အခန်း ၁၀၈
Vol. 11 Ch. 108
အခန်း (၁၀၈)
အဆိုပါသတင်းသည် အစီအစဉ်၏ ဒါရိုက်တာဝမ် ၏ နားထဲသို့ အလျင်အမြန် ရောက်သွားသည်။
ထိုအစီအစဉ်၏ ဒါရိုက်တာတစ်ဦးအနေဖြင့် ဒါရိုက်တာဝမ်သည် ကျေးလက်တောရွာတွင် နေထိုင်လေ့မရှိပေ။ အကြောင်းသည် ၎င်းမှာ ဒါရိုက်တာကိုယ်တိုင် အမြဲမပြတ် စောင့်ကြည့်ကွပ်ကဲနေရန် မလိုအပ်လောက်အောင် ပွင့်လင်းလွတ်လပ်သည့် အစီအစဉ်တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။
ထိုကြောင့် ဒါရိုက်တာဆုန်သည် တစ်စုံတစ်ရာသော အရေးပေါ်အခြေအနေများ ဖြေရှင်းရန်အတွက် ကျေးလက်တောရွာတွင် အချိန်ပြည့် တာဝန်ယူနေထိုင်လေသည်။
ဒါရိုက်တာဝမ်သည် ထိုသတင်းစကားအား မြင်လိုက်သောအခါ စိတ်လှုပ်ရှားလွန်းသဖြင့် မိမိပေါင်ကို မိမိလက်ဝါးဖြင့် ရိုက်ပုတ်လိုက်မိကာ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီးလျှင် လောဆော်လိုက်သည်။
“ဒါဟာ အလကားရတဲ့ ကြော်ငြာတစ်ခုပဲ မဟုတ်လား၊ အမျိုးသား စိုက်ပျိုးရေးဗျူရိုက အခုတင် ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ကို အမြန်ဆုံး ပြန်လည်မျှဝေ ကြစမ်း၊ တရားဝင်အကောင့် ကို သုံးပြီး လင်းယန် ကိုပါ Tag လိုက်ကြ၊ ငါတို့ရဲ့ ရိုက်ကူးရေးအဖွဲ့ဟာ ဒီလိုမျိုး မမျှော်လင့်ဘဲ ရုတ်တရက် ရရှိလာတဲ့ ကံကောင်းမှုကို အမိအရ ဆုပ်ကိုင်ရမယ်”
မိမိတို့အဖွဲ့သည် တစ်နေ့သောအခါတွင် သာမန်လူတစ်ဦး၏ ကျော်ကြားမှုအား မှီခွဲ၍ လူကြိုက်များလာလိမ့်မည်ကြောင်း ဒါရိုက်တာဝမ်တစ်ယောက် လုံးဝတွေးထင်မထားခဲ့မိ။
သူတို့အစီအစဉ်သည် ဖျော်ဖြေရေးအစီအစဉ်များအကြား အလယ်အလတ်အဆင့်တွင်သာ ရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။
သို့သော် ၎င်းတို့အစီအစဉ်၏ ဆွဲဆောင်မှုမှာ သာမန်လူများ ကိုယ်ပိုင်စီးပွားရေး စတင်ထူထောင်ကြပုံအပေါ် အခြေခံခြင်း ဖြစ်သောကြောင့် အဆင့်မြင့် ဖျော်ဖြေရေးအစီအစဉ်ကြီးများမှ အနုပညာရှင် စတားများ၏ ကျော်ကြားမှုမျိုး ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ပေ။
ယခုတစ်ကြိမ်တွင် ဤကဲ့သို့ အံ့အားသင့်ဖွယ် ကြုံတွေ့ရလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။
အမျိုးသား စိုက်ပျိုးရေးဗျူရိုသည် လင်းယန်အား အထူးတလည် ချီးမွမ်းဂုဏ်ပြုခဲ့ခြင်းသည် အင်တာနက်ပေါ်မှ နာမည်ကျော် လူမှုကွန်ရက်ဆယ်လီများထက် ပို၍ အပြုသဘောဆောင်လှသည် မဟုတ်ပါလော။
