အခန်း ၂၄၄
Vol. 25 Ch. 244
အခန်း(၂၄၄)
မုန်တိုင်းမလာခင် ငြိမ်သက်နေတဲ့ အခြေအနေမျိုးနဲ့တော့ မတူဘူး။ ဆဌမ အချိန်ပြီးသွားတာတောင် မာရူးက ဘာလှုပ်ရှားမှုမှ မပြခဲ့ဘူးလေ။ မာရူးက ဖိနပ်အိတ်ထဲ ထည့်လိုက်ရုံနဲ့ အရာအားလုံး ပြေလည်သွားသလိုမျိုး လုပ်နေတာကို မြင်တော့ ဒေးမြောင်တောင် နည်းနည်း ဇဝေဇဝါ ဖြစ်သွားရတယ်။ မဟုတ်မှလွဲရော ဂွန်ဆော့ကို သတိပေးပြီး ခွင့်လွှတ်ပေးလိုက်ဖို့ စိတ်ကူးနေတာများလား။
‘ဒါပေမဲ့ အဲဒီလို ဖြစ်နိုင်ခြေတော့ မရှိပါဘူးလေ'
ဒီကိစ္စကြောင့် စီနီယာတွေ နှစ်အတော်ကြာ ပင်ပင်ပန်းပန်း လုပ်ထားခဲ့တဲ့ ဝတ်စုံအများစုကို သူတို့ သုံးလို့မရတော့ဘူး။ ပြဇာတ်သုံး ပစ္စည်းတွေလည်း ဒီအတိုင်းပဲ။ ဂွန်ဆော့လုပ်ခဲ့တဲ့ အလုပ်က ဒီအတိုင်း လွှတ်ထားပေးဖို့အထိ တော်တော်လေးကို ဆိုးရွားလွန်းတယ်။ ကလပ်အခန်းထဲကနေ မောင်းထုတ်ခံရပြီးတဲ့နောက် သူတို့မှာ ပြဇာတ်သုံး ပစ္စည်းတွေနဲ့ ဝတ်စုံတွေအများကြီးကို လွှင့်ပစ်ခဲ့ရသေးတယ်။ ဘယ်ဟာကိုမှ မလွှင့်ပစ်ချင်ပေမဲ့ နေရာအသစ်က ပိုကျဉ်းနေတော့ လွှင့်ပစ်ရတာပေါ့။ ကျန်ခဲ့တဲ့ ပစ္စည်းတွေနဲ့ ဝတ်စုံတွေကတော့ အဆင့်ဆင့် ရွေးချယ်မှုကြားကနေ ကျန်ရစ်ခဲ့တာမို့ သဘာဝအတိုင်းပဲ တကယ်ကို တန်ဖိုးရှိလှတယ်။
“ဟို... မာရူး”
“အင်း... ဘာလဲ”
“မင်း တိုင်ချက်ဖွင့်မယ်လို့ ပြောတယ်မလား။ အဲဒါပဲ လုပ်တော့မှာလား”
“အေးလေ... ဘာဖြစ်လို့လဲ”
“မဟုတ်ပါဘူး... ဘာမှမဟုတ်တော့ဘူး”
အဲဒါက နည်းနည်းတော့ နှမြောစရာကောင်းပေမဲ့ ပြန်တွေးကြည့်ရင် ဂွန်ဆော့က ပြဇာတ်ကလပ်က လူတွေနဲ့အတူ တစ်နှစ်လုံး အချိန်ကုန်ဆုံးခဲ့တဲ့သူပဲလေ။ ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရခဲ့တာကလည်း သူ့ကြောင့်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားပေါ့။ မာရူးက အဲဒီအချက်ကို ထောက်ထားပြီး ကောင်းကောင်းမွန်မွန်နဲ့ပဲ လွှတ်ပေးလိုက်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒေးမြောင်ရဲ့ စိတ်ထဲမှာ တစ်ခုခုကတော့ တနုံ့နုံ့ ခံစားနေရတုန်းပဲ။ ဘယ်သူ့ဆီကို သွားတိုင်မှာလဲ။ ဆရာမဆီ မဟုတ်ရင်... ဘယ်သူ ရှိဦးမှာလဲ...
