အခန်း ၂၃၀
Vol. 23 Ch. 230
အခန်း(၂၃၀)
“အခန်း ၄၄။ အပြင်ဘက်။ လမ်းမ။ အရုဏ်တက်ချိန်။ လမ်းကြားထဲကနေ သောက်သောက်စားစားနဲ့ ဆူညံနေတဲ့အသံတွေကို တစ်ချက်တစ်ချက် ကြားနေရတယ်။ ဒိုဆူးက ခုံတန်းလျားတစ်ခုပေါ်မှာ လှဲနေတယ်။ လမ်းသရဲတစ်ယောက်ကတော့ ကိုယ်ကိုခွေပြီး ညည်းတွားနေတဲ့ ဒိုဆူးအနားကို တိုးသွားတယ်” လို့ ထယ်ဟို က ဇာတ်ညွှန်းထဲက အိုက်တင်ပြကွက်တွေကို အသံကျယ်ကျယ်နဲ့ ဖတ်ပြလိုက်တယ်။ ဒိုဆူးဆိုတာက ‘နေဝင်ချိန်နှစ်ကာလများ’ ရုပ်ရှင်ထဲက အဓိကဇာတ်ဆောင် ခေါင်းဆောင်မင်းသားကြီးပေါ့။
“ကဲ... ကောင်းပြီ၊ ငါတို့က အတိအကျရိုက်မယ့် နေရာကို သေချာမသိသေးတော့ ပုံမှန်မြင်တွေ့နေကျ အခြေအနေတစ်ခုကိုပဲ စိတ်ကူးကြည့်ရအောင်။ စဥ်းစားကြည့်စမ်း။ မင်းတို့က ဘားတွေ၊ အရက်ဆိုင်တွေ အများကြီးရှိတဲ့ လမ်းမတစ်ခုပေါ်မှာ ရောက်နေတာ။ အချိန်ကတော့ အာရုံတက်စောစောစီးစီးပေါ့။ ပိတ်ရက်လည်း မဟုတ်တော့ ဒီလိုအချိန်အထိ သောက်နေတဲ့သူက သိပ်မရှိဘူး။ အရက်သမားတွေရဲ့ အသံကိုပဲ တစ်ချက်တစ်ချက် ကြားနေရမယ်။ ကဲ... ဒါဆိုရင် မင်းတို့လို အထက်တန်းကျောင်းသား နှစ်ယောက်က ဘာဖြစ်လို့ ဒီလိုနေရာမျိုးကို ရောက်နေရတာလဲ”
“သူငယ်ချင်းတွေနဲ့ ပျော်ပါးသောက်စားနေခဲ့ကြတာ ဖြစ်မှာပါ” လို့ ဂျီဆော့ က ပြန်ဖြေတယ်။
“ကျွန်တော်တို့ မျက်နှာပေးနဲ့ ဝင်လို့ရမယ့် အရက်ဆိုင်တွေကို လိုက်ရှာနေတာလည်း ဖြစ်နိုင်တယ်လေ” လို့ မာရူးက သူ့မေးစေ့ကို ပွတ်ရင်း ဝင်ပြောလိုက်တယ်။
“ကောင်းပြီ။ သူငယ်ချင်းတွေနဲ့ ပျော်နေတာပဲဖြစ်ဖြစ်၊ ဆိုင်ထဲခိုးဝင်ဖို့ ကြိုးစားနေတာပဲဖြစ်ဖြစ်ပေါ့။ ဘာပဲဖြစ်ဖြစ် မင်းတို့က လမ်းသရဲတွေဆိုတော့ စိတ်ထဲမှာ အမြဲတမ်း ဒေါသတကြီးနဲ့ ရန်လိုနေတဲ့ ပုံစံမျိုး ဖြစ်နေရမယ် မဟုတ်လား”
ထယ်ဟို က ဂျီဆော့ ဘက်လှည့်ပြီး၊
“နောက်စာသားကို ဖတ်ကြည့်စမ်း” လို့ ပြောလိုက်တယ်။
ဂျီဆော့ က ဇာတ်ညွှန်းကို တစ်ချက်ကြည့်ပြီး ခပ်တိုးတိုးရယ်ရင်း သူ့စာသားကို ပြောလိုက်တယ်။
“အဘိုးကြီး။ ဟေ့... အဘိုးကြီး။ ဒီမှာ ဆက်အိပ်နေရင် သေသွားလိမ့်မယ် သိရဲ့လား”
“ကောင်းတယ်။ လမ်းသရဲ ပုံစံအတိုင်းပဲ။ ကဲ... နောက်တစ်ယောက်၊ မင်းအလှည့်”
