← Chapters

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း(၂၄၈)

“မင်း ရုပ်ရှင်ရိုက်မလို့လား”

“ဟုတ်တယ် အဖေ”

“ကျောင်းက သူငယ်ချင်းတွေနဲ့ လျှောက်ရိုက်တာမျိုး မဟုတ်ဘဲ တကယ့် ရုပ်ရှင်အစစ်ကြီးလား”

“ဟုတ်ကဲ့”

“ဟေ”

မနက်စာ စားနေတုန်း မာရူးက ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ဖို့ အရွေးခံရတဲ့အကြောင်း မိသားစုကို ပြောပြလိုက်တယ်။ ထမင်းပန်းကန်လုံးထဲက ထမင်းကို ဖြည်းဖြည်းချင်း ခတ်စားနေတဲ့ အဖေက သူ့ကို အံ့ဩတကြီး လှမ်းကြည့်လာသလို ဟင်းချိုခတ်ပေးနေတဲ့ အမေကလည်း ဘာလဲဆိုတဲ့ မျက်နှာပေးနဲ့ ကြောင်သွားပုံရတယ်။

“ဒီစနေနေ့ကျရင် ဇာတ်ညွှန်း အတူတူဖတ်ကြမယ်၊ နောက်အပတ်ကျရင်တော့ ရိုက်ကူးရေး စတော့မှာ။ အဲဒါကြောင့် အိမ်ပြန်နောက်ကျတာမျိုး၊ ဒါမှမဟုတ် ညအိပ်ညနေ သွားရတာမျိုး ရှိနိုင်တယ်နော်။ ပါဝင်ရမှာက တစ်ခန်းတည်းဆိုတော့ သိပ်ပြီး စိတ်ပူစရာမလိုပါဘူး။ အော်... ရိုက်ကွင်းက ဆော့ချိုမှာ”

အဖေက ကိုင်ထားတဲ့ ဇွန်းကို ချလိုက်ပြီး မေးတယ်။

“ဒါ ဘယ်တုန်းက ဆုံးဖြတ်လိုက်တာလဲ”

“ရက်ပိုင်းပဲ ရှိသေးတယ်၊ မကြာခင်ကမှ လူရွေးပွဲ သွားပြထားတာ”

“...ငါ့သားကြီးလည်း ကြီးလာပြီပဲ။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်နေပြီကိုး”

အဖေက အများကြီး ထပ်မမေးတော့ပါဘူး။ သူ စလုပ်မိတဲ့အလုပ်မို့လို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ပဲ မာရူးကို အားပေးတယ်။ ဒါနဲ့တင် မာရူးအတွက် အခက်အခဲတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီပေါ့။ သို့ပေမဲ့ ရှေ့မှာ ရင်ဆိုင်ရမှာတွေ အများကြီး ကျန်သေးတယ်။

လက်ထပ်ပြီးကတည်းက သာယာပျော်ရွှင်တဲ့ ဇနီးမောင်နှံပီပီ အမေက အလုပ်သွားမယ့်အဖေ့ကို အနမ်းနဲ့ နှုတ်ဆက်ပြီး လှည့်ပြန်လာတယ်။ အဲဒီအချိန်မှာပဲ မာရူးတစ်ယောက် စိတ်မသက်မသာနဲ့ ဟီးခနဲ ရယ်ပြလိုက်ရတယ်။

တောင်ကိုရီးယားက အဖေတွေဟာ များသောအားဖြင့် သူတို့ရဲ့ ခံစားချက်ကို အပြင်ပန်းမှာ အများကြီး ထုတ်မပြတတ်ကြဘူး။ စူးစမ်းချင်စိတ် ရှိနေရင်တောင် ကလေးတွေကို တည့်တည့်တိုးပြီး မမေးကြတာက များတယ်။ ပြောရရင် ‘အဖေ’ ဆိုတဲ့ ပုံရိပ်က လူတိုင်းရဲ့ နောက်ကွယ်ကနေ စောင့်ကြည့်ပေးရတဲ့လူ မဟုတ်လား။ မာရူးရဲ့အဖေကလည်း အဲဒီပုံရိပ်ကို ထိန်းသိမ်းထားတဲ့လူတစ်ယောက် ဖြစ်နေလို့ပဲ။ မေးခွန်းတွေ အများကြီး ထပ်မမေးတာကိုကြည့်ရင် သိနိုင်ပါတယ်။ တစ်ဖက်မှာလည်း အမေက တောင်ကိုရီးယားရဲ့ ပုံစံခွက်ထဲက မိခင် ပုံရိပ်အတိုင်းပါပဲ။

“ဒီလောက် အရေးကြီးတဲ့ကိစ္စကို အခုထိ ငါ့ကို ဘာလို့ အသိမပေးရတာလဲ”

သူ ထင်ထားတဲ့အတိုင်း အဖေက အဓိက အခက်အခဲ မဟုတ်ခဲ့ဘူး။ မျက်လုံးထဲမှာ ဒေါသရိပ်တွေ ဖြတ်ပြေးနေတဲ့ အမေ့ကို စိတ်ပြေသွားအောင် မာရူးက ပထမဆုံး ထမင်းစားပွဲဆီ ခေါ်သွားလိုက်တယ်။ ‘ထမင်းစားရင် စကားမပြောရဘူး’ ဆိုတဲ့ အမေ့ရဲ့ စည်းကမ်းချက်ကိုပဲ အမေ့ကို ပြန်သုံးဖို့ စိတ်ကူးလိုက်တာပေါ့။ အမေ့ကို ထိုင်ခိုင်းပြီးတာနဲ့ ရေအေးတစ်ခွက် အရင် ငှဲ့ပေးလိုက်တယ်။

