← Chapters

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း(၂၃၈)

“ဟိုမှာတုန်းက သိတဲ့သူတွေ တော်တော်များသားပဲ”

မီးရောင်ဝါကျင်ကျင် လမ်းဓာတ်တိုင်တွေအောက်မှာ ယိုဂျင်က စကားစလိုက်တယ်။

“ငါ့ကိုပြောတာလား”

မာရူးက သူမဘေးနားကနေ ယှဉ်လျှောက်ရင်း ပြန်မေးလိုက်မိတယ်။

“ဒီမှာ တခြားသူ ရှိသေးလို့လား”

“သူ့ကိုလား”

ယိုဂျင်ရဲ့ ညာဘက်ဘေးမှာရှိတဲ့ ဂျီဆော့ ဆီကို မာရူးက လက်ညှိုးထိုးပြလိုက်တော့ ယိုဂျင်က မဟုတ်ဘူးဆိုတဲ့ပုံစံနဲ့ ခေါင်းခါပြတယ်။

“နင့်ကိုပြောနေတာ”

“တိုက်တိုက်ဆိုင်ဆိုင် သိခဲ့ရုံတင်ပါ”

“အဲဒီလိုတင်ဆိုရအောင်တော့ တော်တော်လေး ရင်းနှီးနေတဲ့ပုံပဲနော်”

“နင်က အဲဒီလိုထင်ရင်လည်း ဟုတ်မှာပေါ့လေ”

သူတို့တစ်တွေ လူစုခွဲပြီး အိမ်ပြန်မယ့်လမ်းကို ရောက်နေကြပြီ။ မာရူးက အဲဒီနှစ်ယောက်တည်းကိုပဲ သီးသန့်ထားခဲ့ပြီး အသာလေး အိမ်ပြန်ဖို့ ကြိုးစားခဲ့ပေမဲ့ ဂျီဆော့ က သရဲတစ်ကောင်လို နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာခဲ့သလို ယိုဂျင်ကိုလည်း အတင်းဆွဲခေါ်လာခဲ့တာ။ ‘ဒီလောက် စောစောကြီး လမ်းခွဲရမှာ နှမြောစရာကြီး’ ဆိုတာက ဂျီဆော့ ပေးတဲ့ အကြောင်းပြချက်ပေါ့။

“ကာရာအိုကေ သွားရအောင်လေ။ ဒါမှမဟုတ် ဂိမ်းဆိုင် သွားမလား”

“အခု ၈ နာရီ ရှိပြီလေ။ နင် အိမ်မပြန်ဘူးလား”

“အချိန်ရှိပါသေးတယ်ဟာ။ အိမ်မပြန်ခင် နည်းနည်းလောက် ပျော်လိုက်ရအောင်လေ”

ဝိုင်းစကတည်းက ဂျီဆော့ တစ်ယောက် တော်တော်လေး စိတ်လှုပ်ရှား တက်ကြွနေခဲ့တာ။ မဟုတ်သေးပါဘူး၊ မာရူးနဲ့ စတွေ့ကတည်းက သူက အဲဒီလို အခြေအနေမျိုး ဖြစ်နေခဲ့တာပါ။ ဂျီဆော့ ငြိမ်ငြိမ်ဆိတ်ဆိတ် နေတာကို မာရူး တစ်ခါမှ မမြင်ဖူးသေးဘူး။ ဂျီဆော့ က စက္ကန့်တိုင်းက သူ့အတွက် အရေးကြီးနေသလိုမျိုး အသစ်အဆန်းတွေကိုပဲ လိုက်ရှာနေတတ်တယ်။

“နင်ကော ဘာလုပ်မလဲ” မာရူးက ယိုဂျင်ရဲ့ သဘောထားကို လှမ်းမေးလိုက်တယ်။

“ငါ့အိမ်က ဒီနားတင်ဆိုတော့ ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်”

“ငါ့အိမ်ကလည်း မဝေးပါဘူး”

နှစ်ယောက်စလုံးက ဆိုးလ်မှာ နေကြတဲ့ပုံပဲ။ ဆူဝမ်မှာ နေတဲ့ မာရူးအတွက်တော့ ရုတ်တရက် မတရားသလို ခံစားလိုက်ရတယ်။ အိမ်ပြန်ပြီး ကုတင်ပေါ်မှာ လှဲပစ်လိုက်ချင်တဲ့ စိတ်ကလေးက နှလုံးသားထဲမှာ တရွေ့ရွေ့ ပေါ်လာတဲ့အချိန်မှာပဲ ဂျီဆော့ က ပျော်ပျော်ပါးပါး အော်ပြောလိုက်ပြန်တယ်။

“ဟိုမှာ ဂိမ်းဆိုင်တစ်ဆိုင် တွေ့ပြီ”

