← Chapters

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း(၂၃၇)

“အော်... မင်း လူရွေးပွဲ အောင်သွားတယ်လို့ ကြားတယ်၊ လိုချင်တဲ့ ဇာတ်ကောင်နေရာ ရခဲ့ရဲ့လား”

မာရူးက သူ့ဖန်ခွက်ထဲ အရက်အပြည့်ရှိနေတာကို သေချာအောင် ကြည့်ပြီးမှ ပြန်ချလိုက်တယ်။

“ဟုတ်ကဲ့၊ တာဝန်ခံက ကျွန်တော့်ကို သဘောကျပုံရလို့ လိုချင်တဲ့ ဇာတ်ကောင်နေရာကို ရခဲ့ပါတယ်”

“ဒါဆို မင်းက လူမိုက်နေရာပေါ့”

“ဟုတ်ပါတယ်”

“ဒါဆို မင်းက ငါ့ကို ဆဲရတော့မှာပေါ့”

“ကျွန်တော်က တကယ့် လူဆိုးလူမိုက်ဆိုတော့ အဘိုး စိတ်အနှောင့်အယှက်ဖြစ်မယ့် စကားလုံးတွေ ပြောဖို့ ယုံကြည်ချက်ရှိတယ်လေ၊ ပေါ့ပေါ့ပါးပါး ဆဲဆိုတာမျိုးတွေ ဖြစ်မှာကို စိုးရိမ်နေရင်တော့ စိတ်ပူစရာ မလိုပါဘူး”

“ဟားဟား၊ ငါ့ကို သက်ညှာပါဦးကွာ၊ ဒီ အဘိုးကြီးကို မနှိပ်စက်ပါနဲ့၊ ငါက စိတ်လှုပ်ရှားရုံနဲ့တင် ဖျားချင်ချင်ဖြစ်မယ့် အရွယ်ရောက်နေပြီ”

မွန်ဂျောင်က ပြုံးပြုံးလေးနဲ့ ဖန်ခွက်မြှောက်ဖို့ အချက်ပြလိုက်တယ်။ မာရူးက ခေါင်းကို အသာလွှဲပြီး ဖန်ခွက်ထဲက အရက်ကို သောက်လိုက်တယ်။ ဒီလိုနေရာမျိုးနဲ့ဆို အဆင့်မြင့် ဗော့ဒ်ကာက ပိုလိုက်ဖက်မှာ ဖြစ်ပေမဲ့ စားပွဲပေါ်မှာ ရှိနေတာကတော့ ဆိုဂျူပါပဲ။

“အခန်းက တစ်ခန်းတည်းဆိုပေမဲ့ ဇာတ်ဝင်ခန်းပြောင်းတာ၊ စောင့်ရတာနဲ့ ရိုက်ကူးရေးလုပ်တာတွေကို ထည့်တွက်ရင် အချိန်တော်တော်ပေးရလိမ့်မယ်၊ ညဘက်မှာ ရိုက်မှာဆိုတော့ နွေးနွေးထွေးထွေးရှိမယ့် ဂျာကင်အင်္ကျီအထူ အဆင်သင့်ပြင်ထား၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လည်း မမေ့နဲ့၊ ရိုက်ကွင်းထဲမှာ အောက်ခြေသရုပ်ဆောင်တွေကို ဘယ်သူမှ လှည့်မကြည့်ကြဘူး”

“နားလည်ပါပြီ”

ဒီတစ်ခါတော့ မာရူးက မွန်ဂျောင်ကို အရက်ငှဲ့ပေးဖို့ ဆိုဂျူပုလင်းကို လှမ်းကိုင်လိုက်ပေမဲ့ မွန်ဂျောင်က ခေါင်းခါပြတယ်။

“ဒီအရွယ်ရောက်မှတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းမှဖြစ်တော့မယ်လို့ တွေးမိလို့ပါ”

“အဘိုး အဲလိုဆိုလည်း ဟုတ်တာပေါ့”

မာရူးက ပုလင်းကို ပြန်ချလိုက်ပြီး ပလတ်စတစ်ပုလင်းထဲက ရေနွေးကြမ်းကို ယူလိုက်တယ်။ မွန်ဂျောင်က သူ့ဖန်ခွက်ကို ဖြည်းဖြည်းချင်း လှမ်းပေးလာတယ်။

“ကျန်းမာရေး ဂရုစိုက်ပါဦး၊ အခု ပြန်လာပြီဆိုတော့ တခြားရုပ်ရှင်တွေလည်း ရိုက်ရဦးမှာပေါ့”

“ပြောသလောက်တော့ မလွယ်ပါဘူးကွာ၊ အသက်ကြီးလာတော့ အားအင်တွေ လျော့နည်းလာတာ သဘာဝပဲလေ၊ ဒါပေမဲ့လည်း... ဒီလိုပြောပေးတာ ကျေးဇူးတင်ပါတယ်”

