← Chapters

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း(၂၃၄)

ယိုဂျင်က သူမရဲ့ ခရမ်းချဉ်သီး ကာပရီဆီ အသုပ်ကို နည်းနည်း မြည်းကြည့်လိုက်တယ်။ စားဖိုမှူး ချက်နေတဲ့ တရှဲရှဲနဲ့ အနံ့မွှေးနေတဲ့ နံရိုးကင်တွေ၊ ဝက်သားကြော် ဒါမှမဟုတ် စတိတ်ကင်တွေကို သူမ တကယ် စားချင်တာပေါ့။ ဒါပေမဲ့ နောက်ဆက်တွဲ အကျိုးဆက်ကို တွေးမိတဲ့အခါမှာတော့ အဲဒီလို မလုပ်ရဲတော့ဘူးလေ။

‘ကယ်လိုရီ၊ ကယ်လိုရီတွေ’

သူမတို့အရွယ် မိန်းကလေးတွေက ကြီးထွားနှုန်း ကောင်းတဲ့အချိန်မို့လို့ အဝစားရမယ်ဆိုတဲ့ အယူအဆက တခြားသူတွေနဲ့ပဲ ဆိုင်တာပါ။ သူမရဲ့ အိမ်မက်က မင်းသမီးတစ်ယောက် ဖြစ်ဖို့မို့လို့ ကယ်လိုရီများတဲ့ အစားအစာတွေဟာ အဆိပ်ခွက်ကြီးတစ်ခုလိုပါပဲ။ သောက်လိုက်ရင် ခဏတော့ သုခစည်းစိမ် ခံစားရမှာဖြစ်ပေမဲ့ မကြာခင်မှာပဲ နောင်တရလာမှာ သေချာတယ်လေ။

“မင်းက အသီးအရွက်တွေချည်းပဲ သိပ်စားနေတာ မဟုတ်ဘူးလား”

သူမဘေးကနေ ယူးဂျီဆော့ ဆိုတဲ့ကောင်လေးက လှမ်းပြောလိုက်တယ်။ ယိုဂျင်ဟာ အခုအချိန်အထိတော့ သူမကိုယ်သူမ လူမှုရေး မညံ့ဘူးလို့ ထင်ထားခဲ့တာ။ လူစိမ်းတွေချည်းပဲ ရှိတဲ့နေရာမှာတောင် သူငယ်ချင်းတွေ ရအောင် ဖွဲ့နိုင်တယ်လို့ ယုံကြည်ချက် ရှိခဲ့တာပေါ့။ ဒါပေမဲ့ သူမနဲ့ယှဉ်ရင်တောင် ဂျီဆော့ရဲ့ လူမှုရေးကတော့ တကယ့်ကို အဆင့်တစ်ခုပါပဲ။

သူတို့အရွယ်တွေက သူငယ်ချင်း ဖြစ်ရလွယ်တယ်ဆိုပေမဲ့ မျက်နှာပူစရာ ကောင်းတဲ့မေးခွန်းတွေကို ဘွင်းဘွင်းကြီး လှမ်းမေးတတ်တဲ့ ဂျီဆော့ရဲ့ ပုံစံကြောင့် သူမ အရှုံးပေးလိုက်ရတယ်။ လူဆိုးတစ်ယောက်တော့ မဟုတ်ပုံရပေမဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဇွတ်မေးတတ်တာမို့လို့ ဆက်ဆံရတာတော့ နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။

“အော်၊ ဝိတ်ချနေတာလား။ ကြည့်ရတာတော့ ဝိတ်ချဖို့ လိုတဲ့ပုံမပေါက်ပါဘူး”

ဂျီဆော့က ပြုံးပြီး ပြောလိုက်တယ်။ ယိုဂျင်လည်း လိုက်ပြီး အသာလေး ပြုံးပြလိုက်တာပေါ့။ အပိုအပြော မြှောက်ပင့်စကားပဲ ဖြစ်ဖြစ်၊ ကြားရတာတော့ စိတ်ထဲ နေလို့ကောင်းတာ အမှန်ပဲလေ။

“မင်းက မာရူးနဲ့ ရင်းနှီးတာလား”

“ငါတို့က ရင်းနှီးလို့လား”

ယိုဂျင်က အဲဒီမေးခွန်းကို မာရူးဘက်လှည့်ပြီး လွှဲချလိုက်တယ်။

“ငါတို့က ပြဇာတ်တစ်ခုကို အတူတူ ပြင်ဆင်ခဲ့တဲ့အထိတော့ ရင်းနှီးပါတယ်”

“အဲဒါက ဘယ်လောက်အထိ ရင်းနှီးတာလဲ”

“ဒါဆိုရင် ငါ စကားကို ပြန်ပြင်ပြောရမယ်။ လအနည်းငယ်လောက် အဆက်အသွယ် မလုပ်ဖြစ်ရင်တောင် စိတ်ထဲ ဘာမှမဖြစ်တဲ့အထိ ရင်းနှီးတာပေါ့”

“နင့်ရဲ့ စကားပြောပုံစံက တကယ်ကို မပြောင်းလဲဘူးပဲ။ နင်နဲ့ငါနဲ့ အဆက်အသွယ်မရှိတာ ဖြစ်နိုင်ပေမဲ့ နင့်ရဲ့ ရည်းစားဆီကိုတော့ ငါ အကြိမ်ပေါင်းများစွာ ဖုန်းဆက်ခဲ့တာ သိရဲ့လား။ ငါတို့ မင်းကွယ်ရာမှာ အတင်းတောင် ပြောသေးတယ်”

“....”