“အမေကလည်း။ သိပ်ပြီး အံ့ဩနေစရာ မလိုပါဘူး။ သားက နောက်ခံလူပဲ လုပ်ရမှာ။ ဘာပြဿနာမှလည်း မရှိသလို အန္တရာယ်ရှိတာလည်း ဘာမှမပါဘူး”

“ညည်းက ငါက အဲဒါကို စိတ်ပူနေတယ် ထင်လို့လား။ ဒီလောက် အရေးကြီးတဲ့အလုပ်မျိုးမှာ ပါဝင်နေရင် ငါတို့ကို ကြိုပြောရမှာပေါ့။ မာရူး... နင် လူကြီးဆန်လာတာကို ငါသိပါတယ်။ ဒါပေမဲ့ နင်က အထက်တန်းကျောင်းသားပဲ ရှိသေးတာ။ ဒါတွေအားလုံးကို တစ်ယောက်တည်း ဆုံးဖြတ်လုပ်ကိုင်ဖို့ ငယ်လွန်းပါသေးတယ်”

“ဟုတ်ကဲ့ပါ အမေ။ နောက်ဆိုရင် အကုန်လုံးကို အစီရင်ခံပါ့မယ်”

အကယ်၍ သူ့ရဲ့ ဘဏ်အကောင့်ထဲမှာ ဝမ် သန်းသုံးရာ ရှိနေတာကိုသာ အမေ သိသွားရင် အိမ်ကနေ မောင်းချခံရဖို့ပဲ ရှိတော့တယ်။ ရိုက်ကွင်းကို မသွားခင် ဖုန်းဆက်ဖို့နဲ့ တစ်နာရီခြားတစ်ခါ စာပို့ဖို့ သဘောတူညီချက် ရလိုက်ပေမဲ့ အမေကတော့ စိုးရိမ်နေတုန်းပဲ။ အင်းလေ... ဒါကလည်း အဆန်းတော့ မဟုတ်ပါဘူး။ မိမိကလေးက ရုတ်တရက်ကြီး တကယ့် ရုပ်ရှင်ကြီး ရိုက်တော့မယ်လို့ ပြောလာတဲ့အခါ “အော်... ဟုတ်လား” လို့ အေးအေးဆေးဆေး ပြောနိုင်မယ့်လူက ဘယ်နှယောက် ရှိမှာလဲ။

မာရူးကလည်း မိသားစုကို ကြိုပြောဖို့ စိတ်ကူးထားပေမဲ့ အိမ်က ကန့်ကွက်မှာ စိုးရိမ်တာမို့လို့ အစီအစဉ် ပြောင်းလိုက်တာပါ။ မိဘအပေါ် မရိုမသေလုပ်တဲ့ ကလေးတစ်ယောက် မဖြစ်ချင်သလို အိမ်က ကန့်ကွက်တာကြောင့် မိမိလုပ်ချင်တဲ့အလုပ်ကိုလည်း အဆုံးရှုံးမခံချင်ဘူးလေ။ အခုတော့ အမေကလည်း တစ်ဆင့် နောက်ဆုတ်ပေးလိုက်တာမို့လို့ ဘာပြဿနာမှ မရှိတော့ပါဘူး။

မနက်စာ ပြန်စားကြတဲ့အခါ မြေပန်းကန်လုံးတွေကို တူနဲ့ ရိုက်မိတဲ့အသံကလွဲလို့ ဘာအသံမှ မထွက်တော့ဘူး။ ခါတိုင်းဆို စကားခပ်များများပြောတတ်တဲ့ အမေက တစ်ချိန်လုံး တိတ်ဆိတ်နေတာကိုကြည့်ရင် စိုးရိမ်စိတ်တွေ အကုန်လုံး ပြေပျောက်သွားပုံမရသေးဘူး။ ပဲဟင်းပန်းကန်ကို လှမ်းနှိုက်ရင်း အမေ့စိတ် သက်သာရာရအောင် ဘာလုပ်ပေးရမလဲလို့ မာရူး တွေးနေမိတယ်။ အမေက ထမင်း အရင်စားပြီးသွားတာနဲ့ မီးဖိုချောင်က ဘေစင်ဆီ သွားရင်း လှမ်းမေးတယ်။

“ဒါနဲ့... သူတို့ နင့် ကို ပိုက်ဆံ ဘယ်လောက်ပေးမှာလဲ”

မာရူး ပြုံးလိုက်ပြီး ခေါင်းမော့ကြည့်လိုက်တယ်။ အမေ့ရဲ့ မျက်လုံးတွေက လိမ်မပြောနဲ့ဆိုတဲ့ သဘောမျိုး ပြနေတယ်။ ဒီလိုကိစ္စမျိုးဆို အမေက သိပ်ပြီး စည်းကမ်းကြီးတာ။

