အခန်း ၁၀၄
Vol. 11 Ch. 104
အခန်း (၁၀၄)
လူပျောက်လာရှာကြသော လင်းယန်တို့သည် တောင်ခြေ၌ ချန်ဟောက်ထျန်းနှင့် တွေ့ကြသည်။
ထိုစဉ် ချန်ဟောက်ထျန်း၏ အဝတ်အစားများသည် သစ်ကိုင်းများခြစ်မိ၍ စုတ်ပြဲနေကာ ဖိနပ်လည်း တစ်ဖက်သာ ကျန်တော့ကာ ခန္ဓာကိုယ်အနှံ့တွင်လည်း ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေ၏။ ၎င်းကို မသိရှိသောသူတစ်ဦးဦးက မြင်တွေ့ပါက တစ်နေရာရာမှ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်တစ်ဦးဟုသာ ထင်မှတ်နေတော့သည်။
ထိုအရာအား မြင်မြင်ခြင်း လင်းယန် ချက်ချင်း မေး၏။
“မင်း ဘာလို့ ဒီလိုအခြေအနေမျိုးအထိ ဖြစ်သွားရတာလဲ၊ မင်း တောင်ပေါ်ကို ဘာသွားလုပ်တာလဲ၊ တောင်ပေါ်မှာ အန္တရာယ်ရှိတယ်လို့ ငါ မင်းကို မပြောထားဘူးလား”
ချန်ဟောက်ထျန်းက ဝင့်ဝါသောလေသံဖြင့် ဆိုသည်။
“ငါ့ကို လူဖျင်းတစ်ယောက်လို့ ဘယ်သူက ပြောလဲ၊ မင်းတို့ကို ပြောပြရဦးမယ်၊ ငါ အခုတင်ပဲ အမြင့်နှစ်မီတာလောက်ရှိတဲ့ ဝက်ဝံမည်းကြီးတစ်ကောင်ဆီကနေ လွတ်မြောက်လာတာ၊ ဒါနဲ့တင်မကဘူး၊ ငါ ရွှေရောင်မျောက်တစ်ကောင်ကိုလည်း ယဉ်ပါးအောင် လုပ်နိုင်ခဲ့သေးတယ်၊ တိရစ္ဆာန်တွေနဲ့ ဆက်သွယ်ပြောဆိုရတာ မင်းတို့ပြောသလို မခက်ခဲပါဘူး၊ ဒါက မည်သူမဆို လုပ်နိုင်တဲ့အရာပဲ မဟုတ်လား၊ အဲဒါကို ဘာတွေ ကြွားနေကြတာလဲ၊ ငါသာ တောင်ပေါ်မှာ ကြီးပြင်းခဲ့ရင် ဒီလိုအရည်အချင်းမျိုးကို လွန်ခဲ့တဲ့အချိန်ကတည်းက တတ်မြောက်နေပြီ”
ချန်ဟောက်ထျန်းသည် အတိုင်းထက်အလွန် ဝင့်ဝါနေကာ ပြောသည်။
“ဒီမျောက်က ငါ အခုတင်ပဲ ယဉ်ပါးအောင်လုပ်ထားတဲ့ မျောက်ဘုရင်ပဲ၊ သူက ရွှေရောင်မျောက်အုပ်စုကို ဦးဆောင်ပြီး ဝက်ဝံမည်းကြီးကို မောင်းထုတ်လိုက်တာကို ငါကိုယ်တိုင် မြင်ခဲ့တာ”
ထိုသို့ပြောဆိုနေစဉ်အတွင်း ၎င်း၏မျက်လုံးများသည် ဝမ်လင်းလင်းထံသို့သာ မကြာခဏ ဝေ့ဝဲကြည့်နေသည်။
ဤမိန်းမသည် ယခုအချိန်တွင် မိမိကို တောင်းပန်သင့်သည် မဟုတ်ပါလော။
မိမိ၏ အမြင်မတော်မှုအား ဝန်ခံသင့်သည် မဟုတ်ပါလော။
သို့ရာတွင် ၎င်း၏ ထင်မှတ်ချက်အား ဆန့်ကျင်၍ ဝမ်လင်းလင်းသည် သူ့ကို လူအတစ်ဦးကဲ့သို့ စိုက်ကြည့်ကာ ဆို၏။
