← Chapters

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း (၁၁၈) မိခင်သားရဲ၏ အနံ့အသက်၊ တောကြောင်ရိုင်းလေး၏ သတိပေးချက်၊

မြက်ခင်းပြင်တောင်။

သေနတ်များကိုယ်စီ ကိုင်ဆောင်ထားကြသော မုဆိုးဆယ်ယောက်ကျော်ခန့်သည် ခါးတစ်ဝက်ခန့် နစ်ဝင်နေသော နှင်းတောထဲတွင် နှင်းမုန်တိုင်းကို အန်တု၍ တောင်ပေါ်သို့ တက်လာကြလေသည်။

လူအုပ်၏ ရှေ့ဆုံးတွင်မူ အရပ်ရှည်ရှည် လူရွယ်တစ်ဦးက အနက်ရောင်တစ်ကောင်နှင့် အဖြူရောင်တစ်ကောင်ဖြစ်သော သန်မာသည့် အမဲလိုက်ခွေးကြီး နှစ်ကောင်ကို ဆွဲခေါ်လာ၏။

"အဖွဲ့ခေါင်းဆောင်လီ၊ နှင်းတွေကျတာ အရမ်းကြမ်းနေပြီ... ငါတို့ ခဏလောက် ရပ်နားကြမလား..."

မာလောင်တသည် အဖွဲ့သားများကို တစ်ချက်ကြည့်လိုက်ပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

နှင်းမုန်တိုင်းက မျက်နှာကို ရိုက်ခတ်နေပြီး သက္ကလပ်ဦးထုပ်ပေါ်တွင်ပင် ရေခဲပွင့်များ ဖုံးလွှမ်းနေလေသည်။ မျက်နှာတစ်ပြင်လုံး ပူစပ်ပူလောင်နှင့် ယားယံနေကာ အမြင်အာရုံကိုပါ ပိတ်ဆို့နေ၏။ တောင်ပေါ်တွင် မြင်ရသမျှမှာ ဖြူလွှလွှ မြင်ကွင်းကျယ်ကြီးသာ ဖြစ်တော့သည်။

အရှေ့မြောက်ပိုင်းရှိ တောအုပ်ဟောင်းကြီးများကြားတွင် တိုက်ခတ်နေသော အဖြူရောင် လေဆင်နှာမောင်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

"နားလို့မရဘူး..."

လီလန်က ခေါင်းခါပြလိုက်သည်။

ယခု တောင်ပေါ်သို့ တက်ရသည့် ခရီးစဉ်မှာ ယခင်အကြိမ်များထက် များစွာ ပို၍ အန္တရာယ်များလှသည်။ အဓိကအားဖြင့် ပြင်းထန်သော လေတိုက်ခတ်မှုနှင့် နှင်းထုထပ်မှု၊ ကြမ်းတမ်းသော နှင်းမုန်တိုင်းများကြောင့် ဖြစ်၏။ ဤသို့သော အခြေအနေမျိုးတွင် အတွေ့အကြုံရင့်ကျက်သော မုဆိုးများပင် တောင်ပေါ်၌ လမ်းပျောက်သွားနိုင်ချေ ရှိလေသည်။

ဟေးလုံ၏ ပထမဆုံးအမွှေးတိုင် သတင်းအစအနသာ မဟုတ်ခဲ့လျှင် လီလန်သည် ဤမျှကြီးမားသော အန္တရာယ်ကို စွန့်၍ တောင်ပေါ်သို့ တက်လာမည် မဟုတ်ပေ။

"တကယ် ထူးဆန်းတာပဲ... တောင်ခြေမှာတုန်းက ငြိမ်နေပြီး တောင်ပေါ်ရောက်တာနဲ့ နှင်းတွေကျလာပြီး အဖြူရောင် လေဆင်နှာမောင်း တိုက်တော့တာပဲ..."

လီလန်မှာ မနေနိုင်ဘဲ တီးတိုးရေရွတ်လိုက်မိသည်။

ဤမြက်ခင်းပြင်တောင်၏ ရာသီဥတုမှာ မိန်းမပျိုတစ်ဦးကဲ့သို့ပင် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားတတ်လေသည်။

လူအုပ်စုသည် လေနှင့်နှင်းများကို ဂရုမစိုက်ဘဲ တောင်ပေါ်သို့ ဆက်လက်တက်လာကြရာ ထူထဲသော နှင်းပြင်ပေါ်တွင် ရှုပ်ထွေးနေသော ခြေရာများ ကျန်ရစ်ခဲ့၏။

အဖြူရောင် လေဆင်နှာမောင်း တစ်ချက် တိုက်ခတ်သွားသည့်အခါ ထိုခြေရာများမှာ နှင်းများအောက်တွင် အလျင်အမြန် ဖုံးလွှမ်းပျောက်ကွယ်သွားတော့သည်။

ဆယ်မိနစ်အကြာတွင်။

"မာလောင်တ၊ ငါတို့ ရှေ့ဆက်သွားလို့ မရတော့ဘူး... နှင်းတွေက ပိုပိုသည်းလာပြီ..."

