အခန်း ၂၅၀
Vol. 25 Ch. 250
အခန်း(၂၅၀)
“လောလောဆယ်တော့ သူ့ကို ငါ့ဆီခေါ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက် ဘာဆက်လုပ်မလဲဆိုတာ မစဉ်းစားခင် သူ့စိတ်လေး အရင်ငြိမ်သွားအောင် လုပ်ရဦးမှာပေါ့။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါပဲကွာ။ မင်းကြောင့်သာ မဟုတ်ရင် ငါ့ညီကို ကယ်နိုင်မှာ မဟုတ်ဘူး”
မာရူး ဖုန်းပိတ်လိုက်တယ်။ ဘာတစ်ခုမှ အပြတ်အသတ် ပြေလည်သွားတာမျိုး မရှိသေးပေမဲ့ အခြေအနေတွေ အကြီးအကျယ် ပေါက်ကွဲကုန်မယ့် ဘေးကတော့ တားဆီးနိုင်ခဲ့ပြီ ထင်ပါရဲ့။ ကျန်တဲ့ကိစ္စတွေကိုတော့ ဂွန်ဆူ့ လက်ထဲပဲ စိတ်ချလက်ချ အပ်ထားလိုက်လို့ ရပြီလေ။
‘ဒီတစ်ခါတော့ သူ စိတ်ဓာတ်တွေ ပြန်စုစည်းပြီး လူပီသတဲ့ ဘဝမျိုးနဲ့ နေထိုင်သွားပါစေလို့ပဲ တကယ် ဆုတောင်းရတော့မှာပဲ’
လူဆိုတာမျိုးက အလွယ်တကူ ပြောင်းလဲတတ်တာမျိုး မဟုတ်ပေမဲ့ တစ်ခါတလေကျတော့လည်း ရင်နင့်စရာ ကောင်းလှတဲ့ ဘဝအတွေ့အကြုံမျိုးနဲ့ ကြုံရတဲ့အခါ ပြောင်းလဲသွားတတ်ကြတာပါပဲ။ အကြမ်းဖက်ခံရတာက ကောင်းတဲ့ အတွေ့အကြုံမျိုး မဟုတ်တာတော့ အမှန်ပဲ၊ သို့ပေမဲ့ မိမိဘဝကို မိမိ ပြန်လှည့်ကြည့်ဖို့ အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်စေဖို့အတွက်တော့ လုံလောက်လွန်းလှပါတယ်။
“အစ်ကို၊ အစ်ကိုရေ”
“ဘာလဲဟ”
မနက်ခင်းအချိန်ကြီး ဖြစ်နေတာတောင် ဘာဒါကတော့ အားအင်တွေ ပြည့်ဝနေတုန်းပဲ။ ညီမဖြစ်သူ ကမ်းပေးလာတဲ့ စာရွက်အပိုင်းအစလေးကို မာရူး စိုက်ကြည့်နေမိတယ်။ အဲဒီစာရွက်က အေဖိုး စာရွက်ထက် နည်းနည်းပိုသေးပြီး ပိုထူတဲ့ စာရွက်အမျိုးအစား ဖြစ်နေတယ်။
“အမေ ပြောတာကြားတယ်၊ အစ်ကို ရုပ်ရှင်ရိုက်နေတယ်ဆို”
သူမက မာရူးရဲ့ လက်ထဲကို အဲဒီစာရွက် အတင်းထိုးထည့်ပေးလိုက်တယ်။
“လက်မှတ် လိုချင်လို့လား”
“အင်းလေ”
“ဘယ်သူ့ဆီကလဲ”
“အစ်မဂျူဟယွန်းနဲ့ အစ်မဆူယွန်းဆီက”
‘ဆည်းဆာအချိန် ရုန်းကန်မှုများ’ ဆိုတဲ့ မူရင်းဝတ္ထုကို အခြေခံပြီး ‘အဖိုးအိုရဲ့ လက်ထဲကို အဲဒီတူကြီး ရောက်သွားအောင်... ဘယ်သူက ဖန်တီးခဲ့တာလဲ’ လို့ အမည်ပေးထားတဲ့ ရုပ်ရှင်အကြောင်း ဆောင်းပါးတွေက မနေ့ကတင် အင်တာနက်ပေါ် ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါက သတင်းစာရှင်းလင်းပွဲ မလုပ်ခင် တစ်လအလိုမှာ သတင်းအချို့ကို တစေ့တစောင်း ချပြပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပုံရတယ်။ ဇာတ်လမ်းရဲ့ အကျဉ်းချုပ်နဲ့ သရုပ်ဆောင်စာရင်းကို အများပြည်သူ သိအောင် ချပြထားတာပေါ့။
“စီနီယာ ဂျူဟယွန်းက မိန်းကလေးတွေကြားထဲမှာ တကယ် ရေပန်းစားတာပဲနော်”
“အစ်ကိုက အဲဒီအစ်မနဲ့ စကားပြောဖူးလို့လား”
သူမရဲ့ မျက်လုံးတွေက အဖြေတစ်ခုခုကို အတင်းအကျပ် တောင်းဆိုနေသလို စူးစိုက်နေတယ်။ အဲဒီအစ်မက ကျောင်းက ကလပ်အသင်းက သူ့ထက်ငယ်တဲ့ ကောင်မလေးရဲ့ အစ်မဖြစ်နေတယ်လို့သာ သူ ဖွင့်ပြောလိုက်ရင် ညီမဖြစ်သူဆီကနေ မထင်မှတ်ထားတဲ့ တောင်းဆိုမှုမျိုးတွေ ထွက်လာတော့မှာ အသေအချာပဲလေ။
