အခန်း ၂၄၆
Vol. 25 Ch. 246
အခန်း(၂၄၆)
အဲဒီစာတိုအရှည်ကြီး ရောက်လာတာက မနေ့ညကပေါ့။ ဂွန်ဆူဆီ ဖုန်းမဆက်ခင် စာတိုနှစ်စောင် လက်ခံရရှိပြီးတဲ့နောက်မှာ မာရူးက ဆိုယွန်းနဲ့ ဆူယွန်းဆီ အရင်ဆုံး ဖုန်းဆက်လိုက်တယ်၊ ပြီးတော့မှ တွန့်ဆုတ်မနေဘဲ ဂွန်ဆူဆီကို ဖုန်းခေါ်လိုက်တာ။
‘အခု ဘယ်နှစ်နာရီရှိပြီလဲ’
အပြင်ဘက် ကောင်းကင်ကြီးက မှောင်မည်းနေတုန်းပဲ။ နေမထွက်သေးဘူး။ သူက အချိန်ကြည့်ဖို့ ဖုန်းကို လှမ်းယူရင်း ဟိုဘက်ဒီဘက် လူးလိမ့်နေမိတယ်။ မနက် ၅ နာရီ မိနစ် ၄၀ ရှိပြီ။ တကယ့်ကို အနေရခက်တဲ့အချိန်ကြီးမှာ မျက်လုံးပွင့်လာတာပဲ။ အိပ်ရာထဲမှာ ခဏလောက် ထပ်လူးလိမ့်နေပြီးတော့မှပဲ သူ အိပ်ရာကနေ ထလိုက်တယ်။
မီးဖိုချောင်ထဲက လေထုက အေးစိမ့်နေတာပဲ။ သေသေချာချာ ကြည့်လိုက်တော့မှ ဝရန်တာတံခါးက ဟစိစိ ပွင့်နေတာကို တွေ့ရတယ်။ သူ သက်ပြင်းတစ်ချက်ချပြီး ဝရန်တာဘက်ကို လျှောက်သွားလိုက်တယ်။ ဒီလိုအချိန်ကြီးမှာတောင် လူတွေအများကြီး အလုပ်ရှုပ်ပြီး သွားလာလှုပ်ရှားနေကြတာကို မြင်နေရတယ်လေ။ ကားပါကင်ကနေ ထွက်ခွာသွားတဲ့ ကားတွေကို ငေးကြည့်ရင်းနဲ့ မာရူးတစ်ယောက် အခန်းထဲ ပြန်အဝင်မှာတော့ သူ့အနေနဲ့ ပြန်အိပ်ပျော်ဖို့ မလွယ်တော့ဘူးလို့ တွေးမိနေတော့တယ်။
နွေးနေတုန်းဖြစ်တဲ့ သူ့အိပ်ရာကို သပ်သပ်ရပ်ရပ် ပြင်လိုက်ပြီး ကုလားထိုင်ပေါ်မှာ ဝင်ထိုင်လိုက်တယ်။ ပြဇာတ်ဇာတ်ညွှန်းနဲ့ ရုပ်ရှင်ဇာတ်ညွှန်းကို ဘေးချင်းယှဉ်ပြီး ဖတ်နေတဲ့အချိန်မှာပဲ သူ့မျက်လုံးက ဖုန်းဆီကို ရောက်သွားခဲ့တယ်။ ရှုပ်ထွေးတဲ့ အကြည့်တွေနဲ့ ဖုန်းကို စိုက်ကြည့်နေပြီးမှ ဖုန်းကိုဖွင့်ပြီး စာတိုဝင်တဲ့ inbox ကို ဖွင့်လိုက်တယ်။ အဲဒီမှာ စာတိုအရှည်ကြီးတစ်ခုနဲ့ နောက်ကနေ ကပ်ပါလာတဲ့ စာတိုအတိုလေးတစ်ခု ရှိနေတာပေါ့။ ပထမတစ်ခုက ယွန်ရင်ရဲ့ မိဘတွေဆီကဖြစ်ပြီး ဒုတိယတစ်ခုကတော့ ယွန်ရင်ကိုယ်တိုင် ပေးပို့ထားတဲ့ တောင်းပန်စာတိုလေးပဲ။
ယွန်ရင်က စိတ်ပိုင်းဆိုင်ရာ ကုသမှုခံယူဖို့ ဂျယ်ဂျူကျွန်းကို သွားတယ်ဆိုတာကို ဆိုယွန်းဆီကနေ သူ ကြားထားပြီးသားပါ။ ဆိုယွန်းက ယွန်ရင်ရဲ့ အခြေအနေကို မေးဖို့ သူမရဲ့ မိဘတွေဆီ ခဏခဏ ဖုန်းဆက်လေ့ရှိပြီး ယွန်ရင် စိတ်အေးချမ်းသွားတဲ့နောက်မှာတော့ မိဘတွေကတစ်ဆင့် မဟုတ်ဘဲ ယွန်ရင်ဆီ တိုက်ရိုက်ဖုန်းဆက်တယ်လို့ ပြောပြခဲ့တယ်။ အတူတူ ပြန်ရယ်မောနိုင်တဲ့အထိ အခြေအနေ တော်တော်လေး ပြန်ကောင်းလာပြီလို့ ကြားသိရပြီးတာနဲ့ အဲဒီစာတိုက ချက်ချင်း ရောက်လာခဲ့တာပဲ။
ယွန်ရင်ရဲ့ မိဘတွေဆီကလာတဲ့ စာတိုကတော့ တောင်းပန်စကားတွေနဲ့ပဲ အစပျိုးပြီး အဆုံးသတ်ထားတယ်။ အဲဒီ မီးလောင်တဲ့ဖြစ်ရပ်ကို အကြီးအကျယ် ဖြစ်အောင် မလုပ်ခဲ့တဲ့အတွက် သူ့ကို ကျေးဇူးတင်ကြောင်းလည်း ထည့်သွင်းပြောထားတာပေါ့။ ဒါ့အပြင် အခုထိ ဆက်သွယ်မှုမလုပ်ဖြစ်ခဲ့တာကလည်း အားနာလို့ပါဆိုတဲ့အကြောင်းလည်း ပါသေးတယ်။
