အခန်း ၂၃၅
Vol. 24 Ch. 235
အခန်း(၂၃၅)
“ငါ့ ပရိသတ် ဟုတ်လား။ ငါ့ရဲ့လား”
“ဟုတ်ပါ့”
“တကယ်ကြီးလား”
“ဟုတ်တယ်ဆို”
မာရူးက သီဟိုဠ်စေ့တွေ တင်ထားတဲ့ ကိတ်မုန့်စိတ်ကို စားရင်း အဲဒီလူနှစ်ယောက်ကို လှည့်ကြည့်လိုက်တယ်။ ယိုဂျင်ရဲ့ မျက်နှာပေါ်မှာ ဂျူဟယွန်းကို မြင်လိုက်ရလို့ ဖြစ်ပေါ်လာတဲ့ အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ရူးသွပ်မြတ်နိုး တက်ကြွနေတဲ့ အပြုံးကြီးတစ်ခု ပေါ်နေတာပဲ။ ဒူးပေါ်တင်ထားတဲ့ သူ့လက်တွေ တုန်ရင်နေပုံအရ ဆိုရင်တော့ သူ တော်တော်လေးကို စိတ်လှုပ်ရှားနေတာ သေချာတယ်။
“ဒါကတော့ ထင်မှတ်မထားစရာပဲနော်။ အခုခေတ် လူငယ်တွေထဲမှာ ငါ့ကို သဘောကျတဲ့သူက သိပ်မရှိလှပါဘူး”
“ဘယ်ကသာ။ မမ တွေ့ဆုံမေးမြန်းခန်း လုပ်ထားသမျှ မဂ္ဂဇင်းတွေအကုန်လုံးကို သိမ်းထားတဲ့အထိ သဘောကျတာပါနော်။ QC ထဲမှာ မမ ပြောခဲ့တဲ့ စကားတွေကိုတောင် အလွတ်မှတ်မိနေသေးတယ်”
“QC ဟုတ်လား။ ညည်းက အဲဒါကို ပြောတာလား”
“ဟုတ်တယ်၊ အဲဒါ”
“ညည်းဆီမှာ တကယ်ကြီး ရှိတာလား။ ငါ့ဆီမှာတောင် အဲဒါ မရှိတော့ဘူး...”
“အဲဒီ အင်တာဗျူးတုန်းက မမ က...”
“မီဒီယာတွေကို ‘Fxxx’ လို့ ပြောလိုက်တာမလား”
“ဟုတ်ပင့် အဲဒီတုန်းက ပြောလိုက်တဲ့ စကားတွေကို သဘောကျလွန်းလို့ အခုထိ သိမ်းထားတာလေ။ မမ က သိပ်ကို လန်းတာပဲ”
“ညည်းကလည်း ငါ့ကို ရှက်အောင် လုပ်နေပြန်ပြီ”
ဟင်း၊ မာရူးကတော့ ဒါတွေ ဘာအကြောင်းအရာလဲဆိုတာ သေချာမသိပေမဲ့ ဒီလူနှစ်ယောက်ကြားထဲမှာ နှောင့်ယှက်သလို မဖြစ်အောင် နေရာကနေ ထဖို့ ပြင်လိုက်တယ်။ ဒီမိန်းမနှစ်ယောက်လုံးက သာမန်လူတွေတော့ မဟုတ်ကြဘူး။ အထဲထဲ သွားပတ်သက်မိရင် သူ့အတွက် ဒုက္ခများရုံပဲ ရှိမှာ။ ဒါပေမဲ့ သူ ထိုင်ခုံကနေ ကိုယ်ကို ကြွလိုက်ရုံပဲ ရှိသေးတယ်၊ ဂျူဟယွန်းက သူ့ကို စိုက်ကြည့်နေတာ တွေ့လိုက်ရရော။
“ဘယ်လဲ၊ သွားမလို့လား”
“နှစ်ယောက်သား စကားကောင်းကောင်း ပြောလို့ရအောင် တခြားနေရာကို ဖယ်ပေးမလို့ပါ”
“ရပါတယ်၊ ဒီမှာပဲ နေပါ။ ဒါမှမဟုတ် မင်းက ငါ့ကို အနေခက်လို့လား”
“အဲဒါကတော့... နည်းနည်းတော့ ရှိတာပေါ့”
တစ်ဖက်လူက ထိပ်တန်းကြယ်ပွင့်ကြီး ဖြစ်နေတာကိုး။ အဲဒီကျေးဇူးကြောင့် သူ့ရဲ့ ခေါင်းနောက်ဘက်ဆီကို အနေခက်စရာကောင်းတဲ့ အကြည့်တွေ စုပြုံကျရောက်လာတာကို ခံစားနေရတယ်။ တချို့ဆို သူတို့ဆီကိုတောင် လျှောက်လာနေကြပြီ။ သူက တခြားလူတွေရဲ့ ထင်မြင်ချက်ကို ဘယ်လောက်ပဲ ဂရုမစိုက်ဘူး ပြောပြော၊ လူတစ်ရာကျော်ရဲ့ အာရုံစိုက်မှုတွေကြားထဲမှာတော့ စိတ်အေးလက်အေး ထမင်းမစားနိုင်တာ အမှန်ပဲ။
