အခန်း ၂၄၇
Vol. 25 Ch. 247
အခန်း(၂၄၇)
ဆူဝမ် ဘူတာရုံရဲ့ အပြင်ဘက်နားတင်ရှိတဲ့ စတိုးဆိုင်ကြီးတစ်ဆိုင်ထဲမှာ ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေတဲ့ ဂျီဆော့ဟာ ရုတ်တရက် နေရာကနေ ထရပ်လိုက်တယ်။ သူ သောက်လို့မကုန်သေးတဲ့ ကော်ဖီခွက်ကို ချထားခဲ့ပြီး အပြင်ကို ဝုန်းဒိုင်းကြဲ ပြေးထွက်သွားခဲ့တာပေါ့။
“ဟောင်ဂွန်ဆော့”
ဂွန်ဆော့ဟာ တော်တော်လေး နှေးကွေးတဲ့ ခြေလှမ်းတွေနဲ့ ဘတ်စ်ကားပေါ်ကနေ ဆင်းလာပြီး သူ့ဘက်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်တယ်။ အဲဒီအချိန်မှာပဲ ဂျီဆော့ မျက်မှောင်ကုတ်သွားမိတယ်။ ဂွန်ဆော့ဆီမှာ တစ်ခုခု ပြောင်းလဲသွားသလိုမျိုး သူ ခံစားလိုက်ရလို့ပဲ။ အဲဒီ ထူးဆန်းတဲ့ ခံစားချက်ကြောင့် ဂျီဆော့ဟာ ဂွန်ဆော့ဆီကို ပိုပြီး အရှိန်မြှင့် လျှောက်သွားမိတယ်။ သူ့ခေါင်းထဲမှာလည်း တတ်နိုင်သမျှ မြန်မြန် စစ်ဆေးကြည့်ချင်တဲ့ စိတ်တွေနဲ့ပဲ ပြည့်နှက်နေခဲ့တာပေါ့။
“ဟေ့ကောင်၊ ဘာလို့ တောင့်တောင့်ကြီး ဖြစ်နေရတာလဲ”
မနေ့က ဖြစ်ပျက်ခဲ့တဲ့အတိုင်းပဲ ဂျီဆော့ဟာ ဂွန်ဆော့ရဲ့ ပုခုံးကို ပုတ်ဖို့ လက်ရွယ်လိုက်တယ်။ ပုံမှန်ဆိုရင်တော့ ဂွန်ဆော့က သူ့ကို ဆဲဆိုပက်ခတ်ပြီး ပြန်တုံ့ပြန်ရမှာ။ သို့ပေမဲ့ သူ ပြသလိုက်တဲ့ တုံ့ပြန်မှုကတော့ ဂျီဆော့ တွေးထင်ထားတဲ့ အတိုင်းအဆရဲ့ အပြင်ဘက်ကို ရောက်နေခဲ့တယ်။ ဂွန်ဆော့ဟာ သူ့မျက်နှာကို ကာကွယ်ဖို့ လက်နှစ်ဖက်လုံးကို မြှောက်လိုက်လို့ပဲ။ သူ့မျက်လုံးတွေထဲမှာလည်း ကြောက်ရွံ့တုန်လှုပ်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
ဂျီဆော့ရဲ့ လက်ဟာ လေထဲမှာတင် တန့်သွားတယ်။ ဂွန်ဆော့ဟာ ဂျီဆော့ရဲ့ လက်ဖျားကို တုန်ရင်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီးမှ လက်မောင်းတွေကို ပြန်ချလိုက်တယ်။ အဲဒီလို တောင့်တောင့်တင်းတင်း လှုပ်ရှားမှုတွေကြောင့် ဂျီဆော့တစ်ယောက် ဆွံ့အလို့ သွားရတယ်။ ဘာဖြစ်တာလဲလို့ လှမ်းမေးလိုက်ရုံနဲ့တင် သူ့ဘက်က သိပ်ကို မယဉ်ကျေးရာ ကျလိမ့်မယ်ဆိုတာကို သူ အလိုအလျောက် သဘောပေါက်လိုက်မိတယ်။
“...ရာသီဥတုက ပူပေမဲ့ မင်း တစ်ခုခု နွေးနွေးထွေးထွေး လိုအပ်နေပုံပဲ။ ခဏစောင့်ဦး”
ဂျီဆော့ဟာ စတိုးဆိုင်ထဲ ပြန်ဝင်သွားပြီး နွေးနေတဲ့ ချောကလက်ကော်ဖီတစ်ပုလင်း ဝယ်လာခဲ့တယ်။ သူက ဂွန်ဆော့ဆီကို အသာအယာ ကမ်းပေးလိုက်တဲ့အခါ ဂွန်ဆော့ဟာ ပလတ်စတစ်ပုလင်းကို လှမ်းယူတယ်။ ဂွန်ဆော့ရဲ့ ပျာပျာသလဲ လှုပ်ရှားမှုတွေကြောင့် ဂျီဆော့ကိုယ်တိုင်တောင် စိတ်မွမ်းကျပ်လာရတယ်။ လွန်ခဲ့တဲ့ တစ်ရက်အတွင်းမှာ ဘာတွေများ ဖြစ်ပျက်ခဲ့လို့ပါလိမ့်။
“နည်းနည်းလောက် လမ်းလျှောက်ရအောင်”
