အခန်း ၁၁၆
Vol. 12 Ch. 116
အခန်း (၁၁၆) သမင်လိင်အင်္ဂါအရက် တစ်ကျင်း၊ မြက်ခင်းပြင်တောင်ပေါ်သို့ အဖွဲ့ကိုဦးဆောင်၍ ဝံပုလွေသွားပစ်ခြင်း
လီလန် စကားပြောအပြီးတွင် ရှီအာဟူ ပြန်မပြောနိုင်ခင်မှာပင် သူသည် မာလောင်စန်းကို ချက်ချင်းပင် ပြောလိုက်လေသည်။
"ရဲဘော်မာ ဒီလူ့ကို အဖွဲ့ထဲကနေ မထုတ်ပစ်ဘူးဆိုရင်..."
"ကျွန်တော်တို့ရဲ့ အပေးအယူကို ဖျက်သိမ်းလိုက်ကြရအောင်... ခင်ဗျား တခြားလူကိုသာ ရှာလိုက်ပါတော့..."
လီလန်သည် အညိုရောင်ရှိသော အရှေ့မြောက်ပိုင်း အမဲလိုက်ခွေးကို သနားကြင်နာစွာဖြင့် တစ်ချက်ကြည့်လိုက်၏။
၎င်းမှာ အလွန်ကောင်းမွန်သော အမဲလိုက်ခွေးတစ်ကောင် ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ပိုင်ရှင်မှားနေခြင်းပင် ဖြစ်သည်။
လီလန်က ခွေးနှစ်ကောင်ကို တောင်ပေါ်သို့ ခေါ်မသွားရန် ငြင်းဆန်လိုက်သည်ကို ကြားသောအခါ မာလောင်တလည်း ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားတော့သည်။
တောင်ပေါ်တွင် သူ၏ချစ်လှစွာသော ခွေးများကို ရှာတွေ့နိုင်မည့် သူ၏ယုံကြည်မှုမှာ လီလန်၏ အံ့မခန်း ခွေးနှစ်ကောင်ထံမှ လာခြင်းဖြစ်သည်။ ဟေးလုံနှင့် ပိုင်လုံတို့သာမပါလျှင် သူ၏ ခွေးရှာဖွေရေး ခရီးစဉ်မှာ အလဟဿ ဖြစ်သွားနိုင်ချေ များလေသည်။
မာလောင်တက အလျင်အမြန်ပင် ပြောလိုက်သည်။
"အဖွဲ့ခေါင်းဆောင်လီ၊ ဒေါသမထွက်ပါနဲ့... အဖွဲ့ခေါင်းဆောင်ရှီက နည်းနည်း ဒေါသကြီးတတ်လို့ပါ... သူ့ကို ကျွန်တော် ပြောပြပါ့မယ်..."
မာလောင်တက အခြေအနေကို ပြေလည်အောင် ကြိုးစားလိုက်၏။
"မာလောင်တ ငါတို့က သူ့ကို ကြောက်နေရမှာလား... သူ သွားချင်ရင် သွားပါစေ... ဒီလောက် အမဲလိုက်ခွေးတွေ အများကြီးရှိနေတာကို အပေါ်မှာ ဝံပုလွေတွေကို မရှာတွေ့နိုင်ဘူးဆိုတာ ငါ မယုံဘူး..."
ရှီအာဟူက အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်လိုက်သည်။
သူသည် မာလောင်တအပေါ်တွင်မူ ယဉ်ကျေးနေဆဲဖြစ်ပြီး အလွန်အကျွံလုပ်ရန် မဝံ့ရဲချေ။
ပတ်ဝန်းကျင်ရှိ မုဆိုးများသည် ထိုနှစ်ယောက်ကြားရှိ ပဋိပက္ခကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ကြသည်။ သူတို့၏ အကြည့်များမှာ လူအုပ်ထဲရှိ လီလုံနှင့် လီဟူ ညီအစ်ကိုနှစ်ယောက်ထံသို့ ကျရောက်သွားတော့သည်။
ထိုမုဆိုးများ၏ အကြည့်များအောက်တွင် လီလုံနှင့် လီဟူ ညီအစ်ကိုနှစ်ယောက်မှာ ဦးရေပြားများ ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
လီလုံ၏ မျက်နှာမှာ ဖြူလျော်သွားပြီး လက်ကို အလျင်အမြန် မြှောက်ကာ ခေါင်းယမ်း၍ ပြောလိုက်လေသည်။
"ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး..."