“ဒါဆို မင်းက ဒါကို သက်သေပြဖို့အတွက်တင် ဘာအကြောင်းပြချက်မှမရှိဘဲ တောင်ပေါ်ကို သွားခဲ့တာပေါ့လေ၊ တောင်ပေါ်မှာ ဘယ်လောက်အန္တရာယ်များလဲဆိုတာ မင်း သိရဲ့လား၊ အစ်ကိုလင်းက တောင်ပေါ်ကို တစ်ယောက်တည်းမသွားဖို့ ထပ်တလဲလဲ သတိပေးခဲ့တာကို မင်းက ဘာလုပ်ခဲ့လဲ၊ မင်းက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရုံတင်မကဘူး၊ ငါတို့ အများကြီးကိုပါ မင်းအတွက် စိတ်ပူအောင် လုပ်ခဲ့တယ်”
ဝမ်လင်းလင်းသည် အလွန် ဒေါသထွက်လျက် ပြောသည်။
“မင်း ဘာကို ဒီလောက် ကြွားဝါနေမှန်း ငါ တကယ်ကို မသိတော့ဘူး၊ အဲဒီ ဝက်ဝံမည်းကြီးက မင်းကို ဘာလို့ နင်းသတ်ပစ်လိုက်မှာ၊ ငါတို့ မင်းအတွက် ဘယ်လောက် စိတ်ပူခဲ့ရလဲ သိလား၊ ရွာတစ်ရွာလုံးကို ရှာတာတောင် မင်းကို မတွေ့ခဲ့ဘူး”
ရှောင်းစစ်ယွီသည်လည်း ဝင်စကားထောက်သည်။
“နောက်တစ်ခါကျရင် ငါတို့ကို ဒီလိုအပြောင်အပျက်မျိုး လာမလုပ်ပါနဲ့၊ ဒါက နည်းနည်းမှ မရယ်ရဘူး၊ ပြီးတော့ ငါတို့ကို ကြွားဖို့အတွက်နဲ့တင် ဝက်ဝံမည်းကြီးတစ်ကောင်ကို လေထဲကနေ ပုံဖော်ပြီး လုပ်ကြံမပြောပါနဲ့”
ထိုသူတို့အားလုံးသည် ချန်ဟောက်ထျန်း ပြောဆိုသော ဝက်ဝံမည်းကြီးအကြောင်းအား လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်သည်ဟု ထင်ကြကုန်၏။
သို့မဟုတ်ပါက ဤသခင်လေး၏ အရည်အချင်းဖြင့် ဝက်ဝံမည်းကြီး၏ လက်မှ မည်သို့လျှင် လွတ်မြောက်နိုင်ပါအံ့နည်း။
ချန်ဟောက်ထျန်းသည် ပြာပြာသလဲဖြစ်သွားကာ ပြောသည်။
“ငါ မင်းတို့ကို လိမ်ပြောနေတာ မဟုတ်ဘူး၊ ငါ့ဘေးက မျောက်ကို မမြင်ဘူးလား၊ အဲဒါ သက်သေပဲ”
“ဩော်၊ မင်းကိုး”
လင်းယန်သည် ထိုမျောက်အိုကြီးအား မြင်သောအခါ အတော်ပင် အံ့အားသင့်သွားကာ မေး၏။
“မင်း ဘာလို့ တောင်ပေါ်ကနေ ပြန်ဆင်းလာတာလဲ”
ဤမျောက်အိုကြီးသည် လွန်ခဲ့သောအချိန်က မိမိ၏အိမ်ဝင်းထဲသို့ ပထမဆုံး လာရောက်၍ အရက်ခိုးသောက်သော မျောက်ပင် ဖြစ်သည်။
သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က မည်သည့်အကြောင်းကြောင့်မှန်းမသိ ထွက်သွားပြီးနောက် ပြန်ရောက်ရှိမလာတော့ပေ။
လင်းယန်ကမူ ထိုမျောက်သည် မိမိ၏အိမ်ဝင်း၌ နေထိုင်ကာ အလုပ်မလုပ်ချင်၍ ထွက်ပြေးသွားခြင်းဖြစ်မည်ဟုသာ ရိုးရှင်းစွာ တွေးခဲ့၍ များစွာ အလေးမထားခဲ့မိချေ။
