← Chapters

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း(၂၄၉)

ဒီနေရာကို နောက်ထပ်တစ်ခါ ဘယ်တော့မှ ပြန်လာစရာ မလိုတော့ဘူးလို့ သူ ထင်ထားခဲ့တာ။ အဲဒီနေ့က သူ့အောင်မြင်မှုအကြောင်း အဖေဖြစ်သူကို ပြောပြလိုက်ကတည်းက ဒီမှာလုပ်စရာရှိတာတွေ အကုန်ပြီးသွားပြီလို့ သူ ယူဆခဲ့တာလေ။ တစ်နည်းပြောရရင် သူ မှန်ပြီး အဖေ မှန်ကန်မှုမရှိဘူးဆိုတာကို သက်သေပြလိုက်နိုင်တယ်။

အဖေက ပြုံးပြုံးကြီးနဲ့ သူ့ကို လိုက်ပို့တဲ့အချိန်မှာ ဂွန်ဆူကလည်း အဖေ့ကို ပြုံးပြုံးလေး ပြန်ကြည့်နိုင်ခဲ့တယ်။ ဒါက သူ လူလားမမြောက်ခင် အချိန်တုန်းကသာဆိုရင် အဖေ့ရဲ့ အဲဒီအပြုံးက သူ့ရင်ထဲကို မီးစနဲ့ထိုးသလို ခံစားရစေမှာပါ။ သူ မှားနေပါတယ်လို့ ဝန်ခံလာအောင်လည်း အဖေ့ကို အော်ဟစ်ပေါက်ကွဲမိဦးမှာ သေချာတယ်။ သို့ပေမဲ့ လူ့လောကကြီးအကြောင်း သိလာရကတည်းက ဒေါသထွက်တယ်ဆိုတာ တန်ဖိုးရှိတဲ့ အရာတစ်ခုခုအတွက်ပဲ သုံးရမယ့်အရာလို့ သူ နားလည်သွားခဲ့သလို၊ အဖေ့အပေါ် ဒေါသထွက်နေရတာဟာ သူတို့နှစ်ယောက်ကြားက အဓိပ္ပာယ်မရှိတဲ့ ပတ်သက်မှုအတွက် အချိန်ဖြုန်းတာသက်သက်ပဲလို့ တွေးမိသွားခဲ့တယ်။

ဒါကြောင့်မို့လည်း အဖေ့ကို သူ ပေးနိုင်သမျှထဲမှာ တန်ဖိုးအနည်းဆုံး အပြုံးအပျက်တစ်ခုကိုပဲ ပြန်ပေးခဲ့တာပေါ့။ အဖေ့ရဲ့ အပြုံးကြီး တောင့်ခဲသွားတာကို မြင်လိုက်ရတဲ့အချိန်မှာတော့ အရာအားလုံး ပြီးဆုံးသွားပြီလို့ ဂွန်ဆူ ခံစားလိုက်ရတယ်။

‘ဒါပေမဲ့ အခုတော့ ငါ ဒီကို ပြန်ရောက်နေပြန်ပြီ'

သူ တံခါးလော့ခ်ရဲ့ လျှို့ဝှက်နံပါတ်ကို နှိပ်လိုက်တယ်။ လျှို့ဝှက်နံပါတ်က ပြောင်းလဲမသွားသေးဘူး။ အဖေ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ ခေါင်းမာမှုတွေကို ဒီနေရာမှာတင် ခံစားလို့ရနေတယ်။ တစ်နေ့နေ့မှာ သူ့ရှေ့ ခေါင်းငုံ့ပြီး ပြန်လာမယ့် သားဖြစ်သူကို အဖေက မျှော်လင့်တကြီး စောင့်နေခဲ့တာလည်း ဖြစ်နိုင်တာပဲ။

သူ တံခါးကို ဖွင့်လိုက်တယ်။ ပထမဆုံး မြင်လိုက်ရတာက သေသေသပ်သပ် သိမ်းဆည်းထားတဲ့ အားကစားဖိနပ်တစ်စုံဖြစ်ပြီး၊ ဒုတိယမြင်လိုက်ရတာကတော့ သူ့အခန်းထဲကနေ ကပျာကယာ ထွက်လာတဲ့ ဂွန်ဆော့ ပါပဲ။ ပျာပျာသလဲ ဖြစ်နေတာ ထင်ရှားနေတဲ့ ဂွန်ဆော့ဟာ သူ့ကို ကြောင်အမ်းအမ်းမျက်နှာပေးနဲ့ ခဏလောက် စိုက်ကြည့်နေတယ်။ ဂွန်ဆူကပဲ အရင်ဆုံး လက်ပြနှုတ်ဆက်လိုက်ရတယ်။

“မတွေ့တာ ကြာပြီနော်"

“...မင်း... ဘာလို့...”

“ငါ့ထက် မင်းက အကြောင်းရင်းကို ပိုသိမှာပါ"

ဂွန်ဆူ ဖိနပ်ချွတ်ပြီး အထဲကို ဝင်ခဲ့တယ်။ အထဲကို ပေးမဝင်ဖို့ ဟန့်တားမယ့် ဂွန်ဆော့ကို ဘေးကို တွန်းဖယ်ပြီး အဓိကအိပ်ခန်းတံခါးကို ဖွင့်လိုက်တယ်။ သေသေသပ်သပ် ပြင်ဆင်ထားတဲ့ ကုတင်ကိုပဲ မြင်ရတယ်။

“အဖေကော"

“မပြန်လာသေးဘူး။ ဒါထက် မင်း ဒီမှာ ဘာလာလုပ်တာလဲ"

“သူ ပြန်လာခါနီးအချိန် ရောက်နေပြီ မဟုတ်ဘူးလား"