“ဒါကတော့ မကောင်းဘူးပဲ”
ဂျူဟယွန်းက ရင်ဘတ်အထက်နားကို လက်နဲ့အသာဖုံးပြီး မတ်တတ်ရပ်လိုက်တယ်။ ပြီးတော့ ဘေးပတ်ပတ်လည်က လူတွေအကုန်လုံးကို လှမ်းပြောလိုက်တာပေါ့။
“အားနာပါတယ်ရှင်၊ ဒီနေ့တော့ ကျွန်မက ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ လာတာမလို့ ကျွန်မကို ဂရုမစိုက်ဘဲ ထုံးစံအတိုင်းပဲ ကိုယ့်အလုပ်ကိုယ် လုပ်ကြပါနော်။ ကျွန်မ ပြောတာ ဘာလဲဆိုတာ သဘောပေါက်ကြတယ်မလား”
ပြတ်သားတဲ့ အသံတစ်ခုက ဟိန်းခနဲ ထွက်ပေါ်သွားတယ်။ လူတိုင်းဟာ တစ်စုံတစ်ခုရဲ့ ပူးဝင်ခြင်းကို ခံလိုက်ရသလိုမျိုး ကိုယ့်ထိုင်ခုံဆီကိုယ် ပြန်သွားကြတော့တယ်။ တချို့ကတော့ ခိုးကြောင်ခိုးဝှက် လှမ်းကြည့်နေသေးပေမဲ့ ဂျူဟယွန်းရဲ့ မျက်စောင်းတစ်ချက်နဲ့တင် အကုန် အေးဆေးသွားတာပေါ့။
တစ်မိနစ်တောင် မပြည့်ခင်မှာတင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့တယ်။
“ဒီလောက်ဆို ရပြီမလား”
“မမ က သိပ်ကို မိုက်တာပဲ”
မာရူးက မချိပြုံးပြုံးပြီး ခုံမှာ ပြန်ထိုင်လိုက်တယ်။ ထိပ်တန်း ကြယ်ပွင့်တစ်ယောက်ဆိုတာ တကယ်ကို ကွာခြားတာပဲ။ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် ထိပ်ဆုံးကို ရောက်သွားတဲ့သူတွေမှာတော့ သူတို့နဲ့ပဲ ဆီလျော်တဲ့ ထူးခြားတဲ့ ဆွဲဆောင်မှုအာဏာမျိုး ရှိတတ်ကြတာပေါ့။ ဒါတင်မကသေးဘဲ ဂျူဟယွန်းက မိမိစိတ်ထဲရှိတာကို ဘာမှ အထိန်းအကွပ်မရှိဘဲ ပွင့်ပွင့်လင်းလင်း ထုတ်ပြောတတ်တဲ့သူအဖြစ် နာမည်ကြီးနေတာလေ။ ဒီထဲက ဘယ်သူကမှ သူ့ကို စိတ်ဆိုးအောင်လုပ်ပြီး ဆူပူကြိမ်းမောင်းတာကို မခံချင်ကြတာလည်း ပါတယ်။
“ဒါနဲ့ ညည်းကိုကြည့်ရတာ ငါသိတဲ့သူတစ်ယောက်နဲ့ တူနေသလိုပဲ။ ဘယ်သူပါလိမ့်” ဂျူဟယွန်းက ယိုဂျင်ကို သေချာစိုက်ကြည့်ရင်း မေးလိုက်တယ်။
“ဪ၊ သမီး အမေကို ပြောတာ ဖြစ်ပါလိမ့်မယ်။ Choi Jung's Hair လေ။ သိလားဟင်”
“ဪ ညည်းက အဲဒီမမရဲ့ သမီးလား”
“ဟုတ်ပါတယ်”
“ဒါကြောင့်မလို့ ရင်းနှီးနေသလို ဖြစ်နေတာကိုး။ မင်းသမီး ဖြစ်ချင်တဲ့သူပေါ့လေ။ ညည်းကကော ဒီရုပ်ရှင်ထဲမှာ ပါဝင် သရုပ်ဆောင်ထားတာလား”
“ဟုတ်ကဲ့။ ဒါပေမဲ့ သမီးက ဖြတ်လျှောက် ဇာတ်ရံလေးပါပဲ...”
