← Chapters

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း(၂၃၂)

ပြဇာတ်ကလပ်အဖွဲ့ဝင်တွေ ပတ်ပတ်လည် ဝိုင်းလာကြတယ်။ အလယ်မှာတော့ ဆူယွန်း ဝယ်လာတဲ့ ပစ္စည်းတွေ ရှိနေတာပေါ့။ မုန့်တွေနဲ့ အအေးတွေပဲလေ။ ဒီလို အောင်ပွဲခံပွဲသေးသေးလေးအတွက်တော့ အတော်ပဲပေါ့။ ဒါပေမဲ့ မာရူးရဲ့ မျက်လုံးထဲ ထင်းခနဲ ဝင်လာတဲ့ ပစ္စည်းတစ်ခု ရှိနေတယ်။ မာရူးက ဘာမှမပြောဘဲ ထရပ်လိုက်ပြီး အဲဒီဘူးတွေကို လှမ်းယူလိုက်တယ်။ တကယ်လို့ အပြင်မှာသာဆိုရင် ငွေရောင်ဘူးအကြီးကြီးတွေကို သူ ဝမ်းသာအားရ ကြိုဆိုမိမှာ ဖြစ်ပေမဲ့ အခုက ကျောင်းထဲ ရောက်နေတာလေ။

“ဘာဖြစ်လို့လဲ”

ဆူယွန်းက တောက်ပတဲ့ အပြုံးလေးနဲ့ မေးတယ်။ မာရူးကလည်း သူ့ကို ပြန်ပြုံးပြပြီး သန့်စင်ခန်းထဲ သွားကာ ဘီယာတွေကို အိမ်သာထဲ အကုန်သွန်ချပစ်လိုက်တယ်။ ဘူးခွံတွေကို ကိုင်ပြီး ပြန်လာတဲ့အခါမှာတော့ နှုတ်ခမ်းဆူနေတဲ့ ဆူယွန်းကို တွေ့လိုက်ရတာပေါ့။

“ကျောင်းထဲမှာ အရက်မသောက်ရဘူးလေ”

“ဒါပေမဲ့ အဲဒါတွေက ငါ့ပစ္စည်းတွေပဲဥစ္စာ”

“အပြင်ကျမှ သောက်ပါ”

“နင်ကတော့ ပျင်းစရာကြီး။ ကျောင်းထဲမှာ ဘီယာသောက်ရတာ ယောကျာ်းလေးတိုင်းရဲ့ အိမ်မက် မဟုတ်ဘူးလား။ ဟုတ်တယ်မလား အားလုံးပဲ” ဆူယွန်းက အနားကလူတွေကို ပတ်ကြည့်ပြီး မေးတယ်။ လူတိုင်းကတော့ အနေရခက်သလို ပြုံးရင်း မျက်နှာလွှဲသွားကြတာပေါ့။

“တစ်ယောက်မှ ငါ့ဘက်မှာ မရှိပါလား။ စိတ်ပျက်စရာပဲ”

“စိတ်ကောက်ချင်သလောက် ကောက်နေ။ ဒါတွေစားပြီးရင် ငါတို့ လေ့ကျင့်ရေး စတော့မယ်”

သူမ စကားကိုသာ ဝင်ထောက်ပေးရင် နောက်ထပ် ထူးဆန်းတာတွေ လျှောက်လုပ်ဦးမှာ အသေအချာပဲလေ။ မာရူးက အားလုံးကို လူစုလိုက်ပြီး ဆူယွန်း ဝယ်လာတဲ့ မုန့်တွေကို စပြီး ဖောက်လိုက်တယ်။

“ငါ ဝယ်လာတာနော်”

“ဒါဆိုလည်း လာစားလေ”

“ကျေးဇူးတင်ပါတယ်လို့တော့ အနည်းဆုံး ပြောသင့်တယ် မဟုတ်ဘူးလား”

ဆူယွန်း ဝင်ထိုင်လိုက်တယ်။ အရင်ကဆိုရင် တစ်ပတ်မှာ သုံးရက်လောက်ပဲ လာတတ်ပေမဲ့ မေလထဲ ရောက်ကတည်းကတော့ နေ့တိုင်း လာနေတော့တာပဲ။ အဲဒီကျေးဇူးကြောင့်ပဲ တခြားကျောင်းသားတွေနဲ့ ပိုရင်းနှီးသွားပြီး အခုဆိုရင် ဘာမှ အားနာမနေဘဲ ပွင့်ပွင့်လင်းလင်း စကားပြောနိုင်နေပြီ။ ဒါက ဆူယွန်း လိုချင်တဲ့ အခြေအနေမျိုးပဲလေ။ ကလပ်အဖွဲ့ဝင်တွေရဲ့ စိတ်ထဲမှာ သူမကို ဟာသဉာဏ်ရှိပြီး ခင်မင်ဖို့ကောင်းတဲ့ ဆရာမကောင်းတစ်ယောက်လို့ ထင်နေစေချင်တာ။ မဆိုးပါဘူး။ ဆူယွန်းသာ သူ့ရင်ထဲက မြွေဆိုးကို ထိန်းထားနိုင်သရွေ့တော့ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး။ ဒါက ဟန်ဆောင်မှုအပေါ် အခြေခံထားတဲ့ ဆက်ဆံရေးမျိုး ဖြစ်နေပေမဲ့လည်း အချိန်အတော်ကြာအောင် ထိန်းထားနိုင်ရင်တော့ နောက်ဆုံးမှာ အားလုံးရဲ့ ရင်ထဲမှာ အမှန်တရား ဖြစ်လာမှာပဲလေ။

