← Chapters

လူရိုးများသာ ရှိနေသော

Vol. 13 Ch. 188

လူရိုးများသာ ရှိနေသော

Vol. 13 Ch. 188

ရွှီချင်းက မြေပြင်ကို ကြည့်လိုက်သည်။

ပဲ့တင်ထပ်နေသည့် နေရာသို့ သွားကာ ထိုနေရာတွင် မည်သည့်အရာများ ရှိနေသည်ကို သူ ကြည့်ချင်သည်။

ဟွမ်ရန်ပေးခဲ့သည့် ကျောက်စိမ်းပေလွှာထဲတွင်လည်း ရေသူမကျွန်း၏ ရေအောက်လောကအကြာင်းကို ဖော်ပြထားသည်။

ရေသူမမျိုးနွယ်၏ စရိုက်လက္ခဏာကြောင့် မျိုးနွယ်၏ ပိုင်နက်ကို အဆင့်နှစ်ဆင့် ခွဲခြားထားသည်။ တစ်ခုက ကျွန်းပေါ်တွင် အရိုးများ၊ အခွံများဖြင့် တည်ဆောက်ထားသော မြို့များ ရှိနေသည့် အပေါ်ယံလောက ဖြစ်သည်။

သူတို့က အရိုးများကို သဘောကျကြသည်။ ငါးအရိုးများ၊ သားရဲအရိုးများ ဖြစ်စေ၊ လူသားမဟုတ်သော မျိုးနွယ်ဝင်များ၏ အရိုးများကိုဖြစ်စေ သူတို့ အလွန် သဘောကျကြသည်။ ထိုအရိုးများက ရက်စက်ကြမ်းတမ်းသောသတ္တဝါများ၏ အရိုးများဖြစ်ပါက သူတို့ ပို၍ နှစ်ခြိုက်ကြပေသည်။

ယင်းသည် ရေသူမတိုင်း၏ ဝိညာဉ်များထဲတိုင်အောင် နက်ရှိုင်းစွာ စွဲမြဲနေသော ရိုးရာအမွေ ဖြစ်သည်။

ဒုတိယအဆင့်က ရေအောက်တွင် ဖြစ်သည်။

ရေအောက်တွင် ဂူများမရှိဘဲ ကျွန်းပေါ်ရှိ မြေသားအလွှာကြီးကို ကုပ်တွယ်၍ ပင်လယ်ရေအောက်မှ ပြောင်းပြန်ဆောက်ထားသော အဆောက်အအုံများသာ ရှိသည်။

ရေသူမကျွန်းတစ်ခုလုံးက ပေါလောပေါ်နေသော သစ်ရွက်လေးတစ်ရွက်နှင့် ဆင်တူပြီး ထူးဆန်းသော အားတစ်ခုဖြင့် ပြောင်းပြန်ဖြစ်နေသော အဆောက်အအုံများကို ထိန်းထားသည်။

ဟွမ်ရန်၏ ကျောက်စိမ်းပေလွှာထဲ၌ ပင်လယ်ရေအောက်တွင် ရေသူမမျိုးနွယ် တည်ဆောက်ထားသည့်လောကကို ရင်သပ်ရှုမောဖွယ်ကောင်းသည်ဟု ဖော်ပြထားသည်။

ရေအောက်ရှိ အဆောက်အအုံအားလုံးကို မရေမတွက်နိုင်သော ရောင်စုံသန္တာကျောက်များဖြင့် တည်ဆောက်ထားပြီး ထိုသန္တာကျောက်များပေါ်တွင် ဆူးချွန်များ အပြည့်ရှိနေသည့် ပင်လယ်မှိုအများအပြားလည်း ရှိသည်။

ပုံစံအတိအကျကို ရွှီချင်းလည်း မသိပေ။

“ သွားကြစို့။ ဒီမှာ ဘာမှမရှိဘူး။ ငါးမျက်လုံးဆီ သွားမယ်။ အဲဒါက ဝင်ပေါက်ပဲ ”