ပုံမှန်ဆိုရင် သူတို့ စကားပြောတဲ့အခါတိုင်း ဂွန်ဆော့ ပြောသမျှကို ဂျီဆော့က နားထောင်ပေးလေ့ရှိတာ။ အဲဒါက သူတို့ရဲ့ ပုံမှန် စကားဝိုင်းပဲပေါ့။ သို့ပေမဲ့ ဒီနေ့မှာတော့ ဂွန်ဆော့ဟာ စကားတစ်လုံးမှ မဟဘူး။ ဂျီဆော့ လုပ်သမျှနောက်ကိုပဲ လိုက်လုပ်နေခဲ့တယ်။ သူ့ပုခုံးတွေက မြေကြီးထဲ ကျွံဝင်မတတ် စိုက်ကျနေပြီး မျက်လုံးတွေကလည်း ကြမ်းပြင်ဆီမှာပဲ အသေသတ် စိုက်နေခဲ့တာ။ ကားတစ်စီးက ဟွန်းတီးပြီး ဖြတ်မောင်းသွားတဲ့အခါတိုင်းလည်း သူ့ရှေ့တည့်တည့်မှာ မိုးကြိုးပစ်ချလိုက်တာကို မြင်လိုက်ရတဲ့ လူတစ်ယောက်လို ထိတ်လန့်တုန်လှုပ်နေခဲ့တယ်။ အဲဒီလို ဖြစ်သွားတာကြောင့် ပုလင်းထဲက ကော်ဖီတွေ သူ့လက်ပေါ် ဖိတ်စင်သွားခဲ့ပေမဲ့ ဂွန်ဆော့ကတော့ ဖြတ်မောင်းသွားတဲ့ ကားကိုပဲ ဆက်ပြီး စိုက်ကြည့်နေမိဆဲပဲ။
“ဂွန်ဆော့”
“အာ၊ အို။ ပူလိုက်တာ”
သူ့ရဲ့ တုံ့ပြန်မှုက သိသိသာသာကြီးကို နှေးကွေးနေခဲ့တာ။ သူ့လက်တွေ နီရဲသွားတဲ့အထိ ဖြစ်သွားတာတောင် ဂွန်ဆော့က ဂရုစိုက်ပုံမပေါ်ဘူး။ သူဟာ တခြားအရာတစ်ခုခုမှာ စိတ်အာရုံ စစ်ကျနေပြီး ဒီလောက်အဆင့် ဒဏ်ရာကတော့ အဲဒီအရာနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ဘူးလို့ သဘောထားနေတဲ့အတိုင်းပဲ။
သူတို့ဟာ ဆူဝမ် ဘူတာရုံနားပတ်ဝန်းကျင်ကို ပတ်လျှောက်လာခဲ့ပြီး လမ်းဘေးသရေစာရောင်းတဲ့ဆိုင်တွေ အများကြီး မြင်ရတဲ့ လမ်းကြားထဲကို ဝင်လာခဲ့ကြတယ်။ ဂျီဆော့ဟာ အလယ်တန်းကျောင်းတုန်းက သူနဲ့ ဂွန်ဆော့ မကြာခဏ သွားလေ့ရှိတဲ့ ဆိုင်ကို လိုက်ရှာကြည့်ပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒီဆိုင်က မရှိတော့ဘူး။ အဲဒါကြောင့် သူတို့ဟာ ဥဒေါန်းခေါက်ဆွဲ လို့ ရေးထားတဲ့ ဆိုင်းဘုတ်ပါတဲ့ လိမ္မော်ရောင် ဆိုင်တစ်ဆိုင်ထဲကို ဝင်ခဲ့ကြတယ်။ ဂွန်ဆော့ကတော့ ဆူဝမ် ဘူတာရုံကနေ ထွက်လာကတည်းက လမ်းဘေးဆိုင်ထဲမှာ ဝင်ထိုင်ပြီး အစားအစာတွေ မှာတဲ့အချိန်အထိ စကားတစ်လုံးကိုမှ သေသေချာချာ မပြောသေးဘူး။
“အန်တီ၊ ကျွန်တော်တို့ကို စားလို့ကောင်းတာလေးတွေ ပေးပါဦးဗျာ”
“အေးအေး။ ကောင်းကောင်းလေး လုပ်ပေးမယ်။ ငါက ကျောင်းသားတွေကို အလကား အပိုတွေအများကြီး ပေးတတ်လို့ ခဏခဏ လာခဲ့ကြဦးနော်”
“ဟုတ်ကဲ့ပါ အန်တီ”
သူက အကျင့်ပါနေတဲ့အတိုင်း ပြုံးပြီး ပြန်ဖြေလိုက်ပေမဲ့ သူ့ရဲ့ အပြုံးက ကြာကြာမခံပါဘူး။ ဂျီဆော့ဟာ ဂွန်ဆော့ဆီကို တူတစ်စုံ ကမ်းပေးရင်း လှမ်းမေးလိုက်တယ်။
“တစ်ခုခု ဖြစ်ခဲ့လို့လား”
“...ဟင့်အင်း။ ဘာမှမဖြစ်ပါဘူး”
“မင်း ခြေထောက် ခံနေသလိုပဲ။ တစ်နေရာရာမှာ ဒဏ်ရာရထားလို့လား”
“နည်းနည်းပါ”
“ဟုတ်လို့လား” ဂျီဆော့ဟာ ခါးသက်သက် အပြုံးနဲ့ ခေါင်းညိတ်လိုက်မိတယ်။ ဒီတိတ်ဆိတ်မှု၊ ဂွန်ဆော့ရဲ့ လိမ်ညာမှုကနေ မြစ်ဖျားခံလာတဲ့ ဒီဟာသုညဆန်မှုကြီး။ သူ ဘာမဆို ပွင့်ပွင့်လင်းလင်း ပြောနိုင်ခဲ့တဲ့ လူတစ်ယောက်က သူ့ပတ်ပတ်လည်မှာ လိမ်ညာမှု တံတိုင်းကြီးကို နောက်တစ်ကြိမ် ထပ်ပြီး တည်ဆောက်လိုက်ပြန်ပြီ။ ‘ဘာမှမဖြစ်ဘူး’ လို့ သူ ပြောလိုက်တဲ့ အချက်က ဒီအကြောင်းကို ဘယ်သူ့ကိုမှ မသိစေချင်ဘူးဆိုတဲ့ သဘောပဲပေါ့။ အဲဒီအစား မင်းနဲ့မဆိုင်ပါဘူးလို့ ဂျီဆော့ကို အတိအလင်း ပြောလိုက်တာကမှ ပိုပြီး ကောင်းဦးမယ်။