“ဒါရိုက်တာဝမ်... ကျွန်တော်တို့ အစီအစဉ်တွေကို ပြောင်းလဲဖို့ လိုမလားခင်ဗျာ၊ အစီအစဉ်အတွက် ဈေးကွက်မြှင့်တင်ရေး ကိစ္စတွေကို လုပ်ဆောင်ပြီးသွားပြီဆိုတော့”
ဒါရိုက်တာဝမ်သည် လက်ယမ်းပြလိုက်ကာ ဆိုသည်။
“ပြောင်းလိုက်၊ အဲဒီ ပရိုမိုးရှင်း ပိုစတာတွေအကုန်လုံးကို ပြောင်းလဲပစ်ပြီး လင်းယန်ကို အရှေ့ဆုံးကို ရွှေ့လိုက်၊ လင်းယန်အတွက် ပိုစတာအကြီးကြီးတစ်ခု လုပ်ပေးလိုက်စမ်းပါ၊ လူတိုင်း မြင်နိုင်အောင်လို့ပေါ့၊ အမျိုးသား စိုက်ပျိုးရေးဗျူရိုရဲ့ အထူးတလည် ချီးမွမ်းခြင်းကို ခံခဲ့ရတာ ငါတို့ရဲ့ အစီအစဉ်ရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တယ်ဆိုတာ လူတွေသိအောင် လုပ်ရမယ်”
“ဟား... ဒီကောင်လေးမှာ တကယ် ဒီလိုမျိုး စွမ်းဆောင်ရည်ရှိတာလား၊ သူ စိုက်ပျိုးရေးတက္ကသိုလ် တက်ခဲ့တာလား”
လက်ထောက်ဖြစ်သူသည် ခေါင်းယမ်းလိုက်၏။ ထိုသာမန်လူငယ် မည်သည့်ကျောင်းတွင် ပညာသင်ကြားခဲ့သည်ကို ၎င်းတို့ သဲသဲကွဲကွဲ မသိရှိကြပေ။
မည်သို့ပင်ဖြစ်စေ ထိုအစီအစဉ်တွင် တင်းကြပ်သော ပညာအရည်အချင်း သတ်မှတ်ချက်များ မရှိခဲ့ပေ။
“ဒါရိုက်တာဆုန် အနေနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ထားနိုင်ဖို့အတွက် သူ့ကိုလည်း ဒီအကြောင်း လှမ်းပြီး အကြောင်းကြားလိုက်ဦး”
၎င်းတို့အနေဖြင့် လူအများ စိတ်ဝင်စားမှု မြင့်တက်လာစေရန်နှင့် ကြည့်ရှုသူများအား ဆွဲဆောင်နိုင်ရန်အတွက် အခြားအစီအစဉ်တစ်ခုနှင့် ပူးပေါင်းကာ ဈေးကွက်မြှင့်တင်ရေး ပြုလုပ်ရန် မူလက ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
မူလအစီအစဉ်သည် ဝမ်တာ့လီအား ပထမနေရာတွင် ထားရန် ဖြစ်သည်။
အကြောင်းမှာ အစီအစဉ်အတွင်း လင်းယန်၏ ကျော်ကြားမှုသည် အတော် မြင့်မားနေကာ ၎င်းတစ်ဦးတည်း ဆက်၍ ထူးချွန်ထင်ပေါ်နေပါက ပြိုင်ပွဲ၏ အဓိပ္ပာယ်မှာ အဘယ်မှာ ရှိတော့မည်နည်း။
ပရိသတ်များအနေဖြင့် ဆက်လက်ကြည့်ရှုရန် အဘယ်အရာ ကျန်ရှိတော့မည်နည်း။
ထိုသို့ဆိုလျှင် ဤအစီအစဉ်ကို “ဘယ်သူ နောက်ဆုံး ရယ်မလဲ” ဟု မခေါ်ဆိုဘဲ “လင်းယန်” ဟုသာ အမည်ပြောင်းလဲလိုက်ရုံ ရှိတော့သည်။
“ယာတောအိမ်” အပန်းဖြေစခန်း ဆိုသည်ကိုလည်း မေ့ပျောက်လိုက်ကြရုံသာ ရှိတော့သည်။
