← Chapters

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း(၂၃၆)

“မင်းသားကြီး ယွန်း၊ အစွမ်းကုန် ကြိုးစားပေးပါဦးခင်ဗျာ”

“ကျွန်တော် ဒီရုပ်ရှင်ထဲမှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်လိုက်ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ကတော့ သရုပ်ဆောင်စာရင်းထဲမှာ ယွန်းမွန်ဂျောင် ဆိုတဲ့ နာမည်ကို မြင်လိုက်ရလို့ပါပဲ။ တဲပြဇာတ်ရုံထဲမှာ မင်းသားကြီးရဲ့ သရုပ်ဆောင်ချက်တွေကို ငေးကြည့်ရင်း အောင်မြင်မှုကို အမြဲတမ်း အိမ်မက်မက်ခဲ့ရတာလေ”

“ဟုတ်တာပေါ့။ အဲဒီတုန်းကတော့ အဲဒီလိုမျိုးပဲ ရှိခဲ့တာပေါ့”

အရက်မူးနေတဲ့ တစ်ကိုယ်တော်ရင်းနှီးမြှုပ်နှံသူတွေဟာ မွန်ဂျောင်ရဲ့လက်ကို အားရပါးရ နှုတ်ဆက်ပြီးမှ ပြန်သွားကြတယ်။ ဒါရိုက်တာရယ်၊ ရင်းနှီးမြှုပ်နှံမှုမန်နေဂျာ ဂျွန်မင်းရယ်၊ ဂျုန်ဂွန်ရယ်ဟာ သက်ပြင်းတိုတိုလေးတစ်ချက် ချလိုက်ကြတာပေါ့။

“ဆရာ ဒီလိုတွေ ကြုံတွေ့လိုက်ရတဲ့အတွက် အားနာလိုက်တာဗျာ”

ဂျွန်မင်းရဲ့ စကားကို ကြားတော့ မွန်ဂျောင်က ခပ်ဖျော့ဖျော့လေး ပြုံးလိုက်တယ်။

“ဘာကို အားနာနေရမှာလဲ။ သူတို့တွေအကုန်လုံးက ကျေးဇူးတင်ဖို့ကောင်းတဲ့ လူတွေပါပဲ။ ငါ့နာမည်တစ်ခုတည်းနဲ့တင် ဝမ်သန်းပေါင်း ရာနဲ့ချီပြီး ရင်းနှီးမြှုပ်နှံပေးခဲ့ကြတာလေ။ ဒါကြောင့် ဒီလိုပွဲမျိုးကတော့ သေချာပေါက် လိုအပ်တာပေါ့”

“စီနီယာ ယွန်းရဲ့ လူကြိုက်များမှုက ခုထိ မအေးစက်သွားသေးပါဘူး။ ဟိုဘက်ဝိုင်းက မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အမျိုးသမီးကြီး မင်းသားကြီးကို ချစ်ခင်မြတ်နိုးတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာ သတိထားမိလား”

ဂျုန်ဂွန်က အဲဒီစကားကို ပြောရင်း မျက်လုံးချင်း ပုတ်ခတ်ပုတ်ခတ် လုပ်နေတယ်။

“ဂျုန်ဂွန်၊ မင်းကတော့ လုပ်ငန်းခွင်ထဲ ရောက်နေတာ နှစ်တွေ ဒီလောက်ကြာတာတောင် မပြောင်းလဲသေးပါလား။ မင်းရဲ့ မဆင်မခြင် စကားပြောတတ်တဲ့ ပါးစပ်ကြောင့် တစ်နေ့ ဒုက္ခအကြီးအကျယ် ရောက်လိမ့်မယ်”

“စီနီယာကလည်း၊ ကျွန်တော်က ဒီလိုစကားတွေကို ဘယ်နေရာမဆို လျှောက်ပြောနေတာမှ မဟုတ်တာ။ အခုဆို ငါးနှစ်ကျော်တောင် ရှိနေပြီပဲ။ ဘယ်လိုနေရထိုင်ရမလဲဆိုတာ ကျွန်တော် လူလည်ကျတတ်နေပါပြီ”

“အေးပါ၊ သိပါတယ်။ ဒါထက် မင်း ဝိတ်နည်းနည်းလောက် လျှော့ဦး။ မင်းနဲ့ အမြဲတတွဲတွဲသွားနေတဲ့ ဟိုယောင်းကတော့ ပိုပိုပြီး ကျန်းမာကြံ့ခိုင်လာတာ၊ မင်းကျမှ ဘာလို့ လုံးတုတ်လုံးတုတ်နဲ့ ပိုဝလာရတာလဲ”

“စီနီယာကလည်း။ ရှေးလူကြီးတွေ ပြောဖူးတာပဲလေ၊ ဗိုက်ပူတာက ရက်ရောတတ်တဲ့ လက္ခဏာတဲ့။ ဒီရက်ပိုင်း ကျွန်တော် ကောင်းမွန်တဲ့ ကျင့်ဝတ်တွေနဲ့ ပညာတွေကို လေ့လာနေလို့ ဗိုက်က အခုလို ဖြစ်သွားတာပါ။ ကျွန်တော်သာ လူဆိုးလူမိုက်ဆိုရင်တော့ လူပြန်ဖြစ်အောင် ဝိတ်လျှော့မှာပေါ့၊ အခုတော့ ကျွန်တော်က ဖြူစင်ပြီး ကြင်နာတတ်တဲ့သူပဲဟာ”

“ဂျွန်မင်း၊ ဒီကောင်ကတော့ အသက်ကြီးလာလေ ကလေးဆန်လေ ဖြစ်နေပြီ ထင်တယ်”

“ဒီကောင် အခုလို လုပ်နေတာ တစ်ခါနှစ်ခါမှ မဟုတ်တာ။ ဒါပေမဲ့ မကြာသေးခင်ကတည်းက တော်တော်လေးတော့ တတ်လာပါပြီ။ သူ့ကလေးတွေ အသိတရားရလာကတည်းက အဖေတစ်ယောက်အနေနဲ့ မျက်နှာပန်းလှချင်ပုံရတယ်။ ဒါကြောင့် တရားဝင်ပွဲတွေမှာတော့ အဲဒီလိုမျိုး မလုပ်တော့ဘူး။ စီနီယာ၊ ဒီကောင် ကင်ချောင်ဆစ် ရှေ့မှာ ဘာတွေလျှောက်ပြောခဲ့လဲ မှတ်မိသေးလား။ အဲဒီတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ သိတယ်မလား”