‘သူမရဲ့ သဘာဝအမှန်ကိုလည်း ဘယ်သူမှ ရိပ်မိမှာ မဟုတ်ပါဘူး’

တကယ်လို့ လူတွေသာ ဆူယွန်းရဲ့ အတိတ်အကြောင်းကို သိသွားရင် သူမအပေါ် အမြင်စောင်းသွားကြလိမ့်မယ်။ သူမက တကယ်ပဲ စိတ်ပါလက်ပါ သင်ပေးချင်နေရင်တောင်မှ သံသယဝင်ကြမှာ အမှန်ပဲ။ အခု အချိန်မှာတော့ ပြဇာတ်အသင်းလို့ ခေါ်တဲ့ ဒီအဖွဲ့ရဲ့ ခေါင်းဆောင်က ဘယ်သူငြင်းငြင်း ဆူယွန်းပဲ ဖြစ်နေတယ်။ သူမရဲ့ သဘောကောင်းပုံရတဲ့ မျက်နှာဖုံးကြီး ကွဲအက်သွားလို့ မဖြစ်ဘူးလေ။

“ဘန်ဂျူး... ငါနဲ့ လပ်ရှော့ သောက်မလား”

“အင်... ဘာကြီးလဲဗျာ”

ဘန်ဂျူးကတော့ ခါတိုင်းလိုပဲ အသံအကျယ်ကြီးနဲ့ ပျာပျာသလဲ ဖြစ်သွားရှာတယ်။

“သူ့ကို သိပ်မစပါနဲ့” မာရူးက ပြုံးရင်း ဝင်ပြောလိုက်တယ်။ ဆူယွန်းနဲ့ သူက အလုပ်သဘောအရ ဆက်ဆံရေးမျိုး ရှိတာလေ။ သူတို့ဟာ ဆူယွန်းနဲ့ တခြားကလေးတွေကြားက ဆက်ဆံရေးမှာ ဟန်ဆောင်မှုတွေ ပေါ်မလာအောင် ညှိနှိုင်းပေးနေကြတာ။ ဂျွန်မင်း ကသာ ဆူယွန်းကို ပြဇာတ်အသင်းကို ကြည့်ပေးဖို့ အကူအညီတောင်းထားသရွေ့တော့ သူမက ထူးထူးဆန်းဆန်းတွေ လျှောက်လုပ်မှာ မဟုတ်ဘူး။ သူမအနေနဲ့ ကလေးတွေကို စံပြဆရာမတစ်ယောက်လိုပဲ ဦးဆောင်သွားမှာကတော့ အထင်အရှားပဲ။

ဆူယွန်းက ဘန်ဂျူး အနားကို တိုးသွားတယ်။ ပြီးတော့ ကျောက်တုံးကြီးလို တောင့်တောင့်ကြီး ဖြစ်နေတဲ့ ဘန်ဂျူးကို တခိခိရယ်ရင်း ပုတ်လိုက်တယ်။ ဂျီယွန်း က တိုးတိုးလေး ရယ်နေပြီး အာရမ် ကတော့ ဘန်ဂျူးရဲ့ ကျောကို ရိုက်ရင်း ‘လုပ်လိုက်လေ’ လို့ ဝင်မြှောက်ပေးနေတယ်။ အအေးခွက်ကို မြှောက်ထားရင်း ဆူယွန်းက မျက်လုံးလေးတွေ မှိတ်သွားတဲ့အထိ ပြုံးပြပြီး ဘန်ဂျူးကို စိုက်ကြည့်နေတာပေါ့။ ဘန်ဂျူးလည်း သူ့ရဲ့ စက္ကူခွက်ကို လှမ်းမြှောက်လိုက်ရတယ်။

နည်းနည်းလေး တုန်လှုပ်နေတဲ့ သူ့မျက်နှာမှာ မျှော်လင့်ချက်တွေ အရိပ်အယောင် ပေါ်နေတာပဲ။ ဘာပဲပြောပြော ဆူယွန်းက မင်းသမီးတစ်ယောက်ပဲလေ။ သူမက ပုံမှန်အားဖြင့် လွတ်လွတ်လပ်လပ် နေတတ်တယ် ဆိုပေမဲ့လည်း သူမရဲ့ အလှအပက ပျောက်ကွယ်သွားတာမှ မဟုတ်တာ။ ယောကျာ်းလေးတစ်ယောက် အနေနဲ့ဆိုရင်တော့ ဒါက တံတွေးကို ဂလုခနဲ မျိုချမိရမယ့် အခြေအနေမျိုးပဲ။ မာရူးက ဆူယွန်းကို တစ်ချက် စောင်းငဲ့ကြည့်လိုက်တယ်။ ဆူယွန်းရဲ့ မျက်နှာမှာ ခဏလောက် အထင်သေးတဲ့ အပြုံးတစ်ခု ပေါ်လာပေမဲ့ ချက်ချင်းပဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။