ခေါင်းဆောင်က ပြေးသွားသည်။

ရွှီချင်းက နောက်မှလိုက်သွားပါသော်လည်း ခပ်ခွာခွာသာနေသည်။ ခေါင်းဆောင်နှင့် သူ၏ဆက်ဆံရေးက အနည်းငယ် ထူးဆန်းသည်။ ခေါင်းဆောင်ကို သူ ယုံကြည်သော်လည်း လုံးဝစိတ်ချလက်ချ ယုံကြည်သည်တော့ မဟုတ်ပေ။

ခေါင်းဆောင်က ထူးဆန်းပြီး သူ့အတွေးများကို မှန်းဆရန် အလွန် ခက်ခဲသည်ဟု ရွှီချင်း ခံစားနေရဆဲပင်။ ခေါင်းဆောင်ထံမှ အန္တရာယ်အငွေ့အသက်များကို သူ အလိုလို ရနေ၏။

လက်ရှိသူ၏ကျင့်ကြံခြင်းအဆင့်ဖြင့် အခြေတည်အဆင့်ကျင့်ကြံသူများကို သူ တိုက်ခိုက်နိုင်ပါသော်ငြား ခေါင်းဆောင်က ပို၍ အစွမ်းထက်သည်ဟု သူ ခံစားနေရဆဲပင်။

အမှန်စင်စစ် သူ အဆင့်တက်သွားသည့်အခါတိုင်း ခေါင်းဆောင်၏ အရှိန်အဝါကို စစ်ဆေးကြည့်တတ်သည်။ သို့သော်လည်း ထိုအချိန်တိုင်း ခေါင်းဆောင်က သူ့ထက် မဆိုစလောက် အစွမ်းထက်နေသလို သူ ခံစားရတတ်သည်။

ယင်းကြောင့် သူ ပို၍ သတိထားနေရခြင်းဖြစ်သည်။

ထိုသု့ိဖြင့် သူတို့နှစ်ယောက်က ငါးအရိုးမြို့တစ်လျှောက် သွားလာနေကြသည်။ သူတို့ပစ်မှတ်က ငါးမျက်လုံးနှစ်လုံးထံ ဖြစ်ပေသည်။ ခေါင်းဆောင်၏ ပြောစကားအရဖြစ်စေ၊ ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြချက်အရဖြစ်စေ ထိုနေရာသည် ရေအောက်လောကသို့ ဝင်ပေါက်ဖြစ်သည်။

လမ်းတစ်လျှောက်တွင် ချီရွှဲ့ထုံဂိုဏ်းသားများစွာကိုလည်း သူတို့ မြင်ခဲ့ရသည်။

ဂိုဏ်းသားတချို့က မှောင်ရိပ်ခို၍ သွားလာနေကြပြီး တချို့က အဆောက်အအုံများထဲ မွှေနှောက်ရှာဖွေနေသည်။ ရေသူမအလောင်းများ၏ ကိုယ်ပေါ်သို့ ဝိညာဉ်ကျောက်တုံးများ လိုက်ရှာနေသော ဂိုဏ်းသားတချို့လည်း ရှိသည်။

ချုံပုတ်ထဲတွင် ပုန်းအောင်းနေသော ဂိုဏ်းသားများလည်း ရှိပြီး သူတို့ပစ်မှတ်က ရေသူမမျိုးနွယ်နှင့် တခြားဂိုဏ်းသားများ ဖြစ်ပေသည်။

သူတို့က ဟိုင်အီးနားသားရဲအုပ်အလားပင် ပုန်းကွယ်ရာနှင့် အမဲလိုက်ရာတွင် ထူးချွန်ကြသည်။ သို့သော်လည်း ရွှီချင်းနှင့်ခေါင်းဆောင်ကိုမြင်၍ သူတို့ ချက်ချင်း နောက်ဆုတ်သွားကြ၏။

သူတို့က ခေါင်းဆောင်ကို ကြောက်သည်လား၊ ရွှီချင်းကို ကြောက်သည်လား ပြောရခက်ပေသည်။

“ အဲဒီကောင်တွေကို မင်း မြင်လား။ သူတို့ အဆင့်တက်နိုင်တာ ကြာနေပြီ။ ဒါပေမဲ့ သူတို့က ကျင့်ကြံခြင်းအဆင့်တွေကို ဖိနှိပ်ပြီး ကံကြမ္မာကောင်းရှာဖို့ ဒီကို ရောက်လာကြတာပဲ ”

