အခန်း (၄၃၁-၄၃၂)
Vol. 36 Ch. 431-432
အခန်း(၄၃၁)
နောက်တစ်နေ့မှာပဲ အပ်ပါးဝုဒ်နယ်မြေပွဲတော်ကြီးဟာ နောက်ဆုံးတော့ စတင်ကျင်းပခဲ့ပါပြီ။ ပိတ်ရက်လည်းဖြစ်တာမို့ လူတွေအများကြီးဟာ ဒီလိုပျော်စရာကောင်းတဲ့ အထိမ်းအမှတ်ပွဲတော်ကို ဆင်နွှဲဖို့ သူတို့အိမ်တွေထဲကနေ ထွက်လာကြတယ်။ ခရိုင်ထဲက မဟုတ်တဲ့သူတွေတောင် အုပ်စုလိုက်ကြီးတွေ ရောက်လာကြတာမို့ လမ်းမတွေပေါ်မှာ မြင်းရထားတွေ၊ မြင်းတွေနဲ့ ပြည့်နှက်နေတာပေါ့။
ဒါဟာ ပွဲတော်ကြောင့် ခရိုင်ထဲက ကုမ္ပဏီတွေကြားထဲမှာ ပြိုင်ဆိုင်မှုတွေ အများကြီး ရှိလာပြီး လျှော့ဈေးတွေ၊ အချိန်အကန့်အသတ်နဲ့ ရောင်းတဲ့ အထူးပစ္စည်းတွေအပြင် လူတိုင်းပါဝင်ဆင်နွှဲနိုင်တဲ့ အင်မတန်မိုက်တဲ့ အစီအစဉ်တွေပါ ရှိလာလို့ပဲ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ ပြောရရင် ကွန့်ချ်ကုမ္ပဏီဟာ ပွဲတော်ကာလပတ်လုံး သူတို့ရဲ့ မီးဖိုချောင်သုံးပစ္စည်း အားလုံးကို နှစ်ဆယ်ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရောင်းချပေးနေတယ်။ ဒါက လူတွေတစ်နှစ်ပတ်လုံး စောင့်မျှော်နေခဲ့ကြတဲ့ အရာဖြစ်တာမို့ နေမထွက်ခင်ကတည်းက သူတို့ဆိုင်တွေမှာ လူတွေ တန်းစီစောင့်ဆိုင်းနေကြပြီလေ။
ဒါပေမဲ့ ဒီပွဲတော်က ကုမ္ပဏီတွေအတွက်တင် မဟုတ်ပါဘူး၊ လူထုအတွက်လည်း ဖြစ်ပါတယ်။ ဒါက သူတို့အနေနဲ့ တခြားလူတွေအများကြီးနဲ့အတူ မက်ထရိုပိုလစ်ရဲ့ ယဉ်ကျေးမှုကို ဆင်နွှဲရင်း စိတ်အပန်းဖြေ အနားယူနိုင်မယ့် တစ်ခုတည်းသော အချိန်ပဲ မဟုတ်လား။
အဆောက်အအုံတွေရဲ့ အပေါ်ဘက်တစ်လျှောက်မှာ ရောင်စုံတြိဂံအလံလေးတွေကို မြင့်မြင့်မားမား ချိတ်ဆွဲထားပြီး စာတမ်းတွေကိုလည်း နေရာအနှံ့မှာ တွေ့နိုင်တာမို့ လမ်းပေါ်မှာ လမ်းလျှောက်နေတဲ့ လူတွေအတွက် အင်မတန် ပျော်စရာကောင်းပြီး ပွဲတော်အငွေ့အသက်ကို ခံစားရစေပါတယ်။
မားကတ်ပလာဇာကလည်း ထူးမခြားနားပါပဲ။ တကယ်တော့ ပွဲတော်အငွေ့အသက်က ဒီမှာ ပိုပြီးတော့တောင် များနေသေးတယ်။ သူတို့ရဲ့ ပါမစ်စစ်ဆေးမှု ခံယူနေရတဲ့ ကုမ္ပဏီတွေရဲ့ သစ်သားဆိုင်ခန်းလေးတွေဟာ လမ်းမပေါ်က ပွဲတော်တွေလိုမျိုးပဲ သုံးစွဲသူတွေကို ပိုပြီးဆွဲဆောင်နိုင်ဖို့ မျှော်လင့်ချက်နဲ့ သူတို့ဆိုင်တွေကို မြှင့်တင်ပြင်ဆင်ထားကြတယ်။ အခု အဲဒါက အလုပ်ဖြစ်သလား၊ မဖြစ်ဘူးလား ဆိုတာကတော့ လုံးဝ သီးခြားပြောရမယ့် စကားဝိုင်းတစ်ခုပေါ့။
အော့တိုနဲ့ တခြားသူတွေကတော့ မနက်အစောကြီးကတည်းက သူတို့ရဲ့ ဆိုင်ခန်းတွေကို ပြင်ဆင်ပြီးနေပြီဖြစ်ပေမဲ့ မိုက်ကယ်ကတော့ အခုထိ လုံးဝ ရောက်မလာသေးဘူး။
သူတို့က ဒီအခြေခံအဆင့်ကောင်လေးအတွက် စိတ်ပူနေကြပြီး သူက စိတ်လှုပ်ရှားမှုကို မခံနိုင်တော့ဘဲ ပါမစ်စစ်ဆေးမှုကို လုံးဝ လက်လျှော့အရှုံးပေးသွားပြီလို့ ထင်နေကြတာ။
ဒါကတော့ လုံးဝဥဿုံ မမှန်ကန်ပါဘူး။