ဂျီဆော့ က ယိုဂျင်ရဲ့ လက်မောင်းကိုဆွဲပြီး အရှေ့ကို လျှောက်သွားတော့တယ်။ ယိုဂျင်ကတော့ အတင်းဆွဲခေါ်ခံရရင်း သက်ပြင်းချရှာတယ်။ ရုန်းကန်လည်း အလကားပဲဆိုတာ သူ သိသွားတဲ့ပုံပဲ။ ‘နင် တစ်ယောက်တည်း ထွက်ပြေးရင် သေပြီသာမှတ်’ ဆိုတဲ့ စကားလုံးတွေက မာရူးကို စိုက်ကြည့်နေတဲ့ ယိုဂျင်ရဲ့ မျက်လုံးတွေထဲမှာ အထိုင်းသား ပေါ်နေခဲ့တယ်။

‘ငယ်သေးတာကိုး’

နောက်ဆုံး ရထားအချိန်မီဖို့လည်း လိုသေးတာမို့ သူလည်းပဲ အတူတူ လိုက်ကစားဖို့ ဆုံးဖြတ်လိုက်တယ်။ အချိန်ခဏလေးပဲ ဖြစ်ဖြစ်၊ အခုတော့ သူတို့က ရုပ်ရှင်တစ်ကားထဲမှာ အတူတူ သရုပ်ဆောင်ရမယ့် လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်နေကြပြီလေ။ ဒီလောက်ကြီးအထိ ရက်စက်ပြနေဖို့ မလိုပါဘူး။

ဂိမ်းဆိုင်ထဲ ရောက်တာနဲ့ ဂျီဆော့ က ပိုက်ဆံတွေကို အကြွေစေ့တွေအဖြစ် ချက်ချင်း လဲလိုက်တယ်။ ယိုဂျင်ကတော့ ရုပ်သေးရုပ်လေးတစ်ရုပ်လို ဂျီဆော့ ရဲ့ ဆွဲခေါ်ရာပါသွားပြီး သေနတ်ပစ်ဂိမ်း ကစားနေရတော့တာပေါ့။

‘ကြာခဲ့ပြီပဲ’ မာရူးက ဆူညံနေတဲ့ ဂိမ်းဆိုင်ထဲမှာ ခဏလောက် လျှောက်ကြည့်နေပြီးမှ အရုပ်ကောက်စက် အရှေ့မှာ ရပ်လိုက်တယ်။ အသက်အရွယ်ကြောင့်ပဲလားမသိ၊ သူက အများကြီး လှုပ်ရှားရတဲ့ ဂိမ်းတွေထက် ဆုလာဘ်တစ်ခုခုရမယ့် ဂိမ်းမျိုးကို ပိုသဘောကျတယ်။ စက်တွေကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးတဲ့နောက် အကြွေစေ့တစ်စောင် ထည့်လိုက်တယ်။ ကရိန်းလက်တံကို ဟိုဟိုဒီဒီ ရွှေ့နေပြီးမှ ကြောင်ရုပ်ကလေးဆီ ဦးတည်လိုက်တယ်။

‘ရပါ့မလား’

ကားဂိတ်အရှေ့မှာ ဂိမ်းဆိုင်ရှိခဲ့တုန်းက ဒီလိုစက်မျိုးတွေကို တော်တော်လေး ကစားခဲ့ဖူးတာကို သူ သတိရသွားတယ်။ သူ့ခန္ဓာကိုယ်ကသာ အဲဒီအကွက်တွေကို မှတ်မိနေသေးရင် အခုလည်း အဆင်ပြေရမှာပဲ။ ကရိန်းလက်တံ ငြိမ်သွားအောင် ဂျွတ်စတစ်ကို နှစ်ချက်၊ သုံးချက်လောက် ပုတ်လိုက်ပြီးမှ ကြောင်ရဲ့ ခေါင်းဆီကို ကောက်တံကို နှိမ့်ချလိုက်တယ်။ ကောက်တံက အောက်ကို ဆင်းသွားရင်း ချိန်သီးတစ်ခုလို ဟိုဘက်ဒီဘက် ယိမ်းထိုးသွားပြီး ကြောင်ရုပ်ရဲ့ လည်ပင်းကို တည့်တည့်မတ်မတ် ညှပ်မိသွားခဲ့တယ်။

“အိုဟို”

ကြောင်ရုပ်ကလေးက လေထဲကို တရွေ့ရွေ့ မြင့်တက်လာတယ်။ ဂိမ်းဆိုင်ပိုင်ရှင်က စက်ရဲ့ ညှပ်အားကို တော်တော်လေး လျှော့ထားတဲ့ပုံစံမျိုးမို့ တော်တော်လေးတော့ တုန်တုန်ချိချိ ဖြစ်နေပေမဲ့ အရုပ်က အောက်ကို ပြန်ပြုတ်မကျသွားဘူး။ ထွက်ပေါက်ဆီကို ဖြည်းဖြည်းချင်း ရွေ့သွားပြီး အောက်ကို ‘ဖုန်း’ခနဲ ပြုတ်ကျသွားတော့တယ်။

