← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း (၁၀၃)

ထိုလူသားသည် မိမိ၏ အဓိပ္ပာယ်အား နားမလည်ကြောင်း ဝက်ဝံမည်းကြီး သိသွားသောအခါ ဒေါသတကြီးဖြင့် သစ်ကိုင်းအား ရူးမတတ် ခါယမ်းတော့သည်။

ထိုအချိန်တွင် ချန်ဟောက်ထျန်းသည် ငိုပင်မငိုနိုင်တော့ပေ။

“ဘုရားသခင်ရေ... ငါ ဒီနေ့ တကယ်ပဲ သေရတော့မှာလား”

တစ်ချိန်တည်းမှာပင်

လင်းယန်သည် ယနေ့အတွက် နေ့လယ်စာ ပြင်ဆင်နေဆဲ ဖြစ်၏။

ချန်ဟောက်ထျန်း ထွက်သွားသည်မှာ တစ်နာရီနီးပါး ကြာခဲ့ပြီဖြစ်သော်လည်း ပြန်မလာသေးသဖြင့် သူ၏ စိတ်ပူပန်မှုကို မအောင့်အီးနိုင်ပေ။

“ချန်ဟောက်ထျန်း ဘာလို့ အခုထိ ပြန်မလာသေးတာလဲ၊ အာဟူလေး... မင်း ရွာထဲမှာ လိုက်ရှာပြီးပြီလား”

ရန်အာဟူသည် ခေါင်းညိတ်၍ ဆိုသည်။

“ကျွန်တော့် ရွာသား တချို့ကိုလည်း မေးကြည့်ပြီးပြီ၊ သူတို့အားလုံးက ချန်ဟောက်ထျန်းကို မမြင်မိဘူးလို့ ပြောကြတယ်၊ ရှီးရွှေရွာက ဒီလောက်အကျယ်အဝန်းပဲ ရှိတာ၊ ချန်ဟောက်ထျန်းတစ်ယောက် ဘယ်နေရာကို ထွက်ပြေးနိုင်မှာလဲ”

ဝမ်လင်းလင်းသည် ဂရုမစိုက်ဟန်ဖြင့် ဆိုသည်။

“သူက ငါတို့ သတိထားမိအောင် ပုန်းနေတာ ဖြစ်မှာပေါ့၊ ငါတို့ အရင် ထမင်းစားသင့်တယ်လို့ ထင်တာပဲ”

ရှောင်စစ်ယွီသည်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိသဖြင့် ဆို၏။

“လင်းလင်း... သူက ဒီနေရာမှာ လူစိမ်းလေ၊ ဘယ်မှာ သွားပုန်းနေမှာလဲ၊ သူ အန္တရာယ်တစ်ခုခုနဲ့ ကြုံနေရပြီ ထင်တယ်”

ဝမ်လင်းလင်းသည် မှင်တက်သွားကာ ရေရွတ်လိုက်သည်။

“မဖြစ်နိုင်တာ”

သို့သော် မိမိကိုယ်တိုင် မသေမချာ မရေရာတော့ပေ။

သူမသည် ဖုန်း ထုတ်ကာ ချန်ဟောက်ထျန်းထံသို့ စာတိုအမြောက်အမြား ပို့ခဲ့ကာ အသံဖိုင်များကိုပါ ပို့ခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။

“ဒီကောင်က ဖုန်းမကိုင်တဲ့ လှည့်ကွက်ကို သုံးနေတာလား၊ ချန်ဟောက်ထျန်းက နင့်ဖုန်းကို ဘယ်တုန်းက မကိုင်ဘဲ နေဖူးလို့လဲ၊ ဒါက နင့်ကို စိတ်ကောက်နေတာမျိုး လုံးဝမဟုတ်ဘူး”

ရှောင်စစ်ယွီသည် စိတ်ချလက်ချဖြင့် ဆိုသည်။

“ငါတို့ အပြင်ထွက်ပြီး သွားရှာရအောင်၊ တကယ်လို့ တစ်ခုခု ဖြစ်နေရင် ဒုက္ခ”

“ကောင်းပြီ”