“တကယ်ကြီးလား။ ဂုဏ်ယူပါတယ်အေ။ ငါ ညည်းအရွယ်တုန်းကဆို ကျောင်းပဲ သေချာတက်နေခဲ့တာ။ ညည်းက တော်တော်လေး ဟန်ကျနေပြီပဲ”
“ဒါပေမဲ့ မမက ပထမဆုံး ပွဲထွက်တုန်းကတင် ဆုတွေအကုန်လုံးကို သိမ်းကျုံးယူသွားခဲ့တာမလား။ အဲဒါနဲ့ ယှဉ်ရင် သမီးက ဘာမှမဟုတ်ပါဘူး”
“ဘယ်ကသာ။ ညည်းက သိပ်လှတာပဲ။ သရုပ်ဆောင်ပညာကိုသာ သေချာပိုင်နိုင်သွားရင် ငါ့ထက်တောင် ပိုပြီး အောင်မြင်လာဦးမှာ”
“မဟူတ်တာ။ သမီးက မမထက် ပိုပြီး ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲဟင်။ ဟီးဟီး”
ဟီးဟီး ဟုတ်လား။ ယိုဂျင်ကတော့ လုံးဝကို အကာအကွယ်မဲ့သွားတဲ့ ပုံစံမျိုး ဖြစ်နေပြီ။ ယိုဂျင်ရဲ့ စိတ်ထဲမှာ ဂျူဟယွန်းက ရိုးရိုး အိုင်ဒေါလ်လို လူမျိုးထက်မက ပိုပြီး အဓိပ္ပာယ်ရှိနေပုံရတယ်။
“ဟို... မမ။ သမီးတို့ အတူတူ ဓာတ်ပုံရိုက်လို့ ရမလားဟင်”
“ရတာပေါ့”
“ဝါး၊ ကျေးဇူးတင်ပါတယ်ရှင်။ ဟေ့ ဟန်မာရူး”
မာရူးက သူ့ဆီကို ပစ်ပေးလိုက်တဲ့ ဖုန်းကို လှမ်းဖမ်းလိုက်ရတယ်။ သူကတော့ တကယ်ကို သတိလက်လွတ် နေတတ်တာပဲ။ ဂျူဟယွန်းက ယိုဂျင်ရဲ့ ပုခုံးကို ဖက်လိုက်ပြီး ယိုဂျင်ကလည်း လှမ်းပြီး ဂျူဟယွန်းရဲ့ ခါးကို ဖက်လိုက်တယ်။
“ရိုက်ပြီနော်။ ကဲ... ပြုံးလိုက်ကြဦး”
ဓာတ်ပုံ သုံးပုံလောက် ရိုက်ပေးပြီးတဲ့နောက် မာရူးက ယိုဂျင်ဆီ ဖုန်းပြန်ပေးလိုက်တယ်။ ယိုဂျင်ကတော့ သူ့မိသားစုရဲ့ ဘိုးဘွားစဉ်ဆက် အမွေအနှစ် ပစ္စည်းကြီးကို ကိုင်တွယ်နေသလိုမျိုး ဖုန်းကို တရိုတသေ လက်ခံလိုက်တာပေါ့။
“ဟန်မာရူး” ဂျူဟယွန်းက သူ့ကို လှမ်းခေါ်လိုက်တယ်။
“ဗျာ”
“မင်းရဲ့ လူရွေးပွဲ ဗီဒီယိုမှတ်တမ်းကို ငါကြည့်ပြီးပြီ။ တော်တော်လေး ကောင်းပါတယ်”
“...ကျေးဇူးတင်ပါတယ်”
ချီးမွမ်းစကားက ထင်မှတ်မထားတာမျိုး ဖြစ်နေလို့ သူ ကျေးဇူးတင်စကား ပြောဖို့ တစ်ချက်လောက် နောက်ကျသွားခဲ့တယ်။ အဲဒီနေ့က ကျောင်းလှေကားထစ်ပေါ်မှာ သူတို့ ပြောခဲ့တဲ့ စကားတွေတုန်းက စိတ်ခံစားမှု နည်းနည်း ပါသွားခဲ့လို့ အနေခက်လိမ့်မယ်လို့ သူ ထင်ထားခဲ့တာ၊ ဒါပေမဲ့ အဲဒီလိုမျိုး ဘာမှမရှိနေဘူး။ တကယ်တော့ ဂျူဟယွန်းက သူ့ကို စိတ်ဝင်စားစရာ သတ္တဝါလေးတစ်ကောင်ကို တွေ့လိုက်ရသလိုမျိုး ပြုံးပြီး ကြည့်နေတာပဲ။
မာရူးကတော့ အဲဒီအကြည့်ကို တော်တော်လေး နေရခက်နေမိတယ်။ ယိုဂျင်ကတော့ ဓာတ်ပုံတွေကို စစ်ဆေးတာ ပြီးသွားပုံရပြီး နားစွင့်ကာ ဂျူဟယွန်း ပြောသမျှ စကားတွေကို နားထောင်နေတယ်။ ဂျူဟယွန်း ပြောသမျှ စကားတိုင်းကို မြေဝယ်မကျ နားထောင်မယ့် ပုံစံမျိုးပဲ။
