အခန်း ၁၀၁
Vol. 11 Ch. 101
အခန်း (၁၀၁)
လင်းရန်သည် အိုးအား မီးဖိုပေါ် တင်၍ အပူပေးပြီးခါစတွင် အိမ်ထဲမှ ထွက်လာသော ချန်ဟောက်ထျန်း၏ ရင်ကွဲမတတ် အော်ဟစ်သံအား ကြားလိုက်ရသည်။
ထိုအခါ သူသည် ဝေခွဲမရ ဖြစ်သွားကာ မေး၏။
“စောစောက အော်လိုက်တာ ချန်ဟောက်ထျန်း မဟုတ်လား”
ဝမ်လင်းလင်းသည် မှိုများ ဆေးကြောပြီးသွားချိန်တွင် ထိုဆူညံသံအား ကြားလိုက်ရသဖြင့် စိတ်မရှည် လက်မရှည် ဖြစ်သွားကာ ဆိုသည်။
“ဒီလူကတော့ တစ်နေ့ခင်းလုံး ငြိမ်ငြိမ်မနေနိုင်ဘူးလား၊ ငါတို့ အလုပ်လုပ်နေတာ မမြင်ဘူးလား၊ အခုကော ဘာလို့ အော်ဟစ်နေပြန်တာလဲ”
ရှောင်စစ်ယွီသည် လက်ထဲတွင် ကိုင်ထားသော အရာများ ချထားလိုက်ကာ ပြော၏။
“အခြေအနေက တော်တော်လေး ဆိုးပုံပဲ၊ ငါတို့ သွားကြည့်ကြမလား”
လင်းယန်သည် ရှေ့ဆုံးမှ လျှောက်သွားခဲ့၍ အိမ်တွင်းရှိ မြင်ကွင်းအား မြင်လိုက်သောအခါ ရယ်လည်းရယ်ချင် စိတ်လည်းပျက်မိကာ အံ့အားသင့်သွားရသည်။
ရှောင်ကျူးဟွာသည် ချန်ဟောက်ထျန်း၏ ခန္ဓာကိုယ်ပေါ်တွင် တွယ်ကပ်နေကာ ၎င်း၏လျှာအား အဆက်မပြတ် လှုပ်ရှားကာ သူ၏မျက်နှာကို လျက်နေ၏။
ချန်ဟောက်ထျန်းသည် အလွန် ထိတ်လန့်ကြောက်ရွံ့သွားသဖြင့် မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်နေ၍ လှုပ်ရှားချင်သော်လည်း မလှုပ်ရဲသည့် ပုံစံ ဖြစ်နေသည်။
“ဒီမြွေက ဘယ်လိုလုပ် ဝင်လာတာလဲ၊ အခုချက်ချင်း သူ့ကို ငါ့ပေါ်ကနေ ဖယ်ပေးကြပါဦး”
အစပိုင်းတွင် အမှုမဲ့အမှတ်မဲ့ နေခဲ့သော ဝမ်လင်းလင်းသည်လည်း လန့်ဖျတ်သွားကာ မေးလိုက်သည်။
“ဒီလောက်ကြီးတဲ့ စပါးအုံးမြွေကြီးက ဘယ်လိုလုပ် ရှိနေတာလဲ၊ ချန်ဟောက်ထျန်း... နင် ဘာလုပ်လိုက်တာလဲ”
ချန်ဟောက်ထျန်း၏ ခြေထောက်များသည် ကြောက်ရွံ့မှုကြောင့် တုန်ရင်နေ၏။ စိတ်ကို မတောင့်ထားနိုင်လျှင် ယခုအချိန်တွင် သူသည် ကြမ်းပြင်ပေါ်သို့ ခွေလဲကျသွားလောက်သည်။
“နင်က ငါ့ကို မေးနေတာလား၊ ငါကကော ဘယ်သူ့ကို သွားမေးရမှာလဲ၊ အဲဒါက အခုအရေးမကြီးဘူး၊ အရေးကြီးတာက နင်တို့ အဲဒီကောင်ကို ငါ့ပေါ်ကနေ မြန်မြန် ဖယ်ပေးဖို့ပဲ”
ချန်ဟောက်ထျန်း ဆိုသည်။
ထိုမျှကြီးမားသော စပါးအုံးမြွေကြီးနှင့် မြင်လိုက်ရသဖြင့် ဝမ်လင်းလင်းနှင့် လင်းယန်တို့ နှစ်ဦးစလုံး ကြက်သီးများပင်ထသွားကြ၏။