သူ့ရဲ့ ရွေ့လျားအစားအသောက်ထရပ်ကားကြီး အဆင်သင့်ဖြစ်တာနဲ့ မိုက်ကယ်ဟာ အဲဒီယာဉ်ကို မြို့တံခါးတွေဆီ မောင်းနှင်လာခဲ့ပြီး ကင်းစောင့်တွေနဲ့ တခြားလူတွေက သူ့ကို ထူးဆန်းတဲ့ အမူအရာတွေနဲ့ ကြည့်နေကြတယ်။
"ဒါက ဘာကြီးလဲ"
"ဒါက သံထည်ကြီးနဲ့ လုပ်ထားတာလား"
"မိစ္ဆာကြီးတစ်ကောင် လာပြီး ကျူးကျော်တာလား"
သူတို့ဟာ မဖြစ်နိုင်ဘူးလို့ သူတို့ထင်ထားတဲ့ အရှိန်နှုန်းထက် ပိုမြန်တဲ့ အရှိန်နဲ့ မောင်းနှင်လာတဲ့ ဒီဧရာမ သံထည်တည်ဆောက်ပုံကြီးကို မြင်လိုက်ရတာကိုး။ ဒါတင်မကဘဲ အင်ဂျင်ရဲ့ တအုန်းအုန်းမြည်သံက ကားကြီးကို မက်ထရိုပိုလစ်ထဲ လည်ပတ်ရောက်ရှိလာတဲ့ ဧရာမ မိစ္ဆာကြီးတစ်ကောင်လို့ သူတို့ကို အထင်မှားစေတယ်။
သူတို့ဟာ ကာကွယ်တဲ့အနေနဲ့ သူတို့ရဲ့ လက်နက်တွေကို လေထဲမှာ ချက်ချင်း မြှောက်လိုက်ကြတယ်။
သို့သော်လည်း ရွေ့လျားအစားအသောက်ထရပ်ကားကြီး ပိုပြီးနီးကပ်လာတဲ့အခါမှာတော့ စစ်သည်တွေဟာ မှန်ချပ်တွေကတစ်ဆင့် လူသားတွေကို မြင်လိုက်ရတယ်လေ။
"ဒါ ဘာကြီးလဲ"
မိုက်ကယ်က တံခါးကို ဖွင့်လိုက်တာမို့ စစ်သည်တွေကို အံ့အားသင့်သွားစေပြီး သူတို့ နောက်ကို တွန့်သွားကြတယ်။
"လူသားကောင်လေးတစ်ယောက်လား"
စစ်သည်တွေက မိုက်ကယ်ဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်လာကြတယ်။
"ကောင်လေး... ဒါ မင်းယဉ်ပါးအောင် မွေးထားတဲ့ မိစ္ဆာလား"
"မဟုတ်ပါဘူး" မိုက်ကယ်က ပြန်ဖြေလိုက်တယ်။ "ဒါ ကျွန်တော့်ရဲ့ မြင်းရထားပါ"
စစ်သည်က ချက်ချင်း သံသယဝင်သွားတယ်။ "ဒါပေမဲ့ မင်းရဲ့မြင်းက ဘယ်မှာလဲ... မင်းမှာ ဇက်ကြိုးဆွဲဖို့ အနည်းဆုံး မြင်းကောင်ရေ ဆယ်ကောင်လောက် မရှိဘဲနဲ့ ဒီလို လေးလံတဲ့အရာကြီးကို ဘယ်လိုမောင်းနှင်နေတာလဲ"
မိုက်ကယ်က ကားတစ်စီး ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို အချိန်တိုအတွင်းမှာ ရှင်းပြနိုင်မှာမဟုတ်မှန်း သိနေတာမို့ သူတို့ဆီကို စာတစ်စောင်ပဲ ထုတ်ပြလိုက်တယ်။
စစ်သည်က စာကိုယူလိုက်ပြီး အရှေ့တည့်တည့်မှာရှိတဲ့ ဖယောင်းတံဆိပ်တုံးကို မြင်လိုက်ရတယ်။ အဲဒါက မှော်ပညာရှင်အစည်းအရုံးရဲ့ အမှတ်အသားတွေ ပါနေတာကို သူ သတိပြုမိသွားတဲ့အခါမှာတော့ သူ့မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။ ဒါတင်မကဘဲ ဒီတံဆိပ်တုံးက မှော်စွမ်းအား သခင်ကြီးတွေပဲ ရနိုင်တယ်ဆိုတာ သူတို့ သိနေကြတာကိုး။
"ဆီဘက်စတီယန် အော့ဂင်ဒေါ" စစ်သည်က ရေရွတ်လိုက်တယ်။
ရုတ်တရက်ပဲ ဖယောင်းတံဆိပ်တုံးရဲ့ အပေါ်ဘက်မှာ မှော်စက်ဝိုင်းတစ်ခု ပေါ်လာတယ်။ ဒါက စာက အစစ်အမှန်ဖြစ်ပြီး အတုမဟုတ်ကြောင်း သူတို့ကို သက်သေပြလိုက်တာပဲ။
"နှောင့်နှေးသွားတဲ့အတွက် တောင်းပန်ပါတယ်" စစ်သည်က ပြောလိုက်တယ်။
"မင်း အထဲဝင်နိုင်ပါပြီ"
