အခန်း ၂၄၂
Vol. 25 Ch. 242
အခန်း(၂၄၂)
အသံထဲမှာ အရေးတကြီး ဖြစ်နေတဲ့ အရိပ်အယောင်တွေ ပါနေတယ်။ ကော်ဖီ အရင်သောက်ပြီး ခုံပေါ်မှာ အေးအေးလူလူ နားနေတဲ့ မာရူးက ပထမဆုံးအနေနဲ့ အချိန်ကို လှမ်းကြည့်လိုက်တယ်။ ပဉ္စမမြောက် အချိန်တက်ဖို့ ၁၀ မိနစ်ပဲ လိုတော့တယ်။ သူ ဖုန်းချလိုက်ပြီး နောက်တံခါးကနေ ထွက်ခဲ့လိုက်တယ်။ အလယ်လှေကားအတိုင်း ဆင်းလာပြီး ပထမထပ်ကို ရောက်တော့ အဆောက်အအုံရဲ့ ဘယ်ဘက်တံခါးကနေ အပြင်ကို ထွက်ခဲ့တယ်။ ထမင်းစားဆောင်ကို ကျော်ဖြတ်ပြီး ကျောင်းရဲ့ နောက်ဘက်ဆီ ဦးတည်လိုက်တဲ့အခါ ပြဇာတ်အသင်းက လူသုံးယောက်ကို အဲဒီမှာ တွေ့လိုက်ရတယ်။
ဘာကိစ္စလဲလို့ သူ မမေးရသေးခင်မှာတင် ဆီဆေးနံစော်စော်ကြီးက နှာခေါင်းထဲကို လာစူးတယ်။ သူ မျက်မှောင်ကုတ်ပြီး ကွန်တိန်နာအနား တိုးသွားလိုက်တယ်။ ပထမဆုံး မြင်လိုက်ရတာက အနက်ရောင်နဲ့ အစိမ်းရောင်တွေ ပေပွနေတဲ့ ဝတ်စုံတွေပဲ။ စိတ်ပျက်အားငယ်နေတဲ့ ဒေးမြောင်နဲ့အတူ မသက်မသာ ဖြစ်နေကြတဲ့ ဂျီယွန်းနဲ့ အာရမ် အတွဲကိုလည်း မြင်လိုက်ရတယ်။
“ဒါ ဆေးဖိတ်ကျရုံနဲ့ ဖြစ်တဲ့ ပုံစံမျိုး မဟုတ်ဘူး ထင်တယ်”
သူ့စကားကို ကြားတော့ သုံးယောက်စလုံး ခေါင်းငြိတ်ကြတယ်။ အဲဒီအချိန်မှာတင် ဒိုဝူးနဲ့ ဘန်ဂျူးတို့လည်း ကွန်တိန်နာဆီ ရောက်လာကြတယ်။ နှစ်ယောက်စလုံး အမောတကောနဲ့ အသက်ရှူသံတွေ ပြင်းနေကြတာ။
“မာရူး၊ မင်း ရောက်နေပြီပဲ”
“အေး”
“တောက်... အလကားကောင်။ ဒါကို လုပ်သွားတဲ့ အဲ့ကောင် အနားမှာ ရှိသေးလားလို့ ဘန်ဂျူးနဲ့ ငါ ပတ်ရှာကြည့်တာ ဘာမှ ရှာမတွေ့ဘူးကွာ”
မာရူးက ခေါင်းငြိတ်ပြပြီး ကွန်တိန်နာထဲကနေ အရင်ဆုံး ပြန်ထွက်ခဲ့တယ်။ အထဲမှာ ခဏလေးပဲ နေရသေးပေမဲ့ ခေါင်းထဲ မူးနောက်နောက် ဖြစ်လာပြီလေ။
“လောလောဆယ် အဲဒီဝတ်စုံတွေကို ကွန်တိန်နာထဲမှာပဲ ထားလိုက်ဦး”
“...အေးပါ”
ဒေးမြောင်က သက်ပြင်းချရင်း မာရူး ခိုင်းတဲ့အတိုင်း လုပ်တယ်။ မာရူးက ဒေးမြောင်ကို တစ်ချက်ကြည့်ပြီး တံခါးမင်းတုပ်ကို နင်းကာ ကွန်တိန်နာ အပေါ်ထိပ်ဆီ တက်လိုက်တယ်။ အခုအချိန်မှာ ကွန်တိန်နာကို လေဝင်လေထွက် ရအောင် လုပ်ပေးဖို့ လိုအပ်နေတာကိုး။ ကွန်တိန်နာရဲ့ ထောင့်တွေမှာရှိတဲ့ လေဝင်လေထွက်ပေါက် မင်းတုပ်တွေ အကုန်လုံးကို သူ ဖွင့်ပစ်လိုက်တယ်။ ဒါတွေက ပုံမှန်ဆို မိုးရေမဝင်အောင် ပိတ်ထားလေ့ ရှိတာပါ။
ပြီးတော့ အမိုးပေါ်ကနေ သူ ခုန်ဆင်းလိုက်တယ်။ အခုလောလောဆယ် သူ လုပ်နိုင်သမျှ အကုန်လုပ်ပြီးပြီဆိုတော့ ဘာဖြစ်ခဲ့လဲဆိုတာ သိအောင် လုပ်ရတော့မယ်။
“တောင်းပန်ပါတယ် စီနီယာ။ ဖွင့်ထားတာ မြင်ကတည်းက ကျွန်မ ပိတ်လိုက်သင့်တာ”
“မဟုတ်ဘူး စီနီယာ။ အာရမ်က ဒီနေရာကို စောင့်ရမယ်လို့ ပြောနေတာတောင် ကျွန်မက အတင်းခေါ်သွားမိတာ။ တကယ် တောင်းပန်ပါတယ်။ တကယ်ပါ...”
