← Chapters

အခန်း ၂၄၅

Vol. 25 Ch. 245

အခန်း ၂၄၅

Vol. 25 Ch. 245

အခန်း(၂၄၅)

ဇာတ်ညွှန်းစာအုပ်ကို လက်တစ်ဖက်က ကိုင်ပြီး လျှောက်လှမ်းနေရင်း ဂွန်ဆူက ထမင်းစားစားပွဲဆီကို ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်တယ်။ သူ့ဖုန်းက တုန်ခါသံအကျယ်ကြီးနဲ့ မြည်နေလို့ပါ။ ဖန်စားပွဲပေါ်ကနေ သူ ဖုန်းကို ကောက်ကိုင်လိုက်တယ်။

“ဟယ်လို”

“အစ်ကိုကြီး... ကျွန်တော် ဟန်မာရူး ပါ”

“ဪ... အေး၊ မာရူး”

သူ ဇာတ်ညွှန်းကို ချလိုက်ပြီး ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်တယ်။ ခဏလောက် အနားယူဖို့ စိတ်ကူးနဲ့ တီဗီကို ဖွင့်လိုက်တာပါ။ တီဗီအစီအစဉ်တစ်ခုထဲမှာ အနုပညာရှင် သရုပ်ဆောင်တွေ ရယ်မောပျော်ရွှင်နေကြတာကို သူ တွေ့လိုက်ရတယ်။

“ဘာကိစ္စရှိလို့ ဖုန်းဆက်တာလဲ”

“ပြောစရာလေး ရှိလို့ပါ အစ်ကိုကြီး”

“ပြောစရာ ရှိလို့ ဟုတ်လား”

အဲဒါကို ကြားတော့ ဂွန်ဆူက တီဗီအသံကို လျှော့လိုက်တယ်။ မာရူးရဲ့ အသံဟာ ပုံမှန်ဆိုရင် တည်ငြိမ်နေတတ်ပေမဲ့ ဒီနေ့တော့ တစ်ခုခု ခြောက်ကပ်ကပ် ဖြစ်နေသလိုပဲ။ မာရူးက သူ့ကို သတင်းဆိုးတစ်ခုခု ပြောတော့မယ့်အတိုင်း ခံစားလိုက်ရလို့ ဂွန်ဆူ မျက်မှောင်အနည်းငယ် ကြုတ်သွားမိတယ်။

“ပြောလေ”

“တစ်ယောက်ယောက်က မိုးပြာရောင် ပြဇာတ်အဖွဲ့ရဲ့ ဝတ်စုံတွေနဲ့ ပြဇာတ်ပစ္စည်းတွေပေါ်ကို ဆေးတွေ လောင်းချသွားတယ်ဗျ။ အဲဒါတင်မကဘဲ အကုန်လုံးကို အမည်းရောင် စပရေးဘူးနဲ့ပါ လိုက်ဖျန်းသွားသေးတာ။ အဲဒါကြောင့် ဝတ်စုံတွေရဲ့ ထက်ဝက်ကျော်၊ မဟုတ်ဘူး... အကုန်နီးပါးကို ပြန်သုံးလို့မရအောင် ပျက်စီးသွားပြီ”

“သတင်းကောင်းတော့ မဟုတ်ဘူးပဲ။ ဒူးလောက်အထိရှည်တဲ့ အဲဒီ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဝတ်စုံကိုပါ လွှင့်ပစ်လိုက်ရတော့မှာလား။ အဲဒါကို မီဆို နဲ့ ကျွန်တော်နဲ့ အတူတူ လုပ်ခဲ့ကြတာလေ မင်းလည်း သိရဲ့သားနဲ့”

“အဲဒါကြီး အစိမ်းရောင် ဖြစ်သွားတာကို အစ်ကိုကြီး အဆင်ပြေတယ်ဆိုရင်တော့ ထားလိုက်လို့ ရတာပေါ့”

“အဲဒီမီးအိမ်ကော။ အဲဒါကို ဆွန်ဂျီ က ပင်ပင်ပန်းပန်း လုပ်ထားတာလေ”

“စက္ကူတွေ အကုန် စုတ်ပြဲကုန်ပြီဗျ”

“မီဆို သာ သိရင်တော့ ဒေါသပေါက်ကွဲတော့မှာပဲ။ အား... ငါတို့ အဲဒါတွေကို လုပ်ဖို့ အချိန်တွေ အတော်ပေးခဲ့ရတာ၊ မင်း သိတယ်မလား။ အခုဆို ဆယ်စုနှစ်တစ်ခုစာလောက် ကြာခဲ့တဲ့ အမှတ်တရ ဖြစ်သွားပေမဲ့ အခုထိ မျက်စိထဲ ထင်းနေတုန်းပဲ။ ငါတို့ရဲ့ ပထမဆုံး ပြဇာတ်က ရိုးရာပြဇာတ်ဟောင်းလေ။ အဲဒါကြောင့် အထည်လိပ်တွေ သွားဝယ်ဖို့ ဒုံဒေမွန်အထိ အဝေးကြီး သွားခဲ့ရပြီး ဟန်ဘောက်ဝတ်စုံတစ်ထည် ရဖို့ တော်တော်လေး ဒုက္ခခံခဲ့ရတာ။ ဒါပေမဲ့ နောက်ဆုံးတော့ ဟန်ဘောက် မလုပ်နိုင်ဘဲ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဝတ်စုံတစ်ထည်ပဲ ဖြစ်အောင် လုပ်လိုက်ရတယ်။ ဂျိုဂိုရီ အင်္ကျီနဲ့ စကတ်ကိုတော့ သူများဆီကနေ ငှားလိုက်ရတာပေါ့”

