← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း (၁၁၃) ဟေးလုံနှင့် ပိုင်လုံတို့ ရောက်ရှိလာခြင်း၊ ခွေးတစ်အုပ်လုံး ကြောက်လန့်သွားရပြီး လီလန်က နောက်ဆုံးမှ ခမ်းနားစွာ ပေါ်ထွက်လာခြင်း

"အစ်ကိုလန်... တကယ်ပြောနေတာလား... နောက်နေတာတော့ မဟုတ်ပါဘူးနော်..."

ကျန်းဝေ့ကော်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"မင်းကို ငါ ဘယ်တုန်းက နောက်ဖူးလို့လဲ..."

လီလန်က ကျန်းဝေ့ကော်ကို မျက်စောင်းထိုးလျက် ပြောလိုက်သည်။

"ငါ ရှင်းရှင်းပဲ ပြောမယ်... မီးနဂါးမုဆိုးအဖွဲ့မှာ လူပျင်းတွေအတွက် နေရာမရှိဘူး... ဘာမှမလုပ်ဘဲ ထိုင်နေလို့ မရဘူး... ကိုယ့်စွမ်းရည်ကို ပြသရမယ်..."

"ငါတို့အဖွဲ့ရဲ့ ရည်မှန်းချက်က အတူတကွ ကြီးပွားတိုးတက်ဖို့၊ တောင်ပေါ်မှာ အတူတူ အမဲလိုက်ဖို့နဲ့ အတူတူ သောက်စားပျော်ပါးဖို့ပဲ..."

"မီးနဂါးမုဆိုးအဖွဲ့က အချောင်ခိုတဲ့သူတွေကို လုံးဝ လက်မခံဘူး..."

လီလန်၏ အတွေးမှာ ရိုးရှင်းလှသည်။ သူသည် ရှန်းဖူကွေ့၏ တောင်းဆိုချက်အရ မီးနဂါးမုဆိုးအဖွဲ့ကို ဖွဲ့စည်းရန် သဘောတူထားပြီးဖြစ်သောကြောင့် ထိုအဖွဲ့ကို သူကိုယ်တိုင် ဦးဆောင်ရမည်သာ ဖြစ်လေသည်။

သူတို့ကို လေ့ကျင့်ပေးရန်မှာ မခက်ခဲလှပေ။ ကျန်းဝေ့ကော်နှင့် လျူဇီတို့ကို ပြီးမြောက်ရမည့် အမဲလိုက်ပစ်မှတ်များ သတ်မှတ်ပေးလိုက်ခြင်းပင် ဖြစ်၏။

ဤနောက်ဆုံးပေါ် ကျားခေါင်းတံဆိပ် အမဲလိုက်သေနတ်မှာ သဘာဝကျစွာပင် သူတို့အတွက် ဆုလာဘ် ဖြစ်လေသည်။

"အချိန်အကန့်အသတ်မရှိဘူး... ဘာအကောင်ပဲဖြစ်ဖြစ် သားကောင်ရဲ့ သားရေ နှစ်ရာပြည့်အောင် ရှာရမယ်..."

လီလန်က အသံဩဩဖြင့် ပြောလိုက်သည်။

"အစ်ကိုလန်... မိုးပျံ..."

လျူဇီသည် လက်ကို မြှောက်လိုက်သော်လည်း လီလန်က သူ့ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

"အပြင်ရောက်နေရင် ငါ့ကို အဖွဲ့ခေါင်းဆောင်လို့ပဲခေါ်..."

"အဖွဲ့ခေါင်းဆောင်... ကျွန်တော့်မှာ မေးစရာရှိတယ်... ကြက်မွှေးတွေရော ရေတွက်လို့ ရလား... မိုးပျံနဂါးရဲ့ အမွှေးတွေလိုမျိုးလေ..."

"ရတယ်..."

လီလန်က ခေါင်းညိတ်ပြလိုက်သည်။

"ယုန်သားရေကျတော့ရော..."

လျူဇီက ထပ်မေးလေသည်။

"အဲဒါလည်း ရတယ်..."