ရှောင်စစ်ယွီသည် လင်းယန်ဘက်သို့ လှည့်ကာ အကူအညီတောင်းသည့် အကြည့်ဖြင့် မေးသည်။
“အစ်ကိုလင်း... ငါတို့ အခု မီးသတ်တပ်ဖွဲ့ကို ဖုန်းဆက်ရင် နှောင်းသွားပြီလား”
ဝမ်လင်းလင်းသည် ချန်ဟောက်ထျန်းအား သနားသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ကာ အားပေးရှာ၏။
“နင့်ရဲ့ ကံတရားကတော့ တကယ်ကို မယုံနိုင်စရာပဲ၊ မလန့်ပါနဲ့... ငါတို့ နည်းလမ်းတစ်ခုခု ရှာနေပါတယ်”
ထိုအခိုက်အတန့်တွင် တမလွန်မှ သူ၏ အဘွားကြီး သည် သူ့အား လှမ်း၍ လက်ယပ်ခေါ်နေသည်အား မြင်တွေ့နေရသကဲ့သို့ ချန်ဟောက်ထျန်းခံစားလိုက်ရသည်။
လူ့ဘဝသည် အဘယ်ကြောင့် ဤမျှအထိ ဘေးအန္တရာယ် များပြားလှသနည်း။
ထိုအရာအား မြင်လျှင် လင်းယန်သည် အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်ကာ ပြော၏။
“မကြောက်ပါနဲ့”
သူ စကားမဆုံးမီ ချန်ဟောက်ထျန်းသည် ဖြတ်ပြောလိုက်သည်။
“နင်က စာနာစိတ်မရှိတဲ့သူတစ်ယောက်လို့ မပြောချင်ပါဘူး၊ ဒါပေမဲ့ ဒီလောက်ကြီးတဲ့ စပါးအုံးမြွေကြီးက ငါ့ခန္ဓာကိုယ်ပေါ်မှာ တွယ်ကပ်နေတာကို ငါက ဘယ်လိုလုပ် မကြောက်ဘဲ နေနိုင်မှာလဲ”
ရှောင်ကျူးဟွာသည် ချန်ဟောက်ထျန်း၏ စိတ်လှုပ်ရှား တုန်လှုပ်မှုအား ခံစားမိသွား၍ စူးစမ်းလိုစိတ်ဖြင့် သူ၏မျက်နှာကို လျက်လိုက်ပြန်၏။
သူသည် အလွန် ထိတ်လန့်သွားသဖြင့် တုန်တုန်ရင်ရင်ဖြင့် အော်ဟစ်ကာ ငိုယို ပြောသည်။
“ဝမ်လင်းလင်း... အကယ်၍ ငါသာ ဒီအဆိပ်ပြင်းတဲ့ မြွေ ကိုက်ခံရရင် နင် ငါ့မိဘတွေကို သေချာပြောပြပေးပြီး ငါ့အလောင်းကို အိမ်ပြန်သယ်ခိုင်းပေးပါ၊ ငါ ဒီချောက်ကမ်းပါးထဲမှာ မြေမြှုပ်မခံချင်ဘူး”
ဝမ်လင်းလင်းသည် စိုးရိမ်ပူပန်စိတ်များ အနည်းငယ် တိုးလာ၏။
ငါသည် ချန်ဟောက်ထျန်းအား သဘောမကျသော်လည်း သူသည် ငါနှင့်အတူ ဤနေရာသို့ လာခဲ့သူ ဖြစ်သည်။
အကယ်၍ ထိုသူ ဤနေရာတွင် တစ်စုံတစ်ရာ ဖြစ်ပွားသွားပါက သူမ၏ စိတ်ထဲတွင် အပြစ်မကင်းသကဲ့သို့ ခံစားရလိမ့်မည်။
လင်းယန်သည် သက်ပြင်းချကာ မတတ်သာသည့် အပြုံး ပြုံးလိုက်ကာ အခြားသူများ၏ ရှေ့တွင် ရှောင်ကျူးဟွာကို လှမ်း၍ ဖမ်းဆီးကာ မိမိ၏ လည်ပင်းပေါ်တွင် ဆွဲချိတ်လိုက်သည်။
“နင်က ဘာလို့ ဒီလောက်တောင်ဆိုးနေရတာလဲ၊ ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း လူတစ်ယောက်ကို ခြောက်ခဲ့ပြီးပြီ၊ အခုကော ဧည့်သည်တွေကို ထပ်ပြီး ခြောက်နေပြန်ပြီ”