“ငါ နည်းနည်းတော့ အံ့ဩသွားတယ်။ ငါက အဲဒီလိုမျိုး အကြံဉာဏ်တွေကို ခဏခဏ ပေးတတ်တဲ့သူ မဟုတ်ဘူးလေ။ ငါလုပ်တဲ့ အလုပ်တွေထဲကို တခြားလူတွေ လာပတ်သက်တာကို မုန်းသလိုမျိုးပဲ၊ တခြားလူတွေရဲ့ ဘဝထဲကိုလည်း သွားပြီး ဝင်ပါရတာကို သဘောမကျဘူး။ ဒါပေမဲ့ မင်းကို ကြည့်လိုက်တော့ နောက်ဆုံး တွန်းအားတစ်ခုပဲ လိုနေတဲ့ ပုံစံမျိုး ဖြစ်နေလို့။ ဒါကြောင့်မလို့ အဲဒီတုန်းက စကားအချို့ ပြောခဲ့တာပေါ့။ ဒါပေမဲ့... ဗီဒီယိုထဲမှာ ငါမြင်လိုက်ရတာကတော့ မင်းက ကိုယ့်အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကိုပဲ ယူပြီး မလိုအပ်တာတွေကိုတော့ လွှင့်ပစ်လိုက်တဲ့ ပုံစံမျိုးပဲ”
“အဲဒီလိုမျိုး မြင်သွားတာလား”
မာရူးက မိမိကိုယ်ကိုယ် ပြောင်းလဲပစ်ဖို့အတွက် တကူးတက ကြိုးစားနေခဲ့တာမျိုး မဟုတ်ပါဘူး။ သူကတော့ ထုံးစံအတိုင်းပဲ သာမန်အတိုင်း သရုပ်ဆောင်ခဲ့တာလေ။ မိမိရဲ့ စိတ်ခံစားမှု အောက်ခြေအထိ ရောက်အောင် သွားသင့်တယ်ဆိုတဲ့ ဂျူဟယွန်းရဲ့ စကားကိုတော့ သူ တစ်ဖက်ကနေ သဘောတူပေမဲ့ အဲဒါကို လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ချက်ရှိတယ်လို့တော့ မမြင်မိဘူး။ ဘာဖြစ်လို့လဲဆိုတော့... သူက အောက်ခြေ၊ မဟုတ်သေးဘူး၊ အဲဒီထက် ပိုပြီး နက်ရှိုင်းတဲ့ ချောက်နက်ကြီးရဲ့ အရသာကို မြည်းစမ်းဖူးပြီးသား ဖြစ်နေလို့ပဲ။ သေခြင်းတရားဆိုတာ ‘ရက်စက်တယ်’ ဒါမှမဟုတ် ‘ရင်နင့်စရာကောင်းတယ်’ ဆိုတဲ့ စကားလုံးတွေနဲ့တင် ဖော်ပြဖို့ မလုံလောက်တဲ့ အရာမျိုးလေ။
“မဟုတ်ဘူးလား။ မင်းဆီမှာ ရှိသမျှ အရာအားလုံးကို ထုတ်ပြလိုက်ပါဆိုတဲ့ ငါ့ရဲ့ အကြံဉာဏ်က မင်းအပေါ် သက်ရောက်မှု ရှိသွားတယ်လို့ ငါက ထင်နေတာ။ ကင်မရာရှေ့မှာ မင်းလုပ်ပြသွားတဲ့ သရုပ်ဆောင်မှုက မင်းအရွယ် လူငယ်တွေဆီကနေ တွေ့ရခဲတဲ့ နက်ရှိုင်းမှုမျိုး ရှိနေတော့မင်း တစ်ခုခုကို သဘောပေါက် နားလည်သွားပြီလို့ ငါက ထင်လိုက်တာလေ”
“အဲဒီ အကြံဉာဏ်က တကယ်ကို အသုံးဝင်ခဲ့တာတော့ အမှန်ပဲ၊ ဒါပေမဲ့ ကျွန်တော့်ကိစ္စမှာတော့ အဲဒီလောက်အထိ လက်တွေ့မကျခဲ့ပါဘူး။ ကျွန်တော်ကတော့ ပုံမှန်အတိုင်းပဲ သရုပ်ဆောင်ခဲ့တာပါ”
“တကယ်ကြီးလား။ ဒါကတော့ ဆန်းတာပဲ။ ပြီးခဲ့တဲ့နှစ်က မင်းရဲ့ ပြဇာတ်စင်မြင့်ပေါ်က ပုံစံနဲ့တော့ ကွာခြားနေခဲ့တာပဲ”
ကွာခြားတယ် - မာရူးက နှုတ်ခမ်းကို ပိတ်ပြီး အဲဒီစကားလုံးကို ခဏလောက် တွေးနေမိတယ်။ လူရွေးပွဲတုန်းက ဖြစ်ပေါ်ခဲ့တဲ့ ထူးခြားတဲ့ အခိုက်အတန့်ကို သူ ပြန်သတိရသွားတာပေါ့။ သေခြင်းတရားဆီ မောင်းနှင်ခြင်း ခံခဲ့ရတဲ့ မတရားမှုအပေါ် ခံပြင်းစိတ်တွေက သူ့ရင်ထဲမှာ လှိုင်းထလာခဲ့ပြီး အဲဒါကို သရုပ်ဆောင်မှုအနေနဲ့ ထုတ်ပြလိုက်တာ ဖြစ်တယ်။ အဲဒါက တကယ့်ကို ရိုးသားတဲ့ မိမိကိုယ်ကိုယ် ဝန်ခံချက်တစ်ခု ဖြစ်ခဲ့ပြီး ယန်းမွန်ဂျောင်နဲ့ အတူတူ သောက်ဖြစ်ခဲ့တဲ့ အချိန်ကလွဲရင် အဲဒီလိုမျိုး ရိုးသားတဲ့ စိတ်ခံစားမှုကို သူ တစ်ခါမှ ထုတ်မပြဖူးခဲ့ဘူး။ ဪ၊ နောက်ထပ် တစ်ကြိမ်တော့ ရှိသေးတာပေါ့။ အဲဒါကတော့ သူ စိတ်ထဲရှိတာကို ဖွင့်ပြောခဲ့တဲ့ အချိန်တုန်းကပဲ။ ဒါပေမဲ့ အဲဒီအချိန်နှစ်ခုတုန်းက ထုတ်ပြခဲ့တဲ့ စိတ်ခံစားမှု အဆင့်အတန်းနဲ့ အရည်အသွေးက လူရွေးပွဲတုန်းက ပြသခဲ့တဲ့ အရာနဲ့တော့ လုံးဝကို ကွာခြားလှတယ်။ ယန်းမွန်ဂျောင်နဲ့ သူတို့ဆီကို ဖော်ပြခဲ့တဲ့ သူ့ရဲ့ အတွေးတွေက ဖြူစင်ခဲ့တာလေ။ ဘာ မကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိခဲ့ဘူး။ အရောင်နဲ့ နှိုင်းယှဉ်ရမယ်ဆိုရင်တော့ ‘အဖြူရောင်’ နဲ့ နီးစပ်တာပေါ့။