“အာ၊ မှတ်မိတာပေါ့။ ဒီကောင်က အနုပညာလောကထဲ ခုမှ စဝင်ခါစ၊ ရိုက်ကွက်အမှတ်အသားပြတဲ့ သစ်သားဘုတ်ပြားကို ရိုက်ပေးရုံပဲ တတ်နိုင်သေးတဲ့အချိန်မှာတောင် ခေါင်းဆောင်မင်းသားကြီးဆီ တန်းတန်းမတ်မတ် သွားပြီး ဘာလို့ ဒီလောက် စုတ်ပြတ်သတ်အောင် သရုပ်ဆောင်နေရတာလဲလို့ ဘွင်းဘွင်းကြီး သွားမေးခဲ့တာလေ”

“အဲဒါ တကယ့် ဂန္ထဝင်ပဲ မဟုတ်လား။ အခု ပြန်တွေးကြည့်ရင် ဒီကောင် အခုထိ ဒီလောကထဲမှာ အလုပ်လုပ်နေနိုင်သေးတာကို အံ့ဩမိတယ်”

“အဲဒါ စီနီယာ ကင် ဖြစ်နေလို့ပေါ့။ တခြားသူသာဆိုရင် ဒီကောင် ထုတ်မပယ်ခံရရင် သူတို့ပဲ အလုပ်က ထွက်မယ်လို့ ပြောကြမှာ သေချာတယ်”

မွန်ဂျောင်က အတိတ်က အကြောင်းအရာတွေကို ပြောရင်း ပြန်တွေးနေမိတယ်။ အခုအချိန်မှာတော့ ဒီအဖြစ်အပျက်တွေကို ပြုံးပြုံးလေးနဲ့ ပြောနိုင်ပေမဲ့ အဲဒီတုန်းက အခြေအနေကတော့ တော်တော်လေး တင်းမာခဲ့တာပေါ့။

“ကျွန်တော့်ရဲ့ ငယ်မူငယ်သွေးတွေကို ဘာလို့ ပြန်ဖော်နေကြတာလဲ။ အော်၊ ဒါနဲ့ မနက်ဖြန်က မင်းသားကြီး အစ်ကိုကြီးရဲ့ ကွယ်လွန်ခြင်း အထိမ်းအမှတ်နေ့ပဲ။ အားလုံး သွားကြမလို့လား။ ကျွန်တော်ကတော့ မနက်ဖြန် ခဏတစ်ဖြုတ် သွားဖို့ ပြင်ထားတယ်”

“အော်... အဲဒီအချိန်ကို ပြန်ရောက်လာပြန်ပြီပေါ့”

“အတူတူ သွားကြတာပေါ့။ ကျွန်တော် ကားမောင်းပေးမယ်။ ဘယ်လိုလဲ”

မွန်ဂျောင်က ခေါင်းကို ဖြည်းဖြည်းကလေး ညိတ်လိုက်တယ်။

“စီနီယာ ကင်က အန်ဒုံဆိုဂျူအရက်ကို တော်တော်ကြိုက်တာ။ ဒီတစ်ခါတော့ သွားပြီး အရက်တစ်ခွက်လောက် တိုက်ဦးမှပါပဲ”

ဂျွန်မင်းကလည်း သူပါ လိုက်ခဲ့မယ်လို့ ပြောလာတယ်။

“ဒါထက် စီနီယာ ကင်ကတော့ တကယ် စောစောစီးစီး ဆုံးပါးသွားတာပဲနော်”

“ငါထင်တာတော့ ခြောက်ဆယ့်နှစ်နှစ်မှာ ထင်တယ်”

“ဟူး... ကျွန်တော်ကိုယ်တိုင် စီနီယာ ကင်ထက် အသက်ကြီးတဲ့နေ့ကို ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ အဲဒီလို တွေးမိလိုက်ရင် ငါလည်း သေဖို့ နီးလာပြီလားလို့ ခံစားရတယ်” ဟု မွန်ဂျောင်က မျက်နှာကြက်ကို ငေးကြည့်ရင်း ပြောလိုက်တယ်။ သူက ဒီနှစ်မှာ အသက် ခုနစ်ဆယ် ရှိပြီလေ။ ငယ်တော့တာ မဟုတ်ဘူး။ ဒီဘက်ခေတ်မှာ အသက် ၈၀ အထိ နေရတာ မခက်ခဲဘူးလို့ လူတွေ ပြောကြပေမဲ့ သူကိုယ်တိုင်လည်း သူ့ရဲ့ နိဂုံးဆီကို ဦးတည်နေပြီဆိုတဲ့ အချက်ကိုတော့ ငြင်းလို့မရဘူး။ ဒီရုပ်ရှင်က သူ့ရဲ့ နောက်ဆုံးလက်ရာ ဖြစ်သွားနိုင်တယ်လို့တောင် တွေးမိနေတာပေါ့။

“စီနီယာ၊ ဘာလို့ အဲဒီလို မျက်နှာကြီး ပြန်လုပ်နေတာလဲ။ ရော့၊ ရော့၊ အသီးလေး စားလိုက်ဦး။ အာ လို့ လုပ်လိုက်”

ဂျုန်ဂွန်က ဖရဲသီးစိတ်ကလေးကို ခက်ရင်းနဲ့ထိုးပြီး သူ့ဆီ ကမ်းပေးလာတယ်။ မွန်ဂျောင်က ငြင်းဖို့ ပြင်လိုက်ပေမဲ့ ဂျုန်ဂွန်က အနားတိုးလာပြီး “အာ” ဟု ထပ်ပြောနေတာပဲ။

“မင်းက လူကြီးတန်မဲ့ ဘာလို့ အခုထိ ကလေးလို လုပ်နေရတာလဲ”