“တကယ်ပဲ ဘာမှမဖြစ်ဘူးဆိုတာ သေချာလား”
“ဘာမှမဖြစ်ဘူးလို့ ပြောနေတယ်လေ”
ဆိုင်က အန်တီက သူတို့ရှေ့မှာ ခေါက်ဆွဲ နှစ်ပန်းကန် လာချပေးတယ်။ ဂျီဆော့ဟာ များတဲ့ ပန်းကန်ကို ဂွန်ဆော့ဘက် တိုးပေးလိုက်တယ်။ ဂွန်ဆော့ဟာ တစ်ခါသုံး သစ်သားတူကို တိတ်တဆိတ် ဖြဲလိုက်ပြီး စားတော့တာပဲ။ ဂွန်ဆော့ စားနေတာကို ဂျီဆော့ ငေးကြည့်နေတုန်းမှာပဲ ဂွန်ဆော့ရဲ့ အရေပြားပေါ်က အညိုအမည်းစွဲနေတဲ့ လက္ခဏာတစ်ခုကို သူ သတိပြုမိသွားတယ်။ ဂွန်ဆော့ရဲ့ အင်္ကျီအောက်ကနေ မြင်နေရတဲ့ ဘယ်ဘက်ပုခုံးပေါ်မှာ ထင်ထင်ရှားရှား အညိုအမည်းကွက်ကြီး ဖြစ်နေတာပဲ။ အဲဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာကို မြင်လိုက်ရတော့ ဂျီဆော့ဟာ မရည်ရွယ်ဘဲနဲ့ ဂွန်ဆော့ရဲ့ ပုခုံးကို လှမ်းကိုင်မိလုနီးပါး ဖြစ်သွားခဲ့တယ်။
အဲဒီအချိန်မှာတင် ဂွန်ဆော့ဟာ ဝုန်းခနဲ အသံအကျယ်ကြီးနဲ့အတူ နောက်ပြန် လဲကျသွားတော့တယ်။ သူ့ခြေထောက်တွေက စားပွဲခြေထောက်နဲ့ ငြိမိပြီး စားပွဲကိုပါ လှုပ်ခါသွားစေတာကြောင့် နောက်ဆုံးမှာတော့ ခေါက်ဆွဲပန်းကန်ပါ မှောက်ကျသွားခဲ့တာပေါ့။ ပူပူလောင်လောင် ဟင်းရည်တွေနဲ့ ခေါက်ဆွဲဖတ်တွေ မြေကြီးပေါ် ကျကုန်တယ်။
“တောင်းပန်ပါတယ် အန်တီ။ ကျွန်တော် ခြေချော်သွားလို့ပါ”
“အလို၊ သတိထားရမှာပေါ့ကွယ်။ ဒဏ်ရာရသွားသေးလား”
“ကျွန်တော်တို့ အဆင်ပြေပါတယ်။ ဒီနေရာကို ကျွန်တော် ရှင်းလိုက်ပါ့မယ်။ ကြမ်းတိုက်တံလေး ပေးပါဦးဗျာ”
“ထားလိုက်ပါ၊ ငါပဲ နောက်မှ လုပ်လိုက်မယ်”
အဖြစ်အပျက်အပေါ် စိတ်ဆိုးပုံမရဘဲ အေးဆေးနေတဲ့ ဆိုင်က အန်တီကို ဂျီဆော့ တောင်းပန်လိုက်တယ်။ အဲဒီ ခဏတာ အချိန်အတွင်းမှာပဲ ဂွန်ဆော့ဟာ မျက်နှာအမူအရာ တစ်ချက်မှ မပြောင်းဘဲ ထရပ်လိုက်ပြီး လမ်းဘေးဆိုင်ထဲကနေ ထွက်သွားခဲ့တယ်။ ဂျီဆော့ဟာ ဆိုင်ကအန်တီကို ပိုက်ဆံရှင်းပြီးမှ ဂွန်ဆော့နောက်ကို အပြေးလိုက်ခဲ့ရတာပေါ့။ ဂွန်ဆော့ဟာ ရုတ်တရက် လဲကျတော့မယ့်အတိုင်း ယိမ်းထိုးသွားတယ်။ ဂျီဆော့က သူ့ဆီ သွားပြီး တွဲပေးဖို့ ကြိုးစားပေမဲ့ ဂွန်ဆော့က ငြင်းဆန်ခဲ့တာပဲ။
“ထားလိုက်စမ်းပါ။ ငါ့ဘာသာ လုပ်မယ်။ ငါကိုယ်တိုင်ပဲ လုပ်ရမှာ”
သူဟာ ဘယ်သူ့ရဲ့ အကူအညီကိုမှ လက်မခံနိုင်ဘူးလို့ ပြောနေတဲ့အတိုင်းပဲ။
ဂွန်ဆော့က ဂျီဆော့ကို ဘာတစ်ခုမှ ပြောမပြဘူး။ အဲဒီလို ဖြစ်နေရတဲ့ ကြားထဲကပဲ ဂျီဆော့ဟာ ပြုံးပြီး သူ့ဘေးကနေ လိုက်လျှောက်ပေးခဲ့တယ်။ သူတို့ရဲ့ ပတ်သက်မှုက လိမ်ညာမှုတွေနဲ့ စတင်ခဲ့တာ ဖြစ်ပေမဲ့လည်း ဂွန်ဆော့ဟာ နောက်ဆုံးအချိန်အထိ သူ့ဘေးမှာ ရှိနေပေးခဲ့တဲ့ တစ်ဦးတည်းသောလူပဲလေ။ ဘာတွေ ဖြစ်ပျက်နေမှန်း သူ မသိပေမဲ့ သူ့ကို နှစ်သိမ့်ပေးချင်မိတယ်။ ဂွန်ဆော့က ဒီအချိန်ကို ရှောင်လွှဲဖို့ လိမ်ညာမှုတွေကို သုံးနေတာက သူ့အတွက် စိတ်ပျက်စရာ ကောင်းလှပေမဲ့လည်း သူတို့ရဲ့ ပတ်သက်မှုဟာ မကြာခင်မှာ ပြန်လည်ကောင်းမွန်လာလိမ့်မယ်လို့ ဂျီဆော့ ယုံကြည်နေခဲ့တာပေါ့။