မာရူးက ဇာတ်ညွှန်းကို လှမ်းကြည့်လိုက်တယ်။ စာသားမလာခင် ဘေးမှာ ‘သူငယ်ချင်းတွေဘက် လှည့်ပြီး ဖြဲစပ်စပ် ရယ်ပြရင်း’ ဆိုတဲ့ အိုက်တင်ညွှန်ကြားချက်လေး ပါနေတာကို တွေ့ရတယ်။ သူ ဇာတ်ကွက်ကို အကြမ်းဖျင်း မြင်ယောင်ကြည့်လိုက်မိတယ်။ လမ်းသရဲတွေက မူးနေတဲ့ အဘိုးကြီးတစ်ယောက်ကို တွေ့တော့ သူ့အခြေအနေကို လာပြီး ကလိကြတာပေါ့။ ဒါပေမဲ့ မာရူးက ဒီစာသားကို စိတ်ပူပေးတဲ့ လေသံမျိုးနဲ့ ပြောရင် ပိုကောင်းမယ်လို့ စဥ်းစားမိတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီအဘိုးကြီး သတိရသေးလား၊ မရသေးလားဆိုတာကို အကဲခတ်ဖို့က အရေးကြီးတယ်လေ။ မာရူးက သူ့အသံကို အရင်နှိမ့်လိုက်ပြီး အိပ်ပျော်နေတဲ့သူကို နှိုးတဲ့ပုံစံမျိုးနဲ့ ပြောလိုက်တယ်။
“အဘိုး။ ဟဲလို... အဘိုး ဒီမှာ ဆက်အိပ်နေရင် သေသွားလိမ့်မယ်ဗျ၊ သိရဲ့လား”
“အင်... မင်းရဲ့ လေသံက တခြားစီ ဖြစ်နေပါလား။ ဘာလို့ အဲဒီလို ပြောလိုက်တာလဲ”
“ကျွန်တော့်အမြင်တော့ စပ်ဖြဲဖြဲနဲ့ သွားတာထက်စာရင် အခုလိုပုံစံက ပိုပြီး သဘာဝကျမယ် ထင်လို့ပါ”
“အေး... ငါ သဘောပေါက်ပြီ”
အဲဒီအချိန်မှာပဲ ထယ်ဟို က ဇာတ်ညွှန်းစာအုပ်နဲ့ စားပွဲခုံကို ‘ဖြောင်း’ ဆိုပြီး အရှိန်ပြင်းပြင်း ရိုက်ချလိုက်တယ်။ မာရူး မျက်မှောင်ကြုတ်ပြီး ထယ်ဟို ကို စိုက်ကြည့်လိုက်မိတယ်။
“မင်း တော်တယ်ဆိုတာ ငါ သိပါတယ်။ အဲဒီလိုမျိုး စဉ်းစားတွေးခေါ်တာ မကောင်းဘူးလို့ ငါ မပြောပါဘူး။ ဒါပေမဲ့ ငါ ဒေါသထွက်တယ်။ ဘာလို့လဲ သိလား”
“ကျွန်တော် ဇာတ်ညွှန်းအတိုင်း မလုပ်လို့လား ခင်ဗျာ”
“မှန်တယ်။ ဒီရုပ်ရှင်က ဝတ္ထုကို အခြေခံပြီး ရိုက်ထားတာဆိုတာ မင်းသိတယ် မဟုတ်လား”
“ဟုတ်ကဲ့၊ သိပါတယ်”
“အဲဒီဝတ္ထုကို တစ်နှစ်ခွဲကျော်ကြာအောင် အချိန်ယူ ရေးခဲ့ရတာ။ အဲဒါတင်မကဘူး၊ ဒီဇာတ်ညွှန်းထွက်လာဖို့ ဇာတ်ညွှန်းရေးဆရာနဲ့ အနားမနေ တိုင်ပင်ပြီး နောက်ထပ် ခြောက်လလောက် အချိန် ထပ်ယူခဲ့ရသေးတယ်။ အကြိမ်ကြိမ် ပြင်ဆင်ပြီးမှ ဒီဇာတ်ညွှန်း ထွက်လာခဲ့တာကွ”
ထယ်ဟို က ဇာတ်ညွှန်းစာအုပ်ကို အပေါ် မြှောက်ပြလိုက်တယ်။
“စာသားထဲက ကော်မာတစ်ခုချင်းစီ၊ ပုဒ်ဖြတ်ပုဒ်ရပ် တစ်ခုချင်းစီတိုင်းမှာ စာရေးဆရာရဲ့ ရည်ရွယ်ချက်တွေ အပြည့်ပါဝင်နေတာ။ သူတို့က ဘာမှမစဉ်းစားဘဲ (စပ်ဖြဲဖြဲရယ်ရင်း) ဆိုတာမျိုးကို ဇာတ်ညွှန်းထဲ ဇွတ်ထည့်ထားတာ မဟုတ်ဘူး။ သေချာတာပေါ့... မင်းတွေးတာ မှန်ချင်မှန်မယ်၊ မင်းရဲ့နည်းလမ်းက ပိုကောင်းချင် ကောင်းလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုသာ လျှောက်လုပ်နေရင် ဆုံးမှာမဟုတ်တော့ဘူး။ တစ်ယောက်ယောက်ကတော့ စံနှုန်းတစ်ခုကို သတ်မှတ်ပေးရမှာဖြစ်ပြီး ဒီဇာတ်ညွှန်းက အဲဒီစံနှုန်းပဲ။ ဒါဟာ ကတိကဝတ်တစ်ခုပဲလေ။ ဒီရုပ်ရှင်မှာ ပါဝင်ပတ်သက်နေတဲ့သူတွေ၊ အထူးသဖြင့် သရုပ်ဆောင်တွေ အားလုံး လိုက်နာရမယ့်အရာ။ မင်းသဘောနဲ့မင်း ဘယ်တော့မှ လျှောက်မပြင်နဲ့။ သဘောပေါက်လား”