ဂျီယွန်းနဲ့ အာရမ်က ခေါင်းလေးတွေငုံ့ပြီး တောင်းပန်နေကြတယ်။ ဒီတော့ ဒေးမြောင်က ကြားထဲက ဝင်ပြောပေးတယ်။
“ဒီကလေးမလေးတွေ ဘာမှ မမှားပါဘူး။ လေဝင်လေထွက် ရအောင်ဆိုပြီး ဒါတွေကို ဖွင့်ထားခဲ့တဲ့ ငါ့အမှားပါ။ ငါ ဒီနေရာကနေ မသွားခဲ့သင့်ဘူး...”
တောင်းပန်နေကြတဲ့ သုံးယောက်လုံးကို မာရူး စိုက်ကြည့်နေပြီးမှ သက်ပြင်းတစ်ချက် ချလိုက်တယ်။
“ဒါကို လုပ်သွားတာ မင်းတို့မှ မဟုတ်တာ၊ မင်းတို့က ဘာလို့ တောင်းပန်နေရတာလဲ။ ပြီးတော့ တာဝန်ရှိတယ်ဆိုရင်လည်း ပြဇာတ်အသင်းသား အကုန်လုံးနဲ့ ဆိုင်တာပဲ၊ ငါ့ကိုလည်း တောင်းပန်နေစရာ မလိုပါဘူး။ အာရမ်၊ ဂျီယွန်းနဲ့ ဘန်ဂျူး... မင်းတို့ သုံးယောက် အခု အတန်းထဲ သွားကြတော့။ နောက်တစ်ချိန် တက်တော့မယ်”
ပထမနှစ်တွေက တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေကြသေးပေမဲ့ မာရူးက အတင်းလွှတ်လိုက်တဲ့အခါကျမှပဲ မချင်မရဲနဲ့ အတန်းထဲ ပြန်သွားကြတော့တယ်။
“မင်း ဘာလုပ်ဖို့ စိတ်ကူးလဲ။ အခြေအနေကတော့ ကပြက်ကချော် ဖြစ်ကုန်ပြီ”
ဒိုဝူးက ကွန်တိန်နာထဲကို လှမ်းကြည့်တယ်။ တကယ်ကို ပွထနေတာပဲ။ ဆေးနဲ့ လုပ်ထားတာဆိုတော့ ဆေးဖျော်ရည်နဲ့ ဖျက်ရင် ပျက်နိုင်ပေမဲ့ ကွဲပြားတဲ့ အရောင်အသွေးတွေ ရှိနေတဲ့ ဝတ်စုံတွေကို ပြန်ပြင်လို့ ရ၊ မရဆိုတာကတော့ မသေချာဘူး။ ပစ္စည်းကိရိယာတွေရဲ့ အခြေအနေကလည်း စုတ်ပြတ်သတ်နေတာပဲ။ ရိုးရာ စာက္ကူမီးအိမ်ကတော့ လုံးဝ သုံးစားလို့ မရတော့တာ သေချာသလောက် ရှိနေပြီး ဝိုင်ခွက်တွေ၊ အရုပ်ကလေးတွေနဲ့ ဆေးတံလို အရာမျိုးတွေကိုတော့ ဆေးကြောလို့ ရနိုင်တယ်။ သို့ပေမဲ့ ဒါတွေထဲက ဘယ်နှစ်ခုကို ပြန်ကယ်တင်နိုင်မလဲဆိုတာကတော့ မသိရသေးဘူး။
“ဝတ်စုံတွေက ပြဿနာပဲ”
မာရူးက ခါးသက်သက် မျက်နှာပေးနဲ့ ကွန်တိန်နာကို တစ်ခေါက် ပြန်လှည့်ပတ် ကြည့်ရှုလိုက်တယ်။ အချိန်တိုအတွင်း လုပ်သွားတဲ့ အလုပ်ကိုတော့ တကယ်ကို စေ့စပ်သေချာလွန်းတယ်။ ကြမ်းပြင်ပေါ်မှာ ဆေးဗူးအလွတ်တွေ တစ်ဗူးမှ ကျန်မနေခဲ့ဘူး။
“မင်းတို့ ဒီနေရာကို ပစ်ထားခဲ့တာ ဘယ်လောက်ကြာသွားလဲ”
“၁၅ မိနစ်လောက်များလား” ဒေးမြောင်က မသေချာသလို ပြန်ဖြေတယ်။
၁၅ မိနစ်။ အဲဒီအချိန်အတွင်းမှာပဲ အာရမ်နဲ့ ဂျီယွန်းတို့ ဒီနေရာကို လာကြည့်မိတယ် ဆိုကတည်းက ဒီနေရာမှာ လူမရှိဘဲ လစ်ဟာသွားတဲ့ အချိန်က ၁၀ မိနစ်လောက်ပဲ ရှိမယ်။