“ဒါပေမဲ့ ငါက ဂျီယွန်းကို ပိုသဘောကျတယ်။ လာပါဦး... ဒီက အသည်းယားစရာလေး”

ဘန်ဂျူးဆီ ဦးတည်နေတဲ့ လက်က ဂျီယွန်းဆီကို လမ်းကြောင်းပြောင်းသွားတယ်။ ပထမတော့ ဂျီယွန်းက ရှက်ကိုးရှက်ကန်းနဲ့ နောက်ဆုတ်နေပေမဲ့ ဆူယွန်းက အနားကို ပိုတိုးလာတာကြောင့် နောက်ဆုံးတော့ လက်ကို မြှောက်လိုက်ရတော့တာပေါ့။ ဂျီယွန်းရဲ့ ပါးပြင်လေးတွေ နီရဲလာတယ်။ လက်ချင်းချိတ်ပြီး သောက်ပြီးတဲ့နောက်မှာတော့ ဆူယွန်းက ဂျီယွန်းရဲ့ ခေါင်းကို ပုတ်ပေးပြီး သူ့နေရာသူ ပြန်ထိုင်လိုက်တယ်။ မာရူးက တခြားသူတွေမကြားအောင် အသံတိုးတိုးနဲ့ လှမ်းပြောလိုက်တယ်။

“ငါ့ကို အဲဒီလိုကြီး စိုက်မကြည့်ပါနဲ့။ ကြောက်စရာကြီး”

“သူမကို သိပ်မစနဲ့လေ”

မာရူးက ဆူယွန်းနဲ့ တခြားကျောင်းသားတွေ သိပ်ပြီး ရင်းနှီးသွားမှာကိုလည်း စိုးရိမ်သလို၊ သိပ်ပြီး ဝေးကွာသွားမှာကိုလည်း မလိုလားဘူး။ အခု အခြေအနေကတော့ တခြားသူတွေနဲ့ နောက်ပြောင်နိုင်တဲ့ အနေအထားမို့ အကွာအဝေးက အတော်ပဲပေါ့။ ဆူယွန်းက သူမရဲ့ ဘဝခံယူချက်ကို အတိအကျ ပြသထားပြီးသား။ သူမအတွက် အကျိုးရှိမယ်ဆိုရင် ဘယ်ယောကျာ်းကိုမဆို အသုံးချမယ့်သူမျိုးလေ။ သူမရဲ့ အန္တရာယ်ရှိတဲ့ အချက်က ဘယ်လိုနည်းလမ်းမျိုး သုံးရသုံးရ ဂရုမစိုက်တာပဲ။

မာရူး ခန့်မှန်းမိသလောက်ဆိုရင် သူမနဲ့ ဂွန်ဆော့ ကြားမှာလည်း တစ်ခုခု ဖြစ်ခဲ့ပုံပဲ။ ဂွန်ဆော့က လမ်းမှားပေါ် ရောက်နေပြီ ဖြစ်သလို၊ ဂွန်ဆော့ကို ဒီထက်ပိုပြီး လမ်းဘေးရောက်အောင် တွန်းပို့ခဲ့တာဟာ ဆူယွန်းကြောင့်လို့ မာရူး ယုံကြည်နေတယ်။ သူက ဆူယွန်းရဲ့ ဘဝဖြတ်သန်းပုံကို ဂရုမစိုက်ပါဘူး။ အမှန်တော့ သူမ ဥပဒေပြင်ပအလုပ်တွေ မလုပ်သရွေ့တော့ ဘာမှ ပြောပိုင်ခွင့် မရှိဘူးလေ။ ဒါပေမဲ့ သူ့နဲ့ ပတ်သက်နေတဲ့ လူတွေကိုတော့ သူမသဘောအတိုင်း လျှောက်လုပ်နေတာကို ကြည့်နေနိုင်လောက်အောင် သူက သဘောမကောင်းဘူး။

“နင်က ငါ့ကို လာထိန်းချုပ်ချင်တာပေါ့ ဟုတ်လား”

“ကျွန်တော်တို့နှစ်ယောက်လုံးအတွက် ဆရာနဲ့ တပည့် ဆက်ဆံရေးကိုပဲ ထိန်းထားတာ ပိုကောင်းပါတယ်။ မဟုတ်ဘူးလား”

“နင်က တော်တော် ခေတ်နောက်ကျတာပဲ”

“ဒီဘက်ခေတ် ကလေးတွေက တော်တော်လေး အပြစ်ကင်းကြတယ်လေ။ မြေခွေးမတစ်ကောင်က အမြီးနံ့ပြလိုက်တဲ့အခါ သူတို့ကိုယ်သူတို့ မထိန်းနိုင်ဘဲ ဖြစ်သွားမှာ စိုးရိမ်လို့ပါ”