ဒီစာတိုထဲမှာ ယွန်ရင် ဘာကြောင့် အဲဒီလို ဖြစ်ရပ်မျိုးကို ကျူးလွန်ခဲ့ရလဲဆိုတာကိုလည်း အကျဉ်းချုပ် ရေးသားထားသေးတယ်။ မိမိတို့ရဲ့ ကလေးနဲ့ပတ်သက်ပြီး ထိခိုက်လွယ်တဲ့ ကိစ္စဖြစ်နေလို့ အသေးစိတ်ကို ချရေးမထားတဲ့ မိဘတွေရဲ့ ခံစားချက်ကိုလည်း သူ နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီထဲကနေ သူ သိလိုက်ရတာကတော့ ယွန်ရင်ရဲ့ လုပ်ရပ်တွေက ဂွန်ဆော့ကြောင့် ဖြစ်လာရတာဆိုတဲ့ အချက်ပါပဲ။
ယွန်ရင်ရဲ့ မိဘတွေက ‘အဲဒီကလေးအတွက်လည်း စိတ်မကောင်းပါဘူး’ လို့ ရေးထားခဲ့တယ်။ သို့သော်လည်း မာရူးက အဲဒီစာသားတွေကို ဖတ်လိုက်ရတဲ့အခါမှာတော့ တကယ်ပဲ စိတ်မကောင်းဖြစ်ရမယ့်အရာ ဟုတ်လို့လားလို့ ကိုယ့်ဘာကိုယ် တွေးမိနေတယ်။ ပြဇာတ်အဖွဲ့ထဲမှာ သူတို့နှစ်ယောက် တွဲနေကြတယ်ဆိုတာကို ဘယ်သူမှ မငြင်းကြပါဘူး။ စိတ်ဒုက္ခရောက်နေတဲ့ ဂွန်ဆော့ကို စောင့်ရှောက်ပေးခဲ့တာက ယွန်ရင်ဖြစ်ပြီး အဲဒီလိုနဲ့ပဲ သူတို့နှစ်ယောက် တွဲဖြစ်သွားခဲ့ကြတာ။ ဒါပေမဲ့ ယွန်ရင်ရဲ့ မိဘတွေဆီကလာတဲ့ စာတိုအရဆိုရင် ယွန်ရင်က ဂွန်ဆော့အပေါ် အရမ်း စွဲလန်းရူးသွပ်နေခဲ့ပုံပဲ။ မာရူး တွေးကြည့်မိသလောက်ဆိုရင်တော့ ဂွန်ဆော့ကသာ ယွန်ရင်အပေါ် ပိုင်စိုးပိုင်နင်းနိုင်ချင်စိတ် ရှိသင့်တာမို့ သူ မသိလိုက်ဘဲ သူတို့နှစ်ဦးကြားမှာ တစ်ခုခု ဖြစ်ပျက်ခဲ့ပုံရတယ်။
အဲဒီအချိန်မှာပဲ ဆိုယွန်းကလည်း သူ့ဆီ စာတိုပို့လာခဲ့တယ်။ ရိုးရိုးစကားလုံးတွေနဲ့ပဲ ရေးထားတာဖြစ်ပေမဲ့ အဲဒီစာတိုထဲမှာ ကြမ်းတမ်းတဲ့ စိတ်ခံစားမှုတွေ ပါဝင်နေတာပေါ့။ မာရူးလည်း ဘာတွေဖြစ်နေတာလဲလို့ တွေးတောရင်း ဆိုယွန်းဆီ ဖုန်းဆက်လိုက်တယ်။ ဆိုယွန်းကလည်း ယွန်ရင်ရဲ့ မိဘတွေဆီကတစ်ဆင့် ဘာတွေဖြစ်ပျက်နေလဲဆိုတာကို ကြားသိခဲ့ရကြောင်း ပြောပြပြီး ဂွန်ဆော့က အတန်းထဲမှာ ဘယ်လိုမျိုး အရှက်မရှိတဲ့ လုပ်ရပ်တွေကို လုပ်နေလဲဆိုတာကို ဆက်ပြောပြလာတယ်။ ဂွန်ဆော့နဲ့ ယွန်ရင်က ပြဇာတ်အဖွဲ့ထဲမှာ ဘယ်သူ့ထက်မဆို ပိုပြီး နီးစပ်ခဲ့ကြသူတွေပါ။ ဒါပေမဲ့ မကြာသေးခင်ကပဲ ဂွန်ဆော့က သူဟာ ယွန်ရင်နဲ့ လုံးဝ မတွဲခဲ့ပါဘူး၊ ယွန်ရင်ကို စာနာလို့ ကူညီပေးဖို့ ကြိုးစားခဲ့တာပါလို့ အတန်းဖော်တွေကို လိုက်ပြောနေခဲ့တယ်။ ဆိုယွန်းက အဲဒီအကြောင်းကို သူမရဲ့ အတန်းဖော်တစ်ယောက်ဆီကနေ ကြားခဲ့ရတာဖြစ်ပြီး အဲဒီစကားတွေကို ကြားရတဲ့အချိန်မှာ တစ်ကိုယ်လုံးမှာ ပိုးကောင်တွေ တရွရွ တက်နေသလိုမျိုး ခံစားခဲ့ရတယ်လို့ ပြောပြရှာတယ်။