“မပြောဖူးပါဘူး၊ ဘယ်ကသာ”
“အင်းလေ၊ သူက စူပါစတားတစ်ယောက်ပဲဟာကို။ အစ်ကိုကလည်း ပိုကြိုးစားပြီး သူနဲ့ ရင်းနှီးအောင် လုပ်ရမှာပေါ့။ ပြီးတော့ သူနဲ့ ဓာတ်ပုံလည်း တွဲရိုက်ခဲ့ဦးလေ”
“စိတ်မကောင်းစရာပဲ၊ ရုပ်ရှင်ရိုက်နေတဲ့အချိန်အတွင်းမှာ သူနဲ့ ဆုံဖို့ အကြောင်းမရှိဘူး”
“ဘာလို့လဲ”
“ဘာလို့လဲ ဟုတ်လား။ ငါ့လို အရံသရုပ်ဆောင်တစ်ယောက်က သူနဲ့ တစ်ခန်းတည်း တွဲရိုက်ရမယ့် အခန်းမှ မရှိတာ။ ငါက တစ်ခန်းတည်း ရိုက်ပြီး ပျောက်သွားရမယ့် အခန်းတင်ပါပဲ”
“ဘာလဲ... အစ်ကိုက အပိုဖြည့်တဲ့ အရုပ်လေး သက်သက်ပဲလား”
“အေးပါ၊ အပိုဖြည့်တဲ့ အရုပ်လေး သက်သက်ပါပဲ”
“ဒါဆို လက်မှတ်ကော ဘယ်လိုလုပ်မလဲ”
သူမက တော်တော်လေး စိတ်ပျက်သွားတဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ မာရူးအနေနဲ့ ညီမဖြစ်သူရဲ့ မျက်နှာကို ကြည့်ပြီး ‘ငါ အလုပ်မရှုပ်ချင်ဘူး’ လို့ တည့်ပြောဖို့ကျတော့လည်း ခက်နေပြန်တယ်။
“စည်းကမ်းတစ်ခုတော့ ရှိတယ်၊ အဲဒါ လုပ်နိုင်ရင် လုပ်ပေးမယ်”
“စည်းကမ်း ဟုတ်လား”
“စာမေးပွဲ ဘယ်တော့ စမှာလဲ”
“ဒီ... ဒီနေ့...”
ညီမဖြစ်သူက စကားပြောရင်း သူ့မျက်လုံးတွေကို ရှောင်ဖယ်သွားတယ်။ မာရူး သိသလောက်ဆိုရင် သူမ မနေ့ကညဉ့်နက်တဲ့အထိ သူငယ်ချင်းတွေနဲ့အတူ ကာရာအိုကေဆိုင်မှာ အချိန်ဖြုန်းနေခဲ့တာ ဖြစ်ပါတယ်။ မာရူးက လှည့်ကြည့်လိုက်တဲ့အခါ ဘာဒါက အိုးတိုးအမ်းတမ်း အပြုံးမျိုးနဲ့ ပြုံးပြနေရှာတယ်။
“ဟေ့၊ ညည်း နံရံပေါ်မှာ ‘ငါ့ရည်မှန်းချက်က ဆိုးလ်တက္ကသိုလ်’ လို့ ရေးထားတယ် မဟုတ်လား”
“မနက်ဖြန်ကစပြီး သေချာလုပ်ရင် ရပါတယ်ဟ”
“ဒီနေ့ကော”
“မှန်းဆတဲ့ နတ်မင်းကြီးက ကူညီမှာပေါ့”
“ညည်း စာ လုံးဝ မကျက်ထားဘူးပေါ့ ဟုတ်လား”
“ကျက်ပါတယ်... နည်းနည်းပါးပါးတော့”
ညီမဖြစ်သူက အိုးတိုးအမ်းတမ်းနဲ့ ရယ်နေတာကို မြင်တော့ မာရူး သက်ပြင်းပဲ ချမိတော့တယ်။ သူမအရွယ်နဲ့ လျှောက်လည်ဖို့ အရေးကြီးတယ်ဆိုတာ ဟုတ်ပါတယ်။ နောက်ဆုံးတော့လည်း အထက်တန်းကျောင်း ရောက်သွားရင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ငရဲခန်းထဲ ရောက်တော့မှာပဲလေ။ သို့ပေမဲ့ သူမက အထက်တန်းကျောင်းကောင်းကောင်းနဲ့ ဆိုးလ်အမျိုးသားတက္ကသိုလ်ကို တက်လှမ်းဖို့ ရည်မှန်းထားတာ မဟုတ်လား။ ဒါတောင်မှ စာမေးပွဲဖြေခါနီး တစ်ရက်အလိုမှာ ကာရာအိုကေဆိုင်ကို သွားရဲတဲ့ သတ္တိကတော့ အံ့ဩစရာပဲ။
“ငါ ညည်းကို ဘာမှမပြောဘဲ လွှတ်ထားပေးတာက မိမိဘဝကို မိမိ တာဝန်ယူနိုင်လိမ့်မယ်လို့ ယုံကြည်လို့နော်။ အဲဒါ သိတယ်မဟုတ်လား”
“...အင်း”
“ဒါဆိုလည်း သက်သေပြလေ။ အခု စာမေးပွဲမှာ အဆင့် ငါးအတွင်း ဝင်အောင်လုပ်၊ ဒါဆို ညည်း လိုချင်တဲ့ ဘယ်သရုပ်ဆောင်ရဲ့ လက်မှတ်မဆို ငါ ရအောင် ယူပေးမယ်”
“အဲဒါက နည်းနည်းတော့....”
