← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း (၁၀၂)

ချန်ဟောက်ထျန်းသည် ခြံဝင်းအတွင်း၌ အချိန်အတော်ကြာ တွေဝေတုံ့ဆိုင်းလျက် ရှိနေခဲ့သည်။ သို့သော် ထိုအမျိုးသမီးနှစ်ဦးမှာမူ သူ့အား လာရောက်ကြည့်ခြင်း မရှိကြသဖြင့် သူ၏စိတ်ပို၍ အားငယ်လာရသည်။

လင်းယန်သည် သူ၏ထူးဆန်းသော အမူအရာအား သတိပြုမိသွားပြီးလျှင် မေးလိုက်၏။

“မင်း စိတ်မကြည်မလင် ဖြစ်နေတာလား”

ထိုစကားကြောင့် ချန်ဟောက်ထျန်းသည် လင်းယန်အား စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကာ ခက်ထန်စွာ တုံ့ပြန်သည်။

“ငါ့ရှေ့မှာ လာပြီး ဆရာမလုပ်နဲ့၊ တခြားလူတွေ မင်းကို ရိုရိုသေသေ ဆက်ဆံနေကြတာ ဒီတိရစ္ဆာန်တွေကြောင့် မဟုတ်ဘူးလား၊ ငါ့မိသားစုမှာ ငွေတွေ အပုံအပင်ရှိတယ်၊ အဲဒီတော့ ဒီလို ယုတ်ညံ့တဲ့နည်းလမ်းတွေကို သုံးဖို့ မလိုဘူး”

လင်းရန်မှာမူ ဆွံ့အသွားရသည်။

သူသည် အဘယ်ကြောင့် ဤသို့ တွေးတောနေပါသနည်း။

ဝမ်လင်းလင်းသည် လည်ပင်းတွင် ကင်မရာအသေးလေးတစ်ခု ချိတ်ဆွဲလျက် အိမ်ထဲမှ ဖြည်းဖြည်းချင်း ထွက်လာပြီးနောက် ပြောလိုက်သည်။

“အစ်ကိုလင်းကလည်း... သူ့ကို သိပ်ပြီး ဂရုစိုက်လွန်းနေပြီ၊ ချန်သခင်လေးက ဘာဖြစ်လို့ စိတ်မကောင်းဖြစ်ရမှာလဲ၊ ဘာပဲဖြစ်ဖြစ် သူ့မိသားစုက ချမ်းသာတာပဲ၊ သူက နည်းနည်းလေး သူရဲဘောကြောင်ရုံတင်ပါ”

ဝမ်လင်းလင်း၏ သရော်စကားများကို ကြားလိုက်သောအခါ ချန်ဟောက်ထျန်း၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့် နီမြန်းသွားကာ အော်ဟစ်လေသည်။

“မဟုတ်ကဟုတ်ကတွေ လျှောက်မပြောနဲ့၊ ငါချန်ဟောက်ထျန်းဆိုတဲ့‌ကောင်က ဘယ်တုန်းက သူရဲဘောကြောင်ဖူးလို့လဲ”

“ဟုတ်ပါပြီ... ဟုတ်ပါပြီ၊ မင်းက တကယ်ကို သတ္တိရှိပါတယ်၊ ငါတို့က မင်းကို ဒီဘက်လာပြီး အတူတူ အမှတ်တရဓာတ်ပုံရိုက်ဖို့ ခေါ်တာကိုကျတော့ မင်းက မလာရဲဘူးလေ၊ အကယ်၍ မင်းက မြွေကိုမကြောက်ဘူးဆိုရင် ဘာကို ကြောက်နေတာလဲ၊ စစ်ယွီနဲ့ငါက နင့်ကို ဝါးစားမှာစိုးလို့ ကြောက်နေတာလား”

ချန်ဟောက်ထျန်းသည် ထိုစကားများကြောင့် အလွန် ဒေါသထွက်သွားရလေသည်။ သူသည် အသက် အောင့်ထားလျက် အချိန်အတော်ကြာ ထိန်းချုပ်ပြီးမှသာ ခက်ခက်ခဲခဲ ညှစ်ထုတ်၍ ပြောလိုက်၏။