မာရူးက လက်တစ်ဖက်မှာ ဖုန်းကို ကိုင်ပြီး စာသင်ခန်းထဲကနေ ထွက်သွားတာကို ဒေးမြောင် ကြည့်နေမိတယ်။ ပြီးတော့ စာပွဲပေါ်မှာ မှောက်ရက်ကြီး အိပ်နေလိုက်တာပဲ။ အသေးစိတ်ကိုတော့ သူမသိပေမဲ့ ကိစ္စတွေအားလုံး ပြီးသွားသလိုမျိုး ခံစားလိုက်ရတယ်။ မာရူး ဒီဇိုင်းဌာန အတန်းဆီ သွားတုန်းက ရန်ပွဲ ဖြစ်သွားမှာကို သူ စိုးရိမ်ခဲ့သေးပေမဲ့ အခုတော့ ဒီလိုပဲ ပြီးသွားခဲ့ပြီလေ။
‘အေးလေ... အစကောင်းရင် အနှောင်းသေချာတာပဲပေါ့'
ဒေးမြောင် မျက်လုံးတွေကို မှိတ်လိုက်တယ်။ ကိစ္စတွေ ငြိမ်ငြိမ်သက်သက်နဲ့ ပြီးသွားလို့ သူ စိတ်သက်သာရာ ရသွားတာပေါ့။
* * * * * * * * *
ဂွန်ဆော့ကတော့ အဌမ အချိန်ပြီးသွားတာနဲ့ စိတ်မသက်မသာ ဖြစ်နေတာတွေကို ဖျောက်ဖျက်ပစ်လိုက်တယ်။ သူ့ဖိနပ်မှာ ဆေးတွေ ပေနေတာကို သိလိုက်ရတုန်းက ယောင်ချာချာ ဖြစ်သွားခဲ့ပေမဲ့ အခု ပြန်တွေးကြည့်တော့ အဲဒါက ခိုင်မာတဲ့ သက်သေလို့ ပြောလို့မရပါဘူးလေ။ တခြားတစ်နေရာရာကနေ ဆေးပေလာတာလို့ ဆင်ခြေပေးလိုက်ရင် ရတာပဲ။ ကျောင်းထဲမှာ စီစီတီဗီ ရှိတာလည်း မဟုတ်၊ သူ့ကို မြင်တဲ့သူလည်း မရှိဘူး။ သူ ဘာမှမသိသလိုပဲ နေလိုက်ရုံပဲပေါ့။
ဒါပေမဲ့ မာရူးက ဆရာတွေကို အကြောင်းကြားဖို့ ဆုံးဖြတ်လိုက်ရင်တော့ ကိစ္စက ရှုပ်ထွေးသွားနိုင်တယ်။ ဒါပေမဲ့ မာရူးက အဲဒီလိုမျိုး လုပ်မှာမဟုတ်ဘူးဆိုတာ ဂွန်ဆော့ အပိုင်တွက်ထားလို့ စိုးရိမ်မနေဘူး။ ပြဇာတ်ကလပ်က မီးလောင်တဲ့ကိစ္စကို အသည်းအသန် ဖုံးကွယ်ခဲ့ကြတာလေ။ ပြီးတော့ အဲဒီကိစ္စကြောင့် သူတို့ ကလပ်ခန်းကနေ မောင်းထုတ်ခံခဲ့ရတာ။ အကယ်၍ မာရူးက သွားပြောပြရင် ဆရာတွေက ပြဇာတ်ကလပ်ကို ဘယ်လို မြင်မလဲဆိုတာ မာရူး ကောင်းကောင်း သိမှာပါ။ ဒါကြောင့် ဆရာတွေကို ကြားထဲထည့်ဖို့ဆိုတာ ဂွန်ဆော့ရဲ့ စဉ်းစားချက်ထဲမှာ မရှိဘူး။ အကယ်၍ သူတို့ တိုင်ခဲ့ရင်တောင် ဆရာတွေ လက်လျှော့သွားတဲ့အထိ သူက ရန်ပွဲကို ဆွဲဆန့်ထားလိုက်ရုံပဲ။ ဘာပဲဖြစ်ဖြစ် သက်သေမှ မရှိတာ။
“ဂွန်ဆော့... ငါ PC bang သွားမလို့... အတူတူ သွားရအောင်”
“သွားမလား...”
သူငယ်ချင်းတွေနဲ့ အဆက်အသွယ် မပြတ်အောင် ဒီလိုမျိုး အသေးအဖွဲ လည်ပတ်မှုတွေမှာ သူ ပါဝင်ရမယ်လေ။ အမြဲတမ်း ငြင်းနေရင် သူ့ရဲ့ နာမည်ပျက်သွားနိုင်တယ်။ သူ အိတ်ကို ဆွဲပြီး ထွက်လာခဲ့တယ်။ မာရူး သူ့ကို စောင့်နေလိမ့်မယ်လို့ တစ်နည်းတစ်ဖုံ မျှော်လင့်ထားပေမဲ့ စ္စလမ်းမှာ ဘယ်သူမှ မရှိဘူး။
လျှပ်စစ်အင်ဂျင်နီယာဌာနက အတန်းပိုင်ချိန် ပြီးလို့ ထွက်လာကြတာကို သူ မြင်လိုက်ရတယ်။ အဲဒီထဲမှာ မာရူးတို့ကို သူ တွေ့လိုက်ရတာပေါ့။ ခဏလောက်တော့ သူ့မျက်လုံးတွေက မာရူးနဲ့ ဆုံသွားတယ်။ ဂွန်ဆော့က မာရူးရဲ့ တုံ့ပြန်မှုကို ကြည့်ချင်လို့ တမင်တကာ မဲ့ပြုံး ပြုံးပြလိုက်တယ်။ မာရူးကတော့ သူ့ကို အထက်အောက် တစ်ချက် ဝှေ့ကြည့်ပြီး ဘာမှမပြောဘဲ မျက်နှာလွှဲသွားခဲ့တယ်။
အဲဒီအချိန်မှာပဲ ဂွန်ဆော့ တစ်ယောက်တည်း ဝမ်းသာသွားမိတယ်။ မာရူးက လူလည်တစ်ယောက်ဆိုတာ သူ ဝန်ခံရမယ်။ စာတော့ မတော်ပေမဲ့ တခြားလူတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတဲ့ အချက်မှာ ဂွန်ဆော့တောင် သူ့ဆီကနေ တစ်ခု၊ နှစ်ခုလောက် သင်ယူချင်မိတယ်။ အဲဒီလို လူမျိုးက နောက်ဆုတ်သွားတယ်ဆိုကတည်းက ဖိနပ်က ခိုင်မာတဲ့ သက်သေမဟုတ်မှန်း သူ သိလို့ပဲ ဖြစ်ရမယ်။ ဒါတောင် ဂွန်ဆော့ရဲ့ အတန်းဆီ လာရှာတယ်ဆိုတာကတော့ တရားခံက ဘယ်သူလဲဆိုတာ သူ သိတယ်လို့ လာသတိပေးတဲ့ သဘောပဲပေါ့။ ဒါက ရိုးရိုး ခြိမ်းခြောက်ရုံ သက်သက်ပါပဲ။ အဲဒီထက်လည်း မပိုသလို၊ မလျော့ဘူး။ မာရူး လုပ်နိုင်တာ ဒါပဲ ရှိတာလေ။