“ဂွန်ဆော့က ယွန်ရင်ကို အစကတည်းက စိတ်မနှံတဲ့သူတစ်ယောက်လိုမျိုး ပြောသွားတာလေ။ သူ ဘယ်လိုလုပ် အဲဒီလို လုပ်နိုင်ရတာလဲ။ ငါ သူ့ကို တကယ် နားမလည်နိုင်တော့ဘူး။ မဟုတ်ဘူး၊ နားလည်း မလည်ချင်တော့ဘူး။ ယွန်ရင်က ဂွန်ဆော့ကို ဘယ်လောက်တောင် သဘောကျခဲ့လဲ၊ ဘယ်လောက်တောင် ဂရုစိုက်ပေးခဲ့လဲဆိုတာ နင် သိရဲ့လား။ ယွန်ရင်က သူမကိုယ်တိုင် ခက်ခဲတဲ့အခြေအနေ ရောက်နေတာတောင် ဂွန်ဆော့ကို ပံ့ပိုးပေးခဲ့တာ။ အဲဒီလိုကြားထဲကတောင် သူ ဘယ်လောက်တောင် သဘောကျခဲ့လဲဆိုတာ နင် သိရဲ့လား…”
မာရူးအတွက်တော့ ယွန်ရင်ရော ဂွန်ဆော့ပါ သူ့အပေါ်မှာ ကောင်းတဲ့ အစွဲအလမ်း တစ်ခုမှ မချန်ထားခဲ့ကြပါဘူး။ မဟုတ်ဘူး၊ အတိအကျ ပြောရရင်တော့ လူစိမ်းတွေထက်တောင် ပိုဆိုးပါတယ်။ သူတို့နှစ်ယောက် ဘယ်လို ကံဆိုးမှုမျိုးနဲ့ပဲ ကြုံကြုံ သူ ဂရုမစိုက်ပါဘူး။ သို့သော်လည်း ဘယ်သူက သူ့ကို ပိုပြီး ဒေါသထွက်စေလဲလို့ မေးလာရင်တော့ ဟောင်ဂွန်ဆော့လို့ပဲ ယုံကြည်ချက်ရှိရှိ ပြောနိုင်ပါတယ်။ ယွန်ရင်အပေါ်မှာတော့ သနားစိတ် အနည်းငယ် ရှိပေမဲ့ ဂွန်ဆော့အပေါ်မှာတော့ ဘာခံစားချက်မှ မရှိပါဘူး။
အဆိုးပေါ်မှာ နောက်ထပ် အဆိုးတစ်ခု ထပ်ဆင့်နေသလိုပဲ။ သူ့အကြောင်းကို ပိုပြီး တူးဆွလေလေ၊ ပိုပြီး မည်းမှောင်လာလေလေပဲ။ ဒါကတော့ သူ ဒီလိုအခြေအနေ ရောက်သွားတဲ့အထိ ပစ်ထားတဲ့ သူ့ရဲ့ မိဘတွေကြောင့်လို့ အဓိက ပြောရမှာဖြစ်ပေမဲ့ ဂွန်ဆူကို ကြည့်လိုက်တဲ့အခါမှာတော့ မိဘတွေကိုပဲ အပြစ်ပုံချလို့ မရပြန်ဘူး။ သူတို့နှစ်ယောက်လုံးက တူညီတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ကြတာတိုင်အောင် စရိုက်အပိုင်းမှာတော့ လုံးဝဥဿုံ ကွဲပြားခြားနားနေကြတယ်လေ။
အကယ်၍ လူတစ်ယောက်က ရွှံ့နွံထဲမှာ လူးလိမ့်ရတာကို မုန်းတယ်ဆိုရင်တော့ အဲဒီမြောင်းထဲကနေ ရုန်းထွက်တာကသာ မှန်ကန်ပြီး သင့်တော်တဲ့အရာ ဖြစ်ပါတယ်။ မြောင်းထဲကနေ ရုန်းထွက်ဖို့ မဖြစ်နိုင်ဘူးလို့ပဲ ထားပါဦးတော့။ အဲဒီလောက်ပဲဆိုရင် မာရူးအနေနဲ့ အဲဒီလူကို သနားပေးလို့ ရပါသေးတယ်။
သို့ပေမဲ့ အဲဒီလူက ရွှံ့ထဲမှာ လူးလိမ့်နေရတာကို ကျေနပ်နေပြီး တခြားသူတွေကိုပါ အဲဒီမြောင်းထဲ ဆွဲသွင်းချင်နေတယ်ဆိုရင်တော့ သူ ဘယ်လောက်ပဲ သနားချင်ပါစေဦးတော့ သနားလို့ မရနိုင်တော့ဘူး။
မာရူးက ဆိုယွန်းဆီ ဖုန်းဆက်တဲ့အချိန်မှာ အချက်တစ်ခုကို သတိရသွားခဲ့တယ်။ ဂွန်ဆော့နဲ့ ယွန်ရင်တို့ရဲ့ ဆက်ဆံရေး ပျက်ပြားသွားတဲ့ ကာလက ယွန်ရင်နဲ့ ဆိုယွန်းတို့ရဲ့ သူငယ်ချင်းသံယောဇဉ် ပြတ်တောက်သွားတဲ့ အချိန်နဲ့ သွားပြီး ထပ်တူကျနေတာပဲ။ မာရူးက အဲဒီအချိန်တုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကောင်းကောင်းကြီး သိနေပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်က သူ ဂျွန်မင်းနဲ့ ဆုံတွေ့ခဲ့ပြီး ဂန်ဟွမ်နဲ့ မိတ်ဆက်ပေးခြင်း ခံခဲ့ရတဲ့ အချိန်ဖြစ်လို့ပါပဲ။ တစ်နည်းအားဖြင့် ပြောရရင် ဂွန်ဆော့က ဆူယွန်းနဲ့ ဆုံတွေ့ခဲ့တဲ့ ကာလလည်း ဖြစ်နေတယ်။
