အခန်း ၂၄၃
Vol. 25 Ch. 243
အခန်း(၂၄၃)
ဒေးမြောင်က စာသင်ချိန်တစ်ချိန်လုံး အတွေးဗျာပါဒများနေခဲ့တယ်။ ဂွန်ဆော့က တကယ်ပဲ တရားခံ ဖြစ်နေမလား။ တကယ်လို့ သူသာဆိုရင် ဘာကြောင့် ဒီလိုလုပ်ရတာလဲ။ တကယ်လို့ သူသာမဟုတ်ရင်ကော ဘယ်သူကများ ဒီလိုအလုပ်မျိုးကို လုပ်ဝံ့ပါလိမ့်။
‘ဒါပေမဲ့ ဘယ်လိုပဲ တွေးတွေး၊ သူကလွဲရင် ဒီလိုလုပ်မယ့်သူ တခြားဘယ်သူမှ စိတ်ထဲပေါ်မလာဘူး'
ဂွန်ဆော့ကို သံသယဝင်မိတဲ့အတွက် စိတ်ထဲ မကောင်းဖြစ်မိပေမဲ့ ဘယ်လောက်ပဲ အထပ်ထပ်အခါခါ စဉ်းစားစဉ်းစား၊ ဂွန်ဆော့ကလွဲလို့ ဒီလိုအောက်တန်းကျတဲ့အလုပ်မျိုးကို လုပ်မယ့်သူ တခြားမရှိနိုင်ဘူး။ ပြဇာတ်ကလပ်ကို မျက်စိစပါးမွှေးစူးနေတဲ့ ဆရာတွေ အများကြီးရှိပေမဲ့ အဲဒီလူတွေကတော့ သူတို့ရဲ့ အလုပ်အကိုင်ကိုထိခိုက်ခံပြီး ဒီလိုအလုပ်မျိုး လုပ်ကြမှာ မဟုတ်ဘူးလေ။ ဒါဆိုရင် တရားခံက ကျောင်းသားတစ်ယောက်ပဲ ဖြစ်ရမယ်။ ညှော်နံတွေကို အောင့်အီးသည်းခံပြီး ကိုယ့်အင်္ကျီမှာ ဆေးတွေပေမယ့် အန္တရာယ်ကိုပါ ရင်ဆိုင်ပြီး ဒီလောက်အထိ လုပ်သွားတယ်ဆိုရင် အဲဒီလူက ပြဇာတ်ကလပ်အပေါ် ရန်ငြိုးအကြီးအကျယ် ရှိနေလို့ပဲ။ ဒီအချက်တွေအားလုံးနဲ့ ကိုက်ညီတာဆိုလို့ ဒေးမြောင် ခေါင်းထဲမှာ ဂွန်ဆော့တစ်ယောက်ပဲ ရှိတယ်။
‘နေဦး၊ ဒါလည်း မဟုတ်သေးပါဘူး'
လွန်ခဲ့တဲ့ ရက်ပိုင်းက ဖြစ်သွားတဲ့ ကျောင်းတွင်းအကြမ်းဖက်မှု ဖြစ်စဉ်တုန်းက ကျောင်းထုတ်ခံရတဲ့သူ၊ ကျောင်းပြောင်းသွားရတဲ့ ကျောင်းသားတွေ မနည်းဘူး။ အသေးစိတ် အခြေအနေကို သူ သေသေချာချာ မသိပေမဲ့ မာရူးလည်း အဲဒီကိစ္စမှာ ပတ်သက်နေလိမ့်မယ်လို့ သူ ခံစားမိနေတယ်။ မာရူးက အတန်းထဲမှာ အနိုင်ကျင့်ခံရတဲ့ ကျောင်းသားအုပ်စုနဲ့ စကားပြောနေတာကို တွေ့ခဲ့ရဖူးတာမို့ သူနဲ့ လုံးဝမပတ်သက်ဘူးလို့ ပြောလို့မရဘူးလေ။
‘ဒါမှမဟုတ် အဲဒီတုန်းက အပြစ်ပေးခံရတဲ့သူတွေထဲက တစ်ယောက်ယောက်ကများ…'
ကျောင်းသားအားလုံး ကျောင်းပြောင်းသွားတာ ဒါမှမဟုတ် ကျောင်းထုတ်ခံရတာမျိုး မဟုတ်ပါဘူး။ အချို့ကျောင်းသားတွေကျတော့ ကျောင်းတွင်းမှာပဲ လုပ်အားပေး အပြစ်ဒဏ် ပေးခံရတာမျိုးလည်း ရှိတယ်။ အဲဒီလူတွေထဲက တချို့က သူတို့ကို ဒုက္ခပေးခဲ့တဲ့သူ ဘယ်သူလဲဆိုတာ ကြားသိသွားတာလည်း ဖြစ်နိုင်တာပဲ။ တကယ်လို့ အဲဒီလူတွေက မာရူးကို ကလဲ့စားချေဖို့ ဆုံးဖြတ်လိုက်ကြတာဆိုရင်ကော။
ဟူး... ဒေးမြောင် တစ်ချက် သက်ပြင်းချလိုက်မိတယ်။ တစ်ယောက်ယောက်ကို သံသယဝင်ပြီး တန်ပြန်ဖြေရှင်းမယ့် နည်းလမ်းတွေကို လိုက်တွေးနေရတာက သူ့ဝါသနာ မဟုတ်ဘူး။ ဒီလိုကိစ္စမျိုး ဘာလို့ ဖြစ်ပျက်ခဲ့ရပါလိမ့်လို့ပဲ သူ တွေးတောနေမိတော့တယ်။