“ပြီးတော့ ညည်း TTO ကို ကြိုက်တယ် မဟုတ်လား”
“ကြိုက်တာပေါ့။ သူတို့ ဖျော်ဖြေပွဲကို တစ်ခါလောက် သွားကြည့်ရဖို့က သမီးရဲ့ အိမ်မက်ပဲဥစ္စာ”
TTOက လူကြိုက်များတဲ့ ဂီတရုပ်သံအစီအစဉ်မှာ လွန်ခဲ့တဲ့ သုံးပတ်လုံးလုံး ပထမဆုကို တောက်လျှောက် ရယူထားနိုင်တဲ့ နာမည်ကြီး အိုင်ဒေါအဖွဲ့ ဖြစ်ပါတယ်။ အမေနဲ့ ဘာဒါတို့ ပိုစတာတွေ ခွာတဲ့ကိစ္စနဲ့ ရန်ဖြစ်နေကြတာကို မြင်ဖူးလို့ ညီမဖြစ်သူက သူတို့အဖွဲ့ကို သဘောကျမှန်း မာရူး သိနေခဲ့တာ ဖြစ်ပါတယ်။
ရလဒ်ထက် ကြိုးစားမှုက ပိုအရေးကြီးတယ်ဆိုတာ သူ နားလည်ထားပေမဲ့ တစ်ခါတလေကျတော့လည်း ရလဒ်ကို အသုံးချပြီး စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးတာက မဆိုးဘူးဆိုတာ သူ သိနေတယ်လေ။ ဒါတင်မကသေးဘူး၊ ဒါက သူမရဲ့ အလယ်တန်း တတိယနှစ် စာမေးပွဲ ဖြစ်နေတယ်။ ကျောင်းကောင်းကောင်း ဝင်ချင်တဲ့သူတစ်ယောက်အနေနဲ့ စာကို အာရုံမစိုက်တာကတော့ လုံးဝ သဘာဝမကျဘူးလေ။
“အဲဒီ ဖျော်ဖြေပွဲ လက်မှတ်ဆိုရင်ကော ဘယ်လိုလဲ”
“ဘာ... ဘာပြောတယ်”
“နွေရာသီ ကျောင်းပိတ်ရက်မှာ ဖျော်ဖြေပွဲတစ်ခု ရှိတယ်ဆို။ အဲဒီကိစ္စနဲ့ အမေနဲ့ ရန်ဖြစ်ထားတယ် မဟုတ်လား”
“ဟုတ်တယ်၊ အမေက အန္တရာယ်များလို့ ဘယ်တော့မှ မလွှတ်ဘူးတဲ့”
“ငါ အမေ့ကို ဖျောင်းဖျပေးမယ်။ ညည်းဘက်က အဆင့် ငါးအတွင်း ဝင်ဖို့ပဲ လိုတယ်”
“...တကယ် ပြောတာနော်”
“လုပ်နိုင်ပါ့မလား။ မနေ့ကအထိ လျှောက်လည်နေတဲ့လူက”
“လုပ်နိုင်တာပေါ့။ မဟုတ်ဘူး၊ ဖြစ်အောင် လုပ်ပြမယ်။ စောင့်ရုံသာ စောင့်ကြည့်လိုက်။ သမီး ဖြစ်အောင် လုပ်ပြရင် အစ်ကိုက လက်မှတ်ရော အမေ့ဆီက ခွင့်ပြုချက်ပါ တကယ် ရအောင်လုပ်ပေးရမယ်နော်။ သမီးကို ညာခဲ့ရင်တော့ လုံးဝ အလွတ်မပေးဘူး”
ဘာဒါက လွယ်အိတ်ကို လွယ်ပြီး အိမ်ပြင်ကို ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားတော့တယ်။
“အိုင်ဒေါတွေရဲ့ စွမ်းအားကတော့ အံ့မခန်းပါပဲလား”
ကျော့ကျော့မော့မော့ အိုင်ဒေါတွေရဲ့ စွမ်းအားကို သူ ကိုယ်တိုင် ကြုံတွေ့လိုက်ရတာပဲ။ အလယ်တန်းအဆင့် စာမေးပွဲက သိပ်ပြီး ခက်ခဲလှတာ မဟုတ်တော့ နှုတ်တိုက်အလွတ်ကျက်ပြီး နောက်ဆုံးအချိန် ကြိုးစားလိုက်ရင်ပဲ အမှတ်ကောင်းကောင်း ရနိုင်တာပေါ့။ မိမိကိုယ်မိမိ လုပ်နိုင်တယ်ဆိုတာကို သိသွားတဲ့အခါကျရင်တော့ သူမဘာသာ သူမ အဆင်ပြေအောင် နေထိုင်သွားနိုင်ပါလိမ့်မယ်။