"ယုန်သားရေ၊ ကြက်မွှေး၊ ဘဲမွှေး၊ ဖျံသားရေ၊ သမင်သားရေ... အားလုံး အကျုံးဝင်တယ်..."

"တကယ်လို့ မင်းတို့သာ ဝက်ဝံ၊ ကျားသစ် ဒါမှမဟုတ် တောဝက်သားရေကို ရအောင် ယူလာနိုင်ရင် မင်းတို့က တကယ့်သတ္တိခဲတွေပဲ... ဒီသေနတ်ကို အလကား ပေးမယ်..."

လီလန်က စိန်ခေါ်သည့်ဟန်ဖြင့် ပြောလိုက်သည်။

တောင်ပေါ်ရှိ အရှေ့ဖျားကျားသစ်များနှင့် ဝက်ဝံများမှာ မုဆိုးများ အကြောက်ရဆုံးသော သားရဲများ ဖြစ်ကြသည်။

အကယ်၍ ကျန်းဝေ့ကော်သာ ဝက်ဝံတစ်ကောင်ကို ပစ်ချနိုင်ခဲ့ပါက သူသည် သေနတ်တစ်လက်တင်မကဘဲ ဆယ်လက်ပင် ပေးပစ်လိုက်ရန် ဝန်လေးမည်မဟုတ်ပေ။

ဝက်ဝံတစ်ကောင်ကို သတ်ဖြတ်နိုင်ခြင်းမှာ ဤကောင်လေးသည် အမဲလိုက်ပညာကို ကျွမ်းကျင်ပိုင်နိုင်သွားပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။ ထိုသို့ဖြစ်လာပါက သူ သဘာဝကျစွာပင် ဝမ်းမြောက်မိမည်ဖြစ်၏။

"အဖွဲ့ခေါင်းဆောင်ရယ်... ခင်ဗျား နောက်နေတာပဲ ဖြစ်ရမယ်... ကျွန်တော်က ဝက်ဝံကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ..."

ကျန်းဝေ့ကော်က သနားစရာကောင်းသော အပြုံးဖြင့် ပြောလိုက်သည်။

ဝက်ဝံမှာ ဆိုဖွယ်ရာ မရှိတော့ပေ။ အရှေ့ဖျားကျားသစ်ကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိမည်မဟုတ်ချေ။ သူသည် အစ်ကိုလန်ကဲ့သို့ စွမ်းအားကြီးမားသူ မဟုတ်ပေ။

"ဖြည်းဖြည်းပေါ့ ကောင်လေးရာ... မင်း လျှောက်ရမယ့်လမ်းက ရှည်လျားပါသေးတယ်..."

လီလန်သည် ကျန်းဝေ့ကော်၏ ပခုံးကို ပုတ်ကာ ရင့်ကျက်သူတစ်ဦးကဲ့သို့ ပြောလိုက်သည်။

"လျူဇီ... ငါ ပြောတာကို နားလည်ရဲ့လား..."

"နားလည်ပါပြီ အဖွဲ့ခေါင်းဆောင်..."

လျူဇီသည် အသစ်စက်စက် ကျားခေါင်းတံဆိပ် သေနတ်ကို အလွန်တန်ဖိုးထားစွာ ကိုင်တွယ်လျက် အနှံ့အပြားကို ပွတ်သပ်နေတော့သည်။

လီလန်သည် သူ၏အမူအရာကို ကြည့်ကာ ရယ်ချင်သွားသည်။ သေနတ်တစ်လက်မျှသာ ဖြစ်သော်လည်း အဖိုးတန်ရတနာတစ်ပါးကဲ့သို့ ဆက်ဆံနေလေသည်။

"ငါ့အတွက် ကြိုးကြိုးစားစား အလုပ်လုပ်ပေးရင် မင်းတို့ နှစ်တိုင်း သေနတ်အသစ်တစ်လက် ရစေရမယ်..."