“ဟဟ... ဒါဆို ငါက မြေခွေးမပေါ့”

“ဆရာမကို မြေခွေးမလို့ ခေါ်တာက တောင် နည်းသေးတယ်။ ကျွန်တော်ကတော့ မြေခွေးတွေနဲ့ မနှိုင်းရဲပါဘူး။ ဆရာမက မြေခွေးအုပ်ကိုတောင် အရှင်လတ်လတ် ကင်စားမယ့်သူပဲဥစ္စာ”

“နင်က ထင်ထားတာထက် ကလေးတွေအပေါ် ကာကွယ်ပေးတတ်သားပဲ”

“ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျွန်တော့်ရဲ့ ဦးစားပေးစာရင်းမှာ ဆရာမထက် ပိုမြင့်လို့လေ။ ကျွန်တော်က အဲဒီလို စာရင်းမျိုး လုပ်ရတာ သဘောကျတယ်”

“ငါ နည်းနည်းတော့ စိတ်မကောင်းဖြစ်ရတာပေါ့။ နင်က ငါ့ရဲ့ ရှက်စရာကောင်းတဲ့ အလှည့်အပြောင်းတွေကိုတောင် သိနေတာပဲ။ ငါတို့က ဒီထက်ပိုပြီး ရင်းနှီးသင့်တာ မဟုတ်ဘူးလား”

တခြားသူတွေ အလုပ်ရှုပ်နေတုန်း ဆူယွန်းက မာရူးအနားကို တိုးကပ်လာတယ်။ သူမက ပိုးသားအင်္ကျီကို ဝတ်ထားပြီး အပေါ်ကြယ်သီးတစ်လုံး ဖြုတ်ထားတာကြောင့် ရင်သားအစုံက ပေါ်လွင်နေတာပေါ့။ မာရူးက ပြုံးလိုက်ပြီး သူမရဲ့ ရင်သားတွေကို အတင့်ရဲစွာနဲ့ စိုက်ကြည့်လိုက်တယ်။ အဲဒီလို ကြည့်လိုက်တဲ့အခါမှ ဆူယွန်းက နှုတ်ခမ်းကို ကွေးလိုက်ပြီး နောက်ကို ဆုတ်သွားတယ်။

“ပြချင်နေမှတော့ အကုန်ချွတ်ပစ်လိုက်ပါလား။ မျက်စိပသာဒ ဖြစ်တာပေါ့”

“နင်က မိန်းကလေးတစ်ယောက်အပေါ် တော်တော် တရားလွန်တာပဲ။ ငါတောင် ရှက်ကိုးရှက်ကန်း ဖြစ်သွားတယ်”

“အစ်မက ကြည့်စေချင်လို့ ကျွန်တော်က ကြည့်တာလေ။ အစ်မက သိပ်ပြီး ဇွတ်ပြနေတော့ ကျွန်တော်လည်း သေချာ အာရုံစိုက်ပြီး ကြည့်ပေးတာပေါ့။ ဒါပေမဲ့ နည်းနည်းတော့ နှမြောဖို့ကောင်းတယ်။ သိပ်ပြီး ထုထည်မရှိဘူးပဲ။ B ခွက်လောက်ရော ပြည့်ရဲ့လား မသိဘူး”

“...နင် သေချင်လို့လား”

မာရူးက ပခုံးတွန့်ပြပြီး ဆူယွန်းဆီကနေ မျက်နှာလွှဲလိုက်တယ်။ မိန်းကလေးတစ်ယောက်က သူမရဲ့ အလှအပကို လက်နက်လို သုံးနိုင်စွမ်းရှိရင် တော်တော် ကြောက်ဖို့ကောင်းတာပဲ။ ဆူယွန်းက အလှအပကို လက်နက်တစ်ခုလို သုံးနိုင်တဲ့သူမျိုးလေ။ သူမအနေနဲ့ ကလေးတွေကိုတော့ လာပြီး မြူဆွယ်မှာ မဟုတ်ပေမဲ့လည်း ကြိုတင် သတိထားတာကတော့ အကောင်းဆုံးပဲပေါ့။

“ဒါနဲ့ စီနီယာ... စီနီယာက တကယ်ပဲ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ရမှာလား” အာရမ်က ချောကလက်ကွတ်ကီးကို တစ်ကိုက် ကိုက်ရင်း မေးတယ်။ မာရူးက ခေါင်းငြိမ့်ပြလိုက်တာပေါ့။

“ဘယ်လို ဇာတ်ကောင်နေရာကလဲ”

“လူမိုက်လေ”

“အင်... စီနီယာကလား”

အာရမ်က အဲဒီလိုပြောရင်း ရယ်လိုက်ပေမဲ့ နောက်ဆုံးတော့ မျက်မှောင်ကြုတ်ပြီး ပြောလာတယ်။

“တကယ်တော့ စီနီယာနဲ့ လိုက်ဖက်မယ့်ပုံပဲ”