“...မဆိုးပါဘူး၊ ဒီခံစားချက်က”

မာရူးက ထွက်ပေါက်ထဲက အရုပ်ကို ငုံ့တောင်မကြည့်ဘဲ အကြွေစေ့တွေ ထပ်ထည့်လိုက်ပြန်တယ်။ ကောက်တံက အရုပ်ကို ဖမ်းဆွဲလိုက်တဲ့ အဲဒီခံစားချက်က သေးသေးမွှားမွှားတော့ မဟုတ်ဘူး။ မိုးလုံလေလုံ ငါးမျှားကန်မှာ တောင်မှ ငါးတစ်ကောင် မိသွားရင် စိတ်ထဲမှာ ပျော်သွားရတာပဲလေ။ ဒီအရုပ်ကောက်စက်ကလည်း အတူတူပါပဲ။ မာရူးက အခရီလစ် နံရံကို ကျော်ပြီး စိုက်ကြည့်ရင်း ဂျွတ်စတစ်ကို ကိုင်ထားလိုက်တယ်။

* * * * * * * * *

“ဖူး... နင် တကယ် တော်တာပဲ”

“ဂိမ်း တစ်ပွဲတည်းနဲ့တင် ဘာလို့ ဒီလောက်တောင် အမောဆို့နေရတာလဲ။ ပြီးတော့ နင် ဘာလို့ ဒီလောက်တောင် ညံ့နေရတာလဲ”

“ဟားဟား၊ ငါက ဒီလိုအရာတွေနဲ့ အဆင်မပြေဘူးလေ”

ယိုဂျင်က မျက်နှာမှာ အပြုံးတွေ ဝေဆာနေတဲ့ ဂျီဆော့ ကို ကြည့်လိုက်မိတယ်။ ပထမလူမြင်ကွင်း သေနတ်ပစ်ဂိမ်းမှာ အဲဒီလောက်အထိ တော်နေခဲ့လို့ ဂျီဆော့ ကို ဂိမ်းဆိုင်က ဂိမ်းတွေမှာ ဆရာကြီးတစ်ယောက်များလားလို့ ထင်နေခဲ့တာ၊ ဒါပေမဲ့ အများကြီး လှုပ်ရှားရတဲ့ ဂိမ်းတွေကျတော့ နားမလည်နိုင်လောက်အောင် ညံ့ဖျင်းလွန်းနေပြန်ရော။ အထူးသဖြင့် ပန့်ပ် ဂိမ်းပေါ့။ သူက နည်းနည်းလေး မြန်တဲ့ သီချင်းတစ်ပုဒ်ကို ရွေးလိုက်တာနဲ့တင် စက္ကန့်ပိုင်းအတွင်းမှာပဲ ဂျီဆော့ ရဲ့ အသက်ရှူသံတွေက ပြတ်တောင်းပြတ်တောင်း ဖြစ်လာခဲ့တာ။

“နင် ကိုယ့်ကိုယ်ကိုယ် နည်းနည်းလောက် ပိုပြီး လေ့ကျင့်ထားသင့်တယ်။ သရုပ်ဆောင်တစ်ယောက်က ခံနိုင်ရည်လည်း လိုတယ်လေ။ အထူးသဖြင့် ငါတို့လို သရုပ်ဆောင်အသစ်တွေပေါ့”

“ဟုတ်သားပဲ၊ ဖူး”

ဂျီဆော့ က အသက်ကို ပြင်းပြင်းရှူရင်း ကိုယ်ကို မတ်လိုက်တယ်။ အဆင်ပြေသွားတဲ့ ပုံပါပဲ။

“နင် ကစားလို့ ပြီးပြီလား”

“အင်း၊ ပြီးပြီ”

“ဒါဆို သွားရအောင်။ နင် ကာရာအိုကေသွားချင်တယ် ဆို”

“ဝါး... နင်က ဂရုစိုက်တတ်သားပဲ”

“ဒီနေ့မှ နင့်ကို ပထမဆုံးအကြိမ် တွေ့ဖူးတာဆိုပေမဲ့ နင်က အလျော့ပေးမယ့် လူစားမျိုး မဟုတ်ဘူးဆိုတာ သိသွားလို့ပါ။ ငါ မသွားဘူးလို့ ပြောရင်တောင် နင်က အတင်းဆွဲခေါ်သွားဦးမှာပဲမလား”

