← Chapters

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း(၂၃၉)

ဂျီယွန်းတစ်ယောက် ဖုန်းက အချက်ပေးသံမမြည်ခင်ကတည်းက မျက်လုံးပွင့်လာခဲ့တယ်။ ဘာကြောင့်ရယ်မှန်းမသိဘူး၊ ဒီလိုရက်မျိုးဆိုရင် သူ စိတ်ထဲမှာ တစ်မျိုးလေး နေလို့ကောင်းနေတတ်တာလေ။ ဂျီယွန်းက အနည်းငယ်နောက်ကျပြီးမှ မြည်လာတဲ့ ဖုန်းအချက်ပေးသံကို ပိတ်လိုက်ပြီး ကုတင်ပေါ်ကနေ ဆင်းလိုက်တယ်။ ခြေဖဝါးဆီကနေ အေးစိမ့်စိမ့် ခံစားချက်ကြီးက ရုတ်တရက် တက်လာတာကြောင့် အိပ်ချင်မူးတူး ဖြစ်နေတာတွေလည်း အကုန်ပျောက်ရှာသွားတော့တာပေါ့။

“စောစောစီးစီး နိုးနေတာပဲလား”

“ဟုတ်ကဲ့ အမေ”

သူမက မနက်စာပြင်နေတဲ့ အမေ့ဘေးနားမှာ ထမင်းတစ်ပန်းကန် ခပ်ထည့်လိုက်တယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကဆိုရင် ထမင်းကို နှစ်ပန်းကန်ပဲ ပြင်ရမှာဖြစ်ပေမဲ့ အခုတော့ သုံးပန်းကန်တောင် ပြင်နေရပြီလေ။

“အဖေကော အမေ”

“အပြင်မှာ အပြေးလေ့ကျင့်ခန်းလုပ်ဖို့ ထွက်သွားတယ်။ သူ့အတွက်ပါ တစ်ခါတည်း ခပ်ထားလိုက်တော့”

ဂျပန်မှာ နိုင်ငံရပ်ခြား အလုပ်သွားလုပ်နေတဲ့ အဖေဖြစ်သူက ဒီရက်ပိုင်းပြန်ရောက်လာခဲ့တာပါ။ အမေနဲ့ဖြစ်ခဲ့တဲ့ နားလည်မှုလွဲတာတွေကိုလည်း ရှင်းလင်းပြီးသွားပြီဖြစ်သလို အဖေမရှိလို့ လိုအပ်နေတဲ့ နေရာလွတ်ကြီးကလည်း ပြန်ပြည့်သွားခဲ့ပြီလေ။ သူ အသည်းအသန် လိုချင်တောင့်တခဲ့ရတဲ့ ပျော်ရွှင်မှု သေးသေးမွှားမွှားလေးကို ရရှိပြီးတဲ့နောက်မှာတော့ ဂျီယွန်းတစ်ယောက် နေ့တိုင်း နေ့တိုင်း ဘဝသစ်တစ်ခုကို ဖြတ်သန်းနေရသလို ခံစားနေရတယ်။ ပထမဆုံးအနေနဲ့ သူ စကားထစ်တာတွေ နည်းသွားခဲ့တယ်။ သူ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါမျိုး ဒါမှမဟုတ် လူစိမ်းတစ်ယောက်ယောက်နဲ့ စကားပြောရတဲ့အခါမျိုးဆိုရင် သူ အမြဲတမ်း စကားထစ်တတ်ပေမဲ့ အခုတော့ အများကြီး သက်သာသွားခဲ့ပြီ။ သူ့ရဲ့ အကျင့်ဆိုးတွေ ပျောက်ကွယ်သွားနေပြီဆိုတာကို သူကိုယ်တိုင်တောင် သတိထားမိနေတယ်။ ဒါပေမဲ့ လုံးဝဥဿုံ ပျောက်ကွယ်သွားတာမျိုးတော့ မဟုတ်ဘဲ တစ်ခါတရက်မှာတော့ စကားထစ်နေတုန်းပါပဲ၊ သို့သော်လည်း အရင်လိုမျိုး မိမိရဲ့ သဘောထားကို ထုတ်မပြောနိုင်ဘဲနဲ့ ငြိမ်ကုပ်မနေတော့ဘူးလေ။

“စားပြီးရင် သွားတော့လေ။ နောက်ကျနေဦးမယ်”

“ဟုတ်ကဲ့”

သူမ ထိုင်လိုက်ပြီး မနက်စာကို အမြန်ပဲ အပြတ်ရှင်းလိုက်တယ်။ ခါတိုင်းထက် စောနိုးတာမို့လို့ အချိန်ကို အေးအေးဆေးဆေး သုံးလိုက်မိတာ၊ အခုတော့ အချိန်က သိပ်မကျန်တော့ဘူး။

‘ငါ နောက်မကျလောက်ပါဘူးနော်’

သူမ အိတ်ကိုကောက်လွယ်ပြီး အိမ်ထဲကနေ အမြန်ထွက်လာခဲ့တယ်။ တိုက်တန်းလျားဝင်းထဲမှာ တံမြက်စည်းလှည်းနေတဲ့ တိုက်ခန်းလုံခြုံရေးဝန်ထမ်းကို နှုတ်ဆက်လိုက်ပြီး ဝင်းတစ်ခုလုံးကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ လမ်းမအတိုင်း ခပ်သွက်သွက်ကလေး လျှောက်လာခဲ့တယ်။ ဖုန်းကိုထုတ်ပြီး အချိန်ကို တစ်ချက်တစ်ချက် စစ်ကြည့်လိုက်တော့လည်း နောက်ကျမယ့်ပုံမပေါ်တာမို့ စိတ်အေးသွားရတယ်။ သူမ လူကူးခုံးကျော်တံတားကို ဖြတ်ကျော်ပြီး လမ်းအတိုင်း ဆက်လျှောက်လာခဲ့ကာ စာအုပ်ဆိုင်ကြီးရှိတဲ့ လမ်းဆုံရောက်တော့ ညာဘက်ကို ကွေ့လိုက်တယ်။

“အတော့်ကို အချိန်ကိုက်ပဲဟေ့”