အခြေအနေကို သိသွားပြီဆိုတော့ သူ့ရဲ့ စိုးရိမ်စိတ်တွေက နှင်းတွေ အရည်ပျော်သလို ပျောက်ကွယ်သွားတော့တယ်။ မာရူး လုပ်နိုင်တာဆိုလို့ ပေကျံနေတဲ့ အဝတ်အစားတွေကို လျှော်ပစ်ဖို့ ကြိုးစားရုံပဲ ရှိမှာပေါ့။
ကလဲ့စားချေနိုင်ခဲ့ပြီမို့ ဂွန်ဆော့ စိတ်ကြည်လင်သွားတယ်။ ပြဇာတ်ကလပ်ကနေ ထွက်လာခဲ့ပြီး အဲဒီအပေါ်မှာ စိတ်မစွဲလမ်းခဲ့တာ တကယ်ကို ကောင်းမွန်တဲ့ ရွေးချယ်မှုပဲလို့ သူ တွေးမိတယ်။ သရုပ်ဆောင်တာကိုတော့ သူ လုပ်ချင်တုန်းပဲ။ ဒါပေမဲ့ သူ့အထက်တန်းကျောင်းက ပြဇာတ်ကလပ်ကနေတစ်ဆင့် မဟုတ်တော့ဘူး။ အခုဆို အဖေက သူ့ရဲ့ စာမေးပွဲ အမှတ်တွေကို ထိန်းထားနိုင်သရွေ့ အချိန်ပေးထားပြီလေ။ အဖေက အဲဒီအချိန်အတွင်း သူ လုပ်ချင်တာကို ဝင်မစွက်ဖက်ဘူးလို့ ပြောထားတယ်။
ဂျွန်မင်းက သူ့ကို စွန့်ပစ်လိုက်တာ ခံစားရခက်ပေမဲ့ သူ့မှာ ပါရမီ ရှိနေတုန်းပဲလို့ သူ တွေးထားတယ်။ အမှတ်တွေ ကောင်းကောင်း ထိန်းထားပြီး သရုပ်ဆောင်တာကို ဆက်လေ့ကျင့်နေရင် မကြာခင်မှာပဲ ကောင်းမွန်တဲ့ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုထဲ ဝင်နိုင်မှာပါ။ အရာအားလုံး လွဲချော်သွားရင်တောင် သူ့အစ်ကိုဆီကနေ အကူအညီ တောင်းလို့ ရတာပဲ။ သူ့အစ်ကိုအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံရင် လက်ခံမှာပါ။
ဂွန်ဆော့ လက်သီးကို တင်းတင်းဆုပ်လိုက်တယ်။ ဂျွန်မင်းကို သတိရမိတဲ့အခါမှာတော့ သူ သွားကြိတ်မိတယ်။ အဲဒီနေ့က “မင်းက ငါဖြစ်စေချင်တဲ့လူ မဟုတ်ဘူး ထင်တယ်” ဆိုတဲ့ စကားကို ကြားခဲ့ရတာလေ။ အဲဒါက သူ့ရဲ့ စာချုပ် သက်တမ်းကုန်ဆုံးခြင်း အချက်ပြမှုပဲ။ အဲဒီစကားကို ကြားလိုက်ရတဲ့ အချိန်မှာ သူ သိပ်ကို စိတ်ပျက်ပြီး ဒေါသထွက်လွန်းလို့ ငိုတောင် ငိုမိခဲ့တယ်။ အဲဒီ အရှက်ရမှုက ဒီနေ့အထိ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတုန်းပဲ။ ဟန်မာရူးကိုောကော၊ လီဂျွန်မင်းကိုောကော သူ မကြိုက်ဘူး။ တစ်နေ့ကျရင် သူတို့ လုပ်ခဲ့တာတွေအတွက် နောင်တရစေရမယ်လို့ သူ ဆုံးဖြတ်ထားလိုက်တယ်။
“သွားရအောင်...”
သူ့ရဲ့ စိုးရိမ်စိတ်တွေကို ဖျောက်ဖျက်ပြီး လှေကားကနေ ဆင်းလာတုန်း ဘေ့စ်ဘောဦးထုပ်နဲ့ နေကာမျက်မှန် တပ်ထားတဲ့ အမျိုးသမီးတစ်ယောက် လှေကားပေါ် တက်လာတာကို သူ မြင်လိုက်ရတယ်။ လေ့ကျင့်ခန်းဝတ်စုံအောက်က သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်ကတော့ တကယ့်ကို အမိုက်စားပဲ။ သူ့ဘေးက သူငယ်ချင်းတွေတောင် ဘယ်သူလဲဆိုပြီး ငေးနေကြတယ်။ ဒီလူက ကျောင်းအုပ်ကြီးရဲ့ သမီးများလားလို့ တွေးရင်းနဲ့ ဘေးကနေ ဖြတ်ကျော်သွားတဲ့ အချိန်မှာပဲ ဂွန်ဆော့ ထိတ်လန့်သွားပြီး အသက်ရှူတောင် ရပ်မတတ် ဖြစ်သွားရတယ်။
သူမရဲ့ မျက်နှာဘေးကနေ ဖြတ်ခနဲ မြင်လိုက်ရတဲ့ အပြုံး... ဘယ်တော့မှ မေ့လို့မရနိုင်တဲ့ အဲဒီ ညို့ဓာတ်ပြင်းတဲ့ အပြုံးကြောင့် ဒီအမျိုးသမီးက ဘယ်သူလဲဆိုတာ သူ သိလိုက်ရတယ်။ အဲဒီအမျိုးသမီးက သူ့ကို နှုတ်တောင် မဆက်ဘဲ လှေကားပေါ် တက်သွားခဲ့တယ်။ ဂွန်ဆော့က သူငယ်ချင်းတွေကို အရင်သွားနှင့်ဖို့ ပြောပြီး အမျိုးသမီးနောက်ကို လိုက်သွားလိုက်တယ်။
“ဆရာမ...”