သူ့သူငယ်ချင်း သူ့ရဲ့ ရင်ဖွင့်တံခါးကို ပြန်မဖွင့်မချင်း သူ စောင့်ဆိုင်းရမယ်လို့ ဂျီဆော့ တွေးလိုက်မိတယ်။ သူတို့ လမ်းလျှောက်နေတုန်းမှာပဲ သူ့ဖုန်းက မြည်လာခဲ့တယ်။ သူက အိတ်ကပ်ထဲကနေ ဖုန်းကို ထုတ်ပြီး ဖြေလိုက်တာပေါ့။
“ဟယ်လို အာ၊ မာရူး”
မာရူးက စနေနေ့မှာလုပ်မယ့် ဇာတ်ညွှန်းဖတ်ပွဲအတွက် သူ့ဆီ ဖုန်းဆက်တာ။ အဲဒါက မင်းသား၊ မင်းသမီးတွေအကုန်လုံး၊ ဒါရိုက်တာနဲ့ စာရေးဆရာတို့ သတင်းစာနယ်ဇင်းတွေရှေ့မှာ စုပေါင်းပြီး ဇာတ်ညွှန်းဖတ်ပြရမယ့် နေ့ပဲလေ။ အဲဒီပွဲပြီးရင်တော့ နောက်တစ်ပတ်မှာ ရိုက်ကူးရေး စတော့မှာပေါ့။ သူ ကြားရသလောက်တော့ သြဂုတ်လထဲမှာတင် ရိုက်ကူးရေးအကုန် အပြီးသတ်မှာဖြစ်ပြီး အဲဒီအချိန်ကစလို့ တည်းဖြတ်မှုတွေ လုပ်တော့မယ်လို့ သိရတယ်။
“ယိုဂျင်က ငါတို့သုံးယောက် အတူတူ သွားစေချင်တာလား။ ငါကတော့ အဆင်ပြေပါတယ်။ အေးအေး၊ ရတယ်။ ဒါနဲ့ မာရူး၊ မင်းက ငါ့ဆီ အရင် ဖုန်းဆက်တာဆိုတော့ ခံစားချက်က တော်တော်လေး ကောင်းသားပဲ။ နောက်လည်း ခဏခဏ ဖုန်းဆက်ဦးနော်”
သူ့ရဲ့ သူငယ်ချင်းအသစ်ကတော့ အမြဲတမ်း တောင့်တောင့်တင်းတင်း မျက်နှာထားမျိုးနဲ့ လူတစ်ယောက်ပေါ့။ ဒီကောင်က နာမည်ကြီး စူပါစတားတွေနဲ့ ရင်ဆိုင်ရရင်တောင်မှ လေသံတစ်ချက်မပြောင်းတဲ့ အံ့သြစရာကောင်းတဲ့ ကောင်ပဲ။ သို့ပေမဲ့ သူ့ရဲ့ အတွေ့အကြုံအရတော့ အဲဒီကောင်ဟာ အတွင်းစိတ် ဓာတ်ခံ မာထန်တဲ့ လူစားမျိုး မဟုတ်ဘူးဆိုတာကို ဂျီဆော့ သိနေခဲ့တယ်။
နောက်တစ်ပတ်မှာ ဖြစ်ပျက်လာမယ့် ဒီအဖြစ်အပျက်အသစ်အကြောင်းကို တွေးရင်း သူ နောက်ထပ် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်မိတယ်။ အဲဒီအချိန်မှာ သူ့ဘေးကနေ လမ်းလျှောက်နေတဲ့ ဂွန်ဆော့က ရုတ်တရက်ကြီး ရပ်တန့်သွားတာကို သူ မြင်လိုက်ရတယ်။ ဂွန်ဆော့ရဲ့ မျက်လုံးတွေက ကြမ်းပြင်ပေါ်မှာပဲ အသေသတ် စိုက်နေတုန်းပဲ။ ကြမ်းပြင်ပေါ်မှာ တစ်ခုခု ကျကျန်ခဲ့လို့လားဆိုပြီး ဂျီဆော့လည်း သူ့အကြည့်နောက်ကို လိုက်ကြည့်မိပေမဲ့ သူ့မျက်စိထဲ ဘာမှ မြင်မလာခဲ့ဘူး။
“ဘာဖြစ်လို့လဲ”
“မင်း... မင်း၊ ဟန်မာရူး ကို သိတာလား”
“အာ မင်းကလည်း မာရူးကို သိတာလား။ အင်းလေ၊ ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး။ မာရူးက သူ ပြဇာတ်အသင်းမှာ ရှိတယ်လို့ ပြောဖူးတာဆိုတော့ မင်းတို့တွေ ပြိုင်ပွဲတစ်ခုခုမှာဖြစ်ဖြစ် တွေ့ဖူးကြတာ နေမှာပေါ့။ နေဦး၊ မာရူးကလည်း ဆူဝမ်က အထက်တန်းကျောင်းတစ်ကျောင်းမှာ တက်နေတာလို့ ထင်တယ်။ မင်းတို့တွေ တကယ်ပဲ ကျောင်းတူနေကြတာတော့ မဟုတ်ပါဘူးနော်။ မဟုတ်ဘူး၊ တကယ်လို့ ကျောင်းတူနေတာဆိုရင်တော့ သိပ်ကို အမိုက်စားကြီး ဖြစ်သွားမှာ”
သူတို့အကြားမှာ တူညီတဲ့ စကားဝိုင်း အကြောင်းအရာတစ်ခု ရလာပြီမို့ ဂျီဆော့တစ်ယောက် ပျော်သွားရတယ်။ ဂျီဆော့ဟာ ပြုံးရင်းနဲ့ ဂွန်ဆော့ဆီကို ချဉ်းကပ်သွားခဲ့တာပေါ့။ သူတို့တွေ မာရူးအကြောင်းကို ကောင်းကောင်းမွန်မွန် စကားစမြည် ပြောနိုင်ကြလိမ့်မယ်လို့ သူ မျှော်လင့်နေခဲ့တာ။