ဂွန်ဆော့နဲ့ ဆူယွန်းကြားထဲမှာ တစ်ခုခု ရှိနေလိမ့်မယ်လို့ သူ ခန့်မှန်းထားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆူယွန်းက အစ်ကိုဖြစ်သူ ဂွန်ဆူကို ရည်ရွယ်နေတဲ့အချိန်မှာ ဂွန်ဆော့ကို ဒီအတိုင်း ပစ်ထားစရာ အကြောင်းမရှိဘူးလေ။ မာရူးက ဆူယွန်းဆီ ဖုန်းဆက်ပြီး သူမနဲ့ ဂွန်ဆော့ကြားမှာ ဘာတွေဖြစ်ခဲ့လဲလို့ မေးလိုက်တယ်။ ဆူယွန်းက အဲဒီမေးခွန်းကို ကြားတဲ့အခါမှာ တဟားဟားနဲ့ အော်ရယ်ပြီးတော့ သူမ သူ့ကို နောက်ပြောင်ကျီစယ်ခဲ့တာပါလို့ ပြန်ဖြေခဲ့တယ်။ သူ ကွက်တိ မှန်းဆမိသွားတာပေါ့။
ဆူယွန်းက “ငါ နင့်မေးခွန်းကို ဖြေပြီးပြီဆိုတော့ နင်လည်း ငါ့အကူအညီတစ်ခု ပြန်လုပ်ပေးရမယ်လေ” လို့ ပြောဖို့ ပြင်နေတဲ့အချိန်မှာပဲ သူ ဖုန်းချလိုက်ပါတယ်။ ဆူယွန်းရဲ့ စကားတွေကြောင့် အရာအားလုံးက ရှင်းလင်းသွားခဲ့ပြီ။ ဒါက သူ့ဘက်က ကောက်ချက်ချမှု သက်သက်ပဲဖြစ်ပေမဲ့ ဇာတ်ကြောင်းကတော့ ပြည့်စုံသွားခဲ့ပါပြီ။ ဂွန်ဆော့နဲ့ ယွန်ရင်တို့ရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကြားထဲကို ဆူယွန်း ဝင်ရောက်လာခဲ့ပြီး အဲဒါကြောင့်ပဲ ဂွန်ဆော့က ယွန်ရင်နဲ့ အလှမ်းဝေးသွားခဲ့ပုံရတယ်။ ယွန်ရင်က ဂွန်ဆော့ရဲ့ တည်ရှိမှုအပေါ်မှာ အလွန်အမင်း မှီခိုနေခဲ့တာမို့ ဂွန်ဆော့က သူမနဲ့ ဝေးကွာသွားတာကို လက်မခံနိုင်ဖြစ်ခဲ့တာ ဖြစ်လိမ့်မယ်။ တခြားလူတွေ ဘာတွေးနေလဲဆိုတာကို ခန့်မှန်းဖို့ ကြိုးစားတာက ဘယ်လောက် မိုက်မဲလဲဆိုတာ သူ သိနေပေမဲ့ ဒီနေရာမှာတော့ ဆွေးနွေးငြင်းခုံနေဖို့ နေရာ မရှိတော့သလို ခံစားလိုက်ရတယ်။
ဒီလိုနဲ့ သူက ကောက်ချက်တစ်ခုကို ရောက်ရှိသွားခဲ့တယ်။ ဂွန်ဆော့က သူ့ရဲ့ သနားမှုကို ခံယူဖို့ မလိုပါဘူး။ အစကတော့ သူ ဂျွန်မင်းဆီ ဖုန်းဆက်ပြီး ကွန်တိန်နာကိစ္စလောက်ကိုပဲ ဖြေရှင်းပေးဖို့ လုပ်ခဲ့တာပါ။ သို့သော်လည်း သူ စိတ်ပြောင်းသွားပြီး ဂွန်ဆော့ရဲ့ ဖခင်ဆီ ဖုန်းဆက်လိုက်တယ်။ ဂွန်ဆော့ရဲ့ ဖခင်ကတော့ အခြေအနေ အထွေထွေကို ဂျွန်မင်းဆီကနေ ကြားသိထားပြီးပုံရပြီး မာရူးအနေနဲ့ သူ့ရဲ့ အသံထဲမှာ မျိုသိပ်ချုပ်တည်းထားတဲ့ ဒေါသတွေကို ခံစားနေရတယ်။ ဖုန်းတစ်ခါပဲ ဆက်လိုက်ရတာ ဖြစ်ပေမဲ့ ဂွန်ဆော့က သူ့အဖေနဲ့ တော်တော်လေး တူတာပဲလို့ မာရူး သဘောပေါက်လိုက်တယ်။ ဂွန်ဆော့ရဲ့ ဖခင်က သူ့သားကို ဆုံးမသွန်သင်တဲ့ ပုံစံထက် ဂွန်ဆော့ရဲ့ မွေးရာပါ ပင်ကိုယ်စရိုက်ကြောင့်ပါဆိုပြီး အပြစ်ကို လွှဲချဖို့ ရှောင်လွှဲတဲ့ စကားလုံးတွေကို သုံးနှုန်းသွားခဲ့တာကိုး။