ဂွန်ဆော့ တစ်ယောက် ဂဏာမငြိမ် ဖြစ်နေတာကို ကြည့်ပြီး ဂွန်ဆူ ရင်ထဲမှာ ခါးခါးသီးသီး ပြုံးမိတယ်။ အလယ်တန်းကျောင်းသားဘဝတုန်းကတည်းက ဂွန်ဆော့ ဒီလောက်အထိ ဂဏာမငြိမ်ဖြစ်နေတာကို သူ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ အဲဒီတုန်းကတော့ သူက ဂွန်ဆော့ရဲ့ လက်ကိုဆွဲပြီး ဒယ်ဟတ်ရို ဆီ ခေါ်သွားခဲ့တာပေါ့။

“ဒီနေရာကနေ အခုချက်ချင်း ထွက်သွားစမ်း"

အဲဒီအော်သံထဲမှာ အနိုင်ကျင့်လိုတဲ့ စိတ်ရိုင်းတွေ မပါဝင်ဘဲ မျှော်လင့်ချက်မဲ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေပဲ ပြည့်နှက်နေတယ်။ ဂွန်ဆော့က တံခါးဝဆီကိုပဲ တုန်ရင်နေတဲ့ မျက်ဝန်းတွေနဲ့ တောက်လျှောက် ကြည့်နေခဲ့တယ်။ တံခါးပွင့်လာတာနဲ့ ချက်ချင်းပဲ ကမ္ဘာကြီး ပျက်စီးသွားတော့မယ့်အတိုင်း ခံစားနေရသလိုမျိုးပဲ။

ဂွန်ဆူ ရေအေးသောက်ဖို့ ရေခဲသေတ္တာကို ဖွင့်လိုက်တယ်။ အဲဒီအချိန်မှာ ဂွန်ဆော့ကတော့ မငြိမ်မသက်ဖြစ်နေတဲ့ ခြေလှမ်းတွေနဲ့ ဝရန်တာဘက်ကို လျှောက်သွားတယ်။ သူက အပြင်ဘက်ကို လှမ်းကြည့်ဖို့ ခြေဖျားထောက်နေတာ။ အဖေ့ရဲ့ ကားကို လှမ်းရှာနေတာလည်း ဖြစ်နိုင်တယ်။

“ဟေ့ မင်း ရူးနေလား။ အဖေ အိမ်ပြန်လာရင် မင်း ဘယ်လိုလုပ်မလဲ"

“စိတ်မလှုပ်ရှားဘဲ ရေလေးဘာလေး သောက်လိုက်ဦး။ မင်း မျက်နှာကြီး ဖြူလျော်နေတာပဲ"

ဂွန်ဆူက ဂွန်ဆော့ကို ရေတစ်ခွက် ကမ်းပေးပေမယ့် ဂွန်ဆော့က လက်မခံခဲ့ဘူး။ လက်မခံတဲ့အပြင် လက်နဲ့ပါ ပုတ်ထုတ်ပစ်လိုက်သေးတယ်။ ခွက်က ဂွန်ဆူ့လက်ထဲကနေ လွတ်ထွက်သွားပြီး ရေခဲသေတ္တာကို သွားရိုက်မိကာ အစအနတွေဖြစ်အောင် ကွဲအက်သွားတော့တယ်။ ဒေါသတကြီးနဲ့ အသက်ရှူပြင်းနေတဲ့ ဂွန်ဆော့ဟာ ကြမ်းပြင်ပေါ်မှာ ဖန်ကွဲစတွေနဲ့ ရေတွေ ပျံ့ကြဲသွားတာကို မြင်တော့မှ ထိတ်လန့်သွားရှာတယ်။

“ငါ... ငါ အဖေမလာခင် ဒါတွေကို ရှင်းရမယ်"

အဲဒီဖန်ကွဲစတွေကို လက်ဗလာနဲ့ ကောက်ဖို့ပြင်နေတဲ့ ဂွန်ဆော့ကို ဂွန်ဆူ တားလိုက်ရတယ်။ ဘယ်အရာကများ သူ့ကို ဒီလိုမျိုး ဖြစ်သွားစေတာပါလိမ့်။ ဂွန်ဆော့က တကယ်ပဲ ချောက်ကမ်းပါး အစွန်းမှာ မတ်တတ်ရပ်နေရသလိုမျိုး ဖြစ်နေတာကို ဂွန်ဆူ ခံစားမိလိုက်တယ်။ အသက်ဆက်ရှင်ဖို့အတွက် အသည်းအသန် ရုန်းကန်နေရတဲ့ပုံစံမျိုးပဲ။

“ဟောင်ဂွန်ဆော့"

“ဘာလဲ”

“မင်း ဒီအိမ်မှာပဲ ဆက်ပြီး နေဦးမှာလား"

အဲဒီစကားကို ကြားတော့ ဂွန်ဆော့ တုန်လှုပ်သွားတယ်။ သူက ကြောက်ရွံ့မှုတွေ ပြည့်နေတဲ့ မျက်လုံးတွေနဲ့ သူ့ကို ခဏလောက် မော့ကြည့်ပြီးမှ သူ့လက်ကို ခါပစ်ကာ ဖန်ကွဲစတွေကို ပြန်ကောက်ဖို့ ပြင်ပြန်တယ်။

“ဖယ်စမ်း။ လက်ရှကုန်မယ်"

ဂွန်ဆူ လက်သုတ်ဝတ်တစ်ခု ယူလာပြီး ဖန်ကွဲစတွေကို စုစည်းကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။

“မင်း ငါ့ကို လာနှိပ်စက်တာဆိုရင်လည်း သွားတော့။ ငါ အခုလည်း စိတ်ဆင်းရဲလှပြီ"

ဂွန်ဆူက သူ့ညီရဲ့ မျက်နှာကို တည့်တည့်စိုက်ကြည့်ရင်း မေးလိုက်တယ်။

“မင်းကို အဖေရိုက်တာ ခံထားရတာလား"