သူသည် အလွန်ကြောက်လန့်နေသဖြင့် စကားများပင် ထစ်အသွားတော့သည်။
လီဟူ၏ မျက်နှာမှာလည်း ဖြူလျော်သွားလေသည်။ သူသည် ရက်စက်တတ်သော်လည်း မိုက်မဲသူတစ်ယောက်တော့ မဟုတ်သဖြင့် ဤဝါရင့်မုဆိုးကြီးများ အထင်လွဲနေကြသည်ကို သဘာဝကျကျပင် ခန့်မှန်းမိလိုက်သည်။
သူ၏ဦးလေးဝမ်းကွဲဖြစ်သူ ရှီအာဟူမှာ ညီအစ်ကိုနှစ်ယောက်အတွက် ဝင်ရောက်ကာကွယ်ပေးနေသည်ဟု သူတို့က အထင်လွဲနေကြခြင်းဖြစ်သည်။
"ဘာမှမဆိုင်ဘူး ဟုတ်လား..."
လူအုပ်ထဲမှ ဝါရင့်မုဆိုးကြီးတစ်ယောက်က လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။
"ရှီအာဟူက မင်းတို့ရဲ့ ဦးလေးဝမ်းကွဲဆိုတာကို ဘယ်သူက မသိလို့လဲ..."
"အဖွဲ့ခေါင်းဆောင်လီက မင်းတို့ရဲ့ အစ်မကြီးနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်တဲ့အကြောင်းကို ချောင်တျန်းကျီရွာက ငါတို့တွေ ကြားထားတာ ကြာလှပြီကွ..."
တင်တောင်းစရိတ်အဖြစ် ယွမ်(၁၀၀)ကို တန်းတောင်းခဲ့သဖြင့် လီလန်က စေ့စပ်မှုကို ဖျက်သိမ်းလိုက်ပြီးနောက် လီရှန်းဟွာ၏ နာမည်ဂုဏ်သတင်းမှာ ပတ်ဝန်းကျင်ရွာများသို့ တောမီးပမာ ပြန့်နှံ့သွားကာ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
လူများ ငတ်မွတ်သေဆုံးနေကြသော အငတ်ဘေးကာလတွင် သမီးကိုပေးစားတိုင်း တင်တောင်းစရိတ် ယွမ် (၁၀၀)တောင်းမည့်သူ ဘယ်သူရှိမည်နည်း။ ဤသည်မှာ လကို လိုချင်သည်ဟု တောင်းဆိုနေခြင်းလော။ မဟုတ်ပေ။ ၎င်းမှာ ငွေညှစ်ခြင်းပင် ဖြစ်သည်။
လီလုံနှင့် လီဟူ၊ သူတို့၏ အစ်မကြီးကို ထောင်ထဲမသွင်းလိုက်ခြင်းကပင် များစွာ သက်ညှာနေပြီဖြစ်သည်။ အကယ်၍ ယခင်ခေတ်ကသာဆိုလျှင် သူမအား ဝက်ခြံလှောင်အိမ်ထဲထည့်၍ ရေနှစ်သတ်ပစ်လောက်ပြီ ဖြစ်၏။
ထို့ကြောင့် ဤမုဆိုးများသည် လီလန်၊ လီလုံနှင့် လီဟူတို့ကြားရှိ အတိတ်က နာကြည်းမှုများကို သိရှိထားကြခြင်း ဖြစ်သည်။
ရှီအာဟူမှ လီလန်ကို အကြောင်းမဲ့သက်သက် ပစ်မှတ်ထားနေသည်ကို မြင်ရသောအခါ၊ သူသည် လီလုံနှင့် လီဟူတို့အတွက် ဝင်ရောက်ကာကွယ်ပေးရန်နှင့် လီလန်ကို သင်ခန်းစာပေးရန် ဤသို့လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အလွယ်တကူ ခန့်မှန်းနိုင်လေသည်။
လီလုံ၏ ဘောင်းဘီများမှာ ရွှံ့များပေကျံနေသဖြင့် မစင်မဟုတ်လျှင်တောင် မစင်နှင့်တူနေတော့သည်။
"မဟုတ်ဘူး... ဒီကိစ္စက ကျွန်တော်နဲ့ တကယ်ဘာမှမဆိုင်ပါဘူး... ကျွန်တော့်ဦးလေး ဘယ်လို ပါလာမှန်းတောင် ကျွန်တော် မသိဘူး..."
လီလုံ၏ ရှင်းပြချက်မှာ အခြေအနေကို ပို၍ဆိုးရွားသွားစေသည်။ သူ ထိုသို့ရှင်းပြလိုက်သည်နှင့် မုဆိုးများက ခနဲ့တဲ့တဲ့ စကားများ စတင်ပြောဆိုလာကြတော့သည်။
"မင်းက ဘာလို့ ဟန်ဆောင်နေရတာလဲ... မင်းရဲ့ဦးလေးက လီမိသားစုနဲ့ ရင်းနှီးတယ်ဆိုတာ လူတိုင်းသိတယ်..."
