အခန်း ၁၀၉
Vol. 11 Ch. 109
အခန်း (၁၀၉)
ညဉ့်မှောင်ရီ ပျိုးစပြုလာသောအခါ ဝမ်တာ့လီသည် မိမိ၏ အခန်းတွင် နှစ်ခြိုက်စွာ အိပ်မောကျနေ၏။
ဒါရိုက်တာဆုန်သည် သူ့အား အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုအား ဦးဆောင်ခွင့်ပြုမည် ဖြစ်ကြောင်း အတွင်းသတင်း ပေးခဲ့သည်။
ဝမ်တာ့လီသည် လွန်ခဲ့သော နှစ်ရက်လုံးလုံး အတိုင်းအထက်အလွန် စိတ်လှုပ်ရှား ရွှင်မြူးနေခဲ့သည်။
အိပ်မက်များ ကောင်းသည်အထိ ပျော်မြူးနေသည်။
မိမိ၏ ရည်မှန်းချက်ကြီး အောင်မြင်တော့မည်ဟူသော မျှော်လင့်ချက် လျှံပယ်နေသဖြင့် စိတ်ကူးယဉ် အိမ်မက်ကမ္ဘာထဲတွင် နစ်မျောနေသည်။
ထိုသို့ ပျော်ရွှင်မြူးတူးနေသဖြင့် ပိန်းပိတ်အောင် မှောင်မိုက်နေသော အခန်းတွင်း ပုံမှန်မဟုတ်သော အသံများ ထွက်ပေါ်နေသည်ကို သူ့အနေဖြင့် လုံးဝ သတိမပြုမိခဲ့ချေ။
ဝမ်တာ့လီသည် အိပ်ရာထဲတွင် တစ်ဖက်သို့ လူးလိမ့်လိုက်ရာ ၎င်း၏ လက်သည် မတော်တဆ စေးကပ်ကပ် အရာတစ်ခု သွားရောက် ထိမိသည်။
ထိုအရာသည် အဘယ်ကြောင့် ဤမျှ နူးညံ့အိစက်နေရသနည်း။
ဝမ်တာ့လီသည် ရေရွတ်မြည်တမ်းလိုက်သော်လည်း မျက်ခွံများ အလွန် လေးလံနေသဖြင့် မျက်စိ မဖွင့်ချင်သေးပေ။
သို့သော် ၎င်းသည် မိမိ၏ အသက်ရှူသံများ ပိုမို ပြင်းထန်လာသည်အား ခံစားလိုက်ရ၍ အသက်ရှူရ ကြပ်တည်းလာသယောင် သတိပြုမိလိုက်သဖြင့် မျက်စိ ဖွင့်ကြည့်လိုက်ကာ မှောင်မိုက်သောအမှောင်ထုထဲတွင် မည်သည့်အရာကိုမျှ မမြင်ရပေ။
“ငါ့ကို ဘာက လာညှစ်နေတာလဲ၊ အဟွတ်... အဟွတ်”
ဝမ်တာ့လီသည် ရုန်းကန်လှုပ်ရှားရင်း ကုတင်ဘေးရှိ မီးအိမ်အား အတင်းအကျပ် ဖွင့်လိုက်သည်။
မိမိ၏ လည်ပင်းတွင် ရစ်ပတ်နှောင်ဖွဲ့ထားသော အရာ မြင်လိုက်ရသည့် ခဏတွင် သူ ချက်ချင်း မျက်စိမှိတ်၍ မေ့လဲသွားချင်စိတ် ပေါက်သွားတော့သည်။
မိမိတို့ အိမ်တွင်းသို့ ဤမျှကြီးမားသော စပါးအုန်းမြွေကြီး တစ်ကောင် မည်သည့်အချိန်က ရောက်ရှိလာပါသနည်း။
အထူးသဖြင့် ထိုမြွေကြီးသည် ၎င်းကို ကြည့်ကာ လျှာတသပ်သပ်ဖြင့် အဆိပ်မှုတ်မည့်ဟန် ပြင်နေသည်။
“ဘုရား ဘုရား”