“လိုက်ဖက်ရုံတင် ဘယ်ကမလဲ။ သူက လူမိုက်စစ်စစ်ရဲ့ ပုံစံအတိုင်းပဲလေ” ဒိုဝူးက ဘေးကနေ ဝင်ပြောတယ်။ မာရူးက လက်ဝါးကို ဓားလိုလုပ်ပြီး ဒိုဝူးရဲ့ ဂုတ်ကို အသာလေး ထုပစ်လိုက်တယ်။

“ကျွန်မကတော့ သူ့နဲ့ လုံးဝ မလိုက်ဖက်ဘူးလို့ ထင်တာပဲ...” ဂျီယွန်းက မျက်တောင်ခတ်ရင်း ပြောတယ်။

“မဟုတ်ဘူး ဂျီယွန်းရဲ့။ မာရူးစီနီယာကို သေချာ ကြည့်ကြည့်လိုက်။ သူ့စရိုက်က တော်တော်လေး ဆိုးမယ့်ပုံစံရှိတယ်”

“ဟေး... ငါ့မျက်နှာရှေ့တည့်တည့်ကြီးတော့ လာမပြောပါနဲ့ဦး”

“စီနီယာလည်း သိသားပဲ။ ကျွန်မက အဲဒီလိုအရာတွေကို အောင့်အီးမထားနိုင်ဘူးလေ”

“မင်းက အောင့်မထားနိုင်တာ မဟုတ်ဘူး၊ မအောင့်တာပါ”

“ငါက အဲဒါကို သေချာ ဖုံးကွယ်ထားတယ်လို့ ထင်နေတာ။ မိသွားပြီပဲ”

အာရမ်က တခိခိ ရယ်တယ်။ ဂျီယွန်းကတော့ အလယ်မှာ တော်တော်လေး ပျာယာခတ်နေရှာတာပေါ့။ နောက်ဆုံးတော့ သူမက အာရမ်ရဲ့ လက်မောင်းကို လှမ်းဆွဲပြီး လှုပ်လိုက်တယ်။ ‘တော်တော့လေ’ လို့ ပြောနေတဲ့ သူမရဲ့ တိုးညှင်းတဲ့ အသံလေးကို ကြားနေရတယ်။

“ငါတို့ တော်တော်လေး ရင်းနှီးသွားကြပြီ မဟုတ်ဘူးလား” ဒေးမြောင်က အဲဒါကို ကြည့်ရင်း ပြောတယ်။ သူတို့ အတူတူ ဖြတ်သန်းခဲ့တာ တစ်လမက ရှိပြီဆိုတော့ ဒါက သိပ်ပြီး အံ့ဩစရာတော့ မဟုတ်ပါဘူး။ မနှစ်ကဆိုရင် ပထမဆုံး ဖြစ်ပျက်ခဲ့တာက သဟဇာတမဖြစ်မှုတွေပဲလေ။ ဒါပေမဲ့ ဒီနှစ်မှာတော့ အသင်းသားတွေကြားမှာ ဘာပဋိပက္ခမှ မရှိဘူး။ လေ့ကျင့်ရေးသာ အဆင်ပြေပြေ သွားနိုင်ရင် ပြိုင်ပွဲမှာလည်း ရလဒ်ကောင်းတွေ ရနိုင်မှာပဲ။

“ဒါဆို ရုပ်ရှင်က ဘယ်တော့ ရုံတင်မှာလဲ”

“ရုပ်ရှင်တောင် စပြီး မရိုက်ရသေးဘူး။ ရုံတင်မယ့်ရက်ကို အတိအကျ မသိသေးပါဘူး။ ငါက အဲဒါကို စုံစမ်းနိုင်တဲ့ အခြေအနေမျိုးမှာလည်း ရှိတာမှ မဟုတ်တာ”

“ဒါဆို စီနီယာက ဘယ်လောက်ကြာကြာ ပါမှာလဲ။ အဓိက ဇာတ်ဆောင်လား။ နောက်ဆုံးမှာ နောင်တရပြီး လူကောင်းဖြစ်သွားတဲ့ လူမိုက်လား”

“မဟုတ်ဘူး၊ ငါက အရန်ဇာတ်ကောင်လေးတင်။ ဖြတ်သွားဖြတ်လာ လူမိုက်ပေါ့။ စကားပြောရတာလည်း နှစ်ခွန်းပဲ ရှိတယ်”

“အော်... အဲဒါပဲ ရှိတာ... အုပ့်”

ဂျီယွန်းက ဆက်ပြီး နားမထောင်နိုင်တော့ဘဲ အာရမ်ရဲ့ ပါးစပ်ကို လှမ်းပိတ်လိုက်တယ်။ ပြီးတော့ အားနာတဲ့ မျက်နှာပေးနဲ့ မာရူးကို လှမ်းကြည့်တာပေါ့။

“တောင်းပန်ပါတယ် စီနီယာ။ သူက ဘယ်လို ထိန်းရမှန်း မသိလို့ပါ”

“သူ ပြောတာလည်း မမှားပါဘူး”

“ဒါပေမဲ့လည်း...”