တစ်ဖက်မှာတော့ လူရွေးပွဲတုန်းက သူ့ရင်ထဲမှာ လှိုင်းထလာခဲ့တဲ့ စိတ်ခံစားမှုကတော့ အမှောင်ထု ကြီးပဲ။ အဲဒီလို မှောင်မိုက်တဲ့ စိတ်ခံစားမှုတွေကတော့ သူကိုယ်တိုင်တောင် သေသေချာချာ ဖော်ပြလို့ မရတဲ့ အရာတွေ ဖြစ်နေတယ်။ အဲဒီ စိတ်ခံစားမှုတွေကို ဘာမှ အစစ်အမှန်မရှိဘဲ ထုတ်ပြလိုက်တာက မာရူးအတွက်တော့ လောင်းကစားတစ်ခုလိုမျိုးပဲ။ သရုပ်ဆောင်မှုဆိုတာ သရုပ်ဆောင်မှုပဲ ဖြစ်ရမယ်လေ။ လူတွေက မင်းသားတွေဆီကနေ လိုချင်တာက အသက်ဝင်မှုကိုပဲ၊ အမှန်တရားကို မဟုတ်ဘူး။ အဲဒါက မကောင်းတဲ့ ရည်ရွယ်ချက် အပြည့်နဲ့ သရုပ်ဆောင်မှု ဖြစ်ရမှာ၊ မကောင်းတဲ့ ရည်ရွယ်ချက် အစစ်အမှန်ကြီး ဖြစ်နေလို့ မရဘူး။
ဒါကြောင့်မလို့ သူက အဲဒီလို စိတ်ဓာတ်ကျစရာကောင်းတဲ့ စိတ်ခံစားမှုတွေကို ထုတ်ပြနေတဲ့ အချိန်မှာပဲ သရုပ်ဆောင်မှုရဲ့ နယ်နိမိတ်ကို မကျော်လွန်သွားအောင် အာရုံစူးစိုက်ထားခဲ့ရတာ ဖြစ်တယ်။ မိမိရဲ့ သေခြင်းတရားကို ပြန်တွေးမိတဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံပြင်းစိတ်နဲ့ ဒေါသတွေကို ခက်ခက်ခဲခဲနဲ့ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ အချိန်မှာပဲ လုံးဝ ကွဲပြားခြားနားတဲ့ အသိစိတ်တစ်ခု တည်ရှိနေတာကို သူ ခံစားလိုက်ရတယ်။ အဲဒါက ထူးဆန်းတဲ့ အတွေ့အကြုံတစ်ခုပဲ။ နာကျင်အော်ဟစ်နေတဲ့ ဟန်မာရူးကို အပေါ်စီးကနေ ငုံ့ကြည့်နေတဲ့ နောက်ထပ် အေးစက်ပြီး အကျိုးအကြောင်း သိတတ်တဲ့ ဟန်မာရူးတစ်ယောက် ရှိနေသလိုမျိုး ခံစားခဲ့ရတာ။ အဲဒီ အသိစိတ် တည်ရှိနေမှုကြောင့်ပဲ မာရူးက သူ့ရဲ့ အတွေ့အကြုံတွေကို သရုပ်ဆောင်မှုအနေနဲ့ ဟန်ဆောင် ဖုံးကွယ်နိုင်ခဲ့တာပေါ့။
“တကယ်ပဲ ကွာခြားနေခဲ့တာ ဖြစ်လိမ့်မယ်”
“အဲဒါက ဘာကို ဆိုလိုတာလဲ”
“စကားလုံးတွေနဲ့ ဖော်ပြဖို့တော့ နည်းနည်း ခက်တယ်၊ ဒါပေမဲ့လည်း...”
မာရူးက ဂျူဟယွန်းရဲ့ မျက်နှာအမူအရာကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ ‘ဒါဆိုလည်း ပြီးတာပဲ’ ဆိုတဲ့ စကားမျိုး ပြန်ကြားရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာ၊ ဒါပေမဲ့ ဂျူဟယွန်းရဲ့ မျက်လုံးတွေကတော့ ‘ကဲ... ပြောစမ်းပါဦး’ ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ယိုဂျင်ကလည်း အပြည့်အဝ အာရုံစိုက်နေတာကို သူ မြင်လိုက်ရသေးတယ်။ မာရူးက မချိပြုံးပြုံးလိုက်ပြီး သူ့စိတ်ထဲ ရှိတာကို ထုတ်ပြောလိုက်တာပေါ့။