လူသူမရှိတဲ့ လေးထပ်နဲ့ ငါးထပ်ကြားက လှေကားထစ်ပေါ်မှာ ဂွန်ဆော့ သူမကို လှမ်းတားလိုက်တယ်။ သူ့ရဲ့ မာနတွေကို ချန်ထားခဲ့ပြီး အကြိမ်ကြိမ် ဆက်သွယ်ခဲ့ရတဲ့ အမျိုးသမီးက သူ့ရှေ့တည့်တည့်မှာ ရှိနေပြီလေ။
“ဘယ်သူလဲ...”
မျက်နှာမှာ အပြုံးဖျော့ဖျော့လေး ရှိနေတဲ့ အမျိုးသမီးက တခြားသူမဟုတ်ဘူး၊ ဆူယွန်း ဖြစ်နေတယ်။ ဂွန်ဆော့ ဒေါသထွက်လုနီးပါး ဖြစ်သွားရတယ်။ ‘ဘယ်သူလဲ’ လို့ မေးတယ် ဟုတ်လား...
“ကျွန်တော် ဂွန်ဆော့ပါ။ ဟောင်ဂွန်ဆော့...”
“အဲဒါနဲ့ ဘာဖြစ်လဲ”
“ဘာ...”
“ဘာဖြစ်လဲလို့”
“ဆရာမ”
“ပြောလေ... ဘာဖြစ်လဲလို့။ ငါ့ကို တွေ့ရတာ ဝမ်းသာလို့လား... ဒါမှမဟုတ် ဘာလဲ”
“...တကယ်ပဲ ဒီလိုမျိုး လုပ်တော့မှာလား”
သင်ခန်းစာတွေနဲ့ အဲဒီ သာယာခဲ့တဲ့ အချိန်တွေကော ဘာဖြစ်သွားပြီလဲ။
“ဆရာမက ကျွန်တော့်ရဲ့ ဖုန်းတွေ၊ မက်ဆေ့ခ်ျတွေကို တစ်ခုမှ ပြန်မဖြေခဲ့ဘူးလေ”
“မောင်ရင်... မင်းက ငါ့ကို စိတ်ပျက်အောင် လုပ်နေတာပဲ။ ငါတို့က ဘာဖြစ်နေလို့လဲ”
“ဘာတွေ ပြောနေတာလဲ...”
“မင်းနဲ့ လီဂျွန်မင်းနဲ့လည်း ဘာမှ မပတ်သက်တော့ဘူး။ နည်းပြအလုပ်ကလည်း ပြီးသွားပြီ။ ငါနဲ့ မင်းနဲ့ ပတ်သက်စရာ အကြောင်း ရှိသေးလို့လား။ ရှိမယ် မထင်ဘူးနော်”
“ကျွန်တော့်ကို ကြည့်ပြီး ဘာမှ မခံစားရဘူးလား”
“မခံစားရပါဘူး... ရယ်စရာကောင်းလိုက်တာ။ ငါက ဘာလို့ မင်းကို ဂရုစိုက်နေရမှာလဲ။ အထင်မလွဲစမ်းပါနဲ့။ မင်း ငါနဲ့ ရင်းနှီးချင်နေတာတော့ ငါ သိပါတယ်။ မင်း တကယ် ဖြစ်ချင်ရင်တော့ ရတာပေါ့... ဒါပေမဲ့... ငါက နှပ်ချေးတွဲလောင်း ကလေးတစ်ယောက်နဲ့ တစ်တန်းတည်း ကစားလို့ မရဘူး မဟုတ်လား။ ဘာပဲဖြစ်ဖြစ် နောက်မှ တွေ့တာပေါ့။ အဲဒီအချိန်ကျရင် မင်းက ယောက်ျားရင့်မကြီး ဖြစ်နေပြီဆိုရင်တော့ မင်းနဲ့ တစ်ခါလောက် တွဲပေးရုံပေါ့”
ဆူယွန်းက ပြုံးပြီး လက်ပြလိုက်တယ်။ သူမက သိပ်ကို ဝေးကွာလွန်းနေသလိုပဲ။ ဖန်သားပြင်ပေါ်ကနေ မြင်နေရသလိုမျိုးပေါ့။
“ဟို...”
သူမနောက်ကို လိုက်ရင်း သူ လှမ်းခေါ်လိုက်တယ်။ အဲဒီမှာပဲ သူ မြင်လိုက်ရတာကတော့ ဆူယွန်းက ပြဇာတ်ကလပ်က လူတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်နေတာပဲ။ သူမက ဒီကို နည်းပြအဖြစ် ရောက်လာတာလား...