"တောက်... လုပ်တော့လုပ်ပြီး တာဝန်မယူရဲတဲ့ကောင်က ဘယ်လို ယောက်ျားမျိုးလဲ..."
"ရဲစခန်းရဲ့ အကာအကွယ်အောက်မှာရှိတဲ့ အဖွဲ့ခေါင်းဆောင်လီကို မင်းတို့က ရန်စရဲတယ်ပေါ့... မင်းတို့တော့ သေပြီပဲ..."
"အဖွဲ့ခေါင်းဆောင်လီကို မင်းတို့က ပြဿနာရှာရဲတယ်လား... သူက ကျင်း (၆၀၀) ကျော် အလေးချိန်ရှိတဲ့ တောဝက်ကြီးကို သေနတ်သုံးချက်တည်းနဲ့ သတ်ပစ်ခဲ့ပြီး လူအုပ်ထဲကနေ ရန်သူ့သူလျှိုတွေကိုတောင် ဆွဲထုတ်နိုင်ခဲ့တာကွ... လီလုံနဲ့ လီဟူ၊ မင်းတို့က မီးနဲ့ ကစားနေတာပဲ... မင်းတို့က ပြည်သူကို သစ္စာဖောက်နေတာ..."
"မင်းတို့ကို ပြောဖို့ မေ့နေတာ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဖွဲ့ခေါင်းဆောင် လီလန် လောင်ဟူရဲ့ အိမ်ကနေ ထွက်လာတာကို ငါတွေ့လိုက်တယ်... လောင်ဟူက ပြုံးရွှင်နေပြီး သူ့ကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့တာ..."
"..."
မုဆိုးတစ်ယောက်က ဗုံးတစ်လုံး ဖောက်ချလိုက်လေသည်။
လီလန်သည် လောင်ဟူနှင့် အမှန်တကယ်ပင် အဆက်အသွယ်ရှိနေသည်။ ပြီးတော့ သူတို့၏ ဆက်ဆံရေးက... အတော်လေး ရင်းနှီးပုံရသည်။
လောင်ဟူဆိုသည်မှာ မည်သူနည်း။ စန်းဟော့ရွာတွင် အချမ်းသာဆုံးလူပင် ဖြစ်သည်။ စီးပွားရေးအကြီးကြီး လုပ်ကိုင်နေသူ ဖြစ်၏။
အနီးနားရှိ ရွာများစွာနှင့် တစ်ခုလုံးသော ပိုင်ရှန်းမြို့နယ်ပင်လျှင် အသက်မွေးဝမ်းကျောင်းအတွက် သူ့အပေါ် မှီခိုနေရသည်။
မုဆိုးများသည် တောင်ပေါ်တွင် သားကောင်များ ဖမ်းမိပြီးနောက် တိရစ္ဆာန်များကို အရေခွံဆုတ်၊ အခြောက်ခံကာ လောင်ဟူ၏ အိမ်ဝိုင်းထဲသို့ သယ်ဆောင်သွားလေ့ရှိပြီး သူက ထိုအရာများကို လက်ခံဝယ်ယူကာ ဘေးနားရှိ ဆိုဗီယက်ယူနီယံမှ လူများထံ ပြန်လည်ရောင်းချ၍ ငွေရှာခြင်းဖြစ်သည်။
လောင်ဟူသာမရှိလျှင် ဤအနီးနားရွာများရှိ မုဆိုးများ၏ ထက်ဝက်ခန့်မှာ ငတ်မွတ်ခေါင်းပါးကာ အအေးဒဏ်ကို ခံစားနေရမည်ဟု ပြောလျှင်ပင် လွန်မည်မဟုတ်ပေ။
ယခုအခါ လီလန်နှင့် လောင်ဟူတို့ ပြေလည်နေကြပြီဖြစ်ရာ သူတို့ ညီအစ်ကိုနှစ်ယောက်ဖြစ်သည့် လီလုံနှင့် လီဟူက သူ့ကို ဘာကြောင့် သွားစနေရသနည်း။
ထိုသို့လုပ်ခြင်းမှာ အမဲလိုက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသော မုဆိုးများကို ဆန့်ကျင်နေခြင်း မဟုတ်ပေလော။
လီလုံမှာ လုံးဝ အံ့အားသင့်သွားတော့သည်။ လီလန်နှင့် လောင်ဟူတို့တွင် ထိုကဲ့သို့သော ဆက်ဆံရေးမျိုး ရှိနေလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့ပေ။
"ဒါ... ဒါက..."