ယခုအခါ ထိုမျောက်အား ပြန်မြင်တွေ့ရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
မျောက်အိုကြီးသည် လင်းယန်အား မြင်သောအခါ အလွန် ဝမ်းမြောက်ဝမ်းသာဖြစ်သွားကာ လင်းယန်ဆီသို့ ပြေးလာတော့သည်။
ဝမ်လင်းလင်းသည် စူးစမ်းလိုသော စိတ်ဖြင့် မေးသည်။
“အစ်ကိုလင်း၊ ဒီမျောက်ကို သိတာလား”
လင်းယန်သည် ပြုံးလျက် ခေါင်းညိတ်ပြကာ ဆို၏။
“ဒီမျောက်က ငါ့ဝင်းထဲကို ပထမဆုံးလာခိုးတဲ့ကောင်ပဲ၊ ဒါပေမဲ့ ငါက ဖမ်းမိလိုက်တာ၊ ဒါက လွန်ခဲ့တဲ့ နှစ်လကပေါ့၊ ငါ သူ့ကို ပထမဆုံးတွေ့တုန်းက ကျားပေါက်နှစ်ကောင်ကိုတောင် မမွေးရသေးဘူး၊ ငါ့ရဲ့ ပရိသတ်အများစုက ဒီမျောက်ကြောင့် ငါ့ကို သဘောကျလာကြတာ”
ရှောင်းစစ်ယွီသည် သဘောပေါက်သွားဟန်ဖြင့် ဆိုသည်။
“ဒါကြောင့်မို့လို့ သူက မင်းကို မြင်တာနဲ့ မင်းအနားကို တန်းပြေးလာတာကိုး”
ရန်အာဟူသည် ချန်ဟောက်ထျန်းအား တစ်ချက်ကြည့်ကာ ဆို၏။
“သခင်လေးချန်က တောင်ပေါ်မှာ ဒီလောက်ကြာအောင် လျှောက်သွားနေတာ လမ်းပျောက်သွားလို့များလား”
သူသည် ချန်ဟောက်ထျန်း၏ စရိုက်ကို ကောင်းစွာသိထားရာ ဂုဏ်ပကာသန ခုံမင်တတ်ကာ မိမိ၏ပုံရိပ်ကို အလွန်ဂရုစိုက်သော်လည်း အလွန် ကြောက်တတ်သူဖြစ်ကြောင်း နားလည်ထားသည်။
ချန်ဟောက်ထျန်းကဲ့သို့ မြို့ပြတွင်သာ နေသားကျနေသူတစ်ဦးအတွက် တောင်ပေါ်တွင် လမ်းပျောက်ခြင်းသည် အလွန် သဘာဝကျသောအရာ ဖြစ်သည်။
သို့သော် အားလုံး အံ့အားသင့်စေသည်မှာ ချန်ဟောက်ထျန်းသည် ထိုစကား ကြားသောအခါ အမျက်ဒေါသပြင်းထန်လာ၍ အော်ဟစ်လေသည်။
“ငါ လမ်းပျောက်တော့ ဘာဖြစ်လဲ၊ ဒါ မင်းနဲ့ ဘာဆိုင်လဲ”
လင်းယန်သည်လည်း ယခုတစ်ကြိမ်တွင် အနည်းငယ် စိတ်ဆိုးသွားကာ ဆို၏။
“မင်း တခြားနေရာမှာဆိုရင် ငါ မင်းကို ဘာမှမပြောပါဘူး၊ ငါတို့အားလုံးက လူကြီးတွေဖြစ်လို့ ကိုယ့်အပြုအမူအတွက် ကိုယ်တာဝန်ယူရမယ်၊ ဒါပေမဲ့ အခု မင်းက ငါ့ရဲ့ ဧည့်သည်ဖြစ်နေတယ်၊ ငါ့နယ်မြေထဲမှာ မင်း တစ်ခုခုဖြစ်ရင် ငါလည်း တာဝန်ကနေ လွတ်မှာမဟုတ်ဘူး၊ ဒါကြောင့်မို့လို့ ငါ နေ့လယ်စာတောင် မစားရသေးဘဲ အားလုံးကိုခေါ်ပြီး မင်းကို လိုက်ရှာနေတာ၊ မင်း ကလေးမဟုတ်တော့ဘူး၊ နောက်တစ်ခါကျရင် ဒီလို ကလေးကလားအလုပ်တွေကို မလုပ်ဖို့ တောင်းပန်ချင်ပါတယ်”