“ဒီလို ဖြစ်သွားအောင် လုပ်ဖို့ အဲလောက် အချိန်အများကြီး မလိုဘူး ထင်ပါရဲ့”
“...ဆရာ့ကို သွားပြောရမလား” ဒေးမြောင်က အကဲခတ်ရင်း မေးတယ်။ သူ့မျက်နှာမှာ အပြစ်မကင်းစိတ်တွေ အပြည့် ဖြစ်နေတာ။
“ဆရာ တေးဆစ် ကိုတော့ ပြောရမှာပေါ့၊ ဒါပေမဲ့ တခြားလူတွေကို သွားပြောလည်း ငါတို့အတွက် ဘာမှ ထူးလာမှာ မဟုတ်ဘူး။ ဟင့်အင်း... မပြောတာ ပိုကောင်းတယ်။ ဒီတိုင်းပြည်က တော်တော်လေးကို ကမောက်ကမ ဖြစ်နေတာ။ တစ်ခုခု ဖြစ်ပြီဆိုရင် အဲဒီပြဿနာကို ဖန်တီးတဲ့လူကို အရင် စစ်တာ မဟုတ်ဘဲ အဲဒီအဖြစ်အပျက်ကြောင့် ဆုံးရှုံးမှု ခံရတဲ့လူကိုပဲ အရင်ဆုံး လာစစ်မေးကြတာ။ ကွန်တိန်နာကြီး ဒီလို ဖြစ်သွားတာကို ဆရာတွေ သိသွားရင် ငါတို့ကို သေချာ ဂရုမစိုက်လို့ဆိုပြီး ဆူကြမှာ သေချာသလို၊ ဒါကို အခွင့်ကောင်းယူပြီး ငါတို့ကို ဖိကြဦးမှာ။ ငါကတော့ အဲဒါကို အဖြစ်မခံနိုင်ဘူး၊ ဒါကြောင့် ငါတို့ဘာသာပဲ ရှင်းကြရအောင်”
“ဆောင်းရီးကွာ... ငါ့ကြောင့် ဖြစ်ရတာ”
“မင်းကြောင့် မဟုတ်ဘူးလို့ ငါ ခုနတင် ပြောပြီးပြီလေ။ ဒါကို လုပ်သွားတဲ့ အလကားကောင်ကသာ ပြဿနာပဲ၊ မင်း မဟုတ်ဘူး။ တံခါး ဖွင့်ထားခဲ့ရုံနဲ့ ဒီလို လုပ်ပစ်တာ တရားတယ်လို့ သတ်မှတ်ကြမယ်ဆိုရင် ခိုးမှုဆိုတာ ဘာလို့ ရာဇဝတ်မှု ဖြစ်နေတော့မလဲ။ အဲဒါကို စိတ်ထဲ ထည့်မနေနဲ့တော့၊ ဒီပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာပဲ စဉ်းစားရအောင်။ လောလောဆယ်တော့ လေဝင်ပေါက်တွေ ဖွင့်ထားပြီးပြီဆိုတော့ တံခါးကို ပိတ်ထားလိုက်ကြစို့”
ဒီမှာ ဘာဖြစ်ခဲ့လဲဆိုတာ လူတိုင်း သိသွားလို့လည်း ကောင်းကျိုး ဘာမှ ရှိလာမှာ မဟုတ်ဘူး။ မာရူး တံခါးပိတ်ဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ စပရေးဆေးဗူးအလွတ်က သူ့မျက်စိထဲ ဝင်လာတယ်။
“ခဏဦး”
ပစ္စည်းတွေကို အသေးစိတ် ကြည့်ဖို့ အချိန်မရခဲ့ပေမဲ့ အခု စပရေးဆေးဗူးကို မြင်လိုက်ရတဲ့ အခါမှာတော့ အစိမ်းရောင် လက်ဗွေရာတစ်ခုကို တွေ့လိုက်ရတယ်။ ရေစိုခံဆေးဆီက ပေလာတာပဲ။ ပြီးတော့ မာရူးက ကွန်တိန်နာ ကြမ်းပြင်ကို လှမ်းကြည့်လိုက်တယ်။ တရားခံက နံရံပေါ်က ဝတ်စုံတွေနဲ့ ပစ္စည်းတွေကို ဆေးနဲ့ လှမ်းပက်ခဲ့တာဆိုတော့ ဆေးတွေက ကြမ်းပြင်ပေါ် ပြန်စင်ကျနေတာပေါ့။ မာရူး သူ့ဖိနပ်ကို စစ်ဆေးဖို့ ခြေထောက်ကို မလိုက်တယ်။ ဖိနပ်ပေါ်မှာ ရေစိုခံဆေးတွေ ပေနေတာကို မြင်လိုက်ရတယ်။ ရှင်းနေတာပဲ။ အနည်းအကျဉ်းပဲ ဖြစ်ဖြစ်၊ ကြမ်းပြင်ပေါ် စင်နေတဲ့ ဆေးတွေက သူ့ဖိနပ်မှာ လာပေတာပဲလေ။