ရေနွေးကြမ်းတစ်ငုံ သောက်ရင်း မွန်ဂျောင်က သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်တယ်။

“မာရူး... ဒီလောကမှာ သရုပ်ဆောင်အပါအဝင် ဘယ်အလုပ်မှ မလွယ်ကူဘူးဆိုတာ မင်း သိထားသင့်တယ်၊ နှစ်တိုင်း သရုပ်ဆောင်ဖြစ်ချင်တဲ့ မျှော်လင့်ချက်နဲ့ ဒီလောကထဲကို လူပေါင်း သောင်းနဲ့ချီ၊ သိန်းနဲ့ချီ ဝင်လာကြပေမဲ့ လူနည်းစုပဲ အောင်မြင်မှုကို မြင်တွေ့ရတာပေါ့၊ ကျန်တဲ့လူတွေကတော့ နာမည်လေးတောင် အဖတ်မတင်ဘဲ လူတွေမေ့တာ ခံရတာပဲ၊ ဒါကြောင့် သရုပ်ဆောင်ဖြစ်ချင်တဲ့ လူငယ်တွေကို မြင်ရင် ပထမဆုံး ခံစားရတာ သနားစိတ်ပဲ၊ အဲဒီကလေးက ဘယ်လောက်အထိ တောင့်ခံနိုင်ပါ့မလဲ၊ ပြီးတော့ အောင်မြင်မှုကိုရော မြင်တွေ့ရပါ့မလဲလို့ တွေးမိတယ်”

“ဒါကတော့ အရာရာတိုင်းမှာ ဒီလိုချည်းပါပဲ”

အဲဒီစကားကို ကြားတော့ မွန်ဂျောင်က ခပ်တိုးတိုး ရယ်တယ်။

“ဟုတ်တာပေါ့၊ အရာရာတိုင်းမှာ ဒီလိုချည်းပါပဲ၊ လူတိုင်း အောင်မြင်ဖို့ အိပ်မက်မက်ကြပေမဲ့ လူတိုင်းကတော့ လက်ဝယ်ပိုင်ပိုင် မရနိုင်ကြဘူး၊ မာရူး... အောင်မြင်ဖို့အတွက် ဘာက အရေးအကြီးဆုံးလို့ ထင်လဲ”

“ကျွန်တော်ကတော့ အောင်မြင်မှုအပေါ် စွဲလမ်းစိတ်က အရေးအကြီးဆုံးလို့ ထင်တယ်၊ ပုံမှန်ဆို စွဲလမ်းစိတ်ဆိုတဲ့ စကားလုံးက အဆိုးမြင်ဘက်မှာ သုံးတာများပေမဲ့ အဲဒီလောက်အထိ အရာအားလုံးကို ပုံအောမထားဘဲနဲ့တော့ မအောင်မြင်နိုင်ဘူးလို့ ထင်တာပဲ၊ လူတိုင်းက အောင်မြင်မှုကိုပဲ လိုချင်ကြတာဆိုတော့ ကြိုးစားအားထုတ်မှု မရှိဘဲနဲ့တော့ ဘယ်သူမှ မရနိုင်ဘူးလေ”

“အေး... မင်းပြောတာ မှန်တယ်၊ စွဲလမ်းစိတ် ရှိရမယ်၊ အောင်မြင်မှု၊ အိပ်မက်၊ ရည်မှန်းချက်... အဲဒီလို အရာတွေအပေါ် တစ်ကြိမ်တစ်ခါလောက်တော့ စွဲလမ်းအောင် ကြိုးစားကြည့်ရမယ်၊ ဝေးဝေးမှာ လွင့်မျောနေတဲ့ အောင်မြင်မှုကို ရအောင် ဆုပ်ကိုင်ဖို့ အစွမ်းကုန် ကြိုးစားကြည့်မှသာ အဲဒါက တကယ်တော့ ဘာလဲဆိုတာ အပြည့်အဝ သဘောပေါက်မှာလေ၊ ကိုယ် ရောက်နိုင်ပါ့မလား၊ ဒါမှမဟုတ် လက်လျှော့ရမလားဆိုတာကိုပေါ့၊ ရောက်နိုင်တဲ့လူက ရယူသွားမှာဖြစ်ပြီး မရောက်နိုင်ရင်တော့ ခေါင်းလှည့်ပြန်ရတော့မှာပဲ၊ ဒီလောကရဲ့ နိယာမက တော်တော်ဆန်းတယ်၊ လူတစ်ယောက်ကို အရာနှစ်ခု တစ်ပြိုင်နက် ပိုင်ဆိုင်ခွင့် မပေးဘူး၊ လူတစ်ယောက်က ဘယ်လောက်ပဲ အောင်မြင်နေပါစေ၊ သူ့အကြောင်းကို အသေအချာ တူးဆွကြည့်ရင် အဲဒီလို အောင်မြင်ဖို့အတွက် သူ လက်လျှော့ခဲ့ရတဲ့ အရာတွေ အများကြီး ရှိနေတာကို တွေ့ရလိမ့်မယ်၊ အောင်မြင်မှုအပေါ် စွဲလမ်းတယ်ဆိုတာ တခြားအရာတွေကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ချက်ချတာလည်း ဖြစ်တယ်လေ”