ဝမ်တာ့လီသည် သွား တင်းတင်းကြိတ်ကာ လည်ပင်းမှ မြွေကြီးအား အတင်းဆွဲခွာရန် ကြိုးပမ်းလေသည်။
ကံကောင်းထောက်မစွာဖြင့် ၎င်းသည် မြွေကြီးအား ဆွဲခွာနိုင်ခဲ့သည်။
သို့သော်ကံဆိုးမိုးမှောင်ကျသည်မှာ မြွေကြီးသည် ၎င်း၏ စောင်ပုံထဲသို့ တိုးဝင်သွားခြင် ဖြစ်၏။
အကောင်ကြီးမားလှသော မြွေကြီး စောင်ထဲသို့ တွားသွားဝင်ရောက်သွားသည်အား မြင်လိုက်ရပြီးနောက် ဝမ်တာ့လီသည် အိပ်ရာထဲတွင် ဆက်လဲလျောင်းနေရန် စိတ်မကူးရဲတော့ပေ။
၎င်းသည် အခန်းတွင်းမှ တုတ်တစ်ချောင်း ကောက်ကိုင်ကာ စောင်ပုံကို အားကုန်သုံး၍ စ ရိုက်နှက်တော့သည်။
“မင်းကို ရိုက်သတ်ပစ်မယ်... ကောင်စုတ်လေး... မင်းက ဘယ်သူ့အိပ်ရာပေါ် တက်လာတာလဲ၊ သေစမ်း... ငါ့ဘဝမှာ အကြောက်ဆုံးက မြွေပဲ... မင်းက ငါ့ကို ထပ်ခြောက်ရဲရင် မြွေစွပ်ပြုတ်လုပ်သောက် ပစ်မယ်”
ဆယ်မိနစ်ခန့် ကြာပြီးနောက် ဝမ်တာ့လီသည် မောဟိုက်နွမ်းနယ်လှသဖြင့် မြေပြင်ပေါ်သို့ ပြိုလဲကျသွားကာ ထိုတွားသွားသတ္တဝါအား နောက်ဆုံးတွင် သတ်ပစ်နိုင်ခဲ့ပြီဟု ထင်မှတ်လိုက်သည်။
၎င်းသည် တုတ်ဖြင့် စောင်အား ဂရုတစိုက် လှန်ကြည့်လိုက်ရာ သွေးသံရဲရဲဖြင့် ကြေမွပျက်စီးနေသော မြင်ကွင်းအား တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့၏။
သို့သော်လည်း အိပ်ယာပေါ်တွင် မည်သည့်အရာမျှ မရှိဘဲ လုံးဝ သန့်ရှင်းစင်ကြယ်နေသည်။
ဝမ်တာ့လီသည် အလွန် ထိတ်လန့်တုန်လှုပ်သွားကာ စောင်တစ်ခုလုံး အလျင်အမြန် ဆွဲဖယ်လိုက်သော်လည်း မြွေ၏ အရေခွံ မတွေ့ဘဲ မြွေတစ်ကောင်လုံး ပျောက်ဆုံးနေသည်။
၎င်းသည် ထိုမြွေကြီး ထောင့်တစ်နေရာရာ၌ ပုန်းအောင်းနေ၍ မိမိကို ရုတ်တရက် ကိုက်မည်ကို စိုးရိမ်သဖြင့် အိမ်အနှံ့ လိုက်ရှာဖွေတော့သည်။
အချိန်အတော်အတန်ကြာရှာဖွေခဲ့သော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။
“ဆန်းတော့ ဆန်းနေပြီ... သူ ထွက်ပြေးသွားတာများလား”
ဝမ်တာ့လီသည် အဘယ်အရာ ဖြစ်ပျက်နေသည်အား တွေးတောဝေခွဲမရ ဖြစ်နေစဉ်တွင် တံခါးသည် တစ်စုံတစ်ခုသော အချိန်ကတည်းက ပွင့်နေခဲ့သည်အား သတိပြုမိလိုက်၏။
