အခန်း ၂၄၁
Vol. 25 Ch. 241
အခန်း(၂၄၁)
“ဒါတွေအကုန်လုံးလည်း လက်နဲ့ပဲ ချုပ်ထားတာလား”
၅ ထပ်မှာရှိတဲ့ ကိုယ်ပိုင်စာကြည့်ခန်းရဲ့ ထောင့်တစ်နေရာမှာ အဝတ်အစားတွေကို ချထားရင်း ဒိုဝူးက မေးလိုက်တယ်။ အဲဒီထဲမှာ ရဲတပ်ဖွဲ့ဝင်ယူနီဖောင်းရယ်၊ ပုခုံးပေါ်မှာ သံကွင်းကြိုးအပါးလေးတွေ ပါတဲ့ ထူးထူးဆန်းဆန်း ရှပ်အင်္ကျီတစ်ထည်ရယ်၊ ကိုယ်လုံးကိုယ်ပေါက်ကို ထင်းခနဲ ပေါ်စေမယ့် သားရေဂျာကင်တစ်ထည်ရယ် ရှိနေတာပါ။
တချို့အဝတ်အစားတွေကို ဆိုင်တွေမှာ ဝယ်လို့ရနိုင်ပေမဲ့ ရဲယူနီဖောင်းနဲ့ သံကွင်းကြိုးပါတဲ့ ရှပ်အင်္ကျီကတော့ လက်နဲ့ပဲ သေသေချာချာ ချုပ်ထားတာ သိသာလွန်းလှတယ်။
“ငါတို့ စီနီယံဟောင်းတစ်ယောက်က အဝတ်အစားဒီဇိုင်းပညာရပ်ကို လေ့လာခဲ့တာလေ။ သူက ကျောင်းပြီးသွားတာတောင် လာကူညီပေးနေတုန်းပဲ။ ဒီတစ်ထည်ကိုလည်း အဲဒီစီနီယာပဲ ချုပ်ပေးခဲ့တာ ထင်တယ်”
“ဒါပေါ့၊ ငါထင်သားပဲ”
“မင်း အဲဒီပလတ်စတစ်အစွပ်တွေကို ခွာပြီး တစ်ခုခု ချို့ယွင်းချက် ရှိမရှိ ကြည့်ပေးလို့ရမလား။ ပြဲနေတာတွေ ရှိရင် ပြန်ချုပ်ရမှာမလို့” ဒေးမြောင်က ဘန်ဂျူးကို ပြောလိုက်တယ်။ ဘန်ဂျူးကလည်း အသံကျယ်ကြီးနဲ့ ပြန်ထူးပြီးတော့ နေရာမှာတင် ထိုင်ချကာ အဝတ်အစားတွေကို တစ်ထည်ချင်း စစ်ဆေးပါတော့တယ်။
“ကဲ ပြောပါဦး”
ဒိုဝူးက သူ့ကိုကြည့်ပြီး ပြုံးစိစိလုပ်နေတဲ့ ဒေးမြောင်ကို မကျေမနပ်နဲ့ ပြန်ပြော လိုက်တယ်။ သူက ဒါကို လုံးဝအဆင်မပြေဘူးလို့ အတိအကျ ဖော်ပြနေတာတောင် ဒေးမြောင်က သူ့ကို စိုက်ကြည့်နေတုန်းပဲ။ ဒီကောင် တစ်နေ့ထက်တစ်နေ့ ပိုပြီး လည်လာတယ်လို့ ဒိုဝူး ခံစားနေရတယ်။
ဒါပေမဲ့လည်း နောက်ဆုံးတော့ ဒိုဝူး တစ်ယောက် ထိုင်လိုက်ရတာပါပဲ။
“ဒိုဝူး၊ အဲဒါတွေက မင်းဝတ်ရမှာတွေလေ၊ ဝတ်ကြည့်ပါဦး” ဒေးမြောင် ညွှန်ပြလိုက်တာက သံကွင်းကြိုးတွေပါတဲ့ ရှပ်အင်္ကျီပဲ ဖြစ်တယ်။
“ဒီတစ်ထည်လား”
“အင်းလေ”
“ဟေ့လူ၊ ငါ့ဇာတ်ကောင်က လူမိုက်ဆိုပေမဲ့ ဒါက နည်းနည်း တရားလွန်မနေဘူးလား။ လူမိုက်က ဟဲဗီးမက်တယ် သီချင်းတွေ ဘာတွေ ကြိုက်နေတဲ့သူလည်း မဟုတ်ဘဲနဲ့”
“အာ၊ မင်းက အဲလိုထင်လို့လား”
ဒိုဝူး သက်ပြင်းတစ်ချက်ချပြီး ပထမဆုံး ပလတ်စတစ်အစွပ်ကို ခွာလိုက်တယ်။ ရှပ်အင်္ကျီက အမည်းနဲ့ အနီရောင် စပ်ထားတာပါ။ သံကွင်းကြိုးတွေကိုသာ ဖြုတ်လိုက်ရင် အသုံးမပြုနိုင်လောက်အောင် ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး။