မာရူးက သူ့မျက်ခုံးကို ကုတ်ရင်း လှည့်ထွက်ခဲ့တယ်။ ဂျီယွန်းရဲ့ သနားစရာကောင်းတဲ့ မျက်နှာပေးက အာရမ်ရဲ့ အမှန်တရားကို ဖွင့်ပြောတာထက် ပိုပြီး ဖိအားဖြစ်စေတယ်လေ။ ဒေးမြောင်သာ ဂျီယွန်းရဲ့ သူ့အပေါ်ထားတဲ့ ခံစားချက်ကို သိသွားရင် ဘယ်လို ဖြစ်သွားမလဲဆိုတာ ကြည့်လို့ကောင်းမှာပဲ။ သူတို့နှစ်ယောက် တော်တော်လေး အနေရခက်ပြီး တစ်ယောက်နဲ့တစ်ယောက် အဝေးကြီးမှာ ထိုင်နေကြမယ့် ပုံစံကို သူ အခုကတည်းက မြင်ယောင်နေမိပြီ။

“ရုပ်ရှင်ထဲမှာ တခြား ဘယ်သူတွေ ပါသေးလဲ။ ယွန်းဟျော့ ပါလား။ ချွဲဂျီဟွန်း ကော။ ဂျန်မင်းအိုပါး ကော ပါလား”

အာရမ်က သူမသိတဲ့ ချောမောလှပတဲ့ မင်းသားတွေရဲ့ နာမည်တွေကို လျှောက်ပြောနေတော့တာပဲ။

“ငါ သိသလောက်ကတော့ ဗိုက်ပူပူနဲ့ အသက်လတ်ပိုင်း လူကြီးတစ်ယောက်ပဲ ပါမယ်”

“ရုပ်ချောတဲ့သူတွေ တစ်ယောက်မှ မပါဘူးလား”

“ငါလည်း မသိဘူး။ ဘယ်သူတွေ ပါဝင်မလဲဆိုတာ တကယ်ကို မသိတာ”

“မင်းသမီးတွေကော”

ဒေးမြောင်က ခိုးကြောင်ခိုးဝှက်နဲ့ ဝင်မေးတယ်။

‘ဒေးမြောင်... မင်းနောက်မှာ ဂျီယွန်းက နှုတ်ခမ်းကို ကိုက်နေတာကို မမြင်ဘူးလား ကောင်စုတ်ရဲ့။ ဒီကောင်ကတော့ သူ့ခေါင်းပေါ်ကို ပန်းသီးတစ်လုံး ပြုတ်ကျလာတာ မြင်ရင်တောင် အစွမ်းကုန် ထွက်ပြေးမယ့် လူစားမျိုးပဲ’

“အဲဒါလည်း ငါ ဘာမှမသိဘူး။ ငါလို အောက်ခြေ သရုပ်ဆောင်တစ်ယောက်ကို သူတို့က လာပြောပြလိမ့်မယ်လို့ ထင်လို့လား”

အဲဒီအချိန်မှာ ဆူယွန်းက လက်ပိုက်လိုက်ပြီး ဝင်ပြောတယ်။

“ဒါပေမဲ့ ငါကတော့ သိတယ်”

“ဆရာမက ဘယ်သူတွေ ပါမလဲဆိုတာ သိတာလား” အာရမ်က မေးတာပေါ့။

“အင်း။ တော်တော်လေး ဆက်ဆီဖြစ်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ မင်းသမီးတစ်ယောက် ပါတယ်လို့ ပြောပြနိုင်တယ်”

ဆူယွန်းက စကားကို ခဏရပ်ပြီးမှ ဆက်ပြောတယ်။

“အဲဒါ ငါပဲလေ”

မာရူးက သူ့မျက်လုံးတွေ တုန်ခါသွားသလို ခံစားလိုက်ရတယ်။ ပြီးခဲ့တဲ့အပတ် ဗီလာမှာ တွေ့တုန်းက ဆူယွန်းက သမီးဒုတိယမြောက်နေရာအတွက် လေ့ကျင့်နေခဲ့တာလေ။ လူရွေးပွဲက ပြီးခဲ့တဲ့အပတ်ကမှ ပြီးတာဆိုတော့။ ဆိုလိုတာက ဆူယွန်းလည်း လူရွေးပွဲ အောင်သွားတာပေါ့ ဟုတ်လား။

“ဒါဆို ဆရာမက စီနီယာနဲ့ ရုပ်ရှင်တစ်ကားတည်းမှာ အတူတူ သရုပ်ဆောင်ရမှာပေါ့”

အာရမ်က စူးစမ်းတဲ့ မျက်နှာပေးနဲ့ မေးတယ်။ ဂျီယွန်းတောင် အံ့ဩသွားပြီး သူ့ဘက်ကို လှမ်းကြည့်လာတာပေါ့။

“အခြေအနေကတော့ အဲဒီလို ဖြစ်သွားတာပေါ့”

“ဒါဆို တူတူ ရိုက်ရမှာလား”

“မဟုတ်ဘူး။ ငါတို့ ဆုံဖြစ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့က အခန်းတွဲ တူတူရိုက်ရတာမှ မဟုတ်တာ”

“ဒါဆို ဆရာမက ဘယ်လို ဇာတ်ကောင်နေရာကလဲ”