ဆီဘက်စတီယန်ရဲ့ မှော်မျှော်စင်သခင်တစ်ဦးအနေနဲ့ ရှိတဲ့ အရှိန်အဝါကြောင့် ကားတစ်စီးရဲ့ အတွင်းပိုင်းက ဘယ်လောက်တောင် ရှုပ်ထွေးပြီး ထူးဆန်းသလဲဆိုတာကို သိရင် ရက်သတ္တပတ်တွေ မပြောနဲ့ ရက်ပေါင်းများစွာ ကြာမြင့်နိုင်တဲ့ ယာဉ်လုံခြုံရေး စစ်ဆေးမှုမှန်သမျှကို မိုက်ကယ်ဟာ ကျော်ဖြတ်နိုင်ခဲ့တာပေါ့။
"ကျေးဇူးပဲ" သူက ယာဉ်ထဲကို ပြန်မဝင်ခင်နဲ့ မြို့တံခါးတွေအတွင်းထဲကို မောင်းမဝင်ခင် ကင်းစောင့်တွေကို ပြောလိုက်တယ်။
အင်ဂျင်သံကြီး ဟိန်းခနဲ ပြန်လည်အသက်ဝင်လာတာနဲ့ စစ်သည်တွေဟာ နောက်တစ်ကြိမ် ထပ်ပြီး တွန့်သွားကြပြန်တယ်။
သူ မြို့တံခါးတွေထဲ ရောက်သွားတာနဲ့ ခပ်လှမ်းလှမ်းက တစ်စုံတစ်ယောက်ရဲ့ အကြည့်ကို ချက်ချင်း သတိပြုမိလိုက်တယ်။ သူက လေကာမှန်ကတစ်ဆင့် ကြည့်လိုက်တဲ့အခါ မှော်မျှော်စင်ရဲ့ အမြင့်ဆုံးနေရာမှာ ပျံဝဲနေတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတာ။
သူက မက်ထရိုပိုလစ်ရဲ့ မှော်မျှော်စင်သခင် ဖြစ်ရမယ်လို့ မိုက်ကယ် တွေးလိုက်တယ်။
အခု ကံကောင်းတာက ဆီဘက်စတီယန်ဟာ ဒီမှော်မျှော်စင်သခင်ကို သူ့အပေါ်နဲ့ ရီနေးတားကုမ္ပဏီအပေါ် ဘယ်လိုမေးမြန်းစုံစမ်းမှုမျိုးမဆို သူ့ကို မနှောင့်ယှက်စေဖို့အတွက် ပါမစ်စစ်ဆေးမှု ပြီးဆုံးတဲ့အထိ စောင့်ရမယ်လို့ အကြောင်းကြားထားပြီးသား ဖြစ်နေတာပဲ။ ဒါကြောင့် မှော်မျှော်စင်သခင်က သူ့ကို ဘယ်လောက်ပဲ စကားပြောချင်နေပါစေ အဘိုးကြီးဟာ အကွာအဝေးတစ်ခုမှာပဲ နေပြီး အသာလေး စောင့်ကြည့်နေခဲ့ရတယ်။
ပြီးတော့ ဒါက မှော်မျှော်စင်သခင် တစ်ယောက်တည်းတင် မဟုတ်ပါဘူး။ ကားကြီးဟာ သူ့ရဲ့ အနီးအနားမှာရှိတဲ့ လူတိုင်းရဲ့ အကြည့်တွေကို ချက်ချင်းပဲ ဖမ်းစားလိုက်တယ်။ လမ်းပေါ်က သာမန်မြင်းရထားတွေနဲ့ နှိုင်းယှဉ်ရင် သူ့ရဲ့ ဧရာမ အရွယ်အစားက သူ့ကို ပိုပြီးတော့တောင် ထင်ရှားပေါ်လွင်စေတာပေါ့။
"ဝိုး... ဒါ သံထည်မိစ္ဆာကြီးလား"
"မေမေ... ဒါ ပွဲတော်အတွက် လှည့်လည်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုလား"
"သံထည်ကြီးရဲ့ ဘေးမှာရှိတဲ့ အဲဒီနာမည်က ဘာလဲ... ရီနေးတားလား... ကျွန်တော် တစ်ခါမှ မကြားဖူးပါဘူး"
အမှန်တော့ သူက ဒီလိုအာရုံစိုက်မှုအားလုံးကို အခွင့်ကောင်းယူပြီး ရီနေးတားကုမ္ပဏီကို ကြော်ငြာလိုက်တာပဲ။ ဒါက သူ အစားအသောက်ထရပ်ကားကို မက်ထရိုပိုလစ်အတွင်းထဲ တိုက်ရိုက် တယ်လီပို့ မလုပ်ခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပေါ့။ သူက ပိုပြီး ဆွဲဆောင်မှုရှိတဲ့ ဝင်ရောက်မှုကို အလိုရှိခဲ့တာ။
ဒီ သံထည်မိစ္ဆာ ကို စိတ်ဝင်စားတဲ့ ဘယ်သူမဆို ထရပ်ကားနောက်ကို လိုက်ပြီး မားကတ်ပလာဇာထဲ ဝင်လာကြကာ သူ့ရဲ့ ပါမစ်စစ်ဆေးမှုအတွက် သုံးစွဲသူတွေ ဖြစ်လာကြလိမ့်မယ်လို့ မျှော်လင့်ရတာပဲ။
ပန်းခြံထဲကို ဝင်လိုက်တာနဲ့ မျက်လုံးအားလုံးက သူ့ဆီနဲ့ ထရပ်ကားဆီကို ချက်ချင်း ရောက်လာကြတယ်။ ဒီဧရာမ သံထည်ကြီးက စိမ်းလန်းတဲ့ မြက်ခင်းပြင်ကို ဖြတ်ပြီး နောက်ဆုံး ကန်အနီးက နေရာတစ်ခုမှာ အခြေချရပ်နားလိုက်တဲ့အထိ သူတို့အားလုံး စောင့်ကြည့်နေကြတာ။