တကယ်လို့ အဲဒီလူမိုက်က ဆိုင်ကယ်ဂိုဏ်းက ဘာကောင်ညာကောင်သာဆိုရင် ဒါက မဆိုးတဲ့ ဝတ်စုံတစ်ခုပဲ။ ဒိုဝူးဟာ အတွင်းရော အပြင်ပါ တစ်ခုခု ချို့ယွင်းချက် ရှိမရှိ လိုက်ရှာပြီး တစ်ခါတည်း ဝတ်ကြည့်လိုက်တယ်။ အဝတ်အစားတွေကို ဝတ်ဆင်ပြီးတော့ သူ့ကိုယ်နဲ့ တော်မတော် သိရအောင် မှန်အရှေ့မှာ သွားရပ်ကြည့်နေမိတယ်။
“စီနီယာ... မင်းနဲ့ သိပ်လိုက်တာပဲ” နောက်ဘက်ကနေ ဘန်ဂျူးက လှမ်းပြောလိုက်တယ်။
“မင်းပြောချင်တာက ငါက လူမိုက်နဲ့ တူတယ်ပေါ့”
“ဟုတ်ပဗျာ၊ လူမိုက်ဂိုဏ်းစတားနဲ့ကို ကွက်တိပဲ”
ဒီကောင်ကတော့ အပြောအဆို ဆင်ခြင်ရမှန်းကို မသိဘူး။ ဒိုဝူး တဟားဟား ရယ်မောပြီး အဝတ်အစားတွေကို ပြန်ချွတ်လိုက်တယ်။ လှုပ်ရှားရတာတော့ သိပ်ပြီး အနှောင့်အယှက် မဖြစ်ပါဘူး။ သံကွင်းကြိုးတွေကို ဖြုတ်ပစ်လိုက်ရင် ဒီဝတ်စုံကို သုံးလို့ရမယ်လို့ သူ တွေးလိုက်တယ်။
“မင်းက ငါ့ကို ဘာလို့ အဲဒီလိုကြီး စိုက်ကြည့်နေတာလဲ”
ဒေးမြောင်က သူ့ကို စိုက်ကြည့်နေတာ တော်တော်တောင် ကြာနေပြီ။ သူက မေးလိုက်တဲ့အခါကျမှ ပြုံးပြုံးကြီးနဲ့ ပြန်ဖြေတယ်။
“မင်းက တကယ်တမ်းကျတော့ အတော်လေး အသေးစိတ် စေ့စပ်သေချာတာပဲလို့ တွေးနေလို့ပါ”
“ငါ တစ်ခုခုလုပ်မယ်လို့ ပြောပြီးရင် သေသေချာချာ လုပ်တတ်တဲ့လူမလို့ အဲဒါကိုတော့ စိတ်မပူပါနဲ့။ အဲဒါထက်... ငါ ဒီသံကွင်းကြိုးတွေကို ဖြုတ်လိုက်လို့ရတယ်မလား”
“အဝတ်လျှော်ဆိုင်မှာ သွားဖြုတ်ခိုင်းရင် ရမယ်ထင်တယ်။ ဒါပေမဲ့ ဒါကြီး ပါနေတာက ပိုပြီး မိုက်သလိုပဲ...”
“ဒါက မိုက်တယ် ဟုတ်လား”
“အဲ... မဟုတ်ဘူးလား”
“လုံးဝ မမိုက်ဘူး”
ဒေးမြောင်က သံကွင်းကြိုးတွေကို နှမြောတသသနဲ့ ကြည့်နေရှာတယ်။ ဒိုဝူးကတော့ ဝတ်စုံကို ပလတ်စတစ်အိတ်ထဲ ပြန်ထည့်လိုက်ပါပြီ။
“ငါတို့ အကုန်လုံး စစ်ပြီးပြီမလား”
“ဒါတွေကို ဒီမှာပဲ ထားခဲ့လို့ရမလား။ တခြားလူတွေ ဝင်လာနိုင်တယ်လေ”
ဒီကိုယ်ပိုင်စာကြည့်ခန်းကို သုံးလေ့သုံးထ မရှိဘူးဆိုပေမဲ့လည်း စာမေးပွဲတွေ နီးလာပြီဖြစ်လို့ ကျောင်းသားတွေ ဒီနေရာကို သုံးနိုင်တယ်။ သူတို့က ဒါကို ကလပ်ခန်းလိုမျိုး သုံးနေကြတာဆိုပေမဲ့ မူလကတော့ စာကျက်ဖို့ ရည်ရွယ်ထားတာမလို့ တံခါးကို ဒီတိုင်း သော့ခတ်ထားခဲ့လို့ မရပါဘူး။
“ရပါတယ်၊ ဆရာ တေးဆစ် က ခွင့်ပြုချက် တောင်းထားပြီးသားပဲ။ တခြားလူတွေကိုတော့ စာကျက်အဖွဲ့တစ်ခုက ဒီအခန်းကို ဘွတ်ကင်လုပ်ထားတယ်လို့ ပြောထားတယ်...”
