← Chapters

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း(၂၄၀)

“ဘာလဲဟ။ သူ အခု ဘယ်သွားပြန်ပြီလဲ”

ကွန်တိန်နာပုံးကြီးထဲမှာ ဘာမှမရှိဘဲ ဗလာကျင်းနေတာကို မြင်တော့ အာရမ်က နှုတ်ခမ်းလေးဆူပြီး ပြောလိုက်တယ်။ ဒေးမြောင် ဒီနားမှာ ရှိနေလိမ့်မယ်လို့ မာရူးက သူမကို ပြောထားခဲ့တာကိုး။

“မရှိဘူးမလား၊ ဒါဆိုလည်း သွားကြစို့လေ”

ဂျီယွန်းက သူမလက်မောင်းကို ဆွဲခေါ်တယ်။ အရင်ကတည်းက သတိထားမိဖူးပေမဲ့ ဂျီယွန်းက တကယ်တော့ အားတော်တော်သန်တာပဲ။ တကယ်လို့ သူမသာ ကိုယ်လက်လှုပ်ရှားမှု ဘာမှမလုပ်ထားရင် ဂျီယွန်းဆွဲခေါ်ရာ နောက်ကို အတင်းပါသွားရမှာ အသေအချာပဲ။ အာရမ်က အေးပါလို့ ပြောရင်း ခြေလှမ်းတစ်လှမ်း နောက်ဆုတ်လိုက်တယ်။

“ဒါပေမဲ့ ဒီအတိုင်း ဖွင့်ထားခဲ့လို့ အဆင်ပြေပါ့မလား”

ပုံမှန်ဆိုရင် သော့ခလောက်ကြီးနဲ့ ခတ်ထားရမှာ ဖြစ်ပေမဲ့ အခုတော့ တံခါးကြီးက ဟာလာဟင်းလင်း ပွင့်နေတုန်းပဲ။

“သူ ဒီမှာ လုပ်စရာကိစ္စ ရှိနေလို့ နေမှာပေါ့။ ဒေးမြောင်စီနီယာက ဒီလိုအရာမျိုးတွေကို မေ့ထားခဲ့မယ့် လူစားမျိုး မဟုတ်ဘူးလို့ ထင်တာပဲ”

“အိုဟို... နင်ကလည်း သူ့ကို တော်တော်မြှောက်ပေးနေတာပဲ။ နင် သူ့ကို သဘောကျနေတာ အမှန်ပဲပေါ့”

ဂျီယွန်း ရှက်သွေးဖြန်းပြီး မျက်နှာနီရဲသွားတာကို ကြည့်ပြီး အာရမ်က တခိခိ ရယ်မောလိုက်တယ်။ ‘စီနီယာဒေးမြောင်’ တဲ့၊ သူမ ခေါ်လိုက်ပုံလေးက။ အပြင်ပန်းကကြည့်ရင် ဒေးမြောင်က ရိုးရိုးသားသား ပြောရရင် သိပ်ပြီး ဆွဲဆောင်မှုရှိတဲ့အထဲ မပါပါဘူး။ သူက ဝတာထက် နည်းနည်း ပိုလွန်နေပြီး လူကောင်ကလည်း တောင့်တောင့်ကြီး၊ ပြီးတော့ အသံကလည်း တိုးတိုးလေး။ ဒါပေမဲ့ သူ့စိတ်နေစိတ်ထားကတော့ အပြစ်ပြောစရာ မရှိအောင် ကောင်းပါတယ်။ ပထမနှစ် ကျောင်းသားတွေကို အဂရုစိုက်ဆုံးလူကလည်း သူပဲလေ။ ဘယ်သူမဆို မျက်မှောင်ကုတ်နေတာ မြင်ရင် ဘာအခက်အခဲ ရှိလို့လဲဆိုပြီး သေသေချာချာ မေးမြန်းတတ်တဲ့ လူစားမျိုး။

‘သူတို့နှစ်ယောက်က တကယ် လိုက်ဖက်ကြတာပဲ ဟုတ်တယ်မလား’

ဒေးမြောင်နဲ့ ဂျီယွန်း။ အာရမ် စိတ်ထဲမှာတော့ ဂျီယွန်းက ဒေးမြောင်အတွက် သိပ်ပြီး အဖိုးတန်လွန်းနေတယ်လို့ ထင်ပေမဲ့ ဒီနှစ်ယောက်ရဲ့ တွဲဖက်မှုက မဆိုးလှပါဘူး။ တကယ်လို့ သူသာ အသုံးမကျတဲ့ ယောကျာ်းတစ်ယောက် ဖြစ်နေရင် အာရမ်က ဂျီယွန်းကို မပတ်သက်ဖို့ ဖျောင်းဖျဦးမှာ ဖြစ်ပေမဲ့ ဒေးမြောင်ကိုတော့ သူမ လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ဂျီယွန်းက ဒေးမြောင်ကို ကြည့်တဲ့ မျက်လုံးတွေက တကယ်ကို ရိုးရိုးသားသား မဟုတ်တော့ဘူး၊ အထူးသဖြင့် မကြာသေးခင်ကတည်းကပေါ့။

“ဒါဆို ငါတို့ စောင့်နေရမလား” ဂျီယွန်းက ဘေးဘီကို ဝေ့ဝဲကြည့်ရင်း ပြောတယ်။ အာရမ်ကတော့ သွားကြစို့လို့ပဲ ပြောပေမဲ့ ဒီစိတ်နုတဲ့ ကောင်မလေးကတော့ ‘တစ်ကယ်လို့များ’ ဆိုတာကို စိုးရိမ်နေပြီး သူပြန်လာမှ သူတို့လည်း ပြန်လာကြရအောင်လို့ အာရမ်ကို ပြောနေပြန်တယ်။