သူမ၏ ပြောစကားကို ကြားရသောအခါ ဝမ်လင်းလင်းသည်လည်း စိုးရိမ်ပူပန်လာတော့သည်။

ရန်အာဟူသည် ဆို၏။

“ကျွန်တော် ရွာထဲက လူတွေကိုတော့ အကြောင်းကြားထားတယ်၊ တကယ်လို့ ချန်ဟောက်ထျန်းကို မြင်ရင် ကျွန်တော့်ဆီ ဖုန်းဆက်လိမ့်မယ်၊ အဲဒီတော့ ငါတို့ တောင်ပေါ်တက်ပြီး ရှာကြည့်ရင် မကောင်းဘူးလား”

ဝမ်လင်းလင်းသည် သံသယပွားကာ မေးသည်။

“ဒီကောင်က တောင်ပေါ်တက်ရဲတဲ့ သတ္တိ တကယ်ရှိလို့လား”

သူမသည် ချန်ဟောက်ထျန်းကို အထင်သေး၍ မဟုတ်ဘဲ ထိုလူ၏ ကြောက်တတ်သော အမူအရာကြောင့် စိုးရိမ်မိခြင်း ဖြစ်၏။

လင်းယန်သည် မျက်မှောင်ကုတ်၍ သက်ပြင်းချကာ ဆိုသည်။

“အခုတော့ ငါတို့ တောင်ပေါ်တက်ပြီး သူ တောနက်ထဲ ရောက်သွားသလားဆိုတာ ကြည့်ရုံပဲ ရှိတော့တယ်၊ မဟုတ်ရင် ဒီနယ်မြေက ကျယ်လွန်းလို့ ရှာရခက်လိမ့်မယ်”

ထိုအချိန်တွင် သစ်ပင်ပေါ်၌ တွဲလောင်းခိုနေသော ချန်ဟောက်ထျန်းသည် အော်ဟစ်အကူအညီတောင်းရန် ခွန်အားပင် မရှိတော့ပေ။ မိမိ၏ ရှေ့မှ သစ်ကိုင်းအား မြဲမြံစွာ ဆုပ်ကိုင်ထားရန်နှင့် အောက်သို့ ပြုတ်မကျစေရန်အတွက် သူသည် ရေဘူး ထုတ်၍ သောက်ရန် မဝံ့မရဲ ဖြစ်နေသည်။

ထိုအရာကြောင့် သူသည် နုံးချိလာကာ အောက်ရှိ ဝက်ဝံမည်းကြီးအား ငုံ့ကြည့်ရင်း ခေါင်းမူးဝေလာတော့သည်။

“ဝက်ဝံမည်း အစ်ကိုကြီးရယ်... မင်း ငါနဲ့ အချိန်ဖြုန်းနေရင် မကြာခင် မှောင်တော့မယ်၊ တခြားသားကောင် သွားရှာလို့ မရဘူးလား၊ တခြား တိရစ္ဆာန်လေးတွေကိုပဲ စားပါကွာ၊ ငါ့အသားက တကယ် အရသာမရှိပါဘူး၊ ဒါ့အပြင် လူသားကို စားတာက တရားမဝင်ဘူးလေ၊ သစ်တောဦးစီးဌာနက သိသွားရင် မင်းတော့ သွားပြီ၊ ငါတို့ အချင်းချင်း အသက်ရှင်ဖို့ အခွင့်အရေး ပေးကြရအောင်၊ ဒီကနေ ထွက်သွားပေးပါ၊ ငါ သစ်တောဦးစီးဌာနက လူတွေကို မင်းကို ဒီနေ့ မြင်ခဲ့တယ်လို့ လုံးဝ ပြန်မပြောပါဘူး”

ဝက်ဝံမည်းကြီးသည် သစ်ပင် ပင်စည်ကို ဒေါသတကြီး ရိုက်ပုတ်ကာ ၎င်း၏အား အသုံးပြု၍ ချန်ဟောက်ထျန်းကို အောက်သို့ ပြုတ်ကျစေရန် ကြိုးပမ်းသည်။

ကံကောင်းထောက်မစွာဖြင့် ထိုသစ်ပင်သည် လုံလောက်စွာ တုတ်ခိုင်သောကြောင့် ဖြစ်၏။ ထိုသို့မဟုတ်ပါက ချန်ဟောက်ထျန်းသည် အမှန်တကယ် အောက်သို့ ပြုတ်ကျသွားနိုင်ခြေ ရှိသည်။

“မင်း ခွန်အားတွေကို ချွေတာလို့ မရဘူးလား၊ ဝက်ဝံမည်း အစ်ကိုကြီးရယ်”