“အခုထိတော့ သရုပ်ဆောင်တဲ့ အခါမှာ ကျွန်တော့်ရဲ့ အမှောင်ဘက်ခြမ်းကို ရင်ဆိုင်ဖို့ မလိုအပ်ခဲ့ပါဘူး။ အဲဒါတွေကို လှည့်ကြည့်ဖို့ အကြောင်းပြချက်လည်း မရှိခဲ့ဘူးလေ။ ဒါတင်မကသေးဘဲ စင်ပေါ်မှာ ရပ်နေတဲ့ အချိန်မှာလည်း ကျွန်တော့်ကိုယ်ပေါ်မှာ ကောင်းမွန်တဲ့ တင်းမာမှုမျိုး ရှိနေခဲ့တော့ တခြားအရာတွေကို တွေးဖို့ အချိန်မရခဲ့ဘူး။ ကိုယ် ပြင်ဆင်ထားခဲ့တဲ့ အရာတွေကို ချပြရုံနဲ့တင် ပျော်စရာကောင်းနေခဲ့တာ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ သင်တန်းဆရာတွေကတော့ ကျွန်တော်က အလွန်အကျွံ လုပ်နေပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရမယ်လို့ ထင်ခဲ့ကြတယ်။ ဟုတ်ပါတယ်၊ ကျွန်တော်လည်း သူတို့နဲ့ သဘောတူခဲ့တာပေါ့”
“အဲဒီလောက်တော့ ငါ နားလည်ပါတယ်။ ပြီးခဲ့တဲ့ အကြိမ်တုန်းကလည်း ကြားဖူးသားပဲ”
“ဒါပေမဲ့ ဒီတစ်ကြိမ် လူရွေးပွဲကတော့ အဲဒါနဲ့ ကွာခြားတယ်”
“ဟုတ်တယ်။ ရုပ်ရှင်က ဇာတ်ညွှန်း ရှိပြီးသား ဖြစ်ပေမဲ့ လူရွေးပွဲကတော့ အများအားဖြင့် လွတ်လပ်စွာ သရုပ်ဆောင်မှု ဖြစ်နေတာကိုး”
“ဟုတ်ပါတယ်။ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ တွေးနေရင်းနဲ့ တစ်ခါမှ လှည့်မကြည့်ခဲ့ဖူးတဲ့ ကျွန်တော့်ရဲ့ အမှောင်ဘက်ခြမ်းကို ပြန်သတိရသွားတာပေါ့။ အဲဒါကို မကြည့်ချင်ခဲ့ပေမဲ့ အဲဒီဘက်ခြမ်းကို ထုတ်ပြလိုက်တာက အမှတ်ရဖို့အတွက် ပိုပြီး ကောင်းလိမ့်မယ်ဆိုတာကို သဘောပေါက်သွားခဲ့တယ်။ ဒါကြောင့်မလို့ စွန့်စားပြီး ကြိုးစားကြည့်လိုက်တာပေါ့။ အဲဒီစကားတွေကို ပြောလိုက်တဲ့ အချိန်မှာပဲ ကျွန်တော့်ရဲ့ နှလုံးသားက ပိုပြီးတော့ လောလာသလို ခံစားခဲ့ရတယ်။ ကျွန်တော့်ရဲ့ စိတ်ခံစားမှုတွေက ထိန်းချုပ်မှုအပြင်ဘက်ကို ရောက်သွားတော့မယ်လို့ တွေးလိုက်တဲ့ အခိုက်အတန့်မှာပဲ ပွက်ပွက်ဆူနေတဲ့ ကျွန်တော့်ရဲ့ စိတ်ခံစားမှုတွေကို အေးအေးဆေးဆေး စောင့်ကြည့်နေတဲ့ နောက်ထပ် ကျွန်တော့်ရဲ့ တည်ရှိမှုတစ်ခုကို ထူးထူးဆန်းဆန်း ခံစားလိုက်ရတာ။ အဲဒီနောက်ပိုင်းတော့... အရာအားလုံးက အဆင်ပြေသွားခဲ့တယ်။ စိတ်လှုပ်ရှားနေပေမဲ့လည်း အေးဆေးနေခဲ့တာပေါ့။ အဲဒီလိုမျိုး ပြောရတာ နည်းနည်းတော့ ထူးဆန်းသလို ဖြစ်နေပေမဲ့ ဘာပဲဖြစ်ဖြစ် အဲဒီလိုမျိုး ခံစားချက်မျိုးပါပဲ”
အဲဒီစကားတွေကို ပြောပြီးတဲ့နောက် မာရူးက ပုခုံးတွန့်ပြလိုက်တယ်။ အဲဒီတုန်းက ခံစားခဲ့ရတဲ့ ရှုပ်ထွေးလှတဲ့ စိတ်ခံစားမှု ဝဲဂယက်ကြီးကို စကားလုံးတွေနဲ့ ပြောင်းလဲပြီး ပြောလိုက်ရတဲ့အခါမှာတော့ ပိုပြီး ရှုပ်ထွေးသွားသလို ခံစားလိုက်ရတယ်။ အဲဒီ သတ်မှတ်ထားတဲ့ အခိုက်အတန့်တုန်းကတော့ ဒါထက်ပိုပြီး ရှင်းလင်းတာ မရှိနိုင်တော့ပေမဲ့ စကားလုံးတွေနဲ့ ထုတ်ပြောလိုက်တဲ့ အခါမှာတော့ ပိုပြီး ရှုပ်ထွေးသွားခဲ့တာပေါ့။
“ထိန်းချုပ်လို့မရတဲ့ မိမိကိုယ်ကိုယ် ပြန်ပြီး စောင့်ကြည့်နေတဲ့ နောက်ထပ် တည်ရှိမှုတစ်ခု ဟုတ်လား။ မင်း... ပြောတဲ့ စကားတွေက စိတ်ဝင်စားစရာ ကောင်းသားပဲ”