ထို့ကြောင့် ရိုက်ကူးရေးအဖွဲ့သည် ဝမ်တာ့လီအား ပံ့ပိုးပေးရန် စိတ်ကူးရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် တစ်ဖွဲ့လုံးသည် ဝမ်တာ့လီတစ်ဦးတည်းကို လင်းယန်၏ ပြိုင်ဘက်ဟု သတ်မှတ်၍ ရနိုင်သည်။
အကယ်၍ ဝမ်တာ့လီသာ ဤအကြောင်း သိသွားပါက အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလိမ့်မည်။
အကြောင်းမှာ ၎င်းသည် လင်းယန်ကို အနိုင်ပိုင်းရန်အတွက် အစွမ်းကုန် ကြိုးစားနေဆဲ ဖြစ်သောကြောင့် ဖြစ်သည်။
လင်းယန်သည် ဝမ်လင်းလင်း ကြောင့် ဤသတင်းစကား မြင်ခဲ့ရခြင်း ဖြစ်သည်။
“အစ်ကိုလင်း... အစ်ကိုလင်း၊ အစ်ကို့ဖုန်းကို ကြည့်လိုက်ဦး၊ အစ်ကို တကျော့ပြန် ရေပန်းစားနေပြန်ပြီ”
လင်းယန် တစ်စုံတစ်ရာ မပြောရသေးမီ ဘေးတွင် ရပ်နေသောရန်အာဟူသည် ဇဝေဇဝါဖြစ်လျက် မေးမြန်းလိုက်သည်။
“အွန်လိုင်းပေါ်က လူတွေ ဖြတ်ညှပ်ကတ် လုပ်ထားတဲ့ ဟာသဗီဒီယိုတွေကြောင့်ပဲ ပြန်ပြီး ရေပန်းစားနေတာလား”
ယခုခေတ်တွင် အွန်လိုင်းအသုံးပြုသူများသည် အွန်လိုင်းပေါ်မှ အချက်အလက်များနှင့် တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုများကို အသုံးပြု၍ လင်းယန်အတွက် ရယ်စရာကောင်းသော ဗီဒီယိုအတိုများကို ပြုလုပ်ရသည်ကို သဘောကျကြသည်။
၎င်းကြည့်ရသည်မှာ အတော် ရယ်စရာကောင်းလှသည်။
ဝမ်လင်းလင်းသည် မျက်လုံးစောင်းလိုက်ကာ ပြောသည်။
“ဘာဟာသဗီဒီယိုလဲ၊ ဒါက အမျိုးသား စိုက်ပျိုးရေးဗျူရိုက တရားဝင် ထုတ်ပြန်တဲ့ ကြေညာချက်၊ အစ်ကိုလင်းကို အထူးတလည် ချီးမွမ်းထားတာ”
“အစ်ကိုလင်း... အစ်ကိုက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ၊ အရင်က အစ်ကိုက သိပ်ပြီး လူမသိအောင် နေခဲ့တာ ထင်တယ်၊ အစ်ကိုက မျိုးဗီဇပြောင်းစပါး တွေကို စိုက်ပျိုးနိုင်မှန်း ကျွန်မတို့ မသိခဲ့ကြဘူး”
“အာ”
လင်းယန်သည် မိမိလက်မှ ရေများ သုတ်လိုက်ကာ ဝေခွဲမရသော မျက်နှာထားဖြင့် ဝမ်လင်းလင်း ကမ်းပေးသော ဖုန်းလှမ်းယူ၍ ကြည့်လိုက်ပြီးနောက် အံ့အားသင့်သော အမူအရာဖြင့် ပြောလိုက်သည်။
“ငါက ပါမောက္ခထန်ကို စပါးတွေ ဘယ်လိုအခြေအနေ ရှိလဲဆိုတာ မေးဖို့တောင် အချိန်မရသေးဘူး၊ လဝက်ကျော်တောင် ရှိသွားပြီဆိုတာ မယုံနိုင်စရာပဲ”
“ငါတို့ စိုက်ထားတဲ့ စပါးတွေကို မင်း သေသေချာချာ ရေသွင်းပေးခဲ့ရဲ့လား”
ရန်အာဟူသည် မိမိရင်ဘတ်အား ပုတ်လျက် ဆိုသည်။