ချန်ဟောက်ထျန်းသည် အာခေါင်ခြောက်သဖြင့် ရေသောက်ချင်လာသည်။ ဆက်လက်၍ မအောင့်အီးနိုင်တော့သဖြင့် သူသည် ခန္ဓာကိုယ်အနေအထား ပြင်ဆင်ကာ ခြေထောက်နှစ်ဖက်ဖြင့် သစ်ကိုင်းအား မြဲမြဲ ညှပ်ထားကာ သစ်ပင်စည်အား ကျောမှီလိုက်သည်။

ထို့နောက် သူသည် အမြဲဆောင်ထားသော ရေဘူးအား ထုတ်၍ အဖုံးဖွင့်ကာ ရေကို တစ်ငုံကြီး သောက်လိုက်သည်။

သို့သော် ထိုဝက်ဝံမည်းကြီးသည် ရေ၏ ချိုမြိန်သော အနံ့ ရသွားသဖြင့် ပို၍ သောင်းကျန်းလာကာ သစ်ပင်စည်အား ရူးမတက် လှုပ်ခါတော့မည်ကို သူ မသိရှိခဲ့ချေ။

ချန်ဟောက်ထျန်းသည် အလွန် ထိတ်လန့်သွားသဖြင့် လက်ထဲမှ အဖုံး ပြုတ်ကျသွားရသည်။ သူ၏ လည်ပင်းတွင် ကြိုးချိတ်မထားလျှင် ရေဘူးသည် အောက်သို့ လွင့်သွားနိုင်ခြေ ရှိသည်။

ဝက်ဝံမည်းကြီးသည် ပြုတ်ကျလာသော အဖုံးအား ကြည့်၍ နမ်းကာ ၎င်း၏ လျှာကြီးအား ထုတ်၍ ပါးစပ်ထဲသို့ သွင်းလိုက်သည်။

ချန်ဟောက်ထျန်းသည် ထိုမြင်ကွင်းအား ကြည့်၍ ဆွံ့အသွားသည်။

“ဟေး... ဝက်ဝံမည်းကြီး၊ မင်း ဒီလောက်တောင် ဗိုက်ဆာနေတာလား၊ ဒါက ရေဘူးအဖုံးလေ၊ စားလို့ မရဘူး၊ ဒါက ပလတ်စတစ်နဲ့ လုပ်ထားတာ အစ်ကိုကြီးရဲ့၊ မင်း တစ်သက်မှာ ဒါမျိုး တစ်ခါမှ မစားဖူးဘူးမလား”

ရိုင်းစိုင်းသော တောရိုင်းတိရစ္ဆာန်များသည် ယခုအခါတွင် ဤမျှလောက်အထိ သနားစရာကောင်းသော ဘဝဖြင့် ရှင်သန်နေရပါသလော။

သူ မှတ်မိသရွေ့ ဝက်ဝံမည်းကြီးသည် တောရိုင်းထဲတွင် ငတ်မွတ်ခေါင်းပါးခြင်း မရှိနိုင်ပေ။

အကြောင်းမှာ ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းရည်သည် ငြင်းပယ်၍ မရနိုင်သောကြောင့် ဖြစ်သည်။

ဝက်ဝံမည်းကြီးသည် အားမရဟန်ဖြင့် အဖုံးအား ပြန်ထွေးထုတ်လိုက်ကာ ၎င်း၏ အကြည့်သည် ချန်ဟောက်ထျန်းထံသို့ ပြန်ရောက်သွားသည်။

“ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ”

“ဝူး... ဝူး... ဝူး”

ချန်ဟောက်ထျန်း မျှော်လင့်ချက်မဲ့နေစဉ်မှာပင် သူ၏ နောက်ကွယ်မှ အခြားသော အသံတစ်ခု ထွက်လာသည်။

သူသည် သစ်ပင်စည်အား မြဲမြဲ ဖက်တွယ်၍ နောက်သို့ လှည့်ကြည့်လိုက်ရာ ကြီးမားသော တောရိုင်းမျောက်ကြီးတစ်ကောင်သည် သစ်ကိုင်းများအကြားရှိ နွယ်ပင်များအား ဆွဲကိုင်ကာ သူ၏ ဘေးနားသို့ တည်ငြိမ်စွာ ဆင်းသက်လာသည်ကို မြင်တွေ့ရသည်။

“ရွှေရောင်မျောက်”

ချန်ဟောက်ထျန်းသည် မျက်လုံးများ ပြူးကျယ်သွားကာ ဆိုသည်။

“မင်း ဒီကို ဘာလာလုပ်တာလဲ၊ ရွှေရောင်မျောက်ရယ်၊ ဝက်ဝံမည်းတွေက မျောက်တွေကိုတော့ မစားဘူးမလား”

သူ၏ စိတ်ကူးသည် မသေချာသော်လည်း ထိုစကားအား ပြောပြီးနောက် မျောက်ကြီးသည် မျက်လုံးစောင်းကြည့်လိုက်သည်ဟု သူ ခံစားလိုက်ရသည်။

“စကွိခ်...”