“အဓိက ဇာတ်ဆောင်ရဲ့ မြေးမလေး နေရာကလေ။ အထက်တန်းကျောင်းသူပေါ့။ သူမက အဓိက ဇာတ်ဆောင်ရဲ့ လက်ချက်နဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံရမှာ။ သွေးတွေလည်း အများကြီး ထွက်မှာပဲ”

“အထက်တန်းကျောင်းသူလား”

“ငါ့မျက်နှာက နုပျိုနေတဲ့ အားသာချက်ကြောင့် ဖြစ်လိမ့်မယ်။ ဒီအစ်မရဲ့ အရေပြားက တော်တော်ကောင်းတယ်လေ။ ကျောင်းဝတ်စုံ ဝတ်လိုက်ရင် အထက်တန်းကျောင်းသူလေးနဲ့ တူသွားမှာပဲ”

သူမက ပါးကို ဆွဲပြရင်း ပြုံးဖြဲဖြဲနဲ့ ပြုံးလိုက်တယ်။ အာရမ်က အံ့ဩတသ ဖြစ်သွားပြီး ဆူယွန်းအနား တိုးသွားကာ ဆူယွန်းရဲ့ ပါးကို လှမ်းဆိတ်လိုက်တယ်။

“ဆရာမ... နောက်ကျရင် ကျွန်မကိုလည်း အဲဒီ လျှို့ဝှက်ချက် ပြောပြဦးနော်”

“ရတာပေါ့”

အာရမ်က ဆူယွန်းရဲ့ လက်ကို ကိုင်ပြီး ဝမ်းသာအားရ လှုပ်ခါနေတယ်။ ဆူယွန်းက မာရူးကို လှမ်းကြည့်လိုက်တာပေါ့။ သူမရဲ့ မျက်နှာမှာ အပြုံးဖျော့ဖျော့လေး ရှိနေတယ်။

“ဒါဆို ငါတို့ တူတူ မရိုက်ရဘူးပေါ့ ဟုတ်လား”

“အင်း”

“တော်သေးတာပေါ့”

“ဘာဖြစ်လို့လဲ။ နင်က ငါ့ကို စိတ်မကောင်းဖြစ်အောင် လုပ်နေတာပဲ”

ဘေးမှာရှိတဲ့ အာရမ်ကလည်း “ဟုတ်တယ် စီနီယာရဲ့” လို့ ဝင်ပြောတယ်။ ဆူယွန်းရဲ့ မြူဆွယ်တဲ့ ပညာရပ်က ယောကျာ်းလေးတွေအပေါ်တင် အလုပ်လုပ်တာ မဟုတ်ဘူးထင်တယ်။

“အော်... ငါ နောက်ထပ် လူတစ်ယောက်ကိုလည်း သိသေးတယ်။ နင်လည်း သေချာ သိတဲ့လူပဲ မာရူး”

“ဘယ်သူလဲ”

“ဂွန်ဆူ အိုပါးလေ။ သူက သားအငယ်ဆုံး နေရာက”

“ငါ အဲဒါ မသိခဲ့ဘူး။ ဒါနဲ့ မင်းက ဘယ်တုန်းကစပြီး ရင်းရင်းနှီးနှီး ခေါ်လိုက်တာလဲ။ အရင်က ဦးလေး လို့ ခေါ်တယ်လို့ ထင်နေတာ”

“အဲဒါ ငါ့အလုပ်ပါ။ နင် ဝင်မရှုပ်ပါနဲ့။ ဦးလေး ဟန်မာရူး ရဲ့”

လွန်ခဲ့တဲ့ နှစ်ပတ်က လူရွေးပွဲအကြောင်း ဆက်သွယ်ခဲ့တုန်းက ဂွန်ဆူ လည်း ဇာတ်ကောင်နေရာ ရခဲ့ပုံပဲ။ သားအငယ်ဆုံးက အဓိက ဇာတ်ဆောင်ရဲ့ လက်ချက်နဲ့ ပထမဆုံး အသတ်ခံရမယ့်သူလေ။ အက်ရှင်ခန်းအချို့လည်း ပါဝင်မှာပဲ။ ဝတ္ထုထဲမှာတော့ သူက သူ့အဖေဖြစ်တဲ့ အဓိက ဇာတ်ဆောင်ကို ပြန်ပြီး ရုန်းကန်ရင်းနဲ့ တူနဲ့ အထုခံရပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။

“ဇာတ်ညွှန်း အတူတူ ဖတ်တဲ့အချိန်ကျရင်တော့ တစ်ကြိမ် တွေ့ရမှာပေါ့”

“ရုပ်ရှင်တွေမှာလည်း ဇာတ်ညွှန်း အတူတူ ဖတ်တာ ရှိတာလား”

“တစ်ကြိမ်ပဲလေ။ ထုတ်လုပ်ရေးအဖွဲ့နဲ့ သရုပ်ဆောင်တွေ အားလုံး စုံစမ်းပြီး ဇာတ်ညွှန်းကို အစအဆုံး အတူတူ ဖတ်ကြတာ။ အဲဒီမှာ ဒါရိုက်တာ လိုချင်တဲ့ ပုံစံကို နားထောင်ကြရတာပေါ့”

