ ပထမဆုံးအနေနဲ့ မာရူးက အဲဒီလို ကိစ္စမျိုးကြောင့် စိတ်ဆင်းရဲနေမယ့် လူစားမျိုး မဟုတ်ပါဘူး။ ဒိုဝူး သိထားတဲ့ ဟန်မာရူး ဆိုတဲ့ လူကတော့ အတန်းထဲကလူတွေက သူ့ကို အနိုင်ကျင့်ဖို့ ဆုံးဖြတ်ခဲ့ရင် သူက တစ်တန်းလုံးကို ပြန်အနိုင်ကျင့်ပြီး ကျောင်းတစ်ကျောင်းလုံးကပါ သူ့အတန်းကို အနိုင်ကျင့်အောင် လုပ်မယ့်လူမျိုးပေါ့။ သူက ကျောင်းက လူမိုက်တွေအားလုံးကို ဘာသံမှမထွက်ဘဲ စိတ်ကြိုက် ကိုင်တွယ် ခဲ့တဲ့ လူမျိုးပဲဟာ။ အဲဒီလိုလူက စိတ်ပူနေတယ် စိတ်ပျက်နေတယ် ဒေးမြောင်က မာရူးကို အဲဒီစကားလုံးတွေနဲ့ ဘယ်လိုများ ဆက်စပ်တွေးတောနိုင်လဲဆိုတာကိုပဲ သူ အံ့ဩမိတော့တယ်။

“ဒါက တကယ် ရူးချင်စရာပဲ။ ဟေ့... မင်း အမြင်တွေ လွန်နေပြီ။ သူက စိတ်ပျက်နေတယ် ဟုတ်လား။ အဟက်... ဟုတ်ပါပြီလေ”

“ဟေ့... အဲလိုမျိုး မပြောပါနဲ့။ မာရူးမှာလည်း နုညံ့တဲ့ အစိတ်အပိုင်း ရှိမှာပေါ့။ ငါတို့ သူ့ကို နှစ်သိမ့်ပေးပြီး အားပေးရမယ်”

ဒေးမြောင်က တော်တော်လေး အတည်ဖြစ်နေတာပါ။ အစကတော့ သူ ရယ်ပစ်လိုက်မလို့ပဲ၊ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ မာရူးကလည်း သာမန် အထက်တန်းကျောင်းသားတစ်ယောက်ပဲလေ။ သူ့ရဲ့ လူကြီးဆန်တဲ့ ဟန်ဆောင်မှုတွေရဲ့ အနောက်ကွယ်မှာ သူ ဘာတွေ တွေးနေမလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒေးမြောင် ပြောသလိုပဲ သူ အခု တကယ် ခက်ခဲနေတာလည်း ဖြစ်နိုင်တာပေါ့။

“ဒါက တကယ် ဖြစ်နိုင်မလား” ဒိုဂျင်က စိုးရိမ်တကြီး တွေးတောနေတယ်။ အမြဲတမ်း ပေါ့ပေါ့ပါးပါး နေတတ်တဲ့ ဟန်ဒိုဂျင်ကတောင် စိုးရိမ်နေပြီဆိုတော့ ဒိုဝူးလည်း နည်းနည်းတော့ စိတ်ပူလာမိတယ်။ ပြန်စဉ်းစားကြည့်ရင် မာရူးက လူရွေးပွဲအကြောင်း တကယ်ကို ဘာမှ ထုတ်မပြောခဲ့ပါဘူး။ သူ တကယ်ပဲ စိတ်ပျက်ပြီး စိတ်ဆင်းရဲနေတာလည်း ဖြစ်နိုင်တာပဲ။ ဒိုဝူး ခဏလောက် စဉ်းစားပြီးမှ စကားပြောလိုက်တယ်။

“...ငါတို့ သူ့ကို ကာရာအိုကေ ခေါ်သွားမလား၊ ဒါမှမဟုတ် မိန်းကလေးတွေနဲ့ ချိန်းတွေ့ပွဲ လုပ်ပေးမလား”

“မိန်း... ချိန်းတွေ့ပွဲ ဟုတ်လား”

“မိန်းကလေးအချို့နဲ့ အတူတူ လည်ပတ်လိုက်ရင် သူ စိတ်သက်သာရာရသွားမှာပေါ့”

“မဟုတ်ဘူး။ မာရူးမှာ ရည်းစားရှိတယ်”