‘ငါသာ တံခါးကို သေသေချာချာ သော့ခတ်ခဲ့ရင် သိပ်ကောင်းမှာပဲ'
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်က သူ့ရင်ထဲမှာ တစ်ဖန် ပြန်လည် တိုးဝှေ့လာပြန်တယ်။ မာရူးက သူ့အပြစ်မဟုတ်ဘူးလို့ ပြောခဲ့ပေမဲ့ ပြန်စဉ်းစားကြည့်ရင် သူသာ တံခါးကို သေသေချာချာ ပိတ်ခဲ့ရင် ဒီလိုကိစ္စမျိုးတွေ လုံးဝ ဖြစ်လာမှာ မဟုတ်ဘူး။
‘ငါ တာဝန်ယူရမှာ တရားတယ်မလား'
ဒါက ပစ္စည်းပစ္စယတွေအကုန်စုံလို့ သေသေချာချာ လေ့ကျင့်တော့မယ့် အချိန်မှ ကွက်တိ ဖြစ်ရတာလေ။ ပြဇာတ်လောကထဲကို ခုမှ ခြေစုံပစ်ဝင်လာတဲ့ ပထမနှစ် ကျောင်းသားလေးတွေကိုလည်း သူ အားနာမိတယ်။ နောက်ဆုံးတော့ သူတို့လေးတွေကိုပါ ဒီလိုမကောင်းတဲ့ကိစ္စထဲ ဆွဲသွင်းမိသလို ဖြစ်သွားပြီ။ ဂျီယွန်းနဲ့ အာရမ်တို့ မျက်နှာလေးတွေ ညှိုးငယ်ပြီး အပြစ်မကင်းသလို ဖြစ်နေကြတဲ့ ပုံစံကို မြင်ယောင်လာမိတော့ သူတို့လေးတွေကို ပိုလို့တောင် အားနာမိသွားတယ်။ သူတို့မှာ ဘာအပြစ်မှ မရှိဘဲနဲ့။
ဒေါင်၊ အတန်းချိန်ပြီးဆုံးကြောင်း အချက်ပေးခေါင်းလောင်းသံက ရုတ်တရက် မြည်ဟီးသွားတယ်။ ဒေးမြောင်လည်း လန့်ဖျပ်သွားပြီး ခေါင်းမော့ကြည့်လိုက်တော့ ဆရာက အတန်းထဲကနေ ထွက်ခွာသွားတာကို မြင်လိုက်ရတယ်။ မိနစ် ၅၀ တောင် ကုန်ဆုံးသွားခဲ့ပြီပဲ။
သူ ခပ်သွက်သွက် ကိုယ်ကိုလှည့်ပြီး နောက်ဘက်ကို ကြည့်လိုက်တယ်။ မာရူးက ဘာစကားမှမဆိုဘဲ နေရာကနေ ထရပ်နေတာကို တွေ့ရတယ်။ သူ့ပုံစံက ခါတိုင်းလိုပါပဲ။ အိမ်သာသွားမယ့် လူတစ်ယောက်လို အေးအေးလူလူ ရှိနေတုန်းပဲ။
“မာရူး၊ မင်း သွားတော့မလို့လား”
“သွားမလို့လေ။ အနည်းဆုံးတော့ ဆေးအရောင်က ဘာအရောင်လဲဆိုတာ သွားကြည့်ရမယ်။ အဖြူရောင်လား၊ ပန်းရောင်လား၊ ဒါမှမဟုတ် အစိမ်းရောင်လားဆိုတာပေါ့”
ပြောပြီးတာနဲ့ မာရူးက အိတ်ကပ်ထဲ လက်နှစ်ဖက်နှိုက်ပြီး အတန်းထဲကနေ ထွက်သွားတော့တယ်။ ဒိုဝူးကလည်း နေရာကနေ ထရပ်ပြီး သူ့နောက်ကနေ လိုက်သွားတယ်။ ဒေးမြောင်လည်း ရန်ပွဲ ဖြစ်တော့မယ်လို့ စိတ်ထဲ ထင်မိတာကြောင့် အဲဒီနှစ်ယောက်နောက်ကို အပြေးအလွှား လိုက်သွားမိတော့တယ်။ ဒီဇိုင်းဌာန အတန်းဆီကို ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားရင်း မာရူးက ဘာတွန့်ဆုတ်မှုမှ မရှိဘဲ အတန်းထဲကို ဝင်သွားခဲ့တယ်။ ဒေးမြောင်လည်း တံတွေးတစ်ချက် မျိုချပြီး အထဲကို ခြေလှမ်းလှမ်းဝင်လိုက်တယ်။ အတန်းထဲက ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြပေမဲ့ သူ့မျက်နှာတစ်ခုလုံး အပ်နဲ့ အထိုးခံနေရသလိုမျိုး ခံစားနေရတယ်။