“ဝမ် တစ်သိန်းပါ”

“ဒီလောက်တောင် အများကြီးလား။ တစ်ရက်တည်းပဲ ထင်လို့”

“ဟုတ်တယ် အမေ”

“နာမည်ကြီး သရုပ်ဆောင်တွေကော ပါလား”

“ပါတာပေါ့”

“အင်း... ဘာပဲဖြစ်ဖြစ် အမေ့ကို စိတ်မပူအောင် ထားနော် သိလား။ သူတို့က ထူးထူးဆန်းဆန်းတွေ ခိုင်းလာရင် ငြင်းလိုက်။ မင်းသား၊ မင်းသမီး ဖြစ်ချင်တဲ့စိတ်ကို အသုံးချပြီး ပိုက်ဆံလိမ်ညာနေကြတယ်လို့ သတင်းတွေထဲမှာ ကြားနေရတာ။ ညည်းလည်း သတိထားဦး”

“ဟုတ်ကဲ့ပါ အမေ။ သား သတိထားပါ့မယ်”

မာရူး ခေါင်းညိတ်ပြလိုက်တယ်။

* * * * * * * * *

မေလကုန်ခါနီး ရောက်လာပြီ။ နွေဦးကတည်းက စောစောစီးစီး ပူအိုက်လာတာကြောင့် ကျောင်းက နေ့ခင်းဘက်တွေမှာ အဲယားကွန်း ဖွင့်ခွင့်ပြုထားတယ်။ ဒါပေမဲ့ ခွင့်ပြုရုံ ပဲ ရှိတာပါ။ အဲယားကွန်းက တကယ်တော့ မလည်ပတ်ပါဘူး။ ပန်ကာတွေပဲ အသည်းအသန် အလုပ်လုပ်နေကြရတယ်။

ဆူဆူညံညံ ကျောင်းသားတစ်ယောက်က ဆရာ့ကို အဲယားကွန်း ဖွင့်လို့ရမလားလို့ လှမ်းမေးပေမဲ့ ဆရာက ကြားချင်ယောင်တောင် မဆောင်ဘူး။ အဲယားကွန်း ဖွင့်ခွင့်ပြုတဲ့ ကြေညာချက်ရဲ့ နောက်ကွယ်မှာ လျှပ်စစ်မီတာခ လျှော့ချရမယ်ဆိုတဲ့ ပိုပြီးအရေးကြီးတဲ့ ညွှန်ကြားချက် ရှိနေပုံရတယ်။

“အိမ်ကို မြန်မြန်ပြန်ချင်ပြီ” ဒိုဂျင်က နေလှန်းထားတဲ့ ပြည်ကြီးငါးခြောက်လိုမျိုး ပျော့ခွေနေတဲ့ ပုံစံနဲ့ အသံကို ဆွဲပြီး ပြောလိုက်တယ်။

“မင်းက အီဆိုးလ်တို့ ဆိုင်မှာ သွားကူရမှာ မဟုတ်ဘူးလား”

“...အဲဒါ ငါ့အိမ်ပဲလေ”

“...မယားအိမ်တက် သမက်ဖြစ်ရတာလည်း မလွယ်ပါလား”

မာရူးက ဒိုဂျင်ရဲ့ ကျောကို ပုတ်ပေးလိုက်တယ်။

“အီဆိုးလ်ရဲ့ အမေက ငါ့ကို ကျောင်းပြီးရင် အလုပ်မရှာဘဲ ဆိုင်ကိုပဲ ဆက်ဦးစီးဖို့ ပြောတယ်”

“ကောင်းတာပေါ့။ အလုပ်လက်မဲ့ ဖြစ်နှုန်းတွေ မြင့်တက်နေတဲ့ ခေတ်ကြီးမှာ မင်းက အလုပ်အကိုင် အဆင်သင့် ရနေတာပဲ။ ဂုဏ်ယူပါတယ်”

“ဒါက ဂုဏ်ယူစရာ ကိစ္စလားဟ”

“စိတ်မလေစမ်းပါနဲ့။ အဲဒီလို ဘဝမျိုးကလည်း ဆိုးလှတာတော့ မဟုတ်ပါဘူး”

ဒိုဂျင်က အားမပါတဲ့ အပြုံးတစ်ခု ပြုံးလိုက်တယ်။

သူတို့ရဲ့ အတန်းပိုင်ဆရာက အိပ်ချင်မူးတူး မျက်လုံးတွေနဲ့ ဝင်လာတယ်။ ‘သန့်ရှင်းရေး သေသေချာချာ လုပ်ကြ’ လို့ တစ်ခွန်းပဲ မှာပြီး အတန်းထဲကနေ ပြန်ထွက်သွားတာပဲ။ ကျောင်းသားတွေကတော့ ဝမ်းသာအားရဖြစ်ပြီး အိမ်ပြန်ဖို့ ပြင်ကြတော့တယ်။

“မာရူး၊ သွားစို့” ဒေးမြောင်နဲ့ ဒိုဝူးက ကျောပိုးအိတ်တွေကို ကောက်လွယ်ရင်း လှမ်းခေါ်တယ်။ ဒီနေ့ကစပြီး ပြဇာတ်အသင်းက အလုပ်ရှုပ်တော့မယ်။ ပြဇာတ်သုံး ပစ္စည်းတွေနဲ့ ဝတ်စုံတွေကို အစကနေ ပြန်လုပ်ကြရမှာလေ။

“ဇာတ်ကွက်ကို ဘယ်လိုပုံဖော်ကြမလဲ”

“အချုပ်ခန်းဇာတ်ကွက်ဆိုတော့ သံတိုင်တွေ လုပ်ဖို့ လိုမလား”

“အဲဒါကို ဘယ်ကနေ သွားရမှာလဲ”

“ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်နေရာရာကနေ သွားနှိုက်လို့ရတာပဲ”

“ဒါကတော့ နည်းနည်း...”