“ငါက ဒီမြွေကို ကြောက်တာမဟုတ်ဘူး၊ ရွံစရာကောင်းလို့ ကြည့်ရဆိုးလို့ပါ”

ဝမ်လင်းလင်းသည် ထိုစကား ကြားရသောအခါ ရယ်ရယ်မောမော ဆိုသည်။

“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ၊ ချန်သခင်လေး ပြောသမျှ အားလုံး အမှန်တွေချည်းပါပဲ”

ဤစကားသည် ချန်ဟောက်ထျန်းအား သွေးဆူလောက်အောင် ဒေါသထွက်စေခဲ့သဖြင့် သူသည် ခြံဝင်းထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ဒေါသတကြီး ထွက်ခွာသွားတော့သည်။

“အဲဒါက အဆိပ်ပြင်းမြွေတစ်ကောင်ပဲ ဥစ္စာ၊ ဘယ်မှာ ကြောက်စရာရှိလို့လဲ”

ဝမ်လင်းလင်းသည် သူ့အား လှောင်ပြောင် သရော်ခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ချန်ဟောက်ထျန်းသည် ဝမ်လင်းလင်းအား သူ၏ နတ်ဘုရားမကဲ့သို့ တန်ဖိုးထားခဲ့သော်လည်း၊ ယခုရက်ပိုင်းအတွင်း အတူတကွ ဖြတ်သန်းပြီးနောက် သူမအပေါ် နက်ရှိုင်းသော ရွံရှာမုန်းတီးမှုများ ဖြစ်ပေါ်လာခဲ့သည်။

ဝမ်လင်းလင်းသည် မိမိ၌ ယောက်ျားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ သိက္ခာနဲ့ မာန်မာနတွေကို ပျက်စီးအောင် လုပ်ခဲ့သည်ဟု ချန်ဟောက်ထျန်းထင်မှတ်နေသည်။ထို့ကြောင့် သူသည် ယနေ့တွင် သူ၏ ဂုဏ်သိက္ခာကို မဖြစ်မနေ ပြန်လည်ဆယ်ယူရန် စိတ်ပိုင်းဖြတ်ထားလိုက်၏။

ချန်ဟောက်ထျန်း ဒေါသတကြီး ထွက်သွားသည်ကို လင်းယန် ကြည့်ရင်း စိုးရိမ်စွာဖြင့် မေးသည်။

“သူ တစ်ခုခု ဖြစ်သွားနိုင်မလား၊ အဲဒါကြောင့် အာဟူကို သူ့နောက်ကနေ လိုက်သွားခိုင်းပြီး စောင့်ကြည့်ခိုင်းရင် ကောင်းမလား”

ဝမ်လင်းလင်းသည် ခေါင်းခါယမ်းကာ နှာခေါင်းရှုံ့လျက် အေးစက်စွာ ပြောသည်။

“ငါ သူ့အကြောင်း ကောင်းကောင်းသိတယ်၊ သူက လူဖျင်း သူရဲဘောကြောင်တစ်ယောက်ပဲ၊ ဘာမှ စိုးရိမ်စရာမလိုဘူး၊ နေ့လယ်စာစားချိန် ရောက်ရင် သူဘာသာသူ ပြန်လာလိမ့်မယ်၊ အစ်ကိုလင်း... ငါတို့ အရင်ဆုံး နေ့လယ်စာ သွားလုပ်ကြရအောင်၊ ငါ မနက်ခင်းတစ်ခုလုံး အပြင်မှာ လျှောက်သွားနေတာနဲ့ အခု သိပ်ဗိုက်ဆာနေပြီ”

လင်းယန်သည် ဝမ်လင်းလင်း ပြောသော စကား ကြားရသောအခါ စိတ်ချလက်ချဖြင့် နေ့လယ်စာ ချက်ပြုတ်ရန်အတွက်သာ ထွက်ခွာသွားသည်။

အကယ်၍ ချန်ဟောက်ထျန်သာ မကြာမီ အချိန်အတွင်း ပြန်လည်ရောက်ရှိမလာပါက သူကိုယ်တိုင် သွားရောက်ရှာဖွေမည်ဟု တွေးထား၏။

အလွန်ဆုံးရှိလျှင် သူတို့သည် ရွာပတ်ပတ်လည်၌သာ လှည့်လည်သွားလာနေမည်ဖြစ်၍ တောင်ပေါ်သို့ တက်သွားမည် မဟုတ်ပေ။