အာရမ်က ထိုနေရာမှာ သူမကို စောင့်နေတာပါ။ သူမက စက်ဘီးရဲ့ နောက်ထိုင်ခုံကို ပုတ်ပြလိုက်တယ်။ ဂျီယွန်းက ပြုံးလိုက်ပြီး နောက်မှာ ဝင်ထိုင်ကာ အာရမ်ရဲ့ ခါးကို ဖက်ထားလိုက်တော့တာပေါ့။

“သွားပြီနော်”

“အင်း”

ပြီးခဲ့တဲ့တစ်ခေါက် ကျောင်းနောက်ကျတဲ့နေ့ကစလို့ ဂျီယွန်းတစ်ယောက် အာရမ်ရဲ့ စက်ဘီးနောက်မှာ အမြဲ လိုက်စီးဖြစ်နေခဲ့တယ်။ အိမ်ကနေ စောစောထွက်လာရင် ရပါတယ်လို့ သူမက ပြောပေမဲ့လည်း အာရမ်ကတော့ စကားအပိုတွေမပြောဘဲ သူခိုင်းတဲ့အတိုင်းသာလုပ်ဖို့ ပြောခဲ့တာလေ။ ‘ဒါက ငါ့အတွက် လေ့ကျင့်ခန်းလုပ်တာမို့လို့ နင့်မှာ ငြင်းပိုင်ခွင့်မရှိဘူး’ ဆိုတဲ့ ထူးထူးဆန်းဆန်း စကားမျိုးကိုလည်း အာရမ်က ပြောသေးတာ။ မျက်နှာချင်းဆိုင်က တိုက်ခတ်လာတဲ့ လေပြင်းတွေက နားရွက်ဘေးကနေ ဖြတ်သန်းသွားတယ်။ ပတ်ဝန်းကျင် ရှုခင်းတွေကလည်း အမြန်ပဲ ပြောင်းလဲသွားပြီး မကြာခင်မှာပဲ လမ်းကြော ၈ လမ်းရှိတဲ့ လမ်းဆုံကို ရောက်လာခဲ့ကြတယ်။ ဂျီယွန်းက ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်တယ်။ အချိန်ကတော့ ကွက်တိဖြစ်လောက်ပြီ။

“ငါ့ကို စောင့်ဦးလေ”

ခပ်လှမ်းလှမ်းကနေ အော်ဟစ်လိုက်တဲ့ အသံအကျယ်ကြီးတစ်ခု ကြားလိုက်ရတယ်။ စက်ဘီးကို အရှိန်အကုန်တင်ပြီး နင်းလာတဲ့ ဘန်ဂျူးပဲ ဖြစ်နေတာပေါ့။ ကျောင်းသွားမယ့်လမ်းကြောင်းက တူတူပဲဆိုတာ သိသွားပြီးတဲ့နောက်မှာတော့ အာရမ်က ဒီနေရာမှာ ဆုံဖို့ အချိန်သတ်မှတ်ပေးထားခဲ့တာလေ။ ပထမနှစ်တွေအနေနဲ့ အချင်းချင်း စုစုစည်းစည်း ရှိရမယ်ဆိုတဲ့ အာရမ်ရဲ့ အမိန့်မဆန်တဲ့ အမိန့်ပေးမှုအောက်မှာ ကျောင်းသွားဖော်အဖွဲ့ကြီးက အောင်အောင်မြင်မြင်နဲ့ ပေါ်ပေါက်လာခဲ့ရတယ်။

“အစ်မဂျူဟယွန်းက ဒီနေ့ ရေဒီယို အစီအစဉ် မလုပ်ဘူးလား” နားကြပ်တစ်ဖက် တပ်ထားတဲ့ အာရမ်က ဘန်ဂျူးကို လှမ်းမေးလိုက်တယ်။

“အစ်မက တခြားနေရာမှာ အစီအစဉ်ရှိလို့ ဒီနေ့ ခွင့်ယူထားတယ်” လို့ ဘန်ဂျူးက ပြန်ဖြေတယ်။ သူကလည်း နားကြပ်တပ်ထားတာပဲ။

“အော်... ငါက နေမကောင်းလို့လားဆိုပြီး စိတ်ပူသွားတာ”

“ငါ့အစ်မက နေမကောင်းဖြစ်ရမယ်ဟုတ်လား။ မဖြစ်နိုင်တာ။ သူက သန်မာလွန်းလို့ ဒုက္ခတောင် ရောက်ရတယ်”

“အမလေး... နူးညံ့သိမ်မွေ့တဲ့ အစ်မမှာ ဒီလိုမောင်မျိုး ရှိနေတာကို တွေးကြည့်စမ်း။ ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားရတာလဲဆိုတာ ငါ တကယ်ကို နားမလည်နိုင်တော့ဘူး”

“နူးညံ့တယ်ဟုတ်လား။ ခေါင်းမာတာကို ပြောတာနေမှာပါ”

ဂျီယွန်းက အဲဒီနှစ်ယောက်ကို ကြည့်ပြီး ခပ်ဖွဖွလေး ပြုံးမိတယ်။ ထိုနှစ်ယောက်က စိတ်နေစိတ်ထားချင်း ကွက်တိတူနေကြတာလေ။ နှစ်ယောက်လုံးက လေ့ကျင့်ခန်းလုပ်ရတာ ဝါသနာပါကြတယ်၊ နှစ်ယောက်လုံးက တက်ကြွဖျတ်လတ်ကြတယ်၊ ပြီးတော့ နှစ်ယောက်လုံးက အသံလည်း ကျယ်ကြသေးတယ်။ အော်... ဒါတင်မကသေးဘူး၊ သူတို့နှစ်ယောက်လုံးက မိမိတို့ရဲ့ ‘ဂျူဟယွန်းအစ်မ’ ကိုလည်း သဘောကျကြတာချင်း တူသေးတာပဲ။

ဘန်ဂျူးက တစ်စုံတစ်ယောက်က ဂျူဟယွန်းအကြောင်း ပြောလာတိုင်း စိတ်ပျက်စရာကောင်းလိုက်တာလို့ ညည်းတွားတတ်ပေမဲ့လည်း မနက်တိုင်း မနက်တိုင်း ရေဒီယို တိုက်ရိုက်ထုတ်လွှင့်မှုကို နားထောင်နေတတ်ပုံအရ သူ့အစ်မကို ဘယ်လောက်အထိ ဂရုစိုက်လဲဆိုတာ သိသာလှပါတယ်။ သူက ဝန်ခံရမှာ ရှက်နေလို့သာ ဖြစ်မှာပါ။