“နင်ကလည်း စိုးရိမ်လွန်လိုက်တာ”

“နင်ကမှ ပေါ့ပျက်ပျက်နိုင်လွန်းတာပါ အာရမ်ရဲ့”

“ဟော... နင်က ဒီရက်ပိုင်း ငါ့ကို ပြန်ပြန်ပြောတာတွေ များလာတယ်နော်။ ဒါတော့ မရတော့ဘူး”

အာရမ်က ဂျီယွန်းရဲ့ ခါးလေးကို လိုက်ပြီး ယားယံအောင် စနောက်တော့တယ်။ ဂျီယွန်းက နာကျင်မှုကို တော်တော်လေး အောင့်ခံနိုင်ပေမဲ့ ယားတတ်တာတော့ အတော်ပဲ။ မကြာခင်မှာပဲ သူမက တခစ်ခစ်နဲ့ ရယ်မောရင်း ထွက်ပြေးတော့တာပေါ့။ ဒါပေမဲ့ အာရမ်ကတော့ အဆုံးထိ လိုက်ဖမ်းတယ်။ ကွန်တိန်နာပုံးကြီးကို ပတ်ပြီး ပြေးလွှားနေကြတာကြောင့် ချွေးတွေတောင် စို့လာခဲ့ပြီ။ သတင်းထဲမှာတော့ ဒီနှစ်ရဲ့ ပျမ်းမျှအပူချိန်က မနှစ်ကထက် ၂ ဒီဂရီ ပိုမြင့်မယ်လို့ ပြောထားတာ ကြားတယ်၊ တကယ်လည်း တော်တော်လေး ပူတာပဲ။ မေလလယ်ပဲ ရှိသေးတယ်၊ ဒါပေမဲ့ သိပ်ပူတာပဲ။

“ရေခဲမုန့် သွားစားပြီးမှ ပြန်လာကြစို့”

အာရမ်က ဂျီယွန်းရဲ့ လက်တွေကို ဆွဲလိုက်တယ်။ ခဏလေးပဲ ဖြစ်မှာမို့လို့ ဂျီယွန်းလည်း ဘာပြဿနာမှ မရှိနိုင်ပါဘူးလို့ တွေးပြီး လိုက်လာခဲ့တော့တယ်။

* * * * * * * * *

“နှစ်ပတ်လယ်စာမေးပွဲက ဘယ်တော့လဲဟ”

“သုံးရက်လိုသေးတယ်”

“ဒီနေ့က တနင်္လာနေ့ဆိုတော့... အင်္ဂါ၊ ဗုဒ္ဓဟူး... ကြာသပတေးနေ့ကျရင် စာမေးပွဲစမှာပေါ့”

“အေးလေ”

“အမလေးဗျာ၊ ဒါဆို တနင်္လာနေ့အထိ ကြာမှာပေါ့”

“ဟုတ်တယ်”

“စိတ်ရှုပ်စရာကြီးကွာ။ ပိတ်ရက်မှာ ပျော်ရမှာ မဟုတ်တော့ဘူး”

“ဟုတ်လို့လား။ မင်း ဘယ်လိုပဲဖြစ်ဖြစ် သွားပျော်ဦးမှာ ငါသိပါတယ်”

ဒီကောင်တွေက ငှားလာတဲ့ ကာတွန်းစာအုပ်တွေကို ဖတ်ရင်း ရယ်မောနေကြတယ်။ ဂွန်ဆော့က ကျွတ် တစ်ချက်သပ်ပြီး သူ့ရဲ့ မှတ်စုစာအုပ်ကို ပိတ်လိုက်တယ်။ ဆရာတွေက လွန်ခဲ့တဲ့ သီတင်းပတ်ကတည်းက စာမေးပွဲအတွက် အဖြေတွေကို ပေးနေခဲ့တာ။ သူတို့က စာမေးပွဲမေးခွန်းတွေ ထုတ်မယ့် စာမျက်နှာတွေကိုပဲ ပြောပြရုံတင်မကဘဲ တိကျတဲ့ စာကြောင်းတွေကိုပါ လက်ညှိုးထိုးပြခဲ့တယ်။ ဘာသာရပ်တိုင်းက ဒီလိုချည်းပဲ။ သူတို့ရဲ့ အဓိကဘာသာရပ်ဆရာကပဲ အကြမ်းဖျင်းပဲ ပြောပြပြီး အကုန်လုံးကို လေ့လာထားဖို့ ပြောခဲ့တာ၊ ကျန်တဲ့ ဘာသာရပ်တွေမှာတော့ ဆရာတွေက မျက်စိမှိတ် အလွတ်ကျက်ရုံနဲ့တင် စာမေးပွဲမှာ အမှတ်ပြည့်ရနိုင်အောင် လုပ်ပေးထားကြတယ်။

တကယ်လို့ ဒါက အပြင်ကျူရှင်ကျောင်းသာ ဆိုရင် ဆရာတွေက ဒီလိုမျိုး လုပ်တာကို သဘောကျကြမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ပြန်လည်လေ့လာရမယ့် နယ်ပယ်က တိုတောင်းနေရင် မေးခွန်းတွေက တကယ်ကို ခက်ခဲသွားတတ်လို့ပဲ။