ဒီအဖြစ်အပျက်က အကြာကြီး ကြာခဲ့ပြီဆိုပေမဲ့ သူ့ရဲ့ အမှတ်တရထဲမှာတော့ ဘယ်တော့မှ မမေ့နိုင်အောင် ထင်ထင်ရှားရှား ရှိနေတုန်းပါပဲ။ သူတို့ရဲ့ ပထမဆုံး စိန်ခေါ်မှု၊ ပထမဆုံး သောက၊ ပြီးတော့ ပထမဆုံး အောင်မြင်မှု။ အရာအားလုံးက အသစ်အဆန်းတွေချည်းပဲလို့ ခံစားခဲ့ရတဲ့ အချိန်တုန်းကပေါ့။

“ဒါ လုံးဝကို သတင်းကောင်း မဟုတ်ဘူးပဲ”

“အခု ပြောလိုက်တာက သတင်းဆိုးဆိုပေမဲ့ နောက်ထပ် ပိုဆိုးတာ ရှိသေးတယ်ဗျ”

“ဘာလဲ”

“ပစ္စည်းတွေကို ဖျက်ဆီးသွားတဲ့သူက ဂွန်ဆော့ ဖြစ်နေလို့”

ဂွန်ဆူ သက်ပြင်းချလိုက်ပြီး ဆိုဖာပေါ်ကို ပြန်မှီချလိုက်တယ်။ မာရူး ပြောတဲ့ အသံနေအသံထားကတည်းက သူ ရိပ်မိနေခဲ့တာပါ။ ပြောရရင် မိုးပြာရောင် ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေကို မာရူးက သူ့ဆီ လာပြီး သတင်းပို့ရမယ့် အကြောင်းရင်း အစစ်အမှန် မရှိပါဘူး။ အကြောင်းရင်း တစ်ခုပဲ ရှိနိုင်တယ်၊ အဲဒါက သူ့ရဲ့ ညီလေးနဲ့ ပတ်သက်နေတာပဲ ဖြစ်ရမယ်။

“လွန်ခဲ့တဲ့ အချိန်အနည်းငယ်တုန်းက ဂျွန်မင်း အစ်ကိုကြီးက သူ့အကြောင်း ပြောပြဖူးတယ်။ ဘေးနားမှာ ထားဖို့ သူက နည်းနည်း လိုအပ်ချက်ရှိနေသေးတယ်တဲ့။ ဂွန်ဆော့ တစ်ယောက် ငြိမ်သွားကတည်းက လက်လျှော့သွားပြီလို့ ငါ ထင်နေခဲ့တာ၊ ဒါပေမဲ့ သူက ဒီအချိန်အထိ စောင့်နေခဲ့တာကိုး။ တကယ်ပဲ... ဟူး”

သူ့ညီလေး ဂွန်ဆော့က ယဉ်ကျေးတဲ့ ကောင်လေးတစ်ယောက်ပါ။ အနည်းဆုံးတော့ အပြင်ပန်းကြည့်ရင် သူ့ဆီမှာ အပြစ်ပြောစရာ ရှာဖို့ ခက်ပါတယ်။ မူလတန်းကျောင်းတုန်းကတောင် ချီးကျူးစကား တစ်ခွန်းတည်းနဲ့ အရာရာကို အပြည့်အစုံ ဖြစ်အောင် လုပ်နိုင်ခဲ့သူပါ။ သူက ကောင်းမွန်တဲ့ ရလဒ်တွေကို ယူဆောင်လာပေးခဲ့ပြီး မိဘတွေကလည်း အဲဒီရလဒ်တွေအတွက် သူ့ကို ချီးကျူးခဲ့ကြတယ်။

ဒါပေမဲ့ ဘယ်အချိန်ကစလို့လဲမသိ၊ အဲဒီအချက်က သူ့ကို တခြားသူတွေအပေါ် အထင်သေးတတ်အောင် ဖြစ်စေခဲ့တယ်။ တခြားသူတွေကို နှိမ်တတ်ပြီး မိဘတွေအပေါ်မှာတော့ ရိုသေကျိုးနွံပြတဲ့ သူ့ရဲ့ စိတ်နေစိတ်ထားက အဲဒီလို ဖြစ်တည်လာခဲ့တာပါ။ မိဘတွေဆီကနေ ခရစ္စမတ်လက်ဆောင်တွေ အများကြီး ရပြီးတဲ့နောက် ညီဖြစ်သူက သူ့ကို လှောင်ပြုံး ပြုံးပြခဲ့တဲ့ အချိန်ကစလို့ ဂွန်ဆူ တစ်ယောက် အိမ်ကနေ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။

သူ့ညီရဲ့ စိတ်ကို တခြားတစ်ဖက်ကို လှည့်ပြောင်းနိုင်ဖို့ သူ အကြိမ်အနည်းငယ် စကားပြောဆိုခဲ့ဖူးပေမဲ့ ညီဖြစ်သူကတော့ သူ့ရဲ့ နေထိုင်မှုပုံစံကိုပဲ သဘောကျနေပုံရတယ်။ သရုပ်ဆောင်ပညာကို အဓိကထား သင်ယူမယ်လို့ ပြောတဲ့အခါ အဖေဖြစ်သူက သားအဖြစ်ကနေ စွန့်လွှတ်မယ်လို့ ပြောခဲ့တာတောင် သူ အိမ်ကနေ ထွက်လာခဲ့တယ်။ အဲဒီနေ့က အိမ်ကနေ ထွက်လာတဲ့ သူ့ကို ညီဖြစ်သူ ပြောခဲ့တဲ့ စကားက ‘အရှုံးသမား’ တဲ့။