“ဒါဆို သူက ဆရာတစ်ယောက်ဖြစ်ပြီးတော့ လိမ်ပြောထားတာပေါ့”
“...ဇာတ်လမ်းသရုပ်ဆောင်တာကို လေ့လာတာကလည်း စာကျက်တာတစ်မျိုးပဲ မဟုတ်ဘူးလား”
“မင်းက အခုတော့ မာရူး လိုမျိုး ဆင်ခြေတွေ ပိုပေးတတ်လာပြီနော်”
“အဲ... မင်းက အဲလိုထင်လို့လား”
ဒိုဝူးက ဝတ်စုံတွေကို တစ်နေရာတည်းမှာ စုပြီး ဆင့်ထားလိုက်တယ်။ သူက ပစ္စည်းတွေကို သပ်သပ်ရပ်ရပ် သိမ်းဆည်းရတာ အကျင့်ဖြစ်နေတာပါ။ သူ့အဖေက ဆီဆိုင်မှာ အလုပ်လုပ်ပြီး အမေကတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်၊ ပြီးတော့ သူ့အမက အိမ်ကနေ ထွက်သွားခဲ့ပြီ။ အိမ်မှုကိစ္စတွေကို ကိုယ်တိုင် လုပ်ဆောင်ရတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရတာမလို့ အရာရာ ရှုပ်ပွနေတာကို သူ မနှစ်သက်ဘူး။ သူက ဆိုင်ကယ်တွေအကြောင်း လေ့လာပြီး ပြင်ဆင်ဖို့ ကိရိယာတွေ ဝယ်ခဲ့တာဟာ အရာအားလုံးကို ကိုယ်တိုင်လုပ်ဖို့ သူ့ရဲ့ မသိစိတ်က ခိုင်းစေခဲ့တာကြောင့်များလားလို့ ရုတ်တရက် တွေးမိသွားတယ်။
“ငါ အောက်ထပ်ကို ခဏလောက် သွားလိုက်ဦးမယ်” ဒေးမြောင်က ရုတ်တရက် ပြောပြီး မတ်တတ်ထရပ်လိုက်တယ်။
“ဘယ်လဲ”
“ကွန်တိန်နာသေတ္တာ သွားသော့ခတ်မလို့။ ငါ အဝတ်အစားတွေ ထုတ်တုန်းက ခံစားမိတာ၊ အထဲမှာ တော်တော်ပူနေတာနဲ့ နည်းနည်း အေးသွားအောင် ဖွင့်ထားခဲ့တာလေ”
ဒေးမြောင်က ထရပ်ရင်း သူ့ကျောင်းယူနီဖောင်းမှာ ကပ်နေတဲ့ အပ်ချည်မျှင်စလေးတွေကို ခါထုတ်လိုက်တယ်။ သူ ထွက်သွားခါနီးမှာပဲ ကိုယ်ကို ပြန်လှည့်လာပြီးတော့-
“ငါနဲ့ အတူတူ လိုက်မလား။ ရေခဲမုန့် ဝယ်ကျွေးမယ်”
“မင်းကိုယ်တိုင်လည်း စားချင်နေလို့ မဟုတ်ဘူးလား”
အဲဒီစကားကို ကြားတော့ ဒေးမြောင်က ဘာမှမပြောဘဲ ပြုံးနေတယ်။
“မင်း ဝိတ်ချနေတာလို့ ငါ ထင်ထားတာ”
“ဒီနေ့က နောက်ဆုံးရက်ပဲလေ။ ဘန်ဂျူး၊ မင်းလည်း လိုက်ခဲ့ပါလား”
“ဟုတ်ကဲ့ စီနီယာ”
ဒိုဝူး ပုခုံးတစ်ချက်တွန့်ပြီး သူ့နောက်ကနေ လိုက်သွားပါတော့တယ်။
“ဟင်”
ဒေးမြောင်တစ်ယောက် စတိုးဆိုင်ထဲမှာ ဂျီယွန်း နဲ့ အာရမ် တို့ကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးက ပုံမှန်မဟုတ်ဘဲ ထူးဆန်းနေကြတယ်။ အာရမ်ရဲ့ မျက်နှာမှာ ပြုံးစိစိ ဖြစ်နေပြီး ဂျီယွန်းကတော့ အစွမ်းကုန် တားဆီးနေတဲ့ ပုံစံမျိုးပဲ။
“စီနီယာ”
အာရမ်က လက်လှမ်းပြပြီး နှုတ်ဆက်လိုက်တယ်။ နေလည်စာစားချိန် ဖြစ်နေလို့ ကျောင်းသားတွေ တော်တော်များများ ရှိနေပြီး အာရမ်ရဲ့ အသံကျယ်ကြီးကြောင့် လူတွေအားလုံးရဲ့ အာရုံက ချက်ချင်း ရောက်လာပါတော့တယ်။ ဒေးမြောင်က အဲဒီအကြည့်တွေကြောင့် ခဏလောက် လန့်သွားပြီး သူတို့ဆီ အမြန် လျှောက်သွားလိုက်တယ်။