လီလန်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။

မီးနဂါးမုဆိုးအဖွဲ့သည် ရွှမ်းရွှေရွာမှသာမက ပိုင်ရှန်းမြို့နယ်နှင့် ပိုင်ရှန်းမြို့တို့မှပါ ကျော်လွန်၍ နာမည်တစ်လုံးဖြင့် ရပ်တည်နိုင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။

"ဟုတ်ကဲ့... ကျွန်တော် အဖွဲ့ခေါင်းဆောင် စကားကို နားထောင်ပါ့မယ်..."

"ကျွန်တော်လည်း အတူတူပဲ..."

"ကဲ... ကြွားလုံးထုတ်မနေကြနဲ့တော့... ပစ္စည်းတွေသိမ်းပြီး တောင်ပေါ်တက်ကြစို့..."

လီလန်က စိတ်မရှည်သည့်ဟန်ဖြင့် ပြောလိုက်သည်။

"တောင်ပေါ်တက်မလို့လား... အဖွဲ့ခေါင်းဆောင်... ကျွန်တော်တို့ ဘယ်တောင်ကို သွားကြမလို့လဲ..."

တောင်ပေါ်တက်ရမည်ဟု ကြားလိုက်သောအခါ ကျန်းဝေ့ကော်သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။

"မြက်ခင်းပြင်တောင်ကို သွားမယ်... မင်းတို့ကို ဝံပုလွေသွားပစ်ဖို့ ခေါ်သွားမလို့..."

"ဟမ်..."

ကျန်းဝေ့ကော်နှင့် လျူဇီတို့မှာ အချင်းချင်း အကဲခတ်လိုက်မိကြပြီး နှစ်ယောက်စလုံး ကြက်သေ သေသွားကြတော့သည်။

"တတိယညီ... မင်းပြောတဲ့လူက ဘာလို့ မရောက်လာသေးတာလဲ..."

ချောင်တျန်းကျီရွာရှိ အဘိုးမာ၏ အိမ်ရှေ့တွင် လူအုပ်ကြီးတစ်စု စုရုံးနေကြသည်။

ထိုသူများမှာ မိမိတို့ရွာ အသီးသီးမှ ကျွမ်းကျင်သော မုဆိုးများဖြစ်ကြသည်။ သူတို့တစ်ဦးစီတိုင်းသည် အမဲလိုက်သေနတ်နှင့် ဓားမတစ်လက်စီကို ကိုင်ဆောင်ထားကြပြီး အပြည့်အစုံ ပြင်ဆင်ထားကြသည်။ လူတစ်ဒါဇင်ခန့် ပါဝင်သော ထိုအုပ်စုတွင် အနီးနားရှိ ရွာအချို့မှ ကျွမ်းကျင်မုဆိုးများ စုဝေးနေခြင်းပင် ဖြစ်၏။

မုဆိုးတစ်ယောက်စီတိုင်းတွင် အမဲလိုက်ခွေး တစ်ကောင် သို့မဟုတ် နှစ်ကောင်ခန့်ကိုလည်း ကြိုးဖြင့် ဆွဲထားကြသည်။ အမဲလိုက်ခွေး အမျိုးအစားများမှာလည်း အလွန်ရိုးရှင်းလှပြီး အားလုံးမှာ ဒေသခံ တိုင်းရင်းခွေးများသာ ဖြစ်ကြသည်။

"ငါ အဖွဲ့ခေါင်းဆောင်လီကို ပြောထားပြီးပြီ... သူ ဒီနေ့ သေချာပေါက် ရောက်လာမှာပါ..."

မာလောင်စန်းသည် ယုံကြည်မှုအပြည့်ဖြင့် အာမခံပြောဆိုလိုက်သည်။

"မာလောင်တ... ငါတို့ ဘာလို့ မထွက်ကြသေးတာလဲ... မကြာခင် တောင်ပေါ်မတက်ရင် လေပြင်းတွေ တိုက်လာပြီး လမ်းခရီး ကြမ်းတမ်းသွားလိမ့်မယ်... အဲဒီကျရင် ငါတို့ ဒုက္ခရောက်ကုန်လိမ့်မယ်..."