‘ဒါပေမဲ့ ဒီလို အဆင့်မရှိတဲ့ ကျောင်းကတော့ အဲလိုမဟုတ်ဘူးလေ’

အင်ဂျင်နီယာကျောင်း ပီပီ၊ သူတို့က အဖြေတွေကို ပါးစပ်ထဲ အတင်းထည့်ပေးနေသလိုပဲ။ အဲဒါကြောင့်ပဲ ဂွန်ဆော့က စာမေးပွဲတွေမှာ ပထမဆုကို တစ်ခါမှ မလွတ်ခဲ့တာပေါ့။ သူက စာမေးပွဲအတွက် အသေအလဲ စာကျက်ခဲ့ရတာမျိုး မမှတ်မိပေမဲ့ သူက ပထမပဲ။ အမှန်တော့ ကျူရှင်ကျောင်း ဝင်ခွင့်စာမေးပွဲတွေက ပိုတောင် ခက်ခဲသေးတယ်။ ဒါ့အပြင် သူက ဒီရက်ပိုင်းမှာ အပြင်ကျူရှင်တွေလည်း အများကြီး တက်နေရတာကြောင့် ကျောင်းတက်ချိန်ကို တစ်နာရီလောက်ပဲ လျှော့ချပစ်ချင်စိတ် ပေါက်နေမိတယ်။

ဒီကျောင်းက ဆရာတွေက မြေဖြူခဲတွေကို သုံးပြီး သူ့ကို ဘယ်လောက်ပဲ အသည်းအသန် သင်ကြားပေးဖို့ ကြိုးစားနေပါစေ၊ သူက တခြား အပြင်သင်တန်းတွေကနေ အကုန်လုံးကို ကြိုတင်သင်ယူပြီးသား ဖြစ်နေခဲ့ပြီ။ စကွဲယားရု(တ်)တွေ ဘာတွေဆိုတာ... သူ့ရဲ့ အပြင်ကျူရှင်မှာတော့ ကယ်ကုလပ်(စ်)ကိုတောင် စသင်နေပြီ ဖြစ်ပေမဲ့ ကျောင်းကတော့ နိုင်ငံတော် သင်ရိုးညွှန်းတမ်းအတိုင်းပဲ တရွေ့ရွေ့ သွားနေတုန်းပဲ။

ရယ်စရာကောင်းတာက ဒီကောင်တွေက စာတွေခက်တယ်ဆိုပြီး ညည်းညူနေကြတာပဲ။ ဒီကောင်တွေရဲ့ ခေါင်းထဲမှာ ဉာဏ်ရည်ဉာဏ်သွေးဆိုတာကော ရှိရဲ့လားလို့ သူ တွေးမိတယ်။

“ဟို... ဂွန်ဆော့”

ချိုသာတဲ့ အနံ့အသက်တစ်ခုကို သူ ရလိုက်တယ်။ ဂွန်ဆော့က ပြုံးလိုက်ပြီး အနားကို ချဉ်းကပ်လာတဲ့ ကောင်မလေးကို လှမ်းကြည့်လိုက်တယ်။ သူမက ကောက်ကြောင်းအလှတွေ ပေါ်လွင်နေပြီး ဆရာတွေ သတိမထားမိအောင် နားကပ်အသေးလေးတွေကို ဝတ်ဆင်ထားတယ်၊ ပြီးတော့ နှုတ်ခမ်းနီ ပါးပါးလေးလည်း ဆိုးထားသေးတယ်။ အတန်းထဲမှာ မိန်းကလေး နှစ်မျိုးရှိတယ်။ ဇီဝဗေဒအရသာ အမျိုးသမီးလို့ သတ်မှတ်လို့ရတဲ့ မိန်းကလေးတွေနဲ့ တကယ်ကို မိန်းကလေး ဆန်ချင်တဲ့သူတွေပေါ့။ ဒီကောင်မလေးက ဒုတိယအမျိုးအစားထဲမှာ ပါဝင်တယ်။ သူမက တော်တော်လေး ချစ်ဖို့ကောင်းပြီး ဖွံ့ဖြိုးမှုလည်း ရှိတယ်။ အားလုံးထက် သူသဘောကျတာကတော့ ကိုယ်ချင်းထိတွေ့မှုကို ငြင်းဆန်ခြင်း မရှိတာပဲ။

“ဘာကိစ္စလဲ”

“နင် အကုန်လုံး ချရေးထားပြီးပြီလား။ ငါလည်း အကုန်လုံး လုပ်မလို့ပဲ ဒါပေမဲ့ သိပ်ငိုက်လာလို့” လို့ ပြောရင်း ကောင်မလေးက ကုလားထိုင်တစ်လုံးကို ဆွဲပြီး ထိုင်လိုက်တယ်။

“ဆောရီးပဲ၊ ငါ ဒီဘာသာရပ်အတွက် မှတ်စုမထုတ်ထားဘူး”

“တကယ်ကြီးလား”

“ဆရာက ရှင်းပြတာ သိပ်ကောင်းလွန်းတော့ ငါ ဘာမှ ချရေးနေဖို့ မလိုတော့ဘူးလေ”

“ငါကတော့ ဘာမှ နားမလည်ဘူး”

“နင် အတန်းထဲမှာ ငိုက်နေလို့ နေမှာပေါ့”

“......”