“ဒါနဲ့ ဘာဖြစ်လဲ။ သူတို့က မိန်းကလေး သူငယ်ချင်းတွေပဲဟာ၊ မင်းကလည်း ယောက်ျားလေး သူငယ်ချင်းလေ။ ဟုတ်တယ်မလား”

“အဲ... အဲဒါကို ငါတို့ တကယ် လုပ်သင့်လို့လား”

“ဟေ့။ မင်း ခေါင်းရှုပ်နေတဲ့အချိန်မှာ ကာရာအိုကေမှာ အဆုတ်ကွဲမတတ် အော်ဟစ်လိုက်တာက အကောင်းဆုံး ဆေးပဲ။ ခဏစောင့်၊ ငါ လူအချို့ကို ဖုန်းဆက်လိုက်ဦးမယ်”

“ငါ... ငါတော့ အဲဒါကို လက်ရှောင်ပါရစေ” ဒေးမြောင်က တကယ်ကို ပြာပြာသလဲ ဖြစ်ပြီး ပြန်ဖြေလိုက်တယ်။ ဒါပေမဲ့ ဒိုဝူးက အဲဒါကို လက်မခံပါဘူး။

“ဒီကိစ္စကို စပြောတာ မင်းပဲဟာ၊ ဒါကြောင့် မင်း ဘယ်မှ သွားလို့မရဘူး”

“ငါ... ငါက မိန်းကလေးတွေနဲ့ဆို အဆင်မပြေတတ်ဘူး”

“မင်း ကျင့်သားရအောင် လုပ်ရမယ်။ ခဏပဲ စောင့်။ ဒိုဂျင်... မင်းလည်း လာမှာ မဟုတ်လား”

“...ဟင်။ ငါလား။ ငါတော့ လာနိုင်မယ် မထင်ဘူး၊ အီဆိုးလ်က...”

“ဟေ့ကောင်... မင်း သူငယ်ချင်း ဒုက္ခရောက်နေတာနော်”

“သူသာ သိသွားရင် ငါ တကယ် သေသွားနိုင်တယ်”

ဒိုဂျင်က နောက်ဆုတ်ဖို့ ကြိုးစားနေတာပါ။ ဒိုဝူးက သူ ထွက်မပြေးနိုင်အောင် သူ့လည်ပင်းကို လက်မောင်းနဲ့ သိုင်းဖက်ပြီး ချုပ်ထားလိုက်တယ်။

“ဒါဆိုလည်း မင်း သေချင်သလို သေပေါ့ကွာ။ ဘာပဲဖြစ်ဖြစ် ဒါဆို ငါတို့ လေးယောက်ပေါ့”

ဒီနေ့က သောကြာနေ့ ဖြစ်တာကြောင့် အချိန်ပိုင်းအရ ဘယ်သူ့မှာမှ ပြဿနာရှိမှာ မဟုတ်ပါဘူး။ သူ ဖုန်းအချို့ ဆက်လိုက်ပြီးတဲ့နောက် မိန်းကလေး လေးယောက်နဲ့ အစီအစဉ် အောင်မြင်သွားတော့တယ်။ မာရူးအနေနဲ့ စကိတ်ဖိနပ် စီးလိုက်ပြီး ကာရာအိုကေမှာ အဆုတ်ကွဲမတတ် အော်ဟစ်လိုက်ရင် စိတ်သက်သာရာ ရသွားမှာ အသေအချာပါပဲ။

အဲဒီအချိန်မှာပဲ မာရူး အတန်းထဲကို ပြန်ရောက်လာတယ်။

“ဘာလဲ။ မင်းတို့ အိမ်မပြန်ကြသေးဘူးလား။ ဒီနေ့ လေ့ကျင့်ရေး မရှိဘူး မဟုတ်လား”

မာရူးက သူ့လွယ်အိတ်ကို ယူပြီး ပြန်ထွက်သွားဖို့ လုပ်နေတာပါ။ ဒိုဝူးက မာရူးကို အမြန် လှမ်းခေါ်လိုက်တယ်။

“ဟေ့... ဟန်မာရူး”

“ဘာဖြစ်လို့လဲ”

“ငါတို့ မိန်းကလေးအချို့နဲ့ ကာရာအိုကေ သွားကြမလဲ။ ဒီအစ်ကိုကြီးက မင်းကို ဘယ်လိုကစားရမလဲဆိုတာ ပြပေးမယ်”