“အဘိုးရော စွန့်လွှတ်ခဲ့ရတာတွေ ရှိလား”

“ရှိတာပေါ့၊ ဒါက မကြာသေးခင်ကမှ ငါ ပြန်တွေးမိတဲ့ အချက်ပဲ၊ စွန့်လွှတ်ခဲ့ရတာတွေက အမြဲတမ်း အချိန်နဲ့ ဆက်စပ်နေတယ်၊ တခြားလူတွေလည်း ဒီလိုပဲ ဖြစ်မှာပါ၊ ငါ့အချိန်တွေကို အများပြည်သူအတွက် ရင်းနှီးမြှုပ်နှံခဲ့တဲ့ ရလဒ်ကြောင့် ငါက အဆင့်အတန်းရှိတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပေမဲ့ တစ်ချိန်တည်းမှာပဲ အိမ်ထောင်ဦးစီးကောင်း တစ်ယောက် မဖြစ်ခဲ့ဘူး၊ အားလုံးထက် ဆိုးတာက အရည်အချင်းမရှိတဲ့ ခင်ပွန်းတစ်ယောက် ဖြစ်ခဲ့တာပဲ၊ စည်းစိမ်ဥစ္စာတွေအပေါ် ရှိတဲ့ လောဘကို စောစောစီးစီး စွန့်လွှတ်ခဲ့ရင် ငါ ဒီထက်မက အစောကြီး အနားယူဖြစ်မှာ၊ ဒါဆိုရင် ငါ့ဇနီးသည်ရဲ့ နှလုံးရောဂါကိုလည်း ဒီထက်အစောကြီး ကြိုသိခဲ့ရမှာပေါ့”

မွန်ဂျောင်က သူ့ဖန်ခွက်ကို ထပ်လှမ်းပေးပြန်တော့ မာရူးက တိတ်တိတ်ဆိတ်ဆိတ်ပဲ ဖြည့်ပေးလိုက်တယ်။

“လူကြီးတွေက အမြဲတမ်း အတူတူပဲ ပြောတတ်ကြတယ်၊ ကိုယ်ချစ်ရတဲ့လူတွေနဲ့ ကုန်ဆုံးရတဲ့ အချိန်ကို တန်ဖိုးထားပါတဲ့၊ မင်းလည်း အဲဒီစကားကို နားပူအောင် ကြားဖူးမှာဖြစ်ပေမဲ့ သူတို့က အမြဲတမ်း အဲဒီစကားကိုပဲ ပြောနေကြတာက ဒါကို အမြဲတမ်း မှတ်မိနေစေချင်လို့ပဲ”

မာရူးက အဲဒီစကားကို ကြားတော့ ခေါင်းကို အသာလေး ညိတ်လိုက်တယ်။ ဘယ်ခေတ်ဘယ်ကာလပဲဖြစ်ဖြစ် လူတွေက ဒီစကားကိုပဲ ပြောကြတာ အကြောင်းရှိတာပေါ့။ နောက်ဆုံးတော့ အချိန်ဆိုတာ ကန့်သတ်ချက်ရှိပြီး အဲဒီအချိန်ကို ခွဲဝေဖို့က လူတွေအပေါ်မှာပဲ မူတည်တာလေ။ သူက ကောင်မလေးအကြောင်းနဲ့ သူမနဲ့တူတဲ့ ကလေးအကြောင်းကို တွေးလိုက်တဲ့အခါ အောင်မြင်မှုဆိုတာကြီးက ထူးထူးခြားခြားကြီး မဟုတ်တော့သလိုပဲ။ ဘယ်လိုအောင်မြင်မှုမျိုးမဆို အဲဒီ နွေးထွေးမှုကို ကာကွယ်ဖို့အတွက်ပဲ ဖြစ်ရမယ်လေ။

“ဒါပေမဲ့ အဲဒီနေရာမှာ ရှေ့နောက်မညီတာတစ်ခု ရှိနေပြန်တယ်၊ အောင်မြင်မှုက အရင်လာတာလား၊ လူက အရင်လာတာလားဆိုတာပေါ့၊ ငါ အောင်မြင်ခဲ့လို့သာ အဲဒီလူတွေနဲ့ ကုန်ဆုံးခဲ့ရတဲ့ အချိန်တွေရဲ့ အရည်အသွေးက မြင့်တက်လာခဲ့တာကိုတော့ ငါ မငြင်းနိုင်ဘူး၊ လူတွေက လောဘကြီးပြီး ဘယ်တော့မှ မရောင့်ရဲတတ်ကြဘူးလေ၊ ဆင်းရဲတဲ့ ယွန်းမွန်ဂျောင်ရဲ့ အချစ်နဲ့ အောင်မြင်တဲ့ ယွန်းမွန်ဂျောင်ရဲ့ အချစ်ကတော့၊ ငါ ကိုယ်တိုင် မဝန်ခံချင်ပေမဲ့လည်း ကွဲပြားခြားနားခဲ့တယ်”