မာရူးက သူ့အတန်းဖော်တွေနဲ့ စကားလက်ဆုံကျနေတဲ့ ဂွန်ဆော့ဆီကို လျှောက်သွားလိုက်တယ်။ သူက စိုက်ကြည့်နေရုံသက်သက်ပဲ ဆိုပေမဲ့ သူ့ပတ်ဝန်းကျင်က လေထုကတော့ အတော်လေး တင်းမာနေခဲ့ပြီ။ ဒီဇိုင်းအတန်းက ကျောင်းသားတွေကလည်း အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားကြပြီး မာရူးကို အောက်ကနေ အထက်အထိ ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်နေကြတယ်။
“ဘာကိစ္စရှိလို့လဲ” ဂွန်ဆော့က စပြီး စကားဆိုတယ်။
“ဂွန်ဆော့။ အတန်းနားချိန်က တိုတိုလေးမို့ ငါ တိုက်ရိုက်ပဲ မေးမယ်။ ကွန်တိန်နာကိစ္စ၊ မင်း လက်ချက်လား”
မာရူးရဲ့ ကျောပြင်ကို နောက်ကနေ ကြည့်နေတဲ့ ဒေးမြောင်ဟာ အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားရတယ်။ မာရူးက ဒီလောက်အထိ ဒဲ့တိုးကြီး မေးလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ဘူး။ မာရူးအနေနဲ့ စကားကို ဝေ့လည်ကြောင်ပတ်မေးပြီး နောက်ဆုံးမှ ဂွန်ဆော့ရဲ့ ဖိနပ်တွေ၊ အခန်းတွင်းစီးဖိနပ်တွေကို ထုတ်ပြလာအောင် ဆွဲဆောင်လိမ့်မယ်လို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့ မာရူးကတော့ စကားကို ထိပ်တိုက်ကြီး တိုးပစ်လိုက်တာပဲ။
“မင်း ဘာမောက်မာတဲ့ စကားတွေ လာပြောနေတာလဲ”
“မောက်မာတာ မဟုတ်ဘူး။ ငါတို့ ကွန်တိန်နာကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်နေတာ တွေ့ခဲ့ရလို့၊ အဲဒါ မင်းလုပ်တာလားလို့ မေးနေတာ”
“တောက်... ကောင်စုတ်။ မင်းက ဘာဖြစ်လို့ ငါ့ကို လာမေးရတာလဲ”
“မင်း မလုပ်ဘူးပေါ့”
“ဖာ့ခ်... မင်း ငါ့ကို လာနောက်နေတာလား”
“သိပ်လည်း စိတ်လှုပ်ရှားမနေပါနဲ့ ကောင်လေးရာ။ ငါက မေးရုံတင် မေးတာကို မင်းက ဘာလို့ ဒီလောက်တောင် ကြောက်ဒူးတုန်နေရတာလဲ။ မင်းပုံစံက ငါ့ကို ပိုပြီး သံသယဝင်လာအောင် လုပ်နေသလိုပဲ”
မာရူးက အဲဒီစကားတွေကို ပြောလိုက်တဲ့အခါ ဂွန်ဆော့ရဲ့ မျက်နှာပျက်သွားတာကို ဒေးမြောင် မြင်လိုက်ရတယ်။ မာရူးက ဂွန်ဆော့ရဲ့ စာပွဲပေါ်ကို လက်နှစ်ဖက်တင်ပြီး ကိုယ်ကို ရှေ့သို့ ကိုင်းညွတ်လိုက်တယ်။ အခုဆိုရင် သူတို့ရဲ့ ခေါင်းနှစ်လုံးက လက်မအနည်းငယ်အကွာအဝေးမှာပဲ ရှိတော့တယ်။ အဲဒီအချိန်မှာပဲ ပတ်ဝန်းကျင်က လူတွေက တီးတိုး တီးတိုးနဲ့ စကားဆိုလာကြတယ်။ လူမိုက်ရုပ်နဲ့ ကျောင်းသားအချို့က သူတို့နှစ်ယောက်ဆီကို လျှောက်လာတာ မြင်ရတော့ ဒေးမြောင် တစ်ကိုယ်လုံး မသက်မသာ ဖြစ်လာရတယ်။ ဘယ်အချိန်မှာမဆို ရန်ပွဲက ‘ဖြောင်း’ခနဲ ပေါက်ကွဲထွက်သွားနိုင်တဲ့ အခြေအနေမျိုးပဲ။