“ သူတို့အားလုံးမှာ ခွေးတွေထက် အနံ့ခံကောင်းတဲ့ နှာခေါင်းတွေရှိတယ်။ သောက်ကျိုးနဲ … ဟိုမှာကြည့်စမ်း၊ အိမ်ကိုတောင် အလွတ်မပေးဘူးဟေ့။ ဒါကြီးက လွန်သွားပြီ ”

ခေါင်းဆောင်က အဝေးတွင် အဆောက်အအုံတစ်လုံးကို ဖြိုချနေသောဂိုဏ်းသားအနည်းငယ်အား ညွှန်ပြလိုက်သည်။

ထိုအဆောက်အအုံက ခမ်းနားထည်ဝါပြီး ဝိညာဉ်အခွံများဖြင့် လုပ်ထားခြင်း ဖြစ်သည်။

ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ တချိန်တည်းမှာပင် ခေါင်းဆောင်က တဟုန်ထိုး ပြေးတက်သွားပြီး သူ၏ကျင့်ကြံခြင်းအစွမ်းများကို ထုတ်ဖော်လိုက်ရာ အိမ်ဖြိုနေသော လူအနည်းငယ်မှာ မျက်လုံးများ ဝင်းလက်သွားပြီး ချက်ချင်း နောက်ဆုတ်သွားကြသည်။ သူတို့က နောက်သို့ပင် ပြန်လှည့်မကြည့်တော့ဘဲ အမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ခေါင်းဆောင်၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူက အိမ်ကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် တစစီ ဖြုတ်လိုက်သည်။

ရွှီချင်းသည်လည်း အနားသို့ တိုးသွားပြီး ဝင်ရောက်ဖြိုဖျက်ကာ ဝိညာဉ်စွမ်းအားအငွေ့အသက်များ တဟုန်းဟုန်း ထွက်ပေါ်နေသည့် ပင်လယ်ခွံများကို ချက်ချင်း ယူဆောင်လိုက်သည်။

“ သိပ်ကောင်းတဲ့ပစ္စည်းပဲ။ ဒါ ဘယ်သူ့အိမ်တုံး။ ဒီပင်လယ်ခွံတစ်ခုရဲ့ တန်ကြေးက ဝိညာဉ်ကျောက်တုံးဆယ်တုံးထက်တောင် တန်နေသေးတယ် ”

ရွှီချင်းက တစ်ခွန်းမှ မပြောဘဲ ပို၍ မြန်ဆန်စွာ လုပ်လိုက်သည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်ကြာပြီးနောက် သူတို့ နှစ်ယောက် ထွက်သွားသောအခါတွင် ထိုအိမ်မှာ ပျောက်သွားပြီဖြစ်သည်။

လမ်းတစ်လျှောက်တွင် ထိုကဲ့သို့ ဟာလာဟင်းလင်းဖြစ်နေသော နေရာများစွာ ရှိနေသည်။ ခေါင်းဆောင်က ထိုသို့နေရာများကို မြင်ရတိုင်း မခံမရပ်နိုင်ဖြစ်နေသည့် အမူအရာမျိုး ဖြစ်သွားတတ်သည်။

“ ဒါကြီးက လွန်သွားပြီဟေ့။ ဒီဂိုဏ်းသားဟောင်းတွေက ဒီလောက်အစွမ်းထက်နေတာတောင် ငါတို့လို ကလေးတွေဆီက လုယူသေးတာလားဟ ”

ခေါင်းဆောင်က စိတ်မချမ်းမြေ့ဟန်ဖြင့် ပြောလိုက်သောအခါ ရွှီချင်းက ခေါင်းဆောင်၏ မျက်နှာကို ကြည့်လိုက်သည်။

ခေါင်းဆောင်ကို ကြည့်ရသည်မှာ အသက်နှစ်ဆယ်ကျော်ခန့် ရှိနေပေသည်။

“ မင်းက ဘာကြည့်တာတုံး။ ငါ ပြောတာမှားနေလို့လား ”