ဖုန်းချပြီးတဲ့နောက်မှာ ပထမဆုံး သူ တွေးမိတာက ရှေးလူကြီးတွေပြောတဲ့ စကားက လုံးဝ မမှားဘူးဆိုတာပါပဲ။ စိုက်တာကို ရိတ်ရတာပဲလေ။ ခြင်္သေ့ကနေ ခွေး မွေးမလာနိုင်ပါဘူး။ နက်ရှိုင်းပြီး တည်ငြိမ်နေတဲ့ အသံကြီးရဲ့ နောက်ကွယ်မှာ ရှိနေမယ့် ကြမ်းတမ်းတဲ့ ပင်ကိုယ်စရိုက်ကို သူ တကယ်ကို ပုံဖော်ကြည့်လို့ ရနေတယ်။ သူ့အဖေရဲ့ နာမည်ကို တစ်ယောက်ယောက်က မြွက်ဟလိုက်တိုင်း ဖြစ်ပေါ်လာတဲ့ ဂွန်ဆော့ရဲ့ တုံ့ပြန်မှုတွေကို ကြည့်ရင်ပဲ သူက ဘယ်လိုလူစားမျိုးလဲဆိုတာ ထင်ရှားနေတာပဲ။
ပြီးတော့ သူက အဲဒီလို လူစားမျိုးဆီကို ဂွန်ဆော့ကြောင့် တိုက်ရိုက် ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ်လို့ ပြောလိုက်တာမို့ ဂွန်ဆော့ ဘာဖြစ်သွားမလဲဆိုတာကိုလည်း သူ ပုံဖော်ကြည့်လို့ ရနေပါတယ်။ အကယ်၍ သူသာ အသက်ငယ်သေးရင်တော့ သူ လုပ်ခဲ့မိတဲ့အရာအပေါ် စိတ်မကောင်းဖြစ်ပြီး အပြစ်ရှိသလို ခံစားရနိုင်ပါတယ်။
ငါ့ကြောင့် သူ နစ်နာသွားရတာ…
ငါ့ကြောင့် ကိစ္စတွေက လက်လွန်သွားတာ…
ငါ့ကြောင့်…
သို့သော်လည်း အခုအချိန်မှာတော့ သူဟာ ဒီကမ္ဘာပေါ်က သာမန်လူသားတစ်ယောက်ထက် မပိုဘူးဆိုတဲ့ အချက်ကို အသည်းအသန် သဘောပေါက်ထားတာကြောင့် သူ့အတွက် စိတ်မကောင်းဖြစ်မိရင် ဖြစ်မိမယ်၊ ဒါပေမဲ့ အပြစ်ရှိတယ်လို့တော့ မခံစားရပါဘူး။
ရိုးရှင်းပါတယ်။ ဒီကမ္ဘာပေါ်မှာ လူတိုင်းကို စိတ်ကျေနပ်မှု ပေးနိုင်တဲ့ နည်းလမ်းဆိုတာမျိုး မရှိလို့ပါပဲ။
ဒဏ္ဍာရီပုံပြင်တွေရဲ့ နောက်ဆုံးစာကြောင်းက အမြဲတမ်း ‘ဒီလိုနဲ့ သူတို့တွေ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြပါတော့တယ်’ ဆိုတာနဲ့ပဲ အဆုံးသတ်လေ့ရှိတယ်။ ဒါပေမဲ့ အဲဒီနောက်ကွယ်မှာတော့ မီးတောက်နေတဲ့ ဖိနပ်ကို စီးပြီး ကခုန်ရင်း သေဆုံးသွားခဲ့ရတဲ့ မိဖုရားကြီး ရှိခဲ့တယ်။ မိမိရဲ့ ခံစားချက်ကို ဖွင့်မပြောနိုင်ခဲ့ဘဲ ရေပွက်အဖြစ် ပြောင်းလဲသွားခဲ့ရတဲ့ မင်းသမီးလေးလည်း ရှိခဲ့တာပဲ။
လူကောင်းတွေအတွက် ကောင်းကင်ဘုံကနေ ချပေးတဲ့ ကြိုးကို ဆွဲကိုင်ပြီး လွတ်မြောက်သွားခဲ့ကြတဲ့ မောင်နှမနှစ်ယောက် ရှိသလိုမျိုးပဲ၊ ပြုတ်ကျပြီး သေဆုံးသွားခဲ့ရတဲ့ ကျားကြီးလည်း ရှိခဲ့တာပဲ။ လူတိုင်းအတွက် ပျော်ရွှင်စရာ အဆုံးသတ်ဆိုတာက စိတ်ကူးယဉ်ဆန်လွန်းတဲ့ အရာတစ်ခုသက်သက်ပါ။ အခြေအနေက ဒီလိုဆိုမှတော့ အရေးကြီးတာက ဆုံးဖြတ်ချက်ချဖို့ပါပဲ။ ဘယ်သူက ပိုပြီး အရေးကြီးသလဲ။
ဖုန်းကို ချလိုက်ပြီး မာရူးက လက်နှစ်ဖက်ကို အပျင်းကြော ဆန့်လိုက်တယ်။ အချိန် တော်တော်လေး ကုန်သွားခဲ့ပြီ။ ရေချိုးရမယ့် အချိန်ရောက်ပြီပေါ့။ သူ ဇာတ်ညွှန်းတွေကို ပိတ်ပြီး သူ့လွယ်အိတ်ထဲ ထည့်လိုက်ပြီးတဲ့နောက်မှာတော့ နေရာကနေ ထလိုက်ပါတော့တယ်။
* * * * * * * * *