မိုက်ကယ်က သူ့နေရာမှာ ပါကင်ထိုးပြီး ယာဉ်ပေါ်က ဆင်းလိုက်တဲ့အခါမှာတော့ အော့တိုနဲ့ ကျန်တဲ့သူတွေ ဝိုင်းအုံလာတာကိုပဲ ခံလိုက်ရတယ်။
"ဝိုး... မိုက်ကယ်... ဒါ ဘာကြီးလဲ" ကာတာက မေးလိုက်တယ်။
"ဟုတ်တယ်... ဒါ ကျွန်တော့်ရဲ့ ဆိုင်ခန်းပဲ"
သူတို့တွေ သူ့ကို အဲဒါနဲ့ပတ်သက်ပြီး မေးခွန်းတွေ မထုတ်နိုင်ကြသေးခင်မှာပဲ ယာဉ်အတွင်းထဲက အလုပ်သမားတွေက ကားရဲ့ အတွင်းပိုင်းကို ပြသဖို့ သံထည်ကွန်တိန်နာကို စတင်ဖြန့်ခင်းလိုက်တာမို့ သံထည်ချင်း ထိခတ်သံတွေဟာ ကားကြီးအတွင်းထဲကနေ မြည်ဟီးထွက်လာခဲ့တယ်။
ကောင်တာပြတင်းပေါက်တွေ ပွင့်သွားပြီး အမိုးက လိပ်တက်သွားကာ လူတစ်ပိုင်းသတ္တဝါ ရီနေးတားသား လေးယောက်က လူတိုင်းကို နွေးထွေးတဲ့ အပြုံးတွေနဲ့ နှုတ်ဆက်ကြတယ်။
"အို ဘုရားသခင်... ဒါက အနုပညာလက်ရာတစ်ခုပဲ" ပီဒရိုက ချီးကျူးလိုက်တယ်။ သူက ယာဉ်အတွင်းထဲက သံထည်လက်ရာကို အကဲခတ်ပြီး အရည်အသွေးကြောင့် ချက်ချင်းပဲ အံ့အားသင့်မှင်တက်သွားရတာ။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ" အော့တိုက မေးတယ်။ "ပြန်စဉ်းစားကြည့်တော့... မင်းရဲ့ ရီနေးတားကုမ္ပဏီက ဘာအကြောင်းလဲဆိုတာ ငါ မင်းကို တစ်ခါမှတောင် မမေးရသေးဘူးပဲ"
"အမှန်တရားကတော့..."
မိုက်ကယ်က ကင်းစ်နယ်မြေမှာရှိတဲ့ သူ့ရဲ့ ဇာစ်မြစ်တွေအကြောင်းနဲ့ သူက အန်ဂိုရာမြို့ကို ဘယ်လိုရောက်ရှိခဲ့ပြီး ကွင်းစ်နယ်မြေထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း တိုးချဲ့ချင်ခဲ့တဲ့အကြောင်း အားလုံးကို သူတို့ကို စတင်ပြောပြလိုက်ပါတယ်။
"အဆင့် လေးရာ့ငါးဆယ်လား... ဒါက အင်မတန် အထင်ကြီးစရာကောင်းတာပဲ" ရီနာက အံ့သြတကြီးနဲ့ ပြောလိုက်တယ်။ "မင်းသာ တစ်ပတ်လောက် နောက်ကျပြီး စတင်ခဲ့ရင် အဲဒီပါမစ်ကို ရဖို့ အခွင့်အလမ်း ပိုများလိမ့်မယ်လို့ ငါ တကယ်ထင်တယ်"
မိုက်ကယ်က ပြုံးရုံပဲပြုံးပြီး ဘာမှမပြောပါဘူး။ အဲဒီအစား သူက ရီနေးတား အလုပ်သမားတွေကို ဆိုင်ခန်းအရှေ့မှာ သူတို့ရဲ့ ကုန်ပစ္စည်းတွေအားလုံးကို စတင်ချပြဖို့ အမူအရာပြလိုက်တယ်။
သူတို့က စားပွဲတွေကို စတင်ပြင်ဆင်ကြပြီး မက်ထရိုပိုလစ်မှာရှိတဲ့ ဘယ်သူမှ တစ်ခါမှ မမြင်ဖူးသေးတဲ့ အသစ်အဆန်းဖြစ်ပြီး ထူးဆန်းတဲ့ နည်းပညာပစ္စည်းတွေကို ထုတ်ယူလိုက်ကြတယ်။
ဒါက တခြားဘာမှမဟုတ်ရင်တောင် ချက်ချင်းပဲ အမြင်ကို ဖမ်းစားနိုင်တဲ့အရာပေါ့။
မိုက်ကယ်က ဒါတွေအားလုံးကို ကြည့်ပြီး ပြောလိုက်တယ်။
"ရီနေးတား ဈေးရောင်းပွဲတော် စပါပြီ"
* * * * * * * *
စာစဉ်(၃၆)
အခန်း(၄၃၂)
မိုက်ကယ်ရဲ့ ဆိုင်ခန်းက အမျိုးအစား နှစ်ခု ကွဲပြားတယ်။
တစ်ခုကတော့ မီးဖိုချောင်နဲ့ နေ့စဉ်လူနေမှုဘဝထဲမှာ သုံးတဲ့ ပစ္စည်းတွေပေါ့။ ဒယ်အိုးတွေ၊ အိုးတွေလို အရာမျိုးတွေပေါ့။ ဒါတွေက ဒီကမ္ဘာမှာ ရှိနှင့်နေပြီးသား အခြေခံ သတ္တုပစ္စည်းတွေပါပဲ။