“စီနီယာကလည်း။ ဒီဂျူနီယာက စီနီယာကို အရသာရှိတဲ့ အသီးလေး ကျွေးချင်လို့ပါ။ ကျွန်တော့်ရဲ့ စေတနာကို ငြင်းပယ်တာက သိပ်မလွန်လွန်းဘူးလား။ ကျွန်တော်က ယောက်ျားလေး ဖြစ်နေလို့လား။ ဒါဆို ကျွန်တော့်ဟာကြီးကို ဖြတ်ပစ်လိုက်ရမလား”

“တော်စမ်းပါ။ ဒီကောင်ကတော့ တကယ်ပဲ ပိုပြီး ရွံစရာကောင်းလာပြီ”

“ကျွန်တော် ချစ်ဖို့မကောင်းဘူးလား။ ကျွန်တော် အသက် ငါးဆယ်ကျော်နေပြီဆိုပေမဲ့ ဒီလောက်အထိ နုပျိုအောင် နေနိုင်သေးတာပဲလေ”

နောက်ဆုံးတော့ မွန်ဂျောင်လည်း ဖရဲသီးကို စားလိုက်ရတော့တယ်။ ဂျွန်မင်းရော ဂျုန်ဂွန်ရောဟာ တကယ့်ကို သံယောဇဉ်ကြီးလွန်းတဲ့ ဆက်ဆံရေးတွေပါပဲ။ ဒီနှစ်ယောက်က သူ့ဆီကို နှစ်တိုင်းလာလည်တတ်တဲ့ ကျေးဇူးသိတတ်တဲ့ ဂျူနီယာတွေ၊ မဟုတ်ပါဘူး၊ ညီငယ်လေးတွေလို ဖြစ်နေခဲ့တာလေ။

“မင်းသားကြီး၊ ကျွန်တော်ကတော့ ဟိုးအဝေးအထိ လိုက်မပို့နိုင်တော့လို့၊ ပြုစုရကောင်းမှန်းမသိဘူးဆိုပြီး နောက်ကွယ်မှာ အတင်းမပြောပါနဲ့ဦးဗျာ” ဟု ဂျွန်မင်းက ပြုံးပြုံးလေး ပြောတယ်။ တခြားသူတွေနဲ့ ခဏလောက် စကားပြောပြီးနောက် ဂျွန်မင်းက ဖုန်းကို ကောက်ကိုင်လိုက်တယ်။ ဖုန်းခဏပြောပြီးနောက် သူက ထပ်ပြောလာတာပေါ့။

“မင်းသားကြီး၊ သရုပ်ဆောင်တွေနဲ့ တွေ့ဆုံပွဲလေးတစ်ခုလောက် စီစဉ်ချင်လို့။ အဆင်ပြေပါ့မလားခင်ဗျာ”

“အော်... အဆင်ပြေတာပေါ့။ ငါကတော့ သေချာပေါက် အဆင်ပြေတယ်။ ဒါကြောင့်မလို့ပဲ ငါ ဒီကို လာခဲ့တာလေ၊ ဒါကြောင့် သူတို့ကို တကယ် တွေ့ချင်ပါတယ်။ ဒါထက် လူငယ်တွေ အများကြီး ရှိနေမှာဆိုတော့ သူတို့တွေ ငါ့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားမလားလို့ စိတ်ပူမိတယ်”

“မဖြစ်နိုင်တာ စီနီယာရယ်။ မင်းသားကြီးကြောင့် ဘယ်သူကများ စိတ်အနှောင့်အယှက် ဖြစ်ရမှာလဲ။ တစ်ယောက်ယောက်ကများ အဲဒီလိုဖြစ်ရင် ပြုံးပြရအောင် သွားပြီး ခြိမ်းခြောက်လိုက်မယ်။ ဒါကြောင့် စိတ်မပူပါနဲ့”

“အဲဒါကို ငါက အစိုးရိမ်ဆုံးပဲ”

ဂျုန်ဂွန် အားရပါးရ ရယ်မောနေတာကို ကြည့်ပြီး မွန်ဂျောင်က လျှာတသပ်သပ် လုပ်နေမိတယ်။ ဒါက သူ အနုပညာလောကကနေ တရားဝင် အနားယူပြီးမှ ပြန်စလိုက်ရတဲ့ လက်ရာတစ်ခုလေ။ တစ်ခါ အနားယူဖူးပြီးသားမို့လို့ ဒီလောကကို ဦးဆောင်နေတဲ့ လူငယ်မျိုးဆက်သစ်တွေနဲ့ ဘာဆက်ဆံရေးမှ မရှိသလောက်ပါပဲ။ သူက စိုးရိမ်စိတ်တစ်ဝက်၊ မျှော်လင့်ချက်တစ်ဝက်နဲ့ စောင့်ဆိုင်းနေခဲ့တယ်။ မကြာခင်မှာပဲ တံခါးပွင့်လာပြီး လူတွေ စဝင်လာကြတာပေါ့။ ကျား၊ မ မရွေး၊ အသက်အရွယ်စုံ လူတွေဟာ နေရာအနှံ့ ဖြည့် ထိုင်လိုက်ကြတယ်။ သူတို့ကို ငေးကြည့်ရင်း မွန်ဂျောင် ဘာကြောင့်မှန်းမသိဘဲ ရယ်ချင်စိတ် ပေါက်လာရတယ်။ သူက ခေတ်ရေစီးကြောင်းနဲ့အတူ မေ့လျော့ခံထားရတဲ့ လူဟောင်းကြီးတစ်ယောက်ဖြစ်ပြီး၊ သူတို့တွေကတော့ အခုလက်ရှိ တီဗီဖန်သားပြင်ပေါ်မှာ နာမည်ကြီးနေတဲ့ သရုပ်ဆောင်တွေ မဟုတ်လား။

‘ငါက ဘာကောင်မို့လို့ သူတို့ကို ဒီလောက်အချိန်အကြာကြီး စောင့်ခိုင်းနေရတာလဲ’

သူ့ရဲ့ အရှိန်အဝါကို ကြွားဝါတာနဲ့ အခွင့်အာဏာပြတာက သူ အမုန်းဆုံး အရာတွေဖြစ်ပြီး၊ အခု သူ့ကိုယ်သူ ပြန်ကြည့်လိုက်တော့ လူငယ်တွေအပေါ် စိုးမိုးအနိုင်ယူနေတဲ့ နေရာကို ရောက်နေသလို ခံစားရတယ်။