တည်ရှိမနေတဲ့ လူတစ်ယောက်ကို စောင့်ကြည့်နေရသလိုမျိုး ခံစားရတာပဲ။ စကားလုံးနဲ့ ထုတ်ပြောရရင်တော့ ထူးဆန်းနေလိမ့်မယ်၊ ဒါပေမဲ့ အဲဒီလိုပဲ ပြောလို့ ရမယ်။ သူက ဒီနေရာမှာ ရှိနေတာတိုင်အောင် တည်ရှိမနေသလိုမျိုး ခံစားရတာကိုး။ ဒေးမြောင်က မြေပြင်ကို စိုက်ကြည့်ရင်း အားအင်ကုန်ခမ်းစွာနဲ့ အတန်းဘက်ကို လျှောက်လှမ်းလာတဲ့ ဂွန်ဆော့ကို စောင့်ကြည့်နေပြီးမှ မိမိရဲ့ အတန်းဆီကို အမြန် သွားလိုက်တယ်။
“ဂွန်ဆော့ တစ်မျိုးဖြစ်နေတယ်”
“တကယ်လား”
မာရူးက တစ်ခုခုကို သိနေတဲ့ပုံစံမျိုး လုပ်နေပေမဲ့ အသေးစိတ်ကိုတော့ ရှင်းမပြပါဘူး။ သူ သိထားတာကတော့ မာရူးရဲ့ တိုင်တန်းမှုက ဂွန်ဆော့အပေါ် တစ်နည်းနည်းနဲ့ သက်ရောက်မှု ရှိသွားခဲ့တယ်ဆိုတာပါပဲ။ ဒေးမြောင်က မနက်ခင်း ကျောင်းခေါ်ချိန် မစခင်မှာ ဒီဇိုင်းဌာနအတန်းဘက်ကို ခိုးထွက်လာခဲ့တယ်။ သူက အခုတင်ပဲ ကျောင်းရောက်လာတဲ့ ဆိုယွန်းနဲ့ ဆုံတွေ့ခဲ့ပြီး နှုတ်ဆက်လိုက်တာပေါ့။ ဆိုယွန်းက လွယ်အိတ်ကို စားပွဲမှာ ချိတ်လိုက်ပြီးတော့ ဂွန်ဆော့ကို စိုက်ကြည့်နေခဲ့တယ်။ သူမရဲ့ အကြည့်တွေက သိပ်ကို ကြောက်စရာကောင်းလွန်းလို့ ဒေးမြောင်တောင် တံတွေးမြိုချမိတဲ့အထိပါပဲ။ ရန်ပွဲ ဖြစ်တော့မယ်လို့ ခံစားမိတာကြောင့် ဒေးမြောင်က သူမရဲ့ ရှေ့မှာ ဝင်ပိတ်ရပ်လိုက်တယ်။ သို့ပေမဲ့လည်း အဲဒါက ဂွန်ဆော့ကို စိုက်ကြည့်နေတဲ့ သူမရဲ့ အကြည့်တွေကို တားဆီးမရခဲ့ပါဘူး။
“ဟို… တစ်ခုခု ဖြစ်လို့လား”
“အင်း”
“ဘာဖြစ်တာလဲလို့ ငါ မေးလို့ရမလား”
အဲဒီမေးခွန်းကို ကြားရတဲ့အခါမှာ ဆိုယွန်းက ခဏလောက် တွန့်ဆုတ်နေပြီးမှ ခေါင်းခါပြခဲ့တယ်။
“စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ဒါက ထိခိုက်လွယ်တဲ့ ကိစ္စမို့လို့ နင့်ကို ပြောပြလို့ မရဘူး။ အော်… ငါ နင့်ကို မယုံလို့ ပြောတာ မဟုတ်ပါဘူးနော်။ နင်က လူကောင်းတစ်ယောက်ဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့… ငါ ဘာကို ပြောလဲဆိုတာ နင် နားလည်ပါတယ်မလား”
“အ….အင်းပါ”
သူမက တေဂျွန်းရဲ့ ရှေ့မှာတင် ရှက်သွေးဖြန်းနေတတ်တာဖြစ်ပြီး ပုံမှန်ဆိုရင်တော့ ပိုပြီး တည်ငြိမ်ရင့်ကျက်တဲ့သူပါ။ အကယ်၍ သူမက အဲဒါ အရေးကြီးတဲ့ ကိစ္စတစ်ခုပါလို့ ပြောလာရင်တော့ တကယ်ပဲ ဖြစ်ရမယ်။ ပြီးတော့ ဒေးမြောင်အနေနဲ့ မာရူးကလည်း ဘာတွေဖြစ်နေလဲဆိုတာကို သိနေလိမ့်မယ်လို့ ခံစားနေရတယ်။ ဂွန်ဆော့ရဲ့ အသက်မပါတဲ့ ပုံစံနဲ့ ဆိုယွန်းရဲ့ ဒေါသတကြီး ဖြစ်နေမှု။ သူ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို သဘောမပေါက်နိုင် ဖြစ်နေရတာပေါ့။
အဲဒီအချိန်မှာပဲ တစ်ယောက်ယောက်က သူ့ရဲ့ လည်ပင်းကို လက်နဲ့ လှမ်းဖက်လိုက်တယ်။ ဒေးမြောင်က သူ့ဘေးမှာ ရပ်နေတဲ့ မာရူးကို ကြည့်ပြီး မျက်လုံး အဝိုင်းသား ဖြစ်သွားခဲ့ရတယ်။