“ခွေးမသား”
သူ လှမ်းလက်စ ခြေလှမ်းတွေ ရပ်တန့်သွားခဲ့တယ်။ ဂျီဆော့အနေနဲ့ ခြေလှမ်းတွေကို မရပ်ဘဲ မနေနိုင်ခဲ့တာပေါ့။ ဂွန်ဆော့ဟာ ခေါင်းကို မော့လာပြီး သိပ်ကို စိမ်းသက်လှတဲ့ ခံစားချက်တွေနဲ့ သူ့ကို စိုက်ကြည့်နေလို့ပဲ။ အဲဒီ အကြည့်က သူ့ကို တုန်လှုပ်ခြောက်ခြား သွားစေခဲ့တယ်။ ဂွန်ဆော့ရဲ့ ခေါင်းပေါ်တည့်တည့်မှာ ရှိနေတဲ့ လမ်းမီးတိုင်က မီးလုံးဟာ ရုတ်တရက်ကြီး လင်းပွင့်လာခဲ့တယ်။ အဲဒီ လမ်းဘေးမီးအလင်းရောင်က ဝင်လုဆဲဆဲ နေမင်းရဲ့ နေရောင်ခြည်နေရာမှာ အစားဝင်လာပြီး ဂွန်ဆော့ရဲ့ အရိပ်ကြီးကို အရှည်ကြီး ဖြစ်အောင် ဆွဲဆန့်ပစ်လိုက်တာပေါ့။ အဲဒီ အရိပ်ကြီးကို ကြည့်ရင်း ဂျီဆော့တစ်ယောက် စိတ်မသက်မသာ ဖြစ်ရတာထက် ပိုမလာနိုင်တော့ဘူး။ အဲဒီ အရိပ်ကြီးက အချိန်မရွေး ထရပ်ပြီး သူ့ကို တိုက်ခိုက်တော့မယ့်အတိုင်းပဲ။ လူတစ်ယောက်ဟာ ဒီလောက်အထိ ရန်လိုစိတ် ပြင်းထန်သွားနိုင်တယ်ဆိုတာကို ဂျီဆော့ ပထမဆုံးအကြိမ် ခံစားလိုက်ရတာ ဖြစ်နေလို့ပဲ။
“ဟောင်ဂွန်ဆော့”
“ခွေးမသား၊ ငါ့မျက်စိရှေ့ကနေ ထွက်သွားစမ်း”
“ဟေ့၊ ဟောင်ဂွန်ဆော့”
သူ မျက်မှောင်ကုတ်ပြီး ဂွန်ဆော့ကို လှမ်းခေါ်လိုက်ပေမဲ့ ဂွန်ဆော့ကတော့ သူ့ဘေးကနေ ဖြတ်ကျော်ပြီး လျှောက်သွားခဲ့တယ်။ ဘာတွေ ဖြစ်ပျက်နေမှန်း သူ မသိတော့ဘူး။ ရှုပ်ထွေးလှတဲ့ စိတ်အစုံနဲ့ပဲ သူ ဂွန်ဆော့နောက်ကို လိုက်ခဲ့မိတယ်။ အဲဒီအချိန်မှာပဲ ဂွန်ဆော့ဟာ ရုတ်တရက်ကြီး သူ့လက်မောင်းတွေကို ကြမ်းကြမ်းတမ်းတမ်း ဝှေ့ယမ်းပစ်လိုက်တယ်။ ဂျီဆော့လည်း အဲဒီ လက်မောင်းဒဏ်ကို ရှောင်တိမ်းဖို့ အချိန်မရလိုက်ဘူး။
ဖြောင်းဆိုတဲ့ အသံအကျယ်ကြီးနဲ့အတူ ထိုးနှက်ချက်ဒဏ်ကြောင့် သူ့ရဲ့ ပါးရိုးဆီကနေ မူးဝေနောက်ကျိသွားတဲ့ ရိုက်ခတ်မှုကြီးကို သူ ခံစားလိုက်ရတယ်။ ခဏတာ အချိန်အတွင်းမှာပဲ သူ့ရဲ့ အမြင်အာရုံတွေ မှောင်မိုက်သွားခဲ့တာပေါ့။ မူးဝေနောက်ကျိနေတဲ့ ဒဏ်ကြောင့် သူ ဒူးထောက်ကျသွားပြီး မြေကြီးကို လှမ်းဆုပ်ကိုင်ထားမိတယ်။
“...ဂွန်ဆော့” လို့ သူ လှမ်းခေါ်လိုက်ပေမဲ့ ဘာမှ ထူးမလာခဲ့ဘူး။ ဂွန်ဆော့ကတော့ မဆိုစလောက်လေးတောင် တုံ့ဆိုင်းခြင်းမရှိဘဲ လှည့်ထွက်သွားခဲ့ပြီလေ။ နာကျင်မှုတွေ နည်းနည်းလောက် သက်သာသွားတဲ့ အချိန်မှာတော့ ဂွန်ဆော့ဟာ ပျောက်ကွယ်သွားခဲ့တာ ကြာလှပြီ။ ဂျီဆော့ဟာ မှောင်မိုက်နေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်နေမိတော့တယ်။
တော်တော်လေး ကြာသွားပြီးတဲ့နောက်မှာတော့ သူ ဖုန်းကို ထုတ်လိုက်ပြီး သူ့ရဲ့ လက်ချောင်းတွေက ဖုန်းခေါ်ဆိုမှု ခလုတ်ဆီကို ဦးတည်သွားခဲ့တာပေါ့။
* * * * * * * * *