ကောင်မလေးက နှုတ်ခမ်းလေး ဆူသွားတယ်။ ဂွန်ဆော့က ကောင်မလေးရဲ့ ပါးလေးကို လက်နဲ့ တို့လိုက်ပြီး ပြောလိုက်တယ်။

“အဲဒီအစား ငါ နင့်ကို ရှင်းပြပေးမယ်လေ။ ဆရာ အရေးကြီးတယ်လို့ ပြောသွားတဲ့ အပိုင်းတွေကိုပဲပေါ့”

“ဝါး... သိပ်ကျေးဇူးတင်တာပဲ”

သူတို့ရဲ့ အကွာအဝေးက ပုခုံးချင်း ထိမိလုနီးပါးအထိ နီးကပ်သွားပြီး ဂွန်ဆော့က ကောင်မလေးကို သင်ခန်းစာတွေကို ရှင်းပြပေးတော့တယ်။ မာရူးရဲ့ အရှက်ခွဲခြင်းကို ခံရပြီးနောက်ပိုင်း သူက ရက်အနည်းငယ်လောက် ငြိမ်သက်နေခဲ့ရတယ်။ သူ ကြားရသမျှ ရယ်မောသံတိုင်းက သူ့ကို အထင်သေးလှောင်ပြောင်နေသလို ကြားနေရပြီး၊ သူ ရရှိတဲ့ အကြည့်တိုင်းကလည်း သူ့ကို လူလိမ်တစ်ယောက်လို ကြည့်နေကြသလို ခံစားခဲ့ရတာ။ သူ သိပ်ရွံရှာမိတယ်။ နေ့တိုင်းက ငရဲကျနေသလိုပဲ။ သူ့အနားက လူတွေကတော့ အရင်အတိုင်းပဲ ဆက်ဆံကြပေမဲ့ ဂွန်ဆော့ကတော့ သူတို့တွေ စိတ်ထဲကနေ သူ့ကို အထင်သေးနေကြလိမ့်မယ်လို့ ထင်နေခဲ့တာ။

ဒါပေမဲ့ အချိန်အနည်းငယ် ကုန်လွန်သွားပြီးတဲ့နောက်မှာတော့ အဲဒီကောင်တွေက တကယ်ပဲ ဂရုမစိုက်ကြဘူးဆိုတာကို ဂွန်ဆော့ သိလိုက်ရတယ်။ အမှန်တော့ အဲဒီကောင်တွေက သူ့ဆီ လာပြီးတော့တောင် ‘ဒီရက်ပိုင်း နင် စိတ်ညစ်နေတဲ့ပုံပဲ၊ အဆင်ပြေရဲ့လား’ ဆိုပြီး လာနှစ်သိမ့်ပေးကြသေးတယ်။ ဆန်းတော့ ဆန်းသား။ အတန်းတစ်ခုလုံးရဲ့ ရှေ့မှာ အရှက်ခွဲခံခဲ့ရတာ ဖြစ်ပေမဲ့ ဘယ်သူကမှ သူ့အပေါ်ထားတဲ့ သဘောထား ပြောင်းလဲသွားပုံ မရဘူး။ သူ့ကို သိသိသာသာ လျစ်လျူရှုထားတဲ့ သူတွေကတော့ မူလကတည်းက သူ့နဲ့ မရင်းနှီးတဲ့သူတွေပဲ ဖြစ်နေလို့ပဲ။

အဲဒီအတွေ့အကြုံ ပြီးနောက်မှာတော့ ဂွန်ဆော့က အချက်တစ်ချက်ကို သဘောပေါက်သွားခဲ့တယ် - အဲဒါကတော့ လူတွေဟာ ယေဘုယျအားဖြင့် တခြားလူတွေကို ဂရုမစိုက်ကြဘူးဆိုတာပဲ။ တကယ်ကို ရင်းနှီးတဲ့လူ မဟုတ်ရင်၊ သူတို့ကိုပါ လာပြီး မထိခိုက်သရွေ့တော့ သူတို့က နည်းနည်းလေးတောင် ဂရုစိုက်မှာ မဟုတ်ဘူး။ အဲဒီနောက်မှာတော့ ဂွန်ဆော့က ပြန်ပြီး ပြုံးရွှင်လာနိုင်ခဲ့ပြီး လူတိုင်းအပေါ်ကို ပြန်ပြီး ကြင်ကြင်နာနာ ဆက်ဆံခဲ့တယ်။

သူတို့ကို မုန့်ကျွေးတယ်၊ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို နားထောင်ပေးတယ်၊ ပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေကိုလည်း ဦးဆောင်ပြီး လုပ်ပေးခဲ့တယ်။ အချိန်တစ်ခု ရောက်တဲ့အခါမှာတော့ သူ့အပေါ် အကဲဖြတ်ကြတာတွေက အရင်ကထက် အများကြီး ပိုကောင်းလာတာကို သူ သတိထားမိလာတယ်။ အတန်းဖော်တွေက သူ့ကို အတူတူ လာကစားဖို့ အရင်ကထက် ပိုပြီး ခေါ်လာကြသလို၊ အဖွဲ့ဝင်တွေကလည်း အရင်ကထက် ပိုပြီး စုံလင်လာခဲ့တယ်။ အရင်က သူ့ကို လျစ်လျူရှုထားခဲ့တဲ့ သူတွေနဲ့တောင် သူက ရင်းနှီးအောင် လုပ်နိုင်ခဲ့ပြီ။ မဟုတ်ဘူး၊ သူကပဲ အဲလိုဖြစ်အောင် ဖန်တီးခဲ့တာ။