“ဆိုယွန်း။ ဒါက မလိုလားအပ်တဲ့ အကြံပေးချက် ဖြစ်လိမ့်မယ်ဆိုတာ ငါ သေချာပေါက် သိပါတယ်၊ ဒါပေမဲ့ ငါ ဒါလေးတော့ ပြောပါရစေ။ ဖြစ်နိုင်ရင် အဲဒီကိစ္စကို ထုတ်မပြောပါနဲ့။ အဲဒီလို လုပ်လို့ ဘာမှ ကောင်းလာမှာ မဟုတ်ဘူး။ နင့်အတွက်ရော၊ သူမအတွက်ပါ”
“ငါ သိပါတယ်။ ငါ မပြောပါဘူး။ ဒါပေမဲ့ အဲဒီကောင်ကို ဒီအတိုင်း ပစ်ထားရမှာကို ငါ မခံစားနိုင်ဘူး”
“အော် အဲဒါလား။ အဲဒါကိုတော့ နင် နောက်ထပ် စိတ်ပူနေဖို့ မလိုတော့ပါဘူး”
မာရူးက သူ့လက်ကို ဖယ်လိုက်ပြီး ဂွန်ဆော့ဆီကို လျှောက်သွားခဲ့တယ်။ ပြီးခဲ့တဲ့ အခေါက်တုန်းက ဒီနေရာမှာ ဖြစ်ခဲ့တဲ့ကိစ္စက ကောင်းကောင်းမွန်မွန်နဲ့ ပြီးဆုံးမသွားခဲ့တာမို့ ဒေးမြောင်ကတော့ ရန်ပွဲဖြစ်တော့မယ်လို့ တွေးမိနေတာပေါ့။ သူ စိုးရိမ်နေတဲ့ အချိန်မှာပဲ မယုံနိုင်စရာ ကိစ္စတစ်ခုက သူ့မျက်စိရှေ့မှာတင် ဖြစ်ပျက်သွားခဲ့တယ်။ ဂွန်ဆော့က မာရူးကို လုံးဝ တုံ့ပြန်မှု မလုပ်ဘဲ သူ့ရဲ့ စားပွဲကိုသာ စိုက်ကြည့်နေခဲ့တာ။ သို့သော်လည်း သူ့ကို အံ့ဩအသွားစေဆုံး အရာကတော့ အဲဒီနောက်မှာ ချက်ချင်း ဖြစ်လာခဲ့တာပဲ။
မာရူးက နောက်ထပ် ခြေလှမ်းတစ်လှမ်း ထပ်လှမ်းလိုက်တဲ့ အချိန်မှာတော့ ဂွန်ဆော့က အသက်လုမတတ် လန့်ဖျပ်သွားပြီး နောက်ကို ဆုတ်သွားခဲ့တယ်။ အဲဒီလိုကြောင့်ပဲ ဂွန်ဆော့က ကုလားထိုင်ပေါ်ကနေ ပြုတ်ကျပြီး ကြမ်းပြင်ပေါ်မှာ လူးလိမ့်သွားတော့တာပေါ့။ အတန်းထဲက တခြားကျောင်းသားတွေက သူ့ကို လှမ်းကြည့်လိုက်ကြတဲ့ အခါမှာတော့ သူက သူ့နေရာမှာ အလျင်အမြန် ပြန်ထိုင်လိုက်တယ်။ မနေ့ကတုန်းက ရှိနေခဲ့တဲ့ ရဲရင့်မှုတွေနဲ့ တည်ငြိမ်မှုတွေက လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ။ သားရဲတိရစ္ဆာန်ရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံနေရတဲ့ အပင်စား သတ္တဝါတစ်ကောင်လိုမျိုး စိုးရိမ်ပူပန်မှုတွေကသာ သူ့ရဲ့ ပတ်ဝန်းကျင် လေထုထဲမှာ ပြည့်နှက်နေခဲ့တယ်။
မာရူးက သူတို့နှစ်ယောက်ဆီကို ပြန်လျှောက်လာခဲ့ပေမဲ့ သူ့ရဲ့ မျက်နှာအမူအရာက သိပ်ကို ကြောက်ဖို့ကောင်းနေခဲ့တယ်။ သို့သော်လည်း သူက ဂွန်ဆော့ကြောင့် ဒေါသထွက်နေတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။
“ဒါဆို သူက စည်းကျော်သွားတဲ့ အမှိုက်အစစ်ပဲပေါ့” လို့ အဲဒီစကားကို ပြောပြီး မာရူးက ဂွန်ဆော့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးတော့ အတန်းထဲကနေ ထွက်သွားခဲ့တယ်။ ဒေးမြောင်လည်း နောက်ကနေ လိုက်သွားခဲ့တာပေါ့။
“ဘာဖြစ်တာလဲ”
“လောလောဆယ်တော့ ဖြေရှင်းပြီးသွားပြီ။ ဒါပေမဲ့ စိတ်ထဲမှာတော့ မကောင်းလှဘူး”
“ဂွန်ဆော့ တစ်ခုခု ဖြစ်သွားလို့လား”
“ငါ့စိတ်ထဲမှာ အကြံတစ်ခု ရှိတယ်။ ဒါပေမဲ့ အဲဒါက ငါ ဘာမှ လုပ်ပေးလို့ ရမယ့်အရာ မဟုတ်ဘူး ထင်တယ်။ အဲဒီအကြောင်းကို စီနီယာ ဂွန်ဆူဆီကို ပြောပြရမယ် ထင်တယ်။ သူ့အနေနဲ့ အစ်ကိုတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ရမယ့် အချိန်ရောက်ပြီလို့ သွားပြောရမယ်”