အာရမ်မှာလည်း မောင်လေးတစ်ယောက် ရှိသေးတယ်၊ သူတို့က အသက်ကွာခြားချက် ကြီးမားတာကြောင့် မောင်လေးဖြစ်သူက လာမယ့်နှစ်ကျမှ မူလတန်းကျောင်း စတက်ရမှာလေ။ မောင်လေးက မွေးကင်းစ ကလေးဘဝကတည်းက သူကိုယ်တိုင် ထိန်းကျောင်းလာခဲ့တာမို့ ဘယ်လောက်တောင် ချစ်ဖို့ကောင်းကြောင်းကို အာရမ်က တစ်ခါတရက်မှာ ပြောပြတတ်သေးတယ်။

‘ဖြစ်နိုင်တာက အစ်မဂျူဟယွန်းကလည်း ဘန်ဂျူးကို ဒီလိုမျိုးပဲ မြင်နေတာများလား’

ဂျီယွန်းတစ်ယောက် အဲဒီနှစ်ယောက် ရန်ဖြစ်နေတာကို ကြည့်ပြီး သိပ်ကို ရယ်စရာကောင်းနေတာကြောင့် အသံထွက်ပြီး တဟားဟား ရယ်မိသွားတော့တယ်။ အဲဒီလို ရယ်လိုက်တဲ့အခါမှာတော့ အာရမ်က သူမကို စိုက်ကြည့်လာခဲ့တယ်။

“နင်က ဘာလို့ ရယ်နေတာလဲ”

“ဘာမှမဟုတ်ပါဘူး၊ ငါက... နင်တို့နှစ်ယောက်က တော်တော်လိုက်ဖက်ညီတာပဲလို့ တွေးမိသွားလို့ပါ”

သူမက အဲဒီလိုပြောလိုက်တဲ့အခါမှာတော့ ထိုနှစ်ယောက်က တစ်ပြိုင်နက်တည်း တုံ့ပြန်အော်ဟစ်ကြတော့တာပေါ့။

“ဘာလဲ။ ငါလား။ သူ့နဲ့လား”

“လီဂျီယွန်း။ နင် မပြောသင့်တဲ့ စကားတွေ ရှိသေးတယ်နော်”

ဂျီယွန်းက အဲဒီနှစ်ယောက် စိတ်ဆိုးပုံချင်း တူနေတာကိုပါ ထပ်ပြီး တွေးမိသွားပေမဲ့ အပြင်ကိုတော့ အသံထွက်ပြီး မပြောရဲတော့ဘူး။ တကယ်လို့သာ ပြောလိုက်ရင် အာရမ်က သူမကို တစ်နေ့ခင်းလုံး လှောင်ပြောင်နေတော့မှာ မြေကြီးလက်ခတ်မလွဲပဲလေ။

“ငါ ကြားတာတော့ ဒီနေ့ ငါတို့တွေ ပြဇာတ်သုံးပစ္စည်းတွေ လုပ်ကြရမှာတဲ့၊ ပြီးတော့ ဇာတ်ကွက်ရွေ့လျားမှု လမ်းကြောင်းအတိုင်း လေ့ကျင့်မှုတွေ စလုပ်ရမယ်တဲ့။ အဲဒါ ဘယ်လိုဖြစ်မလဲမသိဘူး။ ဂျီယွန်း၊ နင် အဲဒီအကြောင်း ဘာများသိထားလဲ”

လေတိုးသံတွေကြားထဲကနေ အာရမ်ရဲ့ အသံ ထွက်ပေါ်လာခဲ့တယ်။ ဂျီယွန်းက အသံကို နည်းနည်းမြှင့်ပြီး ပြန်ဖြေလိုက်တယ်။

“ငါတို့တွေ အခုထိ လုပ်ခဲ့သမျှ အရာအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ရမှာ ဖြစ်လိမ့်မယ်။ အသစ်အဆန်းတွေတော့ ဘာမှရှိမှာမဟုတ်ဘူးလို့ ငါ အသေအချာ ယုံကြည်တယ်”

သူမ အပြည့်အဝ မသေချာပေမဲ့လည်း သူ့အတွေးက မှန်လိမ့်မယ်လို့ ထင်နေမိတာ။ ဖြတ်သန်းသွားတဲ့ အဆောက်အဦးတွေကို ငေးကြည့်ရင်း၊ စက်ဘီးကို အားသွန်ခွန်စိုက် နင်းနေတဲ့ အာရမ်ကိုလည်း ကြည့်ရင်းနဲ့ မကြာခင်မှာပဲ ကျောင်းကို ရောက်လာခဲ့ကြတယ်။ သူတို့ စက်ဘီးပေါ်ကနေ ဆင်းလိုက်ကြပြီး ကြောက်စရာကောင်းတဲ့ ပုံစံရှိတဲ့ အဆင့်မြင့်အတန်းပိုင် ဆရာကြီးကို ရှောင်ကွင်းသွားခဲ့ကြတယ်။ ဆံပင်တွေက ပခုံးအောက်အထိ ကျနေတာမို့ မိသွားမလားဆိုပြီး အနည်းငယ် စိတ်ပူသွားမိပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ အဖမ်းမခံခဲ့ရဘူး။

“သွားတော့မယ်နော်”

“အေး... ငါလည်း သွားပြီ”

ဂျီယွန်းက စင်္ကြံလမ်းတည့်တည့်က စက်မှုအင်ဂျင်နီယာဌာနဆီ လျှောက်သွားတဲ့ ဘန်ဂျူးကို ‘တာ့တာ’ လို့ ပြောရင်း လက်လှမ်းပြလိုက်တယ်။