အဲဒီနောက်ပိုင်းမှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်ခဲ့ပြီး စိတ်မတည်မငြိမ် ဖြစ်နေတဲ့ ညီလေးကို ဒယ်ဟတ်ရို ဆီ ခေါ်သွားခဲ့တုန်းကတော့ သူ့ညီလေး နည်းနည်း ငြိမ်သက်သွားပြီး ရှေ့လျှောက် တည်ငြိမ်တဲ့ ဘဝကို ဖြတ်သန်းတော့မယ်လို့ သူ ယုံကြည်ခဲ့မိတယ်။ ဒါပေမဲ့ သူ မှားသွားခဲ့တာပဲ၊ သူ့ညီရဲ့ ဗီဇက ပြောင်းမသွားခဲ့ဘူး။ ပြောရရင် လူတိုင်းဟာ အဖြစ်အပျက်တစ်ခုတည်းနဲ့ စိတ်ဓာတ်တွေ ကောင်းမွန်အောင် ပြောင်းလဲသွားကြေးဆိုရင် ဒီကမ္ဘာပေါ်မှာ မတရားမှုဆိုတာ ရှိတော့မှာ မဟုတ်ဘူးလေ။

ဒါပေမဲ့လည်း သူ့ညီလေးက အရာရာကို လုပ်ချင်ကိုင်ချင်စိတ် ရှိလာတာကိုပဲ တိုးတက်မှုကောင်းတစ်ခုလို့ သူ ယုံကြည်ခဲ့တာ၊ ဒါပေမဲ့ သရုပ်ဆောင်တာက ရည်ရွယ်ချက် မဟုတ်ဘဲ ကြားခံတစ်ခု သက်သက်ပဲ ဖြစ်နေခဲ့ပုံရတယ်။ အကယ်၍ သူ သရုပ်ဆောင်တာကို တကယ် သဘောကျတယ်ဆိုရင် အဲဒီအချိန်တုန်းက သူနဲ့ သူ့သူငယ်ချင်းတွေ ပင်ပင်ပန်းပန်း ဒုက္ခခံပြီး လုပ်ခဲ့ရတဲ့ ဝတ်စုံတွေနဲ့ ပစ္စည်းတွေအကုန်လုံးကို ဒီလောက်အထိ ဖျက်ဆီးပစ်မယ့် အကြောင်း မရှိပါဘူး။

သူကတော့ ကောင်းမွန်တဲ့ ညီအစ်ကို ဆက်ဆံရေးကို လက်လျှော့လိုက်တာ ကြာပါပြီ၊ ဒါပေမဲ့ တစိမ်းတရံစာထက်တော့ ပိုပြီး နီးနီးကပ်ကပ် ရှိချင်သေးတာပါ။ သို့ပေမဲ့ ဒီနေ့ ကြားလိုက်ရတဲ့ သတင်းကြောင့် သူ့ညီဟာ အဖေ့ရဲ့ ဗီဇတွေကို အများကြီး အမွေရထားတာပဲဆိုတာကို နောက်ဆုံးတော့ သူ သိလိုက်ရပါတော့တယ်။

သူတို့နှစ်ယောက် တူညီလွန်းတာက ခြောက်ခြားစရာတောင် ကောင်းနေတယ်။

“ပြီးတော့... မင်း ဖုန်းဆက်ရတဲ့ အကြောင်းရင်းက ဘာလဲ”

“ပထမဆုံးကတော့ သူ့ကို ဒီအတိုင်း လွှတ်ထားရင် ပိုပြီး ရှုပ်ထွေးကုန်တော့မှာမို့လို့ ကျွန်တော် ဒီမှာတင်ပဲ အဆုံးသတ်တော့မယ်ဆိုတာ အစ်ကို့ကို ပြောပြချင်တာပါ။ ဒုတိယကတော့ အဲဒီပထမ အကြောင်းရင်းကြောင့် အစ်ကို့ညီလေး တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ရမယ့် အခြေအနေကို ရောက်သွားနိုင်လို့ အစ်ကို့ကို တောင်းပန်ချင်တာပါ။ ပြီးတော့ တတိယနဲ့ နောက်ဆုံး အကြောင်းရင်းကတော့ အစ်ကို့အဖေရဲ့ ဖုန်းနံပါတ်ကို လိုချင်လို့ပါ အစ်ကိုကြီး”

“...မင်း ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာ ငါ သေချာမသိပေမဲ့ ဂွန်ဆော့တော့ ဒုက္ခလှလှတွေ့တော့မယ်ဆိုတာ ငါ သဘောပေါက်လိုက်ပြီ”

“ကောင်းမွန်တဲ့ နိဂုံး ဆိုတာမျိုးတော့ ရှိမှာ မဟုတ်ဘူးဗျ။ ဒီအဖြစ်အပျက်ပြီးရင် သူ နောင်တရလာဖို့ကိုလည်း ကျွန်တော် မမျှော်လင့်ပါဘူး။ အရာအားလုံး ငြိမ်ငြိမ်သက်သက် ဖြစ်သွားဖို့ပဲ ကျွန်တော် လိုချင်တာ။ ကျွန်တော့်ရဲ့ ဒေါသကို လာမဆွစေချင်ရုံတင်ပါ”