မွန်ဂျောင်က အတိတ်ကို ပြန်ပြောင်းအောက်မေ့ရင်း သူ့ကုလားထိုင်ပေါ် ဖြည်းဖြည်းချင်း မှီချလိုက်ပြီး မျက်လုံးတွေကို ပိတ်လိုက်တယ်။

“ထူးထူးဆန်းဆန်းပဲ၊ မင်းကို ကြည့်လိုက်ရင် ငါက ဒီလိုစကားမျိုးပဲ ပြောချင်နေမိတယ်၊ ‘အစွမ်းကုန် ကြိုးစားပါ’၊ ‘အဆုံးအထိ တောင့်ခံပါ’၊ ‘ကြိုးစားမှုက မင်းကို သစ္စာမဖောက်ပါဘူး’ ဆိုတဲ့ မျှော်လင့်ချက်ပေးတဲ့ စကားလုံးတွေက မင်းအတွက် ဘာမှ အထောက်အကူဖြစ်မှာ မဟုတ်ဘူးလို့ ထင်လို့ပါ၊ မင်းကို ကြည့်ရတာ လူငယ်တစ်ယောက်နဲ့ မတူဘဲ ဘဝကို အလူးအလဲ ဖြတ်သန်းခဲ့ရတဲ့ လူတစ်ယောက်လိုပဲ... ဟူး”

“အဘိုး... ကျွန်တော်က တကယ်ပဲ အဲဒီလောက်အထိ ရင့်ကျက်တဲ့ပုံ ပေါက်နေလို့လား”

“မင်းရဲ့ ရုပ်ရည်ကို ပြောတာ မဟုတ်ဘူး၊ မင်းရဲ့ စိတ်က ရင့်ရော်နေတာကို ပြောတာ”

မာရူးက ခပ်ဖွဖွ ပြုံးလိုက်တယ်။

‘အဘိုး ပြောတာ ကွက်တိပါပဲ’

အဲဒီနောက် မာရူးက ဒီရုပ်ရှင်အကြောင်း သတိပေးချက်အချို့ကို ထပ်နားထောင်ပြီးတော့ ပြန်ဖို့အချိန်တန်ပြီဆိုတာ သိလိုက်တယ်။ မွန်ဂျောင်ကလည်း သူ့ကို ပြန်ဖို့ ပြောပါတယ်။

“ဒါဆို ကျွန်တော် အရင် သွားခွင့်ပြုပါဦး”

“အေးအေး”

နှုတ်ဆက်ပြီးနောက် မာရူးက တံခါးဆီကို လျှောက်သွားလိုက်တယ်။ တံခါးလက်ကိုင်ကို လှည့်လိုက်တဲ့ အခိုက်အတန့်မှာပဲ နောက်ကျောဘက်ကနေ အသံတစ်သံ ထွက်ပေါ်လာတယ်။

“မင်းကို ပြောစရာ တစ်ခု ကျန်သေးတယ်”

မာရူးက မွန်ဂျောင်ကို ကြည့်ဖို့ လှည့်လိုက်တယ်။

“ပထမဆုံး ခြေလှမ်းကို လှမ်းဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ အကြီးကြီးသာ လှမ်းလိုက်စမ်းပါ”

အဲဒီနောက်မှာတော့ မွန်ဂျောင်က အိပ်တော့မယ့်အတိုင်း မျက်လုံးတွေကို ပြန်ပိတ်လိုက်တယ်။ မာရူးက အခန်းထဲကနေ တိတ်တိတ်ဆိတ်ဆိတ် ထွက်လာပြီး တံခါးပိတ်လိုက်တာပေါ့။

အဲဒီအချိန်မှာတင်၊

“နင် ဘာလို့ ထွက်မလာသေးတာလဲလို့ တွေးနေတာ”

လှည့်ကြည့်လိုက်တော့ တံခါးဘေးမှာ ရပ်နေတဲ့ ဆူယွန်းကို တွေ့လိုက်ရတယ်။ သူမက ပုလဲရောင် ဂါဝန်အလှလေး ဝတ်ထားလို့ ကြည့်ရတာ ပိုပြီး ငယ်သွားသလိုပဲ။ အသက် နှစ်ဆယ်လယ်ပိုင်း ရောက်နေပြီဖြစ်ပေမဲ့ အထက်တန်းကျောင်းသူ ဇာတ်ကောင်နေရာကို ရခဲ့တာကလည်း ဒါကြောင့် ဖြစ်လိမ့်မယ်။