မာရူး မီးဖိုချောင်က မီးတွေနဲ့ ဂတ်စ်တွေကို ပိတ်ပြီး အိမ်ကနေ ထွက်လာခဲ့တယ်။ လေက တော်တော်လေး နွေးထွက်နေပြီ။ နွေရာသီ ရောက်ဖို့က သိပ်မလိုတော့ဘူး ထင်ပါရဲ့။ ကျောင်းသွားမယ့်လမ်းမှာ မာရူးက ပိတ်သိမ်းသွားခဲ့ပြီဖြစ်တဲ့ စီဒီဆိုင်တစ်ဆိုင် ရှေ့ကနေ ဖြတ်လာခဲ့တယ်။ သူ အလယ်တန်းတုန်းကဆိုရင် အယ်လ်ဘမ်အသစ် ထွက်တိုင်း ဒီဆိုင်ရှေ့မှာ လူတွေ တန်းစီနေတတ်ကြပေမဲ့ အခုတော့ ဒီနေရာကို လာမယ့်လူ မရှိတော့ဘဲ စီးပွားရေး ပျက်ကွက်သွားခဲ့တဲ့ ပုံပါပဲ။ လူတွေရဲ့ လိုအပ်ချက်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ဖြည့်ဆည်းပေးနိုင်တဲ့ နည်းပညာအသစ်တွေကြောင့် နည်းပညာဟောင်းတွေက ပျောက်ကွယ်သွားရတာကို လူတွေက ပုံမှန်လိုပဲ လက်ခံထားကြပြီလေ။
စီဒီတွေကို လျှော့ဈေးနဲ့ ရောင်းချနေတဲ့ အဝတ်ဗီနိုင်းကြီးရဲ့ အရှေ့မှာတော့ အထီးကျန်ဆန်လှတဲ့ အိုင်ဒေါပုံစံတူ အရုပ်ကြီး တစ်ရုပ် ရှိနေတယ်။ ဂန်ဟွမ်နဲ့ အိုင်ဒေါတွေအကြောင်း ပြောခဲ့ကြတဲ့နေ့ကို သူ ပြန်သတိရမိသွားတယ်။ ဂန်ဟွမ်က ဒါတွေဟာ ယဉ်ကျေးမှု စီးပွားရေးရဲ့ ရှောင်လွှဲမရတဲ့ အစိတ်အပိုင်းတစ်ခုပဲလို့ ဆိုကာ ခါးခါးသီးသီး ပြုံးပြခဲ့ဖူးတယ်။ အပြန်အလှန် အမှီပြုတဲ့ ဆက်ဆံရေးတွေ ပျောက်ကွယ်သွားပြီး ကျန်ရှိနေတာက ပြိုင်ဆိုင်မှု သက်သက်ပဲလေ။ ဒီ မြေကွက်လပ်လေးထဲမှာ ဝေစုက ကန့်သတ်ချက် ရှိနေတာတောင် လူတွေက နောက်ဆုံး လက်ကျန်လေးအထိ ရအောင် လုယူနေကြတာပဲ။ မင်းသားတွေက မင်းသားလို ဘာကြောင့် သရုပ်ဆောင်ရမလဲဆိုတဲ့ အကြောင်းပြချက်ကို ရှင်သန်ရပ်တည်ရေးဆိုတဲ့ စကားလုံးနဲ့ ဂန်ဟွမ်က ရှင်းပြခဲ့ဖူးတယ်။ နာမည်ကြီးမှု အပိုင်းမှာတော့ အိုင်ဒေါတွေကို ယှဉ်ဖို့ ခက်ခဲလှပါတယ်။ သူတို့ဘက်က ဖန်အဖွဲ့ကြီးတွေကလည်း ပိုပြီး တောင့်တင်းကြတယ်လေ။ ဒါကြောင့် သူတို့ကို ယှဉ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက သရုပ်ဆောင်မှု သက်သက်ပဲမို့လို့ ဒါက မိုက်မဲတယ်လို့ ထင်ရပေမဲ့ တစ်ခုတည်းသော နည်းလမ်းပဲလို့ သူက ပြောခဲ့ဖူးတာပါ။