ဂွန်ဆူ ကိုယ်တိုင် ပြဇာတ်အသင်းမှာ ဆက်လုပ်မယ်လို့ အဖေ့ကို ပြောခဲ့တုန်းက သူ့ပါးကို ဖြတ်ရိုက်တာ ခံခဲ့ရဖူးတယ်။ အရှိန်ကြောင့် မျက်နှာ လည်ထွက်သွားတဲ့အချိန်မှာ သူ့ရင်ထဲမှာ မခံချင်စိတ်တွေ လှေကြီးထိုးရိုးထိုး ပေါ်လာခဲ့ပြီး အဲဒီခံစားချက်တွေကို အဖေ့ရှေ့မှာပဲ အရှိန်အဟုန်နဲ့ ဖွင့်ချပစ်ခဲ့တာ။ အဲဒီနောက်ပိုင်းမှာတော့ အကြမ်းဖက်တာမျိုး မရှိတော့ဘူး။ ဆူပူကြိမ်းမောင်းတာတွေက ပိုဆိုးလာပေမယ့် ကိုယ်ထိလက်ရောက် ရိုက်နှက်တာမျိုးတော့ မရှိခဲ့ပါဘူး။

“....”

ဂွန်ဆော့ ကြောက်လန့်တကြား မျက်နှာပေးနဲ့ နောက်ဆုတ်သွားတယ်။ ဒါက ငယ်ငယ်တုန်းကတည်းက သူ မကြာခဏ မြင်ဖူးတဲ့ တုံ့ပြန်မှုမျိုးပဲ။ မလေးမခန့်နိုင်တဲ့ ဒီညီအစ်ကိုတွေက သူတို့ ထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးမှာဆိုရင် တကယ့်ကို ထက်မြက်တဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်ကြပေမယ့် သူတို့ရဲ့ အစီအစဉ်ထဲကနေ တစ်ခုခု လွတ်ထွက်သွားတာနဲ့ တွေးခေါ်နိုင်စွမ်းတွေ ရပ်တန့်သွားတတ်ကြတယ်။

သာမန်အားဖြင့် လူတွေက မိမိမထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုး ကြုံလာရရင်တောင် ဇွဲနပဲနဲ့ တစ်ခုခုလုပ်ပြီး ကျော်ဖြတ်ဖို့ ကြိုးစားကြစမြဲပဲ၊ ဒါပေမဲ့ ဂွန်ဆော့မှာတော့ အဲဒီလိုမျိုး လုံးဝမရှိဘူး။ အတားအဆီးတစ်ခုခုနဲ့ တွေ့လိုက်တာနဲ့ သူက မူးနောက်နောက် အခြေအနေမျိုး ဖြစ်သွားတော့တာပဲ။ ကားအင်ဂျင်တစ်ခုလိုမျိုးပေါ့။ အင်ဂျင်တစ်ခုက သူ့ရဲ့ ကန့်သတ်ချက်အတွင်းမှာဆိုရင် အကောင်းဆုံး မောင်းနှင်နိုင်ပေမယ့် အဲဒီကန့်သတ်ချက်ကို ကျော်လွန်သွားတာနဲ့ ချက်ချင်းပဲ စက်ချို့ယွင်းမှုတွေ စတင်လာတော့တာပဲ။

သူ့ညီရဲ့ တုံ့ပြန်မှုက ပုံမှန်မဟုတ်ဘူးဆိုတာကို ဂွန်ဆူ ရိပ်မိလိုက်တယ်။ ဒါက ဆူပူကြိမ်းမောင်းစကား အနည်းငယ်ကြောင့် ဖြစ်လာမယ့် အဆင့်မျိုး မဟုတ်တော့ဘူး။ သူ အကြီးအကျယ် ကြောက်လန့်နေတာ။ သူ ဂွန်ဆော့ကို အထက်အောက် အကဲခတ်ကြည့်လိုက်တယ်။ သူက လက်ရှည်အင်္ကျီနဲ့ ဘောင်းဘီအရှည်ကို ဝတ်ထားတာပဲ။ ဂွန်ဆော့က ငယ်ငယ်တုန်းကတည်းက အပူဒဏ် မခံနိုင်လို့ မေလလောက် ရောက်ပြီဆိုတာနဲ့ လက်တိုတွေ၊ ဘောင်းဘီတိုတွေပဲ ဝတ်တတ်တာ။ အခု လက်ရှည်အဝတ်အစားတွေ ဝတ်ထားတယ်ဆိုကတည်းက...

“မင်း ဘာလို့ လက်ရှည်တွေ ဝတ်ထားတာလဲ"

“....”

“ငါ့ကိုတောင် ပြောပြလို့မရတဲ့အထိ ဆိုးဆိုးဝါးဝါး ဖြစ်နေလို့လား"

“တောင်းပန်ပါတယ်၊ ဘာမှမမေးဘဲ အခုချက်ချင်း ထွက်သွားပေးပါတော့”

ဂွန်ဆော့ ထောင့်တစ်နေရာဆီ ထွက်ပြေးသွားပြီး အော်ဟစ်လိုက်တယ်။ ဂွန်ဆူ့နားထဲမှာတော့ အဲဒီအသံက အသက်ဘေးကနေ အသည်းအသန် ကယ်တင်ဖို့ တောင်းပန်နေတဲ့ အသံမျိုးလို ကြားနေရတယ်။