သူ့ရဲ့ ဘုရင်နိုင်ငံတော်ကို သူ ပြန်လည်တည်ဆောက်ခဲ့ပြီ။ ဒီစာသင်ခန်းလေးထဲမှာတော့ ဟောင်ဂွန်ဆော့ ဆိုတဲ့ လူကို မုန်းတီးမယ့်လူ တစ်ယောက်မှ မရှိတော့ဘူး။ တစ်ယောက်မှကို မရှိတာ။ ဒါက တကယ်ကို ကြည်နူးစရာ ကောင်းလှပါတယ်။ ဆရာတွေဆီကလည်း အသိအမှတ်ပြုခြင်း ခံရသလို၊ တခြားလူတွေကလည်း သူ့ကို ဖားကြတယ်။ မိန်းကလေးအချို့က သူ့ကို ပိုပြီး ပွင့်ပွင့်လင်းလင်းနဲ့ လာပတ်သက်ကြတာကလည်း သူ့စိတ်ကို ပိုပြီး ကောင်းမွန်စေတဲ့ အချက်တစ်ချက် ဖြစ်နေခဲ့တယ်။

‘ဒါတော့ မဟုတ်သေးဘူး’

ဟောင်ဂွန်ဆော့ကို မုန်းတဲ့လူ မရှိဘူးဆိုတာကတော့ အမှားတစ်ခုပဲ။ တစ်ယောက်တော့ ရှိသေးတယ်။ ပြီးတော့ သူမကို ကြည့်မိတိုင်းလည်း ဂွန်ဆော့က စိတ်ထဲမှာ ကန့်လန့်ကြီး ဖြစ်နေရတယ်။ သူ့ကိုကြည့်ပြီး ပြုံးနေတဲ့ ချစ်စရာ ကောင်မလေးကို သူ လှမ်းကြည့်လိုက်ပြီး၊ သူမရဲ့ နောက်ကွယ်မှာ ထိုင်နေတဲ့ ဝတုတ်တုတ် ကောင်မလေးကိုတော့ သဘာဝအတိုင်းပဲ စိုက်ကြည့်မိလိုက်တယ်။

ကင်ဆိုယွန်း။ ပြဇာတ်အဖွဲ့ထဲမှာတုန်းကတော့ သူ မျက်လုံးစောင်းလို့တောင် မကြည့်ခဲ့တဲ့ လူစားမျိုး ဖြစ်ပေမဲ့၊ အခုအချိန်မှာတော့ သူမက တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပါတယ်။

“ဘာလဲဟ”

သူ့ဘေးမှာ ထိုင်နေတဲ့ ကောင်မလေးက စိတ်ဝင်တစားနဲ့ လှည့်ကြည့်တယ်။ သူမလည်း ဆိုယွန်းကို မြင်သွားတာပေါ့။

“...နင် ဆိုယွန်းကို စိတ်ဝင်စားနေတာလား ဂွန်ဆော့”

“စိတ်ဝင်စားတာပေါ့၊ ထင်တာပဲလေ”

အဲဒါကို ကြားတော့ ကောင်မလေးက မျက်မှောင်ကုတ်သွားတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူမက ပြုံးပြုံးလေး ပြန်ဖြစ်သွားတာပေါ့။ ဂွန်ဆော့ကတော့ တခြားလူတွေကို ဒီလိုမျိုး စမ်းသပ်ကြည့်ရတာကို အားလုံးထက် ပိုပြီး သဘောကျတယ်။ ဒါက သူ့အပေါ်ထားတဲ့ သူမရဲ့ သံယောဇဉ်ကို အတည်ပြုတဲ့ ဖြစ်စဉ်တစ်ခုပဲလေ။ သာလွန်မှု ခံစားချက်ကြီးက သူ့ရင်ထဲမှာ လှိုက်တက်လာပြီး သူ့ကို ပြုံးမိစေတယ်။

“ငါ သူမကို စိတ်မဝင်စားဘဲ မနေနိုင်ဘူးလေ။ သူက တစ်ယောက်တည်း ဖြစ်နေတာကိုး။ သူမဆီမှာ တစ်ခုခု ဖြစ်ပျက်ခဲ့တာလားလို့ တွေးနေမိတာ။ သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါ သူမကို စိတ်ပူမိလို့ပါ”

“ဘာလဲ၊ အဲလိုလား။ ငါက တခြား ထင်မိတော့မလို့”

“တခြား ထင်မိတယ် ဘာကိုလဲ”

သူမ ဆိုလိုတာကို သိနေရက်သားနဲ့ သူက မေးလိုက်တာ။ ဂွန်ဆော့က ဒီလို လုပ်ရပ်တွေက သူ့ကို ပါးနပ်ပြီး အကောင်းမြင်တတ်တဲ့ ယောကျာ်းတစ်ယောက်အဖြစ် ပေါ်လွင်စေတယ်ဆိုတာကို သိနေလို့ပဲ။

“ဘာမှ မဟုတ်ပါဘူး”

ကောင်မလေးက ခေါင်းခါလိုက်ပြီးနောက် သူမရဲ့ အသံကို နှိမ့်လိုက်တယ်။

“ဒါနဲ့ နင် သိလား”

“ဘာကိုလဲ”

“ကောလာဟလလေ”

“ကောလာဟလ”