ဂျူဟယွန်းက နောက်ထပ် မေးစရာ မရှိတော့တဲ့ ပုံစံမျိုးနဲ့ မတ်တတ်ရပ်လိုက်တယ်။ ယိုဂျင်ကတော့ ခဏလောက် မိန်းမောသွားပြီးမှ နောက်ကနေ လိုက်ပြီး ထရပ်တာပေါ့။
“ဒါဆိုရင်တော့ နောက်နောင်လည်း ငါ မင်းကို ဆက်ပြီး စောင့်ကြည့်နေမှာပါ။ မင်းဆီမှာ ရှိတဲ့ အဲဒီခံစားချက်ကို မမေ့ပစ်လိုက်ဘဲ အပြင်ကို ထုတ်ပြနိုင်အောင် ကြိုးစားကြည့်ပါဦး”
အဲဒီစကားကို ကြားတော့ မာရူးက ခေါင်းကို အသာလေး ညိတ်ပြလိုက်တယ်။
“သွားတော့မလို့လားဟင်” ယိုဂျင်က ဂျူဟယွန်းကို မေးလိုက်တယ်။
“အေးလေ။ ဟိုဘက်မှာလည်း အလုပ်ရှုပ်နေကြလောက်ပြီ။ ဘာလဲ၊ ညည်းက နှမြောလို့လား”
“ဟုတ်ပါတယ်”
“ငါကတော့ ရိုးသားတဲ့ ကလေးတွေကို သဘောကျတယ်”
ဂျူဟယွန်းက ယိုဂျင်ရဲ့ နှာခေါင်းကို အသာလေး ဆွဲလိမ်လိုက်တယ်။
“နောက်မှ တွေ့ကြတာပေါ့။ အားတဲ့တစ်ရက်ကျရင် ဆံပင်ညှပ်ဆိုင်ဆီ လာခဲ့ဦးမယ်”
“ဟုတ်ကဲ့ပါ”
“ဒါဆို မာရူး၊ ဂရုစိုက်ဦးနော်”
“ဟုတ်ကဲ့။ အစါမလည်း ဂရုစိုက်ပါဦး”
ဂျူဟယွန်းက လှည့်ထွက်သွားခဲ့တယ်။ အဲဒီအချိန်ကျမှပဲ မာရူးက သူ့ရဲ့ ဂါဝန်နောက်ကျောဘက်က ခါးအထိ ဟက်တက်ပွင့်နေတာကို သတိထားမိတော့တယ်။ အခုလိုမျိုး အခမ်းအနားမှာ အဲဒီလို ဂါဝန်မျိုး ဝတ်ရဲတယ်ဆိုတော့... သူက တကယ့်ကို သတ္တိရှိတဲ့သူပဲလို့ မာရူး တွေးနေမိတာပေါ့။
“ဟေ့၊ လူလိမ်ကြီး။ သူ့ကို အဲဒီလိုမျိုး သွားမကြည့်နဲ့လေ”
ယိုဂျင်က သူ့လက်ဝါးကို ဖြန့်ပြီး မာရူးရဲ့ အမြင်အာရုံကို လှမ်းပိတ်ပစ်လိုက်တယ်။ မာရူးကတော့ သူ့ရဲ့ ဗီဇစိတ်အရ လုပ်မိတဲ့ အရာကို တားဆီးဖို့အတွက် ယိုဂျင်က အလွန်အကျွံ လုပ်နေတယ်လို့ပဲ တွေးလိုက်တာပေါ့။ မာရူးက ဂျူဟယွန်း ထွက်သွားတာကို မြင်ရအောင် ဘေးဘက်ကို တိုးလိုက်တယ်။ အဲဒီအချိန်မှာပဲ ဂျီဆော့က တစ်ဖက်ကနေ ဂျူဟယွန်းဆီကို လျှောက်လာတာ တွေ့လိုက်ရရော။ သူက အခုထိ တခြားအလုပ်တစ်ခုခု လုပ်နေခဲ့တဲ့ ပုံစံမျိုးပဲ။
“ဟင်”
ဂျူဟယွန်းနဲ့ ဂျီဆော့ အတူတူ ရှိနေတာကို မြင်လိုက်ရတဲ့ ယိုဂျင်ဆီကနေ ထွက်လာတဲ့ အသံပဲ ဖြစ်တယ်။ အဲဒီနှစ်ယောက်က လက်လှမ်းပြပြီး နှုတ်ဆက်ပြီးတဲ့နောက် အသာလေး ဖက်လိုက်ကြတာမလို့ တစ်ယောက်နဲ့တစ်ယောက် သိနေကြတဲ့ ပုံစံမျိုးပဲ။
“ဘာ... ဘာကြီးလဲ”
“မင်းကလည်း ဘာလို့ အဲဒီလောက်အထိ အံ့ဩနေတာလဲ။ ဒါက ရိုးရိုး နှုတ်ဆက်တာသက်သက်ပဲလို့ ထင်ပါတယ်”
ဂျူဟယွန်းနဲ့ ဂျီဆော့တို့ရဲ့ ဖက်လဲတကဲ ဖြစ်မှုက ယောက်ျားနဲ့ မိန်းမကြားထဲကလိုမျိုး နက်နက်ရှိုင်းရှိုင်း မဟုတ်ဘဲ ရိုးရိုး နှုတ်ဆက်စကား ပြောတဲ့ ပုံစံမျိုးပါပဲ။ ဂျူဟယွန်းက ချစ်စရာကောင်းတဲ့ မောင်လေးတစ်ယောက်ကို တွေ့လိုက်ရသလိုမျိုး ဂျီဆော့နဲ့ စကားနည်းနည်း ပြောပြီးတဲ့နောက် လက်လှမ်းပြပြီး ထွက်သွားခဲ့တယ်။
ဂျီဆော့က သူ့ထိုင်ခုံဆီ ရောက်လာတာနဲ့တင် ယိုဂျင်က ချက်ချင်းပဲ အတင်း စပ်စုတော့တာပေါ့။