ဂွန်ဆော့က ဆူယွန်းကို ခဏလောက် စိုက်ကြည့်ပြီးမှ လှည့်ထွက်လာခဲ့တယ်။
‘နှပ်ချေးတွဲလောင်း ကလေးတစ်ယောက်နဲ့ တစ်တန်းတည်း မကစားနိုင်ဘူး ဟုတ်လား... ကောင်းပြီလေ... ငါ အောင်မြင်အောင် လုပ်ပြမယ်။ မိန်းမတွေကတော့ အကုန်အတူတူပါပဲ။ အောင်မြင်တဲ့ ယောက်ျားတွေရှေ့ကျရင် ဒူးထောက်လာကြမှာပဲ'
ဂွန်ဆော့က ဆူယွန်းဆိုတဲ့ အမျိုးသမီးရဲ့ စိတ်ဓာတ်ကိုလည်း နားလည်သွားခဲ့ပြီ။ သူမကို ရဖို့ဆိုရင် တန်ဖိုးတစ်ခု ပေးရမယ်လေ။ ဂွန်ဆော့ လှေကားပေါ်က ဆင်းလာရင်း နှုတ်ခမ်းကို သပ်လိုက်တယ်။ အဲဒီလို လုပ်ရတာကို သူ သဘောမကျပေမဲ့ ဒါကပဲ သူ့ကို ပိုပြီး စိတ်ဓာတ်တက်ကြွစေတာပေါ့။
သူက ဘယ်ဘက် အဓိကတံခါးကနေ ထွက်လာပြီး ဖိနပ်လဲနေတုန်းမှာပဲ သူ့ဖုန်းက ရုတ်တရက် မြည်လာခဲ့တယ်။ အိတ်ကပ်ထဲကနေ ဖုန်းကို ထုတ်ကြည့်လိုက်တော့ မျက်နှာပြင်ပေါ်က နာမည်က တကယ့်ကို မျှော်လင့်မထားတဲ့ နာမည် ဖြစ်နေတယ်။ ဖုန်းမြည်သံ အကြိမ်အနည်းငယ် မြည်နေတုန်း ဂွန်ဆော့ အဲဒီနာမည်ကို အတော်ကြာ စိုက်ကြည့်နေမိတယ်။ ပြီးတော့ သူ တဟားဟား ရယ်လိုက်တာပေါ့။ တစ်ချိန်တည်းမှာပဲ စိတ်ထဲမှာလည်း တစ်မျိုး ဝမ်းသာသွားရတယ်။
“မတွေ့တာ ကြာပြီနော်... မင်းရဲ့ နှလုံးကော အခြေအနေ ကောင်းရဲ့လား... ကောင်အစုတ်လေးရ”
သူ ဖုန်းကို လက်ခံလိုက်ရင်း ပြောလိုက်တယ်။
“ဒီလောက် ကြိုးစားနေတဲ့လူကို ကောင်အစုတ်လေးလို့ ခေါ်တယ် ဟုတ်လား... မင်းက နည်းနည်း ရိုင်းပြနေပြီနော်”
“ဒီအရူးကတော့... အဲဒါတွေ ထားလိုက်ပါဦး... ဘာကိစ္စလဲ။ မင်း ပုံမှန်ဆို ဒီအချိန် ဖုန်းဆက်လေ့ မရှိပါဘူး”
“ငါ ဆူဝမ်မှာ ရှိနေတာ”
“ဘာ...”
“ငါ အခု ဆူဝမ်မှာ ရှိနေတယ်လို့ ပြောတာ။ တွေ့ရအောင်လေ”
“မင်း ဘူဆန်မှာ ရှိနေတာ မဟုတ်ဘူးလား”
“ငါ ပြန်လာပြီလေ”
“ဘယ်တုန်းကလဲ”
“တစ်နှစ်လောက် ရှိပြီ ထင်တယ် အေး”
“တစ်နှစ်တောင် ရှိပြီ... အခုမှ ဖုန်းဆက်တယ် ဟုတ်လား”
“ငါ အလုပ်များနေလို့ပါ။ ငါ့နည်းငါ့ဟန်နဲ့ အောင်မြင်အောင် လုပ်နေတာ။ ငါ ဝင်ထားတဲ့ ကုမ္ပဏီလည်း ရှိပြီ”
“ဒီကောင်ကတော့... မင်း ငါ့ကို လာကြွားဖို့ ဖုန်းဆက်တာပေါ့ ဟုတ်လား”
“မင်း မဟုတ်ကဟုတ်က ပြောတာကတော့ အရင်အတိုင်းပဲ”
“မင်းကောပဲလေ... အရင်အတိုင်း ပျော်ပျော်ရွှင်ရွှင်ပဲ”
“ဒါက ငါ့ရဲ့ ပုံစံပဲလေ။ အဲဒါထက်... မင်း အခု ဘယ်မှာလဲ။ ငါ ဆူဝမ်ဘူတာရုံမှာ ရောက်နေတာ”
“အဲဒီမှာ စောင့်နေ... ငါ အခုပဲ လာခဲ့မယ်"
ဂွန်ဆော့ ဖုန်းချလိုက်ပြီး ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်တယ်။ အဲဒီမှာ ရှိနေတဲ့ နာမည်ကတော့... ယူးဂျီဆော့... သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလို့ သတ်မှတ်ထားတဲ့ ကောင်ပေါ့။
* * * * * * * * *
“မတွေ့တာ ကြာပြီနော်... ဟုတ်တယ်မလား”
“မင်း မျက်နှာကို ကြည့်ရတာ ဘဝက အဆင်ပြေနေတဲ့ ပုံပဲ”
ဂျီဆော့က မတွေ့တာ ကြာပြီဖြစ်တဲ့ ဂွန်ဆော့ကို ကြည့်ပြီး ပြုံးပြုံးရွှင်ရွှင် ပြောလိုက်တယ်။