“ရုတ်တရက်ကြီး ဘာဖြစ်တာလဲ”
“စီနီယာ၊ သိလား...” အာရမ်က တစ်ခုခု ပြောဖို့ လုပ်နေတုန်းမှာပဲ ဂျီယွန်းက အာရမ်ရဲ့ ပါးစပ်ကို သူ့လက်နှစ်ဖက်နဲ့ အုပ်ပိတ်လိုက်တယ်။ ခါတိုင်း သိမ်မွေ့လွန်းတဲ့ ကောင်မလေးရဲ့ ဒီလို ရဲရင့်တဲ့ လုပ်ရပ်ကြောင့် ဒေးမြောင်တောင် အံ့ဩသွားရတယ်။
“အို... အဲဒါက ဘာမှမဟုတ်ပါဘူး စီနီယာ”
ဂျီယွန်းက နေရခက်သလို ပြုံးပြီး ဘေးကို တစ်ချက် ရှောင်လိုက်တယ်။ အဲဒီအချိန်မှာပဲ ဂျီယွန်းက အာရမ်ရဲ့ ခါးကို ဆိတ်နေတာကို ဒေးမြောင် မြင်လိုက်ရတယ်။ တော်တော်လည်း နာမယ့်ပုံပဲ။ အာရမ်လည်း မျက်ရည်ဝဲရင်း ဘေးကို ရှောင်သွားရှာတယ်။
“ဘာတွေ ဖြစ်နေတာလဲ”
“ဟီးဟီး... ဘာမှမဟုတ်ပါဘူး”
အာရမ်က လွန်ခဲ့တဲ့ ခဏလောက်အထိ သူ့ကို ပြောစရာ အလုပ်တစ်ခုခု ရှိနေမယ့်ပုံပဲ၊ ဒါပေမဲ့ ဂျီယွန်းက ငိုတော့မယ့် မျက်နှာကြီး ဖြစ်နေတာကို မြင်တော့ သူ့သဘောထားကို ချက်ချင်း ပြောင်းလဲပစ်လိုက်တယ်။ ဒေးမြောင်က ဘာဖြစ်တာလဲဆိုတာ သိချင်နေပေမဲ့ မမေးသင့်ဘူးလို့ ခံစားလိုက်ရတယ်။
“စီ... စီနီယာ။ ဘာ... ဘာစားမလို့လဲဟင်။ ငါ ဝယ်ပေးပါရစေ” ဂျီယွန်းက အားနာနာနဲ့ မေးလိုက်တယ်။ ဒေးမြောင်က ခေါင်းယမ်းပြီး ပြောလိုက်တယ်။
“ငါပဲ ဝယ်ကျွေးပါ့မယ်။ မင်းတို့ ကောင်မလေးနှစ်ယောက် ဘာစားချင်လဲ”
“ငါ နို့သောက်ချင်တယ်” အာရမ်က ပြန်ဖြေတယ်။ ဂျီယွန်းကတော့ ခဏလောက် တွန့်ဆုတ်နေပြီးမှ “စီနီယာ သောက်မယ့်ဟာပဲ ပေးပါ” လို့ ပြန်ပြောတယ်။
“အိုကေ၊ ခဏလေး စောင့်ဦးနော်။ ဒိုဝူး၊ ဘန်ဂျူး။ မင်းတို့နှစ်ယောက် ရေခဲမုန့် အဆင်ပြေလား”
သူတို့နှစ်ယောက်လုံး ခေါင်းငြိမ့်ပြကြတယ်။
“အော် ဟုတ်သားပဲ စီနီယာ။ ကွန်တိန်နာသေတ္တာကြီး ပွင့်နေတာ ငါ တွေ့ခဲ့တယ်...” ဂျီယွန်းက စိုးရိမ်တကြီးနဲ့ မေးမြန်းလိုက်တယ်။
“အော် ဒါလား။ ငါ တမင် ဖွင့်ထားခဲ့တာပါ။ အထဲမှာ သိပ်ပူနေလို့။ နေ့လယ်ကျရင် ငါတို့ အသုံးအဆောင် ပစ္စည်းတွေကို သွားစစ်ရမှာလေ၊ ဒီတိုင်း ထားခဲ့ရင် သိပ်ပူနေမှာစိုးလို့ နည်းနည်းလေး ဟထားခဲ့တာ”
“အော်... အဲလိုကိုး” ဂျီယွန်းက အဲလိုပြောရင်း ပြုံးလိုက်တယ်။ သူ့ပါးပြင်ပေါ်မှာ ပါးချိုင့်လေး နက်ခနဲ ပေါ်လာတယ်။ ဂျီယွန်းက သူ့လက်နဲ့ မျက်ခုံးပေါ်က ဆံပင်စတွေကို သပ်တင်လိုက်တာကို ဒေးမြောင်က ငေးကြည့်နေမိရင်းမှ လန့်ဖျပ်သွားရတယ်။ အာရမ်ရဲ့ မျက်နှာမှာတော့ သံသယဖြစ်စရာ အပြုံးတစ်ခု ရှိနေတာပါ။