ခေါင်းဆောင်က ခေါင်းစောင်း၍ ရွှီချင်းကို ကြည့်လိုက်သည်။

“ ခေါင်းဆောင်က ကလေးမဟုတ်ဘူး။ ကျနော်က ကလေးလေ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ ယင်းသည် ခေါင်းဆောင်နှင့် တွေ့ပြီးနောက် သူ ပြောလိုက်သည့် စတုတ္ထမြောက်စကားဖြစ်သည်။

“ … ”

ခေါင်းဆောင်က သက်ပြင်းချ၍ ဆိုလိုက်သည်။

“ လက်ထောက်ခေါင်းဆောင်ရွှီရေ … နောက်ကျ ငြိမ်ငြိမ်လေးနေရင် ပိုကောင်းမယ်ကွ။ သြော် ဒါနဲ့ … မင်း ငါ့ကို ဝိညာဉ်ကျောက်တုံး ငါးထောင် မြန်မြန်ပြန်ပေးဖို့ မှတ်ထားဦးနော် ”

ပြောပြီးသည်နှင့် ခေါင်းဆောင်က အရှိန်တင်လိုက်သည်။

ရွှီချင်းက မကြားဟန်ဆောင်၍ နောက်မှ တိတ်ဆိတ်စွာ လိုက်သွားသည်။ သူတို့နှစ်ယောက်က ငါးခေါင်းနေရာနှင့် နီးကပ်သည်ထက် နီးကပ်လာသည်။ ငါးမျက်လုံးတည်နေရာတွင် ဖြစ်ပေါ်နေသော ကျဉ်းကြီးတစ်ကျဉ်းကို သူတို့ မြင်လိုက်ရသည့်အခိုက် အဝေးမှ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။

ထိုပေါက်ကွဲသံကြားတွင် မြို့အထက်ရှိ ဝေဟင်သို့ ရေသူမမျိုးနွယ်ဝင်တစ်ယောက် ပျံတက်လာသည်။ သူ့နောက်မှ အပြာရောင်အလင်းတန်းက သူ့ကို မီသွားပြီး သတ်ပစ်လိုက်လေသည်။

ခရမ်းရောင်အလင်း မှိတ်ဖျော့သွားသောအခါတွင် ပျံသန်းစေနိုင်သော အဆောင်နှင့် လူတစ်ယောက် ပေါ်လာသည်။

ယင်းမှာ ကမ်းရိုးတန်းစောင့်ဌာန၏ ပါရမီရှင် တင်းရှောင်ဟိုင် ဖြစ်သည်။

တင်းရှောင်ဟိုင်က တည်ကြည်သောအမူအရာဖြင့် တခြားရေသူမမျိုးနွယ်ဝင်များကို လိုက်လံရှာဖွေနေသည်။ သူ ဖြတ်သန်းသွားသည့်နေရာတိုင်း ရေသူမမျိုးနွယ်ဝင်များ၏ အလောင်းများ ပျံ့ကျဲသွားတတ်သည်။ မကြာခင် သူက ပစ်မှတ်တစ်ခုကို တွေ့သွားပြီး သတ်ဖြတ်ရန် ပျံသန်းသွားသည်။

ထိုအချိန်၌ သူက ရွှီချင်းနှင့် ခေါင်းဆောင်တို့အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။ သူက သူတို့နှစ်ယောက်ကို ကြည့်ပင်မကြည့်ဘဲ အဝေးရှိ ရေသူမမျိုးနွယ်ဝင်အုပ်စုထံသို့ ဝင်ရောက်သွားသည်။

သူ့အပြုအမူများသည် လမ်းတစ်လျှောက်တွင် ရွှီချင်း တွေ့ခဲ့ရသည့် တခြားဂိုဏ်းသားများနှင့် လုံးဝ ကွဲပြားနေ၏။

တခြားဂိုဏ်းသားများက ကံကြမ္မာကောင်း ဖန်တီးချင်ကြပါသော်လည်း သူက စွမ်းဆောင်မှုရမှတ်များအတွက် လုပ်နေခြင်း ဖြစ်သည်။

“ သိပ်တော်တဲ့ဂိုဏ်းသားပဲ။ ရွှီချင်း၊ မင်း မြင်လား၊ အဲဒါ ငါတို့ ချီရွှဲ့ထုံဂိုဏ်းက သိပ်တော်တဲ့ဂိုဏ်းသားပဲ ”