“ဒီအထိတောင် ဘာကိစ္စရှိလို့ ရောက်လာတာလဲ” မာရူးက သူ့ရဲ့ ဂျာကင်ဦးထုပ်ကို ချွတ်ရင်း လှမ်းမေးလိုက်တယ်။ ဂျီဆော့က သူ့ဆီ ဖုန်းဆက်ပြီး ဘယ်နားမှာ နေလဲလို့ ရုတ်တရက်ကြီး လှမ်းမေးခဲ့တာကိုး။ မာရူးက သူ့အိမ်နားက ဘတ်စ်ကားမှတ်တိုင်ကို ပြောပြလိုက်တော့ ဂျီဆော့က သူ မကြာခင် ရောက်လာလိမ့်မယ်လို့ ပြန်ဖြေခဲ့တယ်။ မာရူးက ဖုန်းထဲကနေတင် စကားပြောဖို့ ကြိုးစားခဲ့ပေမဲ့ ဂျီဆော့က လူချင်းတွေ့ပြီး စကားပြောဖို့ လိုအပ်တယ်လို့ပဲ ဆက်တိုက် ပြောနေခဲ့တာ။ ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာပဲ ဂျီဆော့ရဲ့ လေသံက ပြောင်းလဲသွားခဲ့တာကြောင့် မာရူးလည်း ဇဝေဇဝါ ဖြစ်သွားရပြီး သူ့ကို ထွက်တွေ့ခဲ့တာပေါ့။
“သူငယ်ချင်းတစ်ယောက်ဆီ လာလည်ရင်းနဲ့၊ မင်းကို တွေ့ရမယ့် အကြောင်းပြချက်တစ်ခု ရုတ်တရက် ပေါ်လာလို့ပါ”
မှောင်မိုက်မှုကြားထဲက ဂျီဆော့ရဲ့ အပြုံးဟာ အချိန်မရွေး ပြတ်တောက်သွားတော့မယ့်အတိုင်းပဲ။ မာရူးက သူ့ကို ဘတ်စ်ကားမှတ်တိုင်ရဲ့ အနောက်ဘက်တည့်တည့်မှာ ရှိတဲ့ ကစားကွင်းဆီ ခေါ်သွားခဲ့တယ်။ သူတို့တွေ ဒန်းအလွတ်ရဲ့ တကျိကျိ မြည်သံကို ကြားရရင်းနဲ့ တန်းလျားပေါ်မှာ ထိုင်လိုက်ကြတာပေါ့။
“ဘာဖြစ်လို့လဲ”
ဒီလို အခြေအနေမျိုးမှာ ဘီယာလေး ဘာလေး ရှိရင် သင့်တော်လိမ့်မယ်လို့ သူ တွေးလိုက်မိတယ်။ အဲဒီအချိန်မှာပဲ ဂျီဆော့ရဲ့ ပါးစပ်ထဲကနေ ထင်မှတ်မထားတဲ့ နာမည်တစ်ခု ထွက်လာခဲ့တာ။
“မင်း ဂွန်ဆော့ ကို သိလား”
မာရူး နှုတ်ဆိတ်သွားပြီး ဂျီဆော့ကို စိုက်ကြည့်နေမိတယ်။ သူ့မှာ ရှုပ်ထွေးလှတဲ့ မျက်နှာအမူအရာမျိုး ဖြစ်နေခဲ့တာ။ ဒီကောင်က အဖြေတွေကို လိုက်ရှာဖို့ ရောက်လာခဲ့တာပဲ။ မာရူးက သူ သိတယ်လို့ပဲ ပြန်ဖြေလိုက်တယ်။
“ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ ငါ မေးလို့ရမလား”
“အဲဒါမတိုင်ခင်၊ မင်း စောစောက ပြောတဲ့ သူငယ်ချင်းဆိုတာ ဟောင်ဂွန်ဆော့ လား”
“မှန်တယ်”
“လွန်ခဲ့တဲ့တစ်ခေါက်က မင်း ပြောပြဖူးတဲ့ ဆူဝမ်က မင်းရဲ့ သူငယ်ချင်းဆိုတာ အဲဒီကောင်လား”
“အင်း”
“မင်းတို့နှစ်ယောက်က ရင်းနှီးကြလား”
“သိပ်ကို ရင်းနှီးတာပေါ့”
မာရူးရဲ့ ပါးစပ်ထဲမှာ ခါးသက်သက် အရသာကို ခံစားလိုက်ရတယ်။ အေးလေ၊ အမှိုက်တွေမှာလည်း သူတို့ရဲ့ သူငယ်ချင်းဆိုတာ ရှိတာပဲ။ အဲဒါက ထင်ရှားနေတဲ့ အချက်ပဲ မဟုတ်လား။ ရက်စက်တတ်တဲ့ ရာဇဝတ်ကောင်တစ်ယောက်ကတောင် တစ်စုံတစ်ယောက်ရဲ့ မိသားစုထဲမှာတော့ နွေးထွေးတဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်နေနိုင်တာပဲလေ။
ဒီလို အချိန်မတော်ကြီးမှာ ဒီအထိတောင် ရောက်လာတယ်ဆိုကတည်းက သူတို့နှစ်ယောက်ဟာ တော်တော်လေး ရင်းနှီးကြတယ်ဆိုတာ ထင်ရှားနေတယ်။ မာရူးဟာ စကားမပြောခင် မိနစ်ပိုင်းလောက် သူ့ရဲ့ အတွေးတွေကို စုစည်းလိုက်တယ်။ ပြီးတော့မှ ဂျီဆော့ကို အဖြစ်အပျက် အလုံးစုံကို ဘာတစ်ခုမှ ပိုပိုသာသာ မပြောဘဲ အေးအေးဆေးဆေးပဲ ပြောပြလိုက်တာပေါ့။