“ဟဲဟဲ။ မင်း မျက်မှောင်ကုတ်သွားတာကို ကြည့်ဦး။ နင့်ရည်းစားရှေ့မှာကျတော့ သိပ်အလိုက်သိပြီး တခြားသူတွေကျတော့ အမြဲတမ်း အေးစက်နေတာပဲ”

“ဘာလဲ၊ မင်းကိုပါ ငါက ချိုချိုသာသာ ဆက်ဆံပေးစေချင်လို့လား”

“တော်စမ်းပါ၊ ငါ အခုတင် စားထားတာတွေ အကုန် အန်ထွက်ကုန်ဦးမယ်။ နင့်ရဲ့ ချိုသာမှုတွေကို မင်းရည်းစား တစ်ယောက်တည်းပဲ အကုန် ယူပါစေ”

သင့်တော်တဲ့ အကွာအဝေးတစ်ခု။ ယိုဂျင်က မာရူးနဲ့ စိတ်အေးလက်အေး စကားပြောနိုင်တာဟာ အဲဒီအချက်ကြောင့်လို့ ယုံကြည်ထားတယ်။ သူတို့က ပြန်ဆုံတဲ့အခါ ဝမ်းသာနိုင်သလို၊ လမ်းခွဲတဲ့အခါမှာလည်း စိတ်မကောင်းဖြစ်စရာမလိုဘဲ လွယ်လွယ်ကူကူပဲ ခွဲခွာနိုင်ကြတာလေ။ သူတို့ရဲ့ ပတ်သက်မှုက သူငယ်ချင်းထက်တော့ ပေါ့ပါးပြီး သာမန်သိကျွမ်းသူထက်တော့ နည်းနည်း ပိုလေးနက်တယ်။ သူမအရွယ် တခြားကောင်လေးတွေနဲ့ကျတော့ ဒီလို သင့်တော်တဲ့ အကွာအဝေးတစ်ခုကို ထိန်းသိမ်းဖို့ ခက်ခဲလွန်းတယ်။ အများစုက အဲဒီအကွာအဝေးကို ကျော်ဖြတ်ဖို့ ကြိုးစားကြတာ၊ ဒါမှမဟုတ် သူမကို ဖွင့်ပြောပြီးတဲ့နောက် ဝေးဝေးကို ထွက်သွားကြတာချည်းပဲ။

“မင်းတို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေနဲ့ တူတယ်” လို့ ဂျီဆော့က ကြားဖြတ်ပြောလိုက်တယ်။ ယိုဂျင်က အဲဒီစကားကို နှာခေါင်းရှုံ့လိုက်တာပေါ့။

“ဘာသူငယ်ချင်းကောင်းလဲ။ ဟေ့၊ နင်လည်း အဲဒီကောင်နဲ့ သိပ်မပတ်သက်နဲ့။ အခုတင် မြင်လိုက်တယ်မလား။ ဒီကောင် တခြားသူအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံတာ ငါ တစ်ခါမှမမြင်ဖူးဘူး”

“အဲဒါကပဲ သူ့ရဲ့ အားသာချက် မဟုတ်ဘူးလား”

ဂျီဆော့ရဲ့ မျက်နှာမှာ နောက်ပြောင်တဲ့ အပြုံးတစ်ခု ရှိနေပေမဲ့ ယိုဂျင်ကတော့ အဲဒီအပြုံးရဲ့ နောက်ကွယ်က မဆိုစလောက် ဝမ်းနည်းရိပ်ကလေးကို သတိထားမိလိုက်တယ်။ ဘာကိုဆိုလိုတာလဲလို့ သူမ မသိစိတ်ကနေ ယောင်ပြီး မေးမိမလို ဖြစ်သွားပေမဲ့ ကိုယ်ကိုကိုယ် ပြန်ထိန်းပြီး ငြိမ်နေလိုက်တယ်။ သူတို့က ဒီလိုမေးခွန်းမျိုး မေးရလောက်အောင်အထိ မရင်းနှီးသေးဘူးလေ။

“အာ... စိတ်လှုပ်ရှားစရာတစ်ခုခု ရှိရင် ကောင်းမှာပဲ။ ဒါက ပါတီပွဲပဲဥစ္စာ”

ဂျီဆော့က စိတ်ပျက်လက်ပျက်နဲ့ နေရာကနေ ထရပ်လိုက်တယ်။

“အဲဒီကောင်က ဘယ်သူလဲ” ဂျီဆော့ ထွက်သွားတဲ့အချိန်မှာ ယိုဂျင်က မာရူးကို မေးလိုက်တာပေါ့။ မာရူးက အစားကို ခဏလောက် ဆက်ဝါးနေပြီးမှ အသံတိုးတိုးနဲ့ ပြန်ပြောတယ်။

“ငါတို့ လူရွေးပွဲတုန်းက နှစ်ကြိမ်ပဲ ဆုံဖူးတာ။ အော်... အတူတူ ပြဇာတ်တစ်ပုဒ်တော့ ကြည့်ဖူးတယ် ထင်တယ်”