“ဒေးမြောင်။ မင်း ကွန်တိန်နာထဲ ဝင်ခဲ့တယ် မဟုတ်လား”
“အေး၊ ဝင်ခဲ့တယ်”
“မင်း ဖိနပ်အောက်ခြေကို တစ်ချက်ကြည့်ဦး။ ဆေးတွေ ပေနေတာ တွေ့လား”
“ဟင်၊ အေး... ရှိတယ်၊ ရှိတယ်”
စပရေးဆေးဗူး ဘေးနားက အလုပ်သမား လက်အိတ်ကို မာရူး လှမ်းကြည့်လိုက်တယ်။ အစိမ်းရောင် ဆေးတွေ နေရာအနှံ့ ပေကျံနေတာပဲ။ တရားခံက အရင်ဆုံး လက်အိတ်ကို စွပ်ပြီး ကွန်တိန်နာထဲမှာ ရှိတဲ့ ဆေးပုံးထဲက ဆေးတွေကို လောင်းချပက်ဖြန်းခဲ့ပုံရတယ်။ ပြီးတော့ ဆေးတွေ လောင်းချရင်း နောက်ဆုတ်လာတဲ့ အချိန်မှာ အပေါ်ဘက်က ဝတ်စုံတွေကို သတိထားမိသွားတာ ဖြစ်မယ်။ ပုံးထဲက ဆေးနဲ့ လှမ်းပက်ဖို့ကျတော့ အပေါ်ကို ရောက်အောင် ပက်ဖို့ နည်းနည်း အန္တရာယ်များနေလိမ့်မယ်။ အဲဒီနောက် စပရေးဆေးဗူးတွေကို တွေ့သွားတော့မှ တရားခံက ပြန်ဝင်လာပြီး အပေါ်ဘက် နံရံတွေကို စပရေးနဲ့ လိုက်ဖျန်းခဲ့တာ နေမှာ။
မာရူးက အပြင်ကို အရင်ထွက်ပြီး တံခါးပိတ်လိုက်တယ်။ ပြီးတော့ ကွန်တိန်နာဆီ ဦးတည်နေတဲ့ ကတ္တရာလမ်း ကြမ်းပြင်ကို သေချာ စေ့စေ့စပ်စပ် ကြည့်လိုက်တယ်။ သူ ထင်ထားတဲ့အတိုင်းပဲ၊ အစိမ်းရောင် ဆေးရာ အစအနတွေကို တွေ့လိုက်ရတယ်။ ဒါတွေက ဒေးမြောင်၊ မာရူးကိုယ်တိုင်နဲ့ တရားခံတို့ရဲ့ ခြေရာတွေ ဖြစ်ရမယ်။
“ငါတို့လည်း ပြန်ကြရအောင်။ ပဉ္စမမြောက် အချိန် စတော့မယ်”
မာရူးက သူ့သူငယ်ချင်း နှစ်ယောက်ကို အထဲ ခေါ်ခဲ့လိုက်တယ်။ နောက်သင်ခန်းစာ စဖို့ ၃ မိနစ်တောင် မလိုတော့ဘူး။
“တကယ်ပဲ ဘယ်လို ကောင်မျိုးက ဒီလို ကိစ္စမျိုးကို လုပ်ရဲတာလဲ မသိဘူး”
“ဒါ သာမန် နောက်ပြောင်တာမျိုးတော့ မဟုတ်လောက်ဘူး။ အဲဒီလူက နေရာအနှံ့ကို စပရေးတွေ လိုက်ဖျန်းတဲ့အထိ လုပ်သွားတယ်ဆိုရင် ကိစ္စတစ်ခုခု နောက်ကွယ်မှာ ရှိနေရမယ်”
“...” ဒေးမြောင်က ဘာမှမပြောဘဲ မာရူးကို စိုက်ကြည့်နေတယ်။ မာရူးကလည်း ပြန်ပြုံးပြလိုက်တယ်။