“အ... အန်တီ”
ဒေးမြောင် ချက်ချင်း ကိုယ်ကို လှည့်ပြီး ပစ္စည်းတွေကို မှာလိုက်တယ်။ သူ့ရင်တွေ တုန်နေတာပါ။ ဂျီယွန်းက သူ့ကို တစ်မျိုးထင်သွားမှာ စိုးရိမ်ပြီး ပြန်လှည့်ကြည့်လိုက်ပေမဲ့ ကံကောင်းထောက်မစွာပဲ အာရမ်က ဂျီယွန်းနဲ့ ပုံမှန်အတိုင်း စကားပြောနေပါတယ်။ သူများ မျက်စိမှားတာလားလို့ တွေးမိတယ်။ ဆိုင်က အန်တီ့ဆီကနေ ပစ္စည်းတွေ ရပြီးတဲ့နောက် သူ သက်ပြင်းတစ်ချက်ချပြီး ပြန်လှည့်လာခဲ့တယ်။
“ရော့ ဒီမှာ”
သူက နို့နဲ့ ရေခဲမုန့်တွေကို ကမ်းပေးလိုက်တယ်။ ဂျီယွန်းက သူ့ရဲ့ လက်နှစ်ဖက်နဲ့ ရေခဲမုန့်ကို လှမ်းယူတဲ့အခါမှာ ဒေးမြောင်က မသိစိတ်ကနေ ပြုံးမိသွားတယ်။ ဒါပေမဲ့ ချက်ချင်းပဲ သတိပြန်ဝင်လာပြီး အကြည့်ကို လွှဲပစ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ရာ နားလည်မှုလွဲတာမျိုး ဖြစ်သွားရင် ဂျီယွန်း စိတ်အနှောင့်အယှက် ဖြစ်ရမှာ စိုးလို့ပါ။
“မာရူး ကို ဘယ်နေရာမှာမှ မတွေ့ပါလား။ သူ ထမင်းစားဆောင် သွားတယ် ထင်နေတာ”
“ စီနီယာမာရူးက အတန်းထဲမှာ ရှိနေတယ်လေ”
“အတန်းထဲမှာ ငါ့အတန်းထဲမှာလား”
“ဟုတ်တယ်”
ဒေးမြောင်က ဒီနှစ်ယောက် ဘာဖြစ်လို့ ဒုတိယနှစ် လျှပ်စစ်အင်ဂျင်နီယာအတန်းဆီ သွားကြတာလဲဆိုတာ သိချင်နေပေမဲ့ မမေးခဲ့ပါဘူး။ သူများကိစ္စထဲ စပ်စုတဲ့သူ မဖြစ်ချင်လို့ပါ။
တခြားလူတွေ စကားပြောနေကြတုန်းမှာပဲ ဒေးမြောင်က တိတ်တဆိတ် ထွက်လာခဲ့တယ်။ သူ ကွန်တိန်နာကို သွားသော့ခတ်ရဦးမှာလေ။
“စီနီယာ။ ဘယ်သွားမလို့လဲဟင်”
ဂျီယွန်းက သူ့နောက်ကို အမှီလိုက်လာခဲ့ပြီးပြီ။
“ကွန်တိန်နာဆီ သွားမလို့ပါ။ မင်း လိုက်ခဲ့ဖို့ မလိုပါဘူး။ အတန်းထဲ ပြန်သွားပြီး နားလိုက်ဦးလေ”
“ဟင့်အင်း၊ ငါ ကူညီပေးမယ်” အဲလိုပြောပြီး ဂျီယွန်းက သူ့နောက်ကနေ ငြိမ်ငြိမ်ကလေး လိုက်လာတယ်။ သူက တကယ်ကို ကြင်နာတတ်တာပဲ။ ဒေးမြောင်က သူ့မှာ ကောင်းမွန်တဲ့ ဂျူနီယာလေးတစ်ယောက် ရှိနေပြီလို့ ခံစားရတဲ့အတွက် ဂုဏ်ယူမိသွားတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ စီနီယာကောင်းတစ်ယောက်အနေနဲ့ ကောင်းမွန်တဲ့ အဖက်ကို ပြသချင်တဲ့ တာဝန်သိစိတ်တစ်ခုလည်း ရင်ထဲမှာ လှိုက်ခနဲ ပေါ်လာမိတယ်။
“အော်... စီနီယာ။ မင်းကို... ကလပ်ဥက္ကဋ္ဌလို့ ခေါ်ရတာ နည်းနည်းတော့ ထူးဆန်းတယ်နော်”
“မင်း... မင်း အဆင်ပြေလို ခေါ်လို့ရပါတယ်ဟ။ ကလပ်ဥက္ကဋ္ဌ ဖြစ်နေတာက သိပ်ပြီး ထူးခြားတဲ့အရာလည်း မဟုတ်ဘဲနဲ့။ မင်း စိတ်ထဲ ဘယ်လိုခေါ်ရတာ အဆင်ပြေလဲ အဲလိုပဲ ခေါ်ပါ”