“စောင့်နေရတာ ကြာသွားပြီလား” ဟု သူက ဂျွန်မင်းကို မေးလိုက်တယ်။ အကဲခတ်မြန်တဲ့ ဂျွန်မင်းက ခေါင်းကို ခါယမ်းပြတာပေါ့။

“အားလုံးက ဒီမှာမဆုံခင် တခြားနေရာတွေမှာ ပျော်နေကြတာပါ မင်းသားကြီးရယ်။ ကျွန်တော့်မှာ သူတို့ကို ဒီလောက်အကြာကြီး စောင့်ခိုင်းထားနိုင်တဲ့ အာဏာမျိုး မရှိပါဘူး”

ဂျွန်မင်းက တကယ့်ကို ပါးနပ်လွန်းလို့ မွန်ဂျောင်က သူ့ကို သိပ်မယုံချင်ဘူး။ ဒါကြောင့် အစွန်ဆုံးမှာ ထိုင်နေတဲ့ လူတစ်ယောက်ကို လှမ်းမေးလိုက်တယ်။

“အဲဒါ တကယ်ပဲလား”

“အာ... ဟုတ်ပါတယ်ခင်ဗျာ။ ဒီမှာ ပျော်စရာတွေ အများကြီး ရှိပါတယ်။ ခုနတင်ပဲ ကျွန်တော်တို့ သီချင်းတွေ ဆိုနေကြတာပါ”

လူငယ်လေးက ပြုံးပြုံးလေးနဲ့ ပြန်ဖြေတယ်။ မွန်ဂျောင်က ခေါင်းကို ဖြည်းဖြည်းကလေး ညိတ်လိုက်တယ်။ လိမ်ပြောနေတဲ့ ပုံစံမျိုးတော့ မပေါ်ပါဘူး။

“အားလုံးကို အားနာပါတယ်ဗျာ။ ငါတို့တွေ ရုပ်ရှင်အတူတူ ရိုက်ကြတော့မှာဆိုတော့ ဇာတ်ညွှန်းဖတ်ပွဲကျမှ ပထမဆုံးအကြိမ် တွေ့ရရင် တစ်ယောက်နဲ့တစ်ယောက် စိမ်းသက်နေမှာစိုးလို့ ဒီကောင်လေးကို အားလုံးကို ဖိတ်ခိုင်းလိုက်တာပါ”

အားလုံးက တိတ်ဆိတ်သွားပြီး သူ့ဘက်ကို လှည့်ကြည့်ကြတယ်။ မွန်ဂျောင်ကတော့ ပေါ့ပေါ့ပါးပါး အခြေအနေမျိုးကိုပဲ လိုချင်တာ၊ ဒါပေမဲ့ ထင်သလောက်တော့ မလွယ်ကူလှဘူး။ သူကိုယ်တိုင်လည်း ငယ်ငယ်တုန်းကတော့ စီနီယာတွေရှေ့မှာ ငြိမ်ငြိမ်လေးပဲ နေပြီး နားထောင်ခဲ့ရတာပဲလေ။ ဒီနေရာမှာ စစ်တပ်လိုမျိုး စီနီယာ၊ ဂျူနီယာ ဆက်ဆံရေးကြီး ရှိနေတာကို သူ သဘောမကျပေမဲ့ အဲဒီလို မတရားတဲ့အရာက လူတစ်ယောက်တည်းနဲ့တော့ ပြောင်းလဲပစ်လို့ မရနိုင်ဘူး။ အထက်ကလူတွေက ပေါ့ပေါ့ပါးပါး အခြေအနေကို ဖန်တီးပေးရင် လူငယ်တွေကလည်း လိုက်လုပ်ကြမှာပဲ၊ ဒါပေမဲ့ အခုကတော့ အဲဒီလို မဟုတ်ဘူးလေ။ စီနီယာတွေက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အော်ဟစ်ဆူပူလိုက်ရင် လူငယ်တွေက ခေါင်းငုံ့ခံရတဲ့ ဒီလိုခေတ်ကြီးထဲမှာ “ပေါ့ပေါ့ပါးပါးပဲ နေပါ” လို့ ပြောလိုက်တာကတောင် သူတို့အတွက် အနိုင်ကျင့်စော်ကားမှုတစ်ခု ဖြစ်သွားနိုင်တာပဲ။

ဒါကြောင့်မလို့ မွန်ဂျောင်က စကားကို ခပ်တိုတိုပဲ ပြောလိုက်တော့တယ်။ ဒီပွဲက အားလုံးကို နှုတ်ဆက်ဖို့သက်သက်ပဲ၊ အပေါ်ယံ ဟန်ဆောင်ဖို့ မဟုတ်ဘူးလေ။

“အားလုံး အလုပ်ရှုပ်နေကြမယ့်ကြားကနေ အခုလို လာပေးကြလို့ ကျေးဇူးတင်ပါတယ်။ ငါ အားလုံးကို တွေ့ဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းရင်းကတော့ ခုနက ပြောခဲ့သလိုပဲ၊ လက်ရာတစ်ခုတည်းကို အတူတူ လုပ်ကြမယ့်သူတွေမို့လို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားအောင်လို့ပါ။ လာမယ့် နှစ်လ၊ သုံးလအတွင်းမှာ အားလုံးက ငါ့ကို ကူညီစောင့်ရှောက်ပေးကြဖို့ မျှော်လင့်ပါတယ်”

“အဲဒါက ကျွန်တော်တို့ဘက်က ပြောရမယ့် စကားပါ။ ကျေးဇူးပြုပြီး စောင့်ရှောက်ပေးပါဦး”

“ကျေးဇူးပြုပြီး စောင့်ရှောက်ပေးပါဦး”

မွန်ဂျောင်က ဘယ်ဘက်မှာ ထိုင်နေတဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသားကို လှမ်းကြည့်လိုက်တယ်။

“မင်းနာမည်က ဘယ်သူလဲ”

“ကျွန်တော့်နာမည်က ဘတ်ထယ်ဟို ပါခင်ဗျာ။ ကျွန်တော်က မင်းသားကြီးရဲ့ သားအကြီးဆုံးအဖြစ် သရုပ်ဆောင်ရမှာပါ”