ယိုဂျင်က ဂျီဆော့ ရဲ့ ရင်ဘတ်ကို လက်သီးနဲ့ တစ်ချက် ထိုးလိုက်ပြီးမှ လှည့်ထွက်ခဲ့တယ်။ ဒီကောင်က ခန့်မှန်းရ ခက်တယ်ဆိုပေမဲ့ စိတ်ရင်းမကောင်းတဲ့ လူစားမျိုးတော့ မဟုတ်ပါဘူး။ တကယ်လို့သာ သူမ ကြည့်မရဘူးဆိုရင် အစကတည်းက အခုလို အဆွဲခံပြီး လိုက်လာမှာ မဟုတ်ဘူးလေ။ သူကလည်း သူမလိုပဲ သရုပ်ဆောင်ဖြစ်ချင်တဲ့ ရွယ်တူချင်းတစ်ယောက်မို့ အားပေးချင်စိတ် ပေါ်မိတာ။ ဒါ့အပြင် သူမနဲ့ ခဏလေး အတူတူ ကစားရတာကိုတောင် ဂျီဆော့ ဒီလောက်အထိ ပျော်နေတာ မြင်ရတော့ စိတ်ထဲမှာ သိပ်ပြီး အဖတ်မတင်သလိုမျိုးလည်း မခံစားရတော့ပါဘူး။ ဂိမ်းဆိုင်ကို မရောက်တာ ကြာပြီဖြစ်တဲ့အတွက် အခုလို လာရတာလည်း ကောင်းတာပေါ့။

“ဒါနဲ့ ဟန်မာရူး ဘယ်ရောက်သွားတာလဲ။ သူက တစ်ယောက်တည်းလည်း တော်တော် ပျော်အောင် ကစားနိုင်တာပဲနော်”

ယိုဂျင်က မာရူးကို ရှာဖို့ ဘေးဘီဝဲယာကို ဝေ့ကြည့်လိုက်တယ်။ သူမဘေးက ဂျီဆော့ ကတော့ သူမရဲ့ အင်္ကျီစကို ဆွဲနေခဲ့တယ်။

“ဘာလဲ”

“ဟိုမှာလေ။ ဟိုမှာ မာရူး မဟုတ်လား”

ဂျီဆော့ လက်ညှိုးထိုးပြတဲ့နေရာမှာ လူတွေ အုပ်စုလိုက်ကြီး ဝိုင်းအုံနေကြတယ်။ အဲဒီလူတွေကြားထဲမှာ မာရူးရဲ့ မျက်နှာကို လှမ်းမြင်လိုက်ရတယ်။ တော်တော်လေးကို အာရုံစိုက်နေတဲ့ ပုံပဲ။

“သူ ဘာလုပ်နေတာလဲ”

ယိုဂျင်က အဲဒီနေရာဆီ လျှောက်သွားလိုက်တယ်။ ဂိမ်းဆိုင်ထဲမှာရှိတဲ့ လူတွေအကုန်လုံး ဒီနေရာမှာပဲ စုပြုံနေကြသလိုမျိုးမို့ အနားကို ကပ်ဖို့တောင် မလွယ်ဘူး။ လူအကာအကွယ်တံတိုင်း ဆိုတာကို ကြားပဲ ကြားဖူးတာ၊ ကိုယ်တိုင် မျက်မြင်တွေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။

“ဒီက လူတွေ... နည်းနည်းလောက် ဖယ်ပေးပါဦး”

သူမက လူအုပ်ကြားထဲ တိုးဝှေ့ဝင်ဖို့ ကြိုးစားပေမဲ့ ဒီလောက် လူအများကြီးကြားထဲမှာ လှုပ်ရှားရတာ မလွယ်ကူလှပါဘူး။ အဲဒီအချိန်မှာပဲ ဂျီဆော့ က ရှေ့ကို တက်လာတယ်။ ယုံကြည်မှုအပြည့်ရှိတဲ့ မျက်နှာပေးနဲ့ ‘ငါ သွားမယ်’ လို့ ပြောပြီး သူမရဲ့ လမ်းကို ပိတ်ရပ်လိုက်တယ်။ အဲဒါကို မြင်ပေမဲ့ ယိုဂျင်ကတော့ အနည်းငယ်မျှတောင် မျှော်လင့်ချက် မထားခဲ့ပါဘူး။ သူမ ထင်ထားခဲ့တဲ့အတိုင်းပါပဲ၊ ဂျီဆော့ က သူ့ရဲ့ အားအင်တွေအကုန် သုံးခဲ့ပေမဲ့ အရှေ့က လူထွားကြီး နှစ်ယောက်ကိုတောင် ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ဘူး။

“ဒီလူတွေ ဘာလို့ ဒီမှာ လာစုနေကြတာလဲမသိဘူး” ယိုဂျင်က မြည်တွန်တောက်တီးရင်း အနားက စက်တစ်ခုက ခုံကို ယူလာပြီး အပေါ်မှာ တက်ရပ်လိုက်တယ်။ ဂျီဆော့ က ဘေးကနေ လှမ်းထိန်းပေးထားလို့ မာရူး ရှိနေတဲ့နေရာကို သူမ အဆင်ပြေပြေ မြင်လိုက်ရတော့တယ်။