ပထမနှစ်တုန်းက တခြားသူတွေ ရန်ဖြစ်တာကို သူ တစ်ခါ မြင်ဖူးတယ်၊ အဲဒီတုန်းက ကုလားထိုင်တွေ လေထဲမှာ ပျံဝဲနေပြီး ကြမ်းတိုက်တံတုတ်တွေကို ရိုက်ချိုးပြီး တုတ်အဖြစ် သုံးကြတဲ့အထိ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာ။ နောက်မှ သိရတာက အဲဒီထဲက တချို့ဆို သွားတွေကျိုး၊ နှာခေါင်းတွေရိုး ကျိုးကုန်ကြတာတဲ့။ အဲဒီအချိန်ကျမှပဲ သူ ရောက်နေတာက အင်ဂျင်နီယာအထက်တန်းကျောင်း ဖြစ်ပြီး သူကတော့ ငြိမ်ငြိမ်ကုပ်ကုပ်လေး နေရမယ်ဆိုတာကို သဘောပေါက်သွားခဲ့ရတယ်။
ဒါပေမဲ့ အခုတော့ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်က ရန်ပွဲထဲ ရောက်တော့မယ်။ ဒေးမြောင် ရင်ဘတ်ထဲက သွေးခုန်နှုန်းတွေ မြင့်တက်လာရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တယ်။ တကယ်လို့ အခြေအနေတွေက လက်လွန်ခြေလွန် ဖြစ်လာရင် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို အရင်ဆုံး ဖယ်ရှားပစ်ဖို့ သူ စိတ်ကူးထားလိုက်တယ်။
ဒေးမြောင် ထင်တာကတော့ ဂွန်ဆော့က မာရူးကို အရင်ဆုံး လက်သီးနဲ့ ထိုးလိမ့်မယ်လို့ပဲ။ လေထုက အဲဒီလောက်အထိ တင်းမာနေတာကိုး။ ဒါပေမဲ့ ထင်မှတ်မထားဘဲ ဂွန်ဆော့က ဘာမှ တုံ့ပြန်တိုက်ခိုက်ခြင်း မရှိခဲ့ဘူး။ မဟုတ်ဘူး၊ တကယ်တော့ သူက မာရူးရဲ့ မျက်လုံးတွေကိုတောင် ရှောင်ဖယ်ကြည့်နေခဲ့တာ။ သူ့ရဲ့ အရပ်အမောင်းက မာရူးထက် ပိုကြီးမားတာမို့ ရန်ဖြစ်ရင် ရှုံးစရာအကြောင်း မရှိဘူးလေ။
ဂွန်ဆော့က အနေရခက်စွာနဲ့ ဟန်ဆောင်ရယ်မောရင်း ဂယောက်ဂယက် ဖြစ်နေတာမို့ သူ ကြောက်နေတာ ဖြစ်လိမ့်မယ်လို့ ဒေးမြောင် ထင်မိသွားတယ်။ လွန်ခဲ့တဲ့ တစ်ခေါက်ကိစ္စကြောင့်များလား။ ဒါမှမဟုတ် အဲဒီမတိုင်ခင်ကတည်းက သူ မာရူးနဲ့ ရန်ဖြစ်ဖူးလို့လား။
လေထုက တဖြည်းဖြည်း တင်းကျပ်လာတယ်။ ဒေးမြောင် ခံစားချက်ထဲမှာ သူ့မျက်နှာတစ်ခုလုံး ကွဲအက်မတတ် ခံစားနေရတယ်။ ဒီဇိုင်းဌာနက ကျောင်းသားတွေကလည်း သူတို့ကို ဝိုင်းရံထားကြသလိုပဲ။ မဟုတ်ဘူး၊ ဒါက သူ့ရဲ့ စိတ်ကူးယဉ် ခံစားချက် သက်သက်တင် မဟုတ်ပါဘူး။ သူတို့က တကယ်ပဲ အနားကို စုဝေးရောက်ရှိလာကြတာ။
‘မာရူး'
သူ ဘာတွေ ကြံစည်နေတာပါလိမ့်။ အဲဒီအချိန်မှာပဲ မာရူးက ဂွန်ဆော့ရဲ့ မျက်နှာကို တည့်တည့်စိုက်ကြည့်ရင်း ပြုံးလိုက်တယ်။
“မင်း မလုပ်ဘူးပေါ့”
“ဖာ့ခ်... ငါ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ”