“အဲဒါကို အစ်ကိုက ပြောနေဖို့တောင် မလိုပါဘူး၊ ကျွန်တော်က အလုပ်တစ်ခုလုပ်ရင် အစိတ်ချရဆုံးလူပဲလေ၊ ဟုတ်တယ်မလား”
ရှောင်စစ်ယွီသည် တဟီးဟီး ရယ်မောရင်း ဆိုသည်။
“သူတို့အားလုံးက ကျွန်မကို အစ်ကိုနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့ဖို့ ပြောနေကြတယ်၊ အစ်ကိုလင်း... အစ်ကိုက အခုတော့ တကယ့်ကို နာမည်ကြီးနေပြီနော်”
ချန်ဟောက်ထျန်း သည်လည်း အဖျောက်ပယ်ခံရသည်အား မလိုလားသဖြင့် ဆို၏။
“ကျွန်တော်လည်း ကျွန်တော့်ရဲ့ မိဘတွေကို ပြောပြလိုက်တယ်၊ အဲဒီအကြောင်းကို သိသွားကြတော့ စိုက်ပျိုးရေးထွက်ကုန်တွေ ပိုပြီး ယူခဲ့ဖို့ ကျွန်တော့်ကို ပြောကြတယ်၊ အစ်ကိုလင်း... အားတဲ့တစ်နေ့ကျရင် ကျွန်တော်တို့အိမ်ကို အလည်လာပါဦး၊ ကျွန်တော့်မိဘတွေက အစ်ကို့ကို သေချာပေါက် သဘောကျကြမှာပါ”
ထိုလူစုသည် စကားတပြောပြောဖြင့် ရယ်မောပျော်ရွှင်နေကြသည်။
လင်းယန်သည် ပါမောက္ခထန် ထံမှ ဖုန်းခေါ်ဆိုမှုအား ရုတ်တရက် လက်ခံရရှိသဖြင့် ဖုန်းဖြေဆိုရန် အတွင်းသို့ ဝင်သွားလေသည်။
“ပါမောက္ခထန်”
ဤသည်မှာ ပါမောက္ခထန်သည် ၎င်းထံသို့ ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦးစလုံးသည် ကျေးရွာအတွင်း၌ နေထိုင်ကြသဖြင့် ပါမောက္ခထန်သည် တစ်စုံတစ်ရာ ကိစ္စရှိပါက ၎င်းထံသို့ တိုက်ရိုက် လာရောက်လေ့ရှိ၍ ထိုသို့လာရောက်ခြင်းဖြင့် အလကား ထမင်းတစ်နပ် စားသုံးနိုင်ပေသည်။
ထို့ကြောင့် ဖုန်းခေါ်ဆိုမှုဟူ၍ လုံးဝမရှိသလောက် ဖြစ်ခဲ့သည်။
“လင်းယန်... အွန်လိုင်းပေါ်မှာ ရေပန်းစားနေတဲ့ အကြောင်းအရာတွေကို မင်း မြင်ပြီးပြီလား၊ အွန်လိုင်းအသုံးပြုသူတွေ အားလုံးက မင်းအကြောင်းကို မေးမြန်းနေကြပြီး မင်းလို အလားအလာရှိတဲ့သူမျိုးက စိုက်ပျိုးရေးဗျူရိုထဲကို ဝင်မလာတာဟာ နှမြောစရာကောင်းတယ်လို့ ထင်နေကြတယ်၊ မင်းမှာ စိတ်ကူးရှိတယ်ဆိုရင် ဒီလမ်းကြောင်းအတိုင်း ဆက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တယ်၊ မင်းရဲ့ ပါရမီက ငါတွေ့ခဲ့ဖူးတဲ့ ကျောင်းသားတွေထက် ပိုပြီးသာတယ်၊ မင်း စိုက်ပျိုးရေးတက္ကသိုလ် မတက်ခဲ့တာဟာ တကယ့်ကို နှမြောစရာ ကောင်းလှပါတယ်”
ဤစကားကြောင့် လင်းယန်မှာ ပြောစရာ စကားလုံး ကင်းမဲ့သွားကာ ရယ်လည်းရယ်ချင်၊ စိတ်လည်းပျက်ရသည့် အခြေအနေသို့ ရောက်သွားလေသည်။