‘အရုပ်ကောက်စက်လား’

မာရူးက အရုပ်ကောက်စက်ပေါ်မှာပဲ အာရုံအပြည့် ရောက်နေတာ။ ငွေရောင် ကရိန်းလက်တံ လှုပ်ရှားလိုက်တိုင်း လူတွေက ‘ဟေး’ခနဲ အော်ကြတယ်။ ကရိန်းလက်တံရဲ့ လှုပ်ရှားမှုနောက်ကို လူတွေအများကြီးက ခေါင်းလေးတွေ လိုက်လှည့်ပြီး ကြည့်နေကြတာ တကယ့်ကို အံ့ဩစရာ မြင်ကွင်းပါပဲ။ ဖြည်းဖြည်းချင်း လှုပ်ရှားနေတဲ့ ကရိန်းလက်တံက အောက်ကို နိမ့်ဆင်းသွားပြီး အရုပ်တစ်ရုပ်ကို ဆွဲမလိုက်တယ်။ ပြီးတော့ ထွက်ပေါက်ဆီကို ရွေ့သွားပြန်တယ်။ အရုပ်က ထွက်ပေါက်တွင်းထဲကို ‘ဖုန်း’ခနဲ ကျသွားတဲ့အချိန်မှာတော့ တစ်ခေါက် ထပ်ပြီး အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့တယ်။ လူတစ်ယောက်ဆိုရင် လက်ခေါက်တောင် မှုတ်ပေးလိုက်သေးတာ။

မာရူးက စက်ထဲကနေ အရုပ်ကို ထုတ်လိုက်ပြီး ဘေးတစ်ဖက်မှာ စုပုံထားလိုက်တယ်။ အဲဒီ အရုပ်ပုံကြီးထဲမှာ အနည်းဆုံး အရုပ် ဆယ်ရုပ်လောက် ရှိနေပြီ။ ယိုဂျင်က ချက်ချင်းပဲ အဲဒီနေရာကို သွားပြီး အရုပ်တစ်ရုပ်ကို ကောက်ကိုင်လိုက်တယ်။

“ဒါတွေအကုန်လုံး နင်ပဲ ကောက်ထားတာလား”

“အင်း”

“ဝါး... ဒါတွေ ကောက်ရတာ တော်တော် ခက်တယ်လို့ ကြားဖူးတာ”

“စက်ရဲ့ အထိုင်က ကောင်းလို့ပါ။ အော်... နင် ကြိုက်တာရှိရင် တစ်ရုပ် ယူလေ”

“တကယ်လား။ ယူလို့ရတယ်ပေါ့”

ယိုဂျင်က ပန်းရောင် ချက်ပြုတ်အင်္ကျီ ဝတ်ထားတဲ့ ကြောင်ရုပ်ကလေးကို ကောက်ကိုင်လိုက်တယ်။

“အဲဒါတော့ မဟုတ်ဘူး”

မာရူးက ခေါင်းခါပြတယ်။

“ဘာလို့လဲ”

“အဲဒါက ငါ့ရည်းစားအတွက်မို့လို့”

“...တောက်”

သူမက ကြောင်ရုပ်ကို လက်လျှော့လိုက်ပြီး လင်းပိုင်ရုပ်ကိုပဲ ကောက်ယူလိုက်တော့တယ်။ မာရူးက ဂျီဆော့ ကိုလည်း လိုချင်လားလို့ လှမ်းမေးပေမဲ့ သူကတော့ မလိုဘူးလို့ ငြင်းလိုက်တယ်။

“ဒီအပုံကြီးကို အကုန် ယူသွားမလို့လား”

ဒါတွေအကုန်လုံးကို သယ်ပြီး ဘတ်စ်ကားပေါ် တက်ဖို့ဆိုတာ မဖြစ်နိုင်တာ အမှန်ပဲ။ မာရူးကလည်း အဲဒါကို ကြိုသိနေတဲ့ပုံစံနဲ့ အကုန်လုံးကို ယူသွားဖို့ စိတ်ကူးမရှိဘူးလို့ ပြောတယ်။

“ဒါဆို ဘာလုပ်မလို့လဲ”

“ရောင်းမလို့”

“ရောင်းမလို့ ဟုတ်လား”

မာရူးက ဒီမှာ အလုပ်လုပ်တဲ့ ပုံစံမျိုးရှိတဲ့ လူတစ်ယောက်ဆီကို လျှောက်သွားပြီး စကားအနည်းငယ် ပြောလိုက်တယ်။ ခဏအကြာမှာတော့ အသက်လတ်ပိုင်း လူကြီးတစ်ယောက် ထွက်လာပြီး မာရူးကို ဝမ်တစ်သောင်းတန် အကြွေစက္ကူ နှစ်ရွက် ပေးလိုက်ပြီး မာရူးကလည်း စောစောက ပြောထားတဲ့ အရုပ်နှစ်ရုပ်ကလွဲလို့ ကျန်တဲ့ အရုပ်တွေကို ပြန်ပေးလိုက်တယ်။