ရှောင်ကျူးဟွာသည် လွန်ခဲ့သော ရက်အနည်းငယ်က သေတ္တာထဲတွင်သာ အိပ်ပျော်နေခဲ့၍ အပြင်သို့ ထွက်၍ လှုပ်ရှားသွားလာခြင်း သိပ်မရှိပေ။
ထို့ကြောင့် လင်းယန်သည် ၎င်းရှိနေသည်ကို မေ့လျော့လုနီးပါး ဖြစ်ခဲ့၏။
ထိုအကောင်သည် ချန်ဟောက်ထျန်းအား ထိတ်လန့်သွားစေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ထိုသူ သုံးဦးစလုံးသည် လင်းယန်သည် ကြီးမားလှသော စပါးအုံးမြွေကြီးအား ထိုမျှလောက် ကျွမ်းကျင်ညင်သာစွာ ကိုင်တွယ်၍ မိမိ၏ လည်ပင်းတွင် ဆွဲချိတ်ထားသည်အား မြင်လျှင် ကြောက်လန့်တကြား ဖြစ်သွားကြသည်။
အထူးသဖြင့် စောစောကတင် ရှောင်ကျူးဟွာ၏ မျက်နှာသာပေးခြင်း ခံခဲ့ရသော ချန်ဟောက်ထျန်း မေးလိုက်၏။
“ဒီမြွေက နင့်ရဲ့ အိမ်မွေးတိရစ္ဆာန်လို့တော့ ငါ့ကို မပြောပါနဲ့”
လင်းယန်သည် ၎င်း၏ လည်ချောင်းအား ရှင်းလိုက်ကာ အနည်းငယ် ရှက်ကိုးရှက်ကန်း ပုံစံဖြင့် ဆိုသည်။
“တစ်နည်းအားဖြင့် ပြောရရင် ရှောင်ကျူးဟွာက ငါ့အိမ်မှာ နေလာတာ ကြာပါပြီ၊ ဒီသေတ္တာကို ထိလို့မရဘူးဆိုတာ ငါ နင်တို့ကို ပြောဖို့ မေ့သွားတယ်၊ ဒါက ရှောင်ကျူးဟွာရဲ့ နေအိမ်ပဲ”
ထိုစကားကို ကြားလျှင် ချန်ဟောက်ထျန်းသည် သူ့အား အရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်ကာပြော၏။
“မဟုတ်ဘူး... နင်က ဘာဖြစ်လို့ အိမ်မှာ အန္တရာယ်ရှိတဲ့ တိရစ္ဆာန်တွေကို ဒီလောက်အများကြီး မွေးထားရတာလဲ၊ နင်က အသက်ရှင်ရတာ ငြီးငွေ့နေပေမဲ့ ငါတို့က မငြီးငွေ့သေးဘူး၊ ဒီမြွေက ကြည့်ရတာ အဆိပ်ပြင်းမယ့် ပုံပဲ”
ထိုတိုတောင်းသော နှစ်မိနစ်အတွင်းတွင် သူသည် မိမိ သေဆုံးသွားပြီးနောက် ဘာဖြစ်မည်ကို တွေးမိခဲ့သည်။
ဤအရာသည် လင်းယန်၏ အိမ်မွေးတိရစ္ဆာန် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ချန်ဟောက်ထျန်းသည် အမှန်တရား သိသွားသောအခါ အလွန် ဒေါသထွက်သွား၏။
ဝမ်လင်းလင်းသည် ထိုအရာအား အလွန် ခန့်ညားသည်ဟု ထင်မြင်ကာ ဆိုသည်။
“အဆိပ်ပြင်းမြွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူတာက တကယ်ကို ထူးခြားတာပဲ”
သူမ၏ စကားအား တုံ့ပြန်သည့်အနေဖြင့် ရှောင်ကျူးဟွာသည် ၎င်း၏ မြွေလျှာ လှုပ်ရှားလိုက်၏။
“ရှူး... ရှူး... ရှူး”