“မသွားဘူး။ မင်းတို့ဘာသာ မင်းတို့ သွားကြပါ”

“ဘာလို့လဲ”

“ငါ လူရွေးပွဲကြောင့် မနက်ဖြန် ဆိုးလ်ကို ထပ်သွားရဦးမယ်။ အချိန်မရှိဘူး”

“ဘာ... ဘာလဲ။ မင်း ကျရှုံးခဲ့တယ် ထင်လို့ဆို”

“ဘယ်သူက အဲလိုပြောတာလဲ။ ငါ မနေ့က အောင်မြင်တယ်လို့ အကြောင်းကြားစာ ရခဲ့တယ်။ ဒါပေမဲ့ အခန်းကဏ္ဍတွေ သတ်မှတ်ဖို့အတွက် ထပ်လာခဲ့ဖို့ ပြောလို့ပါ”

ဒိုဝူးက ဒေးမြောင်ကို လှည့်ကြည့်လိုက်တယ်။ ဒါက သူ ကြားခဲ့ရတဲ့ အကြောင်းအရာ မဟုတ်ပါဘူး။

“မာ... မာရူး။ မင်း ငါ့ကို ကျရှုံးခဲ့တယ် ထင်တယ်လို့ ပြောခဲ့တယ်လေ”

“ဟင်။ ဘာကိုလဲ”

“ငါ မင်းကို မေးတုန်းက မင်း ဖြေခဲ့တာလေ... ကျရှုံးခဲ့တယ် ထင်တယ်ဆိုပြီးတော့”

“အဲဒါက ငါ တကယ်ပဲ ကျရှုံးသွားခဲ့ရင် စိတ်မကောင်းဖြစ်ရတာ နည်းအောင်လို့ အဲဒီလိုမျိုး ကြိုတွေးထားရတာလေ။ ဒါက သာမန် ဆင်ခြင်တုံတရား မဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ် မင်းတို့ အပြင်သွားရင် လျှောက်မလုပ်ကြနဲ့ဦး။ အရက် မသောက်ကြနဲ့၊ အိမ်ကို စောစောပြန်။ နောက်ကျမယ် ထင်ရင် မိဘတွေကို ဖုန်းဆက်ဦး။ မိဘတွေကို စိတ်မပူစေနဲ့၊ ကြားလား”

မာရူးက သူတို့ကို လက်ပြပြီး ထွက်သွားတော့တယ်။ ဒိုဝူးက သူ့နှုတ်ခမ်းတွေ ကွေးတက်လာသလို ခံစားလိုက်ရတယ်။ သူ ရုတ်တရက် တကယ် ဒေါသထွက်လာမိတာပေါ့။ သူ့ရဲ့ ဒေါသကို ဘယ်သူ့ဆီမှာ သွားပုံချရမလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း ပါပဲ။

“ဒေးမြောင်”

“အဲ... အင်း... ဘာလဲ”

“မင်းတော့ အရိုက်ခံရဖို့ လိုနေပြီ ထင်တယ်”

* * * * * * * * *

တနင်္ဂနွေနေ့ မနက်ခင်း ဖြစ်ပါတယ်။ ဆိုးလ်ကို ထပ်သွားမှာလားလို့ မေးနေတဲ့ သူ့ညီမရဲ့ စကားတွေကို မာရူး လျစ်လျူရှုထားလိုက်တယ်။ အဲဒီစကားကို ဆက်ပြောနေရင် သူမက သူ့ကို တစ်ခုခု ဝယ်ပေးဖို့ တောင်းဆိုတော့မှာ အသေအချာပဲလေ။ မာရူး ကားပေါ်တက်လိုက်ပြီး အကြောင်းကြားစာ မက်ဆေ့ခ်ျကို ကြည့်လိုက်မိတယ်။

‘ငါ အောင်မြင်ခဲ့တာတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ အခုက အခန်းကဏ္ဍ သတ်မှတ်ဖို့တဲ့ ဟုတ်လား’

လူမိုက် အခန်းကဏ္ဍတွေအတွက် ညှိနှိုင်းမှုအချို့ ရှိနေလို့ ထင်ပါရဲ့။ ကဲ... JA အဆောက်အဦးကို ရောက်ရင်တော့ သိရမှာပါပဲလေ။

* * * * * * * * *

All Chapters