အလယ်တန်းကျောင်းတုန်းက သူက ဒေဂျွန်ကနေ ဆူဝမ်ကို အိမ်ပြောင်းခဲ့ရတာ။ အိမ်ခဏခဏ ပြောင်းရလွန်းလို့ အဲဒီအပေါ်မှာ ဘာခံစားချက်မှ မရှိတော့ဘူး။ ပြောင်းလဲသွားတာဆိုလို့ ဆေးသွားဝယ်ရတဲ့ ဆေးဆိုင်ပဲ ရှိတာပေါ့။ ကျောင်းမှာတော့ သူက အေးအေးဆေးဆေး နေတတ်တဲ့ ကလေးအဖြစ် လူသိများတယ်။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ မလုပ်ဖို့ ဆရာဝန်ရဲ့ စကားကြောင့် ကာယအချိန်တွေမှာလည်း သူ အေးအေးဆေးဆေးပဲ ထိုင်နေတတ်တယ်။
မူလတန်းတုန်းကတည်းက အဲဒီလို နေလာခဲ့တာမို့ တခြားကလေးတွေက သူ့ကို ထောက်ထားပေးကြပေမဲ့ အချိန်အတန်ကြာတဲ့အခါမှာတော့ သူတို့က ဝေးကွာသွားကြတယ်။ သူတို့က လူဆိုးတွေ မဟုတ်မှန်း သူ သိပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ နည်းနည်း သနားစရာကောင်းနေသလိုပဲပေါ့။ ဒါကြောင့် သူ ခဏခဏ စဉ်းစားခန်း ဝင်မိတယ်။ လူတိုင်းရဲ့ ချစ်ခင်မှုကို ရပြီး ဘယ်တော့မှ အထီးမကျန်ရတော့မယ့် ဇာတ်လမ်းမျိုးကို သူ စိတ်ကူးယဉ်မိတာပေါ့။
ဆူဝမ်က အလယ်တန်းကျောင်းကို ပြောင်းတဲ့အခါမှာလည်း ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ သူ ယုံကြည်ခဲ့တယ်။ သူ မျှော်လင့်ထားတဲ့အတိုင်းပဲ ‘အေးဆေးတဲ့ ကောင်လေး’ ဘဝကို ပြန်စခဲ့ရတာပေါ့။ အတန်းထဲက ကျောင်းသားအသစ်ကို စိတ်ဝင်စားတဲ့သူတွေကလည်း မကြာခင်မှာပဲ ဝေးကွာသွားကြပြီး နှုတ်ဆက်ရုံလောက်ပဲ လုပ်ကြတော့တယ်။
အဲဒါကလည်း မတတ်နိုင်ဘူးလေ။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ မလုပ်ရဘူးဆိုတဲ့ စကားက သူ့ကို ချည်နှောင်ထားသလို ဖြစ်နေတော့ အေးအေးဆေးဆေး နေတာကပဲ အကောင်းဆုံးလို့ သူ တွေးမိခဲ့တာပေါ့။ သူ ကိုယ်တိုင်ကလည်း ဘာမှ မလုပ်တော့ ဘယ်သူမှ သူငယ်ချင်း လာလုပ်မှာမဟုတ်ဘူးလို့ ယုံကြည်ထားခဲ့တယ်။
ဒါပေမဲ့ လူတစ်ယောက်... သူ့ကို အမြဲတမ်း လာစကားပြောပြီး ပြုံးပြတဲ့လူ တစ်ယောက်ပဲ ရှိခဲ့တယ်။ အဲဒါက တခြားသူမဟုတ်ဘူး၊ ဂွန်ဆော့ပဲ။ ဂွန်ဆော့က သူ့အစ်ကိုရဲ့ ခြေရာကို နင်းပြီး သရုပ်ဆောင်တစ်ယောက် ဖြစ်လာမယ်လို့ ပြောလေ့ရှိတဲ့သူပဲလေ။ အတန်းထဲမှာလည်း သိပ်ကို လူကြိုက်များတယ်။ စာလည်း တော်သလို၊ အားကစားလည်း တော်တယ်။ သူက အရာအားလုံး လုပ်နိုင်တာပေါ့။ ဂျီဆော့က အဲဒီလို ဂွန်ဆော့ကို အားကျမိတယ်။ အဲဒါက သူ ဖြစ်ချင်တဲ့ ဘဝပုံစံပဲလေ။
ဒါပေမဲ့ မကြာခင်မှာပဲ သူ ဂွန်ဆော့ရဲ့ လျှို့ဝှက်ချက်ကို သိသွားခဲ့ရတယ်။ သူ့ရဲ့ လျှို့ဝှက်ချက်ကတော့ သူ့ရဲ့ ကြင်နာတတ်တဲ့ ပုံစံက ဟန်ဆောင်မှု သက်သက်ပဲ ဖြစ်ပြီး တခြားဘယ်သူ့ကိုမှ သူငယ်ချင်းလို့ မသတ်မှတ်ထားတာပဲ။ လျှို့ဝှက်ချက် အမိခံလိုက်ရပြီးတဲ့နောက် ဂွန်ဆော့ ဒေါသထွက်သွားခဲ့တယ်။ မင်းကြောင့် ငါတော့ ဒုက္ခရောက်ရပြီဆိုပြီး ဂျီဆော့ကို ဆဲဆိုခဲ့သေးတယ်။ ဒါပေမဲ့ ထူးဆန်းတာက ဂျီဆော့က သူ့ရဲ့ အဲဒီလို ပုံစံကို မမုန်းခဲ့ဘူး။ တကယ်တော့ သူ ဝမ်းသာမိတာပေါ့။ လူတိုင်းက ခက်ခဲတဲ့ ဘဝတွေကို ဖြတ်သန်းနေရတာပဲဆိုတာ အဲဒီအချိန်မှာ သူ သဘောပေါက်သွားခဲ့တယ်။ သူတစ်ယောက်တည်း နေမကောင်းဖြစ်နေတာ မဟုတ်ဘူးဆိုတာကို သိလိုက်ရလို့ပဲ။