သက်ကြီးမုဆိုးတစ်ဦးက လျှောက်လာရင်း စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

မုဆိုးများမှာ ယေဘုယျအားဖြင့် ဒေါသတိုကာ စိတ်မရှည်တတ်ကြပေ။ မာလောင်တမှာ သူတို့အတွက် ငွေကြေးသုံးစွဲပေးမည့်သူ ဖြစ်နေသော်ငြားလည်း သူတို့က အလွယ်တကူ မျက်နှာသာပေးလေ့မရှိကြချေ။

"အဖွဲ့ခေါင်းဆောင်ရှီ... ခဏလောက် ထပ်စောင့်ပေးပါဦး... ရဲဘော်တစ်ယောက် မရောက်လာသေးလို့ပါ..."

ထိုစကားကို ကြားလိုက်ရသောအခါ အဖွဲ့ခေါင်းဆောင်ရှီသည် ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်သည်။

"ဘယ်သူမို့လို့လဲ... ဒီလောက်လူတွေအများကြီးကို သူ့တစ်ယောက်တည်းအတွက် စောင့်ခိုင်းထားရအောင် သူက ဘယ်လောက်တောင် အရေးပါနေလို့လဲ..."

ထိုသက်ကြီးမုဆိုးသည် စကားပြောရင်း ပို၍ ဒေါသထွက်လာပြီး တိတ်ဆိတ်နေသော အုပ်စုမှာလည်း အငြင်းပွားမှုများ စတင်လာတော့သည်။

ရှုပ်ထွေးနေသော မြင်ကွင်းကို မြင်လိုက်ရသောအခါ မာလောင်တသည် မာလောင်စန်းကို အလျင်အမြန် လှမ်းကြည့်လိုက်၏။

"တတိယညီ... တကယ်တော့ ဘာတွေဖြစ်နေတာလဲ..."

"အစ်ကို ပြောနေတာတွေက..."

မာလောင်တက ညည်းညူနေခြင်းဖြစ်သည်။

ရုတ်တရက် ရွာအဝင်ဝဆီမှ သန်မာသော ဟောင်သံနှစ်ခု ထွက်ပေါ်လာသည်။

အဘိုးမာ၏ အိမ်ရှေ့တွင် ဆူညံစွာ ဟောင်နေကြသော မုဆိုးများ၏ အမဲလိုက်ခွေးများသည် ထိုဟောင်သံနှစ်ခုကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် တိတ်ဆိတ်သွားကြတော့သည်။

တိတ်ဆိတ်သွားရုံတင်မကဘဲ သူတို့၏ နားရွက်များမှာလည်း အောက်သို့ ကျဆင်းသွားကြ၏။

အချို့သော အမဲလိုက်ခွေးများဆိုလျှင် ခြေထောက်များပင် တုန်ယင်လာကြပြီး ပေါင်ကြားမှ အဝါရောင် ဆီးများပင် ထွက်ကျလာကြသည်။

ဤအမဲလိုက်ခွေးများမှာ သေးထွက်ကျလောက်သည်အထိ ကြောက်လန့်သွားကြခြင်းပင် ဖြစ်သည်။

"ဘာ... ဘာဖြစ်သွားတာလဲ..."

ဤခွေးများ ဘာဖြစ်သွားကြသနည်း။ အမဲလိုက်ခွေးများ၏ ထူးခြားသော အပြုအမူများက ထိုနေရာရှိ မုဆိုးများအားလုံး၏ အာရုံကို ဖမ်းစားသွားလေသည်။

အမဲလိုက်ခွေးများ အားလုံးသည် ရွာအဝင်ဝဆီသို့ စိုက်ကြည့်နေကြပြီး ရက်စက်ကြမ်းကြုတ်သော သားရဲကြီးနှစ်ကောင် ချဉ်းကပ်လာသည့်အလား အလွန်အမင်း ကြောက်ရွံ့နေကြသည်ကို သူတို့ သတိထားမိလိုက်ကြသည်။

"အဲဒီခွေးဟောင်သံက ဘယ်ကနေ ထွက်လာတာလဲ..."