မျောက်အိုကြီးသည် အလွန် ထောက်ခံသည့်ဟန်ဖြင့် မြည်တမ်းကာ ခေါင်းညိတ်ပြသည်။
“ကျွတ် ကျွတ်”
မျောက်အိုကြီးသည် ရင်းနှီးသော အနံ့အသက် ရ၍ ထိုသူ၏ အသက်အား မကယ်တင်ခဲ့ပါက ဤမိုက်မဲသော လူသားသည် ဝက်ဝံမည်းကြီး၏ စားသောက်ခြင်းကို ခံရမည်မှာ သေချာ၏။
ထို့အပြင် တောင်ပေါ်မှ ဆင်းရမည့် လမ်းကို ရှာမတွေ့ဘဲ တောင်ပေါ်သို့ တက်ရန် မည်သည့်နေရာမှ သတ္တိများ ရရှိခဲ့သည်ကို အမှန်တကယ် မသိတော့ပေ။
သို့သော် ယခုအချိန်အထိ မာန်မာနထောင်လွှားကာ ဝင့်ဝါနေဆဲဖြစ်၏။ သူသာ မျောက်အုပ်စုထဲတွင် ရှိနေလျှင် မျက်နှာကို မှုန့်မှုန့်ညက်ညက် ကြေမွသွားအောင် ရိုက်နှက်ခြင်း ခံရမည်မှာ အမှန်ပင် ဖြစ်သည်။
လင်းယန်၏ နားစည်များ လှုပ်ခတ်သွားကာ မျောက်အိုကြီး၏ စကားများမှတစ်ဆင့် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ၏ အနှစ်သာရကို သဘောပေါက် နားလည်လိုက်သည်။
“မင်း တောင်ပေါ်မှာ ဝက်ဝံမည်းကြီးနဲ့ တကယ်တိုးခဲ့တာလား”
ချန်ဟောက်ထျန်းသည် အလွန် မကျေမနပ်ဖြစ်ရသည့် ပုံစံဖြင့် ဆို၏။
“မဟုတ်ရင် အဲဒါက အတုဖြစ်နိုင်မလား၊ ရပါတယ်၊ မယုံရင်လည်း နေကြပေါ့”
လင်းယန်က သက်ပြင်းချလျက် ဆိုသည်။
“မျောက်က အခုတင်ပဲ ငါ့ကို ပြောတယ်၊ မင်းက ကံကောင်းလို့ သူနဲ့တွေ့ပြီး ဒီတစ်ခါ ကယ်နိုင်ခဲ့တာတဲ့၊ နောက်တစ်ခါကျရင် ဒီလို ခေါင်းမာနေဦးမယ်ဆိုရင်တော့ တောင်ပေါ်မှာ ဝက်ဝံမည်းနဲ့ တွေ့ရင် မည်သူမျှ မင်းကို ကယ်နိုင်မှာမဟုတ်ဘူး”
ချန်ဟောက်ထျန်းသည် လင်းယန်သည် မျောက်၏ဘာသာစကား အမှန်တကယ် နားလည်နိုင်သည်အား သိရသောအခါ အံ့အားသင့်သွားကာ မေး၏။
“မင်း သူပြောတာကို တကယ်နားလည်တာလား၊ သူကပဲ ငါ့ကို ပြောပြတာ၊ မင်း ဝက်ဝံမည်းနဲ့ တိုးပြီး သစ်ပင်ပေါ်မှာ အကြာကြီး ဆွဲလွှဲနေခဲ့ရတယ်တဲ့၊ ပြီးတော့ မင်းဆီကနေ ရင်းနှီးတဲ့ အနံ့ကို ရလို့ မင်းရဲ့အသက်ကို ကယ်ဖို့ ဆုံးဖြတ်ခဲ့တာတဲ့”
လင်းယန် ချန်ဟောက်ထျန်း၏ ကျောပိုးအိတ်တွင် ချိတ်ဆွဲထားသော ရေဘူးအား လက်ညှိုးထိုးပြကာ ဆိုသည်။
“ဒါက ဒီရေဘူးရဲ့ အနံ့က မျောက်အတွက် အလွန်ရင်းနှီးနေလို့ ဖြစ်လိမ့်မယ်”
ချန်ဟောက်ထျန်းသည် လင်းယန်၏ စကား ကြားပြီးနောက် မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။