အဲဒီနောက်ပိုင်း ဂျီဆော့က ဂွန်ဆော့ကို ပိုပြီး စကားပြောဖြစ်လာခဲ့တယ်။ ပထမတော့ ဂွန်ဆော့က တခြားလူတွေရှေ့မှာ ပြုံးပြပြီး လူမရှိတဲ့အချိန်ကျရင် ဒေါသထွက်လေ့ရှိတယ်။ ဂျီဆော့က ဂွန်ဆော့ရဲ့ အဲဒီလို လူသားဆန်တဲ့ ပုံစံကို သဘောကျတာပေါ့။ အဲဒါနဲ့တင် လုံလောက်ပါပြီ။ ဒီလိုနဲ့ သူတို့ နှစ်နှစ်လောက် အတူတူ ဖြတ်သန်းခဲ့ကြတယ်။
ဂွန်ဆော့က အတ္တကြီးပြီး မာနထောင်လွှားတဲ့သူမို့ သူ့ရဲ့ တကယ့် အစစ်အမှန်ကို သိရင် ကမ္ဘာက မုန်းကြလိမ့်မယ်။ ဒါပေမဲ့ ဂျီဆော့အတွက်တော့ သူက သူ့ရဲ့ ပြဿနာတွေကို ပထမဆုံး ရင်ဖွင့်ဖြစ်တဲ့ သူငယ်ချင်းပဲ။ အဲဒီအချိန်မှာပဲ ဂွန်ဆော့ကြောင့် သူ သရုပ်ဆောင်တာကို စိတ်ဝင်စားလာခဲ့တယ်။ သရုပ်ဆောင်တာကို ကိုယ်တိုင်လေ့လာနေတဲ့ ဂွန်ဆော့ဆီကနေ အရာအများကြီး သူ သင်ယူခဲ့ရတာပေါ့။ ဂျီဆော့က ပြဇာတ်တွေကို လိုက်ကြည့်ပြီး သူ့ရဲ့ အိပ်မက်ကို ပျိုးထောင်ခဲ့တယ်။
ဂွန်ဆော့ကတော့ တခြားလူတွေရှေ့မှာ ဟန်ဆောင်မျက်နှာဖုံး စွပ်ထားတုန်းပဲ ဖြစ်ပေမဲ့ ဂျီဆော့အတွက်တော့ တကယ့်ကို ရိုးသားတဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်လာခဲ့ပြီ။ သူတို့နှစ်ယောက်မှာ တစ်ဦးကိုတစ်ဦးပဲ သူငယ်ချင်းအဖြစ် ရှိကြပြီး စကားအများကြီး ပြောစရာမလိုဘဲနဲ့တင် ဘာကို ဆိုလိုသလဲဆိုတာ သိနိုင်တဲ့အထိ ရင်းနှီးခဲ့ကြတယ်။
“သရုပ်ဆောင်တာကော ဘယ်လိုလဲ”
“သရုပ်ဆောင်တာလား... ကွကိုယ်ပဲ။ အကုန်လွဲကုန်ပြီ။ ကောင်စုတ်တစ်ယောက်ကြောင့် အကုန် ပျက်စီးသွားရတာ”
“အဲဒါက မင်းရဲ့ စိတ်ဓာတ်က စုတ်ပြတ်နေလို့ပါ။ ငါ မင်းကို ကောင်းကောင်းမွန်မွန် နေပါလို့ ပြောသားပဲ”
“ဒီကောင်ကတော့... ငါ့ထက် ကောင်းကောင်းမွန်မွန် နေတဲ့လူ ဘယ်မှာ ရှိဦးမှာလဲ။ ငါ့ကို ကြည့်လေ... လူတိုင်းအပေါ် ငါ ကြင်နာတယ်။ ဟန်ဆောင်မှုတွေပဲ ဖြစ်ဖြစ် လူတိုင်းရှေ့မှာ လူကောင်းတစ်ယောက်အနေနဲ့ ငါ နေပြနေတာပဲ။ အဲဒါကော ငါ့ရဲ့ တကယ့် ပုံစံတစ်ခု မဟုတ်ဘူးလား။ လူတွေက ငါ့ကို လူကောင်းလို့ ထင်နေကြတာပဲလေ။ အဲဒါ အစစ်မဟုတ်ရင် ဘာက အစစ်ဖြစ်ရမှာလဲ”
“အေးပါ... အေးပါ... မင်းရဲ့ စုတ်ပြတ်နေတဲ့ အတွေးအခေါ်က အခုထိ မပြောင်းသေးဘူးပဲ”
“ဟေ့ကောင်... မင်း ဘူဆန်မှာ အချိန်နည်းနည်း ဖြတ်သန်းခဲ့ပြီးမှ ပါးစပ်က ပိုကြမ်းလာတယ်နော်”
“မင်းဆီကနေ အကုန်သင်ယူခဲ့တာလေ”
“ဒီအရူးကတော့...”
ပြီးတော့ ခဏလောက် တိတ်ဆိတ်သွားကြတယ်။ ဂျီဆော့က ဂွန်ဆော့ရဲ့ မျက်နှာကို ကြည့်ပြီး ပြုံးလိုက်တယ်။ သူငယ်ချင်းဆိုတာ ဘာအကြောင်းပြချက်မှ မရှိဘဲ ကြည့်ပြီး ပြုံးနေလို့ရတဲ့သူတွေပဲလို့ သူ တွေးမိတာပေါ့။ ဂွန်ဆော့ကလည်း ဆဲဆိုရင်းနဲ့ လိုက်ရယ်တော့တယ်။
သူတို့ ဆူဝမ်ဘူတာရုံရဲ့ ပထမထပ် လှေကားပေါ်မှာ ရယ်မောနေကြတုန်း လူတွေက သူတို့ကို စိုက်ကြည့်လာကြတယ်။ ဂျီဆော့က ဒီအခြေအနေကို သဘောကျလို့ ပိုပြီးတော့တောင် ရယ်မိသေးတယ်။
“ကောင်အစုတ်လေး... မရယ်နဲ့တော့”
“ဘာလို့လဲ... ပျော်စရာကြီးကို”
“ဒီကောင်စုတ်လေးကတော့...”