“ပြဇာတ် အတူတူကြည့်ဖူးတယ် ဟုတ်လား။ အဲဒါ နည်းနည်း ထူးဆန်းမနေဘူးလား။ မင်းတို့နှစ်ယောက် မရင်းနှီးဘူး ထင်နေတာ”

“မင်းဘေးမှာ သူ့ကို ထားကြည့်ပါလား။ အမြဲတမ်း ငြင်းဆန်နေရတာထက်စာရင် သူ့ဘာသာသူ လုပ်ချင်တာ လုပ်ခွင့်ပေးလိုက်တာက ပိုသက်သာတယ်လို့ မင်းတွေးမိလာလိမ့်မယ်။ ဟေ့၊ ဒီအခွင့်အရေး သူ့ကို မင်းပဲ ယူလိုက်ပါလား။ ငါ မင်းကို ပေးလိုက်မယ်”

“ဝေးသေးတယ်”

“နှမြောစရာပဲ”

ယိုဂျင်က ခန်းမထဲမှာ တစ်ယောက်တည်း လျှောက်သွားနေတဲ့ ဂျီဆော့ကို လှမ်းကြည့်နေမိတယ်။ သူက ဆုံသမျှ လူတိုင်းကို လိုက်ပြီး နှုတ်ဆက်နေတာ။ အချို့က ပြုံးပြီး သူ့နှုတ်ဆက်ခြင်းကို လက်ခံကြပေမဲ့ လူအများစုကတော့ သူ့ကို အထက်အောက် စကန်ဖတ်သလို ကြည့်ပြီး ဒီအတိုင်း ကျော်သွားကြတာပေါ့။

ဒါပေမဲ့လည်း သူက အလျော့မပေးဘဲ ဝိုင်းတွေဆီ လျှောက်သွားပြီး စကားဝိုင်း စတင်ဖို့ ကြိုးစားနေတုန်းပဲ။ အဲဒါကို မြင်တော့ ယိုဂျင် အံ့ဩမှင်တက်သွားရတယ်။ ဒီကောင်က အရှက်မရှိတာလား၊ ဒါမှမဟုတ် စိတ်သဘောထား ကောင်းတာလား ဆိုတာ သူမ မဝေခွဲတတ်တော့ဘူး။ ဒါတောင်မှ စကားဝိုင်းတွေကို အဆင်ပြေပြေနဲ့ အဆုံးသတ်နိုင်ပုံအရတော့ လူဆိုးတစ်ယောက်တော့ မဟုတ်ပုံရပါဘူး။ သူက လိုတာထက်ပိုပြီး တက်ကြွလွန်းတဲ့ ကောင်လေးပဲ။ ယိုဂျင်က သူမရဲ့ သုံးသပ်ချက်ကို သဘောကျပြီး ခေါင်းညိတ်လိုက်တယ်။

“ကြည့်ရတာ သူက လူတွေရဲ့ အာရုံစိုက်မှုကို လိုချင်နေတဲ့ပုံပဲ”

“အဲဒါ အကုန်လုံးတော့ ဟုတ်မယ်မထင်ဘူး။ သူက အာရုံစိုက်မှုပဲ တကယ်လိုချင်တာဆိုရင် ဇွတ်အတင်း ဆက်လုပ်နေမှာပေါ့”

“တကယ်လား”

“သူက လူတွေကို သိပ်ခင်တွယ်လွန်းလို့ ဖြစ်လိမ့်မယ်၊ တကယ့်ကို သိပ်ခင်တာပေါ့”

မာရူးက သူ့ပန်းကန်ကို ကိုင်ပြီး ထရပ်လိုက်တယ်။ ယိုဂျင်လည်း ဝိုင်းမှာ တစ်ယောက်တည်း ကျန်မနေခဲ့ချင်တာမို့လို့ လိုက်ပြီး ထရပ်တာပေါ့။ မာရူးက အစားအစာတွေ စားလို့ပြီးတော့မယ့်အတိုင်း အချိုပွဲ အပိုင်းဆီကို ဦးတည်သွားတယ်။ အဲဒီမှာ ကိတ်မုန့်တွေ၊ မုန့်လုံးရေပေါ်လို အချိုမုန့်တွေနဲ့ သစ်သီးတွေကို လှလှပပ ပြင်ဆင်ပြသထားတာလေ။

ယိုဂျင် တံတွေးမြိုချလိုက်မိတယ်။ အသားတွေရဲ့ မျှားခေါ်မှုကိုတော့ သူမ အောင့်အီးနိုင်ခဲ့ပေမဲ့ ချောကလက်နဲ့ မုန့်တွေရဲ့ မျှားခေါ်မှုကိုတော့ အောင့်အီးဖို့ ခက်ခဲလွန်းတယ်။ အထူးသဖြင့် ခွက်ထဲက ချောကလက်ဖွန်ဒူးနဲ့ ဘေးနားက ချစ်စရာ ကွတ်ကီးမုန့်တွေ၊ မာရှ်မယ်လိုတွေကို သူမ မျက်တောင်မခတ် တမ်းတမ်းစွဲ ငေးကြည့်နေမိတာပေါ့။