“ဘာလဲ၊ မင်း စိတ်ထဲ ထင်နေတဲ့လူ ရှိလို့လား” ဒိုဝူးက မေးတယ်။ စိတ်ထဲ ထင်နေတဲ့လူ ဟုတ်လား။ ဖြစ်နိုင်ခြေ အရှိဆုံး တရားခံတစ်ယောက်တော့ ရှိတာပေါ့။ မာရူးက သူ့အတန်းရှေ့ အရောက်မှာတင် ချက်ချင်း လှည့်ပြန်ပြီး ဒီဇိုင်းမေဂျာ အတန်းဆီ ဦးတည်လိုက်တယ်။ ပဉ္စမမြောက် အချိန်က စတော့မှာဆိုတော့ လူတိုင်း ကိုယ့်အတန်းထဲကိုယ် ရှိနေကြပြီ။ ဒိုဝူးကို အပြင်မှာ စောင့်ခိုင်းထားခဲ့ပြီး ဒေးမြောင်ကို ခေါ်လို့ အထဲ ဝင်ခဲ့လိုက်တယ်။ ပြတင်းပေါက် အနားမှာ ဂွန်ဆော့ ကို တွေ့လိုက်ရတယ်။ ဂွန်ဆော့က သူတို့ကို တည်တည်ငြိမ်ငြိမ်ပဲ စိုက်ကြည့်နေတာ။ မာရူးက ဂွန်ဆော့ဆီကနေ မျက်လုံးမလွှဲနိုင် ဖြစ်နေတဲ့ ဒေးမြောင်ကို ဆွဲခေါ်ပြီး ဆိုယွန်း ဆီကို လျှောက်သွားလိုက်တယ်။
“နေကောင်းလား”
“ဘာကိစ္စရှိလို့လဲ မင်းတို့နှစ်ယောက်” ဆိုယွန်းက တခိခိ ရယ်ရင်း မေးတယ်။ သူမက ပြဇာတ်အသင်းကနေ ထွက်သွားခဲ့ပေမဲ့ ဒုတိယနှစ်တွေနဲ့တော့ တစ်ခါတလေ အတူတူ ဆုံဖြစ်ပါသေးတယ်။ သို့ပေမဲ့ မေလ စကတည်းက လူတိုင်းက လေ့ကျင့်ရေးတွေ စလုပ်နေကြပြီဆိုတော့ အားလုံးနဲ့ ဆုံဖို့က ခက်ခဲလာခဲ့တာလေ။
“ငါတို့ ဒီမှာ ကိစ္စလေး နည်းနည်း ရှိလို့”
“ကိစ္စ” ဆိုယွန်းက ခေါင်းစောင်းပြီး စဉ်းစားတယ်။ မာရူးက ဆိုယွန်းကို ပြုံးပြရင်း သဘာဝကျကျပဲ ဂွန်ဆော့ ဆီကို မျက်လုံးဝှေ့ကြည့်လိုက်တယ်။ ဂွန်ဆော့ကတော့ စိတ်အေးလက်အေး ရှိနေတဲ့ မျက်နှာပေးနဲ့ သူ့ကို စိုက်ကြည့်နေတုန်းပဲ။
“ဘာမှမဟုတ်ပါဘူး။ နောက်မှ တွေ့မယ်လေ”
“ဘာလဲဟ။ ဘာတွေ ဖြစ်နေတာလဲ”
“နောက်မှ ပြောပြမယ်။ တေဂျွန်း နဲ့ လျှောက်ပြီး အန္တရာယ်များတာတွေ မလုပ်နဲ့ဦး၊ ဟုတ်ပြီလား”
စိတ်ကောက်ကျန်ခဲ့တဲ့ ဆိုယွန်းကို ထားခဲ့ပြီး သူတို့ ဒီဇိုင်းအတန်းထဲကနေ ထွက်ခဲ့ကြတယ်။ အဲဒီအချိန်မှာတင် ကျောင်းတက်ခေါင်းလောင်းသံ မြည်လာတော့တယ်။ ကိုယ့်အတန်းကိုယ် ပြန်ရောက်တဲ့အခါ သုံးယောက်သား နေရာမှာ ဝင်ထိုင်လိုက်ကြတယ်။
“ဂွန်ဆော့ မဟုတ်ဘူးလား။ ငါတို့ သူ့ကို အဲလောက်အထိ လုပ်ထားတာတောင် သူက အဲလောက်ကြီး တည်ငြိမ်နေနိုင်စရာ အကြောင်းမရှိဘူးလေ” ဒေးမြောင်က မျက်မှောင်ကုတ်ရင်း ပြောတယ်။ မာရူးက ခေါင်းခါပြပြီး ပြန်ပြောလိုက်တယ်။
“မဟုတ်ဘူး၊ အဲဒါရဲ့ ပြောင်းပြန်ပဲ။ သူက ငါ လုပ်တာပါလို့ ငါတို့ကို ပေါ်တင်ကြီး ပြောနေတာ”
“ဘာလို့ အဲလို ထင်တာလဲ”
“သူက သရုပ်ဆောင် ကောင်းတယ်လေ။ မီဆို ဆရာမတောင် ပြောဖူးတယ် မဟုတ်လား၊ သဘာဝကျကျ သရုပ်ဆောင်တဲ့ နေရာမှာ သူက အကောင်းဆုံးပဲလို့”