ဆူယွန်းက အာရမ်ရဲ့ လက်ကို လွှတ်လိုက်ပြီး ထရပ်လိုက်တယ်။

“ကဲ... ဒါဆိုရင် စကားပြောတာ ဒီလောက်နဲ့ တော်ပြီ။ ငါတို့ လေ့ကျင့်ရေး စကြစို့။ သိပ်ပြီး တင်းကျပ်နေတာလည်း မကောင်းဘူး ဆိုပေမဲ့ အကြာကြီး ဆော့နေလို့လည်း မဖြစ်ဘူးလေ။ ဇာတ်ညွှန်းကို တစ်ခေါက် ဖတ်ပြီး ပြီးခဲ့တဲ့အပတ်က ဆုံးဖြတ်ထားတဲ့ လှုပ်ရှားမှု လမ်းကြောင်းအတိုင်း လှုပ်ရှားကြည့်ရအောင်။ ဘယ်သူမှ ဇာတ်ညွှန်းတွေကို မေ့မပစ်ကြသေးဘူး မလား”

ပြဇာတ်အသင်းက ပြီးခဲ့တဲ့ တစ်လလုံးလုံး ဇာတ်ညွှန်းကိုပဲ ကြည့်နေခဲ့ကြတာလေ။ ဒီမှာရှိတဲ့ လူတိုင်းက ဇာတ်ညွှန်းတွေကို ရွတ်ဆိုဖို့ ယုံကြည်ချက် အပြည့်ရှိနေကြတာ။

“ဒါဆို ရှင်းလင်းပြီး ချက်ချင်း စကြစို့။ အော်... ဒေးမြောင်... အားလုံးကို ဦးဆောင်ပြီး အကြောလျှော့လိုက်ဦး။ ဒီနေ့တော့ အကြောလျှော့တာကို အဆင့်မြှင့်မယ်။ အထူးသဖြင့် ဂျီယွန်း... အာရမ်နဲ့ ဘန်ဂျူးကတော့ လေ့ကျင့်ခန်း လုပ်နေကျမို့ အဆင်ပြေပေမဲ့ မင်းကတော့ လေ့ကျင့်ခန်း လုပ်ဖို့ လိုအပ်တယ်။ မင်းရဲ့ ခန္ဓာကိုယ် ပျော့ပျောင်းမှုကို မြှင့်တင်ရအောင်”

“ဟု... ဟုတ်ကဲ့ပါ”

“ကဲ... ဒါဆိုရင် စကြစို့”

ဆူယွန်းက လက်ခုပ်တီးပြီး အားလုံးကို ထခိုင်းလိုက်တယ်။ သူမက ပျော်ရွှင်စရာကောင်းတဲ့ အခြေအနေကို ထိန်းသိမ်းထားပြီး လေ့ကျင့်ရေးမှာ အသက်ဝင်အောင် လုပ်ဆောင်ပေးနေတာပေါ့။ သူမက ရင်ဆိုင်ရ ခက်ခဲတဲ့ မိန်းမတစ်ယောက် ဖြစ်ပေမဲ့ သူမရဲ့ အရည်အချင်းကိုတော့ အသိအမှတ်ပြုရမှာပဲ။ သူမမှာ အဖွဲ့အစည်းတွေကို သင်ကြားဖူးတဲ့ အတွေ့အကြုံ မရှိဘူးဆိုတာကတော့ မယုံနိုင်စရာပဲလေ။ သူမက ဒီကျောင်းသားအဖွဲ့အပေါ်မှာ ထူးချွန်တဲ့ သင်ကြားရေး အရည်အချင်းကို ပြသနေတာပဲ။

“ဒီနေ့လည်း အလုပ်တွေကို အကောင်းဆုံး ဖြစ်အောင် လုပ်ကြတာပေါ့ ဟုတ်လား”

* * * * * * * * *

မွန်ဂျောင် က အသက်ကို ပြင်းပြင်းရှူလိုက်တယ်။ အဲဒီနောက်မှာတော့ သူ့လက်ထဲက ဇာတ်ညွှန်းကို ကိုင်ပြီး အပေါ်အောက် ပြင်းပြင်းထန်ထန် လှုပ်ခါလိုက်တာပေါ့။ ရေငတ်သလို ခံစားချက်မျိုးက သူ့ရင်ထဲမှာ ထိုးတက်လာနေတယ်။ အခုချက်ချင်းပဲ သူ့ရဲ့ ရေငတ်မှုကို သွန်ချပစ်ချင်နေမိပြီ။

အသက်ကို ပြင်းပြင်းရှူပြီးတဲ့နောက်မှာတော့ မွန်ဂျောင်က သူ့ရဲ့ ဖုန်းကို ကောက်ကိုင်လိုက်တယ်။ ဂျွန်မင်း ဆီက မက်ဆေ့ခ်ျတစ်ခု ရောက်နေတာပဲ။

“သဘက်ခါကျရင် အတူတူ ဆုံကြမယ်လေ။ ကျွန်တော် လာခေါ်မယ်”

* * * * * * * * *

All Chapters