မာရူးရဲ့ စကားတွေကို ကြားပြီးနောက် ဂွန်ဆူ ခါးခါးသီးသီး ပြုံးလိုက်မိတယ်။ သူ တာဝန်မကင်းဘူးလို့ ခံစားလိုက်ရတယ်။ သူ့ညီကို ဒီလိုအခြေအနေအထိ ရောက်သွားအောင် ပစ်ထားခဲ့မိတဲ့အတွက် တာဝန်ရှိတယ်လို့ ခံစားရတာပါ။ ဒါတွေကို ထည့်မပြောခဲ့ပေမဲ့ မာရူးက သူ့အဖေရဲ့ ဖုန်းနံပါတ်ကို တောင်းတဲ့အခါ တာဝန်ရဲ့ တစ်စိတ်တစ်ပိုင်းကို ယူဖို့ သူ့ကို သွယ်ဝိုက်ပြီး ပြောနေတယ်ဆိုတာ ဂွန်ဆူ ရိပ်မိလိုက်တယ်။

‘အေးလေ... ငါ တကယ်ပဲ ညီ့အတွက် တစ်ခုခု လုပ်ပေးချင်ခဲ့ရင် အဖေ့ရဲ့ အရိပ်အောက်မှာ ရှိနေတုန်းကတည်းက လုပ်ခဲ့သင့်တာ။ ငါတစ်ယောက်တည်း ထွက်မလာခဲ့သင့်ဘူး’

ဂွန်ဆူ စကား ပြန်ပြောလိုက်တယ်၊

“ဖုန်းနံပါတ်ကို စာနဲ့ ပို့ပေးလိုက်မယ်”

“ဟုတ်ကဲ့”

“တာဝန်မဲ့တဲ့ အစ်ကိုတစ်ယောက် ဖြစ်ခဲ့လို့ စိတ်မကောင်းပါဘူးကွာ”

“အဲဒါကို ကျွန်တော် ပြောမလို့ပါပဲ။ ဒါပေမဲ့... အစ်ကို့ကို အပြစ်တင်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ မိဘဆိုတာ သားသမီးတွေရဲ့ မှန်ချပ်ပဲလေ။ အစ်ကိုကြီး... မဟုတ်ဘူး၊ စီနီယာ ရေ... အဲဒီအချက်မှာတော့ စီနီယာက တကယ်ကို ထူးချွန်ပြောင်မြောက်ပါတယ်ဗျာ။ စီနီယာက ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ခဲ့တာပဲ။ ကျွန်တော် ဖုန်းချလိုက်တော့မယ်နော်။ နောက်တစ်ခါ တွေ့ဖြစ်ကြရင်တော့ ရိုက်ကွင်းထဲမှာပဲ ဖြစ်လိမ့်မယ် ထင်တယ်”

“မဖြစ်နိုင်လောက်ဘူး၊ ငါတို့ အခန်းတွေက ထပ်မှမထပ်တာ။ ဇာတ်ညွှန်းဖတ်တဲ့နေ့ကျမှပဲ တွေ့ကြတာပေါ့။ အဲဒီတစ်ကြိမ်ပဲ ရှိမှာဆိုပေမဲ့လည်း”

“ဟုတ်ကဲ့။ ဒါဆို အနားယူလိုက်ပါဦးဗျာ”

ဂွန်ဆူ ဖုန်းချလိုက်ပြီး တီဗီအသံကို မြှင့်လိုက်တယ်။ သူ နောက်ကို ပြန်မကြည့်ဘဲ ဒီအထိ တောက်လျှောက် ပြေးလာခဲ့တာ၊ ဒါပေမဲ့ အခုလို စဉ်းစားမိတဲ့အခါကျတော့ တစ်ခါတလေမှာ နောက်ကို ပြန်ကြည့်ခဲ့သင့်သလားလို့ သူ တွေးတောနေမိတယ်။ တီဗီ ဖွင့်လျက်သားနဲ့ပဲ သူ မျက်လုံးတွေကို မှိတ်လိုက်တယ်။ တီဗီထဲက ရယ်မောသံတွေကလည်း အရင်လို သာယာနာပျော်ဖွယ် မရှိတော့ဘူး။

* * * * * * * * *

ဂွန်ဆော့ တစ်ယောက် ကြောက်လန့်တကြား တံတွေးတစ်ချက် မျိုချရင်း ဖုန်းချလိုက်တယ်။ ဂျီဆော့ နဲ့ လမ်းခွဲပြီး ဘတ်စကားပေါ် တက်ပြီးချင်းမှာပဲ သူ့ဆီ ဖုန်းဝင်လာတာပါ။ ဖုန်းဆက်တဲ့သူက ဂျွန်မင်း ဖြစ်နေတယ်။

ဂျွန်မင်းက တည်ငြိမ်လွန်းတဲ့ အသံနဲ့ ပစ္စည်းတွေကို တမင်ဖျက်ဆီးတာက ဘာလဲဆိုတာ သိလားလို့ သူ့ကို မေးခဲ့တယ်။ အဲဒီအချိန်မှာ သူ့ကျောပြင်တစ်ခုလုံး စိမ့်ခနဲ ဖြန်းခနဲ ဖြစ်သွားခဲ့ရတယ်။ ပြီးတော့ ဂျွန်မင်းက ဆက်ပြီး သူ့နာမည်နဲ့ ရှိနေတဲ့ ကွန်တိန်နာတစ်လုံးကို တစ်ယောက်ယောက်က လာပြီး ဖျက်ဆီးသွားတယ်လို့ ပြောတယ်။ သူ့ရဲ့ အပြစ်တင်တဲ့ အသံကို ကြားရတဲ့အခါ ဂွန်ဆော့ တစ်ယောက် မရည်ရွယ်ဘဲ ဆင်ခြေတွေ ပေးမိပြီး တောင်းပန်လိုက်မိတယ်။ ဂျွန်မင်းက သူ့အဖေလိုပဲ အထက်တန်းကျတဲ့ နေရာတစ်ခုမှာ ရှိနေတဲ့သူပါ။ စိတ်ထဲမှာတော့ ကလဲ့စားချေဖို့ ကြုံးဝါးနေမိပေမဲ့ အခုအချိန်မှာတော့ သူ့ကို သွားပြီး အငြိုအငြင်မခံသင့်ဘူးဆိုတာ သူ ကောင်းကောင်းကြီး သိနေတယ်။