“ငါက ကောင်အစုတ်လေး မဟုတ်တော့ပါဘူးကွာ”
“မဟုတ်ပါဘူး... မင်းရဲ့ နှလုံးနဲ့ကတော့ ဟုတ်ပါတယ်”
“အခြေအနေ ပိုကောင်းလာပြီ သိလား။ ဆရာဝန်က ဆေးသောက်ရုံနဲ့တင် အဆင်ပြေသွားပြီလို့ ပြောတယ်။ ခွဲစိတ်စရာလည်း မလိုတော့ဘူးတဲ့”
“တကယ်လား... အဲဒါဆို ကောင်းတာပေါ့။ ဒါဆို မင်းက အစုတ်လေးပဲ ကျန်တော့တာပေါ့”
“ဟုတ်တယ်... ငါက အားနည်းတဲ့ ကောင်လေး မဟုတ်တော့ဘူး။ ကောင်စုတ်လေးပဲ”
“ဒီအရူးကတော့... မင်း အလယ်တန်းကျောင်းတုန်းက ထောင့်ခုံမှာ ထိုင်ကတည်းက ငါ ရိပ်မိသားပဲ။ ဒီကောင် စိတ္တဇနာလို ပုံစံမျိုး ရှိနေတာကို အောင့်အည်းထားတာလို့”
“ဟုတ်ပါတယ်... မင်းကြောင့်ပဲ ငါက လူတိုင်းကို လိုက်နှုတ်ဆက်နေတဲ့ လူဆန်းကြီး ဖြစ်လာရတာပေါ့။ ကျေးဇူးတင်ပါတယ်... တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ”
“ကျေးဇူးတင်ရင် တစ်ခုခု ကျွေးလေ”
“ဒါဆို စားစရာ သွားဝယ်ကြစို့။ မင်းရဲ့ အကြောင်းတွေကိုလည်း ပြောပြဦး... မင်း ဘာလို့ ပြဇာတ်ကလပ်ကနေ ထွက်လာတာလဲ၊ ဘာတွေကို မကျေနပ်ဖြစ်နေတာလဲဆိုတာ။ ငါက သူများစကားကို သေသေချာချာ နားထောင်တတ်မှန်း မင်း သိသားပဲ”
“ဒါပေမဲ့ မင်းက ဘယ်တော့မှ အဖြေတော့ ပေးလေ့မရှိပါဘူး”
ဂျီဆော့က ပြုံးပြီး ဂွန်ဆော့ရဲ့ ပုခုံးကို ဖက်လိုက်တယ်။
“ဂွန်ဆော့... မင်း ငါ့ကို ပထမဆုံး လာနှုတ်ဆက်တုန်းက ဘာပြောခဲ့လဲ မှတ်မိသေးလား”
“ဘာပြောခဲ့လို့လဲ”
“မင်းက ‘ဟယ်လို... မင်းနာမည်က ဂျီဆော့လား။ ငါ့နာမည်မှာလည်း ဆော့ ပါတယ်လေ။ တွေ့ရတာ ဝမ်းသာပါတယ်’ လို့ ပြောခဲ့တာ။ မှတ်မိလား” အဲဒီလို ပြောရင်း ဂျီဆော့က ဂွန်ဆော့ကို တစ်ချက် ကြည့်လိုက်တယ်။ ဂွန်ဆော့ရဲ့ နှုတ်ခမ်းတွေ တွန့်သွားပြီး ပြန်ပြောတာကတော့...
“ကောင်စုတ်လေး... ငါ မမှတ်မိတော့ဘူး။ ပြီးတော့ ငါက အဲဒီလောက်အထိ ကလေးဆန်ခဲ့လို့လား။ ငါတို့ နာမည်နှစ်ခုလုံးမှာ ဆော့ ပါတယ် ဟုတ်လား... လာနောက်မနေနဲ့”
“ငါ တကယ်ပြောတာပါဆို”
“ရယ်စရာကြီး...”
ဂျီဆော့ လမ်းလျှောက်ရင်း သဘောကျ တဟားဟား ရယ်မောနေမိတယ်။ ဒါကြောင့်မို့ သူငယ်ချင်းဆိုတာ ကောင်းတာပေါ့။ ဂျီဆော့အတွက်တော့ ဂွန်ဆော့က ပျင်းစရာကောင်းပြီး သူ ကြောက်ရွံ့နေရတဲ့၊ မွန်းကျပ်စရာကောင်းတဲ့ ဒီကမ္ဘာကြီးကို ရိုက်ခွဲပစ်လိုက်တဲ့ တူတစ်ချောင်းလိုပဲ။ ဂျီဆော့က အဲဒီလို ရဲရင့်မှုနဲ့ လွတ်လပ်မှုကို အားကျမိတာပေါ့။ အခုဆို သူလည်း အဲဒီလိုမျိုး ပုံစံတူ ဖြစ်လာပြီလို့ ခံစားရလို့ ဂုဏ်ယူမိတယ်။ သူ ဖြစ်ချင်တဲ့အရာ တစ်ခုရှိရင်တော့ သူက ဂွန်ဆော့အပေါ် ကောင်းမွန်တဲ့ လွှမ်းမိုးမှု ရှိချင်တာပဲ။ ဂွန်ဆော့ရဲ့ ကောက်ကွေးနေတဲ့ စိတ်ဓာတ်ကို သူကပဲ ပြုပြင်ပေးချင်တယ်လို့ ဂျီဆော့ တွေးနေမိတယ်။
“မရယ်နဲ့တော့ကွာ... ရှက်စရာကြီး” လို့ ဂွန်ဆော့က ပြောလိုက်တယ်။
* * * * * * * * *
လေ့ကျင့်ခန်း ပြီးသွားလို့ သိမ်းဆည်းရမယ့် အချိန် ရောက်ပြီ။ မာရူးက ဖုန်းကို ထုတ်ပြီး မတ်တတ်ရပ်လိုက်တယ်။ သူ့ရဲ့ တိုင်ချက်တွေမှာ အစီအစဉ် ရှိတယ်လေ။ ဒီ အစီအစဉ်အတိုင်း သွားမှသာ အကျိုးသက်ရောက်မှုက ပိုပြီး ပြင်းထန်မှာပေါ့။ ပြီးတော့ ယဉ်ကျေးပျူငှာမှု ရှိရမှာမို့ ခွင့်ပြုချက်လည်း တောင်းရဦးမယ်လေ။
“မင်း ဖုန်းထပ်ဆက်မလို့လား...”
ဒေးမြောင်က ခေါင်းမော့ပြီး လှမ်းမေးလိုက်တယ်။ မာရူးက ပြုံးပြုံးလေးနဲ့ ပြန်ကြည့်ရင်း... “အင်း...” လို့ ပြောလိုက်တယ်။
* * * * * * * * *