နောက်အမျိုးအစားတစ်ခုကတော့ ဆပ်ပြာ၊ ခေါင်းလျှော်ရည်နဲ့ မိတ်ကပ်တွေလိုမျိုး တစ်ကိုယ်ရေသုံး ပစ္စည်းတွေ ဖြစ်တယ်။
အခုခေတ်မှာ ပုံမှန်အားဖြင့် ဒီလိုပစ္စည်းတွေကို လက်နဲ့ပဲ လုပ်ကြတာမို့ အပြစ်အနာအဆာတွေ၊ ချိုင့်ခွက်တွေနဲ့ ပြည့်နေတတ်တာ ထုံးစံပဲ။ ဘာလို့လဲဆိုတော့ သိပ်ပြီး အပြစ်ဆိုဖွယ်မရှိအောင် ကောင်းလွန်းနေရင် ဈေးက အရမ်း တက်သွားမှာမို့လို့ပေါ့။
ဒါပေမဲ့ အော်တိုနဲ့ တခြားသူတွေက ဒီပစ္စည်းတွေရဲ့ ဈေးနှုန်းကို ကြည့်လိုက်တဲ့အခါ လက်ရှိအသုံးအဆောင်တွေရဲ့ ဈေးနှုန်းလောက်ပဲ ရှိနေတာကြောင့် အံ့ဩသွားကြတယ်။
တစ်ခုတည်းသော ပြဿနာက အဲဒီပစ္စည်းတွေရဲ့ သတ္တုထည် လက်ရာနဲ့ အရည်အသွေးက ပေးရတဲ့ ဈေးနှုန်းထက်စာရင် သိပ်ကို ကောင်းမွန်လွန်းနေတာပဲ။
"ဒါတွေက အရမ်း ဈေးပေါလွန်းတယ်" လို့ ပတ်ဒရိုက ပြောတယ်။ "ကြည့်ရတာ လူပုတွေ လုပ်ထားတဲ့အတိုင်းပဲ"
မိုက်ကယ်က ပုခုံးတွန့်ပြလိုက်တယ်။
"ဒါက ငါတို့နယ်မြေရဲ့ ပုံမှန်ဈေးပဲ၊ တကယ်တော့ ဒီဆိုင်ခန်းအတွက် ငါက ဈေးနည်းနည်းတောင် တင်ထားသေးတယ်"
သူတို့ မယုံနိုင်အောင် ဖြစ်ရတယ်။ ဒီလောက် ကောင်းမွန်တဲ့ အရည်အသွေးမျိုးအတွက် ပစ္စည်းတစ်ခုချင်းစီအပေါ် စိုက်ထုတ်ခဲ့ရတဲ့ လုပ်အားနဲ့ ရုန်းကန်ရမှုတွေအရ ဈေးနှုန်းက အနည်းဆုံး နှစ်ဆလောက် ရှိသင့်တယ်လို့ သူတို့ ထင်နေကြတာပေါ့။ ဒါက ဒီပစ္စည်းတွေကို သယ်ယူပို့ဆောင်ခ ဈေးနှုန်းကိုတောင် ထည့်မတွက်ရသေးဘူး။
ဒါပေမဲ့ သူတို့မသိတာက ဒါတွေအားလုံးဟာ မိုက်ကယ်ရဲ့ စက်ရုံတွေမှာအမြောက်အမြား အစုလိုက်အပြုံလိုက် ထုတ်လုပ်ထားတာမို့ သူတို့နယ်မြေမှာတော့ ဒါတွေကို အရည်အသွေးနိမ့်ပစ္စည်းလို့ပဲ သတ်မှတ်ကြတာပေါ့။ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး အပိုင်းမှာတော့ ရွှေလမ်းမကြီး ပြီးသွားတာနဲ့ ကုန်ကျစရိတ်က သိသိသာသာ လျော့ကျသွားမှာ ဖြစ်တယ်။
"မင်းတို့ စမ်းသုံးကြည့်ချင်ကြလား" လို့ သူက သူတို့ကို မေးလိုက်တယ်။
အော်တိုနဲ့ တခြားသူတွေက ဆိုင်ခန်းရဲ့ ပထမဆုံး စမ်းသပ်ဝယ်ယူသူ ဖောက်သည်တွေ ဖြစ်လာကြတယ်။ ရီနေးတား အရောင်းဝန်ထမ်းတွေက ချက်ချင်းပဲ အလုပ်စလုပ်ပြီး ပစ္စည်းတွေကို သူတို့ဆီ အရောင်းသွက်အောင် စတင် မိတ်ဆက်ပေးတော့တယ်။
"အဖိုးတန် လူကြီးမင်းခင်ဗျာ၊ ဒါကတော့ ကျွန်တော်တို့ရဲ့ နာမည်ကြီး ရီနေးတား ဆပ်ပြာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ထုတ်ကုန် ဘယ်လောက် ကောင်းလဲဆိုတာ မြင်သာအောင်လို့ ဒီ ဂျီးတွေနဲ့ အညစ်အကြေးတွေကို ကျွန်တော့်လက်မှာ သုတ်လိုက်မယ်။ ပြီးတော့ ဒီဆပ်ပြာနဲ့ ရေနည်းနည်းလေး သုံးလိုက်မယ်ဆိုရင်တော့... ဟော ကြည့်လိုက်။ အကုန် စင်ကြယ်သွားပြီး ကျွန်တော့်လက်က ပန်းခင်းကြီးတစ်ခုထက်တောင် ပိုပြီး မွှေးပျံ့သွားပါပြီ"