‘အမြင်အာရုံ စူးရှပြီး အကောင်းကြိုက်တတ်တဲ့ နောက်ထပ် အလှလေးတစ်ယောက်ပဲ၊ ငါ သဘောကျတယ်’
လင်းယန်သည် ရှောင်ကျူးဟွာ၏ ခေါင်းအား ပွတ်သပ်ပေးရင်း ရှင်းပြသည်။
“ငါ ရှောင်ကျူးဟွာကို တောင်ပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင် ကောက်ရခဲ့တာ၊ သူက သားရဲတစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ခံရလို့ ဒဏ်ရာရနေတာနဲ့ ငါက အောက်ကို ခေါ်လာခဲ့တာ၊ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး၊ အကြောင်းပြချက် မရှိဘဲ လူကိုလည်း ကိုက်မှာ မဟုတ်ဘူး၊ ဒါကြောင့် စိတ်ချလို့ရပါတယ်”
ချန်ဟောက်ထျန်းသည် နှုတ်ဆိတ်သွား၏။ အထူးသဖြင့် ရှောင်ကျူးဟွာ၏ အဆိပ်စွယ်များ မြင်လိုက်ရသောအခါ သူသည် မေးခွန်းတစ်ခုမေးမြန်းချင်စိတ် ပေါ်လာသည်။
“ငါက ဘယ်သူ့ကို ယုံကြည်ရမှာလဲ”
လင်းယန်ကဲ့သို့ သောကကင်းဝေးသူသည် ဘာမျှမဖြစ်ခဲ့သကဲ့သို့ ပြုမူနိုင်၍ အဆိပ်ပြင်းမြွေတစ်ကောင်နှင့် အခန်းတစ်ခန်းတည်းတွင် အတူတူ နေထိုင်နိုင်လိမ့်မည်။
ရှောင်စစ်ယွီသည် စမ်းသပ်သည့် အနေဖြင့် သူမ၏လက်အား ဆန့်ထုတ်လိုက်ကာ မေး၏။
“သူက တကယ်ပဲ လူကို မကိုက်ဘူးလား”
လင်းယန်သည် ခေါင်းညိတ်ပြကာ ဆိုသည်။
“တကယ်ပါ... နင်ကြည့်၊ ငါ သူ့ကို ဘယ်လိုပဲ စနောက်နေပါစေ သူ ငါ့ကို မကိုက်ပါဘူး”
လင်းယန်သည် ရှောင်ကျူးဟွာ၏ ခေါင်းကိုင်မြှောက်၍ လူတိုင်း၏ ရှေ့မှောက်တွင် မြွေကခုန်ခြင်း အတတ်ပညာကို ပြသည်။
ထို အခြေအနေမျိုးတွင် ရှောင်ကျူးဟွာသည် လင်းရန်အား အနည်းငယ်မျှ အန္တရာယ် မပြုခဲ့ပေ။
၎င်းသည် အနည်းငယ် မကျေမနပ်ဖြစ်ကာ လင်းယန်၏ ကိုယ်ပေါ်မှ ဆင်းသက်သွားကာ ရှောင်စစ်ယွီသည် သူမ၏ လက်ကမ်းပေးလိုက်သောအခါ ၎င်းသည် သူမ၏ လက်မောင်းတွင် ရစ်ပတ်လိုက်သည်။
လင်းယန်သည် ရယ်လည်းရယ်ချင် စိတ်လည်းပျက်မိကာ ဆို၏။
“သူက နင်တို့လို မိန်းမလှလေးတွေကို ပိုပြီး သဘောကျပုံရတယ်”
ရှောင်ကျူးဟွာ အမည်ရှိသော ဤမြွေသည် လှပသော အမျိုးသမီးများအား အထူးတလည် နှစ်သက်သဘောကျပုံရသည်။
ပြီးခဲ့သည့် တစ်ခေါက်က ရှုလီအား မြင်တွေ့သောအခါ အလွန် စိတ်လှုပ်ရှားခဲ့ဖူး၏။
ယခုတစ်ကြိမ်တွင် ရှောင်စစ်ယွီနှင့် ဝမ်လင်းလင်းတို့ ဤသို့ ပြုမူသည်အား မြင်ရပြန်သည်။