သို့ပေမဲ့ အဲဒီစကားရဲ့ အဆုံးမှာတော့ ဂန်ဟွမ်က ဒီလိုစကားမျိုးလည်း ပြောခဲ့သေးတယ်၊ အိုင်ဒေါတွေကို ကြောက်ရတဲ့ အကြောင်းရင်းက သူတို့မှာ အံ့ဩစရာကောင်းတဲ့ အရည်အချင်းတွေ ရှိနေကြလို့ပဲတဲ့။
မာရူးက အဲဒီအရုပ်ကြီးကို ခဏလောက် စိုက်ကြည့်ပြီးနောက် စက်ဘီးကို ပိုမြန်မြန် နင်းထွက်ခဲ့တယ်။ သူ့အတွက်တော့ ဒါတွေက သိပ်ပြီး လက်တွေ့မကျသလို ခံစားရပေမဲ့ တစ်နေ့ကျရင် ဂန်ဟွမ် ဖြတ်သန်းနေရတဲ့ ခံစားချက်မျိုးကို သူ နားလည်နိုင်လိမ့်မယ်လို့ တွေးနေမိတာပေါ့။
* * * * * * * * *
“မန်နေဂျာယူး”
အင်တာနက် သတင်းဌာနတစ်ခုက ဖျော်ဖြေရေး သတင်းထောက်တစ်ဦးဖြစ်တဲ့ ကင်ဒေါင်ဝုခ်က ရုပ်သံလိုင်းအပြင်ဘက်က စတိုးဆိုင်ရှေ့မှာ ပေါ်လာတဲ့ မန်နေဂျာယူးဆီကို ချဉ်းကပ်သွားတယ်။ မန်နေဂျာယူးက ထွက်ပြေးဖို့ ကြိုးစားပေမဲ့ ဒေါင်ဝုခ်က တစ်လှမ်း ပိုမြန်သွားခဲ့တယ်။
“ဒီလိုကြီးတော့ မလုပ်ပါနဲ့ဗျာ။ ကျွန်တော်တို့က ဒီလောက်အထိ စိမ်းကားရမယ့် လူတွေ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား”
“အာ၊ ဟုတ်ကဲ့။ ဆရာ”
“ဝိုး၊ သတင်းတွေ ကြားတယ်နော်။ နောက်ဆုံးတော့ မင်း လမ်းပေါ်က ဘဝကနေ လွတ်မြောက်ပြီး အဖွဲ့ခေါင်းဆောင် ဖြစ်တော့မယ်ဆို”
“ဗျာ၊ အဲဒါ ဘယ်ကနေ ကြား...”
“ကျွန်တော့်မှာလည်း နားမျက်စိ ရှိတာပေါ့ဗျ။ ရော့၊ ဒါလေး သောက်လိုက်ဦး၊ ရာသီဥတုက ပူလာပြီဟာကို”
ဒေါင်ဝုခ်က စတိုးဆိုင်ကနေ ဝယ်လာတဲ့ အအေးဘူးကို ကမ်းပေးလိုက်တယ်။ မန်နေဂျာယူးက ငြင်းပယ်ပေမဲ့ ဒေါင်ဝုခ်က အတင်းအကျပ် ထိုးပေးခဲ့တယ်။ တစ်ဖက်လူက ဒါကို သောက်မှသာ အကြွေးတင်နေသလို ခံစားရပြီး ပြောသင့်တာနဲ့ မပြောသင့်တာတွေကို ဖွင့်ဟလာမှာ မဟုတ်လား။
“မန်နေဂျာယူး၊ မဟုတ်ပါဘူး... အဖွဲ့ခေါင်းဆောင်ယူး။ ခင်ဗျား ဒီလောကထဲမှာ ဒုက္ခမျိုးစုံ ကြုံခဲ့ရတာတွေကို သတင်းထောက်တစ်ယောက်အနေနဲ့ ကျွန်တော် အသိဆုံးပါဗျာ၊ ဟုတ်တယ်မလား။ ကျွန်တော်တို့ ဆက်ဆံရေးက အပေါ်ယံသက်သက် မဟုတ်ပါဘူးဗျ”
“အဲ... အဲဒါကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဆရာကင်ရယ်၊ ကျွန်တော်က တရားဝင် အဖွဲ့ခေါင်းဆောင် မဖြစ်သေးတော့ ခေါ်ပုံခေါ်နည်းကို နည်းနည်းလောက်...”