“အစ်ကိုတစ်ယောက်ရဲ့ တာဝန်”
ဒေးမြောင်က ခေါင်းကို စောင်းလိုက်မိတယ်။ မာရူးရဲ့ မျက်နှာအမူအရာက ခါးသက်နေပြီး ဂွန်ဆော့ကတော့ အသက်လုမတတ် လန့်နေခဲ့တယ်၊ ဆိုယွန်းကလည်း ဒေါသတကြီး ဖြစ်နေခဲ့တာလေ။ အရာအားလုံး ဖြေရှင်းပြီးသွားဖို့အတွက်ဆိုရင်တော့ ရလဒ်တွေက တော်တော်လေးကို ထူးဆန်းနေခဲ့တာပဲ။
“ဒါက တကယ်ပဲ ဖြေရှင်းပြီးသွားတာ ဟုတ်လို့လား” လို့ သူက သူ့နေရာမှာ ဝင်ထိုင်လိုက်တဲ့ မာရူးကို မေးလိုက်တယ်။ မာရူးက မေးစေ့ကို အသာလေး မြှင့်လိုက်ပြီးမှ၊
“ဘယ်သူမှ မရယ်နိုင်ကြတဲ့ ပျော်ရွှင်စရာ အဆုံးသတ်ပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့ ကောက်ချက်တစ်ခုကိုတော့ ရောက်သွားခဲ့ပြီလေ”
* * * * * * * * *
ဂျီဆော့က သူ့ရဲ့ ကုမ္ပဏီနဲ့ ဖုန်းပြောတာကို အဆုံးသတ်လိုက်တယ်။ ကုမ္ပဏီက သူ့ကို ဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခံရတယ်ဆိုတဲ့ သတင်းကို ပြောပြလာခဲ့တာပါ။ သူက အဓိကဇာတ်ကောင်ကို ဆန့်ကျင်တဲ့ မိသားစုရဲ့ သားအဖြစ် သရုပ်ဆောင်ရမှာဖြစ်ပြီး ပါဝင်ရမယ့် အခန်းကတော့ သိပ်မများပါဘူး။ အဲဒီလိုကြားထဲကတောင် ဇာတ်လမ်းတွဲက အကောင်းဆုံး အချိန်အပိုင်းအခြားမှာ ပြသမယ့်အရာ ဖြစ်နေတာပဲ။ သူ ပါဝင်ခွင့်ရခဲ့တဲ့အတွက်တင် ကျေးဇူးတင်မိနေပါတယ်။
သူက ပထမဆုံးအနေနဲ့ မိသားစုကို အဲဒီသတင်း ပြောပြလိုက်ပြီးတော့မှ တခြားဒေသတွေမှာ နေထိုင်ကြတဲ့ သူငယ်ချင်းတွေဆီကို ပြောပြလိုက်တယ်။ ဂျီဆော့က ဂွန်ဆော့ဆီကိုလည်း ဖုန်းဆက်လိုက်သေးတာပေါ့။ အဲဒီကောင်က သူ့ကို သူ ပြဇာတ်အဖွဲ့ကို လက်လွှတ်လိုက်ရပေမဲ့ သရုပ်ဆောင်တာကိုတော့ လက်မလွှတ်ပါဘူးလို့ ပြောပြခဲ့ဖူးတယ်လေ။ သူတို့တွေ အရင်ကလိုမျိုး အတူတူ စကားပြောနိုင်ကြပြီး အဓိပ္ပာယ်ရှိရှိ အပြန်အလှန် ကူညီပေးနိုင်ကြတော့မယ်ဆိုတာကို တွေးမိတဲ့အခါမှာတော့ သူ မသိမသာ ပြုံးမိသွားခဲ့တယ်။
ဖုန်းခေါ်ဆိုတဲ့ အချက်ပြသံက ပြီးဆုံးသွားခဲ့ပြီး ဖုန်းထဲကနေ အသံတစ်သံ ထွက်လာခဲ့တယ်။ ဂွန်ဆော့ရဲ့ “ဟယ်လို” ဆိုတဲ့ အသံကို ကြားလိုက်ရတဲ့ အခိုက်အတန့်မှာပဲ သူ မသိမသာ မျက်မှောင်ကုပ်မိသွားခဲ့တာပဲ။ အဲဒါက မနေ့ကတုန်းက သူ ကြားခဲ့ရတဲ့ ယုံကြည်ချက်တွေ အပြည့်ရှိနေတဲ့ အသံမျိုး မဟုတ်ဘူးလေ။
“ဟယ်လို မင်း တကယ်ပဲ ဟောင်ဂွန်ဆော့ ဟုတ်ရဲ့လား”
“....”
ပြီးတော့ ဖုန်းက ကျသွားခဲ့တယ်။ ဂျီဆော့ စိတ်ထဲမှာ မအေးမချမ်းဖြစ်သွားပြီး ဖုန်းကို ထပ်ခေါ်လိုက်ပြန်တယ်။ ဂွန်ဆော့က အချိန်အကြာကြီးအထိ ဖုန်းကို မကိုင်ခဲ့ပါဘူး။ ဂျီဆော့က သူ့ဆီ စာတိုတစ်စောင် ပို့လိုက်တယ်။ သူ တစ်ခုခု ဖြစ်ပျက်နေခဲ့တာကတော့ သေချာနေခဲ့ပြီ။
* * * * * * * * *