သို့သော် ကံဆိုးစွာဖြင့် ချန်ဟောက်ထျန်းသည် အမှန်တကယ် တောင်ပေါ်သို့ တက်သွားခဲ့သည်။

မိမိကိုယ်ကို သူရဲဘောကြောင်သူတစ်ဦး မဟုတ်ကြောင်း သက်သေပြရန်အတွက် တောင်ပေါ်မှ အရာတစ်ခုခု လျှို့ဝှက်စွာ ယူဆောင်လာပြီးလျှင် မိမိတစ်ဦးတည်း တောင်ပေါ်သို့ တက်ရဲကြောင်း ထိုသူတို့အား သက်သေပြရန်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ယနေ့တွင် လင်းရန်သည် တောနက်ကြီးများနှင့် သစ်တောများအတွင်း အလွန်အန္တရာယ်များလှသဖြင့် အနီးအနားရှိ ရွာသားများ တောင်ပေါ်သို့ တစ်ဦးတည်း မတက်ဝံ့ကြကြောင်း ပြောခဲ့ဖူးသည်။

သူသည် ဤသို့ပြုလုပ်ခြင်းအားဖြင့် မိမိကိုယ်မိမိ သူရဲဘောကြောင်သူ မဟုတ်ကြောင်း ထိုသူတို့အား လက်တွေ့ပြလိုခြင်း ဖြစ်၏။

အစပိုင်း၌ ထိုဒေါသမာန်သည် ချန်ဟောက်ထျန်းအား တောင်ဝက်ခန့်အထိ တက်လှမ်းနိုင်ရန် တွန်းပို့ပေးနိုင်ခဲ့သော်လည်း၊ မကြာမီအချိန်အတွင်း သူသည် နောင်တရလာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မကြာခဏဆိုသလို တစ်ခါမှမကြားဖူးသော ငှက်ဆိုးများ၏ အော်မြည်သံများ ကြားနေရကာ ပတ်ဝန်းကျင်တစ်ခုလုံး သစ်ပင်ကြီးငယ်များ ဖုံးလွှမ်းလျက် ရှိနေသောကြောင့် ဖြစ်၏။

သစ်ရွက်ခြောက်များအပေါ် နင်းလျှောက်လိုက်သော သူ၏ခြေသံများမှာ စူးရှပြတ်သားစွာ ထွက်ပေါ်နေသည်။

၎င်းသည် လောကီလောက၌ သူတစ်ဦးတည်းသာ ကျန်ရှိတော့သည့်အလား ခံစားရစေ၏။

ချန်ဟောက်ထျန်းသည် တံတွေး ခက်ခက်ခဲခဲ မြိုချလျက် ပတ်ဝန်းကျင်အား ဝေ့ဝဲကြည့်ရှုလိုက်ရာ အနေအထားသည် သူ့အား ထိတ်လန့်တုန်လှုပ်စေသည်။

အထူးသဖြင့် သူ၏ရင်ထဲမှ ဒေါသမာန်များ သိသိသာသာ လျော့ပါးသွားပြီးနောက် မိမိ၏ စိတ်လိုက်မာန်ပါ ပြုလုပ်ခဲ့မိသောအပြစ်အတွက် နောင်တရမိသည်။

သို့သော် သူသည် ပြန်လှည့်ရမည့် လမ်းကြောင်း မေ့သွားခဲ့၏။

“တောက်... ငါ့ဖုန်းကလည်း အခုထိ လိုင်းမမိသေးဘူး”

တောင်တက်ပြီး ခဏအကြာ ချန်ဟောက်ထျန်းသည် စ၍ မျှော်လင့်ချက်မဲ့လာသဖြင့် သူသည် သွား တင်းတင်းကြိတ်ကာ တောင်အောက်သို့ ဆင်းရမည့် လမ်းကြောင်းအား စရှာတော့သည်။

သို့သော် ၎င်းသည် လမ်းမှားနေသည်ကို မသိဘဲ ဆက်သွားနေရာ တောတဖြည်းဖြည်းနက်လာသည်ကို မိမိကိုယ်တိုင်ပင် သတိမထားမိကြချေ။