ဂွန်ဆူ့ မျက်နှာ တင်းမာသွားပြီး ဂွန်ဆော့နားကို ချဉ်းကပ်ကာ သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်တယ်။ သူရော သူ့ညီပါ အရပ်က 180cm ပတ်ဝန်းကျင် ရှိကြတာပဲ။ ဂွန်ဆော့ရဲ့ ခန္ဓာကိုယ်ထည်က ပိုကြီးပေမယ့် သာမန်ခွန်အားပိုင်းမှာတော့ ဂွန်ဆူကပဲ အနိုင်ရတယ်။ ရုန်းကန်နေတဲ့ ညီဖြစ်သူကို ဖိနှိပ်ထားရင်း ဂွန်ဆူက သူ့ညီရဲ့ အင်္ကျီလက်စ ပင့်တင်လိုက်တယ်။ လက်ဖျံမှာတော့ ဘာဒဏ်ရာမှ မရှိပေမယ့် လက်မောင်းအထက်ပိုင်းမှာတော့ ညိုမဲစွဲနေတဲ့ ဒဏ်ရာတွေကို မြင်လိုက်ရတယ်။

ဂွန်ဆူ မျက်မှောင်ကြုတ်လိုက်မိတယ်။ အဖေက ဒီကလေးကို လှဲချပြီး ခြေထောက်နဲ့ နင်းခြေခဲ့ရင်တောင် ဒီလိုမျိုး ဒဏ်ရာတွေ ရှိမနေနိုင်ဘူး။ ဒါတင်မကသေးဘဲ သေးသွယ်တဲ့ အရာတစ်ခုခုနဲ့ အရိုက်ခံထားရသလိုမျိုး ရှည်လျားတဲ့ ဒဏ်ရာညိုညိုကြီးတွေလည်း ရှိနေသေးတယ်။ အဲဒီအချိန်မှာပဲ ဂွန်ဆူ့မျက်လုံးက အဲကွန်းဘေးနားတင် ရှိနေတဲ့ ဂေါက်သီးရိုက်တံအိတ်ဆီ ရောက်သွားတယ်။

“မင်း အဲဒါနဲ့ အရိုက်ခံရတာလား"

“မဟုတ်ဘူး၊ ငါ အဲဒါနဲ့ အရိုက်ခံရတာ မဟုတ်ဘူး"

ဂွန်ဆော့ ငိုတော့မယ့်အတိုင်း ဖြစ်နေရှာတယ်။ ဂွန်ဆူက ဂွန်ဆော့ရဲ့ ကျောဘက်ကို လှမ်းကြည့်လိုက်ပြန်တယ်။ အဝတ်အစားတွေအောက်မှာ ညိုမဲနေတဲ့ ဒဏ်ရာတွေကို မြင်နေရတယ်။ အဲဒီ ညိုမဲစွဲနေတဲ့ ဒဏ်ရာတွေကို မြင်လိုက်ရတဲ့ ခဏမှာပဲ သူ့စိတ်တွေ အေးစက်သွားတော့တယ်။

“သူ တကယ်ပဲ အဆုံးအစွန်အထိ လုပ်လိုက်တာကိုး"

ဒါက ဆုံးမသွန်သင်တဲ့ အဆင့်ထက် ကျော်လွန်သွားပြီ။ အဖေက အာဏာရှင်ဆန်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိလိမ့်ဦးမယ်လို့ ဂွန်ဆူ ထင်ထားခဲ့တာ၊ ဒါပေမဲ့ သူ မှားသွားခဲ့တာပဲ။ ဂွန်ဆော့က သူ့ကို ဆဲဆိုပြီး အဝတ်အစားတွေကို ပြန်ပြင်ဝတ်တယ်။ သူ့ညီ့ဆီကနေ ဒေါသအဟုန်တွေ ထွက်ပေါ်နေတာကို ထင်းထင်းကြီး မြင်နေရသလိုပဲ။

“ငါ့ကိစ္စထဲ ဝင်မစွက်ဖက်ဘဲ အခုချက်ချင်း ထွက်သွားစမ်းပါ”

သူ့ညီက တကယ်ပဲ ချစ်စရာမကောင်းတဲ့ ကောင်လေးပါ။ သို့ပေမဲ့လည်း ဒီအတိုင်း ပစ်ထားခဲ့လို့တော့ မဖြစ်ဘူးလေ။

“ဟေ့၊ မင်း ဒီအိမ်ကနေ ထွက်ခဲ့သင့်ပြီ"

“ဘာလဲ"

“ငါ့အိမ်ကို လိုက်ခဲ့။ စားဖို့သောက်ဖို့နဲ့ အဝတ်လျှော်ဖို့ကိစ္စတွေကို မင်းပဲ တာဝန်ယူလိုက်"

“မင်း ရူးနေလား။ အဖေ သိသွားရင် ငါ သေလိမ့်မယ်။ အသက်ပါ ပျောက်သွားလိမ့်မယ်”

“မင်း ဒီမှာ ဆက်နေရင်လည်း သေမှာပဲ။ အိမ်တွင်းအကြမ်းဖက်မှုကြောင့် ကလေးတစ်ယောက် သေဆုံးသွားတယ်ဆိုတဲ့ သတင်းမျိုးကို ငါ မမြင်ချင်ဘူးဗျာ။ သူ စည်းကျော်သွားပြီ။ ကလေးတစ်ယောက်ကို ဂေါက်သီးရိုက်တံနဲ့ ရိုက်တယ် ဟုတ်လား။ သူ ရူးနေပြီ"

“မင်းဘာမင်း သွား။ ငါ ဒီမှာပဲ နေရမယ်"

ဂွန်ဆော့ ခေါင်းခါယမ်းပြီး နေရာကနေ လုံးဝမရွေ့ဘူး။

“မင်းက ဒီမှာပဲ ဆက်နေမယ် ဟုတ်လား"

“အခုကျမှ ငါ့ကို ဂရုစိုက်ချင်ယောင်ဆောင်မနေနဲ့။ အဖေက မင်းနဲ့ငါ အတူရှိနေတာကို မကြိုက်ဘူး၊ ဒါကြောင့် တောင်းပန်ပါတယ်၊ မင်း ခါတိုင်း လုပ်နေကျအတိုင်း ငါ့ကိုပဲ ပစ်ထားလိုက်ပါတော့ အခုကျမှ ညီအစ်ကိုလိုမျိုး လာပြီး ဂရုစိုက်ချင်ယောင်ဆောင်နေတာကို ငါ အော့နှလုံးနာလှပြီ"