အဲဒီလို ပြောပြီးတာနဲ့ ထယ်ဟို က ပုံမှန်အတိုင်း ပြန်ပြုံးပြလိုက်တယ်။ စောစောက သူ့မျက်နှာအမူအရာက တကယ်ကို ကြောက်စရာကောင်းခဲ့တာ။ အောင်မြင်ကာစ လူငယ်တစ်ယောက်ကို မနာလိုဖြစ်ပြီး နှိမ်ချင်တဲ့ စီနီယာတစ်ယောက်ရဲ့ ပုံစံမျိုး မဟုတ်ဘဲ ဝါရင့်သရုပ်ဆောင်ကြီးတစ်ယောက်က အတွေ့အကြုံမရှိသေးတဲ့ အသစ်အသစ်တွေကို ဆုံးမသွန်သင်လိုက်တဲ့ ပုံစံမျိုးပဲ။ မာရူးလည်း ချက်ချင်းပဲ လက်ခံလိုက်တယ်။ ထယ်ဟို ရဲ့ စကားတွေက သူ့အတွက် နားလည်ရ သိပ်လွယ်ကူလွန်းလို့ပဲ။
“တောင်းပန်ပါတယ် ခင်ဗျာ”
“တစ်ကြိမ်ဆိုရင်တော့ အမှားပေါ့၊ ဒါပေမဲ့ နှစ်ကြိမ်ဆိုရင်တော့ တမင်လုပ်တာ ဖြစ်သွားပြီ။ မင်းကို ပေးထားတဲ့အရာကို အရင်ဆုံး ပိုင်နိုင်အောင် လုပ်ရမယ်။ အားလုံးကို အသုံးချနိုင်ပြီဆိုမှ မင်းရဲ့ အမြင်ကို ပြော။ အဲဒါကမှ လုပ်ထုံးလုပ်နည်း မှန်တာ။ ဒါပေမဲ့လည်း ဒါရိုက်တာက မင်းရဲ့ အကြံဉာဏ်ကို နားထောင်လိမ့်မယ်လို့တော့ ငါမထင်ဘူး။ ကဲ... ထားပါတော့၊ နောက်တစ်ခု သွားရအောင်”
ဇာတ်ညွှန်းထဲမှာ စာရေးဆရာရဲ့ ရည်ရွယ်ချက်တွေ အပြည့် ရှိနေတာပဲ။ ရိုးရိုး ရည်ရွယ်ချက်တင် မဟုတ်ဘဲ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ အချိန်ယူပြီး စဉ်းစားထားခဲ့တဲ့ နက်နဲတဲ့ အဓိပ္ပာယ်တွေ။ မာရူးအနေနဲ့ ဇာတ်ညွှန်းကို တစ်ခေါက်ပဲ ဖတ်ရသေးပြီး စိတ်ကြိုက် လျှောက်ပြင်ဖို့ စဉ်းစားခဲ့တာက တကယ်ကို မာန်တက်ရာ ရောက်နေခဲ့တာပဲ။ မာရူးအနေနဲ့ အခြေခံကနေ ပြန်စရမယ်လို့ တွေးလိုက်မိတယ်။ ဇာတ်ညွှန်းရဲ့ သဘောသဘာဝကို နားလည်ဖို့က ပထမဆုံး အရေးအကြီးဆုံးပဲလေ။
“ကဲ... ဒါဆိုရင် ကြည့်ကြသေးတာပေါ့။ စကားပြောစာသားတွေ မပါပေမယ့် မင်းတို့ ဇာတ်ကွက်ကိုတော့ မြင်ယောင်မိတယ် မဟုတ်လား။ ခုံတန်းလျားပေါ်မှာ လှဲနေတဲ့ ဒိုဆူးက လောကကြီးမှာ မျှော်လင့်ချက် ရှိသေးတယ်လို့ တွေးနေရှာတာ။ လူကြီးတွေကို စောင့်ရှောက်ပေးမယ့် လူငယ်လေးတွေ ရှိနေသေးတယ်၊ လူတွေကြားထဲမှာ သံယောဇဉ်တွေ ရှိနေသေးတယ်ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီလူငယ်တွေက သူ့ဆီက ပိုက်ဆံကို နှိုက်ဖို့ ချောင်းနေတဲ့ သူခိုးတွေ ဖြစ်နေခဲ့တယ်။ ဒါဟာ သူ လောကကြီးအပေါ် ထားရှိတဲ့ သံယောဇဉ် အနည်းငယ်လေးကိုပါ ရိုက်ချိုး ဖျက်ဆီးပစ်လိုက်တဲ့ ပြကွက်ပဲ။ စီနီယာ ယွန်းမွန်ဂျောင် လည်း ဒီပြကွက်ကြောင့် တော်တော်လေး ရုန်းကန်ရလိမ့်မယ်။ ဒီနေရာမှာ စကားပြောစာသား တစ်ခွန်းမှ မပါဘူးလေ။ ပြီးတော့ ငါတို့က