ပြိုင်ပွဲဝင် တစ်ဦးချင်းစီသည် သီးခြား ဝင်းခြံများ ငှားရမ်းနေထိုင်ကြခြင်း ဖြစ်သည်။
ဝမ်တာလီ၏ ဝင်းခြံပတ်လည်တွင် အိမ်ထောင်စု အများအပြား နေထိုင်ကြသဖြင့် ၎င်းသည် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မည်သည့်အခါမျှ စိုးရိမ်ပူပန်ခဲ့ခြင်း မရှိပေ။
“မနေ့ညက အိပ်ခါနီး တံခါးကို သေချာ မပိတ်မိလို့ လေတိုက်ပြီး ပွင့်သွားတာလားမသိဘူး”
ဝမ်တာ့လီသည် တံခါး ပိတ်ရန် ပြင်လိုက်စဉ် အမှောင်ထုထဲတွင် သိသိသာသာ ထင်ရှားနေသော စိမ်းဖန့်ဖန့် မျက်လုံး အစုံနှစ်ခုအား တံခါးအပြင်ဘက်၌ မတော်တဆ မြင်တွေ့လိုက်ရသည်။
“အား... သရဲ”
ဝမ်တာ့လီသည် အလွန် ကြောက်လန့်တုန်လှုပ်သွားသဖြင့် ချက်ချင်း စူးစူးဝါးဝါး အော်ဟစ်လိုက်မိသည်။
ထိုစိမ်းဖန့်ဖန့် မျက်လုံး အစုံနှစ်ခုသည် ၎င်းထံသို့ တဖြည်းဖြည်း နီးကပ်လာသည်။
ထိုသို့ လှုပ်ရှားနေသော မျက်လုံးများ မြင်လိုက်ရသည့် ခဏတွင် ဝမ်တာ့လီသည် ကြောက်လွန်းသဖြင့် မျက်ဖြူဆိုက်သွားကာ သတိလစ် မေ့မြောသွားတော့သည်။
ဟန်ဟော့နှင့် ကျောက်ကျောက်တို့သည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြ၏။
၎င်းတို့သည် တစ်ဦး၏ မျက်ဝန်းထဲတွင် တစ်ဦး ဝေခွဲမရမှုနှင့် မိန်းမောတွေဝေမှုများ မြင်တွေ့နေကြသည်။
အထူးသဖြင့် ကျောက်ကျောက်သည် မိမိဘာသာ ရေရွတ်လိုက်သည်။
“ဝူး”
‘လူသားတွေက ဒီလောက်တောင် အားနည်းကြတာလား၊ ငါတို့ ဘာမှတောင် မလုပ်ရသေးဘူး... သူ ဘာလို့ မေ့လဲသွားတာလဲ’
ဟန်ဟော့သည်လည်း လုံးဝ ဝေခွဲမရ ဖြစ်ကာ မြေပြင်ပေါ်တွင် သတိလစ်နေသော ဝမ်တာ့လီအား ငေးမောကြည့်နေမိသည်။
“ဝူး”
‘ဒါဆို... ငါတို့နှစ်ယောက်က သခင်ပေးတဲ့ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ခဲ့တယ်လို့ သတ်မှတ်လို့ရပြီ မဟုတ်လား၊ သူများတွေ မရိပ်မိခင် အမြန်ဆုံး ထွက်ခွာကြရအောင်’
ဝမ်တာ့လီ၏ ဝင်းခြံအတွင်းမှ ရုတ်ရုတ်သဲသဲ အသံများ ကြားလိုက်ရသဖြင့် အိပ်ရာဝင်နေကြပြီဖြစ်သော ပတ်ဝန်းကျင်ရှိ ရွာသားများသည် နိုးလာကြသည်။
“ဟိုဘက်ခြံထဲက ဘာသံတွေလဲ... တာ့လီ တစ်ခုခု ဖြစ်လို့လား... ငါ သူ့အသံ ကြားလိုက်ရသလိုပဲ”