ဘတ်စကားပေါ်ကနေ ဆင်းဆင်းချင်းမှာပဲ ဂွန်ဆော့က ဒေါသတကြီးနဲ့ အမှိုက်ပုံးတစ်ခုကို ကန်ပစ်လိုက်တယ်။ အဲဒီအကြောင်းကို ဘယ်သူ သွားပြောလဲဆိုတာ ရှင်းနေတာပဲ။ ဟန်မာရူး ကလွဲလို့ တခြားသူ မရှိနိုင်ဘူး။ တခြားလူတွေ လာကြည့်မယ့်အတူတူ ဂွန်ဆော့ အဲဒီနေရာကနေ အမြန် ထွက်လာခဲ့တယ်။ သူ့ဖိနပ်ကနေ ထွက်လာတဲ့ ပုပ်စော်နံနံ အနံ့ဆိုးက သူ့ကို ပိုပြီး ဒေါသထွက်စေတယ်။

သူ့ရဲ့ တိုက်ခန်းဝန်းထဲကို ရောက်တဲ့အခါ အမည်းရောင် ဆီဒန်ကားတစ်စီးကို တွေ့လိုက်ရလို့ သူ မျက်လုံးအပြူးသား ဖြစ်သွားမိတယ်။ ၂၄၈၇။ အဲဒါ အဖေ့ကားရဲ့ နံပါတ်ပဲ။ အခု ည ၉ နာရီ ရှိပြီ။ ဒီနေ့ အဖေက သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဂေါက်သီးရိုက်သွားမယ်လို့ ကြားထားတာမို့လို့ အိမ်ပြန်ရောက်ဖို့ စောလွန်းနေသေးတယ်။

တစ်ခုခုတော့ မဟုတ်တော့ဘူးလို့ သူ ခံစားလိုက်ရတယ်။ အဲဒီ အမည်းရောင် ကားကြီးဆီကနေ မကောင်းတဲ့ အငွေ့အသက်တွေ ထွက်နေသလိုမျိုးပဲ။ သူ စိုးရိမ်စိတ် လွန်ကဲနေမိတယ်။ ဓာတ်လှေကားပေါ် တက်လာရင်းနဲ့ ဒါဟာ ဂျွန်မင်း ရဲ့ ဖုန်းကြောင့် ဖြစ်မှာပါလို့ သူ့ကိုယ်သူ ဖြေသိမ့်နေမိတယ်။

‘တုန်’ ဆိုတဲ့ အသံနဲ့အတူ ဓာတ်လှေကားတံခါး ပွင့်သွားတယ်။ သူ့တိုက်ခန်းက ဘယ်ဘက်မှာ ရှိတာပါ။ ဂွန်ဆော့ က လျှို့ဝှက်နံပါတ်ကို သေသေချာချာ ရိုက်ထည့်ပြီး တံခါးကို ဖွင့်လိုက်တယ်။ ပထမဆုံး မြင်လိုက်ရတာက အဖေ့ရဲ့ ဂေါက်သီးရိုက်ဖိနပ်ပဲ။ တံခါးဝဆီကို သေသေသပ်သပ် လှည့်ပြီး စီထားတယ်။ ပုံမှန်နဲ့ သိပ်မထူးခြားဘူးဆိုပေမဲ့ ဒီနေ့တော့ အဲဒါကြီးက တော်တော်လေး ခြောက်ခြားစရာ ကောင်းနေတယ်။

သူ ဖိနပ်ချွတ်ပြီး အထဲဝင်ခဲ့တယ်။ ဧည့်ခန်းထဲမှာ အဖေ့ကို မတွေ့ရဘူး။ သူ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး စိတ်သက်သာရာရသွားတယ်။ အကယ်၍ အဖေက ဆိုဖာပေါ်မှာ အေးအေးလူလူ ထိုင်နေတာကိုသာ မြင်လိုက်ရရင် သူ ရူးသွားနိုင်တယ်။ အဖေက သူ့အခန်းထဲမှာ ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်က အဆင်ပြေနေသေးတယ်ပေါ့။

သူ အိပ်ခန်းမကြီးဆီကို သေသေချာချာ လျှောက်သွားပြီး တံခါးခေါက်လိုက်တယ်။ ဒါပေမဲ့ ဘာတုံ့ပြန်မှုမှ မရဘူး။ အဖေ့ရဲ့ ဂေါက်သီးရိုက်ဖိနပ်က ရှိနေသေးတာမို့လို့ သူ ဝေခွဲမရ ဖြစ်သွားတယ်။

“အဖေ... ရှိလားခင်ဗျာ” လို့ သူ ခေါ်လိုက်ပေမဲ့ ဘာသံမှ ထွက်မလာဘူး။ အဖေ အိပ်ပျော်နေတာလားလို့ သူ တွေးမိသွားတယ်။ အဲဒီလို တွေးမိလိုက်တော့ သူ ပိုပြီးတော့တောင် စိတ်အေးသွားသေးတယ်။ သူ့အခန်းကို ပြန်ဖို့ ပြင်လိုက်တုန်းမှာပဲ တစ်ခုခုကို သူ အနံ့ရလိုက်တယ်။