မှတ်တမ်းတင်ရုပ်ရှင်လိုမျိုး နောက်ခံစကားပြောတွေ လျှောက်ထည့်လို့ ရတာလည်း မဟုတ်ဘူး။ သူ့ဆီကို လူတွေ တိုးလာတာကို မြင်ရတဲ့ ဝမ်းသာမှု၊ ပျော်ရွှင်မှု အနည်းငယ်၊ အဲဒီနောက်မှာ ကြုံရတဲ့ အကြမ်းဖက်မှုကြောင့် ဖြစ်လာတဲ့ စိတ်ပျက်အားလျော့မှုနဲ့ စိတ်ဒဏ်ရာတွေ။ အဲဒီ စိတ်ခံစားမှု အားလုံးကို သူ့ရဲ့ မျက်လုံး၊ မျက်နှာအမူအရာနဲ့ လှုပ်ရှားမှုတွေ သက်သက်နဲ့ပဲ ပရိသတ်ကို ပြသရမှာ”
ထယ်ဟို က သူ့မေးစေ့ကို လက်နဲ့ထောက်ပြီး အရှေ့ကို ကိုယ်ကို ကိုင်းလိုက်တယ်။
“မင်းတို့ နှစ်ယောက်က ဒီလို အခြေအနေမျိုးမှာ စာသားတွေကို ပြောပြီး သရုပ်ဆောင်ရမှာ။ ကင်မရာအန်ဂယ်လ်ကတော့ ပုခုံးကျော် ရိုက်ချက်ပုံစံမျိုး ဖြစ်လိမ့်မယ်။ မင်းတို့မျက်နှာတွေကို ခဏလောက် ရိုက်ပြီးတာနဲ့ နောက်ပြကွက်တွေမှာ မင်းတို့ ပုခုံးပေါ်ကနေတစ်ဆင့် စီနီယာရဲ့ မျက်နှာကို အနောက်ကနေ ရိုက်မှာ။ စိတ်ကူးကြည့်စမ်း။ မင်းတို့အရှေ့မှာ ရှိနေတာက သရုပ်ဆောင်မှုရဲ့ နတ်ဘုရားကြီးနော်။ ဖိအားကတော့ နောက်ပြောင်နေတာ မဟုတ်ဘူး။ လူသားတွေရဲ့ ကြင်နာမှုအတွက် လောကကြီးကို ကျေးဇူးတင်နေပြီးမှ၊ တစ်ပြိုင်နက်တည်းမှာပဲ လောကကြီးကို ဒေါသတကြီးနဲ့ ရန်ပြုမယ့် လူကြီးတစ်ယောက်က မင်းတို့အရှေ့မှာ ရှိနေမှာ။ မင်းတို့ လန့်ဖျပ်သွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက မင်းတို့ကို သတ်တော့မယ့်အတိုင်း စိုက်ကြည့်လာမှာမို့လို့ပဲ။ မင်းတို့ နှစ်ယောက်က အဲဒီလို အခြေအနေမျိုးအောက်မှာ စီနီယာနဲ့ အပေးအယူတည့်တည့် သရုပ်ဆောင်ရမှာ။ အဲဒါ ဘာကို ဆိုလိုတာလဲ သိလား။ မင်းတို့ရဲ့ အသေးအမွှား အမှားလေးတစ်ခုကြောင့် ဖလင်လိပ်တွေ အများကြီး အလဟဿ ဖြုန်းတီးပစ်ရလိမ့်မယ်။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာဆိုတဲ့ စကားကို မင်းတို့ သိတယ် မဟုတ်လား။ စီနီယာက ဘယ်လောက်ပဲ သရုပ်ဆောင် ကောင်းနေပါစေ၊ မင်းတို့ဘက်က အမှားအယွင်းရှိရင် အားလုံးက သုညပဲ”
“ဒါဆို ကျွန်တော်တို့ သေချာ ကြိုးစားပြီး ကောင်းကောင်း လုပ်လိုက်ရင် ရပြီပေါ့” လို့ ဂျီဆော့ က ဘာပြဿနာမှ မရှိတဲ့ပုံစံမျိုးနဲ့ ပြန်ဖြေတယ်။ သူ့မျက်နှာမှာ အပြုံးတွေ အပြည့်ပဲ။
“အေး... မင်းတို့ ကောင်းကောင်း လုပ်ဖို့ လိုတယ်။ ငါက မင်းတို့ကို ကြောက်အောင် ခြောက်နေတာ မဟုတ်ဘူး။ သိထားစေချင်ရုံ သက်သက်ပါ။ မင်းတို့က စာသားအများကြီးမပါတဲ့ ဘေးထွက်ဇာတ်ကောင်တွေ ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ မင်းတို့ရဲ့ တာဝန်ကတော့ လုံးဝ သေးငယ်မနေဘူး။ သေချာတာပေါ့... မင်းတို့နှစ်ယောက်က လုံးဝ အတွေ့အကြုံမရှိတဲ့ စိမ်းစိမ်းကြီးတွေ မဟုတ်ဘူးဆိုတာ ငါ သိပါတယ်။ မင်းတို့က ကိုယ့်အလုပ်အကိုင်ကို လျှောက်ကြွားနေတဲ့ သူတွေနဲ့ မတူဘူးဆိုတာ ငါ သတိထားမိတယ်”