ဂွန်ဆော့က သူ့ရဲ့ ရန်လိုမုန်းတီးမှုတွေကို ဖွင့်ချလိုက်တယ်။ ဒါကို ကြည့်ပြီး ဂွန်ဆူ့စိတ်ထဲမှာ ဒဏ်ရာတွေအပြည့်နဲ့ ရန်လိုတတ်တဲ့ ခွေးတစ်ကောင်ကို သွားသတိရမိတယ်။ ခွေးတိုက်ပွဲကွင်းထဲကို တွန်းပို့ခံထားရပေမယ့်လည်း သူ့သခင်ကို မြီးတုန်တုန်နဲ့ ကပ်နေရှာတဲ့ သနားစရာ တိုက်ခွေးလေးပေါ့။ ရက်စက်တဲ့သခင်ကို ပြန်ကိုက်ပြီး ထွက်ပြေးဖို့ထက် စကားနားထောင်ရတာက ပိုလွယ်ကူလိမ့်မယ်လို့ ထင်နေတဲ့ ခွေးမျိုး။ သူ တကယ် သနားစရာကောင်းပါတယ်။ ဂွန်ဆော့ကသာ သူ့ညီ ဖြစ်မနေခဲ့ဘူးဆိုရင် သူ သနားနေမယ့်အစား လူမိုက်ကလေးလို့ပဲ သတ်မှတ်မိမှာ သေချာတယ်။

‘ဒါပေမဲ့ သူက ငါ့ရဲ့ တစ်ဦးတည်းသော ညီလေး ဖြစ်နေတာပဲ'

ဂွန်ဆော့ကို ကိုယ်ပိုင်ထင်မြင်ချက်လေးတောင် ထုတ်ဖော်မပြောနိုင်ဘဲ ခွေးတစ်ကောင်လို ရှင်သန်ပြီး သေဆုံးသွားအောင် သူ ခွင့်မပြုနိုင်ဘူး။ ဂွန်ဆော့က အဖေ့ကို တစ်ခါမှ ပြန်မလှန်ခဲ့ဖူးဘူး။ အဖေကလည်း လူသားတစ်ယောက်ပါပဲ။ သူ အန္တရာယ်ရှိတယ်လို့ ခံစားရတဲ့အချိန်ကျရင် ရပ်တန့်တတ်တာပဲ။ ဂွန်ဆူ ကိုယ်တိုင် ပါးတစ်ချက်အရိုက်ခံရရုံနဲ့ ပြီးသွားခဲ့တာကို ကြည့်ရင် သိနိုင်တယ်။

အဖေက သူ့ကို အန္တရာယ်ပြုနိုင်မယ့်သူမျိုးကို ဘယ်တော့မှ အကျပ်ရိုက်အောင် တွန်းပို့ပြီး ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲ မထည့်တတ်ဘူး။ ဘယ်လောက်တောင် ကောက်ကျစ်စဉ်းလဲလိုက်သလဲ။ ပြီးတော့ အဲဒီကောက်ကျစ်တဲ့လူက ဂွန်ဆော့ရဲ့ သဘာဝအမှန်ကို မြင်သွားခဲ့တာ သေချာတယ်။ ကိုယ့်သားအရင်းပဲ၊ ဂွန်ဆော့က ဘယ်လိုလူစားမျိုးလဲဆိုတာ သိဖို့က လွယ်လွယ်လေးပေါ့။ သူ့လက်ထဲကနေ ဘယ်တော့မှ ထွက်ပြေးမှာမဟုတ်တဲ့ လိမ္မာတဲ့ ခွေးတစ်ကောင်။ အဖေက ဂွန်ဆော့ကို အဲဒီလိုမျိုးပဲ အကဲဖြတ်ထားခဲ့တာ ဖြစ်ရမယ်။

“သူ ဒီညလည်း မင်းကို ဂေါက်သီးရိုက်တံနဲ့ ထပ်ရိုက်ဦးမှာ။ မနက်ဖြန်ရော၊ သန်ဘက်ခါရော အတူတူပဲ ဖြစ်နေလိမ့်မယ်။ ဒါက ပြီးဆုံးသွားမှာ မဟုတ်ဘူး။ အဲဒါကို မင်းက အကုန်လုံး အောင့်ခံမယ်လို့ ပြောနေတာလား"

“....”

“မင်း ပြန်မခုခံနိုင်ရင်တောင် ထွက်ပြေးဖို့တော့ ကြိုးစားကြည့်လို့ရတာပဲ။ အဖေက မင်းကို တောက်လျှောက်ကြီး လိုက်ရိုက်နေမှာ မဟုတ်ဘူး။ အဲဒီလူက သူ့သိက္ခာကျမှာကို သေရမှာထက် ပိုကြောက်တာမို့ အဲဒီအဆင့်အထိတော့ လုပ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ငါ တစ်ခုတော့ အသေအချာ ပြောနိုင်တယ်။ မင်း အဲဒီလူကျွေးတဲ့ ထမင်းကို ဆက်စားပြီး သူ ဖြစ်စေချင်တဲ့ ဘဝအတိုင်းပဲ ဆက်ပြီး ရှင်သန်သွားရလိမ့်မယ်။ မင်း အခုအချိန်မှာ အဲဒီလိုဘဝမျိုးနဲ့ ယဉ်ပါးနေလောက်ပြီဆိုပေမယ့် မင်းမှာ ခုခံချင်တဲ့ အားအင်လေးတော့ ကျန်သေးတယ် မဟုတ်လား။ အခုအချိန်ဆိုရင် မင်း လုပ်နိုင်သေးတယ်"

ဂွန်ဆော့ သွားကြိတ်ပြီး သူ့ကို စိုက်ကြည့်နေတယ်။

“မင်း အခုမှ မလုပ်ရင် နောက်ဆို အသက်ရှူဖို့အတွက်တောင် အဲဒီလူရဲ့ အမိန့်ကို စောင့်နေရလိမ့်မယ်။ မင်းဘဝကို အဲဒီလိုမျိုးပဲ ဖြစ်စေချင်တာလား"

“မင်းက ငါ့အကြောင်း ဘာသိလို့လဲ...”