ရှောင်စစ်ယွီသည် အမှန်တကယ် မြွေများနှင့် အခြားသော ပျော့ပျောင်းသည့် သတ္တဝါများကို အလွန် ကြောက်ရွံ့တတ်သူ ဖြစ်သည်။ ရှောင်ကျူးဟွာသည် သူမ၏ ကိုယ်ပေါ်သို့ တွားသွားတက်လာသည့် ခဏတွင် သူမသည် ၎င်းအား လွှင့်ပစ်လိုက်ခြင်း မပြုမိစေရန် မိမိ၏ ကြောက်ရွံ့စိတ် အားတင်း၍ ထိန်းချုပ်ထားရ၏။
ရှောင်ကျူးဟွာသည် နောက်ထပ် လှုပ်ရှားမှုတစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိသည်အား သိရှိသွားပြီးနောက် ရှောင်စစ်ယွီသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့ကာ စိတ် တည်ငြိမ်စေကာ လင်းယန် ပြုလုပ်ခဲ့သကဲ့သို့ ၎င်း၏ ဦးခေါင်းအား ပွတ်သပ်ပေးလိုက်သည်။
“နင့်နာမည်က ရှောင်ကျူးဟွာလား၊ အဲဒါက တကယ်ကို လှပတဲ့ နာမည်လေးပဲ”
ဝမ်လင်းလင်းသည် ရှောင်စစ်ယွီ၏ အနားသို့ တိုးသွားကာ ဆိုသည်။
“ဒီလို ကြည့်လိုက်တော့လည်း ဒီမြွေက တော်တော်လေး လှတာပဲ၊ ခဏနေရင် သူ့ကို ငါ့လက်မောင်းမှာ ချိတ်ပြီး ဓာတ်ပုံအချို့ ရိုက်လို့ရမလား၊ ဒီလို ဓာတ်ပုံတွေကို ဝီချက် ပေါ်မှာ တင်လိုက်ရင် တကယ်ကို လန်းမှာပဲ၊ မဟုတ်ဘူး... ဘာလို့ လက်မောင်းမှာပဲ ချိတ်ရမှာလဲ၊ ငါ့ရဲ့ လည်ပင်းမှာပဲ တိုက်ရိုက် ဆွဲချိတ်လိုက်မယ်”
လင်းယန်၏ အာမခံချက်ကြောင့် ဝမ်လင်းလင်းသည် ရှောင်ကျူးဟွာ တကယ် လူကိုက်လိမ့်မည် မဟုတ်ကြောင်း ယုံသွားခဲ့ သည်။
“ဒီကိုလာပါဦး... အသည်းလေးရဲ့၊ နင့်ရဲ့ အစ်မကြီးကို အနမ်းတစ်ခု ပေးပါဦး”
ဝမ်လင်းလင်းသည် ရှောင်ကျူးဟွာကို အမှတ်မထင် ထိခိုက်ဒဏ်ရာ ရရှိသွားမည်ကို စိုးရိမ်သဖြင့် ရှောင်စီယွီ၏ ကိုယ်ပေါ်မှ သူမ၏ ကိုယ်ပေါ်သို့ မလွန် ညင်သာစွာ ရွှေ့ပြောင်းယူလိုက်သည်။
ချန်ဟောက်ထျန်းသည် ဝမ်လင်းလင်းနှင့် သိကျွမ်းခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း သူမ ဤမျှလောက် နူးညံ့ညင်သာစွာ စကားပြောဆိုသည်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
သူ၏ မှတ်ဉာဏ်ထဲတွင် ဝမ်လင်းလင်းသည် အမြဲတမ်း ရဲတင်းပြီး စည်းကမ်းမဲ့သူတစ်ယောက် ဖြစ်ကာ အနည်းငယ်မျှ စိတ်ဆိုးပါက ဆဲဆိုတတ်သူ ဖြစ်သည်။
ယခုအခါ အဆိပ်ပြင်းမြွေတစ်ကောင်အပေါ်တွင် ဘာဖြစ်လို့ ဤမျှအထိ နူးညံ့ပျော့ပျောင်း နေနိုင်ရသနည်း။
ချန်ဟောက်ထျန်းသည် မိမိကိုယ်ကိုယ် တကယ် သံသယဝင်လာမိတော့သည်။
ဤလောကကြီးသည် ဘာဖြစ်သွားရသနည်း။