“ဟုတ်... ဟုတ်လား။ ဒါဆို... စီနီယာလို့ ခေါ်တာကလည်း နည်းနည်းကြီး ထူးဆန်းလွန်းသလိုပဲနော်။ နောက်ဆို စီနီယာလို့ပဲ ရိုးရိုးခေါ်တော့မယ်။ အဆင်... အဆင်ပြေရဲ့လားဟင်”
“ပြေ... ပြေတာပေါ့။ မင်း အဆင်ပြေသလို ခေါ်ပါ။ ငါက ဘာမှ မဖြစ်ပါဘူး”
ဂျီယွန်းက သူ့ကို ပြန်ပြုံးပြတယ်။
“ဒါနဲ့... စီနီယာ”
“အင်း”
“ပြီးခဲ့တဲ့တစ်ခေါက်က ကိစ္စအတွက် ကျေးဇူးတင်ပါတယ်နော်။ ငါ သေသေချာချာ ကျေးဇူးမတင်လိုက်ရဘူးလို့ တွေးနေတာ။ တောင်းပန်ပါတယ်”
“ဘာမှမဖြစ်ပါဘူး။ အဲဒါထက်... မင်း အခု ကြည့်ရတာ အဆင်ပြေသွားတဲ့ ပုံပဲ။ အရင်ကထက် အများကြီး ပိုပြီး လန်းဆန်းတက်ကြွလာသလိုပဲ”
“တ... တကယ်လား”
“အင်း” ပြန်ဖြေပြီးတဲ့နောက် ဒေးမြောင် သက်ပြင်းအသေးလေး တစ်ချက် မှုတ်ထုတ်လိုက်တယ်။ လေ့ကျင့်ခန်းလုပ်တဲ့ အချိန်ကလွဲရင် ကောင်မလေးတစ်ယောက်နဲ့ ဒီလိုမျိုး အပြင်မှာ စကားပြောဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ။ သူ ရင်တုန်လာတာနဲ့ ခြေလှမ်းတွေကို ပိုမြန်အောင် လှောက်လိုက်မိတယ်။ စကားပြောစရာ ကုန်မသွားခင် ကွန်တိန်နာဆီ အမြန်ရောက်သွားအောင်လို့ ဒီလို လုပ်လိုက်တာပါ။
ဒါပေမဲ့ မကြာခင်မှာပဲ သူ ခြေလှမ်းတွေကို ပြန်နှေးလိုက်ရတယ်။ သူ့နောက်ကနေ လိုက်လာတဲ့ ဂျီယွန်းက မောဟိုက်နေလို့ပါ။ သူက ဂျီယွန်းရဲ့ ဘေးနားမှာ ယှဉ်တွဲပြီး ကျောင်းနောက်ဘက်ဆီကို နှစ်ယောက်သား လျှောက်လာခဲ့ကြတယ်။ လမ်းလျှောက်နေတဲ့ တစ်လျှောက်လုံးမှာ စကားတစ်လုံးမှ မပြောဖြစ်ကြပါဘူး။ ဒေးမြောင်ကတော့ စိတ်မသက်မသာ ဖြစ်နေပေမဲ့ ဂျီယွန်းကတော့ တည်ငြိမ်ပြီး... ရင်ထဲမှာ ကြည်နူးနေတဲ့ မျက်နှာပေးမျိုး ရှိနေတယ်။ ဒီနေ့ သူ့အတွက် တစ်ခုခု ကောင်းတာ ဖြစ်ပျက်ခဲ့ပုံပဲ။
“ဟင် ဒါကြီးက ဘာလို့ အကျယ်ကြီး ပွင့်နေရတာလဲ”
ကွန်တိန်နာဆီ ရောက်တဲ့အခါမှာ ဒါကြီး ဘာလို့ အကျယ်ကြီး ပွင့်နေရတာလဲဆိုတာ ဒေးမြောင် စဉ်းစားလို့ မရတော့ဘူး။ သူက နည်းနည်းလေးပဲ ဟထားခဲ့တာကို မှတ်မိနေတာလေ။
“လေတိုက်လို့များလား”
“ငါတို့ ဒီဘက်လာတုန်းကတော့ ဒီလိုမျိုး မဟုတ်ပါဘူး”
ဂျီယွန်းလည်း ခေါင်းလေးစောင်းပြီး စဉ်းစားနေရှာတယ်။ ဒေးမြောင်က လိမ္မော်ရောင် ကွန်တိန်နာသေတ္တာကြီးဆီကို နောက်ထပ် ခြေလှမ်းတစ်လှမ်း တိုးသွားလိုက်တယ်။ အဲဒီအချိန်မှာပဲ ပြင်းထန်တဲ့ လေပြင်းတစ်ခုက သူ့မျက်နှာဆီ တိုက်ခတ်လာခဲ့တယ်။
“...”