“အော်... ဟုတ်ပြီ။ ကူညီစောင့်ရှောက်ပေးပါဦး”

ဘတ်ထယ်ဟိုက ခေါင်းညိတ်ပြတယ်။ ပြီးတော့ နောက်တစ်ယောက်ဆီ ကူးသွားတာပေါ့။ အဲဒီလူကလည်း အသက် ၄၀ ဝန်းကျင် အမျိုးသမီး သရုပ်ဆောင်တစ်ယောက်ပါပဲ။

“ကျွန်မကတော့ ဂျောင်ယွန်းဟဲ ပါ။ ကျွန်မက သားအကြီးဆုံးရဲ့ ဇနီးအဖြစ် သရုပ်ဆောင်ရမှာပါ။ နောင်ခါကျရင်လည်း မိသားစုလိုမျိုး သဘောထားပေးပါဦးနော်”

အဲဒီမင်းသမီးက ပြုံးပြုံးလေး နှုတ်ဆက်တယ်။ မွန်ဂျောင်က အဲဒီလိုမျိုးနဲ့ပဲ အားလုံးကို သိကျွမ်းခဲ့ရတာပေါ့။ ညာဘက်အစွန်ဆုံးမှာရှိတဲ့ လူငယ်သရုပ်ဆောင်လေးရဲ့ နာမည်ကို နားထောင်ပြီးနောက် မွန်ဂျောင်က တိုးညင်းတဲ့ အသံနဲ့ ပြောလိုက်တယ်။

“ငါတို့တွေ ကိုယ့်ကိုယ်ကိုယ် ရှက်စရာမဖြစ်ရအောင် ဒီရုပ်ရှင်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်အားထက်သန်စွာ ရိုက်ကူးကြတာပေါ့။ ဒီနေ့ အားလုံးနဲ့ တွေ့ခွင့်ရလို့ ဝမ်းသာပါတယ်”

မွန်ဂျောင်က မတ်တတ်ရပ်ပြီး အားလုံးကို ဦးညွှတ်နှုတ်ဆက်လိုက်တယ်။ တခြားသရုပ်ဆောင်တွေကလည်း မတ်တတ်ရပ်ပြီး သူ့ကို ပြန်လည်ဦးညွှတ်ကြတာပေါ့။

“မင်းတို့ကို ဒီထက်ပိုပြီး အကြာကြီး ဆွဲထားရင် အားနာစရာ ဖြစ်လိမ့်မယ်။ ကျန်တဲ့အကြောင်းတွေကိုတော့ ရုပ်ရှင်ရိုက်ကူးတဲ့အခါကျမှ ဆက်ပြောကြတာပေါ့၊ အခုတော့ ပျော်ပျော်ပါးပါးပဲ နေကြပါ။ ပွဲစီစဉ်သူတွေက အခုလို ပွဲလုပ်ပေးထားတဲ့အချိန်မှာ အားမနာတမ်း ပျော်ကြရမှာပေါ့။ သူတို့က နောက်ကျရင် မင်းတို့ဆီကနေ အမြတ်ထုတ်ဖို့အတွက် အခုလို လုပ်ပေးထားတာလေ”

သူ့လို လူမျိုးကြီးက ဒီမှာ ဆက်ရှိနေရင် လူတိုင်းအတွက် စိတ်အနှောင့်အယှက် ဖြစ်ရလိမ့်မယ်။ ကုမ္ပဏီ ညစာစားပွဲတွေမှာတောင် အကောင်းဆုံး အထက်လူကြီးဆိုတာ လူတိုင်း ပိုက်ဆံအတွက် စိတ်ပူစရာမလိုဘဲ ပျော်နိုင်အောင် ခရက်ဒစ်ကတ်ပဲ ထားခဲ့ပြီး ပွဲကနေ ထွက်သွားပေးတဲ့သူတွေ မဟုတ်လား။ သူကတော့ အိမ်မပြန်ခင် သူနဲ့ ရင်းနှီးတဲ့ ဂျုန်ဂွန်၊ ဂျွန်မင်းတို့နဲ့ စကားခဏပြောဖို့ ပြင်ထားတာလေ။ လူငယ်တွေနဲ့ ရင်းနှီးဖို့ကတော့ တကယ် ရုပ်ရှင်ရိုက်ကူးတဲ့အချိန်ကျမှပဲ လုပ်လို့ရတာပဲ။

သရုပ်ဆောင်တွေက မတ်တတ်ရပ်ပြီး အခန်းထဲကနေ ထွက်သွားကြတယ်။ ဂျွန်မင်းနဲ့ ဂျုန်ဂွန်တို့ကလည်း ခဏတဖြုတ် အပြင်ကို ထွက်သွားကြတာပေါ့။ ကျယ်ဝန်းလှတဲ့ အခန်းထဲမှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့ မွန်ဂျောင်ဟာ သူ့ရှေ့က ဆိုဂျူအရက်ကို နည်းနည်းကလေး သောက်လိုက်မိတယ်။ ရုပ်ရှင်မရိုက်ခင် ခန္ဓာကိုယ်ကို ထိန်းသိမ်းရမှာမို့လို့ ဒါဟာ လောလောဆယ်အတွက် သူ့ရဲ့ နောက်ဆုံးအရက်ခွက် ဖြစ်လိမ့်မယ်လို့ ဆုံးဖြတ်ထားတာလေ။ သူက အရက်သောက်ရတာကို ကြိုက်ပေမဲ့ ဒီရုပ်ရှင်ထဲမှာ လှုပ်ရှားမှုများတဲ့ အက်ရှင်ခန်းတွေ တော်တော်များများ ပါဝင်နေလို့ အဲဒီအချိန်ကျရင် အမီလိုက်နိုင်အောင် ခန္ဓာကိုယ်ကို ဂရုစိုက်ရမှာပဲ။ သူ့ရဲ့ အသက် ခုနစ်ဆယ်အရွယ် ခန္ဓာကိုယ်ကြီးက သတိလက်လွတ် ဖြစ်သွားတဲ့ တစ်စက္ကန့်မှာတင် လဲပြိုသွားနိုင်တာလေ။ ကျန်းမာရေးကို ယုံကြည်မှုမရှိတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သတိထားတာကတော့ ဘာမှ ဆိုးကျိုးမရှိနိုင်ဘူး မဟုတ်လား။