“ ဒီလိုဂိုဏ်းသားမျိုး ရှိနေတာ ငါတို့ချီရွှဲ့ထုံဂိုဏ်းရဲ့ နောင်ရေးအတွက် စိတ်အေးရပြီ ”

ခေါင်းဆောင်၏ မျက်နှာပေါ်တွင် လေးစားသည့်အရိပ်အယောင်များ ရှိနေသည်။ သူက တင်းရှောင်ဟိုင် ပြေးထွက်သွားသည့်နေရာသို့ လက်နှစ်ဖက်ဖြင့်ဆုပ်၍ ချီးကျူးသည့်အမူအရာ ပြသလိုက်သည်။

“ ဂိုဏ်းတူအစ်ကိုတင်းက စံပြပဲ။ အဆင်ပြေပါစေ ဂိုဏ်းတူအစ်ကိုတင်း ”

“ ဂိုဏ်းတူအစ်ကိုတင်း၊ လူဆိုးထိန်းဌာနက ကျုပ်ရဲ့ ရွှမ်အမှတ်ခြောက်အသင်းက ဂိုဏ်းတူအစ်ကိုကို အဓိကဂိုဏ်းသားအဆင့်ရအောင် အပြည့်အဝ ပံ့ပိုးပေးမှာပါ ”

တင်းရှောင်ဟိုင်က အေးစက်စက်အမူအရာဖြင့် ခေါင်းဆောင်ကို ကြည့်လိုက်ပြီး ဆက်လက်သတ်ဖြတ်လိုက်သည်။

ရွှီချင်းက တင်းရှောင်ဟိုင်ကို စူးစိုက်ကြည့်လိုက်ပြီး ပထမနေရာကို အရယူလိုသည့် တင်းရှောင်ဟိုင်၏ စိတ်ကို ခံစားမိလိုက်သည်။

ခေါင်းဆောင်က ခံစားချက်များဖြင့် သက်ပြင်းချလိုက်ပြီး နောက်ရှိ ရွှီချင်းကို ခေါင်းငုံ့၍ ခပ်တိုးတိုး ပြောလိုက်သည်။

“ အဲဒီကောင်ဆီကနေ မသင်နဲ့။ အဲဒီကောင်က ကျင့်ကြံလွန်းလို့ ရူးသွားပြီ။ အဓိကဂိုဏ်းသားဖြစ်တော့ကော ဘာအသုံးဝင်တုံး။ သူက အဆင့်တက်တော့မှာပဲလေ။ အဆင့်တက်တာနဲ့ ခရမ်းရောင်ဝတ်ရုံဝတ်ဂိုဏ်းသား ဖြစ်မသွားပေဘူးလား။ အဲဒီအချိန်ကျရင် အဓိကဂိုဏ်းသားတွေတောင် သူ့ကိုမြင်တာနဲ့ လေးလေးစားစား ဆက်ဆံနေရမှာ။ ဘာလို့ ဒီလောက် ခက်ခက်ခဲခဲ လုပ်နေရတာတုံး ”

“ လူအားလုံးက ရွေးချယ်မှုတွေ မတူဘူး။ အဲဒါကို ဝေဖန်ဖို့ ခက်တယ် ”

ရွှီချင်းက ခေါင်းဆောင်ကို ကြည့်၍ ပဉ္စမမြောက်စကားကို ပြောလိုက်သည်။

ခေါင်းဆောင်က ပြုံး၍ ရွှီချင်းကို လက်ညှိုးဖြင့် ထိုးကာ ပြောရန် ပြင်လိုက်စဉ် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ရွှီချင်း၏မျက်နှာအမူအရာသည်လည်း ပြောင်းလဲသွားပြီး နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း နောက်ဆုတ်လိုက်ကြသည်။

သူတို့ နောက်ဆုတ်လိုက်သည့်အခိုက် မူလက သူတို့ ရပ်နေခဲ့သည့်နေရာတွင် အက်ကွဲကြောင်းများ ချက်ချင်း ပေါ်ထွက်လာသည်။ မြေကြီးထဲမှ လက်မည်းကြီးလေးဖက် ဆန့်ထွက်လာ၏။ ထိုလက်များက ပစ်မှတ်ကို လွဲချော်သွားပါသော်လည်း ကြောက်မက်ဖွယ်အငွေ့အသက်များ ဝုန်းခနဲ ပျံ့ထွက်လာသည်။