“ရပါပြီ၊ ရပါပြီ။ ကြည့်စပ်ဦး၊ နှိမ့်ချနေလိုက်တာ”
ဒေါင်ဝုခ်က အအေးဘူးကို မန်နေဂျာယူးရဲ့ မျက်နှာရှေ့အထိ မြှောက်ပေးပြီး ပိုသောက်ဖို့ ပြောလိုက်တယ်။ မန်နေဂျာယူးလည်း လက်လျှော့လိုက်တဲ့ ပုံစံနဲ့ သက်ပြင်းချရင်း သောက်လိုက်တော့တယ်။
“ဒီရက်ပိုင်း TTOက တကယ် အခြေအနေ ကောင်းနေတာပဲနော်။ ကျွန်တော်တောင် အံ့ဩမိတယ်။ ရုပ်သံလိုင်းအပြင်က မိန်းကလေးတွေအကုန်လုံးက သူတို့ကြောင့် ရောက်နေကြတာ မဟုတ်လား”
“အင်း... ဟုတ်ပါတယ်” မိမိရဲ့ အနုပညာရှင်တွေကို ချီးမွမ်းတာ ကြားရတဲ့အခါ မန်နေဂျာယူးက ပြုံးသွားရှာတယ်။
‘မင်း လိုဦးမယ်’
ဒီ မန်နေဂျာယူးက မြှောက်ပင့် စကားတွေအပေါ်မှာ အားနည်းလွန်းတယ်။ ဒီလို မန်နေဂျာမျိုးတွေက ရေရှည် မခံတတ်ကြဘူးလေ။ ကြယ်ပွင့်တွေက ကြယ်ပွင့်တွေပဲ၊ မန်နေဂျာတွေက မန်နေဂျာတွေပဲ မဟုတ်လား။ ဒါကိုပဲ မန်နေဂျာအချို့က အနုပညာရှင်တွေရဲ့ နာမည်ကြီးမှုကို မိမိတို့ရဲ့ နာမည်ကြီးမှုလို့ ထင်ယောင်ထင်မှား ဖြစ်တတ်ကြတာ။ ဒါကြောင့်လည်း မန်နေဂျာတွေက အနုပညာရှင်တွေကို နှိပ်စက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတတ်တာပေါ့။ သို့ပေမဲ့ အခုအချိန်မှာတော့ သူက တစ်ဖက်လူဆီကနေ အချက်အလက် လိုချင်နေတာဖြစ်လို့ ဒါတွေကို အပြင်ထုတ်ပြောဖို့ မလိုပါဘူး။ ဒေါင်ဝုခ်က မန်နေဂျာယူးရဲ့ အင်္ကျီလက်စကို ဆွဲလိုက်တယ်။
“ဒီဘက်လာဗျာ၊ အရိပ်ထဲဆိုတော့ နည်းနည်း ပိုအေးတယ်”
“အာ၊ ဟုတ်ကဲ့”
ခဏလောက် တွန့်ဆုတ်နေပြီးနောက် ဒေါင်ဝုခ်က စကားစလိုက်တယ်။
“မေးပါရစေဦး။ ခင်ဗျားတို့ ကလေးတွေထဲက တစ်ယောက်က ရုပ်ရှင်ရိုက်ဖို့ ပြင်နေတယ်ဆို”
“ရုပ်ရှင် ဟုတ်လား” မန်နေဂျာယူးက ဝေခွဲမရတဲ့ အသံမျိုးနဲ့ ပြန်ဖြေတယ်။ သို့ပေမဲ့ ဒေါင်ဝုခ်က မန်နေဂျာယူးရဲ့ နှုတ်ခမ်းတွေ တုန်လှုပ်သွားတာကို မြင်လိုက်ရတယ်။ TTOက အခုအချိန်မှာ ဟော့နေပြီး အာရုံစိုက်ခံနေရတဲ့ အဖွဲ့လေ။ မီဒီယာအကုန်လုံးက သူတို့အကြောင်းပဲ ပြောနေကြတာ။ ဒေသန္တရ သတင်းစာအချို့မှာတောင် သူတို့အကြောင်း ပါတယ်။ TTO ကြော်ငြာတဲ့ ပစ္စည်းမှန်သမျှ အကုန် ပြတ်လပ်ကုန်ပြီး သူတို့ သွားခဲ့တဲ့နေရာတိုင်းက ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ရာ နေရာတွေ ဖြစ်ကုန်တာပဲ။
TTOနဲ့ ပတ်သက်တဲ့ ဘယ်သတင်းမဆို အခုလို ရုပ်သံလိုင်းအပြင်ဘက်မှာ စခန်းချနေတဲ့ မိန်းကလေးတွေအတွက်တော့ အထူး အရေးကြီးလှပါတယ်။ သူတို့က မိဘတွေရဲ့ ငွေကြေးကို အသုံးချနိုင်စွမ်းရှိတဲ့ အမာခံ ဖန်အဖွဲ့ကြီးတွေ မဟုတ်လား။ အဲဒီကျေးဇူးကြောင့် TTOအကြောင်း သတင်းရေးတာက ကြော်ငြာခ ရရှိဖို့နဲ့ စာမူခ ရဖို့အတွက် အမြန်ဆုံး ဖြတ်လမ်းနည်း ဖြစ်လာခဲ့တယ်။ သို့ပေမဲ့ TTOရဲ့ ကုမ္ပဏီက သူတို့ရဲ့ လုံခြုံရေးကို သံမဏိတံတိုင်းလို တင်းကျပ်ထားတာကြောင့် သူတို့အကြောင်း တစ်ခုခု