အဲဒီအချိန်မှာပဲ တံခါးခေါက်သံတစ်ချက် ကြားလိုက်ရတယ်။

‘ဘယ်သူပါလိမ့်’ ဟု သူ တွေးမိလိုက်တာပေါ့။

“ဝင်ခဲ့ပါ”

တံခါးက ‘ကျွီ’ ကနဲ ပွင့်သွားပြီး တစ်စုံတစ်ယောက်က အထဲကို ချောင်းကြည့်လာတယ်။ သေချာကြည့်လိုက်တော့မှ မိမိကိုယ်ကိုယ် ထယ်ဟို လို့ မိတ်ဆက်ခဲ့တဲ့ သရုပ်ဆောင်ဖြစ်နေတာကို သတိထားမိလိုက်တယ်။ ဂျွန်မင်း အပြင်မသွားခင် ပြောပြချက်အရဆိုရင် သူက ဒီတစ်ခါ ဒယ်ဂျုံ ရုပ်ရှင်ဆုပေးပွဲမှာ အမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့တဲ့ အရည်အချင်းရှိတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်နေတာပဲ။

“မင်းသားကြီး”

“ဘာကိစ္စရှိလို့လဲ”

“မရိုင်းရာကျရင် ကျွန်တော် မင်းသားကြီးကို အရက်တစ်ခွက်လောက် ငှဲ့ပေးပါရစေ”

“ငါ့ကိုလား”

“ဟုတ်ကဲ့။ ဟို... ကျွန်တော် အထဲဝင်ခဲ့လို့ ရမလားခင်ဗျာ”

“ဝင်ခဲ့လေ”

ထယ်ဟိုက အခန်းထဲ ဝင်လာတယ်။ သူ့မျက်နှာပေါ်မှာ ပြုံးရွှင်နေတာပဲ။ တစ်ခုခု အဆင်ပြေစရာ ကောင်းတာမျိုး ရှိခဲ့ပုံရတယ်။

“ကျွန်တော် နှောင့်ယှက်မိသွားတာတော့ မဟုတ်ပါဘူးနော်”

“မဟုတ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး”

“တော်သေးတာပေါ့။ အမှန်တော့ ကျွန်တော် ငယ်ငယ်တုန်းက မင်းသားကြီးကို တော်တော်လေး ကြိုက်ခဲ့တာပါ။ ကျွန်တော် အထက်တန်းကျောင်းသားဘဝတုန်းက မင်းသားကြီး အဓိကမင်းသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ‘အဆုံးမရှိသောည’ ရုပ်ရှင်ကို ဘယ်နှကြိမ်တောင် ပြန်ကြည့်ခဲ့မိလဲ မသိဘူး”

အဆုံးမရှိသောည။ ဒါက သူ မကြားရတာ တော်တော်ကြာပြီဖြစ်တဲ့ ရုပ်ရှင်နာမည်တစ်ခုပဲ။ အမျိုးအစားက Film Noirဇာတ်ကားမျိုးလေ။ အဲဒီရုပ်ရှင်ကို အဲဒီခေတ်တုန်းက အလှဆုံးမင်းသမီး ထိပ်သီးနှစ်ယောက်ထဲက တစ်ယောက်နဲ့ အတူတူ ရိုက်ကူးခဲ့တာပေါ့။

(TR Note: Film Noir (ဖလင်နွား) ဆိုတာ ၁၉၄၀ နဲ့ ၁၉၅၀ ပြည့်နှစ်တွေမှာ အမေရိကန် ဟောလိဝုဒ်ရုပ်ရှင်လောကမှာ အလွန်ခေတ်စားခဲ့တဲ့ Crime နဲ့ Thriller ရုပ်ရှင်အမျိုးအစားတစ်ခု ဖြစ်ပါတယ်)

“အဲဒီရုပ်ရှင်က အထက်တန်းကျောင်းသားတစ်ယောက်အတွက်တော့ နည်းနည်း ကာမရာဂဘက်ကို လွန်လွန်းနေလိမ့်မယ် ထင်တယ်”

“ဒါကြောင့်မလို့ပဲ ကျွန်တော် ခိုးကြည့်ခဲ့တာပေါ့။ ဒါထက် အဲဒီရုပ်ရှင်ကြည့်ပြီးပြီးချင်း ကျွန်တော့်အဖေရဲ့ ဘာဘယ်ရီ ကုတ်အင်္ကျီကြီးကို ခိုးဝတ်မိလို့ အရိုက်ခံခဲ့ရသေးတယ်”

“ဟာဟဟဟ”

အဲဒီနောက်မှာတော့ ထယ်ဟိုက မွန်ဂျောင် သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်တွေအကြောင်းကို အသေးစိတ် တခုတ်တရနဲ့ ပျော်စရာကောင်းအောင် ပြောပြနေတော့တာပဲ။ မွန်ဂျောင်ကိုယ်တိုင်လည်း နားထောင်ရင်း အံ့ဩနေမိတယ်။ ဒီလူက အဓိကမင်းသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူကိုယ်တိုင်တောင် မမှတ်မိတော့တဲ့ အသေးစိတ်အချက်အလက်တွေကို မှတ်မိနေခဲ့တာလေ။

“ကျွန်တော် စကားတွေ သိပ်များသွားပြီလား မသိဘူး”

“မဟုတ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး။ မင်းပြောတာကို နားထောင်ရတာ ပျော်ဖို့ကောင်းပါတယ်။ ငါ့ရုပ်ရှင်တွေအကြောင်းကို ငါ့ထက်ပိုပြီး သိနေတဲ့သူ ရှိနေတာက နည်းနည်းတော့ အံ့ဩစရာပဲနော်။ ပြီးတော့ ကျေးဇူးလည်း တင်ပါတယ်။ ငါ့ရဲ့ လက်ရာတွေအကုန်လုံးကို မှတ်မိပေးပြီး ကြိုက်နှစ်သက်ပေးတဲ့အတွက် ကျေးဇူးပါပဲ”