မိမိတွင် မည်သည့်ပါရမီမျှ မရှိပေ။ မိမိလက်ထဲရှိ လင်ချွမ် နတ်ရေစင်ကိုသာ လုံးလုံးလျားလျား အားကိုးနေရခြင်း ဖြစ်သည်။
သို့သော် ပါမောက္ခထန်မှာမူ ဤအကြောင်းကို မသိဘဲ ဤအရာအားလုံးသည် လင်းယန်၏ ပါရမီကြောင့်သာ ဖြစ်ကြောင်း ယုံကြည်နေခဲ့သည်။
“ဒီလမ်းကြောင်းအတိုင်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်တာကတော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ ယခုတစ်ကြိမ်မှာတော့ ကျွန်တော် အမှတ်မထင် စိုက်ပျိုးအောင်မြင်ခဲ့တာပါ”
ပါမောက္ခထန်သည် လင်းယန်၏ ငြင်းပယ်မှုအား ကြိုတင်ခန့်မှန်းထားခဲ့သည့်အလား သက်ပြင်းချလျက် ပြောသည်။
“တကယ့်ကို နှမြောစရာ ကောင်းလှပါတယ်...ဪ... ဒါနဲ့၊ ငါတို့ရဲ့ စမ်းသပ်မှုက တကယ့်ကို အောင်မြင်မှုအကြီးအကျယ် ရရှိခဲ့တယ်၊ ငါ အထက်လူကြီးတွေဆီကနေ ဆုကြေးငွေ ယွမ် နှစ်သိန်း ကို အခုတင် လျှောက်ထားပေးလိုက်ပြီ၊ အားလုံး အဆင်ပြေမယ်ဆိုရင် လာမယ့် နှစ်လအတွင်းမှာ မင်းရဲ့ အကောင့်ထဲကို ငွေဝင်လာလိမ့်မယ်”
လင်းယန်သည် ရုတ်တရက် ရလာသော ဆုကြေးငွေ ယွမ် နှစ်သိန်းကြောင့် အနည်းငယ် မိန်းမောသွားသည်။
ဤသည်မှာ လူတို့ ပြောလေ့ရှိကြသည့် “အိမ်တွင် ထိုင်နေရုံဖြင့် မိုးပေါ်မှ ငွေများ ကျလာခြင်း” ဆိုသည်မှာ ဤသို့ပင် ဖြစ်လေသလော။
မိမိဘဝတွင် ငွေရှာရသည်မှာ ဤမျှလောက်အထိ လွယ်ကူလိမ့်မည်ဟု လုံးဝတွေးထင်မထားခဲ့မိကြောင်း ၎င်းအနေဖြင့် ကျိန်ဆိုနိုင်သည်။
“ပြီးခဲ့တဲ့တစ်ခေါက်က အဲဒါ မဟုတ်”
၎င်း စကားမဆုံးသေးမီမှာပင် ပါမောက္ခထန်သည် စကားစဖြတ်လျက် ပြောလိုက်သည်။
“ဒါက စီမံကိန်း ပြီးဆုံးသွားတဲ့အတွက် ပေးတဲ့ ဆုကြေးငွေပဲ၊ ဒီစီမံကိန်းအောင်မြင်ရဟာ မင်းကြောင့်ပါပဲ၊ ငါတို့ အဘိုးကြီးတွေက ဘာမှ အများကြီး မကူညီနိုင်ခဲ့ကြဘူး”
ဤသို့ဖြင့် လင်းယန်သည် မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ နောက်ထပ် ယွမ် နှစ်သိန်းအား ရရှိသွားပြန်သည်။
အကယ်၍ ၎င်း၏ ပြိုင်ဘက်များ သိသွားကြပါက သေချာပေါက် ဒေါသထွက်၍ ပေါက်ကွဲသွားကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဝမ်တာ့လီသည် ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်လျှင် တစ်လလျှင် ယွမ် နှစ်သိန်းခန့် ရရှိနိုင်မည်ဖြစ်ရာ အခြားသူများဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