“ဟုတ်တယ်... ဟုတ်ပုံရတယ်... ငါတို့ သွားကြည့်ကြရအောင်”
ရွာသား ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် ဝမ်တာ့လီ၏ အိမ်ရှေ့တွင် စုရုံးရောက်ရှိလာကြ၏။
၎င်းတို့သည် အပြင်ဘက်မှနေ၍ အချိန်အတော်ကြာ လှမ်းခေါ်ခဲ့သော်လည်း အတွင်းမှ မည်သည့် တုံ့ပြန်မှု မရှိချေ။
နောက်ဆုံးတွင် ၎င်းတို့သည် ဝင်းခြံတံခါးအား အတင်းအကျပ် တွန်းဖွင့်နိုင်ခဲ့ကြသည်။ အတွင်း၌မူ ဝမ်တာ့လီသည် သတိလစ် လဲလျောင်းနေသည်အား တွေ့ရသည်။
“ဖြစ်မှဖြစ်ရလေ... သူ ဘာလို့ ဒီမှာ မေ့လဲနေရတာလဲ၊ ဟို ခြေခွင် ကို အမြန်သွားခေါ်လိုက်စမ်းပါ”
ထိုခြေခွင်သည် ၎င်းတို့ရွာ၌ ဆေးဝါးကုသမှု အတတ်ပညာ တတ်မြောက်၍ အအေးမိခြင်း၊ ဖျားနာခြင်းကဲ့သို့သော သာမန်ဝေဒနာများ ကုသပေးနိုင်သည့် တစ်ဦးတည်းသော ဆရာဝန် ဖြစ်သည်။
“ရွာလူကြီးကိုကော သွားခေါ်ရမလား... ဒါနဲ့နေဦး... ဒီလူက ငါတို့ရွာက မဟုတ်ဘူးလေ... ငါတို့ရွာထဲမှာ တစ်ခုခု ဖြစ်သွားရင် ဒုက္ခ၊ မင်းပြောတာ မှန်တယ်... ဒါဆိုရင် ရွာလူကြီးကိုပါ အမြန်သွားပင့်ချေ”
ရွာလူကြီး ရောက်လာသောအခါ ၎င်းသည် စိတ်ထဲ သက်ပြင်းချလိုက်မိသည်။
အဘယ်ကြောင့် ရက်အနည်းငယ်ခြားတိုင်း ရွာထဲတွင် ညဉ့်နက်သန်းခေါင်ယံတွင် ပြဿနာများ အမြဲတစေ ဖြစ်ပွားနေရပါသနည်း။
ဤလူအိုကြီးမှာ အေးအေးချမ်းချမ်း အိပ်စက်ခွင့်မရချေ။
ရွာလူကြီး လုပ်ရသည်မှာ အမှန် မလွယ်ကူလှပေ။
ရွာလူကြီး ရောက်ရှိလာချိန်တွင် ခြေခွင်သည် ဝမ်တာ့လီ၏ အသက်ရှူလမ်းကြောင်း ပွင့်စေရန် လူနာ၏ နှာခေါင်းနှင့် အောက်နှုတ်ခမ်းကြားရှိ အကွက်ကို အကြိမ်ကြိမ် နှိပ်နယ်ပေးခဲ့သဖြင့် ဝမ်တာ့လီသည် နောက်ဆုံးတွင် သတိပြန်လည်လာသည်။
မိမိပတ်လည်တွင် လူအများအပြား ဝန်းရံနေသည်အား မြင်တွေ့လိုက်ရသောအခါ ၎င်း၏ ထိတ်လန့်မှုများသည် အနည်းငယ် လျော့ပါးသွားတော့သည်။
“ရွာလူကြီး... ခင်ဗျားတို့ ရွာထဲမှာ သရဲရှိနေတာလား”