မျောက်အိုကြီးသည် လက်ထဲတွင် ကီဝီသီးတစ်လုံးကို ကိုင်ဆောင်ထားကာ ဝက်ဝံမည်းကြီးထံသို့ တွန့်ဆုတ်ခြင်းမရှိဘဲ ပစ်ပေါက်လိုက်ကာ ထိုနေရာတွင် မနေရန် အချက်ပြလိုက်သည်။

ဝက်ဝံမည်းကြီးသည် လက်ထဲသို့ ကျရောက်လာသော ကီဝီသီးကို နင်းခြေပစ်ကာ မျောက်အိုကြီးအား ဒေါသတကြီး စိုက်ကြည့်သည်။ ၎င်း၏ သွားများကြောင့် ချန်ဟောက်ထျန်းမှာ ထိတ်လန့်တုန်လှုပ်ရသည်။

သို့သော် ထိုမျောက်အိုကြီးသည် အလွန် ရဲရင့်လှသဖြင့် ဝက်ဝံမည်းကြီးအား အစဉ်မပြတ် ရန်စနေသည်။

မကြာမီတွင် ချန်ဟောက်ထျန်းသည် သစ်သီးအမျိုးမျိုး ကိုင်ဆောင်ထားသော မျောက်အုပ်ကြီးတစ်အုပ် ရောက်ရှိလာသည်အား မြင်တွေ့ရသည်။

မျောက်အိုကြီးက အချက်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့ ကိုင်ဆောင်ထားသော သစ်သီးများ ဝက်ဝံမည်းကြီးထံသို့ ဝိုင်းဝန်းပစ်ပေါက်ကြတော့သည်။

ဝက်ဝံမည်းကြီးသည် သစ်သီးများဖြင့် ထုနှက်ခြင်း ခံရသဖြင့် ထိတ်လန့်တုန်လှုပ်ကာ ထွက်ပြေးတိမ်းရှောင်သွားလေသည်။

ချန်ဟောက်ထျန်းသည် ၎င်းတို့ကို လျင်မြန်စွာ ရေတွက်ကြည့်ရာ မျောက်အကောင်ရေ နှစ်ရာ သို့မဟုတ် သုံးရာခန့် ရှိမည်ကြောင်း ခန့်မှန်းရသည်။

ထို့ပြင် ထိုမျောက်များသည် သစ်ပင်များပေါ်မှ သစ်သီးများကို တစ်လုံးပြီးတစ်လုံး ပစ်ပေါက်နေသဖြင့် ဝက်ဝံမည်းကြီးသည် မည်သို့မျှ မတတ်နိုင်ချေ။

“မင်းတို့က ငါ့ကို ကယ်တင်ဖို့အတွက် သက်သက် လာခဲ့ကြတာတော့ မဟုတ်ပါဘူးနော်”

ရဲရင့်သော အတွေးတစ်ခုသည် ချန်ဟောက်ထျန်း၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။

မဟုတ်ပါက ထိုမျောက်အိုကြီးသည် အခြားသော မျောက်များ ခေါ်၍ ဝက်ဝံမည်းကြီးအား မောင်းထုတ်ရန် အဘယ်ကြောင့် ကူညီပေးပါမည်နည်း။

မျောက်အိုကြီးသည် ချန်ဟောက်ထျန်း၏ မေးခွန်း မဖြေဘဲ သူ၏ ရင်ခွင်ထဲရှိ ရေဘူးကိုသာ စိုက်ကြည့်နေသည်။

ယခုတစ်ကြိမ်တွင် ချန်ဟောက်ထျန်းသည် ချက်ချင်း နားလည်သဘောပေါက်သွားကာ ရေဘူးကို မျောက်အိုကြီးထံသို့ ကမ်းပေးလိုက်ကာ ဆိုသည်။