ဘယ်သူဖြစ်မည်နည်း။ မုဆိုးများသည် အချင်းချင်း တီးတိုးပြောဆိုကြရင်း ရွာအဝင်ဝဆီသို့ လှမ်းကြည့်လိုက်ကြသည်။

"သူ ရောက်လာပြီ အစ်ကိုကြီး... အဖွဲ့ခေါင်းဆောင်လီ ရောက်လာပြီ..."

အဘိုးကြီးမာ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ လင်းလက်သွားသည်။

(အသက်ကြီးလို့ အဘိုးကြီးခေါ်တာမဟုတ်ပါဘူးနော်..တရုတ်မှာဆို ရင်းနှီးတဲ့သူအချင်းချင်း အဘိုးကြီးတပ်ခေါ်ကြတာပါ)

ထိုဟောင်သံမှာ အဖွဲ့ခေါင်းဆောင်လီ၏ အမဲလိုက်ခွေးနှစ်ကောင်ထံမှ ဖြစ်သည်မှာ အသေအချာပင်။ ပိုင်လုံနှင့် ဟေးလုံတို့ပင် ဖြစ်သည်။

"ဒီခွေးက..."

မာလောင်တသည် တုန်ယင်နေသော အမဲလိုက်ခွေးများကို ကြည့်ကာ ကြောက်ရွံ့တကြား ရေရွတ်လိုက်သည်။

အဖွဲ့ခေါင်းဆောင်လီ၏ အမဲလိုက်ခွေးနှစ်ကောင်က လုပ်လိုက်ခြင်းများလား။

ဤသည်မှာ တတိယညီ ပြောခဲ့ဖူးသော ဟေးလုံနှင့် ပိုင်လုံတို့လော။

ဟေးလုံနှင့် ပိုင်လုံတို့မှာ အကောင်ပင် မမြင်ရသေးဘဲ အဝေးဆီမှနေ၍ပင် ဤအမဲလိုက်ခွေးများကို ကြောက်လန့်သွားစေခဲ့သည်လော။ သေးများပင် ထွက်ကျသွားစေခဲ့သည်လော။

"ဒါက... ဒါက..."

"အဲ့အဖွဲ့ခေါင်းဆောင်လီဆိုတာက တကယ်တော့ ဘယ်သူများလဲ..."

မကြာမီမှာပင် ရွာအဝင်ဝ၌ လူရိပ်သုံးခု ပေါ်လာသည်ကို မာလောင်တ မြင်လိုက်ရသည်။

အုပ်စု၏ အလယ်တည့်တည့်တွင် အရပ်ရှည်ရှည်၊ ချောမောပြီး ပြေပြစ်သော ရုပ်ရည်ရှိသည့် လူငယ်တစ်ဦးမှာ ရဲစွမ်းသတ္တိနှင့် ပြည့်စုံဟန်ဖြင့် ရပ်နေလေသည်။

သူသည် အနက်တစ်ကောင်၊ အဖြူတစ်ကောင်ဖြစ်သော အမဲလိုက်ခွေးနှစ်ကောင်ကို ဆွဲခေါ်လာ၏။

မာလောင်တ မကြည့်မိလျှင် ပိုကောင်းမည်ဖြစ်သော်လည်း ကြည့်လိုက်မိသည်နှင့် တစ်ပြိုင်နက် သူ၏ မျက်လုံးများမှာ မယုံနိုင်လောက်အောင်ပင် ပြူးကျယ်သွားတော့သည်။

"အဲဒီခွေးနှစ်ကောင်က..."