“အဲဒီကွတ်ကီးကို ချောကလက် တစ်ခါနှစ်လိုက်ရင် အနည်းဆုံး ကယ်လိုရီ တစ်ရာလောက်တော့ ရှိတယ် မဟုတ်လား”

မာရူးက ဘေးနားကနေ ရက်ရက်စက်စက် လှမ်းပြောတယ်။ ဒီကြားထဲ သူကိုယ်တိုင်ကတော့ ဖွန်ဒူးထဲကို ကွတ်ကီးတွေ နှစ်ပြီး စားနေတာလေ။

“ငါ မစားပါဘူး”

“ပါးစပ်ထဲထည့်လိုက်ရင် အရည်ပျော်သွားမှာ။ ဒါပေမဲ့ အဲဒါက မင်းရဲ့ ကိုယ်အလေးချိန်ဆီကို တန်းတန်းမတ်မတ် ရောက်သွားမှာပေါ့”

“နင်က ရန်ရှာနေတာ မဟုတ်လား”

သူမက မျက်မှောင်ကုတ်ပြီး မာရူးကို စိုက်ကြည့်လိုက်တဲ့အခါ မာရူးက ချောကလက်ဆော့စ်တွေ ပေပွနေတဲ့ ကွတ်ကီးတုတ်ချောင်းကို ရုတ်တရက်ကြီး ကမ်းပေးလာတယ်။

“ဘာ... ဘာလဲ”

“တစ်ချောင်းတည်းဆို ရပါတယ်။ ဒီကွတ်ကီးကို လုပ်ဖို့ ဂျုံမှုန့်မသုံးထားဘူးလို့ ဒီမှာ ရေးထားတယ်။ ပြီးတော့ ချောကလက်က ဗိုက်ပြည့်လွယ်တယ်လို့ ပြောကြတာပဲ။ နည်းနည်းစားရင် ကျန်းမာရေးအတွက် ကောင်းသလို အသားအရေအတွက်လည်း ကောင်းတာပေါ့”

“....”

“အစာစားချင်စိတ်ဆိုတာ ပူဖောင်းလိုပဲ၊ သိပ်ပြီး ပိတ်လှောင်ထားရင် ပေါက်ထွက်သွားလိမ့်မယ်။ မင်းကိုယ်မင်း အနည်းဆုံးတော့ ဆုလာဘ်တစ်ခု ပေးသင့်တာပေါ့။ ပြီးတော့ မင်းက သိပ်ပိန်လွန်းတယ်”

“ငါက ဘယ်နားမှာ ပိန်လို့လဲ”

သူမရဲ့ အဖြေက အဲဒီလို ဖြစ်နေပေမဲ့ လက်တွေကတော့ ကွတ်ကီးတုတ်ချောင်းကို လှမ်းကိုင်မိနေပြီ။ သူမရဲ့ မျက်လုံးတွေက ပြောင်လက်နေတဲ့ ချောကလက်ဆီမှာ အာရုံစိုက်နေတာပေါ့။ လူရွေးပွဲ အောင်မြင်ပြီးကတည်းက သူမ ဝိတ်ချတာကို စတင်ခဲ့တာ အခုဆိုရင် တစ်လရှိပြီ။ ဒီလောက်အထိ အောင့်အီးနိုင်ခဲ့တာပဲ၊ တစ်ချောင်းတည်းဆိုရင်တော့ ရလောက်ပါရဲ့မလား။

“အဲ... အသားအရေအတွက် ကောင်းတယ် ဟုတ်လား”

“မင်းလည်း စားမှာပဲဥစ္စာ၊ အသေးစိတ်တွေကို စိတ်မပူဘဲ နေလိုက်စမ်းပါ”

“ငါ ဝိတ်တက်လာရင် မင်းအပြစ်ပဲ”

ယိုဂျင်က ကွတ်ကီးကို တစ်ကိုက် ကိုက်လိုက်တယ်။ အဲဒီအချိန်မှာ သူမ မသိစိတ်ကနေ သက်ပြင်းချလိုက်မိတာပေါ့။ သူမရဲ့ တင်းကျပ်မှုတွေအားလုံး လျော့ကျသွားသလို ခံစားလိုက်ရတယ်။ သူမရဲ့ အာရုံကြောတွေကို တစ်ခုခုက ပြင်းပြင်းထန်ထန် ဖိနှိပ်ထားတာမျိုး ပျောက်ကွယ်သွားသလိုပဲ။

“မင်းကိုယ်မင်း သိပ်ပြီး ရက်စက်မနေပါနဲ့။ တခြားသူတွေက မင်းရဲ့ ကျန်းမာရေးအတွက် စိုးရိမ်လာပြီဆိုရင် အဲဒါ ဝိတ်ချတာ မဟုတ်တော့ဘူး။ ဝိတ် ထပ်မချနဲ့တော့။ ဒီထက် ပိုပြီး လှလာလိမ့်မယ်။ ဇာတ်တိုက်တုန်းက ပုံစံကို ငါ ပိုသဘောကျတယ်။ မယုံရင် ငါ့ရည်းစားကို မေးကြည့်လို့ရတယ်။ သူက မင်းထက် ပိုပြီး ပြည့်ပြည့်ဖြိုးဖြိုး ရှိပေမဲ့ လှနေတုန်းပဲ”