"လီလန်က လောင်ဟူလို အရေးပါတဲ့ ပုဂ္ဂိုလ်မျိုးကို ဘယ်တုန်းက သိသွားတာလဲ..."
လီလုံသည် သူ၏ရှေ့ရှိ အရပ်ရှည်ရှည် ပုံရိပ်ကို လှမ်းကြည့်လိုက်ရာ သူ၏မျက်လုံးများမှာ မြူခိုးဖြူဖြူတစ်လွှာ ဖုံးအုပ်သွားသကဲ့သို့ တဖြည်းဖြည်း မှုန်ဝါးလာပြီး ရှင်းလင်းမှု မရှိတော့ပေ။
"အစ်ကို... လီလန်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စွမ်းလာရတာလဲ..."
လီဟူက ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
သူသည် လောင်ဟူအကြောင်းကို တစ်ခါမက ကြားဖူးခဲ့သည်။ သူသည် သူတို့၏ ခေါင်းဆောင်ဖြစ်သော ကျိုးလျဲ့ရှန်းပင်လျှင် လေးစားရသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သို့သော် ဤပုဂ္ဂိုလ်က မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် လီလန်ကို တံခါးဝအထိ လိုက်ပို့ပေးခဲ့လေသည်။
ထို့အပြင် စောစောက မုဆိုးပြောခဲ့သည့် စကားအရဆိုလျှင် လီလန်၏ လက်ထဲရှိ အဖြူရောင် အမဲလိုက်ခွေးမှာ လောင်ဟူထံမှ လက်ဆောင်ရထားခြင်း ဖြစ်သည်။
လီလန်သည် သူတို့၏ အစ်မကြီးနှင့် စေ့စပ်ထားမှုကို ဖျက်သိမ်းပြီးနောက်တွင် အခြေအနေများမှာ ကောင်းကင်သို့ တက်လှမ်းသွားသော တိုက်လေယာဉ်တစ်စင်းပမာ အလွန်တရာ မြန်ဆန်စွာ တိုးတက်လာခဲ့လေသည်။
"ဟူး..."
လီဟူ းက သက်ပြင်းချလိုက်သည်။
လီလန် ပိုမိုကောင်းမွန်လာပြီး သူ၏ဘဝ ပို၍ သာယာဝပြောလာလေလေ၊ သူ ပို၍ မသက်မသာ ခံစားရလေလေ ဖြစ်သည်။
ဤကောင်မှာ သူ၏ ယောက်ဖတောင် ဖြစ်လုနီးပါး ဖြစ်ခဲ့သေးသည်။
"ငါတော့ ရူးတော့မှာပဲ... ငါ့အစ်မလည်း တကယ် ရူးနေပြီ... ငါ့အမေလည်း ရူးနေပြီ..."
လီဟူက အလွန်အမင်း နောင်တရနေတော့သည်။
လီလုံသည် သူ၏ ညီဖြစ်သူကို တစ်ချက် ကြည့်လိုက်သည်။ သူကိုယ်တိုင်ရော ထိုနည်းတူပင် မဟုတ်ပါလော။
တခြားအရာအားလုံးကို ဘေးဖယ်ထားလိုက်လျှင်ပင် လီလန်နှင့် သူ၏ လက်အောက်ငယ်သား နှစ်ယောက်ဖြစ်သော ကျန်းဝေ့ကော်နှင့် ကျောက်လျူတို့ ပခုံးပေါ်တွင် လွယ်ထားသည့် ကျားခေါင်းတံဆိပ် ပြောင်းနှစ်လုံးထိုး အမဲလိုက်သေနတ် အသစ်များကပင် သူ့ကို မနာလိုဖြစ်စေရန် လုံလောက်နေပြီဖြစ်သည်။
ကျားခေါင်းတံဆိပ် ပြောင်းနှစ်လုံးထိုး အမဲလိုက်သေနတ်... သူ သုံးနှစ်တိတိ အမဲလိုက်လျှင်တောင် လုံလောက်သော ငွေကို စုဆောင်းမိမည် မဟုတ်ပေ။
သို့သော် လီလန်က ဂေါ်ဖီထုပ်များကို ဆွဲထုတ်သကဲ့သို့ တစ်ပြိုင်နက်တည်း သုံးလက်တောင် ထုတ်ပြနိုင်ခဲ့သည်။ သူ့မှာ ရှိရုံသာမက ကျန်းဝေ့ကော်နှင့် ကျောက်လျူတို့မှာလည်း ရှိနေကြသည်။
"ဟူး... ငါ့အစ်မသာ သူ့ကို လက်ထပ်ခဲ့ရင် ကျန်းဝေ့ကော်နဲ့ ကျောက်လျူတို့ဆီက သေနတ်တွေက ငါနဲ့ ဟူဇီတို့အတွက် ဖြစ်လာမှာ သေချာတယ်..."