“ဒါဆို ငါ့ကို တစ်ချက်လောက် ကြည့်ခွင့်ပေးမလား။ ငါက နဂိုကတည်းက သံသယ သိပ်များတတ်တဲ့ လူစားမျိုးမို့လို့ပါ”
“တောက်... ကောင်စုတ်။ မင်းက ဘာကို ကြည့်ချင်တာလဲ၊ ဟမ်”
“အချို့အရာတွေကိုပေါ့”
“တကယ်လို့ မင်း ဘာမှ ရှာမတွေ့ရင်ကော”
“ဘာမှ ရှာမတွေ့ရင်တော့ ငါကပဲ တောင်းပန်ရမှာပေါ့၊ ဒါက သိသာပါတယ်။ မင်းမှာ ဘာအပြစ်မှ မရှိဘူးမလား။ ငါ့ကို အမှိုက်တစ်စလို သဘောထားပြီး ခဏလောက် သည်းခံပေးလိုက်ပါဦး”
အဲဒီစကားလုံးတွေက တော်တော်လေး ထူးဆန်းနေခဲ့တယ်။ မာရူးက ဂွန်ဆော့ကို သူ့လက်ဖဝါးပေါ်မှာတင် ကစားနေပြီဆိုတာ ဒေးမြောင် သဘောပေါက်လိုက်တယ်။ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်အထိ ဘယ်အချိန်မဆို ရန်ပွဲ ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုး ရှိခဲ့ပြီး အခုလည်း တင်းမာနေတုန်းပဲ ဆိုပေမဲ့ ဂွန်ဆော့မှာတော့ မာရူးပြောတဲ့ စကားအတိုင်း လိုက်နာဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူး။ တကယ်လို့ သူက မာရူးကို ငြင်းဆန်လိုက်ရင် လူတိုင်းက သူ့ကို သံသယဝင်ကြတော့မှာလေ။
ဂွန်ဆော့က ဘာမှ ပျာယာခတ်မနေဘဲ သူ့ရဲ့ အပေါ်အင်္ကျီကို ချွတ်လိုက်တယ်။
“ရော့၊ ကြည့်လိုက်စမ်း၊ ကောင်စုတ်” ဂွန်ဆော့က အင်္ကျီကို မာရူးဆီ လွှင့်ပစ်ရင်း ပြောလိုက်တယ်။ ဒေးမြောင်ကတော့ ဒါက ပိုပြီး အဆင်ပြေသွားတယ်လို့ ထင်မိတယ်။ ဂွန်ဆော့က ဒီလို လိုက်လျောပေးရင် အပြစ်အနာအဆာ ရှာရတာ ပိုလွယ်ကူသွားတာပေါ့။ အဲဒီလို တွေးလိုက်မိတဲ့ အခိုက်အတန့်မှာပဲ ထူးဆန်းတဲ့ အချက်တစ်ခုကို သူ သတိထားမိသွားတယ်။
“မင်းက ဘာဖြစ်လို့ ငါ့ကို မင်းရဲ့ အင်္ကျီ လာပေးနေတာလဲ”
မာရူးရဲ့ စကားသံထဲမှာ နောက်ပြောင်ကျီစယ်တဲ့ အသံတွေ စွက်နေခဲ့တယ်။ အဲဒီအချိန်ကျမှပဲ ဒေးမြောင်လည်း ဘာဖြစ်နေလဲဆိုတာ သဘောပေါက်သွားပြီး မျက်လုံးအဝိုင်းသားနဲ့ ဂွန်ဆော့ကို ကြည့်လိုက်မိတော့တယ်။ ဂွန်ဆော့ရဲ့ မျက်နှာကလည်း ခုမှ အမှားတစ်ခုကို ကျူးလွန်မိသွားသလို ဖြစ်နေခဲ့ပြီ။ သို့သော်လည်း သူက ချက်ချင်းပဲ ပုံမှန်အတိုင်း ပြန်ပြင်လိုက်ပြီး စကားဆိုတယ်။
“မင်း ဒါကို လိုချင်နေတယ် ထင်လို့ပေါ့”
“အော်... အင်း။ မင်းနဲ့ငါနဲ့က ဒီလောက်အထိ စိတ်ချင်း ဆက်သွယ်နေကြမှန်း ငါ မသိခဲ့ဘူးပဲ။ ငါက မင်းရဲ့ အပေါ်အင်္ကျီကို ပေးပါလို့ စိတ်ချင်း ဆက်သွယ်လိုက်တာကို မင်းဆီ တန်းရောက်သွားတာပေါ့”