ရီနာက ပြသထားတဲ့ အရောင်အသွေးစုံ ဆပ်ပြာတွေရဲ့ အနံ့ကို နမ်းကြည့်လိုက်တဲ့အခါ ပါးစပ်အဟောင်းသား ဖြစ်သွားရတယ်။ အချို့အနံ့တွေက သူမရဲ့ ရေမွှေးတွေထက်တောင် ပိုကောင်းနေသေးတယ်။
မိုက်ကယ်ရဲ့ ထုတ်ကုန်တစ်ခုချင်းစီက ဈေးကွက်ထဲမှာ သူတို့ မြင်ဖူးသမျှထက် အပြတ်အသတ် သာလွန်နေတာကြောင့် သူတို့အားလုံး အံ့အားသင့်သွားကြတယ်။ ပြီးတော့ မီးခြစ်ဆံတွေလိုမျိုး အချို့ပစ္စည်းတွေက ဈေးကွက်ရဲ့ အခင်းအကျင်း တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တဲ့ အံ့ဩစရာ ကောင်းတဲ့ တီထွင်ဆန်းသစ်မှုတွေဆိုတာ သူတို့ သိလိုက်ကြတယ်။
အော်တိုနဲ့ တခြားသူတွေကတော့ လုံးဝ အသိအမှတ်ပြုသွားကြပြီ။ မိုက်ကယ်က သူတို့နဲ့ အဆင့်အတန်းချင်း လုံးဝ မတူဘူး။ သူဟာ မက်ထရိုပိုလစ်မှာ ရှိတဲ့ အတော်ဆုံးသူတွေ၊ အမွေဆက်ခံသူတွေနဲ့တောင် ယှဉ်ပြိုင်နိုင်တယ်လို့ သူတို့ ရဲရဲကြီး ပြောရဲတယ်။
"ဒါကြောင့်မို့လို့လည်း မင်းက ခွင့်ပြုချက် စာမေးပွဲအတွက် ဒီလောက် ယုံကြည်မှု ရှိနေတာကိုး" လို့ အော်တိုက ပြောတယ်။ "ဒီလို ထုတ်ကုန်မျိုးတွေနဲ့ဆိုရင် ဘာပဲဖြစ်ဖြစ် မင်း အောင်မြင်မှာကို မင်း ကြိုသိနေတာပဲ"
'ငါ လုပ်နေတဲ့အရာတွေက မင်း လုပ်နေတာတွေနဲ့ ယှဉ်ရင် အပျော်တမ်းအဆင့်ပဲ ရှိပါသေးတယ်လို့ ဝန်ခံဖို့ ငါ မရှက်ပါဘူး' လို့ ရီနာက ဖွင့်ဟဝန်ခံတယ်။
"အဲဒီ... မော်တော်ကား တစ်ခုတည်းနဲ့တင် ငါ ရှုံးနိမ့်သွားပြီဆိုတာ သိလိုက်ရတယ်။ ဒါက ငါ ဘယ်လိုမှ နားမလည်နိုင်တဲ့ အလှတရား လက်ရာတစ်ခုပဲ" လို့ ပတ်ဒရိုက ပြောတယ်။
"အားလုံးလည်း ပြောပြီးကြပြီပဲ။ မင်းက အဲဒီခွင့်ပြုချက်ကို ရထိုက်ပါတယ်" လို့ ကာတာက ထပ်လောင်းပြောတယ်။
ပြီးတော့ ရီနေးတားရဲ့ ထူးခြားထင်ပေါ်နေမှုကို သတိထားမိတာ သူတို့တင် မဟုတ်ဘူးထင်တယ်။
ဖောက်သည် အနည်းငယ်ကတော့ နောက်ဆုံးမှာ သူတို့ရဲ့ စုစမ်းချင်စိတ်ကို မအောင့်နိုင်တော့ဘဲ ပန်းခြံထဲက ကြောက်စရာကောင်းတဲ့ သတ္တုမိစ္ဆာကောင်ကြီးနားကို ချဉ်းကပ်လာကြတယ်။
ပထမတော့ ဒီလောက် လေးလံနေတာတောင် ဘယ်လိုအရာမျိုးက ဒီလောက် မြန်မြန် ရွေ့လျားနိုင်တာလဲဆိုတာကိုပဲ သူတို့ စိတ်ဝင်စားနေကြတာ။ ဒါပေမဲ့ ပြီးတော့မှ ဒါက ခွင့်ပြုချက် လိုချင်နေတဲ့ ကုမ္ပဏီတွေထဲက ဆိုင်ခန်းတစ်ခု ဖြစ်နေမှန်း သူတို့ မြင်သွားကြတယ်။
ချဉ်းကပ်လာတဲ့သူကတော့ ကလေးနှစ်ယောက်နဲ့ မိဘနှစ်ပါး ပါဝင်တဲ့ မိသားစုလေး တစ်စု ဖြစ်တယ်။
သူတို့ ချဉ်းကပ်လာတာနဲ့ ရီနေးတား အလုပ်သမားတွေက ချက်ချင်းပဲ အပြုံးတွေ ဆင်မြန်းလိုက်ပြီး သူတို့ရဲ့ ပထမဆုံး ဖောက်သည်ကို လှိုက်လှိုက်လှဲလှဲ ဧည့်ခံတော့တယ်။
"ရီနေးတား ရွေ့လျားဆိုင်ကနေ ကြိုဆိုပါတယ်ခင်ဗျာ၊ ဘာကူညီပေးရမလဲ"