“ငါ မသိဘူး။ ဒါပေမဲ့ နောင်လာမယ့် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ငါ အထင်အရှား မြင်နေရတယ်။ မင်း အဲဒီလူ့ရှေ့မှာ အညံ့ခံဖို့ စတင်နေပြီဆိုကတည်းက သူက မင်းကို စိတ်ကြိုက်ကစားလို့ရတဲ့ အရုပ်တစ်ခုလိုမျိုးပဲ မြင်တော့မှာ။ မင်းခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက အဲဒါရဲ့ သက်သေပဲ။ နောက်ဆို မင်းအပေါ် ထိန်းချုပ်မှုတွေက ပိုပြီးတော့တောင် မြင့်တက်လာဦးမှာ။ နောက်ဆုံးကျရင် ဂေါက်သီးရိုက်တံနဲ့ အရိုက်ခံရတာကိုတင် ကံကောင်းတယ်လို့ သတ်မှတ်ရမယ့် အခြေအနေမျိုး ရောက်သွားလိမ့်မယ်"

ဂွန်ဆူ သက်ပြင်းတစ်ချက် ချလိုက်မိတယ်။

“မင်း အလယ်တန်းတုန်းက မင်းကို ဒယ်ဟတ်ရို ဆီ ငါ ခေါ်သွားခဲ့တဲ့အချိန်မှာ မင်း ပြောင်းလဲလာလိမ့်မယ်လို့ ငါ ထင်ခဲ့တာ။ မင်းမှာ ကိုယ်ပိုင်အိပ်မက်လေးတွေ ရှိလာပြီလို့ ငါ ယုံကြည်ခဲ့တာ။ ဒါပေမဲ့ မင်းက ဘာမှပြောင်းလဲမသွားခဲ့ဘူး။ အဖေ့စကားထက် ငါ့စကားကို ခဏတဖြုတ် နားထောင်ခဲ့တာ သက်သေပဲ။ အခုတော့ မင်းက အဖေ့နောက်ကိုပဲ လိုက်နေတဲ့ လိမ္မာတဲ့ကလေးကြီး ဖြစ်နေပြီ။ ဂွန်ဆော့၊ နာကျင်မှုကို ထုတ်ဖော်မပြောပြနိုင်တာ အရုပ်တွေပဲ ရှိတယ်။ မင်းက ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်မပြလေလေ အဖေက မင်းကို အရုပ်တစ်ရုပ်လိုမျိုး ပိုပြီး ဆက်ဆံလေလေ ဖြစ်မှာပဲ"

“...ဒါဆို ငါ့ကို ဘာလုပ်စေချင်တာလဲ"

“အိမ်ကနေ ထွက်ခဲ့။ မင်း ပြန်မခုခံနိုင်ရင် ထွက်ပြေးရမယ်။ မင်းကို ငါ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါပေမဲ့ မင်း အသက်နှစ်ဆယ်ပြည့်ရင်တော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရလိမ့်မယ်"

“အဖေက ငါ့ကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး"

“မင်း တော်တဲ့အရာကို မင်း လုပ်လို့ရတာပဲ"

“ငါ တော်တဲ့အရာ ဟုတ်လား"

အဲဒီအချိန်မှာပဲ တီတီဆိုတဲ့ အသံအနည်းငယ် ထွက်ပေါ်လာပြီး တံခါး ပွင့်သွားတော့တယ်။ အဖေဖြစ်သူက သူ့ရဲ့ နက်ကတိုင်ကို လျှော့ရင်း အထဲ ဝင်လာခဲ့တယ်။ ဂွန်ဆူကတော့ အပြုံးလေးနဲ့ ဆီးကြိုလိုက်တာပေါ့။

“ခဏလောက် လာလည်တာပါ"

“...အေး"

“အဖေ၊ ဂွန်ဆော့က အဖေ့ကို ပြောစရာ ရှိတယ်တဲ့"

ဂွန်ဆူက ဂွန်ဆော့ရဲ့ ပုခုံးကို ဆုပ်ကိုင်ပြီး ရှေ့ကို တွန်းထုတ်လိုက်တယ်။ အကယ်၍ ဂွန်ဆော့က ဒီနေရာမှာတင် ဘာမှထုတ်မပြောနိုင်ဘူးဆိုရင်တော့ သူ့ကို အတင်းအဓမ္မ ခေါ်ထုတ်သွားဖို့ သူ စီစဉ်ထားပြီးသားပဲ။

“ပြောစရာ ရှိတယ် ဟုတ်လား"

ဖိနပ်ချွတ်ရင်းနဲ့ အဖေက ဂွန်ဆော့နားကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာတယ်။ ဂွန်ဆော့ တစ်ကိုယ်လုံး တုန်ရင်နေတာကို ဂွန်ဆူ ခံစားမိလိုက်တယ်။ ဂွန်ဆော့က အဖေ့ထက် အရပ် 10cm ကျော် ပိုမြင့်ပေမယ့် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကတော့ သုံးနှစ်သားကလေးထက်တောင် ပိုပြီး ငယ်ရွယ်နေပုံရတယ်။

“ဟောင်ဂွန်ဆော့။ ငါ့ကို ပြောစရာရှိတာက ဘာလဲ"

“ကျ... ကျွန်...ကျွန်တော်...”