“ဒါပေမဲ့ သူက... အများကြီးစားရင်တောင် ဝိတ်မတက်ဘူးလေ။ ပြီးတော့ သူက ဘယ်နားမှာ ပြည့်ဖြိုးလို့လဲ။ ဒါကြောင့်မို့လို့ ယောကျာ်းတွေက အသုံးမကျတာ။ သူက ပြည့်ဖြိုးတယ်ဆိုရင် ဒီကမ္ဘာပေါ်က လူအများစုက အဝလွန်သူတွေ ဖြစ်ကုန်မှာပေါ့”

“ကဲပါ၊ ငါ့ရည်းစားက အချိုးအစား ပြေပြစ်တာတော့ အမှန်ပဲ။ ဝိတ်မတက်တာတော့ မဟုတ်ပါဘူး။ စားပြီးရင် တော်တော်လေး ဖောင်းလာတတ်တာ။ သူက အရူးအမူး လေ့ကျင့်ခန်းလုပ်လို့ပဲ။ ဟင်းဟင်း၊ ငါ့ရည်းစားမို့လို့ ပြောတာမဟုတ်ဘူး၊ တကယ့်ကို အံ့ဩဖို့ကောင်းတာ”

“နင်က လူရှုပ်ပဲ။ တကယ့် လူရှုပ်ကြီး။ ပြီးတော့ ပြုပြင်လို့မရတဲ့လူ”

“ယောကျာ်းတွေအကုန်လုံးက လူရှုပ်တွေချည်းပါပဲ။ အဲဒါကို အပြင်ထုတ်ပြသလား၊ မပြဘူးလား ဆိုတဲ့ ကွာခြားချက်ပဲ ရှိတာ။ ဘယ်ယောကျာ်းမဆို ခေါင်းထဲမှာ စိတ်ကူးယဉ်မှု တစ်ခု၊ နှစ်ခုတော့ ရှိကြတာချည်းပဲ”

“နင်နဲ့ စကားမပြောတော့တာက ပိုကောင်းမယ်” လို့ ပြောရင်း ယိုဂျင်က သူမရဲ့ လက်ကို ကြည့်လိုက်တယ်။ စကားပြောနေရင်းနဲ့ တစ်ချောင်းလုံး ကုန်သွားခဲ့ပြီလေ။ ညည်းတွားရင်းနဲ့ သူမ ခဏလောက် ဝေခွဲမရဖြစ်နေပြီးမှ နောက်ထပ် ကွတ်ကီးတစ်ချောင်းကို ထပ်ယူပြီး ချောကလက်ထဲ နှစ်လိုက်ပြန်တယ်။

‘ထားလိုက်တော့၊ နောက်ထပ် တစ်ချောင်းလောက် ထပ်စားလိုက်မယ်’

“နှစ်ချောင်းဆိုရင်တော့ ဝိတ်တက်မှာ သေချာတယ်လို့ ငါထင်တယ်”

“ပါးစပ်ပိတ်ထားစမ်း”

မာရူးက ပခုံးတွန့်ပြတာကို ကြည့်ပြီး ယိုဂျင်က ကွတ်ကီးကို တစ်ကိုက် ကိုက်လိုက်တယ်။

‘မာရူးအကြောင်း အတင်းပြောဖို့ သူ့ရည်းစားဆီကို ဖုန်းဆက်ရမယ်’ လို့ သူမ တွေးလိုက်မိတယ်၊ အဲဒီလိုလုပ်မှပဲ သူမရဲ့ စိတ်ဖိစီးမှုတွေ ပြေပျောက်သွားမှာလေ။

“...ဒါပေမဲ့ အရသာရှိသားပဲ” လို့ ပြောပြီးမှ ယိုဂျင်က သတိရပြီး ခေါင်းခါလိုက်တယ်။ မာရူးကတော့ အစားအစာတွေ အပြည့်ပါတဲ့ ပန်းကန်ကို ကိုင်ပြီး ဝိုင်းဆီကို အရင် ပြန်သွားနှင့်ပြီ။ ပြီးတော့ သူ့ဘာသာသူ တိတ်တိတ်ဆိတ်ဆိတ် စားနေတော့တာပေါ့။

“သူ့ဆီမှာ ဘာကို သဘောကျနေတာပါလိမ့်….”

သူမက ကွယ်ရာမှာ အတင်းပြောမယ်လို့ ဆိုပေမဲ့လည်း အဲဒါက နောက်ပြောင်တဲ့ သဘောထက် မပိုပါဘူး။ တကယ် ကဲ့ရဲ့တာမျိုးမဟုတ်ဘဲ ညည်းညူပြတာမျိုးပဲလေ။ ဒါတင်မကဘဲ အချိန်အများစုမှာ စကားဝိုင်းက ချိုသာတဲ့ အချစ်ဇာတ်လမ်းတွေဆီ ရောက်သွားတတ်တာ။ ယိုဂျင်က ဒီလိုအကြောင်းအရာတွေကို အထူးတလည် သဘောမကျပေမဲ့ သူမ သူငယ်ချင်းရဲ့ အချစ်မူးနေတဲ့ အသံကို ကြားရတဲ့အခါတိုင်း အဆုံးအထိ နားထောင်မိသွားတတ်တယ်။