အဲဒီမိသားစုက ထုတ်ကုန်တွေ သရုပ်ပြသတာကို မျက်လုံးအဝိုင်းသားနဲ့ စောင့်ကြည့်နေတာကို မိုက်ကယ်က ကြည့်နေခဲ့တယ်။ သူတို့က စွဲမက်ဖွယ်ကောင်းတဲ့ ပြသမှုတွေထဲ ချက်ချင်း စီးမျောသွားပြီး သူတို့အတွက် တစ်ခုလောက် ဝယ်ချင်စိတ်တွေ ပြင်းပြလာကြတယ်။
"ကျွန်မ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေ ယူမယ်" လို့ မိခင်ဖြစ်သူက ပြောတယ်။
"ငါ့အတွက်တော့ အဲဒီဓားကို ယူမယ်။ မိန်းမရေ၊ ဒါက အားစိုက်စရာတောင် မလိုဘဲ စက္ကူကို နှစ်ပိုင်းပြတ်အောင် လှီးဖြတ်နိုင်တယ်ဗျ"
"မေမေ၊ ဖေဖေ။ သမီး အဲဒီမီးခြစ်ဆံ လိုချင်တယ်။ သမီးက မျက်လှည့်ဆရာလိုမျိုး မီးကို ဖန်တီးနိုင်မှာ"
"သားလည်း လိုချင်တယ်။ သားလည်း လိုချင်တယ်"
မိနစ်အနည်းငယ်အတွင်းမှာတင် ကျေနပ်အားရသွားတဲ့ မိသားစုလေးဟာ စုစုပေါင်း ပစ္စည်း အနည်းဆုံး ဆယ်ခုလောက် ဝယ်ယူပြီး ဆိုင်ခန်းကနေ ထွက်ခွာသွားကြတယ်။ ဒီနေ့မှာတော့ သူတို့က သတ်မှတ်ထားတဲ့ ဘတ်ဂျက်အကန့်အသတ်ပဲ ယူလာခဲ့တာမို့ မနက်ဖြန်မှာ နောက်ထပ် လာဝယ်ဦးမယ်လို့တောင် ကတိပေးသွားကြသေးတယ်။
အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ မိုက်ကယ်အတွက် အခြေအနေတွေက ပိုပြီးတော့တောင် ကောင်းမွန်လာခဲ့တယ်။
ဒီမနက်ရဲ့ အံ့ဩမှင်တက်စရာ ဝင်ရောက်လာမှုက ဧရာမ ကြော်ငြာကြီးတစ်ခုလို ဖြစ်သွားပြီး လူအများအပြားကို သူတို့ရဲ့ ကုန်ပစ္စည်းတွေကို လာရောက်ကြည့်ရှုဖို့ ဆွဲဆောင်နိုင်ခဲ့တယ်။ သူတို့နားကို ချဉ်းကပ်လာတဲ့သူတိုင်းက အနည်းဆုံး ပစ္စည်းတစ်ခုစီတော့ ဝယ်သွားကြတာချည်းပဲ။
ဒါက ကုန်ပစ္စည်းအများအပြားကို အဆင်သင့် သိုလှောင်ထားနိုင်ခြင်းရဲ့ အားသာချက်တွေထဲက တစ်ခုပဲ ဖြစ်ပြီး လူတန်းစားပေါင်းစုံက လူတွေအတွက် ဝယ်ယူစရာ တစ်ခုခု ရှိနေစေတာပေါ့။
လူတွေက ဆိုင်ခန်းကို လာရောက်ကြည့်ရှုပြီး တစ်ခုခု ဝယ်ယူဖို့ ပိုပြီးတော့တောင် များပြားလာခဲ့တယ်။ ပြီးတော့ ရင်ပြင်ရဲ့ သူတို့လမ်းကြောင်းအတိုင်း လျှောက်လှမ်းလာကြတဲ့ လူတွေရဲ့ ၁၀၀ ရာခိုင်နှုန်းနီးပါးက မိုက်ကယ်နဲ့ သူ့ရဲ့ ဆိုင်ခန်းအတွက် အရောင်းအဝယ် ဖြစ်စေခဲ့တယ်
စားပွဲခုံတွေပေါ်က ပစ္စည်းတွေက သူတို့ ကျော်ဖြတ်သွားဖို့ သိပ်ကို ဆွဲဆောင်မှု ရှိလွန်းနေတာကိုး။
နောက်ဆုံးတော့ ဖောက်သည်တစ်ယောက်က ဆိုင်ခန်းဆီကနေ ထွက်ပေါ်လာတဲ့ မွှေးကြိုင်တဲ့ အနံ့အသက်ကို ရလိုက်တယ်။ သူတို့က စားပွဲခုံတွေကို လှည့်ပတ်ကြည့်ရှုနေတာကို ရပ်လိုက်ပြီး ဆိုင်ခန်းနားကို တိုးကပ်လာကြတယ်။
အဲဒီနေရာမှာတော့ သူတို့က ချက်ပြုတ်ရေး အကာအကွယ်အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ ရီနေးတား ဝန်ထမ်းတွေက ဆူပွက်နေတဲ့ ဆီပူပူထဲကို တစ်ခုခု နှစ်မြှုပ်လိုက်ပြီး သွားရည်ယိုစရာ တရှဲရှဲ အသံတွေကို ဖန်တီးနေတာကို မြင်လိုက်ရတယ်။
"ဟင်... အနံ့က မွှေးနေတာပဲ။ ဒါက ဘာလဲ" လို့ လူကောင်ခပ်ဝဝ အမျိုးသားဖောက်သည်က မေးမြန်းလိုက်တယ်။