“အထဲမှာ ဘာတွေ စကားပြောခဲ့ကြလဲ”

“မိန်းမတွေကို သတိထားဖို့ အကြံဉာဏ်ပေးလိုက်တယ်လေ၊ အထူးသဖြင့် ပုလဲရောင် ဂါဝန်ဝတ်ထားတဲ့ မိန်းမတွေကိုပေါ့”

“တကယ်လား၊ အဲဒါ ဘယ်သူဖြစ်မလဲ မသိဘူးနော်”

ဆူယွန်းက ပြုံးလိုက်တယ်။

“ပြောစရာ စကားမရှိရင်၊ သွားတော့မယ်”

“သွားတော့မလို့လား”

“အင်း”

“ဘာလို့ အလျင်စလို ဖြစ်နေတာလဲ၊ ဟိုဘက်မှာ နာမည်ကြီး သရုပ်ဆောင်တွေ စုနေကြတာကို၊ နင် အဲဒီကို မသွားဘူးလား”

“အပြင်မှာ ကလေးနှစ်ယောက် စောင့်နေလို့ပါ၊ တကယ် နှမြောစရာပဲ၊ ကျွန်တော်လည်း ပါချင်တာပေါ့”

မာရူးက ခပ်ဖွဖွ ပြုံးလိုက်ပြီး လမ်းဖယ်ပေးဖို့ လုပ်လိုက်တယ်။ အဲဒီအချိန်မှာပဲ ဆူယွန်းက လက်လှမ်းပြီး သူ့လမ်းကို ပိတ်လိုက်တယ်

“အဲဒီနှစ်ယောက်ကို ပြောတာဆိုရင် ဟိုမှာ တွေ့နိုင်တယ်လေ”

ဆူယွန်း ညွှန်ပြတဲ့နေရာမှာ ယိုဂျင်နဲ့ ဂျီဆော့ ရှိနေကြတယ်။ ယိုဂျင်က ဆံပင်အတိုညှပ်ထားပြီး ခန့်ညားတဲ့အသွင်ရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ချင်းချိတ်ထားတာ ဆရာမကြီး စတိုင်ပဲ၊ ကြည့်ရတာ သူမရဲ့ အမေ ဖြစ်ပုံရတယ်။

“အဲဒီ အစ်မက သာမန်မဟုတ်ဘူးနော်၊ သူ့သမီးကို ဒီလောကထဲက လူတွေနဲ့ မိတ်ဆက်ပေးနေတာ၊ ဝါရင့်တစ်ယောက်ပီပီ စကားပြောတာလည်း တော်တော်လေး ချောမွေ့တာပဲ”

ယိုဂျင်ရဲ့ အမေက ဂန်နမ်မှာ ဆံပင်ညှပ်ဆိုင် ဖွင့်ထားတာလေ။ ထိပ်တန်းစတားတွေ လာတတ်တဲ့ ဆိုင်မျိုးပေါ့။

“ယိုဂျင်အမေက တော်တော်နာမည်ကြီးတယ်လို့ ကြားတယ်၊ နင်တို့ ကျောင်းပြဇာတ်ကပြတဲ့ အချိန်တုန်းက ဇာတ်လမ်းတွဲ သတင်းစာရှင်းလင်းပွဲ ရှိတာ၊ အဲဒီမှာလည်း သူမ ရှိနေတယ်တဲ့”

ယိုဂျင်အကြောင်း ပြောတုန်းက သူမက မာရူးကို ဒီအကြောင်း ပြောပြခဲ့ဖူးတယ်။

“အေးပါ၊ ယိုဂျင်ကိုတော့ နားလည်ပါပြီ၊ ဒါပေမဲ့ သူကကော ဘာလို့ အဲဒီမှာ ရှိနေရတာလဲ”

“သူ့ဘေးက တစ်ယောက်လား၊ ဂျီဆော့ ထင်တယ်၊ သူ့ကိုလည်း လူသိများကြတယ်လေ၊ Film ဆိုတဲ့ အကယ်ဒမီတစ်ခု ရှိတယ်မဟုတ်လား၊ နာမည်ကြီး သရုပ်ဆောင် အတော်များများ အဲဒီနဲ့ ပတ်သက်နေတာ၊ သူက အဲဒီမှာ ထင်ရှားတဲ့ သရုပ်ဆောင်တစ်ယောက်ဆိုတော့ သရုပ်ဆောင် အများကြီးက သူ့ကို ဂရုစိုက်ကြတယ်လေ၊ Yellow Star နဲ့ စာချုပ်ချုပ်ထားတာလည်း ပါတာပေါ့”