ဂွန်ဆော့ရဲ့ ပါးစပ်တွေ တလှုပ်လှုပ် ဖြစ်နေတာကို ဒေးမြောင် မြင်လိုက်ရတယ်။ ဒါက မကျေနပ်မှုရဲ့ ထင်ရှားတဲ့ လက္ခဏာဖြစ်ပြီး တစ်ဖက်မှာလည်း စိုးရိမ်ပူပန်မှုရဲ့ အရိပ်အယောင်တစ်ခု ဖြစ်နေပုံရတယ်။
“မောက်မာတာတွေ တော်စမ်းပါ။ လာတဲ့ အလုပ်ကိုပဲ ပြီးအောင်လုပ်”
“လုပ်မှာပါ”
မာရူးက ဂွန်ဆော့ရဲ့ အင်္ကျီကို တစ်ချက်ကလေးတောင် လှည့်မကြည့်ဘဲ သေသေသပ်သပ် ခေါက်ပြီး စာပွဲပေါ် တင်ပေးလိုက်တယ်။ ဂွန်ဆော့က မျက်မှောင်ကြုတ်ပြီး မာရူးကို စိုက်ကြည့်နေမိတော့တယ်။
“ဒါပေမဲ့ ငါက အင်္ကျီအစား ဒီနေရာကိုပဲ ကြည့်ချင်တာ”
မာရူးက ဖြည်းဖြည်းချင်း ထိုင်ချလိုက်ပြီး ဂွန်ဆော့ရဲ့ အခန်းတွင်းစီးဖိနပ်ကို လှမ်းကိုင်လိုက်တယ်။ အဲဒီအချိန်မှာပဲ အေးအေးလူလူ ရှိနေတဲ့ ဂွန်ဆော့ဟာ ထိတ်လန့်တုန်လှုပ်သွားပြီး သူ့ခြေထောက်တွေကို အနောက်ကို ဆုတ်လိုက်တော့တယ်။ သူ ကိုယ်တိုင်လည်း တုံ့ပြန်မှု လွန်ကဲသွားတယ်ဆိုတာ သိလိုက်တဲ့ပုံစံနဲ့ တံတွေးတစ်ချက်ကို မြိုချလိုက်တယ်။
“ဘာဖြစ်လို့လဲ။ မင်း ငါ့ကို မပြနိုင်စရာ အကြောင်းမရှိပါဘူး”
“မင်း ဘာစောက်ရူးထနေတာလဲ”
“ထူးဆန်းလိုက်တာ။ ငါတို့ သဘောတူညီချက် ရခဲ့ကြတာ မဟုတ်ဘူးလား။ မင်း ငါ့ကို ပြမယ်ဆိုတာလေ။ ဒါမှမဟုတ် ငါတစ်ယောက်တည်းကပဲ ဒီလို သတ်မှတ်လိုက်တာလား”
မာရူးက ပခုံးနှစ်ဖက်ကို ပင့်ပြလိုက်တယ်။ ဒေးမြောင်ကတော့ မာရူးရဲ့ လုပ်ရပ်တွေကို ကြည့်ပြီး အံ့ဩမှင်တက်လို့ နေမိတော့တယ်။ အခုဆိုရင် သူက တစ်ဖက်လူကို သူ့လက်ဖဝါးပေါ်မှာတင် ကစားနေခဲ့ပြီ။ မာရူးက တစ်ချိန်လုံး တည်တည်ငြိမ်ငြိမ် ရှိနေတာမို့ ဂွန်ဆော့အနေနဲ့လည်း ကြမ်းကြမ်းတမ်းတမ်း လုပ်ဖို့ အကြောင်းပြချက် မရှိဘူးလေ။ မဟုတ်ဘူး၊ အဲဒီမတိုင်ခင်ကတည်းက ဂွန်ဆော့က မာရူးကို ဘာမှ ကြမ်းကြမ်းတမ်းတမ်း လုပ်ချင်တဲ့ ပုံစံမျိုး လုံးဝ မရှိခဲ့တာ။ သူက အမြဲတမ်း ဒီလောက်အထိ သည်းခံတတ်တဲ့ လူစားမျိုးလား။ မဟုတ်ပါဘူး။ ဂွန်ဆော့က စိတ်ဆတ်ပြီး ဒေါသထွက်လွယ်တဲ့ လူစားမျိုးလေ။ သူက ဆဲဆိုရုံသက်သက်ပဲ လုပ်နေတယ်ဆိုတာ အရင်က သူနဲ့ မာရူးကြားမှာ တစ်ခုခု ဖြစ်ပျက်ခဲ့ဖူးလို့ပဲ ဖြစ်ရမယ်။
“တကယ်လို့ ဘာမှမရှိရင်၊ ငါ မင်းကို ဒူးထောက်ပြီး တောင်းပန်ပေးပါ့မယ်။ ဒီဘက်ခေတ်မှာ ဒီလိုမြင်ကွင်းမျိုး မြင်ရခဲတယ်မလား”