ဒါကတော့ ရှေ့ကနေ လျှောက်သွားရင်း ပြောနေကြတဲ့ ဒေးမြောင်နဲ့ ဒိုဝူးတို့ရဲ့ စကားဝိုင်းပဲ။ လက်မှုအလုပ်တွေမှာ ထင်မှတ်မထားလောက်အောင် ကျွမ်းကျင်တဲ့ ဒိုဝူး ပါဝင်လာတာကြောင့် ပြဇာတ်သုံးပစ္စည်းတွေကို အလွယ်တကူ လုပ်နိုင်မယ့်ပုံပဲ။ အင်းလေ... သူ့အစ်မကလည်း လက်မှုအလုပ်တွေ တော်တဲ့လူဆိုတော့ ဒါက သိပ်ပြီး အံ့ဩစရာတော့ မဟုတ်ပါဘူး။ မျိုးရိုးဗီဇဆိုတာ တကယ်ကို ကြောက်စရာကောင်းတာပဲ။ နောက်ပိုင်းကျရင် သူ့ကို ပြဇာတ်သုံး မျက်နှာဖုံးအချို့ လုပ်ခိုင်းရမယ်လို့ မာရူး တွေးလိုက်ပြီးမှ... ဒါက မျိုးရိုးဗီဇကြောင့် မဟုတ်လောက်ဘူးဆိုတဲ့ ကောက်ချက်ကို ပြန်ချလိုက်မိတယ်။

ငါးထပ်ကို ရောက်တဲ့အခါ ပထမနှစ်ကျောင်းသားတွေက သူတို့ကို လှမ်းနှုတ်ဆက်ကြတယ်။ တစ်ယောက်ချင်းစီရဲ့ လက်ထဲမှာ ဇာတ်ညွှန်းစာအုပ်တွေ ကိုင်ထားကြတာကိုကြည့်ရင် သူတို့ ဇာတ်ညွှန်းဖတ်ဖို့ ပြင်နေကြပုံရတယ်။

“နည်းပြ မလာခင် ကိုယ်လက်လှုပ်ရှားမှု နည်းနည်း လုပ်ထားကြရအောင်” ဒေးမြောင်က လူတိုင်းရဲ့ရှေ့မှာ ရပ်ပြီး ပြောလိုက်တယ်။ အသင်းဥက္ကဋ္ဌ တာဝန်ယူကတည်းက သူက ခေါင်းဆောင်တစ်ယောက်နဲ့ ပိုပြီး တူလာခဲ့တယ်။ သူက လူတွေကို အမိန့်ပေးစေခိုင်းတတ်တဲ့ အမျိုးအစား မဟုတ်ဘဲ မိမိကိုယ်တိုင် အရင်ဦးဆောင်လုပ်ပြတတ်တဲ့ လူမျိုးမို့လို့ ပထမနှစ်ကျောင်းသားတွေထဲက ဘယ်သူမှ သူ့အပေါ် မကျေနပ်ချက် မရှိကြဘူး။ အကယ်၍ သူက ဂျူနီယာတွေကို ဒါလုပ်၊ ဟိုဟာလုပ်လို့ လျှောက်ပြောနေတဲ့လူသာဆိုရင် သူတို့ လိုက်လုပ်ကြမှာ ဖြစ်ပေမဲ့ သူ့ကို လုံးဝ သဘောကျကြမှာ မဟုတ်ဘူး။ သူက အကောင်းဆုံး ခေါင်းဆောင်ပုံစံမျိုးပဲ။

သူ့ကို ဥက္ကဋ္ဌနေရာ ပေးလိုက်တာ မှန်သွားတယ်လို့ မာရူး တွေးလိုက်မိတယ်။ သူလည်း ဒေးမြောင်ရဲ့နောက်ကနေ လိုက်ပြီး ခါးကိုလှည့်ရင်း ကိုယ်လက်ဆန့်ထုတ်လိုက်တယ်။ နောက်တစ်ခုကတော့ မျက်နှာကြွက်သားတွေ လှုပ်ရှားတာပဲ။ ဒါကတော့ မျက်နှာပေါ်က ကြွက်သားအားလုံးကို သုံးပြီး အမျိုးမျိုးသော မျက်နှာပေးတွေကို ဖန်တီးရတာဖြစ်ပါတယ်။ မိမိလုပ်နိုင်တဲ့ မျက်နှာပြောင်းလဲမှုတွေကို ပိုပြီး စုံလင်လာအောင် လုပ်တဲ့နေရာမှာ ဒါက သိပ်ကို အရေးကြီးတဲ့ အဆင့်တစ်ခုပဲ။