မြေကြီးများ ပြိုကျသွားပြီး အရိပ်နှစ်ရိပ် ပျံတက်လာသည်။

ထိုအရိပ်နှစ်ရိပ်က အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကြပြီး သူတို့ဆံပင်များက ခြောက်ကပ်နေသည်။ သူတို့အသားအရေက အလောင်းကောင်များ၏ အသားအရေများကဲ့သို့ ဖြစ်နေသည်။ သူတို့ မျက်လုံးများက နီမြန်းနေပြီး ရက်စက်ကြမ်းတမ်းစွာဖြင့် ရွှီချင်းနှင့် ခေါင်းဆောင်ထံ ဝင်ရောက်သွားကြသည်။

“ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် ”

“ ရွှီချင်း၊ သတိထားနော်။ အဲဒီနှစ်ယောက်က ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ကို ရောက်နေတာ။ အခြေတည်အဆင့်ကို မရောက်သေးပေမဲ့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထူးဆန်းတယ်။ သူတို့က ဓာတ်နှောတွေကို ကျင့်ကြံကြတာ။ သူတို့ခန္ဓာကိုယ်တွေထဲမှာ ဓာတ်နှောတွေအများကြီး ရှိတယ်။ သူတို့က အလောင်းအဆိပ်ကိုလည်း ကျင့်ကြံထားကြလို့ သူတို့ခန္ဓာကိုယ်တွေက အဆိပ်ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် မတိုက်နဲ့ ”

ခေါင်းဆောင်က အလျင်အမြန် ပြောလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ လှံတံတစ်ချောင်းက ချဉ်းကပ်လာသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက်ထံ ဝင်ရောက်သွားသည်။

တချိန်တည်းမှာပင် တင်းရှောင်ဟိုင်အောက်ရှိ မြေပြင်သည်လည်း တဝုန်းဝုန်းမြည်ဟည်းသွားပြီး တတိယမြောက် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ပေါ်လာကာ တင်းရှောင်ဟိုင်ကို တိုက်ခိုက်လိုက်သည်။

သူတို့သုံးယောက်က ချက်ချင်းပင် လူစုခွဲ၍ တိုက်ခိုက်လိုက်ကြသည်။ သူတို့မန္တန်အစီအရင်များ၏ အငွေ့အသက်များက ပြင်းထန်သည်။ ရွှီချင်းသည်လည်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ထူးဆန်းသောအခြင်းအရာများကို အာရုံခံမိလိုက်သည်။ သူ လက်သီးချက်များ ပစ်လွှတ်လိုက်ပါသော်လည်း ထိုမျိုးနွယ်ဝင်မှာ မည်သည့်ဒဏ်ရာမျှ မရလိုက်ဘဲ ခြေလှမ်းအနည်းငယ်သာ နောက်ဆုတ်သွားရသည်။

ဓားမြှောင်ဖြင့် ပိုင်းဖြတ်ခံလိုက်ရသော လည်ပင်းကဲ့သို့ အရေးကြီးနေရာများသည်ပင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှာ ဘာမှဖြစ်မသွားပေ။

ချီရွှဲ့ထုံဂိုဏ်းသို့ ရွှီချင်း ရောက်ကတည်းက လူသားမဟုတ်သော မျိုးနွယ်များစွာကို ရွှီချင်း မြင်ခဲ့ဖူးသည်။ သို့သော်လည်း ထိုကဲ့သို့ ထူးဆန်းသော မျိုးနွယ်ကို ရွှီချင်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ အထူးသဖြင့် ထိုမျိုးနွယ်ဝင်ထံမှ ထွက်ပေါ်နေသော အလောင်းအဆိပ်ကြောင့် သူ အလွန် သိချင်စိတ်ပြင်းပြနေ၏။

“ အလောင်းအဆိပ်နဲ့ ငါ့အဆိပ်မှာ ဘယ်အဆိပ်က ပိုပြင်းတုံး ”

All Chapters