ပြီးခဲ့တဲ့တစ်ခေါက်က ဖိနပ်အကြောင်းပေါ့။ ဖိနပ်ဆိုင်ရှေ့မှာ ခဏကလေးပဲ ရပ်ကြည့်ခဲ့တာကိုတောင် မာရူးက တိတ်တဆိတ် မှတ်ထားပြီး နောက်တော့ လက်ဆောင်အဖြစ် ဝယ်ပေးခဲ့တာလေ။ သူက ‘လမ်းကြုံလို့ ကောက်ရလာတာ’ လို့ ပြောပြီး လှပတဲ့ ပါကင်ထုတ်ပိုးမှုနဲ့ ကမ်းပေးခဲ့တာ။ အဲဒီဇာတ်လမ်းကို ကြားရတဲ့ ယိုဂျင်က ကလေးဆန်တယ်လို့ ထင်မိပေမဲ့ သူမသာ အဲဒီလို အခြေအနေမျိုး ကြုံရရင် သိပ်ပြီး ပျော်မိမှာပဲလို့လည်း ခံစားရတယ်။ အမှန်အတိုင်းပြောရရင် မာရူးက သူမကို လက်စွပ်တစ်ကွင်း လက်ဆောင်ပေးတုန်းက သာမန်လူတော့ မဟုတ်ဘူးလို့ ထင်ခဲ့တာ။ သူက ကောင်မလေးတွေကို ကစားတတ်တဲ့လူများလားလို့တောင် တွေးမိခဲ့သေးတယ်။

ပထမတော့ လူရှုပ်တစ်ယောက်က သူမသူငယ်ချင်းကို လာပိုးပန်းနေတာလားဆိုပြီး စိတ်ပူခဲ့ပေမဲ့ မာရူးရဲ့ ပြုမူပုံတွေကို မြင်ရတဲ့အခါမှာတော့ အလကား စိတ်ပူခဲ့တာပဲလို့ သိလိုက်ရတယ်။ သူက ကောင်မလေးတွေကို ပြက်လုံးအချို့နဲ့ စိတ်အေးလက်အေး ဖြစ်အောင် လုပ်ပေးတတ်ပေမဲ့ အဲဒီထက်တော့ ပိုမသွားဘူးလေ။ ဆိုလိုတာက နားလည်မှုလွဲစေမယ့် အရာတွေကို သူ ဘယ်တော့မှ မလုပ်ဘူး။ အပျော်တမ်း သရုပ်ဆောင်အတန်းမှာ ရှိစဉ်ကတည်းက သူမ ဒါကို အသေအချာ သဘောပေါက်ခဲ့တာ။

မာရူးက အဲဒီမိန်းကလေးတစ်ယောက်အပေါ်မှာပဲ တကယ် တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ဆံတာ ဖြစ်တယ်။ အဲဒါက သိပ်ပြီး ထင်ရှားလွန်းတာမို့လို့ အတန်းထဲက တခြားကောင်မလေးတွေကလည်း မာရူးအပေါ် တခြားစိတ် မမွေးရဲကြဘူးလေ။ သူက စည်းခြားရမှာ သိပ်တော်တာကိုး။ သူ့ရဲ့ သူငယ်ချင်းဖြစ်ဖို့ လွယ်ကူပေမဲ့ ဘယ်သူမှ သူ့အပေါ်မှာ သူငယ်ချင်းထက်ပိုတဲ့ ခံစားချက်မျိုး မရှိကြဘူး။

အခုလည်း အဲဒီအတိုင်းပါပဲ။ တခြားသူတွေအမြင်မှာတော့ သူတို့ ပြုမူပုံအရ ရင်းနှီးတဲ့ ဆက်ဆံရေးလို့ မြင်နိုင်ပေမဲ့ ကာယကံရှင်တစ်ယောက်အနေနဲ့တော့ မာရူးက အကွာအဝေးတစ်ခု ထိန်းထားတယ်ဆိုတာ သူမ အသေအချာ သိတယ်။ အဲဒီအချက်ကြောင့်ပဲ သူမ သူ့ကို စိတ်သက်သက်သာသာနဲ့ စကားပြောနိုင်တာပေါ့။ ယိုဂျင်က ယောကျာ်းနဲ့ မိန်းမကြားမှာ ‘သူငယ်ချင်း’ ဆိုတာ မရှိနိုင်ဘူးလို့ ယုံကြည်ထားပေမဲ့ မာရူးကတော့ သူငယ်ချင်းဖြစ်နိုင်အောင် လုပ်ပေးနိုင်တယ်လို့ ခံစားရတယ်။ သူတို့က လေးနက်တာလည်းမဟုတ်၊ ပေါ့ပျက်ပျက်လည်းမဟုတ်တဲ့ ပတ်သက်မှုမျိုးဖြစ်ပြီး အကြာကြီး မဆုံဖြစ်ခဲ့ရင်တောင် ပြန်တွေ့တဲ့အခါ စိမ်းစိမ်းကားကား မဖြစ်မယ့်အထိ ရင်းနှီးကြတာလေ။

‘ငါသာ တစ်ယောက်ယောက်နဲ့ တွဲဖြစ်ရင် ဒီလိုကောင်မျိုးနဲ့ပဲ ဖြစ်သင့်တာ မဟုတ်ဘူးလား’