ပြန်တွေးကြည့်ရင် အဲဒီနှစ်ယောက်က သူ့ထက်စာရင် ဒီလောကမှာ အခြေခိုင်ပြီးသားပဲ။ အသက်တူတူချင်းဖြစ်ပြီး ဒါက သူတို့ရဲ့ ပထမဆုံး အနုပညာခြေလှမ်း ဖြစ်ပေမဲ့ သူတို့ ရရှိတဲ့ အကြည့်တွေရဲ့ အဆင့်အတန်းကတော့ ကွဲပြားခြားနားပုံရတယ်။ အတိအကျ ပြောရရင်တော့ ယိုဂျင်က ကလေးသရုပ်ဆောင်အဖြစ် ဇာတ်လမ်းတွဲမှာ ပါဝင်ဖူးတယ်လေ။ ဂျီဆော့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတာကလည်း သူ့ရဲ့ အရည်အချင်းကို သက်သေပြနေတာပဲ။

‘ဒီလောကထဲကို လူပေါင်း သောင်းနဲ့ချီ၊ သိန်းနဲ့ချီ ဝင်လာကြတယ်’

အဲဒီနှစ်ယောက်ကတော့ အခက်အခဲတစ်ခုကို ဖြတ်ကျော်ပြီးသားပေါ့။ မာရူးက သူ့ရဲ့ အခြေအနေကို ခဏလောက် ပြန်တွေးကြည့်တယ်။

‘မဆိုးပါဘူးလေ’

အမှန်အတိုင်းပြောရရင် သူ့မှာ အကူအညီတောင်းလို့ရမယ့် နေရာအချို့ ရှိနေတာပဲ။ တစ်ယောက်တည်း ရုန်းကန်ပြီး အောင်မြင်ဖို့တော့ သူ မတွေးပါဘူး။ အဲဒါက ထိရောက်မှု မရှိဘူးလေ။ လူသိသူသိ အဆက်အသွယ်တွေဆီကနေ အလွန်အကျွံ မဟုတ်တဲ့ အကူအညီမျိုး ရယူပြီး တက်လှမ်းရတာ ပိုလွယ်ကူတာပေါ့။ ဇာတ်လမ်းတွဲထဲက ဇာတ်လိုက်တွေလို အရာရာကို တစ်ယောက်တည်း ဖြေရှင်းရတာက သူ့စတိုင် မဟုတ်ဘူးလေ။

“ဘယ်လိုလဲ၊ လိုက်မလား”

မာရူးက သူ့လက်မောင်းကို ခိုးပြီး ချိတ်လိုက်တဲ့ ဆူယွန်းကို လှမ်းကြည့်လိုက်တယ်။ ဒီမိန်းမက ဘာရည်ရွယ်ချက်မှ မရှိဘဲနဲ့တော့ ဒီလိုစကားတွေ ပြောမယ့်လူ မဟုတ်ဘူး။ သူမမှာ အကြံတစ်ခုခု ရှိရမယ်၊ ဘာမှမသိဘဲနဲ့ အဆွဲခံရရင် မာရူးဘက်က ရှုံးမှာမို့ သူမ ဘာတွေးနေလဲဆိုတာ အကဲခတ်ရမယ်လေ။ သူမက သူ့ကို အသုံးချဖို့ ကြိုးစားနေတာ သိသာလွန်းလို့ အလွယ်တကူတော့ လိုက်သွားလို့ မဖြစ်ဘူး။

အဲဒီအချိန်မှာပဲ ခပ်လှမ်းလှမ်းက သဘာဝမဟုတ်တဲ့ သစ်ပင်တုအောက်မှာ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကို သူ မြင်လိုက်ရတယ်။ ဂွန်ဆူပဲ၊ သူက ဗလကောင်းကောင်း လူကောင်တောင့်တောင့် နှစ်ယောက်နဲ့ စကားပြောနေတာ။ မာရူးက ဆူယွန်းကို တစ်ချက်ကြည့်ပြီး ဂွန်ဆူကို လှမ်းကြည့်လိုက်တယ်။

“နင်က အဖော်လိုချင်တာလား၊ စကားပြောစရာ အကြောင်းအရာ ရှာနေတာလား”

“အကဲခတ်မြန်တဲ့ ကလေးတွေက တော်တော် ချစ်ဖို့ကောင်းတာပဲ”

“ဗီလာမှာတုန်းက အငြင်းခံလိုက်ရတယ် မဟုတ်လား၊ အခုလောက်ဆို လက်လျှော့သင့်ပြီလို့ ထင်တာပဲ”

“ယောက်ျားနဲ့ မိန်းမကြားမှာ ဘယ်အချိန်၊ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ”