“အေး၊ ပြောဖူးတယ်”
“အဲဒါကြောင့်ပဲ သူက သံသယဖြစ်စရာ အကောင်းဆုံး ဖြစ်နေတာ။ သူက ငါတို့ကို အဲလိုမျိုး အေးအေးလူလူ လာပြုံးပြနေနိုင်စရာ အကြောင်းမရှိဘူး။ ငါ့အပေါ်မှာ မကျေနပ်ချက်တွေ အများကြီး သိုအောင့်ထားတာဆိုတော့ ငါ့ကို မြင်ရင် သူ ပြန်ပြုံးပြနိုင်မှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့တစ်ခေါက် ငါ ဒီဇိုင်းအတန်းကို သွားတုန်းက ဘာဖြစ်ခဲ့လဲ မင်း မှတ်မိသေးလား”
“အော်... အဲဒီတုန်းက... ဂွန်ဆော့ က သူ့အတန်းဖော်တွေ ရှေ့မှာတင် ငိုသွားခဲ့တာလေ”
“အဲလောက်အထိ အရှက်ကွဲခဲ့ရတဲ့ အတ္တကြီးလွန်းတဲ့ ကောင်က ငါတို့ကို ပြုံးပြုံးကြီး လာကြည့်နေတယ်ဆိုတော့... သူ ကလဲ့စားချေပြီးသွားလို့ ဖြစ်ရမယ်”
“တကယ်ပဲ ဂွန်ဆော့ လုပ်တာ သေချာလို့လား”
“ငါတို့ သေချာအောင် စစ်ကြည့်ဖို့ လိုတယ်”
“ဘာကို စစ်မှာလဲ”
“သူ့ဖိနပ်လေ။ သူ့အဝတ်အစားတွေပေါ်မှာ ဆေးမပေအောင်တော့ သူ ယုံကြည်မှု အပြည့် ရှိနေပုံရပေမဲ့ သူ့ဖိနပ်ကိုကော သူ သေချာ ဂရုစိုက်ခဲ့ရဲ့လားဆိုတာ ကြည့်ရမှာပေါ့”
“ဘာမှ မရှိရင်ကော”
“အနီးစပ်ဆုံး အထောက်အထားလောက်နဲ့တော့ သူ့ကို သွားဆော်လို့ မရဘူးလေ”
“ဆ... ဆော်မယ်”
“စကားအဖြစ် ပြောတာပါ”
မာရူးက မေးထောက်ပြီး စာပွဲခုံကို လက်ချောင်းလေးတွေနဲ့ တောက်တောက် တောက်တောက် တီးနေမိတယ်။ ကျောင်းသားကို ကျောင်းသားလို ဆက်ဆံပြီး လူကြီးကို လူကြီးလို ဆက်ဆံရမယ်။ လူတွေကို သူတို့ရဲ့ လူမှုအဆင့်အတန်းအလိုက် ဆက်ဆံတာက မာရူး တစ်ယောက်တည်းတင် မဟုတ်ဘဲ ဒီခေတ်ထဲမှာ ရှင်သန်နေထိုင်ကြတဲ့ လူကြီးတွေအကုန်လုံးအတွက် သဘာဝကျတဲ့ အရာပဲ။ အထက်လူကြီးတွေအတွက် စည်းကမ်းကို အထက်လူကြီးတွေဆီမှာ ကျင့်သုံးရမှာဖြစ်ပြီး လက်အောက်ငယ်သားတွေအတွက် စည်းကမ်းကိုတော့ လက်အောက်ငယ်သားတွေဆီမှာ ကျင့်သုံးရမယ်။
မတူညီတဲ့ လူမှုအဆင့်အတန်း ရှိတဲ့လူတွေ ထမ်းပိုးရတဲ့ တာဝန်ဝတ္တရား ပမာဏကလည်း တကယ်ကို ကွာခြားလှတာကိုး။ ဒါရိုက်တာအဆင့်ရှိတဲ့ လူတစ်ယောက်ရဲ့ အမှားနဲ့ ဝန်ထမ်းသစ်တစ်ယောက်ရဲ့ အမှား... အဲဒီနှစ်ခုက ကွာခြားချက်ကြီးမားလွန်းတယ်။ အဲဒီသဘောအတိုင်းပဲ၊ သင်ယူဆဲဖြစ်တဲ့ ကျောင်းသားတစ်ယောက်ရဲ့ အမှားက ဥပဒေအရ တာဝန်ယူရတော့မယ့် လူလားမြောက်ပြီးသား လူကြီးတစ်ယောက်ရဲ့ အမှားနဲ့ မတူနိုင်ဘူး။ ဒါက ပြစ်မှုရဲ့ ကြီးလေးမှုအပေါ်မှာ မူတည်တာ မဟုတ်ဘဲ စာနာစိတ်၊ ဒါမှမဟုတ် ခွင့်လွှတ်ပေးလို့ ရမယ့် အခွင့်အရေး ရှိ၊ မရှိအပေါ်မှာ ပိုဆိုင်တယ်။