ရှေ့ရှိလမ်းမှာ ပိုခက်ခဲကြမ်းတမ်းလာ၍ ၎င်းကို လမ်းဟုပင် မခေါ်ဆိုနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိလာသည်။ ထိုအခါမှ ချန်ဟောက်ထျန်းသည် မိမိ လမ်းမှားသွားခဲ့ပြီဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။

တောင်ပေါ်သို့ တက်ခဲ့သော လမ်းသည် လျှောက်ရန် မလွယ်ကူခဲ့သော်လည်း ယခု နေရာကဲ့သို့ ပေါင်းမြက်များ ခါးစောင်းခန့်အထိ မြင့်မားစွာ ပေါက်ရောက်နေကာ လမ်းဟူ၍ အလျင်းမရှိသော နေရာမျိုး မဟုတ်ခဲ့ပေ။

“ဒုက္ခပါပဲ... ငါ ဒီနေရာမှာပဲ သေရတော့မှာလား”

ချန်ဟောက်ထျန်းသည် ဒေါသတကြီးဖြင့် မိမိ၏ ပါး မိမိ ပြင်းထန်စွာ ရိုက်နှက်လိုက်ကာ

မြည်တမ်းလေသည်။

“ဒီနေရာက ဘယ်လို ငရဲခန်းမျိုးလဲ၊ ငါ ဆက်မသွားတော့ဘူး၊ ဆက်မသွားတော့ဘူး”

သူသည် နေရာတစ်ခု ရှာတွေ့ကာ ဘုန်းခနဲ ထိုင်ချလိုက်တော့၏။

ဤအချိန်တွင်မူ မိမိ၌ရှိသော ရွံ့တတ်သည့် စိတ်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။

သူသည် ယနေ့နံနက်မှ တောင်အောက်သို့ ဆင်းလာခဲ့ခြင်းဖြစ်၍၊ ယခုအခါတွင် နေ့လယ်စာ မစားရသေးဘဲ ဤမျှလောက် ဝေးကွာသော ခရီးအား တစ်ဦးတည်း ဆက်လျှောက်ခဲ့ရပြန်သည်။

မောပန်းနွမ်းနယ်လွန်းသဖြင့် သတိမမေ့သွားခြင်းမှာ တကယ်အံ့ဖွယ် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူ အပြင်သို့ ထွက်ခွာလာစဉ် လင်းယန် ခြံဝင်းအတွင်း၌ ချထားသော ရေသန့်တစ်ပုလင်းကို ယူလာခဲ့မိသည်။

ချန်ဟောက်ထျန်းသည် ပုလင်းထဲမှ ရေအများစု မော့သောက်လိုက်ပြီးနောက် ခန္ဓာကိုယ် အခြေအနေ အနည်းငယ် သက်သာလာကာ၊ အားနည်း အဖျားတက်သကဲ့သို့ ဖြစ်နေသော ခန္ဓာကိုယ်၏ မူးဝေနောက်ကျိမှုများ ကင်းစင်သွားသည်။

“တီဗွီတွေထဲမှာ ဒီတောင်ကျစမ်းရေအကြောင်းကို ဘာဖြစ်လို့ ခဏခဏ ချီးမွမ်းခန်းဖွင့်နေကြလဲဆိုတာ မဆန်းပါဘူး၊ ဒါက တကယ်ကို အံ့ဩစရာကောင်းတဲ့ အရာပဲ”

ချန်ဟောက်ထျန်းသည် ပုလင်းထဲတွင် ကျန်ရှိနေသော ရေအနည်းငယ်အား ကြည့်ရင်း ရှေ့ဆက်၍ မည်သို့ပြုလုပ်ရမည်အား တွေးကာ စိုးရိမ်နေမိသည်။

“အဲဒီမှာ ဘယ်သူတွေ ရှိကြလဲ”

အခြားရွေးချယ်စရာ လမ်းမရှိတော့သဖြင့် သူသည် ကယ်ဆယ်ရေးအတွက် အော်ဟစ်အကူအညီတောင်းခံရတော့၏။

အနီးအနားရှိ တောင်ပေါ်တွင် ထင်းခွေနေကြသော ရွာသားများအနေဖြင့် သူ၏ အကူအညီတောင်းသံအား ကြားရလိမ့်မည်ဟု မျှော်လင့်မိသည်။