ဘာဖြစ်ခဲ့လဲဆိုတာ သူ ခန့်မှန်းလို့ ရတာပေါ့။ ဆူယွန်းက ဂွန်ဆူဆီ တစ်ယောက်တည်း သွားရင် ဂွန်ဆူရဲ့ စရိုက်အရ ပြုံးပြုံးလေးနဲ့ ချက်ချင်း တခြားနေရာကို ရှောင်သွားမှာ သေချာတယ်။ အဲဒီလူကလည်း တခြားလူတွေရဲ့ အကြည့်ကို ဂရုစိုက်တဲ့လူ မဟုတ်ဘူးလေ။ မဟုတ်ရင် သူ မိုးပြာရောင်ကို ပထမဆုံး တည်ထောင်တုန်းက အရူး လို့ အမည်တွင်ပါ့မလား။

ဒါပေမဲ့ မာရူးသာ သူမနဲ့အတူ ရှိနေရင် စကား ဆက်ပြောလို့ ရလိမ့်မယ်။ ဒါက ဆူယွန်း အလိုရှိတဲ့ အခြေအနေပေါ့။

“အပေးအယူ လုပ်ရအောင်”

“ဒါပေါ့၊ မကြာခင် ရုံတင်မယ့် ရုပ်ရှင်လက်မှတ် နှစ်စောင်ဆိုရင်ကော၊ နင့်မှာ ရည်းစားရှိတယ်လို့ ကြားတယ်၊ ဟုတ်တယ်မလား”

“ရုပ်ရှင်လက်မှတ်ကတော့ ကျွန်တော့်ပိုက်ဆံနဲ့ ကျွန်တော် ဝယ်လို့ရပါတယ်”

“ငါက သာမန်လက်မှတ်လို့ ဘယ်တုန်းက ပြောလို့လဲ၊ ဒါက အထူးပွဲ လက်မှတ်လေ၊ ပြသပြီးတာနဲ့ သရုပ်ဆောင်တွေနဲ့ပါ စကားပြောခွင့် ရဦးမှာ၊ ရုပ်ရှင်ရုံအပေါ်က စားသောက်ဆိုင်အတွက် စားသောက်ခွင့် လက်မှတ်ပါ ပါတယ်ဆိုတော့ မဆိုးတဲ့ အပေးအယူလို့ ထင်တာပဲ”

“အမျိုးအစားက ဘာလဲ”

“သရဲကား”

“အချစ်ကားဆိုရင်တော့ ကျော်သွားမလို့ပဲ၊ သရဲကားဆိုတော့ အပေးအယူကို လက်ခံလိုက်မယ်”

“နင်က အကွက်မြင်သားပဲ”

အတိအကျပြောရရင် သူမက သရဲကားတွေကို လုံးဝ မုန်းတီးပါလျက်နဲ့ကို ရှာဖွေပြီး ကြည့်တတ်တဲ့ လူစားမျိုးလေ။ သူမ သဘောကျမှာ သေချာတယ်။ သူမနဲ့ ခဏလောက် အဖော်လုပ်ပေးရုံနဲ့ စားသောက်ခွင့် လက်မှတ်ပါ ရမယ်ဆိုရင်တော့ တွက်ခြေကိုက်တာပေါ့။

“ကျွန်တော်က စကားစုံပေးရုံပဲ လုပ်မှာနော်၊ ကျန်တာတော့ အစ်မဘာသာနင် ဆက်လုပ်”

“အိုကေ”

ဆူယွန်းက မာရူးရဲ့ လက်မောင်းကို ချိတ်လိုက်တယ်။ မာရူးက ပခုံးတွန့်ပြပြီး ဂွန်ဆူ ရှိတဲ့နေရာဆီကို လျှောက်သွားလိုက်တာပေါ့။

* * * * * * * * *

“သူ အခု ဘာလုပ်နေတာလဲ”

ယိုဂျင်က မင်းသမီး ကင်ဆိုယွန်းနဲ့ လက်ချင်းချိတ်ပြီး လျှောက်လာတဲ့ မာရူးကို လှမ်းကြည့်လိုက်တယ်။ လူကြီးတစ်ယောက်နဲ့ တွေ့ဖို့ရှိတယ်လို့ ပြောခဲ့ပြီးတော့ အခု သူမနဲ့ ဘာလုပ်နေတာလဲ။

‘သူမက လူကြီးလား’

ယိုဂျင်က ခေါင်းစောင်းပြီး သူ့ဘက်ကို ကြည့်လိုက်တယ်။ သူမ မြင်ရသလောက်တော့ အဲဒီနှစ်ယောက်က ရင်းနှီးတဲ့ပုံ မပေါက်ဘူး။ မဟုတ်ဘူး၊ နည်းနည်း ထူးဆန်းနေတယ်။ မာရူးက တည်ငြိမ်တဲ့ မျက်နှာထားရှိပြီး ဆူယွန်းကတော့ တောက်ပစွာ ပြုံးနေတာပေါ့။

“ဘာဖြစ်လို့လဲ”

“အော်... အမေ၊ ဘာမှမဟုတ်ပါဘူး”

“ဘာမှမဟုတ်တာ မဟုတ်ပါဘူး”