“ဆိုယွန်းနဲ့ ပတ်သက်ပြီး မကောင်းတဲ့ ကောလာဟလတစ်ခု ရှိနေတယ်။ သူမက ကလေးကောင်းလေးတစ်ယောက်လို ပြုမူနေပေမဲ့ အဲဒီ ကောလာဟလတွေကြောင့် တခြားလူတွေက သူမကို အနားမကပ်ကြဘူး”

“အဲဒီ ကောလာဟလက ဘာအကြောင်းလဲ”

“သူမမှာ ရည်းစားရှိခဲ့တာကို နင် သိတယ်မလား”

“တေဂျွန်းလား။ သိတာပေါ့။ သူက ငါ့သူငယ်ချင်းပဲလေ”

“ဒါကို ငါပြောရတာ နည်းနည်းတော့ အဆင်မပြေပေမဲ့၊ သူက တေဂျွန်းနဲ့ မလိုက်ဖက်ဘူး မဟုတ်လား။ တေဂျွန်းက ဘယ်လောက်တောင် ချောလဲဆိုတာ ကြည့်လိုက်ဦး”

“ချောတာပေါ့”

“ဟုတ်တယ်မလား။ ဒါပေမဲ့ ဆိုယွန်းကတော့ နည်းနည်း... အာ... ငါက ဒီလို စကားမျိုးတွေကို တကယ် မပြောချင်ပါဘူး၊ ဒါပေမဲ့ ငါပြောတာကို နင် နားလည်ပါတယ် ဟုတ်တယ်မလား”

သူမက ညစ်ပတ်တဲ့ စကားလုံးတွေကို နှုတ်ကနေ အသံထွက်ပြီး မပြောချင်တဲ့ လူစားမျိုးပေါ့။ ဂွန်ဆော့က သူမကို ကိုယ်ချင်းစာပြလိုက်တယ်။ သူ သူမကို နားလည်ပေးတာပေါ့။ လူတွေက လူတိုင်းရဲ့ ရှေ့မှာ လူကောင်း အဖြစ်ခံချင်ကြတာပဲ။ ဂွန်ဆော့ကလည်း သူမကို အရှက်ခွဲဖို့ အစီအစဉ် မရှိပါဘူး။ သူက လူကောင်းတစ်ယောက်လို ပြုမူရမယ်လေ။ ဘယ်သူသိမလဲ၊ တစ်နေ့ကျရင် သူမက သူ့ကို သူမရဲ့ ခန္ဓာကိုယ်နဲ့ ပြန်ပြီး ကျေးဇူးဆပ်ချင် ဆပ်ဦးမှာပေါ့။

“နားလည်တာပေါ့။ အမှန်တော့ ငါလည်း အဲလိုပဲ တွေးခဲ့တာ”

“ဟုတ်တယ်မလား။ ဒါက နည်းနည်းတော့ ထူးဆန်းတယ်။ တေဂျွန်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဆိုယွန်းထက် အများကြီး ပိုကောင်းတဲ့ မိန်းကလေးနဲ့ တွေ့ဆုံနိုင်ရမှာ။ ဒါပေမဲ့ ဆိုယွန်းမှာ တစ်ခုခု လိုအပ်ချက် ရှိနေတယ်လို့ ငါပြောတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့...”

“အင်း... ဩော်၊ ဒါဆို အဲဒီ ကောလာဟလက ဘာအကြောင်းလဲ”

ကောင်မလေးက လျှို့ဝှက်ချက်တစ်ခုကို ပြောတော့မယ့်အတိုင်း သူမရဲ့ အသံကို ပိုပြီး နှိမ့်လိုက်ပြန်တယ်။

“နင် ယွန်ရင်ကို မှတ်မိလား”

“အာ... အင်း၊ မှတ်မိတာပေါ့”

ယွန်ရင်ဆိုတာ သူ မကြားရတာ ကြာပြီဖြစ်တဲ့ နာမည်တစ်ခုပဲ။ ကျောင်းပြောင်းသွားခဲ့တဲ့ သူ့ရဲ့ ရည်းစားဟောင်းပေါ့။ သူက သူမကို တော်တော်လေး ငြီးငွေ့နေပြီ ဖြစ်တာကြောင့် သိပ်ပြီး ဂရုမစိုက်ခဲ့ပေမဲ့ သူမအကြောင်းကို ပြန်ကြားရတာကတော့ နည်းနည်း သစ်ဆန်းသလို ခံစားရတယ်။ နမ်းတဲ့အချိန်မှာ သူမက တော်တော်လေး တက်ကြွခဲ့တာကြောင့် ဒါက နည်းနည်းတော့ ပျော်စရာ ကောင်းသား။

“သူမက ဆိုယွန်းနဲ့ သူငယ်ချင်းတွေလေ၊ နင် မှတ်မိလား”

“အေးလေ။ အဲဒီနှစ်ယောက်က အတန်းစတက်ခါစတုန်းက အမြဲတမ်း အတူတူရှိနေခဲ့ကြတာ”

“ဒါပေမဲ့ အချိန်တစ်ခုကစပြီး အဲဒီနှစ်ယောက်က ပတ်သက်မှု ဖြတ်တောက်လိုက်ကြပြီး ယွန်ရင်က ရုတ်တရက်ကြီး ကျောင်းပြောင်းသွားခဲ့တယ် မဟုတ်လား။ အဲဒါက အကုန်လုံး ဆိုယွန်းကြောင့်လို့ သိရတယ်”

“တကယ်ကြီးလား”