သို့မဟုတ်ပါက သူသည် လင်းယန်၏ ပုံစံ အတုယူကာ အိမ်တွင် အိမ်မွေးတိရစ္ဆာန်အချို့ကို မွေးမြူသင့်သလော။
ယခုခေတ် အမျိုးသမီးများသည် ဤကဲ့သို့သော အရွယ်အစားမျိုးကို ပို၍ သဘောကျကြသလော။
သို့သော် ချန်ဟောက်ထျန်းသည် သူ၏ အတွေးများကို လျင်မြန်စွာပင် ဖျောက်ဖျက်လိုက်၏။
လင်းရန်၏ အိမ်မွေးတိရစ္ဆာန်များသည် သာမန်လူသားများ မွေးမြူနိုင်သည့် အရာမျိုး မဟုတ်ပေ။
သူသည် မည်မျှပင် ချမ်းသာကြွယ်ဝစေကာမူ အိမ်တွင် ကြောင်နှင့် ခွေးများ မွေးမြူနိုင်လိမ့်မည်။
သူတို့သည် လင်းယန်၏ ပုံစံအား အတုယူကာ အရှေ့မြောက်ကျားအား ဖမ်းဆီးနိုင်ပါမည်လော။
သူသာ ထိုသို့ တကယ် လုပ်ဆောင်နိုင်ခဲ့ပါက အကျဉ်းထောင်ထဲသို့ ရောက်ရှိသွားကာ သတင်းထုတ်ပြန်ချက်များကို ကြည့်ရှုနေရလိမ့်မည်။
ရှောင်စစ်ယွီသည် ပြုံးလိုက်ကာ ဝမ်လင်းလင်း၏ ဓာတ်ပုံ အများအပြား ရိုက်ကူးပေးလိုက်၏။
ထို့နောက် ဘေးတွင် ရပ်နေသော ချန်ဟောက်ထျန်းဘက်သို့ လှည့်ကာ မေးသည်။
“နင်ကော ဒီဘက်ကိုလာပြီး ငါနဲ့အတူ ဓာတ်ပုံရိုက်အုံးမလား”
ချန်ဟောက်ထျန်းသည် ခေါင်းခါပြ၏။
သူသည် ထိုအဆိပ်ပြင်းမြွေအား မြင်တွေ့နေရဆဲ ဖြစ်သဖြင့် စိတ်ထဲတွင် အနည်းငယ် ကြောက်ရွံ့နေသေးသည်။
ထိုအရာသည် သူ မြင်မက်နေတဲ့ စိတ်ကူးယဉ် အိမ်မက် မဟုတ်ပေ။
အမှန်တကယ် ရှိနေသည့် အဆိပ်ပြင်းမြွေတစ်ကောင် ဖြစ်သည်။
ထိုအမျိုးသမီး နှစ်ယောက် မည်သည်မှ သတ္တိတွေ ရလာကြောင်း သူ အမှန်တကယ် မသိပေ။
သူမတို့သည် ယခင်က သရဲကားများ အလွန် ကြောက်ရွံ့ခဲ့ကြသော်လည်း ယခုအခါတွင် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိတော့ပေ။
“ငါ အပြင်ထွက်ပြီး လေကောင်းလေသန့် သွားရှူဦးမယ်”
ချန်ဟောက်ထျန်း ဆိုသည်။
ရှောင်စစ်ယွီနှင့် ဝမ်လင်းလင်းတို့သည် ထိုစကားများကြားလိုက်ရသောအခါ ပြီးခဲ့သည့် ညက အဖြစ်အပျက်အား ပြန် အမှတ်ရသွားကြ၏။
ချန်ဟောက်ထျန်းသည် ထိုစဉ်ကလည်း ဤစကားကို ပြောဆိုခဲ့သည် မဟုတ်ပါလော။
“သူ့ကို ဂရုမစိုက်ပါနဲ့... ငါတို့ ဒီချစ်စရာကောင်းတဲ့ အကောင်လေးနဲ့ ဓာတ်ပုံတွေ ဆက်ရိုက်ကြရအောင်”
ဝမ်လင်းလင်းသည် နှုတ်ခမ်း စူလိုက်ကာမေးသည်။
“ဒီကိုယ်ဟန်အနေအထားက ကြည့်လို့ကောင်းရဲ့လား”
ရှောင်စစ်ယွီသည် ခေါင်းညိတ်ပြကာ ပြန်ပြောသည်။
“ဒီအတိုင်းပဲ ဆက်နေပါ... အဲဒါက ပိုပြီး ချစ်စရာကောင်းတယ်”