“ငါ့ကို လာမကြည့်နဲ့”

ဒိုဝူးက ကြောက်စရာကောင်းတဲ့ အပြုံးကြီးနဲ့ ပြောလိုက်တာကြောင့် မာရူး ခပ်တိုးတိုး ရယ်မိသွားတယ်။ အပေါ်သွားတွေ အကုန်ပေါ်တဲ့အထိ ညီညီညာညာ ပြုံးပြဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ နှုတ်ခမ်းထောင့်တွေကို မြှင့်လိုက်ရုံနဲ့ အပြုံးတစ်ခု ဖြစ်မလာဘူးလေ။ မှန်ရှေ့မှာ အကြိမ်ကြိမ် အခါခါ လေ့ကျင့်ပြီး နှုတ်ခမ်းဘေးက တင်းကျပ်နေတဲ့ ကြွက်သားတွေကို လျှော့ချနိုင်မှသာ အပြုံးအစစ်အမှန် ဖြစ်လာတာ။ လေယာဉ်မယ်တစ်ယောက်ရဲ့ အပြုံးဆိုတာလည်း တစ်ရက်တည်းနဲ့ ဖန်တီးယူလို့ရတာမျိုး မဟုတ်ဘူး။

မာရူးလည်း မှန်ရှေ့မှာရပ်ပြီး မျက်နှာအမူအရာနဲ့ သရုပ်ဆောင်တာကို လေ့ကျင့်နေတယ်။ ပြဇာတ်တစ်ခုမှာ မျက်နှာအမူအရာက တကယ်တော့ သိပ်ပြီး အရေးမကြီးလှပါဘူး။ ပရိသတ်က စင်မြင့်ရဲ့ ရှေ့တည့်တည့်မှာပဲ ရှိနေတဲ့ ပြဇာတ်ရုံအသေးစားတွေမှာတော့ အရေးကြီးပေမဲ့ ပြဇာတ်ရုံအကြီးစားတွေမှာကျတော့ သရုပ်ဆောင်တွေနဲ့ ပရိသတ်ကြားမှာ အကွာအဝေး တော်တော်ရှိတာကြောင့် သရုပ်ဆောင်တွေရဲ့ မျက်နှာအမူအရာကို ပရိသတ်က အလွယ်တကူ မမြင်နိုင်ဘူး။ သရုပ်ဆောင်တိုင်းကလည်း ဒီအချက်ကို သိကြတယ်။ ဒါကြောင့်ပဲ စင်ပေါ်မှာဆိုရင် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ပိုပြီး ကြီးကြီးမားမား လုပ်ပြကြတာပေါ့။ အမူအရာတွေကလည်း ဒီအတိုင်းပဲ။ ဝေးလံတဲ့ ပရိသတ်အတွက်တော့ မျက်နှာပေါ်က သေးငယ်တဲ့ လှုပ်ရှားမှုတွေက ဘာမှ အဓိပ္ပာယ်မရှိဘူးလေ။

ဒါကြောင့်ပဲ စင်ပေါ်မှာ ပိုလွန်နေပုံရတဲ့ ခံစားချက်တွေက သဘာဝမကျသလို ဖြစ်မနေတာ။ မာရူးက မှန်ရှေ့မှာ မျက်မှောင်ကုပ်ပြလိုက်ပြီးမှ... ဝမ်းသာအားရဖြစ်တဲ့ ပုံစံကို ဖော်ပြဖို့ ပါးစပ်ရော မျက်လုံးကိုပါ ပြဲပြဲကြီး လုပ်လိုက်ပြန်တယ်။ မတူညီတဲ့ အမူအရာတွေက မတူညီတဲ့ မျက်နှာကြွက်သားတွေကို သုံးရတာမို့လို့ မျက်နှာကြွက်သားတွေ ဖွံ့ဖြိုးလာအောင် တတ်နိုင်သမျှ အမူအရာအစုံကို လေ့ကျင့်ထားရမယ်။

“စီနီယာ။ စီနီယာ့ ပါးစပ်ကြီး စုတ်ပြဲသွားတော့မယ့်အတိုင်းပဲ” နောက်ကနေ အာရမ်က လှမ်းအော်တယ်။ ခေါင်းကို အသာလေး လှည့်ကြည့်လိုက်တော့ မှန်ရဲ့နောက်ကွယ်မှာ ဘန်ဂျူး၊ အာရမ်နဲ့ ဂျီယွန်းတို့ ရပ်နေကြတာကို မြင်လိုက်ရတယ်။

“ညည်းတို့လည်း လာလုပ်ကြလေ။ အစစ်အမှန်ကျရင် အမှားအယွင်း မရှိအောင် စောစောစီးစီး လေ့ကျင့်ထားရမယ်”