“ဟောင်ဂွန်ဆော့၊ ငါ မင်းကို ဘာသင်ပေးထားလဲ။ မင်း စကားပြောရင် အမြဲတမ်း ရှင်းရှင်းလင်းလင်းနဲ့ အသံကျယ်ကျယ် ပြောရမယ်"

အဲဒီစကားကို ကြားလိုက်ရတဲ့ ခဏမှာပဲ ဂွန်ဆော့ရဲ့ တုန်ရင်မှုတွေက မှော်ဆန်ဆန် ပျောက်ကွယ်သွားတော့တယ်။ ဂွန်ဆူ ခါးခါးသီးသီး ပြုံးလိုက်မိတယ်။ ညီဖြစ်သူအပေါ် လွှမ်းမိုးထားတဲ့ အဖေ့ရဲ့ အရိပ်မည်းကြီးက တကယ်ကို ထူထဲလွန်းလှပါတယ်။

‘ဒါပေမဲ့လည်း ဒါက ကောင်းတဲ့ဘက်ကို ဦးတည်သွားတာပဲ'

အံ့ဩစရာကောင်းတာက အဖေ့ရဲ့ အမြင့်ဆုံးအမိန့်စကားကြောင့်ပဲ ဂွန်ဆော့ စကားပြောဖို့ သတ္တိတွေ ပြန်ရလာပုံရတယ်။ ဒါက တကယ့် သတ္တိဟုတ်မဟုတ်ကတော့ သီးသန့်အကြောင်းအရာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ဂွန်ဆော့ အခုလို စကားထုတ်ပြောနိုင်လာတာက ကောင်းတဲ့အချက်ပါပဲ။

“ကျွန်တော် အစ်ကို့အိမ်မှာ ခဏလောက် သွားနေမလို့။ အဖေ ခွင့်မပြုဘူးဆိုရင်လည်း...”

ဂွန်ဆော့ အဲဒီစကားလုံးတွေကို ထုတ်ပြောဖို့ တကယ်ကို ခဲယဉ်းနေရှာတယ်။ ပြစ်မှုတစ်ခုခုကို ဝန်ခံနေရသလိုမျိုးပဲ။ အဲဒီအချိန်မှာပဲ သူက သူ့ရဲ့ အင်္ကျီလက် ပင့်တင်လိုက်သေးတယ်။ ဂွန်ဆူက အဖေ့ကို လှမ်းကြည့်လိုက်တယ်။ အဖြေကို သူ ကြိုတင်ခန့်မှန်းနိုင်တာပေါ့။

“သွားလေ"

ဂွန်ဆော့ စကားတောင် မဆုံးသေးခင်မှာပဲ အဖေက ကြားဖြတ်ပြောလိုက်တယ်။

“ဗျာ"

“သွားလို့ ပြောနေတယ်လေ"

ဂွန်ဆူက အံ့ဩလို့ မဆုံးသေးတဲ့ ဂွန်ဆော့ရဲ့ ကျောပြင်ကို တွန်းထုတ်လိုက်တယ်။

“အောက်ရောက်ရင် ငါ့ကားကိုတွေ့လိမ့်မယ်။ အဲဒီပေါ်မှာ သွားထိုင်နေလိုက်"

ဂွန်ဆော့ တစ်ယောက် ယိုင်တိယိုင်တိုင်နဲ့ ထွက်သွားတော့တယ်။ အဲဒီနောက် ဂွန်ဆူက မျက်လုံးကို မှိတ်ပြီးနောက် အဖေ့ကို စိုက်ကြည့်လိုက်တယ်။

“အဖေက တကယ့်လူပဲ။ အခု သူ လူလားမြောက်နေပြီဆိုမှ ဂေါက်သီးရိုက်တံနဲ့ ရိုက်ဖို့ စိတ်ကူးရတယ်ပေါ့"

“မင်း ဘာတွေပြောနေလဲဆိုတာ ငါ လုံးဝနားမလည်ဘူး။ အဲဒါထက် မတွေ့တာကြာပြီဖြစ်တဲ့ အထိမ်းအမှတ်အနေနဲ့ ငါတို့ အရက်အတူတူ သောက်ကြမလား"

အဖေက ဝင်းပတဲ့ အပြုံးကြီးနဲ့ သူ့ရဲ့ ကုတ်အင်္ကျီကို ချွတ်လိုက်တယ်။ ဂွန်ဆူ့စိတ်ထဲမှာတော့ အိမ်ထဲမှာ ရွံရှာဖွယ်ကောင်းတဲ့ အနံ့အသက်ဆိုးတွေ ပြည့်နှက်နေသလိုမျိုး ခံစားလိုက်ရတယ်။

“ဂွန်ဆော့ ကိုယ်တိုင်ကလည်း ဝန်ခံမှာမဟုတ်တော့ ရဲကို တိုင်လည်း ဘာမှထူးလာမှာမဟုတ်ဘူးဆိုတာ သိတာပေါ့။ ဒါပေမဲ့ အခု ပြန်တွေးကြည့်ရင် အဲဒီတုန်းက အဖေ့ကို ပြန်တော်လှန်ခဲ့တာ ဘယ်လောက်တောင် ကံကောင်းလဲဆိုတာ အဖေ သိမှာမဟုတ်ဘူး။ ကျွန်တော်သာ ဒီမှာ ဆက်နေခဲ့ရင် သူ့လို မျက်လုံးမျိုး ဖြစ်နေလောက်ပြီ"

“ဂွန်ဆူ။ မင်း ဘာတွေပြောချင်နေတာလဲဆိုတာ ငါ တကယ်ကို နားမလည်နိုင်တော့ဘူး။ ဂွန်ဆော့က စကားနားမထောင်လို့ ငါ နည်းနည်းပါးပါး ဆုံးမလိုက်ရုံတင်ပါ။ ဒါက မိသားစုတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာပဲ မဟုတ်ဘူးလား"