ဖုန်းချလိုက်ပြီးနောက် လင်းယန်သည် အခြားသောအကြောင်းအရာတစ်ခု သတိရမိသွားသည်။
ချန်ဟောက်ထျန်းသည် ၎င်းအား ယခင်က ဖွင့်ဟဝန်ခံခဲ့စဉ်အခါက ချန်ဟောက်ထျန်း တွေ့ဆုံခဲ့သော အမျိုးသားနှင့် အမျိုးသမီးမှာ ဝမ်တာ့လီနှင့် လီထင် တို့ ဖြစ်နိုင်သည်ဟု ယူဆခဲ့သည်။
တူညီသော အစီအစဉ်အဖွဲ့အတွင်း၌ လူတိုင်း ယှဉ်ပြိုင်ကြသည်မှာ သဘာဝကျသော်လည်း အခြားတစ်ဖက်သား မရိုးသားသော နည်းလမ်းဖြင့် ယှဉ်ပြိုင်မှုကို ရွေးချယ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ဤသည်မှာ ပုံမှန်မဟုတ်သော ဗျူဟာတစ်ခု ဖြစ်နေ၍ ၎င်းအနေဖြင့် ဤအကြောင်းအား ရိုက်ကူးရေးအဖွဲ့ထံသို့ တိုင်ကြားနိုင်သည်။
လင်းယန်သည် မိမိကိုယ်မိမိ ဤကဲ့သို့သောအရာများ သည်းခံနိုင်သည့် မဟာပရဟိတသမားတစ်ဦးဟု မယူဆပေ။
မိမိအနေဖြင့် ခြေလှမ်းတစ်လှမ်း နောက်ဆုတ်ပေး၍ ကျားမကြီး အတွက် ဆုံးဖြတ်ချက်ချပိုင်ခွင့် မရှိဟု ဆိုလျှင် မိမိ၌ ထိုသို့လုပ်ပိုင်ခွင့် မရှိပေ။
ဝမ်တာ့လီသည် တရုတ်နိုင်ငံ၏ ပထမတန်းစား ကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန်ဖြစ်သည့် ကျားမကြီးအား အန္တရာယ်ပြုလိုခဲ့ခြင်း ဖြစ်၍ အကယ်၍ မိမိ၏ အိမ်ဝင်းအတွင်း၌ ၎င်းကျားမကြီးတစ်စုံတစ်ခု ဖြစ်ပွားခဲ့ပါက မိမိတွင်လည်း တာဝန်ရှိလာမည် ဖြစ်သည်။
ထို့အပြင် ချန်ဟောက်ထျန်း၏ ပြောပြချက်အရ ထိုအရာများ ကျွေးမွေးခြင်းသည် ကျားမကြီးအား သောင်းကျန်းရူးသွပ်သော အခြေအနေသို့ ရောက်ရှိသွားစေမည် ဖြစ်၍ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ကျားမကြီးအား ရွာတစ်ခုလုံးတွင် ရမ်းကားသောင်းကျန်းစေရန် ဖြစ်သည်။
အကယ်၍ သစ်တောဦးစီးဌာနမှ ဤအခြေအနေအား သိသွားပါက ကျားမကြီးအား ရွာထဲတွင် ဆက်နေထိုင်စေ၍ လူများနှင့်အတူ ယှဉ်တွဲနေထိုင်ခွင့်ပြုရန် မည်သို့မျှ ဖြစ်နိုင်တော့မည်မဟုတ်ပေ။
လင်းယန်သည် ဝမ်တာ့လီ၏ အတွေးအား သိသည်။ ၎င်းသည် မိမိအား ကျော်တက်နိုင်ရန်အတွက် လင်းယန်၏ အိမ်ဝင်းအတွင်းရှိ တိရစ္ဆာန်အားလုံးကို ဖယ်ရှားပစ်ချင်ရုံသာ ဖြစ်သည်။
ဤအကြောင်းကို တွေးမိသောအခါ လင်းယန်၏ မျက်နှာအမူအရာသည် အေးစက်သွားသည်။
၎င်းသည် ဤကဲ့သို့သော ခိုးကြောင်ခိုးဝှက် နည်းလမ်းငယ်များ အသုံးပြုရသည်ကို သဘောကျလျှင် မိမိအနေဖြင့် ယဉ်ကျေးပျူငှာ မနေတော့သည်ကို လာ၍ အပြစ်မတင်သင့်ပေ။