သိရဖို့က ခက်ခဲလှပါတယ်။ သူတို့ရဲ့ တရားဝင် အစီအစဉ်တွေကို ဝဘ်ဆိုက်ပေါ်မှာ ချပြထားပေမဲ့ ကျန်တဲ့အရာအားလုံးကတော့ တင်းကျပ်တဲ့ လုံခြုံရေးအောက်မှာ ရှိနေတာမို့ ဒီ တောင်ကိုရီးယား နယ်ပယ်လေးထဲမှာ သူတို့ရဲ့ အရိပ်အယောင်ကို ရှာဖို့က ခက်ခဲလှတာပေါ့။ အချို့ သတင်းထောက်တွေဆိုရင် သူတို့ကို လိုက်လံစုံစမ်းရတာက နိုင်ငံတော်သမ္မတကို စုံစမ်းရတာထက် ပိုခက်တယ်လို့အထိ ပြောကြတယ်။
ဒါတင်မကသေးဘူး၊ လွန်ခဲ့တဲ့နှစ်က ထုတ်လွှင့်ခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲကြောင့် ဖြစ်ပေါ်လာတဲ့ ကိုရီးယားရေလှိုင်းကြောင့် ဂျပန်နိုင်ငံမှာ ကိုရီးယားအိုင်ဒေါတွေကို လိုလားမှုတွေ ရှိနေပြန်တယ်။ TTOက ရှေ့တန်းကနေ ပါဝင်နေတာကတော့ သဘာဝကျပါတယ်လေ။ လောလောဆယ်တော့ သူတို့က တကယ့် ဇာတ်လမ်းတွဲ မင်းသားမင်းသမီးတွေလောက် နာမည်မကြီးသေးပေမဲ့ မကြာခင်မှာ သူတို့က နေရာယူလာလိမ့်မယ်လို့ လူအများစုက သုံးသပ်ထားကြတယ်။ အခုအချိန်မှာတော့ ကိုရီးယားရေလှိုင်းက ဘယ်တော့ ဆုံးခန်းတိုင်မလဲဆိုတာ မသိရသေးတာမို့ လူတိုင်းက ရနိုင်တုန်း ငွေရှာဖို့ ကြိုးစားနေကြတာပဲ။ TTOရဲ့ ကုမ္ပဏီကလည်း အဲဒါကို ရိပ်မိပုံရပြီး ပုံရိပ်တွေ အလဟဿ မဖြစ်စေဖို့အတွက် သူတို့ အနုပညာရှင်တွေရဲ့ အချက်အလက်တွေကို နောက်ဆုံး အစအနအထိ ဖုံးကွယ်ထားကြတာပေါ့။ ဒါကြောင့်လည်း TTOရဲ့ တန်ဖိုးက တစ်ရက်ထက်တစ်ရက် မြင့်တက်လာပြီး အခုဆိုရင် ထိပ်တန်း အိုင်ဒေါအဖွဲ့ လေးဖွဲ့ထဲက တစ်ဖွဲ့လို့ သတ်မှတ်လို့ ရနေပြီလေ။
TTOက ရွေ့လျားနေတဲ့ ငွေထုတ်ကြီးလိုပဲ။ ဒေါင်ဝုခ်လည်း အဲဒီအထဲကနေ အမြတ်အစွန်းအချို့ ရချင်တာပေါ့။ TTOရဲ့ နောက်ထပ် အစီအစဉ်ကို သိရုံနဲ့တင် တန်ဖိုးရှိလှတဲ့ စိတ်ဝင်စားစရာ ဈေးကွက်တစ်ခု ရှိနေတာလေ။ TTOရဲ့ လှုပ်ရှားမှုတိုင်းကို သိချင်နေကြတဲ့ လူတွေရဲ့ စိတ်ဓာတ်ကို သူ နားမလည်နိုင်ပေမဲ့ ငွေရတာဖြစ်လို့ သူလည်း ဒီအထဲကို ခုန်ဝင်ခဲ့တာ ဖြစ်ပါတယ်။
သူ အခွင့်အရေးကို စောင့်နေတုန်းမှာပဲ ထူးခြားတဲ့ သတင်းတစ်ပတ်ကို ကြားလိုက်ရတယ်။ အဲဒါက TTOရဲ့ အဖွဲ့ဝင်တစ်ယောက်ဟာ လူပြောများနေတဲ့ ‘အဖိုးအိုရဲ့ လက်ထဲကို အဲဒီတူကြီး ရောက်သွားအောင်... ဘယ်သူက ဖန်တီးခဲ့တာလဲ’ ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်မယ်ဆိုတဲ့ သတင်းပဲ။ သရုပ်ဆောင်စာရင်းကို အင်တာနက်ပေါ်မှာ ချပြထားပေမဲ့ အဲဒီအထဲမှာ TTO အဖွဲ့ဝင်တစ်ယောက်မှ မပါဝင်ခဲ့ဘူးလေ။
TTO အဖွဲ့ဝင်တစ်ယောက် ပါဝင်နေတာသာ အမှန်ဆိုရင် သူက သီးသန့် သတင်းဦးကို ထုတ်ပြန်နိုင်တော့မှာပေါ့။ သီးသန့် ဆိုတာက မှော်ဆန်တဲ့ စကားလုံးပဲလေ။ အထူးသဖြင့် အင်တာနက် သတင်းထောက်တစ်ယောက်အနေနဲ့ သူ့အတွက်တော့ ပိုပြီး စွမ်းအားကြီးမားလှပါတယ်။ ထိပ်တန်း သတင်းဌာနကြီး သုံးခုနဲ့ ရုပ်သံသတင်းထောက်တွေက လစဉ် ပုံသေလစာ ရနေကြပေမဲ့ သူ့လို အင်တာနက် သတင်းထောက်ကတော့ အခြေခံလစာ သိပ်နည်းတာမို့ ဒါနဲ့တင် ရပ်တည်ဖို့ မလွယ်ဘူးလေ။ ဒါကြောင့်ပဲ သူ့မှာ သီးသန့် သတင်းတစ်ပတ် လိုအပ်နေတာ ဖြစ်ပါတယ်။