“ဒီလိုမျိုးလား” အာရမ်က ပြောရင်း မျက်မှောင်ကုပ်ပြတယ်။ မိန်းကလေးတစ်ယောက်အတွက် အခုလို မျက်နှာပေးမျိုး လုပ်ဖို့ဆိုတာ သိပ်တော့မလွယ်ဘူး။ ဂျီယွန်းက ရှက်ကိုးရှက်ကန်းနဲ့ ခဏလောက် တွန့်ဆုတ်နေပေမဲ့ နောက်တော့ အာရမ်လုပ်တဲ့အတိုင်း လိုက်လုပ်ရှာတယ်။ အာရမ်ရဲ့ ပုံစံက အချိန်မရွေး ဘဏ်ဓားပြတိုက်နိုင်တဲ့ ရာဇဝတ်ကောင်အစစ်ကြီးနဲ့ တူနေပြီး ဂျီယွန်းကျတော့ သူ့ရည်းစားရှေ့မှာ ချစ်စနိုးနဲ့ ကဲနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပုံစံခွက်အတိုင်းပဲ။ ဘန်ဂျူးကတော့ သူ့အစ်မရဲ့ အငွေ့အသက်တွေ ပါလာပုံရပြီး သူ့မျက်လုံးတွေက တခြားလူတွေနဲ့ မတူဘဲ ထူးခြားနေတယ်။

“ဘန်ဂျူး၊ မင်း ဒီနှစ်ယောက်နဲ့ အတူတူ လေ့ကျင့်လိုက်။ သူတို့နှစ်ယောက်လုံးက ဆိုးဝါးတဲ့ဘက်မှာတော့ တကယ်ကို အံ့ဩစရာကောင်းလောက်အောင် တော်ကြတယ်”

“ဟုတ်ကဲ့ပါ”

သူတို့ အသံလေ့ကျင့်ခန်းတွေပါ ပြီးသွားတဲ့အခါ ဆူယွန်းက တံခါးကနေ ဝင်လာတယ်။ သူ အမြဲတမ်း တပ်ထားတတ်တဲ့ နေကာမျက်မှန်ကို ချွတ်လိုက်ပြီးမှ ထိုင်လိုက်တယ်။

“ပူလိုက်တာ။ ငါ ညည်းတို့ကို စာသင်ပေးချင်တဲ့ စိတ်တောင် မရှိတော့ဘူး”

ကလေးတစ်ယောက်လို ညည်းညူနေတဲ့ ဆူယွန်းကို တစ်ဖက်မှာထားပြီး အသင်းသားတွေက ပြဇာတ်သုံးပစ္စည်းတွေအကြောင်း စဉ်းစားကြတော့တယ်။ သူတို့က အခုဆို ဆူယွန်းရဲ့ စရိုက်ကို ရိုးနေပြီလေ။ ဆူယွန်းက ခဏနေရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သူတို့ကို စာသင်ပေးတော့မယ်ဆိုတာ အားလုံး သိကြတယ်။

“သေနတ်လိုမျိုး ပစ္စည်းတစ်ခုခု ရှိရင် ကောင်းမလား”

“အဲဒါအတွက် အရုပ်သေနတ်တွေ ရှိတာပဲ။ သေနတ်အိတ်တွေလည်း ရှိမယ် ထင်တယ်”

“ဒါဆို အဲဒါကိုပဲ သုံးကြတာပေါ့။ ဘားမယ် နေရာအတွက်ကျတော့ ဘယ်လိုလုပ်ကြမလဲ”

ဒေးမြောင်က ဂျီယွန်းကို စိုးရိမ်တကြီး မျက်နှာပေးနဲ့ လှမ်းကြည့်တယ်။ မာရူးလည်း အဲဒီကိစ္စကို စိတ်ပူနေတာ။ ဘားမယ်လုပ်ရမယ်ဆိုရင် ဆွဲဆောင်မှုရှိတဲ့ ဝတ်စုံကို ဝတ်ရမှာဖြစ်ပြီး မိတ်ကပ်တွေ အထူကြီး လိမ်းရမှာလေ၊ ဂျီယွန်းတစ်ယောက် အဲဒါတွေကို အဆင်ပြေပြေ လုပ်နိုင်ပါ့မလားလို့ သူ တွေးနေမိတယ်။ ရှဥ့်ကလေးလို မျက်နှာမျိုးရှိတဲ့ ဒီကောင်မလေးနဲ့ ဘားမယ်ဆိုတဲ့နေရာက လုံးဝကို အဆင်မပြေလှဘူး။ လူကြီးတွေ ဖျော်ဖြေရေးလုပ်ငန်းမှာ အလုပ်လုပ်တဲ့လူဆိုရင် ဆွဲဆောင်မှုရှိတဲ့ မျက်လုံးအကြည့်မျိုး ရှိရမှာဖြစ်ပေမဲ့ ဂျီယွန်းကတော့ အဲဒါတွေအတွက် သိပ်ကို ရိုးအလွန်းနေတယ်။

ဂျီယွန်းက လူတိုင်းကို ပြန်ပြုံးပြနေတုန်းမှာပဲ ခပ်လှမ်းလှမ်းမှာရှိတဲ့ ဆူယွန်းက ဂျီယွန်းရဲ့ နောက်ကနေ လျှောက်လာပြီး ဖက်လိုက်တယ်။

“စိတ်မပူနဲ့။ ဒီအမကြီးက ညည်းကို အကုန်လုံး သင်ပေးမယ်”

“ဟင်... ဘာကြီးလဲဟင်”

“ငါ့ကိုသာ ယုံလိုက်စမ်းပါ”