နှာခေါင်းထဲကို အနံ့ပါးပါးလေးတစ်ခု တိုးဝင်လာတာ။ အဲဒါ စီးကရက်အနံ့ပဲ။ အဲဒီအချက်ကို သိလိုက်ရတဲ့ ခဏမှာပဲ ဂွန်ဆော့ရဲ့ ခေါင်းတစ်ခုလုံး... မဟုတ်ဘူး၊ တစ်ကိုယ်လုံး ဖြန်းခနဲ ဖြစ်သွားရတယ်။ သူ့တစ်ကိုယ်လုံးရဲ့ နေရာတိုင်းမှာ တင်းကျပ်တုန်လှုပ် သွားခဲ့ရတယ်။

သူ့အဖေက ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတဲ့နေရာမှာ ဘုရားသခင်လိုပဲ။ အဲဒါကြောင့် သူ ဆေးလိပ်မသောက်ဘူး။ ပြန်ပြင်ပြောရရင် သောက်တော့ သောက်တယ်၊ ဒါပေမဲ့ အဲဒါက သူ့ထက် ရာထူးကြီးတဲ့သူတစ်ယောက်ယောက်က ကမ်းလှမ်းလာတဲ့ အခါမျိုးကျမှပဲ။ သူ့ရဲ့ ဆေးလိပ်သောက်ခြင်းက စီးပွားရေးအတွက် သက်သက်ပဲ။

ဆေးလိပ်သောက်တာနဲ့ အရက်သောက်တာက ပေါင်းသင်းဆက်ဆံရေး ပုံစံတစ်ခုပဲလို့ အဖေ ပြောခဲ့တာကို သူ ခပ်ရေးရေး မှတ်မိနေတယ်။ အဲဒီအချိန်မှာပဲ သူ တစ်ယောက်တည်းတော့ ဘယ်တော့မှ ဆေးလိပ်မသောက်ဘူးဆိုတဲ့ စကားကိုလည်း ကြားခဲ့ရဖူးတယ်။ တစ်ယောက်တည်း ဆေးလိပ်သောက်တာက အသက်တိုအောင် လုပ်တာပဲလို့ အဖေက အမြဲပြောလေ့ရှိတယ်။

ဒါပေမဲ့ အဖေ တစ်ယောက်တည်း ဆေးလိပ်သောက်မယ့် အခြေအနေတစ်ခုတော့ ရှိတယ်။ အဲဒီလို နေ့ရက်တွေဆိုရင် ဂွန်ဆော့ တစ်ယောက် သူ့အခန်းထဲကနေ ဘယ်တော့မှ အပြင်မထွက်ဘူး။ အခန်းတံခါးကို ပိတ်ထားပြီး နံရံကိုပဲ စိုက်ကြည့်နေမိတတ်တယ်။

ဂွန်ဆော့ က တုန်ရင်နေတဲ့ ခြေထောက်တွေကို အတင်းအားတင်းပြီး ဝရန်တာဘက်ကို တိတ်တဆိတ် ကြည့်လိုက်တယ်။ လိမ္မော်ရောင် အလင်းဖျော့ဖျော့လေး တစ်ချက်တစ်ချက် တောက်ပနေတာကို သူ မြင်လိုက်ရတယ်။ ဝါးတားတား အရိပ်ကြီးက ဆေးလိပ်ကို တစ်ချက် ရှိုက်လိုက်ပြီး မီးခိုးတွေကို မှုတ်ထုတ်လိုက်တယ်။ ဂွန်ဆော့ အသက်ရှူအောင့်ထားမိတယ်။ အဖေ့ကို ဒေါသ မဆွမိစေဖို့အတွက် သူ့အခန်းတံခါးလက်ကိုင်ကို တုန်ရင်နေတဲ့ လက်တွေနဲ့ သူ လှမ်းကိုင်လိုက်တယ်။ သူ့အခန်းထဲ ဝင်ဖို့ တံခါးလက်ကိုင်ကို အောက်ချလိုက်ရုံပဲ ရှိသေးတယ်၊ အဖေက လှမ်းခေါ်လိုက်ပါတော့တယ်။

“ဟောင်ဂွန်ဆော့”

“ဟု... ဟုတ်ကဲ့ပါ အဖေ”

“မင်း သိလား... ငါ လူ့အဖွဲ့အစည်းထဲကို ပထမဆုံး ဝင်တုန်းက လူတွေကို အများကြီး ဦးညွှတ်ခဲ့ရတာ။ ထပ်ခါတလဲလဲ ဦးညွှတ်ခဲ့ရပြီး တချို့အချိန်တွေမှာ ဒူးပါ ထောက်ခဲ့ရသေးတယ်။ မိတ်ဖက်ကုမ္ပဏီတစ်ခုရဲ့ စီအီးအိုက ငါ့ကို ဖိနပ်ထဲ ဗော့ဒကာအရက်တွေ လောင်းထည့်ပြီး သောက်ခိုင်းတုန်းကလည်း ငါ လုပ်ခဲ့ရတာပဲ။ ဘာလို့လဲဆိုတော့ အောင်မြင်ဖို့အတွက် အောက်ကျနောက်ကျ ခံရတာက လိုအပ်တဲ့ အဆင့်တစ်ခုပဲလို့ ငါ ယုံကြည်ခဲ့လို့ပေါ့။ နှစ်တွေအကြာကြီး ကြာပြီးတဲ့နောက်မှာတော့ အဲဒီ စီအီးအိုကို ငါ့ရှေ့မှာ ဒူးထောက်ခိုင်းပြီး ပြာတွေရောထားတဲ့ ဗော့ဒကာကို ပြန်သောက်ခိုင်းခဲ့တယ်။ သူ သောက်တဲ့ ခွက်တိုင်းအတွက် ငွေပြန်အမ်းမယ့် သက်တမ်းကို တစ်ပတ်စီ တိုးပေးမယ်လို့ ငါ ပြောလိုက်တုန်းက သူက ဝမ်းသာအားရနဲ့ သောက်ခဲ့တာပေါ့”