“တကယ်ကြီးလား။ တောင်ကိုရီးယားရဲ့ အိမ်တွင်းဆုံးမနည်းတွေက တကယ့်ကို အံ့ဩစရာကောင်းတယ်ဆိုတဲ့ သတင်းတွေကို ကျွန်တော် တစ်ခါတလေ မြင်ဖူးပါတယ်၊ အခုမှပဲ လက်တွေ့မြင်ရတော့တယ်။ မိသားစုတိုင်းမှာ ဒီလိုမျိုး ဖြစ်ပျက်နေတာကိုး။ သိရတာ ဝမ်းသာပါတယ်"

ဂွန်ဆူ အဖေ့ကို ကြည့်ပြီး သူ အတတ်နိုင်ဆုံး အားပါးတရ ပြုံးပြလိုက်တယ်။ သူ အဲဒီလိုလုပ်လိုက်တော့ အဖေ့ရဲ့ အပြုံးကြီးကလည်း ပိုပြီး နက်ရှိုင်းလာခဲ့တယ်။

“တရားရုံးမှာတော့ အဖေနဲ့မဆုံချင်ဘူးနော်။ ကျွန်တော်က တစ်ခါတုန်းက အရူးလို့ အခေါ်ခံခဲ့ရဖူးတော့ တစ်ခုခုကို စွဲလမ်းသွားရင် ဘာတွေလုပ်မိမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် မသိလို့ပါ"

“မင်း ပြက်လုံးထုတ်တာ တော်တော်လေး တိုးတက်လာတာပဲ။ တစ်ချိန်ကျရင် ငါ့သူငယ်ချင်းတွေနဲ့အတူ အရက်လာသောက်ပါဦး...”

ဂွန်ဆူ အဖေ့ကို လက်ခလယ်ထောင်ပြပြီး အိမ်ထဲကနေ ထွက်ခဲ့တော့တယ်။

တံခါးကြီး ဂျိမ်းခနဲ ပိတ်သွားတယ်။ နောက်တစ်စက္ကန့်မှာပဲ တံခါးနောက်ကနေ ကျယ်လောင်တဲ့ အသံကြီးတစ်သံ ကြားလိုက်ရတယ်။ ဖိနပ်စင်ပေါ်က ကြွေပန်းအိုးကြီး အစအနတွေဖြစ်အောင် ကွဲကြေသွားတာ ဖြစ်လိမ့်မယ်လို့ ဂွန်ဆူ သတ်မှတ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် အဲဒီပန်းအိုးက ကောက်ပေါက်ဖို့ အကောင်းဆုံး ပုံသဏ္ဌာန် ရှိနေတာကိုး။

သူ ဓာတ်လှေကားစီးပြီး အောက်ကို ဆင်းခဲ့တယ်။ ကားထဲမှာ ကုတ်ကုတ်ကလေး ထိုင်နေတဲ့ ဂွန်ဆော့ကို မြင်လိုက်ရတယ်။ မောင်းသူနေရာမှာ ဝင်ထိုင်ရင်း ဂွန်ဆူ ကားကို စက်နှိုးလိုက်တယ်။

“မနက်ဖြန် ကျောင်းသွားရင် အဲဒီအတိုင်းပဲ သွားလိုက်။ ပြီးတော့ အဖေ အိမ်မှာမရှိတဲ့အချိန်ကျမှ မင်းရဲ့ အဝတ်အစားတွေကို သွားယူ။ အဲဒီလိုမှ မလုပ်ချင်ရင်လည်း အသစ်ပဲ ဝယ်လိုက်တော့။ ငါက အိမ်မှာ သိပ်မရှိတတ်တော့ အိမ်သန့်ရှင်းရေးလုပ်တာနဲ့ အဝတ်လျှော်တာကို မင်းပဲ လုပ်ရမယ်။ ပြီးတော့ မင်းစားဖို့ ထမင်းကိုလည်း မင်းဘာမင်း ချက်စားရလိမ့်မယ်"

“...မင်း ငါ့ကို ဘာလို့ ဂရုစိုက်နေတာလဲ"

“မင်း ငါ့ရဲ့ အိမ်မက်ဆိုးတွေထဲမှာ ပေါ်မလာစေချင်လို့ပေါ့။ ငါ့မှာလည်း တာဝန်အနည်းငယ် ရှိသလို ခံစားရပြီးတော့ ငါ့ညီ လူမိုက်လေးအတွက်လည်း မဆိုစလောက်လေး စိတ်ပူမိလို့ပါ။ ဒါပေမဲ့ တကယ့် အကြောင်းရင်းကတော့ အရာအားလုံးကို အဲဒီလူ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မသွားစေချင်လို့ပဲ။ ထိုင်ခုံခါးပတ် ပတ်ထားလိုက်"

လမ်းမတွေက မှောင်မိုက်နေတယ်။ ဂွန်ဆူ ကားမောင်းရင်း ညီဖြစ်သူကို တစ်ချက်ချင်း လှမ်းကြည့်နေမိတယ်။ ခန္ဓာကိုယ်ထဲက တင်းမာမှုတွေ လျော့ကျသွားတာကြောင့် ထင်ပါရဲ့၊ သူ အိပ်ပျော်နေရှာတယ်။ ဂွန်ဆူ သက်ပြင်းတစ်ချက် ချလိုက်ပြီး ကားအရှိန်ကို မြှင့်လိုက်တော့တယ်။ ဒီအတောအတွင်းမှာတော့ သူ့ရဲ့ ဒီညီလေးကို ဘယ်လိုဆက်လုပ်ရမလဲဆိုတာကိုပဲ တောက်လျှောက် တွေးတောနေမိပါတော့တယ်။

* * * * * * * * *

All Chapters