“...မင်းသားကြီး။ ကျွန်တော် ဒီနေ့ သိပ်ကို စိတ်လှုပ်ရှားနေလို့ အကြီးအကျယ် တုန်ရင်နေမိတာပါ။ မင်းသားကြီး ပြန်လာတာကို တကယ်ပဲ ဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့ အိမ်မက်က ဘာလဲဆိုတာ သိလား။ မင်းသားကြီးနဲ့အတူတူ ရုပ်ရှင်တစ်ကားလောက် ရိုက်ကူးခွင့်ရဖို့ပဲ”

“ငါက တစ်စုံတစ်ယောက်ရဲ့ အိမ်မက် ဖြစ်လာရလောက်အောင် အရေးပါတဲ့သူမှ မဟုတ်တာ…”

သူ အနားမယူခင်တုန်းကတော့ ဒီလိုအခြေအနေမျိုးတွေက ကြုံနေကျပါပဲ။ ဒါက ဂုဏ်ယူစရာပါ၊ မင်းသားကြီးကို တကယ် လေးစားအားကျမိပါတယ် ဆိုတဲ့ စကားလုံးတွေကို သူ အများကြီး ကြားခဲ့ဖူးတယ်။ ဒါပေမဲ့ သူ ဒီလောကကနေ ထွက်ခွာသွားကတည်းက သူ့ရဲ့ ဂုဏ်ဒြပ်တွေနဲ့ အောင်မြင်မှုတွေအကုန်လုံး ပျောက်ကွယ်သွားခဲ့ရတာပေါ့။ တကယ့် သံယောဇဉ်အထူဆုံး ဆက်ဆံရေးအနည်းငယ်ပဲ ကျန်ရစ်ခဲ့ပြီး၊ ချိုသာတဲ့ စကားလုံးတွေ ပြောခဲ့ကြတဲ့သူတွေအကုန်လုံးက သူ့ကို စွန့်ခွာသွားကြတာလေ။ ဒါကြောင့်မလို့ပဲ သူက အသားထဲကနေ လာပြီး ဖားပြားတတ်တဲ့သူတွေကို သဘောမကျတာ။ ဒါပေမဲ့ ထယ်ဟိုရဲ့ စကားကို နားထောင်ရတဲ့အခါမှာတော့ အဲဒီလိုမျိုး လုံးဝမခံစားရဘူး။ ဘာလို့လဲဆိုတော့ တကယ့် ရိုးသားတဲ့ စကားလုံးတွေကို ကြားလိုက်ရလို့ ဖြစ်မှာပေါ့။

ထယ်ဟိုနဲ့ မိနစ်အနည်းငယ်လောက် စကားပြောပြီးနောက် ထယ်ဟိုက မတ်တတ်ရပ်လိုက်တယ်။ နောင်ကျရင် သူ့အိမ်ကို သေချာပေါက် လာလည်မယ်လို့ ပြောပြီးမှ ထွက်သွားတာပေါ့။ သူထွက်သွားပြီးနောက် ဂျွန်မင်း ပြန်ဝင်လာတယ်။ သူက နည်းနည်း မောပန်းနေတဲ့ ပုံစံမျိုးပဲ။ ရင်းနှီးမြှုပ်နှံသူတွေက သူ့ကို အတော်လေး ဒုက္ခပေးလိုက်ပုံရတယ်။

“ကျွန်တော် ခုနတင်ပဲ ထယ်ဟို ဒီအခန်းထဲကနေ ထွက်သွားတာကို မြင်လိုက်သလိုပဲ”

“ငါတို့ စကားနည်းနည်း ပြောဖြစ်ကြတာပါ”

“သူ စီနီယာကို နှောင့်ယှက်မိသွားလား။ အဲဒီကောင်က စီနီယာနဲ့ တွေ့ချင်လွန်းလို့ တကယ့်ကို ဇွတ်အတင်း ဖြစ်နေတာ။ အမှန်တော့ စီနီယာ ဒီရုပ်ရှင်မှာ ပါဝင်မယ်ဆိုတဲ့ ကောလာဟလ ထွက်လာကတည်းက ကျွန်တော့်ဆီကို ပထမဆုံးအပြေးအလွှား လာခဲ့တဲ့သူက သူပဲ။ ကျွန်တော်က သရုပ်ဆောင်ကြေးအတွက် စိတ်ပူနေတာကို၊ သူက ပိုက်ဆံမရရင်တောင် ပါဝင်ခွင့်ပေးပါဦးလို့ တောင်းပန်နေတာလေ”

“တကယ့် ထူးဆန်းတဲ့ကောင်လေးပဲ”

“ဒါက စီနီယာအပေါ် သူ ဘယ်လောက်အထိ အားကျလေးစားမှု ရှိလဲဆိုတာကို ပြသနေတာပေါ့”

မွန်ဂျောင်က ရိုးသားတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်တယ်။

“ငါ့ရဲ့ ဖန်တစ်ယောက်ပါလို့ ပြောတဲ့သူတွေကို မြင်ဖူးပေမဲ့၊ ငါ့ရဲ့ လက်ရာတွေကို ဒီလောက်အထိ အသေးစိတ် သိနေတဲ့သူကို မတွေ့ရတာ တော်တော်ကြာပြီ။ ကျေးဇူးလည်း တင်မိသလို အားလည်းနာမိတယ်။ ငါကတော့ အဲဒီလို ခံစားချက်မျိုးတွေအကုန်လုံးကို မေ့သွားပြီလို့ ထင်နေတာ”

“ရုပ်ရှင်သာ ရုံတင်ပြီးသွားရင် အဲဒီလို ခံစားချက်မျိုးတွေကို ကျင့်သားရသွားအောင် လုပ်ထားရလိမ့်မယ်။ ဘာလို့လဲဆိုတော့ မင်းသားကြီး ယွန်းမွန်ဂျောင် အနုပညာလောကထဲကို ပြန်လာပြီဆိုတာကို ကျွန်တော်က အကြီးအကျယ် ကြော်ငြာတော့မှာမို့လို့လေ”

“ဟေ... တော်ပါပြီ။ ဒီလောက်အထိတော့ မလုပ်ပါနဲ့ဦး။ လူပုံအလယ်မှာ မျက်နှာပြဖို့တောင် ရှက်စရာကြီး ဖြစ်နေဦးမယ်”

“ကျွန်တော်လည်း ရင်းနှီးမြှုပ်နှံသူတစ်ယောက်ပဲဟာ၊ ပျော်စရာလေးတော့ လိုချင်တာပေါ့”