“အဲဒီလူက ဒါတွေအကုန် ပြန်ဝယ်သွားတာလား”

“ဒါတွေက အလကားရတာလို့ ထင်နေလို့လား။ တစ်ရုပ်ကို အနည်းဆုံး ဝမ်အနည်းငယ်လောက် ရှိတာဆိုတော့ တစ်ရုပ်ကို ဝမ်နှစ်ထောင်ဆိုတာ တော်တော်လေး တန်တာပေါ့။ ဒါကြောင့် ဆိုင်ရှင်ကလည်း ပြန်ယူသွားတာလေ”

“နင်ကတော့... ဂိမ်းဆိုင်မှာပဲ နေတာလား”

“ငါ့မှာ ဒီလို လျှောက်ကစားနေဖို့ အချိန် ဘယ်မှာ ရှိမှာလဲ။ နေ့တိုင်း လေ့ကျင့်နေရတာကို”

“ဒါဆို ဘာလို့ ဒီလောက်တောင် တော်နေရတာလဲ။ ငါလည်း စမ်းကြည့်ရမလား”

အဲဒီစကားကို ကြားတော့ မာရူးက “နင် နောက်တစ်ခါလူပြန်ဖြစ်လာမှပဲ စမ်းကြည့်လိုက်ပါတော့” လို့ စနောက်ပြီး ပြန်ဖြေလိုက်တယ်။

“ကဲ... ဒါဆို ငါတို့ ကာရာအိုကေ သွားကြမယ်မလား”

ဂျီဆော့ က ကြားဖြတ်ဝင်လာပြီး သူတို့နှစ်ယောက်စလုံးရဲ့ လက်မောင်းကို အတင်းဆွဲခေါ်သွားပြန်တယ်။ ယိုဂျင်လည်း သူ့ရဲ့ အဆုံးမရှိတဲ့ ပျော်ချင်စွမ်းကို စိတ်ထဲကနေ တိတ်တဆိတ် ချီးကျူးရင်း နောက်ကနေ လိုက်သွားလိုက်တယ်။

“ခံနိုင်ရည် မရှိတဲ့ ကလေးက လှုပ်လှုပ်ရှားရှား လုပ်ဖို့ကျတော့ တော်သားပဲ”

သူမက မြည်တွန်တောက်တီးလိုက်တော့ ဂျီဆော့ က သူမကို ကြည့်ပြီး ဖြဲစပ်စပ် လုပ်ပြတယ်။ အခြေအနေက ဒီလို ဖြစ်လာမှတော့ ယိုဂျင်လည်း အပီအပြင် ပျော်ပစ်လိုက်တော့မယ်လို့ ဆုံးဖြတ်ချက်ချပြီး ဂျီဆော့ ရဲ့ နောက်ကနေ လိုက်သွားလိုက်ပါတော့တယ်။

* * * * * * * * *

“ပါတီပွဲက ပျင်းစရာကောင်းပေမဲ့ ပါတီအပြီး နောက်ဆက်တွဲကတော့ အလန်းဆုံးပဲ”

ကာရာအိုကေကနေ ထွက်လာတဲ့အချိန်မှာ ဂျီဆော့ ဆီက ထွက်လာတဲ့ စကားတွေပေါ့။ မာရူးက ယိုဂျင်ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ သူမက နှာခေါင်းရှုံ့ပြီး ဂျီဆော့ ကို မျက်စောင်းထိုးနေပေမဲ့ အဆုံးအထိ အတူတူ လည်ပတ်ခဲ့တာကို ကြည့်ရင် ဂျီဆော့ ကို အဲဒီလောက်ကြီးအထိ မုန်းနေတဲ့ ပုံစံတော့ မဟုတ်ပါဘူး။

“ငါတို့ နောက်လည်း အတူတူ လည်ကြရအောင်လေ။ မဟုတ်သေးပါဘူး၊ ခဏလေး။ တခြားလူတွေကိုလည်း ထပ်ဖိတ်ရအောင်။ နွေရာသီလည်း ရောက်တော့မှာဆိုတော့ ပင်လယ်ကို အတူတူ သွားကြမလား”

“အိပ်မက်ကလည်း တော်တော် ကြီးတာပဲ။ နင် ခေါ်ရင်တော့ ငါ ဘယ်တော့မှ မလိုက်ဘူး”

“ဘာလို့လဲ။ ငါတို့က အခုဆို အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်သွားပြီဥစ္စာ”

“ဘယ်သူက နင့်အချစ်ဆုံးသူငယ်ချင်းလဲ၊ ဟမ်”