မိန်းကလေးတိုင်းကတော့ မိမိတို့ဘဝရဲ့ မင်းသမီး ဖြစ်ချင်ကြတာချည်းပဲ။ ယိုဂျင်လည်း တခြားလူ မဟုတ်ပါဘူး။ လူကြီးတွေကတော့ သူမကို မလိုအပ်တာတွေ စိတ်ပူနေတယ်လို့ ပြောကြလိမ့်မယ်၊ ဒါပေမဲ့ အထက်တန်းကျောင်း ဒုတိယနှစ်ဆိုတာ တော်တော်လေး အရွယ်ရောက်နေပြီ မဟုတ်လား။ ပြီးတော့ ယိုဂျင်က သူမ အမေကြောင့် တခြားမင်းသမီးတွေဆီက ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေကို ကြားပြီး ကြီးပြင်းလာခဲ့ရတာ။ သူမကိုယ်သူမ စိတ်ပိုင်းဆိုင်ရာအရ တော်တော်လေး ရင့်ကျက်နေပြီလို့ ယူဆထားတာပေါ့။ ဒါပေမဲ့ အဲဒီလို ရင့်ကျက်အောင် သူမ ကိုယ့်သဘောနဲ့ကိုယ် ဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။

‘ဒါတွေအားလုံး သိရက်နဲ့ မင်းသမီးဖြစ်ဖို့ ကြိုးစားနေသေးတဲ့ ငါကလည်း တစ်မျိုးပဲ။’

ဒီလုပ်ငန်းခွင်က ဘယ်လောက်အထိ လှည့်စားမှုတွေများပြီး ညစ်ပတ်တယ်၊ ပြိုင်ဆိုင်မှု ပြင်းထန်တယ်ဆိုတာ သူမ အကောင်းဆုံး သိတာပေါ့။ ဒါပေမဲ့ တစ်ခါ အားကျမိသွားပြီးတဲ့နောက်မှာတော့ မျက်စိလွှဲဖို့ မဖြစ်နိုင်တော့ဘူး။ ဝေဖန်တိုက်ခိုက်မှုတွေ ရှိလာရင်တောင်မှ ထိပ်တန်းမင်းသမီးတစ်ယောက် ဖြစ်ချင်တယ်လေ။ ဒီရုပ်ရှင်က သူမအတွက် ခြေကုပ်တစ်ခု ဖြစ်လာနိုင်ပါလိမ့်မယ်။

“ဘာတွေ အဲဒီလောက်အထိ တွေးနေတာလဲ”

ရုတ်တရက်ပဲ နောက်ကျောဘက်ကနေ အသံတစ်သံ ထွက်လာတယ်။ ဂျီဆော့ပဲ ဖြစ်နေတာပေါ့။

“အမလေး၊ လန့်သွားတာပဲ။”

“အဲဒီလောက်တောင် လန့်သွားတာလား”

“လန့်တာပေါ့။ ဘယ်သူမဆို ဘာမှမပြောမဆိုဘဲ ရုတ်တရက်ကြီး ပေါ်လာရင် လန့်မှာပဲလေ”

“လန့်သွားအောင် လုပ်မိရင် တောင်းပန်ပါတယ်။ ငါ ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ပါဘူး၊ ဟားဟား”

ဂျီဆော့က ပြုံးပြီး နောက်တစ်လှမ်း ဆုတ်လိုက်တယ်။ သူက ခန့်မှန်းရ ခက်တဲ့လူပဲ။ သူ့ခေါင်းထဲမှာ ဘာတွေတွေးနေလဲဆိုတာ သူမ သိချင်မိရဲ့။

“ဒီမှာရှိတဲ့ လူတွေအကုန်လုံးက သိပ်စိတ်ဝင်စားဖို့ကောင်းတာပဲ။ လူတွေအများကြီး ရှိတဲ့နေရာက အမြဲတမ်း ပျော်စရာကောင်းတယ်”

“မင်းကလည်း တစ်မျိုးပဲ။ လူစိမ်းတွေကို လိုက်ပြီး စကားပြောနေရတာက အဲဒီလောက်တောင် ပျော်စရာကောင်းလို့လား”

“အင်း။ တကယ့်ကို အကြီးအကျယ် ပျော်ဖို့ကောင်းတာ။ လူတွေအများကြီးနဲ့ စကားပြောနိုင်ဖို့က အမြဲတမ်း ငါ့ရဲ့ အိမ်မက်ပဲလေ”

“အဲဒါက တော်တော်လေး သေးငယ်တဲ့ အိမ်မက်ပဲ”

“ဟုတ်တယ်မလား။ ငါလည်း အဲဒီလို ထင်တာပဲ”

အဲဒီ ကိုယ်ချင်းစာတတ်တဲ့ အပြုံးကို ထပ်တွေ့ရပြန်ပြီ။ ယိုဂျင်က နှုတ်ခမ်းဆူလိုက်မိတာပေါ့။ သူမက သူ့အပေါ် တစ်ခုခု မှားယွင်းပြောဆိုမိလိုက်သလို ခံစားလိုက်ရလို့ပဲ။ ဂျီဆော့က ချက်ချင်းပဲ တခြားနေရာကို ရွှေ့သွားပြီး တခြားလူတွေနဲ့ စကားလက်ဆုံ ကျနေပြန်တယ်။