လီလုံက ခါးသီးစွာ ပြောလိုက်သည်။
"ငါတို့ မင်းကို ပြောနေတာလေ... မင်းက ဘာတွေ ငေးနေတာလဲ..."
မုဆိုးတစ်ယောက်က လီလုံကို တွန်းလိုက်သည်။
"ဒါက ကျွန်တော်နဲ့ တကယ့်ကို ဘာမှမဆိုင်ပါဘူး... ကျွန်တော့်ဦးလေးက ဘာလို့ လီလန်ကို ပစ်မှတ်ထားနေရတာလဲဆိုတာ ကျွန်တော်... ကျွန်တော် မသိဘူး..."
"အခုချိန်မှာ ကျွန်တော်က လီလန်နဲ့ ဘာမှမပတ်သက်တော့ဘူးဆိုတာကို အာမခံရဲပါတယ်... ပြီးတော့ ကျွန်တော်က သူ့ကို သွားစဖို့လည်း မဝံ့ရဲပါဘူး..."
လီလုံသည် အသံများ တုန်ယင်လျက် အော်ပြောလိုက်သည်။
မုဆိုးများက သူ လိမ်နေသည်ဟု မထင်ကြပေ။
ထို့နောက် ဝါရင့်မုဆိုးကြီးတစ်ယောက်က ရှေ့သို့ ထွက်လာလေသည်။
"ဒါဆို မင်းရဲ့ ဦးလေးကနဲ့ အဖွဲ့ခေါင်းဆောင်လီက ဘာလို့ စကားများနေကြတာလဲ..."
"ဘယ်သူ သိမှာလဲ... ကျွန်တော့်ဦးလေးကရဲ့ ခေါင်းမာတဲ့အကျင့်က အရင်ကတည်းက ရှိနေတာ..."
လီလုံတွင် မပြောဘဲ ချန်ထားခဲ့သော အခြားအရာတစ်ခု ရှိနေသည်။ ၎င်းမှာ သူ၏ ဦးလေးသည် သူ့ကိုရော သူ၏ ညီဖြစ်သူ လီဟူကိုပါ တကယ်တမ်းတွင် သဘောမကျခြင်းပင် ဖြစ်သည်။
သူ၏မိခင်မှာ ရှီအာဟူ၏ ဝမ်းကွဲအစ်မဖြစ်နေခြင်းကြောင့်သာလျှင် ရှီအာဟူက သူတို့ ညီအစ်ကိုကို တောင်ပေါ်သို့ ခေါ်သွားရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
"တောက်…ဒါက တွေးကြည့်လို့ရသမျှထဲမှာ အဆိုးဆုံး ကံဆိုးမှုပဲ..."
"ဟူဇီနဲ့ ငါက ဘာမှမလုပ်ခဲ့ဘဲနဲ့ မတရား အပြစ်တင်ခံနေရတာ..."
လီလုံသည် အနည်းငယ် နာကြည်းစွာဖြင့် ပြောလိုက်သည်။
အခြားတစ်ဖက်တွင်မူ ရှီအာဟူသည် မာလောင်တ၏ သတိပေးမှုကို ခံရပြီးနောက်မှသာ များစွာ ချုပ်တည်းသွားတော့သည်။
သူသည် လီလန်ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီးနောက် အရှေ့မြောက်ပိုင်း အမဲလိုက်ခွေးကို ခေါ်၍ အဖွဲ့ထဲသို့ ပြန်ဝင်သွားလေသည်။
ပဋိပက္ခမှာ နောက်ဆုံးတွင် ငြိမ်ကျသွားသည်ကို မြင်သောအခါ မာလောင်တသည် သက်ပြင်းချလိုက်သည်။
"အဖွဲ့ခေါင်းဆောင်လီ၊ အဖွဲ့ခေါင်းဆောင်ရှီရဲ့ကိုယ်စား ကျွန်တော် တောင်းပန်ပါတယ်..."
"ကျွန်တော့်ရဲ့ တောင်းပန်မှုကို ပြသတဲ့အနေနဲ့၊ အရင်က သဘောတူထားတဲ့ အခကြေးငွေအပြင် သမင်ဂျိုအရက် တစ်ကျင်းကိုပါ ထပ်ဆောင်းပေးပါ့မယ်... ဘယ်လိုသဘောရလဲ..."