၎င်းသည် လွန်ခဲ့သော မိနစ်ပိုင်းကတင် မိမိ၏ အစွမ်းအစဖြင့် ထိုမျောက်အိုကြီး အား ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု မာန ထောင်လွှားခဲ့မိ၏။
ထိုအချိန်တွင်မှ မျောက်အိုကြီးသည် ဝင်ရောက်စွက်ဖက်ကာ မျောက်အုပ်စုအား ဦးဆောင်၍ ဝက်ဝံမည်းကြီးကို မောင်းထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
မိမိကိုယ်တိုင်က စိတ်ကူးယဉ်နေမိကြောင်း လုံးဝ ထင်မှတ်မထားခဲ့ချေ။
မိမိကသာ အလွန်အကျွံ တွေးနေခဲ့ခြင်း ဖြစ်၏။
ယနေ့ ဖြစ်ပျက်ခဲ့သောအရာသည် ချန်ဟောက်ထျန်းအတွက် အသက်နှင့် သေခြင်းတရား ယှဉ်ပြိုင်ခဲ့ရသော ကိစ္စရပ်တစ်ခု ဖြစ်လေသည်။
၎င်းသည် မျောက်အိုကြီးသာမကယ်ခဲ့လျှင် အသက်ဆုံးရှုံးနိုင်ဖွယ် ရှိခဲ့ခြင်း ဖြစ်၏။
၎င်းသည် မူလက ထိုတိရစ္ဆာန်များ မုန်းတီးခဲ့သော်လည်း မျောက်၏ ကယ်တင်ခြင်း ခံရပြီးနောက်တွင် စိတ်နေစိတ်ထား ပြောင်းလဲသွားခဲ့သည်။
ထို့ကြောင့် ချန်ဟောက်ထျန်းသည် ပြန်လာသည့် လမ်းတစ်လျှောက်တွင် စကားတစ်ခွန်းမျှပင် မပြောတော့ချေ။
စားသောက်ပြီးနောက် မိမိကိုယ်ကို အခန်းထဲ၌သာ တံခါးပိတ်ကာနေတော့သည်။
လင်းယန်သည်လည်း ထိုအခြေအနေအား နေသားကျနေပြီ ဖြစ်၏။
ဤသခင်လေး၏ စိတ်နေသဘောထားသည် မူလကတည်းကပင် ဤကဲ့သို့ ထူးဆန်းနေတတ်ခြင်း ဖြစ်သည်။
မျောက်အိုကြီးသည် အိမ်ဝင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာသောအခါ မိမိ၏အိမ်ကဲ့သို့ ပြုမူကာ မည်သည့်ကန့်သတ်ချက်မျှမရှိဘဲ မိမိစားချင်သောအရာကို စားသောက်တော့သည်။
၎င်းတို့သည် အစာ ဆွဲယူကာ ကိုက်ဖြတ်ဝါးမြိုနေကြ၏။
ဝမ်လင်းလင်းနှင့် ရှောင်းစစ်ယွီတို့ နှစ်ဦးစလုံးသည် ၎င်း၏ ပုံသဏ္ဌာန်အား ကြည့်ကာ သဘောကျရယ်မောမိကြသည်။
ဝမ်လင်းလင်းသည် လင်းယန်၏ အစောပိုင်း ဗီဒီယိုအချို့ ရှာဖွေကြည့်ရာ ထိုမျောက်၏ ဗီဒီယိုအတိုအစများစွာ အမှန်တကယ် ရှိနေကြောင်း တွေရသည်။
“အစ်ကိုလင်း၊ သိလား၊ မင်းရဲ့အိမ်က အခု တကယ်ကို တိရစ္ဆာန်ရုံတစ်ခုနဲ့ တူနေပြီ၊ အထက်လူကြီးတွေဆီမှာ ခွင့်ပြုချက်တောင်းပြီး ဒီနေရာကို အပန်းဖြေစခန်းအဖြစ် ထားမယ့်အစား တိရစ္ဆာန်ရုံတစ်ခုအဖြစ်ပဲ ဖွင့်လိုက်ပါလား”
ဝမ်လင်းလင်း ဆို၏။