ပြီးနောက် သူမက အာရမ်ရဲ့နောက်ကို လိုက်ပြီး မိမိတို့ရဲ့ စာသင်ခန်းထဲ ဝင်ခဲ့တယ်။ အတန်းဖော်တွေက လက်လှမ်းပြပြီး နှုတ်ဆက်ကြတာပေါ့။ ဂျီယွန်းက စာသင်ခန်းရဲ့ အနောက်ဘက်အကျဆုံးမှာရှိတဲ့ သူမရဲ့ခုံမှာ အိတ်ကို လှမ်းချိတ်လိုက်တယ်။ အလယ်တန်းကျောင်းတုန်းကအထိ သူက အရှေ့ဆုံးမှာပဲ ထိုင်ခဲ့တာဖြစ်ပေမဲ့ အထက်တန်းကျောင်းမှာ ရခဲ့တဲ့ သူငယ်ချင်းတွေကြောင့် ဘယ်လိုဖြစ်ပြီး အနောက်ဆုံးခုံကို ရောက်သွားမှန်းမသိတော့ဘူး။ လူကြီးတွေရဲ့ အမြင်မှာတော့ သူတို့တွေက ပြဿနာရှာတတ်တဲ့ ကလေးတွေလို့ ထင်ရပေမဲ့လည်း လက်တွေ့ဘဝက မြင်ရတာနဲ့ ကွာခြားနေတယ်ဆိုတာကို ဂျီယွန်း သိရှိသွားခဲ့ပြီ။ သူတို့က စကားပြောကြမ်းကြပေမဲ့ အဲဒါတင်ပဲလေ။ တီဗီထဲမှာ ပြနေတဲ့ ‘လူမိုက်’ ဆိုသူတွေနဲ့ သူတို့က တခြားစီပဲ။ သူတို့တွေက ကိုယ်ပိုင်အမြင် ခိုင်ခိုင်မာမာရှိပြီး မတရားမှုကို မခံချင်ကြတဲ့ အလွန်တော်တဲ့ လူတွေသာ ဖြစ်ကြတာပေါ့။

“ဂျီယွန်း၊ ဒါ စားလိုက်ဦး”

အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်က ခပ်လှမ်းလှမ်းကနေ သူမဆီ တစ်ခုခု လှမ်းပစ်ပေးလိုက်တယ်။ သူမ ဖမ်းလိုက်တဲ့အခါမှာတော့ အဲဒါက ပလတ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ ကွတ်ကီးမုန့်တွေ ဖြစ်နေတာမို့ ဂျီယွန်း ပြုံးမိသွားတယ်။ သူမရဲ့ အတန်းဖော်တွေရဲ့ အိတ်ထဲမှာ ကျောင်းသုံးစာအုပ်တွေ ရှိမနေကြဘူး။ အဲဒီအစား ကာတွန်းစာအုပ်တွေ၊ အလှကုန်ပစ္စည်းတွေနဲ့ စားစရာတွေသာ ရှိနေကြတာ။

ဂျီယွန်းမှာ ကာတွန်းစာအုပ် ဖတ်ဖို့ အခွင့်အရေး သိပ်မရှိခဲ့ဖူးပေမဲ့ အခုတလောမှာတော့ သူငယ်ချင်းတွေကြောင့် အတော်များများ ဖတ်ဖြစ်နေခဲ့ပြီ။ သူမက နူးညံ့သိမ်မွေ့တဲ့ ကောင်မလေးတွေပါတဲ့ ဇာတ်လမ်းတွေထက် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီး သတ္တိရှိတဲ့ အမျိုးသမီးသူရဲကောင်းတွေအကြောင်းကို ပိုပြီး သဘောကျတာလေ။

သူငယ်ချင်းတွေလိုမျိုး တစ်ခါတရက်မှာ လိုက်လုပ်မယ်လို့ ဆုံးဖြတ်မိပေမဲ့လည်း စာအုပ်ကို ပိတ်လိုက်တာနဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး လက်တွေ့လုပ်ဆောင်ဖို့ကျတော့ သိပ်မဖြစ်နိုင်တော့ပြန်ဘူး။ အခု သူ ဖတ်နေတဲ့ စာအုပ်ကတော့ ကျောင်းတွင်း အချစ်ဇာတ်လမ်း စာအုပ်ကလေးပဲ။

ဇာတ်လမ်းကတော့ သာမန်ကျောင်းသားနှစ်ယောက် တိတ်တဆိတ် ချစ်ကြိုက်မိသွားတဲ့ အကြောင်းပေါ့။ စာမျက်နှာတစ်ခုချင်းစီကို လှန်လိုက်တိုင်းမှာ သူမက မိမိရဲ့ စိတ်ခံစားမှုတွေကို စာအုပ်ထဲ စီးမျောထည့်ထားမိတယ်။ မျဉ်းကြောင်းတွေ၊ အစက်အပြောက်တွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာကြီးက ပိုပြီးကျယ်ပြန့်လာပြီး တကယ့် ကမ္ဘာအစစ်ကြီးလို ခံစားရစေတာပေါ့။ သူမက အမျိုးသမီးဇာတ်ဆောင် ဖြစ်လာပြီး ဒေးမြောင်ကတော့ အမျိုးသားဇာတ်ဆောင် ဖြစ်လာလိမ့်မယ်။

အဲဒီလို တွေးမိတိုင်းမှာလည်း ဂျီယွန်းတစ်ယောက်တည်း လန့်ဖျပ်သွားတတ်ပြီး စာအုပ်ကို ချက်ချင်းပိတ်လိုက်ကာ မျက်နှာပေါ်မှာ အပြုံးတွေနဲ့အတူ ပြန်ဖွင့်ဖတ်မိပြန်ရော။ တစ်ဖက်သတ်အချစ်က နာကျင်စရာကောင်းတယ်လို့ ပြောကြပေမဲ့ ဂျီယွန်းကတော့ လုံးဝဥဿုံ ဆန့်ကျင်ဘက်ကို ခံစားနေရတာလေ။ သို့သော်လည်း အခုအခြေအနေကြီးက အချိန်အကြာကြီး ဆွဲဆန့်သွားမယ်ဆိုရင်တော့ တစ်မျိုးဖြစ်သွားနိုင်ပါတယ်။ အခုလောလောဆယ်မှာတော့ သူ သိပ်ကို ပျော်ရွှင်နေရတာပေါ့။

“ငါ မသင်္ကာဘူးနော်”