အမှန်တော့ ဆယ်ကြိမ်မှာ ကိုးကြိမ်လောက်က ထိပ်တန်း သတင်းဌာနကြီးတွေနဲ့ ရုပ်သံလိုင်းတွေက အဲဒီ သီးသန့် သတင်းတွေကို လုယူသွားတတ်ကြတာပါပဲ။ သူတို့ရဲ့ လူအင်အားနဲ့ ငွေအင်အားကို သတင်းဌာနအသေးလေးတွေက ယှဉ်ဖို့ မမျှော်လင့်နိုင်ပါဘူး။ သို့ပေမဲ့ တစ်ခါတလေကျရင်တော့ ကံတရားရဲ့ နတ်သမီးက သူတို့ဘက်ကို ပြုံးပြတတ်တာမျိုး ရှိပြီး အခုက အဲဒီလို အခြေအနေမျိုး ဖြစ်နေတာပေါ့။
ဒေါင်ဝုခ်က TTO အဖွဲ့ဝင်တစ်ယောက် ရုပ်ရှင်မှာ ပါဝင်မယ်ဆိုတာကို ကြားခဲ့ရတာက တိုက်ဆိုင်မှုတစ်ခုပါပဲ။ သူ ရုပ်သံလိုင်းအပြင်ဘက်က စားသောက်ဆိုင်တွေနားမှာ လှည့်လည်နေတုန်း ဒေါသထွက်နေပုံရတဲ့ လူတစ်ယောက်က ဖုန်းထဲကို အော်ဟစ်ပြောဆိုနေတာကို ကြားခဲ့ရပြီး အဲဒါက TTOနဲ့ ပတ်သက်နေတာ ဖြစ်ပါတယ်။ ဒါက ကောလာဟလ သတင်းသက်သက်နဲ့ပဲ ဆုံးသတ်သွားနိုင်ပေမဲ့ ဘာပဲဖြစ်ဖြစ် စွန့်စားကြည့်ဖို့က သတင်းထောက်တွေရဲ့ ကံကြမ္မာပဲ မဟုတ်လား။ ဒါကြောင့်ပဲ သူက ဒီ မိုက်မဲလှတဲ့ မန်နေဂျာဆီကနေ အချက်အလက်တစ်ခုခု ရအောင် နှိုက်နေတာ ဖြစ်ပါတယ်။
“ကျွန်တော် မှားလို့လား။ ကျွန်တော်ကတော့ သေချာတယ်လို့ ထင်နေတာပဲကို”
“မ... မဟုတ်တာ။ အဲဒါက ကျွန်တော်လည်း သိတဲ့ကိစ္စ မဟုတ်ပါဘူး”
“တကယ်လား”
“ဟုတ်ပါတယ်၊ တကယ်ပါ”
“ခင်ဗျား ကျွန်တော့်ကို ဘာမှ ဖုံးကွယ်မထားဘူး မဟုတ်လား”
“ကျွန်တော်က ခင်ဗျားကို ဘာလို့ ဖုံးကွယ်ထားရမှာလဲဗျာ”
“ခင်ဗျားက အဲဒီလိုလူမျိုး မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်”
ဒေါင်ဝုခ်က ပြုံးရင်း မန်နေဂျာယူးရဲ့ ကျောကို ပုတ်ပေးလိုက်တယ်။ မန်နေဂျာယူးက စိတ်သက်သာရာရသွားတဲ့ အပြုံးမျိုးနဲ့ ပြုံးပြရှာတယ်။ ဒေါင်ဝုခ်က အခုက အချိန်ကောင်းပဲလို့ ခံစားမိတာမို့ မေးလိုက်တော့တယ်။
“ဒါနဲ့ ဟျော့ထယ် က အရင်ကတည်းက သရုပ်ဆောင်တာ အဲဒီလောက် တော်တာလား”
“ဗျာ... ဟျော့ထယ် မဟုတ်ပါဘူး၊ ဆွန်းဂျဲ က...” မန်နေဂျာယူးက မိမိ အမှားကို သိသွားပြီး ချက်ချင်း နှုတ်ပိတ်လိုက်တယ်။ ဒေါင်ဝုခ်က လက်မ ထောင်ပြလိုက်တော့တယ်။
“ဒါဆို ကျွန်တော် သတင်းရေးလိုက်တော့မယ်နော်၊ ဟုတ်ပြီလား”
မန်နေဂျာယူးက သူ့ကို အတင်းဆွဲပြီး ပြောရှာတယ်။
“မလုပ်ပါနဲ့ဗျာ။ အဲဒါကြီး ရေးလိုက်ရင် ကျွန်တော် ဒုက္ခအကြီးအကျယ် ရောက်လိမ့်မယ်။ မဟုတ်ဘူး... ခင်ဗျားပါ ဒုက္ခအကြီးအကျယ် ရောက်လိမ့်မယ်”
“ကျွန်တော်ကလည်း အဲဒီ ဒုက္ခအကြီးအကျယ်ဆိုတာကို လိုချင်နေတာပဲလေ”
ဒေါင်ဝုခ်က ခပ်ပြုံးပြုံး လုပ်ရင်း မန်နေဂျာယူးရဲ့ ပုခုံးပေါ်ကို လက်တစ်ဖက် တင်လိုက်တော့တယ်။
* * * * * * * * *