ရန်အာဟူသည်လည်း မအောင့်နိုင်ဘဲ အော်ဟစ်ရယ်မောကာ ပြောသည်။
“ဒီနေရာမှာ တိရစ္ဆာန်ရုံဖွင့်ရင် အမှန်တကယ် စီးပွားရေးကောင်းလိမ့်မယ်လို့ ငါလည်း ထင်တယ်”
လင်းယန်သည် စကားစပြတ်သွားကာ ဆို၏။
“သွားစမ်းပါ၊ ဒါက စနစ်တကျ တည်ဆောက်ထားတဲ့ အပန်းဖြေစခန်းပါ၊ တိရစ္ဆာန်ရုံ မဟုတ်ဘူး၊ ဒီကောင်တွေအားလုံးက ယာယီပဲ ရှိနေကြတာ”
ဤတိရစ္ဆာန်များသည် မိမိ၏အိမ်တွင် ထာဝရ နေထိုင်သွားကြမည် မဟုတ်ပေ။
ဝမ်လင်းလင်းသည် ပါးဖောင်းဖောင်းလေးဖြင့် ဆိုသည်။
“တိရစ္ဆာန်လေးတွေက ကောင်းတာမဟုတ်ဘူးလား၊ ဒီတိရစ္ဆာန်တွေက ငါ တိရစ္ဆာန်ရုံမှာ တွေ့ဖူးတဲ့ တိရစ္ဆာန်တွေထက် အများကြီး ပိုချစ်ဖို့ကောင်းတယ်၊ ငါ အရင်က တိရစ္ဆာန်ရုံသွားရတာကို သဘောကျခဲ့ပေမဲ့ အဲဒီက တိရစ္ဆာန်အများစုက ပိန်လှီနေပြီး အစာဝဝလင်လင် မစားရသလို ဖြစ်နေကြတယ်၊ သူတို့ကို အဲဒီလိုမြင်ရတာ စိတ်မကောင်းစရာကြီး၊ မင်းရဲ့ အိမ်ဝင်းထဲက တိရစ္ဆာန်တွေနဲ့ မတူဘူး၊ သူတို့ တစ်ကောင်ချင်းစီက ဝဝကစ်ကစ်နဲ့ ချစ်စရာကောင်းနေတာ”
လင်းယန်၏ မျက်နှာသည် ပိုညိုမှောင်သွားကာ မေးလိုက်၏။
“ငါ သူတို့ကို အစာတွေ အများကြီး ကျွေးမိလို့လား၊ မနက်ဖြန်မနက်ကျရင် သူတို့အားလုံးကို လေ့ကျင့်ခန်း သွားလုပ်ခိုင်းမယ်၊ မဟုတ်ဘူး၊ လေ့ကျင့်ခန်းတင်မကဘူး၊ အလုပ်ပါ လုပ်ခိုင်းရမယ်၊ မနက်ဖြန်ကျရင် အလုပ်တွေကို ပြန်ခွဲဝေပေးမယ်၊ သူတို့အတွက် အလုပ်က နည်းနေသေးပုံပဲ၊ နောက်ဆိုရင် မင်းတို့ရဲ့ အစားအစာအားလုံးကို ထက်ဝက် လျှော့ပစ်မယ်”
ထိုစကား ကြားကြားခြင်း ဟန်ဟော့သည် ပထမဆုံး မကျေမနပ် ဖြစ်ရသူ ဖြစ်သည်။
“ဝုတ် ဝုတ် ဝုတ်”
၎င်းတို့၏ အစာကို ထက်ဝက် လျှော့ချလိုက်ပါက ၎င်း၏ နတ်သမီးလေးအတွက် မည်သို့ ဖြစ်ပျက်သွားမည်နည်း။
ထိုအကောင်သည် မိမိ၏ အနာဂတ်ဇနီးလောင်း ဖြစ်၍ ယခုအခါ အလွန် ပိန်လှီနေသည်။ ၎င်းသည် အာဟာရဓာတ်များ ပြန်လည်ပြည့်ဝလာစေရန်အတွက် တစ်ခုခု စနစ်တကျ စားသောက်ရန် လိုအပ်သည် မဟုတ်ပါလော။
လင်းယန်သည် ဟန်ဟော့အား ၎င်း၏ခြေထောက်ဖြင့် သာသာယာယာ ကန်ထုတ်လိုက်ကာ ဆို၏။
“သွားစမ်းပါ၊ မင်းနဲ့ ဘာဆိုင်လို့လဲ၊ ဖြစ်ပျက်သမျှ ကိစ္စတိုင်းမှာ မင်းက ဝင်မပါဘဲ မနေနိုင်ဘူးလား၊ မင်းရဲ့ နတ်သမီးလေးနဲ့ပဲ အတူသွားနေလိုက်စမ်းပါ”