သို့သော် သူရောက်နေသောနေရာသည် တောနက်လွန်းသဖြင့် ရွာသားများ၌ အသက်ဆယ်ချောင်း ရှိနေစေဦးတော့ ဤကဲ့သို့ ဝေးလံခေါင်ဖျားသော တောင်နက်ပိုင်းသို့ လာရဲကြမည် မဟုတ်ပေ။

သူသည် အသံဝင်ကာ လည်ချောင်းကွဲမတတ် အချိန်အတော်ကြာအောင် အော်ဟစ်ခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ချေ။

ချန်ဟောက်ထျန်းသည် မိမိ၏ ကံကြမ္မာကိုသာ အရှုံးပေး လက်ခံလိုက်ကာ ရှေ့သို့ ဆက်လျှောက်ခဲ့သည်။

ရုတ်တရက် မလှမ်းမကမ်းသော နေရာမှ အသံတစ်ခု ထွက်လာသည်အား ကြားလိုက်ရ၏။

ယနေ့နံနက်က ဖြစ်ခဲ့သော အဖြစ်အပျက်များကြောင့် ယခုအခါ သူသည် မိမိ၏ ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသမျှ အသံဟူသမျှ အလွန် အာရုံခံစားလွယ်သည်။

၎င်းတို့သည် တောရိုင်းတိရစ္ဆာန်များနှင့် မတော်တဆ ထပ်မံရင်ဆိုင်ရမည်အား အလွန် ထိတ်လန့်ကြောက်ရွံ့နေ၍၊ ထိုသို့ရင်ဆိုင်ရပါက သေချာပေါက် သေဆုံးရမည်ကြောင်း သိနေသောကြောင့် ဖြစ်၏။

“မင်းက ရွာသားတစ်ယောက်လား”

ချန်ဟောက်ထျန်းသည် သတ္တိ မွေးကာ စမ်းသပ်သည့်အနေဖြင့် မေးမြန်းလိုက်သည်။

တစ်ခဏအကြာ ခန္ဓာကိုယ်ထွားကြိုင်း ထည်ဝါခန့်ညားသော အနက်ရောင် သဏ္ဌာန်တစ်ခုသည် သူ၏အမြင်အာရုံထဲသို့ ပေါ်ပေါက်လာခဲ့သည်။

ထိုအရာအား မြင်လိုက်ရသောအခါ ချန်ဟောက်ထျန်း၏ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားရကာ ထစ်ထစ်အငေါ့ငေါ့ဖြင့် ရေရွတ်မိတော့သည်။

“ဝက်... ဝံနက်ကြီးလား၊ အိုး... ဘုရားသခင်၊ ဒီနေရာမှာ ဝက်ဝံနက်ကြီးတစ်ကောင် ဘာဖြစ်လို့ ရှိနေရတာလဲဆိုတာ တစ်ယောက်ယောက်လောက် ဖြစ်ဖြစ် ပြောပြပေးကြပါဦး၊ မဟုတ်ဘူး... အဆွေ၊ ငါက လူတစ်ယောက်ယောက်ကိုပဲ လှမ်းခေါ်နေတာပါ၊ မင်းကို ခေါ်တာမဟုတ်ပါဘူး၊ မင်း အရင်ဆုံး ပြန်သွားလို့ရမလား”

သူ၏စကားကို ဝံနက်ကြီးက နားကွဲမတတ် ပြင်းထန်သော ဟိန်းဟောက်သံဖြင့်သာ ပြန်လည်တုံ့ပြန်ခဲ့လေသည်။

“ဂရူး”

‘လူသားလား... အစားအစာကောင်းကောင်းတွေကို ပေးစမ်း’

သို့သော် ကံဆိုးစွာဖြင့် ချန်ဟောက်ထျန်းသည် ဝံနက်ကြီး၏ စကား နားမလည်နိုင်ခဲ့ဘဲ ဝက်ဝံနက်ကြီးသည် မိမိ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဆွဲဖြဲကာ စားသောက်တော့မည်ဟု ထင်နေခဲ့၏။

မိမိ၏ ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်တောက်သွားမည့် ပုံရိပ်သည် သူ၏ စိတ်ထဲတွင် ကြိုတင် လျှပ်ခနဲ ဖြတ်သန်းသွားခဲ့သည်။