သူမရဲ့ အမေက မာရူးရှိတဲ့ဘက်ကို လှမ်းကြည့်တယ်။

“ဒါ ဆူယွန်း မဟုတ်လား”

“အမေက ကင်ဆူယွန်းကိုလည်း သိတာလား”

“သိတာပေါ့၊ ငါ အကြိမ်အနည်းငယ် တွေ့ဖူးတယ်၊ ညည်းကလည်း သူ့ကို အစ်မဆူယွန်းလို့ ခေါ်လေ၊ လူတိုင်းနဲ့ ရင်းနှီးအောင် နေရတယ်”

“လူတိုင်းနဲ့ ဘယ်လိုလုပ် ရင်းနှီးနိုင်မှာလဲ”

“အမလေး... ညည်းက ငယ်သေးတော့ တကယ်ကို အကွက်မမြင်တာပဲ၊ အဲဒါထက် သူ့ဘေးက လူက ဘယ်သူလဲ”

“သူက ဟန်မာရူးလေ၊ ကျွန်မသူငယ်ချင်း”

“အော်... တကယ်လား”

မာရူးနဲ့ ဆူယွန်း ရောက်သွားတဲ့နေရာမှာ ချောမောပြီး စနောက်တတ်တဲ့ အသွင်ရှိတဲ့ အမျိုးသားတစ်ယောက် ရှိနေတယ်။ အဲဒီသုံးယောက် ဆုံမိတဲ့အခါ တောင့်တောင့်ဖြောင့်ဖြောင့် လူကြီးတွေကတော့ နှုတ်ဆက်ပြီး ထွက်သွားကြတာပေါ့။

“အော်... ဒါ ဟောင်ဂွန်ဆူ ပဲ”

“အမေက သူ့ကိုလည်း သိတာလား”

“လူချင်းတော့ မသိပါဘူး၊ သူ့အကြောင်း ကြားဖူးတာတွေ ရှိလို့ပါ၊ ဒါပေမဲ့ သူ့ကို စောင့်ကြည့်ထား၊ နောင်ခါမှာ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ကောလာဟလတွေ ရှိတယ်၊ သူက ဒါရိုက်တာ၊ မဟုတ်ဘူး၊ အော်… ဥက္ကဌ ယူချောမင်းနဲ့ရော ဥက္ကဌ လီဂျွန်မင်းနဲ့ပါ ရင်းနှီးတာလေ၊ အဲဒါထက် ညည်းရဲ့ သူငယ်ချင်းက လူသိတော်တော်များတာပဲ”

“ကျွန်မလည်း သေချာတော့ မသိဘူး”

“သူနဲ့ ရင်းရင်းနှီးနှီး နေပါ၊ လူတွေကြားက ကိစ္စဆိုတာ ဆန်းကြယ်တယ်လေ၊ ကြည့်ရတာ နည်းနည်း တင်းမာတဲ့ပုံ ပေါက်ပေမဲ့ အဆင်ပြေပုံရပါတယ်”

“အမေကလည်း... သူက ရည်းစားရှိပြီးသား”

“ရှိတော့ ဘာဖြစ်လဲ၊ ငါက သူငယ်ချင်းအဖြစ် ရင်းရင်းနှီးနှီး နေခိုင်းတာကို”

“အမေကတော့ လုပ်ပြီ”

ယိုဂျင်က ခေါင်းခါပြီး အဲဒီသုံးယောက်ကို ပြန်ကြည့်လိုက်တယ်။ သုံးယောက်စလုံးက ခေါင်းဆောင်မင်းသား မင်းသမီးတွေ မဟုတ်ကြပေမဲ့ နာမည်ကြီး သရုပ်ဆောင်တွေ ရပ်နေတဲ့နေရာထက်တောင် ပိုပြီး တောက်ပနေသလိုပဲ။ သူမရဲ့ အမေ ပြောသလိုပဲ သူတို့အားလုံး နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်လာကြမှာမို့လို့လားတော့ မသိဘူးပေါ့။

“ယိုဂျင်... ရုပ်ရှင်ဒါရိုက်တာ လာနေပြီ၊ သွားပြီး နှုတ်ဆက်လိုက်ဦး”

“ထပ်ပြီးတော့လား”

“အခွင့်အရေးရတုန်း လူတွေကို အမြဲ နှုတ်ဆက်ရတယ်၊ အမေ့ကို ယုံစမ်းပါ၊ ငါ ညည်းအတွက် မကောင်းတာ ဘယ်တုန်းက လုပ်ဖူးလို့လဲ”

ယိုဂျင်က သက်ပြင်းချလိုက်ပေမဲ့ သူမနောက်ကိုပဲ လိုက်သွားခဲ့တယ်။ သူမ ပြောသလိုပဲ သူမက သမီးအတွက် မကောင်းတာ ဘယ်တော့မှ မလုပ်ခဲ့ဖူးဘူးလေ။

* * * * * * * * *

All Chapters