ဂျီယွန်း လန့်ဖျပ်သွားပြီး စာအုပ်ကို ပိတ်လိုက်မိတယ်။ အချိန်ကတော့ နေ့လယ်စာစားပြီးခါစ အချိန်ပဲ။ အိပ်ချင်မူးတူး ဖြစ်နေတဲ့ ခန္ဓာကိုယ်နဲ့ ကာတွန်းစာအုပ်ကို ကြည့်ရင်း တစ်ယောက်တည်း စိတ်ကူးယဉ်နေတုန်းမှာ အဲဒီအသံကို ကြားလိုက်ရတာ။ ဂျီယွန်းက လက်ပိုက်ပြီး သူမကို ငုံ့ကြည့်နေတဲ့ အာရမ်ကို ပြန်ပြီး ပြုံးပြလိုက်တယ်။

“ငါ တကယ်ကို မသင်္ကာတာ”

“ဘာ... ဘာကိုလဲ”

“နင် အဲဒီစာအုပ်ကို ဖတ်နေတာ ရက်ပေါင်းများစွာ ရှိနေပြီနော်။ မျက်နှာမှာလည်း အပြုံးကြီးနဲ့”

“ငါကလား”

“မသင်္ကာဘူး။ တကယ့်ကို မသင်္ကာစရာကြီး”

မသင်္ကာစရာ အပြုံးကြီးနဲ့အတူ အာရမ်က ရုတ်တရက် လှည့်ထွက်သွားပြီး တခြားသူတွေဆီ လျှောက်သွားဖို့ လုပ်တော့တာပေါ့။ ထိုအချိန်မှာပဲ ဂျီယွန်းရဲ့ ခေါင်းထဲမှာ ဖြန်းခနဲ ဖြစ်သွားခဲ့တယ်။ ဘယ်ကမှန်းမသိတဲ့ အားအင်အသစ်တွေ ရောက်လာသလိုမျိုး သူမက အာရမ်ကို အတင်းဆွဲလှည့်လိုက်တယ်။ အာရမ်တစ်ယောက် ယိမ်းထိုးသွားခဲ့ပေမဲ့ သူမရဲ့ ထူးချွန်လှတဲ့ လှုပ်ရှားမှုအာရုံကြောတွေကြောင့် ချက်ချင်းပဲ ဟန်ချက်ပြန်ထိန်းနိုင်သွားခဲ့တာလေ။

“ငါ... ငါ တောင်းပန်ပါတယ်”

“နင်က အတော် အားသန်တာပဲ”

အာရမ်က သူမရဲ့ သူငယ်ချင်းတွေကို လှမ်းကြည့်လိုက်တယ်။ ဂျီယွန်းကတော့ ခေါင်းကို အစွမ်းကုန် ခါယမ်းပြနေမိတာပေါ့။ တကယ်လို့သာ အာရမ်က သူတို့ကို သွားပြောလိုက်ရင်... အကျိုးဆက်ကို သူမ တွေးတောင်မတွေးဝံ့ဘူး။ အဲဒီသူငယ်ချင်းတွေက ပျော်စရာ အဖြစ်နဲ့ ကျောင်းထဲမှာ အာရမ်ရဲ့ ပခုံးပေါ် သူမကို အတင်းတက်စီးခိုင်းခဲ့တဲ့ သူငယ်ချင်းတွေလေ။ တကယ်လို့ သူတို့တွေသာ သူမမှာ သဘောကျနေတဲ့သူ ရှိတယ်ဆိုတာ သိသွားရင် ဘာတွေလုပ်ကြဦးမလဲဆိုတာ မသိနိုင်တော့ဘူး။

အာရမ်က စုံထောက်တစ်ယောက်လိုမျိုး ခုံတစ်ခုံကို သူမဆီ ဆွဲယူလိုက်တယ်။ ဂျီယွန်းကတော့ သူမရဲ့ မျက်လုံးတွေကို တည့်တည့်မကြည့်ရဲတော့ပါဘူး။

“အခုတော့ ငါ ရာခိုင်နှုန်းပြည့် သေချာသွားပြီ။ ဘယ်သူလဲ”

“ဘာ... ဘာကို ပြောတာလဲ”

“ဒါဆိုရင် ငါ သူတို့အားလုံးကို သွားပြောလိုက်ရမလား၊ အဲဒီလိုဖြစ်သွားရင်တော့ နင် အတင်းအကျပ် ဝန်ခံရတော့မှာနော်...”

ဂျီယွန်း လက်လှမ်းပြီး အာရမ်ရဲ့ ပါးစပ်ကို ပိတ်လိုက်မိတယ်။ အချင်းချင်း စကားပြောနေကြတဲ့ တခြားသူတွေက သူတို့ဆီ လှည့်ကြည့်လာကြတာပေါ့။ ဂျီယွန်းက မလုံမလဲနဲ့ ရယ်ပြလိုက်ပြီး ပျာပျာသလဲ ဖြစ်နေခဲ့ရတယ်။ သူတို့ရဲ့ အကြည့်တွေ လွှဲသွားပြီးတဲ့နောက်မှပဲ ဂျီယွန်း သက်ပြင်းချနိုင်တော့ပြီး အာရမ်ကို လွှတ်ပေးလိုက်တယ်။

“နင် ဘယ်လိုသိတာလဲ” သူမ အရှုံးပေးလိုက်ပြီး အရင်ဆုံး မေးလိုက်တာပေါ့။ အဲဒီလို မေးလိုက်တော့မှ အာရမ်က ပြုံးဖြဲဖြဲလုပ်ပြီး ပြောလာတယ်။

“ဘာလဲ၊ အဲဒါဆို ငါ ထင်တာ မှန်နေတာပေါ့ ဟုတ်လား”

‘ငါ အညာခံလိုက်ရတာပဲ’

“....”