“ဒါ ဘာလဲ။ ဂျူဟယွန်းမမနဲ့ ဘယ်လို ပတ်သက်နေတာလဲ”
“ဪ၊ အေဂျင်စီ တူတူပဲလေ”
“ဘာ။ နင်က Yellow Star ကလား”
“အေးလေ”
“တကယ်ကြီးလား။ ဒါပေမဲ့ အဲဒီကိုတော့ နာမည်ကြီး အကျော်အမော်တွေပဲ သွားလို့ရတာလို့ ငါကြားဖူးတာ”
“အဲဒီလိုမျိုးလား။ ဒါဆိုရင်တော့ ငါလည်း နာမည်ကြီးတစ်ယောက် ဖြစ်နေပြီပေါ့နော်၊ ဟဟဟာ”
ဂျီဆော့က ခေါင်းကို ကုတ်ရင်း အားရပါးရ ရယ်မောလိုက်တယ်။
“နင်က အဲဒီအေဂျင်စီကဆိုတာကို မယုံနိုင်စရာပဲ”
“ဘာလို့လဲ။ မာရူးလည်း JA productions ကပဲလေ”
“ဘာကြီး”
ယိုဂျင်က မာရူးကို မျက်စောင်းထိုးပြီး ကြည့်လိုက်ပြန်တယ်။ မာရူးက ပထမတော့ ခေါင်းခါပြပေမဲ့ ယိုဂျင်ရဲ့ အကြည့်ကတော့ သူ့ဆီကနေ မခွာတော့ဘူး။
“သူက လီဂျွန်မင်းနဲ့ ရင်းနှီးတာလေ။ မာရူးဆီက ကြားတာတော့ သူနဲ့ စာချုပ် ချုပ်ထားတယ်ဆိုပဲ”
“ငါ ပြောတာက အဲဒါက...” မာရူးက ရှင်းပြဖို့ ပြင်လိုက်ပေမဲ့ မရှင်းပြတော့ဘဲ နေလိုက်တယ်။ အဲဒါက တစ်ဝက်က မှန်ပြီး တစ်ဝက်က မှားနေသလိုမျိုး ဖြစ်နေသလို၊ ဒီလူနှစ်ယောက် ဘာပဲတွေးတွေး သူ ဂရုမစိုက်တာလည်း ပါတာပေါ့။
“မဖြစ်နိုင်တာ။ နင်တို့နှစ်ယောက်လုံးက ထိပ်တန်း ဖျော်ဖြေရေး အေဂျင်စီကြီး သုံးခုထဲက နှစ်ခုမှာ ပါဝင်နေကြတာပေါ့လေ”
ယိုဂျင်က မတရားသဖြင့် ခံလိုက်ရသလိုမျိုး မျက်မှောင်ကြုတ်လိုက်တယ်။ မာရူးက သက်ပြင်းချလိုက်ပြီး သူ ယူလာတဲ့ ဂရိတ်ဖရု ဖျော်ရည်ကို တစ်ငုံ သောက်လိုက်တာပေါ့။
‘ဒါက အထက်တန်းကျောင်းသားတွေ ပြောရမယ့် စကားမျိုးလား၊ နင်တို့တွေကတော့။ နင်တို့တွေကတော့ အရင်းရှင်စနစ်ရဲ့ အဖျက်ဆီးကို ခံလိုက်ရပြီပဲ။ အဲဒီအစား မျှော်လင့်ချက်တွေနဲ့ အိပ်မက်တွေအကြောင်းပဲ ပြောသင့်တာ’
“ငါ့မှာတော့ အခုထိ ပါဝင်ရမယ့် အေဂျင်စီ မရှိသေးဘူး” ယိုဂျင်က စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။
* * * * * * * * *
“...သူကလည်း အဲဒီမိန်းမ ပြောခဲ့သလိုမျိုးပဲ ပြောတာပဲ”
စားသောက်ဆိုင်ရဲ့ အပြင်ဘက်မှာ ဂျူဟယွန်းက မာရူး ထိုင်နေတဲ့ စားပွဲဝိုင်းဘက်ကို လှည့်ကြည့်လိုက်တယ်။ သူ့စိတ်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်နေတာပေါ့။ အဲဒီနှစ်ယောက်က သိပ်ကို ဆင်တူလွန်းလို့ မာရူးရဲ့ အသံအပေါ်မှာ အဲဒီမိန်းမရဲ့ အသံကို ထပ်တူ ကြားနေရသလိုမျိုး ထင်ယောင်ထင်မှား ဖြစ်နေမိတာ။ မာရူးကို ခဏလောက် စိုက်ကြည့်ပြီးတဲ့နောက် ဂျူဟယွန်းက အသာလေး ပြုံးလိုက်တယ်။ အဲဒီအပြုံးက သနားကရုဏာ သက်စရာကောင်းတဲ့ အပြုံးမျိုးပါပဲ။
“စောစောစီးစီးတော့ မသေဆုံးသွားနဲ့ဦးနော်။ အဲဒါက ငါ့အတွက် စိတ်ဒဏ်ရာ ဖြစ်သွားနိုင်လို့”
ဂျူဟယွန်းက အသက်ကို ခပ်တိုတိုတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဒါရိုက်တာ ရှိတဲ့နေရာဆီကို လျှောက်သွားခဲ့တော့တယ်။
* * * * * * * * *