အဲဒီလေထဲမှာ ရွံရှာစရာကောင်းတဲ့ အနံ့ဆိုးတစ်ခု ပါလာတာပါ။ အဲဒါက သုတ်ဆေးအနံ့ပဲ ဖြစ်တယ်။ ရိုးရိုးသုတ်ဆေးတင်မကဘဲ မာရူး ဝယ်လာခဲ့တဲ့ ရေလုံသုတ်ဆေး အနံ့ကြီးပါ။ ဂျီယွန်းလည်း ရော်ဘာတွေ လောင်ကျွမ်းနေတဲ့ အနံ့ဆိုးကို ရလိုက်တဲ့ပုံပဲ၊ မျက်မှောင်ကြီး ကြုတ်သွားရှာတယ်။
“မင်း နောက်ကို တစ်ချက်လောက် ဆုတ်ပေးမလား”
“စီနီယာ”
ဒေးမြောင်က တစ်ခုခု ဖြစ်လာမှာ စိုးလို့ ဂျီယွန်းကို နောက်ဆုတ်ခိုင်းလိုက်တာပါ။ သူ နှာခေါင်းကို ပိတ်ပြီး အရှေ့ကို လျှောက်သွားလိုက်တယ်။ သူ အရှေ့ကို တိုးသွားတဲ့အခါ ကွန်တိန်နာရဲ့ ဝင်ပေါက်ကို ကာထားတဲ့ နေရောင်ခြည်က ဖယ်ခွာသွားပြီး အထဲက ပုံစံကို မြင်လိုက်ရပါတော့တယ်။ ဒေးမြောင် မျက်မှောင်ကြုတ်ရင်း ကွန်တိန်နာအထဲကို ဝင်သွားလိုက်တယ်။
“ဒါတွေက ဘာတွေလဲ...”
နေရာအနှံ့မှာ အစိမ်းရောင်တွေချည်းပါပဲ။ မဟုတ်သေးဘူး၊ တချို့နေရာတွေမှာ စပရေးဘူးနဲ့ ဖျန်းထားတာတွေလည်း ရှိနေတယ်။ ပြဿနာကတော့ ဝတ်စုံတွေနဲ့ အသုံးအဆောင် ပစ္စည်းတချို့မှာပါ သုတ်ဆေးတွေ ပေကျံကုန်တာပဲ။ ဒေးမြောင် ချောင်းတဟွတ်ဟွတ်ဆိုးရင်း သူ့လက်လှမ်းမီရာမှာ ရှိတဲ့ ဝတ်စုံကို အရင်ဆုံး ဆွဲထုတ်လိုက်တယ်။ နေရောင်အောက် ရောက်သွားတဲ့အခါကျမှ ဆိုးဝါးလှတဲ့ အခြေအနေကို ထင်းခနဲ မြင်လိုက်ရတော့တယ်။ ဂျင်းဂျာကင်အင်္ကျီ ဖြစ်နေတာတောင်မှ တစ်ဝက်လောက်က အစိမ်းရောင်တွေ ပြောင်းနေပြီ။ ဖြူစင်တဲ့ ဝတ်စုံဖြူပေါ်မှာလည်း အမည်းရောင် သုတ်ဆေးတွေ နေရာအနှံ့ ပေကျံနေတာပါ။ ဒါတွေကို ကြည့်ရုံနဲ့တင် အရာအားလုံး ပျက်စီးဆုံးရှုံးသွားပြီဆိုတာ အထင်အရှားပဲ။
“စီနီယာ...”
ဂျီယွန်းရဲ့ မျက်နှာက ထိတ်လန့်တုန်လှုပ်မှုကြောင့် ဖြူဖျော့သွားပြီး သူ့ပါးစပ်ကို လက်နဲ့ အုပ်ထားမိတယ်။ သူလည်း တော်တော်လေး အံ့ဩသွားရမှာပေါ့။ ဒါက တစ်ယောက်ယောက်က မရိုးသားတဲ့ စိတ်ယုတ်မာနဲ့ တမင်တကာ လုပ်သွားတာ သေချာလှတယ်။ ဒေးမြောင် ပထမဆုံးအနေနဲ့ သူ့ဖုန်းကို ထုတ်လိုက်တယ်။ ပြီးတော့ ခလုတ်ကို နှိပ်လိုက်ပါတော့တယ်။ အချက်ပြသံ အနည်းငယ် ထွက်ပေါ်လာပြီးတဲ့နောက် ဖုန်းထဲကနေ မာရူးရဲ့ အသံ ထွက်ပေါ်လာခဲ့တယ်။ ဒေးမြောင်က မာရူး မေးမြန်းမယ့် စကားတွေကို လမ်းခုလတ်မှာတင် ဖြတ်ပြောပြီး အလောတကြီး ပြောလိုက်တယ်။
“မာရူး၊ ကွန်တိန်နာဆီကို အမြန် ဆင်းလာခဲ့ဦး”
ဝန်ထုပ်ဝန်ပိုး။ ဒါက လူတစ်ယောက် ထမ်းပိုးထားရတဲ့ လေးလံတဲ့ အရာတစ်ခုကို ရည်ညွှန်းတာပါ။ စိတ်လက်ပေါ့ပါးလန်းဆန်းတဲ့ အရာတစ်ခု ဖြစ်ပျက်လာတဲ့အခါမှာ ‘ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသလိုပဲ’ လို့ ဖော်ပြတတ်ကြတယ်။ ဂွန်ဆော့ တစ်ယောက် ဒီနေ့ အဲဒီခံစားချက်ကို ကောင်းကောင်းကြီး သိရှိသွားခဲ့ပါပြီ။ သူ တကယ်ပဲ စိတ်လက် ပေါ့ပါးသွားတာပါ။ မဟုတ်သေးဘူး၊ သူ ရင်တုန်မတတ် စိတ်လှုပ်ရှားနေတာ။