ဂျီဆော့ က လက်ပိုက်ပြီး ဘတ်စ်ကားဂိတ်ဆီ လျှောက်သွားနေတဲ့ ယိုဂျင်ရဲ့ အနားကို ကပ်သွားပြီး ဖုန်းနံပါတ် တောင်းလိုက်တယ်။ သူ့ဖုန်းထဲမှာ မှတ်လိုက်တဲ့ နံပါတ်ကို ကြည့်ပြီး ဂျီဆော့ ရဲ့ မျက်နှာက ကမ္ဘာကြီးတစ်ခုလုံးကို သိမ်းပိုက်လိုက်ရသလိုမျိုး ဖြစ်နေခဲ့တာ။

“မင်း သူ့ကို သဘောကျလို့လား”

“သဘောကျတာပေါ့” ဂျီဆော့ က ဘာမှမဆိုင်းမတွဘဲ ပြန်ဖြေတယ်။ မာရူးက မျက်မှောင်ကုတ်ပြီး သူ့ကို စိုက်ကြည့်လိုက်မိတယ်။

“ပြီးတော့ ငါ မင်းကိုလည်း သဘောကျတယ်။ မင်းကော ငါ့ကို မသဘောကျဘူးလား”

“...ငါ ဘာလို့ အားအားယားယား မေးမိပါလိမ့်”

မာရူးက သူ့လက်တွေကို အင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်ပြီး ယိုဂျင် သွားတဲ့ဘက်နဲ့ ဆန့်ကျင်ဘက်မှာရှိတဲ့ ဘတ်စ်ကားဂိတ်ဆီကို လျှောက်လာခဲ့တယ်။ ဂျီဆော့ ကလည်း နောက်ကနေ ခိုးကြောင်ခိုးဝှက်နဲ့ လိုက်လာပြန်ရော။

“ဒီနေ့ ပျော်ဖို့ကောင်းတယ်မလား”

“အရုပ်ကောက်စက် ကစားရတာတစ်ခုပဲ ပျော်ဖို့ကောင်းတာပါ”

ဂျီဆော့ က စိတ်ဓာတ်ကျသွားတဲ့ ပုံစံဖြစ်သွားပြီးမှ ပြန်ပြီး တဟားဟား ရယ်မောလိုက်ပြန်တယ်။

“နောက်လည်း ငါတို့ အတူတူ စကားပြောနိုင်ကြရင် ကောင်းမှာပဲ။ လူတွေက နေရာတစ်ခုတည်းမှာ အကြာကြီး အတူတူ နေထိုင်သင့်တာ။ ငါ ဒီနေရာကို သဘောကျတယ်။ ပူဆန်ကော၊ အဲဒီမတိုင်ခင် ငါနေခဲ့တဲ့ နေရာကော ကောင်းတော့ကောင်းပါတယ်၊ ဒါပေမဲ့ ဒီနေရာလောက် လူမများဘူးလေ”

“ဒါပေမဲ့ မင်းက တစ်ယောက်တည်းလည်း ပျော်အောင် နေနိုင်တဲ့ ပုံစံပဲဥစ္စာ”

“အင်း... အဲဒါတော့ ဟုတ်ပါတယ်။ ငါက တစ်ယောက်တည်းလည်း ပျော်အောင် နေတတ်ပါတယ်။ ဒါပေမဲ့... အဲဒါက အကြာကြီး မခံဘူးလေ။ ပျင်းမလာခင်မှာတင် စိတ်ထဲမှာ မွန်းကြပ်လာတတ်လို့”

ဂျီဆော့ က ဒီလိုစကားတွေ ပြောနေတာတောင် မျက်နှာမှာ ပြုံးနေတုန်းပဲ။ မာရူးက သူ့မျက်နှာကို ကြည့်ရင်း မေးလိုက်တယ်။

“မင်း တကယ်ပဲ နေမကောင်းဖြစ်နေတာ ထင်တယ်”

“စိတ်ပိုင်းဆိုင်ရာအရတော့ ငါ ဘာမှမဖြစ်ပါဘူး”

“ရုပ်ပိုင်းဆိုင်ရာကျတော့ကော”

“အင်း... သေတော့မသေပါဘူး”

အဖြေက တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းနေတယ်။ သူက ထပ်ပြီး မေးခွန်းမေးဖို့ ပြင်လိုက်ပေမဲ့ ဂျီဆော့ က နောက်ပြန်ဆုတ်ပြီး လျှောက်သွားနေပြီ။ မာရူးက ခေါင်းမော့ပြီး ဂျီဆော့ ကို လှမ်းကြည့်လိုက်တယ်။ သူက ဘာစိုးရိမ်ပူပန်မှုမှ မရှိတဲ့ မျက်နှာပေးနဲ့ လက်လှမ်းပြပြီး နှုတ်ဆက်နေခဲ့တာ။