“အချိန်ဆိုတာ တကယ့်ကို ကြောက်စရာကောင်းတဲ့ အရာပဲနော်။ အကောင်းပကတိ လူတစ်ယောက်ကို ပိုက်ဆံမက်တဲ့သူ ဖြစ်အောင် ပြောင်းလဲပစ်လိုက်တာကိုး”

“စိတ်ကိုသာ ပြင်ဆင်ထားလိုက်ပါ စီနီယာရယ်။ ကျွန်တော်ကတော့ သတင်းစာရှင်းလင်းပွဲအပါအဝင် အကုန်လုံးကို အချိန်ဇယား တင်းတင်းကျပ်ကျပ် ဆွဲထားမှာမို့လို့ပါ”

“ငါတော့ အသက်ကြီးမှ အလုပ်တွေ ရှုပ်တော့မှာပဲ”

ဂျွန်မင်းက အဲဒီလို စကားလုံးတွေ ပြောနေပေမဲ့ သူက ပိုက်ဆံနောက်ပဲ လိုက်မယ့်သူမျိုး မဟုတ်မှန်း မွန်ဂျောင် ကောင်းကောင်းသိပါတယ်။ အမြတ်အစွန်းတစ်ခုတည်းကိုပဲ လိုချင်တာဆိုရင်တော့ သူ့လိုမျိုး အနားယူထားတဲ့ လူအိုကြီးတစ်ယောက်ကို ဒီလောကထဲ ပြန်ခေါ်လာစရာ အကြောင်းမရှိဘူးလေ။ ခိုင်မာတဲ့ ဖန်ထုရှိပြီး တီဗီမှာ ခဏခဏပေါ်နေတဲ့ လူငယ်တွေကို ရွေးချယ်တာက ပိုပြီးတော့ အခြေအနေ တည်ငြိမ်မှာပေါ့။ အဲဒီလို တွေးမိလိုက်တဲ့အခါမှာတော့ သူ့စိတ်ထဲမှာ နည်းနည်းကလေး လောဘတက်လာရတယ်။ ‘စစ်သားအိုကြီးတွေက ဘယ်တော့မှ မသေဘူး၊ သူတို့က ကွယ်ပျောက်သွားရုံရုံပဲ’ ဆိုတာကို လူတိုင်းကို သက်သေပြချင်တဲ့ စိတ်ဆန္ဒ ပေါ်လာတာပေါ့။ မေ့လျော့ခံထားရတဲ့ စစ်သားအိုကြီးက စံချိန်တွေကိုအကုန်လုံးကို ရိုက်ချိုးပစ်နိုင်ရင်လည်း စိတ်ဝင်စားဖို့ ကောင်းမှာပဲ မဟုတ်လား။

သူ့နှုတ်ခမ်းဖျားကနေ အပြုံးတစ်ခု ထွက်ကျလာတယ်။ စတင်လိုက်ပြီပေါ့။ သူ အဲဒီနေရာကို ပြန်သွားရတော့မယ်။ အဓိပ္ပာယ်မရှိတဲ့ စီးပွားရေးဆန်တဲ့ ရုပ်ရှင်တွေအပေါ် စိတ်ပျက်လို့ သူ စွန့်ခွာခဲ့တဲ့ အဲဒီနေရာဆီကိုပေါ့။

“ငါ ပြီးခဲ့တဲ့အကြိမ်က ပြောခဲ့သလိုပဲ၊ မင်း အရင်းတောင် ပြန်ရချင်မှ ရမှာနော်။ ငါကတော့ ဘတ်ဂျက်ကို ငါ့သဘောအတိုင်းပဲ သုံးမှာ။ ငါလိုချင်တဲ့ ပုံရိပ်ကို ရဖို့အတွက် ရုပ်ရှင်ဒါရိုက်တာဆီကနေ အစွမ်းကုန် ညှစ်ထုတ်မှာပဲ”

“စိတ်မပူပါနဲ့ စီနီယာရယ်။ ကျွန်တော့်မှာ ပိုက်ဆံတွေ အများကြီး ရှိပါတယ်” ဟု ဂျွန်မင်းက ပြုံးပြီး ပြောလိုက်တယ်။

“အော်... ဒါနဲ့ ကျွန်တော် မာရူးကိုလည်း ဒီကို ခေါ်ထားတယ်”

“အဲဒီကလေးလည်း ဒီကို ရောက်နေတာလား”

“ဟုတ်ကဲ့”

“ငါတို့တွေ ဟိုဗီလာအိမ်မှာ တွေ့ခဲ့ကြပြီးကတည်းက မဆုံဖြစ်ကြတော့ဘူး ထင်တယ်”

“သူက လူရွေးပွဲ အောင်မြင်ခဲ့တာလေ”

“အော်... ဟုတ်လား။ ဒါက ဝမ်းသာစရာ သတင်းပဲ”

အဲဒီအချိန်မှာပဲ တံခါးကို နှစ်ချက် ခေါက်လိုက်တဲ့အသံ ကြားလိုက်ရပြီး တံခါးက ဖြည်းဖြည်းကလေး ပွင့်လာပြန်တယ်။ အရင်ကထက်စာရင် ယောက်ျားဆန်လာတဲ့ မာရူးက အပြင်ဘက်မှာ မတ်တတ်ရပ်နေတာပဲ။

“မတွေ့ရတာ ကြာပြီနော်”

“ဟုတ်ကဲ့ခင်ဗျာ အဘိုး”

“မင်းက ငါ့ဆီကို ဖုန်းတစ်ချက်တောင် မဆက်တဲ့ လူဆိုးလေးပဲ”

“...ကျွန်တော် ဆင်ခြေပေးဖို့ ရှာနေတာ၊ ဒါပေမဲ့ သင့်တော်တာ တစ်ခုမှ ရှာမတွေ့လို့ပါ”

“ဟာဟ၊ အေးပါကွာ”

မွန်ဂျောင်က သဘောကျစွာ ရယ်မောရင်း အထဲကို ဝင်ခဲ့ဖို့ လက်ဟန်ခြေဟန်နဲ့ အချက်ပြလိုက်တော့တယ်။

* * * * * * * * *

All Chapters