ထယ်ဟို က ကုလားထိုင် နောက်မှီကို မှီလိုက်ပြီး ဇာတ်ညွှန်းကို ကြည့်လိုက်တယ်။
“ဒါဆိုရင် အရေးကြီးတဲ့ စာသားကို စမ်းကြည့်ရအောင်။ မင်းနာမည် ဘယ်လိုခေါ်လဲ”
“ယူဂျီဆော့ ပါ ခင်ဗျာ”
“အေး... ဂျီဆော့၊ မင်းကပဲ အရင် စလိုက်ရအောင်။ ဒိုဆူးက သူ့ပိုက်ဆံတွေကို အလုမခံရအောင် အသည်းအသန် ရုန်းကန်နေတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ လမ်းသရဲတွေရဲ့ လုယက်တာကို ခံလိုက်ရပြီး ပိုက်ဆံတွေ အကုန်ပါသွားတယ်။ ဒိုဆူးက ခုံတန်းလျားပေါ်ကနေ လိမ့်ကျသွားတယ်။ ပြီးတော့ ထွက်သွားတဲ့ လမ်းသရဲတွေကို စိုက်ကြည့်နေတယ်။ ကဲ... စမယ်၊ အက်ရှင်”
“တောက်... အဘိုးကြီးကလည်း... သက်တမ်းသာ ဒီလောက်ကြီးလာတာ၊ ဘာမှလည်း ဖြစ်ဖြစ်မြောက်မြောက် ရှိတာမဟုတ်ဘဲနဲ့။ ဘယ်လို သောက်သုံးမကျတဲ့ ဘဝမျိုးနဲ့ ရှင်သန်နေတာလဲဗျာ”
“ကောင်းတယ်။ မင်းရဲ့ ဗြောင်ကျကျ ပုံစံမျိုးကို ငါ သဘောကျတယ်။ မင်းကို အခုချက်ချင်း ထချင်စရာကောင်းအောင် ထိမိတယ်။ ဟေ့... မင်း ကျောင်းမှာလည်း ဒီလိုပုံစံမျိုးပဲလား”
“ကျွန်တော်လား ခင်ဗျာ။ ကျွန်တော်က အနိုင်ကျင့်ခံရတဲ့ အုပ်စုထဲကပါ”
“ငါတော့ မယုံပါဘူး”
“ဟဟဟာ”
ထယ်ဟို က မာရူးဘက် လှည့်ကြည့်လိုက်တယ်။
“မင်းကို အချက်ပြပေးရဦးမလား”
“ရပါတယ်၊ ကျွန်တော် အဆင်ပြေပါတယ်”
မာရူးက ဒီတစ်ကြိမ်မှာတော့ ဇာတ်ညွှန်းအတိုင်း တိတိကျကျ လိုက်လုပ်လိုက်တယ်။ သူ လမ်းသရဲတွေရဲ့ အကြောင်းကို အများကြီး လေ့လာထားခဲ့တာမို့လို့ ဘာမှ ခက်ခဲမနေပါဘူး။ အဆိပ်ကလည်း အသုံးချတတ်ရင် ဆေးဖြစ်တယ်ဆိုသလို၊ ကျောင်းကနေ အထုတ်ခံလိုက်ရတဲ့ ချန်ဟူးရဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ စကားပြောပုံစံတွေက သူ့နှုတ်ခမ်းဖျားကနေ သဘာဝကျကျ ထွက်လာခဲ့တယ်။
“တောက်... အဘိုးကြီးကလည်း... သက်တမ်းသာ ဒီလောက်ကြီးလာတာ၊ ဘာမှလည်း ဖြစ်ဖြစ်မြောက်မြောက် ရှိတာမဟုတ်ဘဲနဲ့။ ဘယ်လို သောက်သုံးမကျတဲ့ ဘဝမျိုးနဲ့ ရှင်သန်နေတာလဲဗျာ”
“မင်းနာမည် ဘယ်လိုခေါ်လဲ”
“ကျွန်တော် ဟန်မာရူး ပါ”
“မင်းလည်း ကလေးတွေအများကြီးကို ငိုအောင် လုပ်ခဲ့ဖူးတဲ့ ပုံစံပဲ။ မင်းတို့နှစ်ယောက်လုံးက တကယ်ပဲ လမ်းသရဲတွေလား”
“ကျွန်တော်က တကယ့် လူမိုက်တစ်ယောက်ပါပဲ ဟုတ်ပါတယ်”
“အင်...”