မာရူးက ပြုံးပြုံးလေးနဲ့ ဂွန်ဆော့ရဲ့ အခန်းတွင်းစီးဖိနပ်ကို လှမ်းကိုင်လိုက်တယ်။ ဂွန်ဆော့က သွားခဲကြိတ်ရင်း အနောက်ကို နောက်ထပ် ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်ပြန်တယ်။ အဲဒီအချိန်မှာ သူ့မျက်နှာပေါ်မှာ ပေါ်လာတဲ့ ခံစားချက်က ရှုံးနိမ့်မှုတင် မဟုတ်ဘဲ သံသယနဲ့အတူ စိုးရိမ်ပူပန်မှုလေးလည်း စွက်နေခဲ့တယ်။ သူ အခန်းတွင်းစီးဖိနပ်ရဲ့ အောက်ခြေကို မစစ်ဆေးရသေးလို့ ဖြစ်လိမ့်မယ်။ တကယ်လို့ ဂွန်ဆော့သာ တရားခံ အစစ်အမှန်ဆိုရင် သူ့အင်္ကျီမှာ ဆေးတွေ ပေ၊ မပေကိုပဲ သူ စစ်ဆေးထားခဲ့မှာလေ။
ဒါကြောင့်မို့လည်း သူက ယုံကြည်မှုအပြည့်နဲ့ သူ့ရဲ့ အပေါ်အင်္ကျီကို လွှင့်ပစ်ရဲတာပေါ့။
‘အော်...’
ဒါက ဂွန်ဆော့ဟာ တကယ်ပဲ တရားခံဖြစ်တယ်ဆိုတဲ့ ထင်ရှားတဲ့ သက်သေပဲ။ မာရူးက ဘာမှမပြောရသေးခင်မှာတင် သူက ယုံကြည်မှုလွန်ကဲပြီး ‘သက်သေ’ကို အရင်ထုတ်ပြခဲ့တာကိုး။ ဒါကြောင့်မို့လည်း မာရူးက သူ့ရဲ့ ဖိနပ်ကို ပိုပြီး အာရုံစိုက်ခဲ့တာပဲ။ ဒါဆိုရင်...
ဒေးမြောင် မျက်လုံးကို အားစိုက်ပြီး သေချာကြည့်လိုက်တယ်။ သူ မြင်လိုက်ရပြီ။ ဂွန်ဆော့ရဲ့ ဘယ်ဘက်အခန်းတွင်းစီးဖိနပ် အနားသတ်မှာ အစိမ်းရောင် ဆေးရောင်စွန်းကလေး မဆိုစလောက် ရှိနေတာပဲ။ မာရူးက အနီးကပ် ရှိနေတာမို့ သူလည်း မြင်ပြီးသား ဖြစ်ရမယ်။ ဒါကြောင့်မို့လည်း သူ ဖိနပ်ကို အရင်ဆုံး ဇွတ်ကိုင်တာ ဖြစ်လိမ့်မယ်။ မာရူးက ရာနှုန်းပြည့် သေချာမှုမရှိရင် လှုပ်ရှားမယ့် လူစားမျိုး မဟုတ်တာကြောင့် ဒေးမြောင်ထက် အစောကြီးကတည်းက အဲဒီအချက်ကို ရိပ်မိထားခဲ့တာ နေမှာပါ။
မာရူးက ဂွန်ဆော့ရဲ့ ခြေထောက်ကနေ အခန်းတွင်းစီးဖိနပ်ကို ချွတ်ယူလိုက်ပြီး အောက်ခြေကို စစ်ဆေးလိုက်တယ်။ အမှန်အတိုင်းပါပဲ၊ အဲဒီမှာ အစိမ်းရောင် ဆေးတွေ ပေကျံနေခဲ့တယ်။ ပမာဏ အနည်းငယ်ပဲ ဆိုပေမဲ့ သာမန်မျက်စိနဲ့တင် ထင်ထင်ရှားရှား မြင်နိုင်တာပဲ။
မာရူးက ဘာစကားမှမဆိုဘဲ သူ ရှာတွေ့ထားတာကို ဂွန်ဆော့ကို ထုတ်ပြလိုက်တယ်။ ဂွန်ဆော့ရဲ့ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပေမဲ့ သူ့ရဲ့ တင်းတင်းဆုပ်ထားတဲ့ လက်သီးကတော့ သူ့ရဲ့ စိတ်ခံစားမှုကို ဖော်ပြနေသလိုပဲ။
‘သူ တကယ် လုပ်ခဲ့တာပဲ'
အခု ကျန်တော့တာက စစ်ဆေးမေးမြန်းဖို့ပဲ ရှိတော့တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ မာရူးက ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး သူ့ရဲ့ ကိုယ်ပိုင် အခန်းတွင်းစီးဖိနပ်တွေကို ချွတ်ပြီး ဂွန်ဆော့ဆီ ပေးလိုက်တယ်။
“မင်း ဒါတွေကို သုံးလိုက်ပါ။ ငါ ဒါကို ခဏ ယူသွားလိုက်ဦးမယ်”
“ဘာ... ဘာဖြစ်လို့လဲ”
“ဘာဖြစ်လို့လဲဆိုတော့ ဒါက ညစ်ပတ်နေလို့လေ။ ငါ ဆေးကြောပြီးမှ မင်းဆီ ပြန်ပေးပါ့မယ်။ သေသေချာချာ သန့်သန့်ရှင်းရှင်းလေး ဖြစ်အောင်ပေါ့”
“....”