ဘာပဲဖြစ်ဖြစ် ဥပဒေထဲမှာလည်း ဒီလိုပဲ ရေးထားတာပဲလေ။
တရားခံဟာ အသက်ငယ်ရွယ်ပြီး ယခင်က ပြစ်မှုကျူးလွန်ခဲ့ဖူးခြင်း မရှိတာကြောင့် ပြစ်ဒဏ်ကို လျှော့ပေါ့ပေးတယ်... ဆိုတာမျိုးပေါ့။
ဂွန်ဆော့က တကယ်ကို အောက်တန်းကျတဲ့ ကောင်ပဲ။ သို့ပေမဲ့ သူ့ရဲ့ ဗီဇဆိုးကြောင့်ပဲ သူ့ကို ဆိုးဆိုးဝါးဝါး ပြန်ဆက်ဆံဖို့ဆိုတာက လူကြီးတစ်ယောက်အနေနဲ့ လုပ်ဖို့ ရှက်စရာ ကောင်းလွန်းတယ်။ သူက အထက်တန်းကျောင်းသား ခန္ဓာကိုယ် ရှိနေတာကြောင့် နှစ်ယောက်စလုံးက ကလေးတွေလို့ ပြောလို့ရပေမဲ့ မာရူးရဲ့ စိတ်ရင်းကတော့ လူငယ်တွေရဲ့ မိုက်မဲတဲ့ အမှားလေးတွေကို နားလည်ပေးနိုင်တဲ့ လူကြီးတစ်ယောက်ရဲ့ စိတ်မျိုး ဖြစ်နေတာ။
ဒါပေမဲ့ ဒီဖြစ်ရပ်မှာတော့ သူ အတိုင်းအထက်အလွန် စည်းကျော်သွားခဲ့ပြီ။ မာရူးရဲ့ စိတ်ထဲမှာ ဂွန်ဆော့ကို စောင့်ကြည့်ကာလ သတ်မှတ်ထားတာ။ အဲဒီနေ့က သူ့ကို ဒီထက်မက ပြာပုံဖြစ်အောင် လုပ်ပစ်လို့ ရခဲ့ပေမဲ့ အဆုံးအထိ မလုပ်ခဲ့တဲ့ အကြောင်းရင်းကတော့ မျိုးဆက်သစ်လူငယ်တွေကို သေချာ လမ်းမပြပေးနိုင်တဲ့ လူကြီးတစ်ယောက်အနေနဲ့ အပြစ်မကင်းစိတ် ရှိနေလို့ဖြစ်သလို သူ စိတ်ပြောင်းလဲလာမလားဆိုတဲ့ မျှော်လင့်ချက်ကြောင့်လည်း ပါဝင်တယ်။
ဒါပေမဲ့လည်း သူ့ရဲ့ မျှော်လင့်ချက်တွေကတော့ ကောင်းကောင်းကြီး သစ္စာဖောက်ခံလိုက်ရပြီ။ တကယ်ကို စိတ်နာဖို့ ကောင်းတာပဲ။ တခြားလူတွေကတော့ သူ့ကို ကလေးဆန်တယ်လို့ ပြောကြရင် ပြောကြလိမ့်မယ်။ ရှေ့တည့်တည့်မှာကျ ဘာမှ ရင်ဆိုင်ရဲတဲ့ သတ္တိမရှိဘဲ ကွယ်ရာကျမှ လူတိုင်းရဲ့ နောက်ကွယ်မှာ ဆေးတွေ လိုက်ဖျန်းသွားတာကိုး။ အေးလေ... ဒါတွေက ကလေးဆန်တဲ့ လုပ်ရပ်တွေပဲ။
ကလေးတစ်ယောက်ရဲ့ ကလေးဆန်တဲ့ လုပ်ရပ်။
မာရူး လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်တယ်။ လူကြီးတွေ ကလေးဆန်လာတဲ့အခါ ဘာလုပ်တတ်လဲဆိုတာကို ပြမှပဲ အခြေအနေက မျှသွားမှာ မဟုတ်လား။
“ပထမဆုံး သူ့ဖိနပ်အောက်ခြေကို ရအောင် ကြည့်ရမယ်။ ဘာမှမရှိရင်တော့ နောက်နောင် ကွန်တိန်နာကို သေချာ သော့ခတ်ထားဖို့ပဲ ဆုံးဖြတ်ရမှာပေါ့...”