မာလောင်တမှာ နှစ်ပေါင်းများစွာ အမဲလိုက်လာခဲ့သော အတွေ့အကြုံရင့် မုဆိုးတစ်ဦးဖြစ်သည်။ သူ၏အိမ်တွင်လည်း အမဲလိုက်ခွေးများကို မွေးမြူထားခဲ့ဖူးသော်လည်း တောင်ပေါ်ရှိ ဝံပုလွေများက ဖမ်းဆီးစားသောက်သွားခဲ့ကြသည်။

သို့သော် အဖြူနှင့် အနက်ရောင်ရှိသော ထိုအမဲလိုက်ခွေးနှစ်ကောင်မှာ သာမန်တောခွေးများ လုံးဝမဟုတ်ကြောင်းကို သူ သေချာပေါက် ပြောနိုင်လေသည်။

အဖြူရောင်ခွေးမှာ တောင့်တင်းသော ခြေလက်များရှိပြီး ကိုယ်အလေးချိန် စီးကာ တစ်ကိုယ်လုံး ကြွက်သားများဖြင့် ပြည့်နှက်နေသည်။ ခေါင်းဆောင်တစ်ဦးကဲ့သို့ အုပ်စုတစ်စုကို ဦးဆောင်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် ခွေးတစ်ကောင်ဖြစ်ကြောင်း သိသာလှသည်။

အနက်ရောင်ခွေးမှာမူ အရပ်ရှည်ကာ ခန့်ညားထည်ဝါပြီး ထူးခြားသော အငွေ့အသက်နှင့် ခေါင်းဆောင်မှုအရည်အသွေးများ ပါရှိနေကာ ခွေးများ၏ဘုရင်ပင် ဖြစ်လေသည်။

မာလောင်တသည် အနက်ရောင်ခွေးကို မှတ်မိသွားသည်။

"ဒါ... ဒါက တကယ်ပဲ ပထမဆုံးအမွှေးတိုင်ပဲ..."

"ခီတန်အမဲလိုက်ခွေး..."

ထို့နောက် မာလောင်တသည် အနက်ရောင်ခွေးဘေးရှိ အဖြူရောင်ခွေးကို ကြည့်လိုက်ပြန်သည်။ အဖြူရောင်ခွေးမှာ အနက်ရောင်ခွေးထက် အရွယ်အစား ပိုမိုကြီးမားပြီး ၎င်း၏ ကြွက်သားများမှ ပေါက်ကွဲထွက်လာမည့် အားအင်များကို ခံစားရကာ မျက်နှာမှာလည်း ရက်စက်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

"အဲ့ဒါက ဘာခွေးအမျိုးအစားလဲ..."

တစ်ခဏမျှ မာလောင်တပင်လျှင် အဖြူရောင်ခွေး၏ ဇာစ်မြစ်ကို မခွဲခြားနိုင်တော့ပေ။

"အဖွဲ့ခေါင်းဆောင်ရှီ... ဒီအဖြူရောင်ခွေးက ဘာအမျိုးအစားလဲဆိုတာ မှတ်မိလား..."

မာလောင်တသည် သူ၏ဘေးရှိ သက်ကြီးမုဆိုးအား မေးလိုက်သည်။

"ဟင့်အင်း... ငါ မမှတ်မိဘူး..."

အဖွဲ့ခေါင်းဆောင်ရှီဟု ခေါ်သော သက်ကြီးမုဆိုးက ခေါင်းယမ်းလျက် ပြန်ဖြေသည်။

မုဆိုးများသည် အချင်းချင်း တီးတိုးပြောဆိုကြရင်း အဖြူနှင့် အနက်ရောင် အမဲလိုက်ခွေးနှစ်ကောင်ကို ဆွဲခေါ်လာသော လူငယ်မုဆိုးအား သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်ရှုနေကြလေသည်။

ရုတ်တရက် လူအုပ်ထဲမှ မုဆိုးတစ်ဦးက အလန့်တကြား အော်ဟစ်လိုက်၏။

"အာ... ငါ သိပြီ..."

"ဒီအဖြူရောင်ခွေးက အာဂျင်တီးနားဒိုဂိုလို့ခေါ်တဲ့ ယုံကြည်စိတ်ချရဆုံး ခွေးမျိုးပဲ... နိုင်ငံခြားမျိုးစိတ်ကွ..."

"စန်းဟော့ရွာက အဘိုးဟူတောင် အဲဒီအကောင် ခြောက်ကောင် မွေးထားသေးတယ်..."

All Chapters