မာရူးက ကိုယ်ကို လှည့်လိုက်တယ်။ ဒါနဲ့တင် ပြီးသွားခဲ့ပြီ။ ဒေးမြောင် စိတ်ထဲမှာတော့ ခါးသက်သက် ခံစားချက်ကြီး ကျန်ရစ်ခဲ့ရတယ်။ သူတို့က ဂွန်ဆော့ကို အကျပ်ရိုက်အောင် လုပ်နိုင်ခဲ့ပြီဆိုမှ အခုကျတော့ ဒီအတိုင်းကြီး ထွက်သွားကြတော့မလို့လား။ အဲဒီအချိန်မှာပဲ ဂွန်ဆော့က နေရာကနေ ထရပ်ပြီး စကားဆိုတယ်။
“ဒါ ငါလုပ်တာ မဟုတ်ဘူး။ မင်း ဘာတွေ လာပြောနေမှန်း ငါမသိဘူး၊ ဒါ ငါ့လက်ချက် မဟုတ်ဘူး”
“မင်းလုပ်တာ မဟုတ်မှန်း ငါသိပါတယ်။ ဒါကြောင့်မို့ စိတ်မလှုပ်ရှားပါနဲ့။ ငါက တစ်ခုခု ပြောမိလို့လား”
မာရူးက သူ့သူငယ်ချင်း နှစ်ယောက်ကို ထွက်သွားကြစို့ဆိုတဲ့ သဘောနဲ့ မျက်ရိပ်ပြလိုက်တယ်။ ဒေးမြောင်လည်း ကြောင်အမ်းအမ်း ဖြစ်နေကြတဲ့ ဒီဇိုင်းဌာန ကျောင်းသားတွေကို တစ်ချက်လှမ်းကြည့်ပြီး မာရူးနောက်ကနေ လိုက်ထွက်လာခဲ့တော့တယ်။
“ဒါနဲ့တင် ပြီးပြီလား။ အဲဒီကောင်စုတ် လုပ်တာ သေချာပါတယ်ကွာ” ဒိုဝူးက မျက်မှောင်ကြုတ်ရင်း ပြောတယ်။ မာရူးကတော့ ဘာစကားမှ မဆိုဘဲ လက်ချောင်းတွေကြားမှာ အခန်းတွင်းစီးဖိနပ်ကို လှည့်ပတ်ဆော့ကစားနေခဲ့တယ်။ ဒေးမြောင်က ဒီဇိုင်းဌာနဘက်ကို တစ်ချက် လှည့်ကြည့်လိုက်တယ်။ ဂွန်ဆော့က သူတို့ကို စိုက်ကြည့်နေတုန်းပဲ။ သူ့ပုံစံက ဘယ်အချိန်မဆို သူတို့ဆီ ပြေးဝင်လာပြီး အခန်းတွင်းစီးဖိနပ်ကို ပြန်လုမယ့် ပုံစံမျိုးပဲ။ ဒါပေမဲ့ နောက်ဆုံးတော့ သူက ခနဲ့တဲ့တဲ့ ရယ်မောပြီး သူ့အတန်းထဲ ပြန်ဝင်သွားခဲ့တယ်။
“ဒါနဲ့ မာရူး။ တကယ်လို့ သူက မလုပ်ဘူးလို့ပဲ အတင်း ငြင်းနေရင် မင်း ဘာလုပ်မလို့လဲ”
“အရေးမကြီးပါဘူး”
“ဟင်”
“အရေးမကြီးဘူးလို့ ပြောတာ။ ငါက တိုင်ကြားစာပဲ ပို့မှာမို့လို့”
“တိုင်ကြားစာ... ဟုတ်လား။ ဆရာတွေကို တိုင်မလို့လား”
“မဟုတ်ဘူး”
မာရူးက လေချွန်ရင်း နေရာမှာ ထိုင်ချလိုက်တယ်။ ဒေးမြောင်ကတော့ မာရူး ဘာတွေ တွေးတောနေလဲဆိုတာကို လုံးဝ သဘောမပေါက်နိုင်တော့ပါဘူး။
* * * * * * * * *