ထယ်ဟို က ထိုင်ခုံကနေ ထလိုက်ပြီး မှန်အခန်းထဲမှာ လှည့်ပတ်လမ်းလျှောက်နေတယ်။ သူ တစ်ခုခုကို အသည်းအသန် စဥ်းစားနေတဲ့ ပုံစံပဲ။
“မင်းတို့ နှစ်ယောက်လုံးက အဆင်ပြေနေတော့ ငါ့အတွက် ဆုံးဖြတ်ရ ခက်နေပြီ” လို့ ထယ်ဟို က မှန်နံရံအပြင်ဘက်ကို ငေးကြည့်ရင်း တစ်ယောက်တည်း ရေရွတ်လိုက်တယ်။ ခဏကြာတော့ သူက ‘တောက်’ တစ်ချက်ခေါက်ပြီး ပြန်ထိုင်လိုက်တယ်။
“မင်းတို့ရဲ့ ပုံစံအရဆိုရင်တော့ မာရူးက ပိုပြီး ရက်စက်ကြမ်းကြုတ်မယ့် ပုံမျိုး ရှိပေမယ့်၊ ဂျီဆော့ ကလည်း သူ့ရဲ့ မရင့်ကျက်သေးတဲ့ မျက်နှာပေးနဲ့ဆိုတော့ အဆင်ပြေနေပြန်ရော။ ရုပ်ရှင်ဒါရိုက်တာကလည်း မင်းတို့နှစ်ယောက်လုံးရဲ့ မျက်နှာကို သဘောကျတယ်လို့ ပြောထားတော့ ငါ့အပေါ်မှာပဲ ဆုံးဖြတ်ဖို့ တာဝန်ကျလာတာပေါ့လေ” လို့ ထယ်ဟို က ရုံးခန်းကုလားထိုင်ကို လှည့်ပတ်ရင်း တစ်ယောက်တည်း တိုးတိုးရေရွတ်နေမိပြန်တယ်။ ဒီလူက သူ့ရဲ့ တည်ငြိမ်တဲ့ မျက်နှာပေးနဲ့မလိုက်အောင် တော်တော်လေး စိတ်ကစားတတ်တဲ့ ပုံစံပဲ။ သူ မှုတ်ဆိတ်မွေးတွေရိတ်ပြီး ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးသင်လိုက်ရင်တော့ တကယ့် လူကြီးလူကောင်းတစ်ယောက်နဲ့ တူမှာ သေချာတယ်။ သရုပ်ဆောင်တွေဆိုတာ တကယ်ကို ထူးဆန်းတဲ့သူတွေပဲလို့ မာရူး တွေးလိုက်မိတယ်။
“မင်းတို့ ဘယ်ဇာတ်ကောင်ကို လိုချင်ကြလဲ”
“လမ်းသရဲ ၂ ပါ” လို့ ဂျီဆော့ က ဘာမှ မဆိုင်းမတွဘဲ ချက်ချင်း ပြန်ဖြေတယ်။
“မင်းကော မာရူး”
“ကျွန်တော်လည်း အတူတူပါပဲ”
“အတ္တကြီးတဲ့ ကောင်လေးတွေပဲ။ တစ်ယောက်ယောက်က အလျှော့ပေးဖို့ စိတ်ကူးမရှိကြဘူးလား”
အဲဒီမေးခွန်းကိုတော့၊
“မရှိပါဘူး”
“လုံးဝမရှိပါဘူး”
သူတို့ နှစ်ယောက်လုံး ပြိုင်တူ ပြန်ဖြေလိုက်ကြတယ်။ မာရူးက ဂျီဆော့ ကို လှမ်းကြည့်လိုက်မိတယ်။ သူက ပြုံးဖြီးဖြီး ဖြစ်နေပေမယ့် သူ့မျက်လုံးတွေကတော့ လုံးဝ အလျှော့ပေးမယ့် ပုံစံမျိုး မဟုတ်ဘူး။ သူက တခြားသူတွေကို ကူညီရတာ သဘောကျတတ်ပေမယ့် ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကိုတော့ အဆုံးရှုံးခံမယ့် အစီအစဥ် မရှိတဲ့ပုံပဲ။ မာရူးက သူ့ရဲ့ အဲဒီလို ပုံစံမျိုးကို သဘောကျတယ်။ တခြားသူတွေအတွက် ကိုယ့်ကိုယ်ကိုယ် စတေးတတ်တဲ့ လူမျိုးတွေကို သူ သဘောမကျဘူးလေ။