“ဟုတ်တယ်။ သူမက ယွန်ရင်ကို သိပ်ပြီး နှိပ်စက်ခဲ့တာလို့ သိရတယ်။ ဒါပေမဲ့ တေဂျွန်းကတော့ အခြေအနေတွေကို မသိဘဲ ပြောင်းပြန် ထင်နေခဲ့တာ၊ အဲဒါကြောင့် သူက ဆိုယွန်းကို ကူညီဖို့ ကြိုးစားခဲ့တာပေါ့။ သူက ဆိုယွန်းကို သနားလို့ တွဲနေတာလို့ သိရတယ်”

ကောင်မလေးက အဲဒီအထိ ပြောပြီးတဲ့နောက်မှာတော့ သူမ အမှားတစ်ခုခု လုပ်မိသွားသလိုမျိုး အမူအရာ လုပ်လိုက်တယ်။

“...ဩော်၊ ဟုတ်သားပဲ။ နင်က ယွန်ရင်နဲ့ တွဲခဲ့တာပဲ ဟုတ်တယ်။ ဒါဆို နင် ဒီအကြောင်းကို ကြားရတာ သဘောကျမှာ မဟုတ်ဘူး”

“ငါနဲ့ ယွန်ရင်လား။ မဟုတ်ပါဘူး၊ လုံးဝ မဟုတ်ပါဘူး”

“ဩော်၊ တကယ်ကြီးလား။ ဒါဆို ငါက နင်တို့နှစ်ယောက်ကို အထင်မှားသွားတာပေါ့”

“လူအများကြီးက ငါတို့ ပတ်သက်မှုကို အထင်မှားခဲ့ကြတာ။ ယွန်ရင်က စိတ်ဆင်းရဲနေတဲ့ပုံ ပေါက်နေလို့ ငါက သူမကို နှစ်သိမ့်ပေးဖို့အတွက် အတူတူ လျှောက်လည်ပေးခဲ့တာ။ သူမက သနားဖို့ ကောင်းပါတယ်။ အင်း... တခြားလူတွေကတော့ အဲလိုမျိုး ထင်ကြမှာပေါ့”

“ဩော်... ဒါဆို အဲလိုမျိုး ဖြစ်ခဲ့တာပေါ့”

“ဒါပေမဲ့ ငါ ဘာမှ အကူအညီ ဖြစ်ခဲ့ပုံမရပါဘူး။ ငါ သူမရဲ့ စိတ်ကို သက်သာရာရစေချင်ခဲ့ပေမဲ့ သူမက ငါ့ကို သိပ်ပြီး အားကိုးလို့ရတယ်လို့ မထင်ခဲ့ဘူး ထင်ပါရဲ့။ တကယ်လို့ ငါ သူမအပေါ်ကို နည်းနည်းလေး ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ရင်၊ သူမက အခုထိ ဒီကျောင်းမှာ ရှိနေဦးမှာပဲ။ သူမ ကျောင်းပြောင်းသွားတာက ငါ့အပြစ်ကြောင့်လို့ တစ်ခါတလေ ခံစားရတယ်... ငါသာ နည်းနည်းလေး ပိုပြီး ကောင်းခဲ့ရင်...”

“မဟုတ်တာ၊ လုံးဝ မဟုတ်တာ။ အဲဒါက နင့်အပြစ် ဘယ်လိုလုပ် ဖြစ်မှာလဲ။ နင်က လုံးဝ အပြစ်မရှိပါဘူး ဂွန်ဆော့ရဲ့။ အမှန်တော့ သူမကသာ ပြဿနာပဲ”

ဂွန်ဆော့က သူ ဝမ်းနည်းနေသလိုမျိုး အမူအရာ လုပ်ရင်း ခေါင်းကို ခါလိုက်တယ်။

“သူမမှာလည်း သူမရဲ့ အကြောင်းပြချက်တွေ ရှိမှာပေါ့။ ဆိုယွန်းက ဒီလို ဆိုးဝါးတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေဖို့ကတော့ မဖြစ်နိုင်ပါဘူး။ နင်ကော မထင်ဘူးလား”

“ငါလား။ ဒါပေါ့။ ငါက ဒီလို ကောလာဟလမျိုး ရှိနေတယ်ဆိုတာကို နင် သိအောင် ပြောပြချင်ရုံတင်ပါ”

“အိုကေ။ တကယ်လို့ ဆိုယွန်းက တကယ်ပဲ ကလေးကောင်းတစ်ယောက် ဆိုရင်တော့ ကောလာဟလတွေက မကြာခင် ပျောက်ကွယ်သွားမှာပါ။ ဩော်... ငါတို့ စာကျက်နေတာပဲ ဟုတ်တယ်။ ငါတို့ ဘယ်နား ရောက်သွားပြီလဲ”

သူတို့က အဓိက အကြောင်းအရာဆီကို ပြန်သွားကြတယ်။ ဂွန်ဆော့ကတော့ စိတ်ထဲကနေ ရယ်မောနေမိတာပေါ့။ တေဂျွန်းက ဆိုယွန်းနဲ့ တွဲနေတာကို မကျေနပ်တဲ့ တစ်ယောက်ယောက်က ဒီလို ကောလာဟလမျိုးကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့တာကတော့ ထင်ရှားလှပါတယ်။ ဒါပေမဲ့ အဲဒီနှစ်ယောက်က မလိုက်ဖက်တာတော့ အမှန်ပဲ။ တေဂျွန်းက တကယ်ပဲ မိန်းကလေး ရွေးချယ်မှု အဆင့်အတန်း နိမ့်လွန်းတယ်။ အဲဒီလို မိန်းကလေးမျိုးနဲ့ ဘာကြောင့် တွဲချင်ရတာလဲဆိုတာကို ဂွန်ဆော့ တွေးလို့ မရဘူး။