ဂျီယွန်းက နှုတ်ခမ်းစူလိုက်ပြီး မခံချင်စရာကောင်းတဲ့ မျက်လုံးတွေနဲ့ အာရမ်ကို စိုက်ကြည့်နေမိတယ်။ သို့သော်လည်း သူမရဲ့ အမူအရာကို ဂရုမစိုက်ဘဲ အာရမ်က ဆက်ပြီး မေးမြန်းနေခဲ့တာပေါ့။

“ကဲပါ... ဘယ်သူလဲ။ ပြောပြစမ်းပါ၊ ပြောပြပါဦး”

* * * * * * * * *

အိပ်ချင်စိတ်တွေကို မောင်းထုတ်ဖို့အတွက် မာရူးက ကျောင်းမုန့်ဈေးတန်းဆီ သွားပြီး အလိုအလျောက် အရောင်းစက်ထဲကနေ ကော်ဖီတစ်ခွက် ဝယ်သောက်လိုက်တယ်။ စက်ထဲက ကော်ဖီက အကောင်းဆုံးပဲလို့ တွေးရင်းနဲ့ မာရူးက ခွက်အလွတ်ကို ကိုင်ကာ သူ့အတန်းရှိရာ တတိယထပ်ဆီ ပြန်လာခဲ့တယ်။ စက်မှုလျှပ်စစ်ဌာနက ဗဟိုလှေကားထက်ရဲ့ အရှေ့တည့်တည့်မှာပဲ ရှိတာလေ။

ဆန့်ကျင်ဘက်လိင်တွေ မရှိတာကြောင့် ယောကျာ်းလေးအနံ့အသက်တွေ လှိုင်နေတဲ့ အတန်းရှေ့ကို ရောက်တော့ ကောင်မလေးနှစ်ယောက် အပြင်ကနေ စောင့်နေတာကို သူ မြင်လိုက်ရတယ်။ အားလုံးက ခုံပေါ်မှာ မှောက်အိပ်နေကြတာမို့ ကောင်မလေးနှစ်ယောက် အထဲကို ချောင်းကြည့်နေကြတာတောင် အတန်းထဲက တိတ်ဆိတ်နေတုန်းပဲ။

‘အဲဒီနှစ်ယောက်က ဘာလို့...’

မာရူး ခြေသံဖျောက်လိုက်ပြီး သူတို့ရဲ့ အနောက်ဘက်ကနေ ကပ်သွားလိုက်တယ်။

“ငါတော့ သူ့ကို မတွေ့မိပါဘူး”

“အာရမ်၊ သွားကြရအောင်။ ဒါက ဒုတိယနှစ် အတန်းခန်းကြီးလေ”

“ဒုတိယနှစ် အတန်းခန်းဖြစ်တော့ ဘာဖြစ်လဲ။ ငါတို့က ပြစ်မှုကျူးလွန်နေတာမှ မဟုတ်တာ။ အဲဒါထက် စီနီယာဒေးမြောင်က ဘယ်မှာလဲ”

အာရမ်ကတော့ အစွမ်းကုန် ပျော်ရွှင်နေတဲ့ ပုံစံမျိုးဖြစ်နေပြီး ဂျီယွန်းကတော့ တုန်လှုပ်ချောက်ချားနေပုံပဲ။ တိုတောင်းတဲ့ စကားဝိုင်းလေး ဖြစ်ပေမဲ့လည်း ဘာတွေဖြစ်ပျက်နေလဲဆိုတာကို ကောက်ချက်ချဖို့ မာရူးအတွက်တော့ လုံလောက်နေခဲ့ပါပြီ။ အားလုံးခြုံကြည့်ရရင်တော့ စိုးရိမ်ပူပန်နေတဲ့ ဂျီယွန်းကို ခေါ်ပြီး အာရမ်တစ်ယောက် ဒေးမြောင်ကို လိုက်ရှာနေရတဲ့ အကြောင်းရင်းက တစ်ခုပဲ ရှိတာလေ။

“ဘာလုပ်နေကြတာလဲ” သူ အနောက်ကနေ အသံပေးလိုက်တယ်။ သူတို့နှစ်ယောက်လုံး လန့်ဖျပ်သွားကြပြီး လှည့်ကြည့်လာကြတာပေါ့။

“အား လန့်သွားတာပဲ။ နင်က ဘာဖြစ်နေတာလဲ” အာရမ်က မျက်လုံးအဝိုင်းသားနဲ့ မေးလိုက်တယ်။ သူမပုံစံက မာရူးကို အချိန်မရွေး ထိုးနှက်တော့မယ့် ပုံစံမျိုးပဲ။

“ဒါ ငါ့အတန်းလေ။ ဘာလို့ အဲဒီလို မေးရတာလဲ”

“အော်... အဟက်”

“‘အဟက်’ တွေ ဘာတွေ လုပ်မနေနဲ့။ ဒေးမြောင်ကို ရှာနေတာလား”

“ဟုတ်တယ်”

“မဟုတ်ပါဘူး”

မေးခွန်းတစ်ခုတည်းကို ထိုနှစ်ယောက်က မတူညီတဲ့ အဖြေတွေ ပေးလာကြတယ်။ ဂျီယွန်းကတော့ အချိန်မရွေး ထိတ်လန့်တုန်လှုပ်သွားတော့မယ့် ပုံစံမျိုး ဖြစ်နေရှာတာ။ အဲဒီလို အမူအရာမျိုး လုပ်နေတဲ့အချိန်မှာ သူက တော်တော်လေး ချစ်ဖို့ကောင်းတာလေ။ အာရမ်ရဲ့ဘက်ကနေ ရပ်တည်ပြီး ဂျီယွန်းကို လှောင်ပြောင်ချင်တဲ့ စိတ်တွေလည်း သူ့ရင်ထဲမှာ ပေါ်လာခဲ့ပေမဲ့ ဂျီယွန်းက သိပ်ကို လိမ်မာတဲ့ မိန်းကလေးမို့လို့ မလုပ်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

“သူ ကွန်တိန်နာခန်းထဲမှာ ရှိနေလိမ့်မယ်။ ဒီနေ့ကစပြီး ပြဇာတ်သုံးပစ္စည်းတွေ လုပ်ရမှာမို့လို့ သူ သန့်ရှင်းရေးလုပ်နေတာ ဖြစ်မှာပါ”

“အဲဒီလိုလား”

အာရမ်က ဂျီယွန်းရဲ့ လက်ကို ဆွဲကိုင်လိုက်ပြီး လှေကားအတိုင်း ပြေးဆင်းသွားတော့တယ်။ မာရူးက ထိုနှစ်ယောက်ကို ကြည့်ပြီး တိုးတိုးကလေး ရေရွတ်လိုက်မိတာပေါ့။