ဇာတ်လမ်းအဆုံးအထိ နားထောင်ပြီးသွားတဲ့ အခါမှာတော့ ဂျီဆော့တစ်ယောက် ဘာမှ မပြောနိုင်တော့ဘူး။ သူဟာ သူ့ရဲ့ လက်ချောင်းလေးတွေနဲ့ ဒူးကိုပဲ တတောက်တောက် ခေါက်နေပြီး ရှေ့တည့်တည့်ကိုပဲ ဆက်ပြီး စိုက်ကြည့်နေခဲ့တာ။ အချိန်တွေ ကုန်လွန်သွားတာနဲ့အမျှ သူတို့ ပတ်ပတ်လည်မှာရှိတဲ့ လူဦးရေကလည်း နည်းပါးသွားခဲ့ပြီး စာရေးကိရိယာဆိုင်လည်း ပိတ်ခါနီးအချိန် ရောက်နေပြီ။ လိပ်ပြာဖလံကောင်တွေ တဖျတ်ဖျတ် မြည်သံပေးပြီး လမ်းဘေးမီးတိုင်ကနေ အောက်ကို ခြေရာဖျောက် ကျလာတဲ့အချိန်မှာပဲ ဂျီဆော့က စကားပြန်ပြောလာခဲ့တယ်။
“မင်း ပြောတာသာ အမှန်ဆိုရင်တော့ အဲဒီကောင်က... လူဆိုးတစ်ယောက်ပေါ့။ အလယ်တန်းကျောင်းတုန်းကတော့ သူက ဒီလောက်အထိ ဆိုးတာမျိုး မဟုတ်ပါဘူး။ အမှန်တော့ အတန်းထဲက လူတိုင်းက သူ့ကို ယဉ်ကျေးပြီး လိမ္မာတဲ့ ကလေးတစ်ယောက်လို့ပဲ မှတ်မိနေကြတာ။ ဒါပေမဲ့ ငါသိလိုက်တယ်။ အဲဒါက သူ့ရဲ့ တကယ့် ပုံစံအစစ် မဟုတ်ဘူးဆိုတာကိုပေါ့။ ဂွန်ဆော့က၊ ဟုတ်တယ်၊ သူက သူ့ရဲ့ အတ္တအပေါ်မှာပဲ အမှီပြုပြီး အသက်ရှင်နေတဲ့ လူစားမျိုး။ သို့ပေမဲ့ အဲဒီအတ္တအတွက်နဲ့ တခြားသူတွေကို ဒုက္ခပေးတဲ့အဆင့်အထိတော့ မဟုတ်ခဲ့ပါဘူး။ သူက ရိုးရိုးလေး... မရိုးသားတဲ့ ကလေးတစ်ယောက် ဖြစ်နေခဲ့ရုံတင်ပါ”
ဂျီဆော့ဟာ သူ့ရဲ့ လက်သီးကို အကြိမ်ကြိမ် ဆုပ်လိုက်၊ ဖြေလိုက် လုပ်နေမိတယ်။ သူ့ရဲ့ လေသံထဲမှာတင် ပါးစပ်ထဲက ခါးသက်သက် ဖြစ်နေတဲ့ ခံစားချက်ကိုပါ ခံစားသိရှိနေရတယ်။ ဂျီဆော့အနေနဲ့ ဂွန်ဆော့ကို တန်ဖိုးရှိတဲ့ သူငယ်ချင်းတစ်ယောက်လို ဆက်ဆံခဲ့တယ်ဆိုတာကို မာရူး သိလိုက်ရတာပေါ့။
“ငါ့ခေါင်းထဲမှာတော့ မင်း လုပ်ခဲ့တာ မှန်ကန်တယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့... စိတ်ထဲမှာတော့ နည်းနည်း နာကျင်ရတယ်။ မင်းအနေနဲ့ တခြား နည်းလမ်းနဲ့ ဖြေရှင်းလို့ မရခဲ့ဘူးလား”
“သူ့ရဲ့ စိတ်တွေ ပြောင်းလဲသွားတဲ့အထိ စကားပြောကြည့်တာမျိုး၊ ဖျောင်းဖျဖို့ ကြိုးစားတာမျိုးနဲ့ တခြားအရာတွေကို ကျွန်တော် လုပ်လို့ ရတာပေါ့။ ဒါပေမဲ့ အဲဒါက အချိန်တွေ အကြာကြီး ပေးရလိမ့်မယ်။ ဒါတင်မကဘဲ ကျွန်တော့်ဘက်ကလည်း သူ့အပေါ် အဲဒီလောက်အထိ ထောက်ထားစာနာပေးရမယ့် အကြောင်းပြချက် မရှိဘူး။ တိုတောင်းပြီး ရှင်းလင်းပြတ်သားတဲ့ လမ်းကြောင်း ရှိနေတာပဲမို့ အဲဒီလောက်အထိ လျှောက်နေဖို့ မလိုပါဘူး။ သို့ပေမဲ့ စိတ်ထဲမှာတော့ မကောင်းတဲ့ ခံစားချက်တစ်ခု ကျန်ခဲ့တာပေါ့”
“ငါ မင်းအပေါ် အထင်လွဲခဲ့ပုံပဲ။ မင်းက ဒီလောက်အထိ နှလုံးသား မာကျောတဲ့ လူစားမျိုး မဟုတ်ဘူးလို့ ထင်နေခဲ့တာ”
“နှစ်ကြိမ်၊ သုံးကြိမ်လောက် တွေ့ရုံတင်နဲ့ မင်းက ငါ့ကို နားလည်ဖို့ ကြိုးစားနေတာက ရယ်စရာ မကောင်းဘူးလား။ မင်းရဲ့ စိတ်ကူးထဲမှာ ငါက ဘယ်လိုလူစားမျိုးပဲ ဖြစ်နေဖြစ်နေ၊ မင်း ထင်ထားတဲ့ အရာအများစုကတော့ မှားနေလိမ့်မယ်။ ငါကိုယ်တိုင်တောင်မှ... ငါက ဘယ်လိုလူလဲဆိုတာ သိဖို့ အချိန်တွေ အများကြီး ပေးခဲ့ရတာ”