ရွာလူကြီးသည် မူလက ၎င်း၏ ကျန်းမာရေး အခြေအနေ စစ်ဆေးရန်နှင့် မကျန်းမမာ ဖြစ်ပါက မနက်ဖြန် နံနက်စောစောတွင် ခရိုင်ဆေးရုံသို့ ပို့ဆောင်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ဝမ်တာ့လီသည် ရောက်ရောက်ချင်း ဤကဲ့သို့ စကားမျိုးကို အစပျိုး ပြောကြားလိုက်သဖြင့် ရွာလူကြီးသည် ဆွံ့အသွားရတော့သည်။
ဤသည်မှာ ၎င်းတို့ရွာ၏ မင်္ဂလာမရှိသော အငွေ့အသက်နှင့် ဖုန်းရွှေ ညံ့ဖျင်းမှုကို သွယ်ဝိုက်၍ စောင်းမြောင်းပြောဆိုနေခြင်း မဟုတ်ပါလော။
ရှေးလူကြီးများသည် ဤကဲ့သို့သော အယူအဆများ အလွန်အမင်း ဂရုထားကြတတ်ရာ ရွာတစ်ရွာ၏ အကြီးအကဲ ဖြစ်သူအတွက် ဆိုဖွယ်ရာ မရှိတော့ပေ။
“မင်းက ဘာတွေ လျှောက်ပြောနေတာလဲ ငါ့တူရာ... ငါ ဒီရွာမှာ တစ်သက်လုံး နေလာတာ... သရဲတစ်ကောင်တစ်လေတောင် မမြင်ဖူးပါဘူး”
အခြားသော ရွာသားများသည် ဝမ်တာ့လီအား ကြည့်သည့် အကြည့်များမှာ ပြောင်းလဲသွားကြသည်။
“မင်း အခုတလော စိတ်ဖိစီးမှုတွေ များပြီး အတွေးတွေလွန်နေတာလား... ငါ့ကလေးဆိုရင်လည်း စိတ်ဖိစီးမှုများရင် အဲဒီလိုပဲ ယောင်တတ်တယ်…ဟုတ်တယ်... ဟုတ်တယ်... လူငယ်တွေက ဒါကို စိတ်ကျရောဂါလို့ ခေါ်ကြတယ်”
“တာ့လီက ဘယ်လိုလုပ် စိတ်ကျရောဂါ ဖြစ်ရမှာလဲ... ဒီကလေးက ကြည့်ရတာ အရမ်းတက်ကြွပြီး အဲဒီလို ရောဂါမျိုး ဖြစ်မယ့်ပုံလည်း မပေါက်ပါဘူး... ငါ့အမြင်တော့ စိတ်ဝေဒနာ တစ်ခုခု ခံစားနေရတာ ထင်တယ်”
မိမိပြောသည်အား မည်သူမျှ မယုံကြည်ကြသည်ကို မြင်သောအခါ ဝမ်တာ့လီသည် အလျင်အမြန် ပြန်ပြောလိုက်သည်။
“တကယ်ပြောတာပါ... ကျွန်တော် ခင်ဗျားတို့ကို မလိမ်ပါဘူး... ကျွန်တော် တံခါးကို ဖွင့်လိုက်တာနဲ့ လေထဲမှာ စိမ်းဖန့်ဖန့် မျက်လုံး အစုံနှစ်ခု ဝဲပျံနေတာကို မြင်လိုက်ရတာ...အိမ်ထဲမှာလည်း စပါးအုန်းမြွေကြီး တစ်ကောင်ကို တွေ့ခဲ့သေးတယ်... တကယ်ကို ကြောက်စရာကြီးဗျာ၊ ရွာလူကြီး... ကျွန်တော် တကယ် မလိမ်ပါဘူး”
ဝမ်တာ့လီ၏ စစ်မှန်သော အမူအရာကြောင့် ရွာလူကြီးသည် မိမိကိုယ်မိမိ သံသယ ဝင်လာရတော့သည်။
“တကယ်လား”
ရွာထဲတွင် တကယ်ပဲ သရဲခြောက်နေသလော။
သို့သော် ရှီးရွှေရွာ၏ သရဲတစ္ဆေများသည် အဘယ်ကြောင့် ပြင်ပလူ ဖြစ်သော ဝမ်တာ့လီကိုမှ လာ ခြောက်လှန့်ရပါသနည်း။