ဆူယွန်းက မျက်စိတစ်ဖက် မှိတ်ပြလိုက်တယ်။ သူ အပူဒဏ်ကို ခံနိုင်ရည် ရှိသွားပြီ ထင်တယ်။ သူက မိမိအလုပ်အပေါ် သေသေချာချာ လုပ်တတ်တဲ့လူမို့လို့ ဂျီယွန်းကို သူ့လက်ထဲပဲ အပ်ထားလိုက်တာ ပိုကောင်းမယ်လို့ မာရူး တွေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် မိန်းကလေးအချင်းချင်း ဒီလိုကိစ္စမျိုးတွေကို ပြောပြရတာ ပိုပြီး လွယ်ကူတာပေါ့။

“လူလိမ်နေရာအတွက်ကတော့ ဝတ်စုံလိုမယ် မဟုတ်လား” အာရမ်က လက်ချောင်းတွေကို တစ်ခုနဲ့တစ်ခု ပူးချည်ရင်း မေးတယ်။ သူ့မျက်နှာက မျှော်လင့်ချက်တွေ အပြည့် ဖြစ်နေပုံရတယ်။

“ငါက စကတ်တို၊ အင်္ကျီအဖြူနဲ့ ဒေါက်ဖိနပ် ဝတ်မှာနော်”

“အဲဒါတွေကို ယူလို့ရမယ့်နေရာ ရှိလား” ဒေးမြောင်က မေးတယ်။ အာရမ်ကတော့ ယုံကြည်ချက်အပြည့်နဲ့ ‘မရှိဘူး’ လို့ ပြန်ဖြေတာပဲ။ အဲဒီအဝတ်အစားတွေကို အသင်းကပဲ ပြင်ဆင်ပေးရမယ်ဆိုတဲ့ သဘောမျိုး လှမ်းပြောလိုက်တာ။ ဘာလုပ်ရမှန်း မသိဖြစ်သွားတဲ့ ဒေးမြောင်က မာရူးကို လှမ်းကြည့်တယ်။

“နည်းပြ၊ နည်းပြဆီမှာ အဲဒီလို ဝတ်စုံရှိလား” မာရူးက ဆူယွန်းကို လှမ်းမေးလိုက်တယ်။ ဆူယွန်းက သူ့ရဲ့ လက်မနဲ့ လက်ညှိုးကို သုံးပြီး ဝိုင်းဝိုင်းကလေး လုပ်ပြတယ်။

“အာရမ်ရဲ့ ကိုယ်လုံးကိုယ်ပေါက်က ငါနဲ့ သိပ်မကွာတော့ ခါးနေရာကို ကြိုးနဲ့ နည်းနည်း ထပ်ချည်လိုက်ရင် တော်လောက်ပါတယ်”

“နည်းပြဆီမှာ ဒေါက်ဖိနပ်လည်း ရှိလားဟင်။ သမီး အမြဲတမ်း ဝတ်ကြည့်ချင်နေတာ”

“ရှိတာပေါ့။ ဒါဆိုလည်း အားလုံး ငါ့အိမ်ကို သွားကြတာပေါ့။ ဂျီယွန်း... ညည်းလည်း လာခဲ့။ ငါ့ရဲ့ အဝတ်လဲခန်းထဲကနေ ညည်းနဲ့ လိုက်ဖက်မယ့် အဝတ်အစားတွေကို ရှာပေးမယ်”

ဆူယွန်းက ပျော်နေတဲ့ ပုံစံပဲ။ အရုပ်တွေကို အဝတ်အစား လဲပေးရသလိုမျိုး တွေးနေတာလည်း ဖြစ်နိုင်တယ်။ အင်း... သူ သူ့အလုပ်ကို သေသေချာချာ လုပ်သရွေ့တော့ မာရူးအနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး၊ ဒါပေမဲ့ ဂျီယွန်း ရင်ဆိုင်ရမယ့်အရာတွေကို တွေးမိတဲ့အခါ ဂျီယွန်းကို နည်းနည်းတော့ သနားမိသား။ နောက်မှ အာရမ်ကို ဂျီယွန်းကို စောင့်ရှောက်ပေးဖို့ ပြောရမယ်လို့ သူ စိတ်ကူးလိုက်တယ်။

“လူလိမ်နဲ့ ဘားမယ် နေရာကတော့ အဆင်ပြေသွားပြီ။ ငါတို့ဆီမှာ ရဲဝတ်စုံလည်း ရှိသလို လူမိုက်ဝတ်စုံလည်း ရှိတယ်။ ဒါဆို အရက်သမားနေရာနဲ့ ငါ့နေရာပဲ ကျန်တော့တာပေါ့”

မာရူးက ပစ္စည်းစာရင်းကို ကြည့်ရင်း ပြောလိုက်တယ်။ ဒေးမြောင်က အဝတ်အစားတွေကို အပေါ်ထပ်ဆီ ယူလာပေးတာကြောင့် ဝတ်စုံအသစ် ပြင်ဆင်ရမယ့်ကိစ္စကို စိတ်ပူစရာ မလိုတော့ဘူး။ အရက်သမားနေရာအတွက်ကတော့ ပုံမှန် အဝတ်အစားဆိုရင် ရပြီလေ။ အင်္ကျီအဖြူနဲ့ စတိုင်ပင်ဘောင်းဘီအမည်း။ နက်ကတိုင်ကတော့ သူမ လက်ဆောင်ပေးထားတဲ့ နက်ကတိုင်ကို သုံးလို့ရတာပဲ။ အချိန်အတော်ကြာမှ ဝတ်စုံကို ပြန်ဝတ်ရတော့မယ်လို့ တွေးမိတဲ့အခါ သူ ပြုံးလိုက်မိတယ်။