‘တောက်’

ဂျီဆော့ ရဲ့ အခုလို တက်ကြွလန်းဆန်းနေတဲ့ ပုံစံက သူ့ရဲ့ အားနည်းချက်ကို ဖုံးကွယ်ဖို့အတွက် ခုခံကာကွယ်တဲ့ နည်းလမ်းတစ်ခုခု ဖြစ်နေမလားပဲ။ အသက်ရှူရတာ အလွယ်တကူ မောဟိုက်သွားတာကို ကြည့်ရင် သူ့မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဒါမှမဟုတ် နှလုံးရောဂါတစ်ခုခု ရှိနေတဲ့ ပုံစံပဲ။ ဒါပေမဲ့ အမြဲတမ်း တက်ကြွလှုပ်ရှားနေတာကို ကြည့်ပြန်တော့လည်း သိပ်ပြီး ကြီးကြီးမားမား ပြဿနာ မရှိတဲ့ပုံပါပဲ။ ဒါမှမဟုတ် အတိတ်တုန်းက ကြီးမားတဲ့ ပြဿနာဖြစ်ခဲ့ဖူးပေမဲ့ အခုတော့ မဟုတ်တော့တာလည်း ဖြစ်နိုင်တာပဲ။ လမ်းကူးလိုက်ရင်း မာရူးက တစ်ချက် လှည့်ကြည့်ပြီး ဂျီဆော့ ကို လှမ်းကြည့်လိုက်မိတယ်။ ဂျီဆော့ ကတော့ လက်လှမ်းပြနေတုန်းပဲ။

“သူက ကလေးလို နေချင်ရင်လည်း အဆုံးအထိ ကလေးလိုပဲ နေသင့်တာ။ လူကြီးတစ်ပိုင်းလုပ်ဖို့ ဆုံးဖြတ်လိုက်ရင်တော့ တကယ့်ကို နာကျင်ရလိမ့်မယ်”

မာရူးက ဂျီဆော့ ဆီကနေ အကြည့်လွှဲလိုက်တယ်။ အမှန်တရားကို အတင်းလိုက်မေးရလောက်အောင် သူတို့က အဲဒီလောက်ကြီးအထိ မရင်းနှီးကြသေးဘူးလေ။ ဂျီဆော့ ဆိုတဲ့ လူက မာရူးရဲ့ စိတ်ထဲမှာ အရေးပါတဲ့သူတစ်ယောက် ဖြစ်လာတဲ့အခါကျရင်တော့ အခြေအနေက ပြောင်းလဲသွားရင် ပြောင်းလဲသွားမှာပေါ့၊ ဒါပေမဲ့ အခုလောလောဆယ်တော့... သူတို့က အဲဒီလောက်ကြီးအထိ မနီးစပ်ကြသေးပါဘူး။

ဘတ်စ်ကားပေါ် တက်လိုက်ရင်း မာရူးက သူ့အိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်တယ်။ စာတို နှစ်စောင် ဝင်နေတာ။ တစ်စောင်ကတော့ ဂွန်ဆူက သူမကို လုံးဝ စိတ်မဝင်စားဘူးဆိုပြီး မြည်တွန်တောက်တီးထားတဲ့ ဆူယွန်းဆီကစာဖြစ်ပြီး နောက်တစ်စောင်ကတော့ ဂန်ဟွမ်ဆီက လာတာ။

“မင်း လူရွေးပွဲ အောင်တာကို ငါ့ကို အစီရင်ခံရမှာမလား။ တကယ်ပဲ၊ မင်းကတော့ အမြဲတမ်း ယဉ်ကျေးမှု မရှိတာပဲ။ မင်းကို ဆုံးမဖို့ လိုနေပြီထင်တယ်၊ ဒါကြောင့် မနက်ဖြန် ကျောင်းဆင်းရင် ဆူဝမ် လေ့ကျင့်ရေးစတူဒီယိုကို လာခဲ့ပါ။ လှပတဲ့ မိန်းကလေးတစ်ယောက် ခေါ်လာရင်တော့ ခွင့်လွှတ်ပေးမယ်။ မဟုတ်ရင်တော့ အဆင်သင့်ပြင်ထားပေတော့”

မာရူးက ပြုံးလိုက်ပြီး ‘ဟုတ်ကဲ့’ လို့ စာပြန်လိုက်တယ်။

ခဏအကြာမှာတော့၊

“အော်... ပြီးတော့ အောင်သွားတာ ဂုဏ်ယူပါတယ်”

စာတိုလေးတစ်စောင် ထပ်ရောက်လာပြန်တယ်။ မာရူးရဲ့ မျက်နှာပေါ်က အပြုံးတွေက ပိုပြီးတော့တောင် ထင်ရှားသွားခဲ့တော့တယ်။

* * * * * * * * *

All Chapters