“တစ်ခုခု တွေ့ရင်ကော”
“အဲဒါဆိုရင်တော့ အချိန်ပိုဆင်းရတော့မှာပေါ့”
အဲဒီအချိန်မှာပဲ ဒိုဝူးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ပြောတယ်။
“သူ့ကို ဆော်ဖို့ ကိစ္စဆိုရင်တော့ ငါ့မှာ အပြည့်အဝ ယုံကြည်ချက် ရှိတယ်”
“အဲလို လုပ်လို့ မရဘူးလေ။ မင်း သူ့နဲ့အတူ ကျောင်းထုတ်ခံချင်လို့လား”
“အာ... ဟုတ်သားပဲ။ ဒါဆို မင်း ဘာလုပ်မှာလဲ”
“ငါက တကယ်ကို ကလေးဆန်ပြမှာ။ တကယ်ကို အရမ်း အရမ်း ကလေးဆန်ပြမှာ”
“ကလေးဆန်ပြမယ်”
မာရူး ပြုံးလိုက်တယ်။ အဲဒီအချိန်မှာတင် ရှေ့တံခါး ပွင့်လာပြီး ဆရာ ဝင်လာတော့တယ်။
“လောလောဆယ် ရှေ့ကိုပဲ ကြည့်ကြ။ အတန်းတက်ဖို့ အာရုံစိုက်ကြစို့”
ဒိုဝူးနဲ့ ဒေးမြောင်က ခေါင်းငြိတ်ပြီး ကျောက်သင်ပုန်းဆီ လှမ်းကြည့်ကြတယ်။ မာရူးကတော့ လက်ချောင်းလေးတွေကို လှုပ်ရှားရင်း အတွေးကမ္ဘာထဲ နစ်ဝင်သွားတော့တယ်။
* * * * * * * * *
မာရူးနဲ့ အပေါင်းအပါတွေ ဘာမှ မလုပ်နိုင်ဘဲ ပြန်ထွက်သွားတာကို မြင်တော့ ဂွန်ဆော့က တခိခိ ရယ်နေမိတယ်။ သူတို့ ပြဿနာရှာဖို့ လာတာ ဖြစ်ရမယ်၊ ဒါပေမဲ့ သူ အေးအေးဆေးဆေး ရှိနေတာကို မြင်တော့ လက်လျှော့ပြီး ပြန်သွားကြတာလို့ သူ ထင်လိုက်တာ။ ဆေးတွေ လောင်းချတဲ့အချိန်တုန်းက သူ အလျင်စလို ဖြစ်နေခဲ့ပေမဲ့ သူ့အဝတ်အစားတွေပေါ် ဆေးမပေအောင်တော့ သေချာ သတိထားခဲ့တာပဲ။ ဘာအထောက်အထားမှ သူ ချန်မထားခဲ့ဘူး။ လက်ဗွေရာ စစ်ဆေးတာမျိုးလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကိုလည်း သုံးကြမှာ မဟုတ်ပါဘူး။ ပထမဆုံးအနေနဲ့ ဒီလို ကိစ္စမျိုးအတွက် သူတို့ ရဲခေါ်မှာလည်း မဟုတ်ဘူးလေ။
‘ပြီးတော့ အဲဒီကောင် ဖြစ်နေရင် ဆရာတွေကိုလည်း သွားတိုင်မှာ မဟုတ်ဘူး’
ပြဇာတ်အသင်း ကြုံတွေ့နေရတဲ့ အခြေအနေတွေကို မာရူး ကောင်းကောင်း သိနေတာကြောင့် ဒီကိစ္စကို အကြီးအကျယ် ဖြစ်အောင် လုပ်မှာ မဟုတ်တာ သေချာသလောက် ရှိတယ်။ အဲဒါကြောင့်ပဲ ဒီဖြစ်ရပ်က တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ပြီးဆုံးသွားလိမ့်မယ်။ သူတို့ ရင်ထဲမှာတော့ ပေါက်ကွဲမတတ် ခံစားရမှာ ဖြစ်ပေမဲ့ သူတို့ ဘာလုပ်နိုင်မှာလဲ။ အထောက်အထားမှ မရှိတာ။
ဂွန်ဆော့ တစ်ယောက် ကျန်တဲ့ ကျောင်းချိန်တွေမှာ ဘာကြောင့်မှန်းမသိဘဲ အတန်းတက်ရတာ တကယ်ကို ပျော်စရာကောင်းနေတော့တယ်။
* * * * * * * * *