“အခု ဇာတ်ကွက်ကို ဖန်တီးဖို့ လိုပြီ။ သံချောင်းတွေ သုံးရင်တော့ ထူးဆန်းနေမလား”

“အဲဒါတွေက သေးလွန်းတော့ ပရိသတ်က မြင်တောင် မြင်ရမှာ မဟုတ်ဘူး။ ပြီးတော့ အလေးချိန်ကလည်း ရှိသေးတယ်၊ စင်ပေါ်မှာ သယ်ရပြုရမှာဆိုတော့... ဝါးလုံး ဒါမှမဟုတ် သစ်သားကို ယူပြီး စပရေးဗူးနဲ့ ဆေးမှုတ်လိုက်တာက အကောင်းဆုံး ဖြစ်လိမ့်မယ်”

“ကောင်းသားပဲ” ဒေးမြောင်က ခေါင်းညိတ်ပြီး ပြဇာတ်သုံးပစ္စည်း စာရင်းကို စရေးတော့တယ်။ ဒီစာရင်း ပြီးသွားမှသာ အချိန်မဖြုန်းဘဲ ပစ္စည်းတွေကို သွားဝယ်လို့ရမှာလေ။

“ဝါးလုံးကတော့ ကောင်းပါတယ်။ ဘယ်ကနေ သွားရမှာလဲ” ဒေးမြောင်ရဲ့ မေးခွန်းကို ဒိုဝူးက အနီးအနားက အိမ်ရာဝင်းထဲမှာ ပတ်ဝန်းကျင်အလှဆင်ဖို့ သုံးထားတာတွေ ရှိတာမို့လို့ အဲဒီကနေ သွားယူလို့ရတယ်လို့ ပြန်ဖြေတယ်။ ဒေးမြောင်က ခေါင်းခါပြတယ်။

“ငါတို့ သစ်အလုပ်ရုံတွေ ဒါမှမဟုတ် ပတ်ဝန်းကျင်အလှဆင်တဲ့ ကျွမ်းကျင်သူတွေဆီမှာ စုံစမ်းကြည့်သင့်တယ်။ အစ်ကိုမင်တေး ကို မေးကြည့်ရအောင်။ သူက စင်မြင့်ဒါရိုက်တာဆိုတော့ သိမယ့်နေရာအချို့ ရှိမှာပဲ”

“အော်... ဟုတ်သားပဲ၊ အဲဒီလို လုပ်လို့ရတာပဲ”

အရာရာက ပုံစံတကျ ဖြစ်လာပြီ။ ကျန်တာကတော့ ပစ္စည်းအသေးအဖွဲတွေကို ပြင်ဆင်ဖို့ပဲ။

‘ပြဇာတ်အသင်းကလည်း ဘာပြဿနာမှမရှိဘဲ အဆင်ပြေပြေ လည်ပတ်နေတယ်၊ ရုပ်ရှင်ဘက်မှာလည်း ဘာပြဿနာမှ မရှိတော့ အရာအားလုံး အဆင်ပြေတယ်လို့ ပြောရမလား’

သေးငယ်တဲ့ ပြဿနာလေးတွေပါ အကုန်လုံး ပြေလည်သွားရင်တော့ ပိုကောင်းမှာပဲ။ မာရူးက သူ့ဖုန်းကို ထုတ်ကြည့်လိုက်တယ်။ ဖုန်းကို အသံပိတ်ထားတာဖြစ်ပြီး ဘာစာမှ ဝင်မလာသေးဘူး။ ဘာမှ မဖြစ်သေးလို့ ထင်တယ်နော်။

အင်းလေ... ဂွန်ဆူက ယုံကြည်ရတဲ့လူတစ်ယောက်မို့လို့ သူ့ကို စိတ်ချလို့ရပါတယ်။ ဂွန်ဆူကို ဒီကိစ္စအကြောင်း ပြောပြထားပြီးပြီဆိုတော့ ဘာဆက်လုပ်ရမလဲဆိုတာကတော့ သူ့အပေါ်မှာပဲ မူတည်တော့တယ်။ ဘာပဲဖြစ်ဖြစ် သူတစ်ပါးရဲ့ မိသားစုကိစ္စတွေထဲ ဝင်ပါရတာထက် ပင်ပန်းတာ ဘာမှမရှိဘူးလေ။

“မာရူး၊ ဒီကိစ္စကတော့...” ဒေးမြောင်က ဘောပင်နဲ့ သူရေးထားတဲ့ စာရင်းကို ထောက်ပြရင်း လှမ်းပြောတယ်။ မာရူးလည်း ဂွန်ဆော့အကြောင်း တွေးနေတာကို ရပ်လိုက်ပြီး လက်ရှိအလုပ်အပေါ်ကိုပဲ ပြန်အာရုံစိုက်လိုက်တော့တယ်။

* * * * * * * * *

All Chapters