“သူက ထူးဆန်းတဲ့ ကောင်လေးပဲ”

ယိုဂျင်က ချောကလက် ဖွန်ဒူးဆီကို တစ်ချက် လှမ်းကြည့်ပြီး မာရူး ထိုင်နေတဲ့ ဝိုင်းဆီကို လျှောက်သွားလိုက်တယ်။ သူမ ဝိုင်းနားကို ချဉ်းကပ်သွားတဲ့အချိန်မှာ တစ်စုံတစ်ယောက်က အရင် ရောက်နှင့်နေတာကို မြင်လိုက်ရတာပေါ့။

အဲဒါက မြင်လိုက်ရုံနဲ့တင် မငေးဘဲ မနေနိုင်လောက်အောင် ခန္ဓာကိုယ်အချိုးအစား လှပတဲ့ အမျိုးသမီးတစ်ယောက်ပဲ။ သူမရဲ့ ဆံပင်တွေက ခရမ်းရင့်ရောင် ထူထူထဲထဲနဲ့လေ။ ကျောပြင်အလွတ်နဲ့ ညစာစားပွဲဝတ်စုံက သူမနဲ့ သိပ်ပြီး လိုက်ဖက်နေတာ။

‘ဘယ်သူပါလိမ့်’

သူမဘေးက မာရူးရဲ့ မျက်နှာအမူအရာကတော့ သိပ်ပြီး ကြည်လင်မနေဘူး။ ဒါပေမဲ့ သူမကို မုန်းတီးနေတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ သိပ်ပြီး မရင်းနှီးတဲ့သူတစ်ယောက် ချဉ်းကပ်လာတဲ့အခါမှာ ဖြစ်ပေါ်တတ်တဲ့ သူ့ရဲ့ မျက်နှာပေးမျိုးပဲ။ လူတိုင်းရဲ့ အကြည့်တွေက အဲဒီဝိုင်းဆီကို စုပြုံရောက်ရှိနေတာကို ယိုဂျင် သတိထားမိလိုက်တယ်။ လူတွေက ချက်ချင်းပဲ တိုးတိုးတိုးတိုးနဲ့ အတင်းပြောလာကြတာပေါ့။ ယိုဂျင်က ထိုနှစ်ယောက်ဆီ လျှောက်သွားလိုက်တယ်။ ကွက်တိပဲ၊ အဲဒီအမျိုးသမီးက မာရူးရဲ့ မျက်နှာချင်းဆိုင်၊ မူလက သူမရဲ့ ထိုင်ခုံဖြစ်တဲ့ နေရာမှာ ထိုင်ချလိုက်တာလေ။

“ဒါဆိုရင် ငါတို့ ဒီမှာ ပြန်ဆုံကြတာပေါ့”

အဲဒီအမျိုးသမီးရဲ့ အသံကို ကြားလိုက်ရတယ်။ အဲဒီအချိန်မှာ ယိုဂျင် ခြေလှမ်းတွေ ရပ်တန့်သွားပြီး မျက်လုံးတွေ ပြူးကျယ်သွားရတာပေါ့။ ဒီအသံက သူမအတွက် ရင်းနှီးနေလို့ပဲ။

‘ဒါ... မဟုတ်မှလွဲရော…’

ယိုဂျင်က အမြန်ပဲ ရှေ့ကို လျှောက်သွားပြီး သူမရဲ့ ရှေ့တည့်တည့်မှာ မတ်တတ်ရပ်လိုက်တယ်။ ပြီးတော့ မသိစိတ်ကနေ အသံကျယ်ကြီး ထွက်သွားရတာပေါ့။ သူမ အားကျအတုယူရတဲ့ မင်းသမီးတစ်ယောက်က သူမရှေ့မှာ ရှိနေတာကိုး။ သူမ အလိုရှိတဲ့ ဇာတ်ကားတွေကိုပဲ ရွေးချယ်ရိုက်ကူးတတ်တဲ့ အမျိုးသမီး စစ်ဗိုလ်ချုပ်ကြီး။ မီဒီယာတွေရဲ့ ဖိအားကို ဘယ်တော့မှ အလျော့မပေးတဲ့ မာနခဲ အမျိုးသမီးကြီးပေါ့

“မင်းတို့နှစ်ယောက် စကားပြောချင်လို့လား။ ငါ ဖယ်ပေးပါ့မယ်”

မာရူးက သူ့ရဲ့ မျက်ခုံးနှစ်ခုကြားကို လက်ချောင်းတွေနဲ့ ဖိနှိပ်ရင်း ပြောလိုက်တယ်။ ယိုဂျင်က မာရူးကို ဂရုမစိုက်ဘဲ အဲဒီအမျိုးသမီးကိုသာ စိုက်ကြည့်နေမိတာပေါ့။

“အစ်မ၊ သမီးက အစ်မရဲ့ တကယ့် ဖန်အစစ်ကြီးပါ”

အဲဒါကတော့ ပြုံးနေတဲ့ ဂျူဟယွန်း ဆီကို ယိုဂျင် ပထမဆုံးအကြိမ် လှမ်းပြောလိုက်တဲ့ စကားပဲဖြစ်တယ်။

* * * * * * * * *

All Chapters