သူသည် ပုံမှန်အားဖြင့် သစ်ပင်မတက်တတ်ရုံမျှမက တက်နိုင်သူလည်း မဟုတ်ပေ။

လူသားတို့သည် အသက်ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရသောအခါတွင် ကြီးမားလှသော စွမ်းရည်များ ထုတ်ဖော်နိုင်ကြစမြဲ ဖြစ်ရာ၊ ချန်ဟောက်ထျန်းသည် ခေါင်းဖြတ်ကောင်ကဲ့သို့ တွားသွားလျက် မိမိရှေ့ရှိ သစ်ပင်ကြီးပေါ်သို့ ဖြည်းဖြည်းချင်း တက်သွားတော့သည်။

နောက်ဆုံးတွင် သူသည် တစ်ကိုယ်လုံး ချွေးဒီးဒီးကျလျက် သစ်ကိုင်းအား တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားရင်း၊ သစ်ပင်အောင်ရှိ အခြေအနေများအား မျက်ရည်စက်လက်ဖြင့် ငုံ့ကြည့်နေရှာတော့၏။

၎င်းတို့သည် မိမိတို့၏ လက်များနှင့် ဒူးခေါင်းများ ပွန်းပဲ စုတ်ပြဲသွားခြင်းကို ဂရုမစိုက်နိုင်ကြတော့ပေ။

အသက်ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသော အချိန်တွင် ဤကဲ့သို့သော နာကျင်မှုဝေဒနာများသည် ဘာမျှမဟုတ်တော့ချေ။

“ဒီနေ့က ပြသာဒါးထင်တယ်၊ ငါ အပြင်မထွက်ခင် ပြက္ခဒိန်ကို သေချာပေါက် မကြည့်ခဲ့မိတာ အမှန်ပဲ၊ ငါက ဒီလို ဘေးဒုက္ခမျိုး ကြုံတွေ့ရဖို့ ကံပါလာခဲ့တာလား”

ချန်ဟောက်ထျန်းသည် မိမိ၏ ဖုန်း ထုတ်ကြည့်လိုက်ရာ လိုင်းအခြေအနေမှာ တစ်တုံးသာ ရှိနေသည်ကို တွေ့ရသဖြင့် သူသည် ဝမ်လင်းလင်းထံသို့ စာတိုအချို့ အမြန် ပို့ရန် ကြိုးစားလိုက်သည်။

ယခုအခါတွင် သူ ပြုလုပ်နိုင်သမျှ အခြားတစ်ယောက် မိမိ၏ စာတိုအား လက်ခံရရှိကာ မိမိအား လာရောက်ရှာဖွေကယ်ရန် ကောင်းကင်ဘုံ၌ ဆုတောင်းနေရုံမျှသာ ရှိတော့၏။

သို့မဟုတ်ပါက သူသည် ရေရှည်တွင် ကြံ့ကြံ့ခံနိုင်တော့မည် မဟုတ်ပေ။

ဝက်ဝံနက်ကြီးသည် သစ်ကိုင်းပေါ်တွင် တွဲလောင်းခိုနေသော လူသားအား ကြည့်ရင်း သစ်ပင်ကို ဒေါသတကြီး ကုတ်ခြစ်ကာ အဆက်မပြတ် ဟိန်းဟောက်နေသည်။

ချန်ဟောက်ထျန်းသည် ကောင်းကင်ဘုံက မိမိအား စောင့်ရှောက်ပါစေကြောင်း တိတ်တဆိတ် ဆုတောင်းနေမိ၏။

ဤနေရာသည် အလျား နှစ်မီတာကျော်ရှိတဲ့ ဝက်ဝံနက်ကြီးတစ်ကောင် ဘယ်လိုလုပ်ပြီး ရှိနေနိုင်ရတာလဲ။

ကောင်းကင်ဘုံက သူ့ဘဝအား အဆုံးသတ်ပစ်တော့မည်လား။

ထိုသို့မဟုတ်လျှင် ဝက်ဝံနက်ကြီးသည် အဆိပ်ပြင်းမြွေများနှင့်တစ်ရက်တည်းတွင် အဘယ်ကြောင့် တစ်ပြိုင်နက်တည်း ပေါ်လာရမည်လော။

All Chapters