ဂွန်ဆော့ ကြမ်းပြင်ကိုပဲ စိုက်ကြည့်နေမိတယ်။ အဖေ့ကို မော့ကြည့်ဖို့ သူ လုံးဝ မဝံ့ရဲဘူး။ သူ ငယ်ငယ်တုန်းကတော့ အဖေက သဘောကောင်းတဲ့လူတစ်ယောက်လို့ ထင်ခဲ့တာ။ ဘာလို့လဲဆိုတော့ ကျောင်းမှာ ဆုတွေ ရလာတိုင်း အဖေက သူ့ကို ချီးကျူးတတ်လို့ပါ။ ဒါပေမဲ့ အလယ်တန်းကျောင်းတုန်းက ကျရှုံးမှုကို တစ်ကြိမ်တည်း ကြုံဖူးပြီးတဲ့နောက်မှာတော့ အဖေ့ရဲ့ တကယ့်မျက်နှာအစစ်ကို သူ မြင်လိုက်ရတော့တယ်။ အဲဒီအချိန်ကစလို့ အဖေက သူ လုံးဝ မဖီဆန်ဝံ့တဲ့ အမြင့်ဆုံး ဥပဒေကြီး ဖြစ်လာခဲ့တယ်။ တစ်နည်းအားဖြင့် အဖေက သူ့အတွက် မမှားနိုင်တဲ့ အမိန့်တော်ကြီးပေါ့။

“အဲဒီအချိန်ကစပြီး ငါ ဘယ်သူ့ကိုမှ ဦးမညွှတ်ခဲ့ရဖူးဘူး။ အထူးသဖြင့် ငါ လုပ်ခဲ့တဲ့ အမှားတစ်ခုကြောင့်မျိုးပေါ့။ ဘာလို့လဲဆိုတော့ တခြားလူတစ်ယောက်ကို ဦးညွှတ်ရတဲ့ အရသာက ဘယ်လောက်အထိ ဆိုးဝါးလဲဆိုတာ ငါ ကောင်းကောင်း သိလို့ပဲ”

“....”

“ဒါပေမဲ့ ဒီနေ့ ပထမဆုံးအကြိမ်အဖြစ် ငါ တခြားလူတစ်ယောက်ကို ‘စိတ်မကောင်းပါဘူး’ ဆိုတဲ့ စကားကို ပြောခဲ့ရတယ်။ အသစ်အဆန်းကြီး ဖြစ်လို့နေတယ်။ ငါ အဲဒီလို စကားမျိုး နောက်ဆုံး ဘယ်တုန်းက ပြောခဲ့လဲတောင် မမှတ်မိတော့ဘူး။ အဲဒါက တောင်းပန်ရတာ ဘယ်လောက်အထိ ရွံစရာကောင်းလဲဆိုတာ ငါ့ကို နောက်တစ်ကြိမ် ပြန်ပြီး သိစေခဲ့တာပဲ”

“အ... အဖေ...”

“မင်း အိပ်ဖို့ နေရာ၊ စားဖို့ အစားအစာ၊ ပြီးတော့ ဝတ်ဖို့ အဝတ်အစားတွေကို ငါ အကုန် စီစဉ်ပေးခဲ့တယ်။ မင်း အကောင်းဆုံး ပညာရေးကို ရဖို့နဲ့ အကောင်းဆုံး အာဟာရတွေ ရဖို့အတွက် ငါ့ဘက်က အတတ်နိုင်ဆုံး လုပ်ပေးခဲ့တာပဲ။ ငါ့ရဲ့ တာဝန်ကို ငါ ကျေပွန်ခဲ့တယ်လို့ ထင်တယ်။ မင်းကော မထင်ဘူးလား”

“ဟု... ဟုတ်ကဲ့။ အဖေ ပြောတာ လုံးဝ မှန်ပါတယ်”

“ဒါဆိုရင် ငါ့သား... မင်းရဲ့ အစား ငါက တခြားလူတစ်ယောက်ကို သွားပြီး မတောင်းပန်ရအောင် မင်း နေထိုင်ခဲ့သင့်တာပေါ့။ ငါက သားတစ်ယောက်ကို မွေးမြူနေတာလို့ ထင်ခဲ့တာ၊ ဝက်တစ်ကောင်ကို မွေးနေတာ မဟုတ်ဘူး”

“....”