ကောင်မလေးရဲ့ ရုပ်ရှင်အတူတူ ကြည့်ဖို့ ဖိတ်ခေါ်ချက်ကို ‘အင်း’ လို့ ပြန်ဖြေပြီးနောက် ဂွန်ဆော့က ထရပ်လိုက်တယ်။ အတန်းထဲကနေ ထွက်ခွာရင်း ဂွန်ဆော့က ဆိုယွန်းကို လှမ်းကြည့်လိုက်တယ်။ မျက်လုံးချင်း ဆုံမိသွားကြပြီး ဆိုယွန်းက သူ့ကို ရန်လိုတဲ့ အကြည့်နဲ့ စိုက်ကြည့်လိုက်ပြီးနောက် လျစ်လျူရှုပစ်လိုက်တယ်။ ဂွန်ဆော့က သွားကို ကြိတ်လိုက်မိတာပေါ့။ သူ ဒီမိန်းကလေးကို သဘောမကျဘူး။ ဆိုယွန်းက ပြဇာတ်အဖွဲ့ထဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာကို သိနေခဲ့တာ။ သူမက သူ့ကို ရင်ဘတ်ထဲက ဆူးတစ်ချောင်းလိုမျိုး ဖြစ်နေအောင် စိတ်အနှောင့်အယှက် ပေးနေခဲ့တာ။ သူမသာ ယွန်ရင်လိုမျိုး ပျောက်ကွယ်သွားရင် ပိုကောင်းဦးမယ်။

ဂွန်ဆော့က အဲဒီကောင်မလေးဆီကနေ အမှတ်တွေ ပိုရဖို့အတွက် ကန်တင်းဘက်ကို ဆင်းလာခဲ့တယ်။ အအေးတစ်ခွက် သောက်ရင်း သူမနဲ့ စကားပြောဖို့ သူ စီစဉ်ထားတာ။ ပထမထပ် ကန်တင်းကို မရောက်ခင်လေးမှာပဲ ဂွန်ဆော့က မိန်းကလေး နှစ်ယောက် ကန်တင်းထဲကို လမ်းလျှောက်ဝင်သွားတာကို မြင်လိုက်ရတယ်။

‘ဒီ စုန်းမတွေကတော့...’

လီဂျီယွန်း။ သူမက သူ့ကို ရဲရဲတင်းတင်း ပြန်လည်ပြောဆိုခဲ့တုန်းက ရရှိခဲ့တဲ့ တုန်လှုပ်မှုက သူ့ရင်ထဲမှာ ရှိနေတုန်းပဲ။ အဲဒီအကျိုးဆက်ကြောင့်ပဲ မာရူးက သူ့ရဲ့ အမှားကို ဖမ်းမိသွားခဲ့ပြီး၊ နောက်ဆုံးမှာတော့ သူ ပြဇာတ်အဖွဲ့ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်လို့ပဲ။

ဂျီယွန်းရဲ့ ဘေးမှာရှိနေတဲ့ အသားညိုညိုနဲ့ စုန်းမကတော့... သူ ပထမနှစ် ဒီဇိုင်းဌာနက လူအချို့ကို သွားပြီး စည်းရုံးဖို့ ကြိုးစားတုန်းက သူ့ကို ညှပ်ဖိနပ်နဲ့ လှမ်းပေါက်ခဲ့တဲ့ ကောင်မလေးပဲ။ အဲဒီ ညှပ်ဖိနပ်နဲ့ အထိခံခဲ့ရတဲ့ မျက်လုံးက အခုထိ နာကျင်နေသလိုမျိုး သူ ခံစားလိုက်ရတယ်။ သူ တကယ်ကို ရိုက်နှက်ပစ်ချင်နေတဲ့ စုန်းမနှစ်ကောင်က အတူတူ ရှိနေကြတာပဲ။

“အမြန်လေး တစ်ခုခု သွားယူရအောင်။ ကွန်တိန်နာပုံးကြီးက ပွင့်နေတယ်”

“ငါ သိပါတယ်ဟ”

သူ သူတို့ဘေးကနေ ဖြတ်သွားရင်း သူတို့ရဲ့ စကားပြောသံကို ကြားလိုက်ရတယ်။ ကွန်တိန်နာပုံးကြီး အဲဒီအချိန်မှာပဲ တောက်ပတဲ့ အတွေးစိတ်ကူးတစ်ခုက ဂွန်ဆော့ရဲ့ ခေါင်းထဲမှာ ပေါ်လာခဲ့တယ်။ ပြဇာတ်အဖွဲ့က သူ သဘောမကျတဲ့ လူတွေနဲ့ ပြည့်နှက်နေတာ ဖြစ်ပေမဲ့၊ အခုတော့ သူ့အတွက် ကလဲ့စားချေဖို့ နည်းလမ်းတစ်ခု ရှိလာခဲ့ပြီ။ ဂွန်ဆော့က ပြုံးစိစိ လုပ်လိုက်ပြီး ကျောင်းရဲ့ နောက်ဖေးဘက်ဆီကို လမ်းလျှောက်သွားတော့တယ်။

* * * * * * * * *

All Chapters