ကျောင်းနောက်ဘက်မှာ ဘယ်သူမှ မရှိတာကို သိလိုက်ရတဲ့အချိန်က ပျော်ရွှင်မှုမျိုး၊ ကွန်တိန်နာကြီး ပွင့်နေတာကို မြင်လိုက်ရတဲ့အချိန်က အံ့ဩမှင်တက်ရတဲ့ ခံစားချက်မျိုး၊ ပြီးတော့ အထဲမှာ သုတ်ဆေးတွေကို တွေ့လိုက်ရတဲ့ စိတ်လှုပ်ရှားမှုမျိုးပေါ့။ ဂွန်ဆော့က သုတ်ဆေးပုံးတွေကို အမြန်ဖွင့်ပြီး သူ့မျက်စိထဲ မြင်သမျှအရာအားလုံးပေါ်ကို သွန်ချပစ်လိုက်တယ်။ အစိမ်းရောင် သုတ်ဆေးတွေက ကွန်တိန်နာအထဲက ပစ္စည်းတိုင်းဆီကို လှပတဲ့ မျဉ်းကွေးပုံစံအတိုင်း စီးဆင်းသွားတာကို ကြည့်ရင်း သူ မပြုံးဘဲ မနေနိုင်တော့ပါဘူး။ အသုံးအဆောင် ပစ္စည်းတွေ ပျက်စီးညစ်ပတ်ကုန်တာကို ကြည့်ရင်း အဲဒီကောင်တွေရဲ့ မျက်နှာက သူ့ခေါင်းထဲ ပေါ်လာပြီး မာရူး အနေနဲ့ ဘယ်တော့မှ တရားခံကို ဖမ်းမိမှာမဟုတ်ဘူးလို့ တွေးလိုက်တဲ့အခါမှာ သူ့ရင်ထဲမှာ အောင်နိုင်သူတစ်ယောက်ရဲ့ ခံစားချက်က လှိုက်ခနဲ ပေါ်လာပါတော့တယ်။
မီးကတော့ အန္တရာယ်များလွန်းတယ်။ သူက သာမန်အသိတရား ရှိတဲ့ လူတစ်ယောက်ပဲလေ။ တကယ်လို့ မိသွားရင်တောင်မှ အမှုကြီးပတ်မယ့် အခြေအနေမျိုး မဖြစ်အောင် ကိစ္စရပ်တွေကို အဆုံးသတ်ရမယ်။ အဲဒီသဘောနဲ့ကြည့်ရင် သုတ်ဆေးက ဒီအလုပ်အတွက် အကောင်းဆုံးပဲ။ အရာအားလုံးကို အသုံးမဝင်အောင် လုပ်ပစ်နိုင်တာကိုး။ ဒါတင်မကဘဲ အဲဒီအနံ့ဆိုးကြီးလည်း ရှိသေးတယ်။ ဒါက အငွေ့ပျံလွယ်တဲ့အရာမလို့ မကြာခင်မှာ ပျောက်ကွယ်သွားမှာ ဖြစ်ပေမဲ့ လောလောဆယ်မှာတော့ သူတို့ ကွန်တိန်နာကို သုံးနိုင်ကြမှာ မဟုတ်တော့ဘူး။ သူတို့ကို ဒီလိုမျိုး ဖိအားပေးနိုင်ခဲ့လို့ သူ သိပ်ကို ပျော်ရွှင်နေမိတယ်။
“နင့်အတွက် တစ်ခုခု ကောင်းတာ ဖြစ်ပျက်ခဲ့လို့လား”
သူ့ဘေးနားက ကောင်မလေးက မေးလိုက်တယ်။ ဆံပင်အရှည် ဖြောင့်စင်းစင်းနဲ့ ကောင်မလေးတစ်ယောက်ပါ။ အတန်းပိုင်ဆရာရဲ့ မျက်စိကို ရှောင်ဖို့ ကျောင်းလာတဲ့အချိန်မှာ ဆံပင်ကို စည်းထားတတ်ပေမဲ့ အတန်းထဲ ရောက်တာနဲ့ ဖြန့်ချထားလေ့ရှိတယ်။ ဂွန်ဆော့က ဒီကောင်မလေးကို သူ့သက်တူရွယ်တူတွေထက် ပိုပြီး ရင့်ကျက်တဲ့ ပုံစံမျိုး ရှိလို့ စိတ်ထဲကနေ သဘောကျနေတာပါ။
“ငါ့ကြည့်ရတာ အဲလိုပုံ ပေါက်နေလို့လား”
“အင်းလေ”
ကောင်မလေးက တခိခိ ရယ်မောတယ်။ သူက ဂွန်ဆော့အပေါ်ကို ကောင်းမွန်တဲ့ ခံစားချက်တွေ ရှိနေတာ ထင်ရှားလှပါတယ်။
ဂွန်ဆော့ ပြုံးလိုက်တယ်။
ဒီနေ့ကတော့ အကောင်းဆုံးနေ့ပဲ။
* * * * * * * * *