“အာ... ကောင်းပြီ။ သရုပ်ဆောင်တစ်ယောက်မှာ ဒီလို ရည်မှန်းချက်မျိုး ရှိရမယ်။ ကောင်းပြီ... ဒါဆိုရင် ဒီစာသားက ဘယ်လို ခံစားချက်မျိုး ပေးလဲဆိုတာကို စာရွက်ပေါ်မှာ ရေးပြကြစမ်း။ ဇာတ်ညွှန်းထဲမှာ ရေးထားတာကို မဟုတ်ဘဲ မင်းတို့ စိတ်ထဲမှာ ထင်တာကို ရေး။ မင်းတို့သာ အဲဒီဇာတ်ကောင်နေရာမှာဆိုရင် ဒီစာသားကို ဘယ်လို ခံစားချက်မျိုးနဲ့ ထုတ်ဖော်မလဲဆိုတာ ပြစမ်း”
ထယ်ဟို က သူတို့ နှစ်ယောက်လုံးကို ဘောပင်တစ်ချောင်းစီနဲ့ A4 စာရွက်တစ်ရွက်စီ ပေးလိုက်တယ်။ မာရူးက စာရွက်ကို ခဏလောက် စိုက်ကြည့်ပြီးတော့ သူ့ရဲ့ ခံစားချက်တွေကို ဘောပင်နဲ့ ရေးချလိုက်တယ်။
“ကျွန်တော် ဒီလိုမျိုး ရေးရတာ တကယ် ညံ့တယ်ဗျာ”
“မင်း ထင်တာကိုသာ ရေးစမ်းပါ။ မင်း အရှုံးပေးမလို့လား”
“လုံးဝ မပေးပါဘူး”
ဂျီဆော့ က ညည်းတွားရင်းနဲ့ စာရေးဖို့ ပြင်လိုက်တယ်။ မာရူးကတော့ ဘောပင်ကို ချလိုက်ပြီး စာရွက်ကို ထယ်ဟို ဆီ ကမ်းပေးလိုက်တယ်။ သူ ဝတ္ထုကို ဖတ်ကတည်းက ဇာတ်ကောင်တွေရဲ့ အကြောင်းကို အများကြီး လေ့လာဆန်းစစ်ထားခဲ့တာ။ ဒီဝတ္ထုထဲမှာ သူနဲ့ အလိုက်ဖက်ဆုံး ဖြစ်နိုင်မယ့် ဇာတ်ကောင်က လမ်းသရဲပဲလို့ သူ ဖတ်နေကတည်းက စိတ်ထဲမှာ သတ်မှတ်ထားခဲ့တာလေ။ စာသား နှစ်ခွန်းပဲ ပါတဲ့ ဘေးထွက်ဇာတ်ကောင် ဖြစ်ပေမယ့်လည်း အဲဒီဇာတ်ကောင်ရဲ့ အကြောင်းကို နက်နက်နဲနဲ တူးဆွကြည့်ရင် သူ့ရဲ့ ကိုယ်ပိုင်ဘဝအကြောင်း ရှိနေမှာ သေချာတယ်။ ကင်မရာထဲမှာပဲ အမိအရ မရိုက်ပြထားတာ သက်သက်ပဲပေါ့။ ဒါဟာ အဲဒီဇာတ်ကောင်ရဲ့ ဘဝတစ်ခုလုံးကို ဒီစာသား နှစ်ခွန်းထဲမှာ အရည်ဖျော်ပြီး ထည့်သွင်းရမှာကို ဆိုလိုတာပဲ၊ ဘဝဆိုတာ သူ့ရဲ့ ခံယူချက် ဒဿနနဲ့ အတူတူပဲလေ။
လမ်းသရဲတစ်ယောက်ရဲ့ ခံယူချက် ဒဿန။
သူ့ရဲ့ နောက်ခံအကြောင်းအရာ ဘာတစ်ခုမှ ပေးမထားဘူး။ ဘာလို့လဲဆိုတော့ ဝတ္ထုထဲမှာတောင် သူက ဖြတ်သွားဖြတ်လာ လမ်းသရဲတစ်ယောက် သက်သက်ပဲ မဟုတ်လား။ နောက်ဆုံးတော့ အားလုံးက စိတ်ကူးပုံဖော်မှုအပေါ်မှာပဲ မူတည်နေတာပေါ့။ ယူဆချက်တစ်ခုပဲ ရှိတယ်၊ အဲဒါက ‘ငါသာ အဲဒီနေရာမှာဆိုရင်’ ဆိုတာပဲ။ ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက သူ အကြိမ်ကြိမ် စဥ်းစားခဲ့ဖူးတဲ့ ဇာတ်ကောင်ရဲ့ ဘဝအကြောင်းပေါ့။
“ကျွန်တော် ပြီးပြီ”
ဂျီဆော့ ကလည်း စာရွက်ကို ထယ်ဟို ဆီ လှမ်းပေးလိုက်တယ်။
“ကဲ... ကြည့်ကြသေးတာပေါ့”