“အော်... လူငယ်သဘာဝတွေပါပဲလား”

* * * * * * * * *

ဘန်ဂျူးတစ်ယောက် စင်္ကြံလမ်းအတိုင်း လျှောက်လာစဉ်မှာပဲ ဂျီယွန်းကို အာရမ်က လက်ကနေ အတင်းဆွဲခေါ်သွားတာကို မြင်လိုက်ရတယ်။

“ဘာလုပ်နေကြတာလဲ”

သူ အသံအကျယ်ကြီးနဲ့ လှမ်းမေးလိုက်ပေမဲ့ ပြန်ရလိုက်တဲ့ အဖြေကတော့ ‘နင်နဲ့မဆိုင်တာတွေ ဝင်မပါနဲ့’ ဆိုတာပဲ။ ဂျီယွန်းက သူ့ကို အကူအညီတောင်းတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်နေပေမဲ့ အာရမ် လုပ်ချင်ရာလုပ်ဖို့ ပစ်ထားလိုက်တာက ပိုပြီး စိတ်ဝင်စားဖို့ကောင်းလိမ့်မယ်လို့ ထင်တာမို့ သူ လျစ်လျူရှုလိုက်တယ်။

ပဉ္စမမြောက် အချိန်တက်ဖို့ မိနစ် ၂၀ လောက် လိုသေးတာမို့လို့ ဘန်ဂျူး ကျောင်းကွင်းပြင်ထဲ ဆင်းလာခဲ့တယ်။ ဘတ်စကက်ဘော ကစားနေတဲ့သူ ရှိမလားလို့ လှမ်းကြည့်လိုက်ပေမဲ့ သူ မသိတဲ့သူတွေပဲ ရှိနေတာပေါ့။ သူတို့က စီနီယာတွေ ဖြစ်ပုံရတယ်။ ဘောလုံးကွင်းထဲမှာလည်း လူတွေနဲ့ ပြည့်နှက်နေခဲ့ပြီ။ ဂိုးပေါက်တစ်ခုတည်းဆီကို ဘောလုံး လေးလုံးလောက် ပျံသန်းဝင်ရောက်သွားတာကိုလည်း မြင်နေရတယ်။

သူ လေ့ကျင့်ခန်း အပေါ့စားလေး လုပ်ချင်ပေမဲ့ သင့်တော်တာ ဘာမှမတွေ့မိဘူး။ ခဏလောက် တွေးတောပြီးတဲ့နောက်မှာတော့ ဘန်ဂျူး စက်ဘီးပတ်စီးဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့အစ်မက သူ အထက်တန်းကျောင်းတက်တဲ့အချိန်မှာ တောင်တက်စက်ဘီးတစ်စီး ဝယ်ပေးခဲ့တာလေ။ သူ သိချင်စိတ်နဲ့ စျေးနှုန်းကို ရှာကြည့်မိတုန်းက ဂဏန်းအရေအတွက်ကို မြင်ပြီး မူးလဲမတတ် ဖြစ်သွားခဲ့ရတာ။ အခြေအနေက အဲဒီလိုမို့လို့ မော်တော်ဆိုင်ကယ်တွေမှာ သုံးတဲ့ အထူစား သံကြိုးသော့ကို ဝယ်ခဲ့ရတယ်။ သူ ကျောင်းရှေ့ဂိတ်တံခါးရဲ့ ဘယ်ဘက်မှာရှိတဲ့ စက်ဘီးရပ်နားစခန်းဆီ လျှောက်လာခဲ့တယ်။

“အော်... စီနီယာ”

သူ ထိုနေရာမှာ ဒိုဝူးကို မြင်လိုက်ရတယ်။ စက်ဘီးဘေးမှာ ကိရိယာတန်ဆာပလာမျိုးစုံနဲ့အတူ ထိုင်နေတဲ့ သူ့ကို မြင်ရတာ တော်တော်လေး စိမ်းသက်နေတာပေါ့။ အဲဒီစီနီယာက အမြဲတမ်း အိပ်ပျော်နေတာကိုပဲ မြင်ဖူးတာဖြစ်ပြီး ကြောက်စရာကောင်းတဲ့ အသွင်အပြင်ရှိတာကြောင့် စကားပြောဖို့ ခက်ခဲခဲ့ပေမဲ့ အချိန်အတော်ကြာပြီးတဲ့နောက်မှာတော့ ဒိုဝူးက လူဆိုးတစ်ယောက်မဟုတ်ဘူးဆိုတာ သိသွားတာမို့ သက်သောင့်သက်သာ စကားပြောနိုင်ခဲ့ပြီလေ။

“အော်... ဘန်ဂျူး”

“ဟုတ်ကဲ့။ စီနီယာ ဒီမှာ ဘာလုပ်နေတာလဲ”

“ဒီမနက် ကျောင်းကို စက်ဘီးစီးလာတာ ဘီးပေါက်သွားလို့။ အခု အဲဒါ ပြင်နေတာ”

“ဒါကို ကိုယ်တိုင် ပြင်တာလား”

“အင်း”

“အိုး... ကျွန်တော် ကြည့်လို့ရမလား”

“ လုပ်ချင်တာ လုပ်ပါ”

ဘန်ဂျူး သူ့ဘေးနားမှာ ဝင်ထိုင်လိုက်တယ်။ ပြီးခဲ့တဲ့တစ်ခေါက်က မြင်ခဲ့ရပေမဲ့လည်း ဒိုဝူးရဲ့ စက်ဘီးက တော်တော်လေး စျေးကြီးမယ့်ပုံပဲ။ ဒိုဝူးက စက်ဘီးကိုယ်ထည်မှာ ချိတ်ထားတဲ့ အိတ်ထဲကနေ ဂလန်သော့နဲ့ ရာဘာပြားတစ်ခုကို ထုတ်လိုက်ပြီး ကျွမ်းကျင်လှတဲ့ လှုပ်ရှားမှုတွေနဲ့ ဘရိတ်နဲ့ ရှေ့ဘီးကို စက်ဘီးပေါ်ကနေ ဖြုတ်လိုက်တယ်။ အဲဒီ အစိတ်အပိုင်းတွေက အလွယ်တကူ ကွာကျလာတာမို့ ဘန်ဂျူး အံ့ဩတုန်လှုပ်စွာနဲ့ အော်ဟစ်မိတော့တာပေါ့။

“ဒါတွေအကုန်လုံးကို ဘယ်မှာ သင်လာတာလဲ”

“ကိုယ်တိုင်သင်ယူတာ”

“ဝေါင်း...”