"မင်္ဂလာပါ လူကြီးမင်း၊ ဒါကတော့ ကျွန်တော်တို့ရဲ့ ဒီနေ့အတွက် စားသောက်ဖွယ်ရာ စာရင်းဖြစ်ပါတယ်။ လူကြီးမင်း ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်" လို့ ရီနေးတား ဝန်ထမ်းက ပြန်လည်ဖြေကြားခဲ့တယ်။
အဲဒီလူက စားသောက်ဖွယ်ရာ စာရင်းကို ကြည့်လိုက်ပြီး ရနိုင်တဲ့ အစားအစာတွေထဲက ပီဇာ၊ ဒိုးနတ်နဲ့ အချိုမုန့်လို အရာတွေကို မြင်လိုက်ရတယ်။ အချိုရည်ကဏ္ဍမှာတော့ ရေခဲတုံးလို အေးစိမ့်နေတဲ့ ရေ၊ အယ်လ်ဖ်ယမကာနဲ့ အပူပိုင်းဒေသ သစ်သီးဖျော်ရည် စုံလင်စွာ ရှိနေတယ်။
ပထမတော့ အဲဒီလူက ဒါကို သိပ်ပြီး သံသယဝင်နေတာ။ ဆောင်းရာသီ အလယ်ခေါင်မှာ သူတို့က လတ်ဆတ်တဲ့ သစ်သီးတွေကို ဘယ်လိုလုပ် ရနိုင်မှာလဲ။ ပြီးတော့ သူက သူတို့ ကမ်းလှမ်းတဲ့ အစားအစာတွေအကြောင်းကိုလည်း ဘာမှ မသိဘူးလေ။
ဒါပေမဲ့ အနံ့က ကောင်းနေတာမို့လို့ အဲဒီလူက စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
"ငါ့ကို ဒီ... ဒိုးနတ် ဆိုတာလေး ပေးစမ်းပါ" လို့ သူက ပြောတယ်။
"ကောင်းပါပြီ လူကြီးမင်း။ အဲဒါနဲ့အတူ သောက်ဖို့ ရေရော လိုချင်ပါသလား"
အဲဒီလူက ပုခုံးတွန့်ပြလိုက်တယ်။ "ရတာပေါ့"
မိနစ်အနည်းငယ်အတွင်းမှာတင် ဝန်ထမ်းက သူ့ကို အပေါ်ကနေ ချောကလက်တွေ ဆမ်းထားတဲ့ အကွင်းပုံသဏ္ဌာန် မုန့်တစ်ခုကို ကမ်းပေးလိုက်တယ်။
ဒါက အဲဒီလူအတွက် သိပ်ကို သွားရည်ကျစရာ ဖြစ်နေတာမို့ သူက ဒီအချိန်မှာတင် တစ်ကိုက်လောက် မမြည်းစမ်းဘဲ မနေနိုင်တော့ဘူး။ သူ တစ်ကိုက် ကိုက်လိုက်တာနဲ့ ချက်ချင်းပဲ စွဲလန်းသွားတော့တယ်။ ချောကလက်နဲ့ မုန့်ရဲ့ ပေါင်းစပ်မှုက သူ တစ်ခါမှ မမြည်းစမ်းဖူးသေးတဲ့ အရသာမျိုးပဲ။
"ဒါက အံ့ဩစရာပဲ" လို့ သူက ချီးမွမ်းခန်းဖွင့်တယ်။
သူက စက္ကန့်ပိုင်းအတွင်းမှာတင် အကုန်လုံးကို စားလိုက်တာမို့ ရေသောက်ချင်စိတ် ပြင်းပြလာခဲ့တယ်။
ဝန်ထမ်းက ဒါကို မြင်လိုက်ပြီး ရေခဲတုံးလို အေးစိမ့်နေတဲ့ ရေတစ်ခွက်ကို သူ့ထံ ချက်ချင်း တည်ခင်းပေးလိုက်တယ်။
"ဒီမှာ ညီမလေး။ ငါ့ကို အဲဒီဒိုးနတ် နောက်ထပ် ပေးလို့ရမလား"
"ရပါတယ် လူကြီးမင်း။ ဒိုးနတ်တွေ ကျက်ဖို့ အချိန်နည်းနည်းတော့ ကြာမှာမို့လို့ ကျွန်မတို့ရဲ့ စားပွဲခုံတွေထဲက တစ်ခုခုမှာ ထိုင် စောင့်ချင်ပါသလား" လို့ ဝန်ထမ်းက မြက်ခင်းပြင်ဘေးမှာ သေသပ်စွာ ချထားတဲ့ စားပွဲခုံတွေကို ညွှန်ပြရင်း မေးလိုက်တယ်။
အဲဒီလူက ခေါင်းငြိမ့်ပြပြီး နေရာယူလိုက်ကာ သူ့ရဲ့ ဒိုးနတ်အတွက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေတော့တယ်။
အချိန်တစ်ချို့ကုန်ဆုံးသွားတဲ့အခါမှာတော့ အော်တိုနဲ့ တခြားသူတွေက မိုက်ကယ်ဟာ တစ်ရက်တည်းမှာတင် အရောင်းအဝယ် ပေါင်း တစ်ထောင်ကျော်အထိ ရရှိခဲ့တာကို မြင်ပြီး အံ့ဩသွားကြတယ်။
ဒါက သူ့ကို ခွင့်ပြုချက် စာမေးပွဲ အောင်မြင်ဖို့ လမ်းကြောင်းပေါ်ကို သေချာပေါက် ရောက်ရှိသွားစေတာပေါ့။
* * * * * * * *