“သောက်ချင်ရင် သောက်ပါ၊ ဘာပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့ ကယ်တင်ရှင်ပဲလေ”

ထိုအခိုက်အတန့်တွင် သူ၏ မျက်ဝန်းများသည် မျောက်အိုကြီးအပေါ် ကျေးဇူးတင်ရှိမှုများဖြင့် ပြည့်နှက်နေသည်။ ထိုမျောက်သာ မရှိလျှင် သူသည် ထိုနေရာတွင် သေဆုံးသွားနိုင်ခြေ ရှိသည်။

မည်သို့ပင်ဖြစ်စေ ဝက်ဝံမည်းကြီးကို ကိုယ်တိုင် ရင်ဆိုင်ခြင်းသည် မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် တူသောကြောင့် ဖြစ်သည်။

မျောက်အိုကြီးသည် ရေဘူးထဲရှိ ရေအားလုံးကို တစ်ကျိုက်တည်း သောက်ချလိုက်သည်။

ထိုအခွင့်အရေးအား အသုံးချ၍ ချန်ဟောက်ထျန်းသည် သစ်ပင်ပေါ်မှ ဆင်းခဲ့၍ တစ်စုံတစ်ခုကို တွေးမိကာ အော်ဟစ်ရယ်မောတော့သည်။

“တိရစ္ဆာန်တွေကို ယဉ်ပါးအောင် လုပ်ရတာ ဒီလောက်မခက်ဘူးဆိုတာ ငါ သိနေတာပဲ၊ ငါက လင်းယန်ကို အရမ်းတော်တယ်လို့ ထင်နေတာ၊ ငါတောင်မှ တရုတ်နိုင်ငံရဲ့ ပထမတန်းစား ကာကွယ်ရမယ့် တိရစ္ဆာန်ဖြစ်တဲ့ ရွှေရောင်မျောက်တွေကို ယဉ်ပါးအောင် လုပ်နိုင်ရုံတင်မကဘူး၊ ဒီလောက်ကြီးမားတဲ့ မျောက်အုပ်ကြီးကိုပါ ထိန်းချုပ်နိုင်ပြီပဲ၊ ဝမ်လင်းလင်းအနေနဲ့ ဘယ်သူက ယောက်ျားစစ်လဲဆိုတာ ကြည့်သင့်တယ်၊ မင်းက တော်တော်လေး ဉာဏ်ကောင်းတဲ့ မျောက်တစ်ကောင်ပဲ၊ ငါနဲ့အတူ တောင်အောက်ကို ဆင်းမလား၊ ဒါနဲ့... ငါ တောင်အောက်ဆင်းတဲ့ လမ်းကို မသိဘူး၊ မင်း လမ်းပြပေးနိုင်မလား”

ချန်ဟောက်ထျန်းသည် ဝင့်ဝါစွာ ပြောနေသော်လည်း မျောက်အိုကြီး၏ မျက်ဝန်းထဲရှိ အထင်သေးသော အကြည့်ကိုမူ လုံးဝ သတိမပြုမိခဲ့ချေ။

“စကွိခ်”

‘ဤမျှလောက် မိုက်မဲသော လူသားသည် ဘယ်ကနေ ရောက်ရှိလာပါသနည်း၊ သူ၌ ထိုလူ၏ ရေများ အဘယ်ကြောင့် ရှိနေရပါသနည်း’

၎င်းသည် တောင်အောက်သို့ မဆင်းခဲ့ရသည်မှာ ကြာပြီ ဖြစ်သဖြင့် တောင်အောက်သို့ ဆင်း၍ မိတ်ဆွေဟောင်းကို သွားရောက်တွေ့ဆုံချင်နေသည်။

မျောက်အိုကြီးသည် မျောက်ငယ်အုပ်ကို ပြန်လည်စေလွှတ်လိုက်၍ ရှေ့မှ လျှောက်လှမ်းကာ ချန်ဟောက်ထျန်းကို လိုက်ခဲ့ရန် အချက်ပြလေသည်။

ထိုအခိုက်အတန့်တွင် ချန်ဟောက်ထျန်းသည် ကြောက်ရွံ့မှုများ လုံးဝ မေ့ပျောက်သွားကာ ဝမ်လင်းလင်းနှင့် တခြားလူများ၏ ရှေ့တွင် မည်သို့ ကြွားဝါရမည်ကိုသာ စိတ်ကူးယဉ်နေတော့သည်။

All Chapters