“အင်း။ မင်း ပြောမှပဲ အဲဒါက မှန်နေတာပဲ။ မင်းက စကားပြော တော်တာပဲ။ မင်းနဲ့ စကားပြောဖြစ်တဲ့ အခါတိုင်း အဲဒါကို ခံစားမိတယ်။ မင်းဆီမှာ ငါ့မှာ မရှိတဲ့ အတွေးအမြင် အနက်အရှိုင်းတွေ ရှိနေတယ်။ ဒါပေမဲ့ အဲဒီလို ရှိနေလို့ပဲ... နှမြောဖို့ ကောင်းတယ်လို့ မြင်မိတာ”
ဂျီဆော့ဟာ သနားစရာကောင်းအောင် ပြုံးလိုက်တယ်။ ဂွန်ဆော့တစ်ယောက် ချောက်ကမ်းပါး ထိပ်ဝမှာ ရပ်နေတာကို မြင်ခဲ့ရမှာမို့ ဂျီဆော့ ဘယ်လိုနေရာကနေ လာလဲဆိုတာကို မာရူး နားလည်လိုက်မိတယ်။
“ဟန်မာရူး။ မင်းက သူငယ်ချင်းကောင်း တစ်ယောက်ပါ”
“အဲဒါတော့ ငါ သေချာမသိဘူး”
“မဟုတ်ဘူး၊ မင်းက သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်ပြီး လိမ္မာတဲ့ ကလေးတစ်ယောက်ပါ။ အစကတည်းက ငါ အဲဒါကို ခံစားမိတယ်။ အတူတူ လူရွေးပွဲ ဝင်ပြိုင်တုန်းက ငါ့အထင် မမှားဘူးဆိုတာကို သိလိုက်ရပြီး အဲဒီအချိန်မှာတင် ငါ တွေးလိုက်မိတာ။ ဒီကောင်နဲ့ အတူတူ သရုပ်ဆောင်ရရင် သိပ်ကို ပျော်စရာကောင်းမှာပဲ၊ ငါတို့ အစွမ်းကုန် ကြိုးစားရင် ထိပ်ဆုံးကို အတူတူ တက်လှမ်းနိုင်မှာပဲလို့ တွေးခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါ စိတ်ပြောင်းသွားပြီ။ ငါ မင်းထက် ပိုတော်အောင် လုပ်ပြမယ်။ မင်းနဲ့ အတူတူ ထိပ်ဆုံးကို မတက်ချင်တော့ဘူး။ မင်းရဲ့ ရှေ့မှာပဲ ရှိနေအောင် လုပ်မှာ”
ဂျီဆော့ဟာ စကားကို ဆက်ပြောရင်း တန်းလျားပေါ်ကနေ ထရပ်လိုက်တယ်။
“ဒါက ငါ့ဘက်က သေးသေးမွှားမွှား ကလဲ့စားချေတာပဲ။ ငါ့သူငယ်ချင်း ဂွန်ဆော့က မင်းကို မုန်းတယ်လေ။ အဲဒါကြောင့် သူ့အတွက် ငါ အနည်းဆုံးတော့ ဒီလောက်တော့ လုပ်ပေးရမယ်။ ဒါပေမဲ့ မင်းကလည်း ငါ့ရဲ့ သူငယ်ချင်းကောင်း တစ်ဦးပါပဲ။ အဲဒါကြောင့် ငါ့ကို နားလည်ပေးပါ”
“မင်း ကြိုက်တာ လုပ်ပါ”
“ဒါဆို ငါ သွားတော့မယ်။ ဒီလောက် ညဉ့်နက်မှ ခေါ်ထုတ်မိလို့ တောင်းပန်ပါတယ်”
ဂျီဆော့ဟာ နောက်ဆုံး စကားအဆုံးမှာတော့ တောက်ပစွာ ပြုံးပြလိုက်တယ်။ အဲဒီ အပြုံးကို မြင်လိုက်ရတော့ မာရူးဟာ မလိုအပ်တဲ့ အကြောင်းအရာတစ်ခုကို ပြောဖို့ ဆုံးဖြတ်လိုက်မိတာပေါ့။
“တကယ်လို့ ဂွန်ဆော့အကြောင်း ဆိုရင်တော့ မင်း အဲဒီလောက်အထိ စိတ်ပူနေဖို့ မလိုပါဘူး။ ဒီကိစ္စအတွက် ယုံကြည်ရဆုံး လူတစ်ယောက်ကို ငါ ပြောပြထားတယ်။ အဲဒီလူက ကောင်းကောင်းမွန်မွန် လုပ်ပေးနိုင်မှာပါ”
“တကယ်လား။ အဲဒါဆိုရင်တော့ ကံကောင်းတာပေါ့။ ငါ သိတာပေါ့... မင်းက အဲဒီလောက်အထိ နှလုံးသား မာကျောတဲ့ လူစားမျိုး မဟုတ်ပါဘူး။ နည်းနည်းတော့ အေးစက်ပေမဲ့ပေါ့လေ။ တစ်ရက်ရက်ကျရင် ငါ ပူပူနွေးနွေး ချောကလက် တိုက်ပါ့မယ်။ အဲဒါဆိုရင်တော့ မင်း နည်းနည်းလောက် ပိုပြီး နွေးထွေးလာနိုင်မလားပေါ့”
“ဟေ့ကောင်၊ မင်းက ဒီလို ကလေးကလား စကားတွေကို ဘာမှမစဉ်းစားဘဲ ပြောနိုင်တာ တကယ်ပဲ တစ်ခုခုပဲ”
“မင်း အဲလို ထင်လို့လား”
ဂျီဆော့ဟာ သူ့လက်ကို ဝှေ့ယမ်းပြရင်း လှည့်ထွက်သွားခဲ့တယ်။ မာရူးက သူ ထွက်သွားတာကို ငေးကြည့်နေမိပြီး နောက်ဆုံးမှာတော့ သူ့ဆီကို ပြန်ပြီး လက်ပြလိုက်တော့တယ်။
* * * * * * * * *