ဒိုဝူးက စက်ဘီးတစ်စီးဆီကို လှမ်းညွှန်ပြလိုက်တယ်။ အဲဒါက ဘန်ဂျူးရဲ့ စက်ဘီးပဲ။

“တကယ်လို့ နင် အဲဒါကို ဆက်စီးဖို့ အစီအစဉ်ရှိရင် စက်ဘီးအကြောင်းကိုလည်း သင်ယူထားသင့်တယ်။ စက်ဘီးကိုယ်ထည်တင်တင် ဝမ်သန်းပေါင်းများစွာ တန်တဲ့ စက်ဘီးကြီးကို ကိုင်ထားပြီး ဘာမှမလုပ်တတ်ဘူးဆိုရင်တော့ အဓိပ္ပာယ်မရှိဘူးလေ”

ဒိုဝူးက စက်ဘီးတွေအကြောင်းကို အတော်လေး နှံ့စပ်ပုံရတယ်။ စက်ဘီးတစ်စီးကို ကြည့်လိုက်ရုံနဲ့တင် စျေးနှုန်းကို ပြောနိုင်တာလေ။

“ကျွန်တော်လည်း အဲဒီလိုမျိုးတွေ သင်ယူလို့ရမလား စီနီယာ”

“မခက်ပါဘူး”

“ဒါဆိုရင် ကျွန်တော့်ကို သင်ပေးပါဦး”

“မသင်ပေးဘူး”

“ဘာလို့လဲ”

“စိတ်ရှုပ်ဖို့ကောင်းတယ်။ ပြီးတော့ အသံကို နည်းနည်းလောက် လျှော့စမ်းပါ။ ငါ့နားစည်တွေ ကွဲထွက်တော့မလို ခံစားရလို့”

ဒိုဝူးက သူ့ကို အေးစိမ့်စိမ့် ဆက်ဆံခဲ့တယ်။ ဘန်ဂျူးကတော့ အဲဒါကို အရှုံးမပေးပါဘူး။ သူက ဘေးနားမှာ ကပ်ထိုင်နေပြီး ဒိုဝူးရဲ့ လှုပ်ရှားမှုတစ်ခုချင်းစီကို အသေးစိတ် စောင့်ကြည့်နေခဲ့တယ်။ စကားတစ်လုံးမှမပြောဘဲ ဘီးအပြင်ပြွန်ကို အချိန်အတော်ကြာ ကိုင်တွယ်ပြီးတဲ့နောက်မှာတော့ ဒိုဝူး သက်ပြင်းချလိုက်တယ်။

“နောက်မှ ငါ သင်ပေးမယ်၊ အဲဒါကြောင့် ငါ့ကို စိုက်ကြည့်နေတာကို ရပ်လိုက်ပါတော့”

“တကယ်ကြီးလား စီနီယာ”

“အေးပါ... ဟုတ်တယ်”

ဘန်ဂျူး ပျော်ရွှင်စွာနဲ့ ရယ်မောလိုက်တယ်။ ထိုအချိန်မှာပဲ အနောက်ကနေ ဒေးမြောင်ရဲ့ အသံကို ကြားလိုက်ရတာပေါ့။

“ဘန်ဂျူး၊ ဒိုဝူး”

ပလတ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ အဝတ်အစားတွေကို ကိုင်ထားတဲ့ ဒေးမြောင်ကို သူ မြင်လိုက်ရတယ်။ သူ့အသံက အနည်းငယ် အားနည်းနေပုံရပြီး အဲဒါက လေးလံတဲ့အရာတွေကို ကိုင်ထားရလို့ ဖြစ်မှာပါ။ ဘန်ဂျူး ချက်ချင်းပဲ မတ်တတ်ရပ်လိုက်ပြီး ဒေးမြောင်ဆီကနေ အဝတ်အစားတွေကို လှမ်းယူလိုက်တယ်။

“ကျေးဇူးပဲ။ ငါ တစ်ယောက်တည်း လုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပေမဲ့ နည်းနည်းတော့ ကြောက်စရာကောင်းနေလို့”

“ကျွန်တော့်ကို လှမ်းခေါ်လိုက်ရမှာပေါ့။ ကျွန်တော်က အားသုံးရတဲ့အလုပ်ဆို ယုံကြည်ချက်ရှိပြီးသား”

“နားချိန်ကြီးဖြစ်နေတာမို့လို့ မင်းကို လှမ်းခေါ်ဖို့ အားနာလို့ပါ”

သူက ကလပ်ဥက္ကဋ္ဌဆိုတာ အမှန်ပဲ။ မိမိတို့ရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တဲ့သူတွေက အတော်လေး မိုက်တယ်လို့ ဘန်ဂျူး တွေးမိတယ်။ ဒိုဝူးကလည်း အထုပ်အပိုးအချို့ကို ကူညီသယ်ပေးခဲ့တယ်။ ထို တိုတောင်းလှတဲ့ အချိန်အတွင်းမှာပဲ သူ စက်ဘီးကို ပြင်ပြီးသွားပုံရတာပဲ။

“ဒါတွေအကုန်လုံးကို ဘာလုပ်မလို့လဲ”

“လောလောဆယ်တော့ ပဉ္စမထပ်ဆီ သယ်သွားဖို့ အစီအစဉ်ရှိတယ်။ ငါ့ကို နည်းနည်းလောက် ကူညီပေးနိုင်မလား”

“ဒီအကြောင်းကို ငါတို့ကို ကြိုပြောထားသင့်တာ”

ဒိုဝူးက ရှေ့ကနေ လျှောက်သွားခဲ့တယ်။ ဘန်ဂျူးက ဒေးမြောင်ရဲ့ မျက်နှာကို ခဏလောက် လှမ်းကြည့်ပြီး ပြုံးပြလိုက်ကာ ဒိုဝူးရဲ့နောက်ကို လိုက်သွားခဲ့တော့တာပေါ့။

* * * * * * * * *

All Chapters