ထယ်ဟို က စာရွက်တွေကို ကောက်ကိုင်လိုက်တယ်။ စာရွက်နှစ်ရွက်ကြောင့် ထယ်ဟို ရဲ့ မျက်နှာကို ဖုံးကွယ်သွားခဲ့တယ်။ ဘာအမူအရာမှ မပြဘဲ စာသားတိုလေးတွေကို ဖတ်ပြီးတဲ့နောက်မှာတော့ ထယ်ဟို က ပြုံးလိုက်တယ်။
“ငါတော့ ဒီဇာတ်ကောင်ကို ပိုပြီး ရက်စက်တဲ့သူကိုပဲ ပေးရလိမ့်မယ် ထင်တယ်။ အဓိကဇာတ်ဆောင် ဒိုဆူးက ပိုပြီး သနားစရာကောင်းလေလေ၊ ကင်မရာထဲမှာ အဲဒီပြကွက်က ပိုပြီး ပေါ်လွင်ထင်ရှားလာလေလေ ဖြစ်မှာပဲ။ ကွာခြားချက်က ပိုပြီး ပြင်းထန်လေလေ၊ ပြကွက်က ပိုကောင်းလေလေပဲပေါ့”
မာရူးက သူ့ဘက် လှည့်ကြည့်လာတဲ့ ထယ်ဟို ရဲ့ အကြည့်ကို ရှောင်မပြေးဘဲ စိုက်ကြည့်နေလိုက်တယ်။
“ဟန်မာရူး။ မင်းက လမ်းသရဲ ၂ ပဲ။ မင်းက တကယ့် လူမိုက်မဲတစ်ယောက်လိုမျိုး သရုပ်ဆောင်ရမယ်။ ဟုတ်ပြီလား”
“...ဟုတ်ကဲ့ပါ ခင်ဗျာ”
ဒီလိုပဲ ပြီးသွားတာလား။ မာရူးတစ်ယောက် စိတ်ထဲမှာ တကယ် ဟုတ်ကောဟုတ်ရဲ့လားလို့ မရေမရာ ဖြစ်သွားမိပေမယ့် အခြေအနေကို နားလည်သွားတဲ့အခါမှာတော့ ပြုံးလိုက်မိတယ်။ သူ ဖြစ်ချင်တဲ့အရာကို ရသွားတာပဲ၊ မပျော်ဘဲ ဘယ်လို နေနိုင်ပါ့မလဲ။
“အာ... ကျွန်တော်တော့ မရလိုက်ဘူး ထင်တယ်”
လို့ ဂျီဆော့ က နှမြောတသတဲ့ လေသံနဲ့ ပြောလိုက်တယ်။ ဒါပေမဲ့ သူက ပြုံးပြုံးရွှင်ရွှင်နဲ့ ဘာမှမဖြစ်ခဲ့သလိုမျိုးပဲ နေနေပြန်တယ်။
“မာရူး... မင်း နိုင်သွားတာဆိုတော့ ငါတို့ကို အောင်ပွဲခံ အရက် အအေးတစ်ခုခု ဝယ်တိုက်ရမယ်နော်။ ငါကတော့ ကပ်ပချီနို သောက်ချင်တယ်။ စီနီယာ... အစ်ကိုလည်း သူ့ကို ဝယ်တိုက်ခိုင်းလိုက်လေ”
“မင်းက ဝယ်ကျွေးမလို့လား။ ငါက ဂျူနီယာတွေဆီကနေ ဗြောင်ကျကျ လုစားတတ်တဲ့ အရှက်မရှိတဲ့လူမျိုး မဟုတ်ပေမယ့်၊ တခြားသူတွေရဲ့ စေတနာကို ငြင်းပယ်လောက်အောင်လည်း စိတ်သဘောထား သေးသိမ်တဲ့သူ မဟုတ်ဘူးကွ။ ဒါဆို ငါက အမေရိကာနို သောက်မယ်”
သူတို့ နှစ်ယောက်လုံးက ကျေနပ် အားရတဲ့ အပြုံးတွေနဲ့ မာရူးကို လှမ်းကြည့်လိုက်ကြတယ်။ သူတို့တွေ တကယ်ကို အတွဲညီညီနဲ့ အဆင်ပြေကြတာပဲ။ တချို့သူတွေဆိုရင် သူတို့ကို အသက်ကွာတဲ့ ညီအစ်ကိုတွေလို့တောင် ထင်မိကြလိမ့်မယ်။
ဒါပေမဲ့လည်း ဒီလို အချိန်အခါမျိုးမှာ သူတို့ကို ဝယ်ကျွေးရတာ မာရူးအတွက်တော့ လုံးဝကို အဆင်ပြေပါတယ်။
“စီနီယာ... ဒါဆို ကျွန်တော် အောက်ထပ်ကို ခဏလောက် သွားလိုက်ဦးမယ် ခင်ဗျာ”
“အေး... သွားလေ။ ငါ့အတွက်က အေးအေးလေးနော်” လို့ ထယ်ဟို က သဘောကျတဟားဟားနဲ့ ရယ်မောရင်း ပြောလိုက်တယ်။
* * * * * * * * *