“အနည်းဆုံးတော့ ဂွန်ဆူ က ငါ့ရဲ့ သိက္ခာကို ဘယ်တော့မှ မချခဲ့ဘူး။ ဪ... သူက ငါ့ရဲ့ အကူအညီကိုတောင် ငြင်းပယ်ပြီး သူ့ဘဝကို သူ ရုန်းကန်လှုပ်ရှားခဲ့တာ။ အဲဒီသဘောနဲ့ဆိုရင်တော့ သူက အသိအမှတ်ပြုခံရဖို့ ထိုက်တန်တယ်လို့ ငါ ဝန်ခံပါတယ်။ ငါ... ဟောင်ဂျန်ဟဲ ရဲ့ သားဖြစ်လို့ ဒါက သဘာဝကျတာပေါ့။ ဒါပေမဲ့... မင်းက ဘာဖြစ်လို့ ကိုယ့်စိတ်ကို မထိန်းနိုင်ဘဲ အဲဒီလိုမျိုး သွားလုပ်ခဲ့ရတာလဲ။ ပြီးတော့လည်း... မင်း အဲဒီလို လုပ်ခဲ့တယ်ဆိုရင်တောင်... နောက်ကွယ်က အစအနတွေကို သေသေချာချာ ရှင်းလင်းခဲ့ရမှာပေါ့။ မင်း လုပ်ခဲ့ရင် သူများ မသိအောင် လုပ်ရမှာပေါ့”

‘ဖောင်း’ ဆိုပြီး သားရေတွေ ပြဲထွက်သွားတဲ့ အသံကြီး ထွက်ပေါ်လာတယ်။ ဂွန်ဆော့ က နားကို ပိတ်ပြီး ဒူးထောက်ချလိုက်မိတယ်။ အဖေ့ရဲ့ ဂေါက်သီးရိုက်တံကြီးက သားရေဆိုဖာကို ရိုက်ခွဲပစ်နေတာကို သူ ဆက်ပြီး မကြည့်ရဲတော့ဘူး။

“ငါ မင်းကို မွေးမြူတာ မှားသွားခဲ့ပုံရတယ်။ မင်းကို ပညာပေးဖို့ လိုနေပြီ။ ငါ့ရဲ့ မျိုးစေ့ကနေ ထွက်လာတဲ့အရာက ‘ဒီလို ကောင်မျိုး’ ဖြစ်နေရတယ်လို့ တွေးမိတာနဲ့တင် ငါ လက်မခံနိုင်ဘူး”

အဖေက သူ့ဆီကို ဖြည်းဖြည်းချင်း လျှောက်လာတယ်။ အမည်းရောင် ခြေအိတ်တွေ သူ့ဆီကို တိုးလာတာကို မြင်တော့ ဂွန်ဆော့ နောက်ကို လန့်ဖျပ်ပြီး ဆုတ်မိသွားတယ်။ အဲဒါက သူ့ကို သတိရစေခဲ့တယ်။ မဟုတ်ဘူး... သူ့ရဲ့ အလယ်တန်းကျောင်းတုန်းက အဖြစ်အပျက်က အမှတ်တရတွေရဲ့ အောက်ခြေကနေ ပြန်ပေါ်လာတာပါ။ အဲဒီတုန်းက သူ့ရဲ့ ပေါင်တွေနဲ့ ခြေသလုံးတွေမှာ ညိုမည်းစွဲနေတဲ့ ဒဏ်ရာတွေနဲ့ ပြည့်နေခဲ့ပြီး ‘တောင်းပန်ပါတယ်’ ဆိုတဲ့ စကားကိုပဲ မရပ်မနား ပြောနေခဲ့ရတာ။

“ငါ ကျွေးထားတဲ့ ထမင်းဖိုးလောက်တော့ အသုံးခံစမ်းပါ သားရယ်။ ငါ့ကို အရှက်မခွဲစမ်းပါနဲ့။ မင်းလို ကောင်မျိုးကို ငါ စိတ်မဝင်စားရအောင် ပိုပြီးတော့ ကောင်းကောင်းမွန်မွန် နေစမ်း”

ဂွန်ဆော့ မျက်လုံးတွေကို မှိတ်ထားလိုက်မိတယ်။ သူ့ရဲ့ နှုတ်ခမ်းတွေကတော့ မသိစိတ်ကနေ ‘တောင်းပန်ပါတယ်’ ဆိုတဲ့ စကားကိုပဲ ထပ်ခါတလဲလဲ ရွတ်ဆိုနေမိတယ်။

နောက်တစ်ခါ ဘယ်တော့မှ မလုပ်တော့ပါဘူး။

နောက်တစ်ခါ ဒီလို မိုက်မဲတဲ့အလုပ်မျိုးကို ဘယ်တော့မှ မလုပ်တော့ပါဘူး။

ကျွန်တော် စာပဲ ကြိုးစားပြီး ဖတ်ပါတော့မယ်။

ကျွန်တော်... ကျွန်တော်...

သူ့ခေါင်းထဲမှာ ဘာမှ မရှိတော့ဘဲ ဗလာဖြစ်သွားသလို ခံစားလိုက်ရတယ်။ သူ့အတွက် ဘာမှ အရေးမကြီးတော့ပါဘူး။ နောက်တစ်ခါ ဘယ်တော့မှ ပြဿနာမရှာရတော့ဘူးဆိုတဲ့ ဧရာမ အတွေးကြီးတစ်ခုပဲ သူ့စိတ်ထဲမှာ ပြည့်နှက်သွားတော့တယ်။

“ဒါတွေအကုန်လုံးက ငါ မင်းကို ချစ်လို့ လုပ်တာပါ”

သူ့ဆီကို ဝူးခနဲ ဖြတ်သန်းလာတဲ့ လေတိုးသံအကျယ်ကြီးကို ကြားလိုက်ရတဲ့အခါ ဂွန်ဆော့ အံကို တင်းတင်းကြိတ်ထားလိုက်ပါတော့တယ်။

* * * * * * * * *

All Chapters