"ဟမ့်.. ဒီခေါင်ဖျားတဲ့ တောင်ကုန်းပေါ်မှာ ခွေးတစ်ကောင်ကို ဘယ်လိုလုပ် ရှာရမှာလဲ... အဖွဲ့ခေါင်းဆောင်လီ၊ မင်း ငါတို့ကို လမ်းမှားခေါ်လာတာများလား..."

"ငါတို့က ခေါင်းမရှိတဲ့ ယင်ကောင်တွေလို တောင်ပေါ်ကို ဇွတ်မှိတ်တက်လာရင် ဝံပုလွေတွေ ဆွဲသွားတဲ့ မာလောင်တရဲ့ အမဲလိုက်ခွေးကို တကယ်ပဲ ပြန်ရှာတွေ့နိုင်ပါ့မလား..."

"..."

နောက်ဆုံးတွင် အဖွဲ့ထဲမှ မုဆိုးတစ်ယောက်က လီလန်သည် လမ်းမှားခေါ်လာပြီး မှားယွင်းသော လမ်းကြောင်းသို့ ရောက်နေသည်ဟု သံသယဝင်ကာ မေးခွန်းထုတ်လာလေသည်။

ထိုအခြေအနေကို မြင်သောအခါ ရှီအာဟူက အခွင့်ကောင်းယူ၍ လှောင်ပြောင်လိုက်၏။

"ဒီကောင်လေးက တောင်တက်တဲ့ အတွေ့အကြုံ ရှိပုံမရဘူး... ဒီမြက်ခင်းပြင်မှာ အပေါ်ရောက်လေ လေတိုက်ပိုကြမ်းလေ နှင်းပိုကျလေပဲ၊ ဒါပေမဲ့ သူက အပေါ်ကို ဆက်တက်ဖို့ပဲ အတင်းလုပ်နေတယ်... သူ တမင်သက်သက် လုပ်နေတာလို့ ငါထင်တယ်..."

"သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်... သူက ငါတို့ကို ဒုက္ခပေးဖို့ ကြိုးစားနေတာ..."

ရှီအာဟူသည် တောင်ခြေတွင် လီလန်၏ ခွေးများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် အတော်လေး နစ်နာခဲ့ရသည်။

သူသည် ရင်ထဲတွင် မကျေနပ်မှုများကို အချိန်ကြာမြင့်စွာ သိမ်းဆည်းထားခဲ့ပြီး ယခု အခွင့်အရေးရလာသောအခါ ပြဿနာရှာရန် ကြိုးပမ်းတော့သည်။

လီလန်က လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

"စကားအပိုတွေ ဆက်ပြောနေမယ်ဆိုရင် တောင်ပေါ်က ဆင်းသွားလိုက်... မမေ့နဲ့၊ အခု ငါက အဖွဲ့ခေါင်းဆောင်ပဲ... မင်းက ဘာကောင်မို့လို့ ငါ့ကို လာအမိန့်ပေးရဲတာလဲ..."

"မင်း..."

လီလန်၏ စကားများကြောင့် ရှီအာဟူမှာ ဆွံ့အသွားရလေသည်။

ရာထူးပိုကြီးသူက သင့်ကို အလွယ်တကူ ဖိနှိပ်နိုင်ပေသည်။

လီလန်သည် မာလောင်တ စုစည်းထားသော အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ မုဆိုးအားလုံး သူ့စကားကို နားထောင်ရမည်ဖြစ်၏။ လီလန်က အရှေ့ဟုဆိုလျှင် သူတို့အနေဖြင့် အနောက်သို့ သွားရန် မဝံ့ရဲကြသည်မှာ သဘာဝပင် ဖြစ်သည်။

"မင်း ခေါ်လာတဲ့ လမ်းမျိုးကိုကြည့်ဦး..."

"နောက်မှ ညီအစ်ကိုတွေ တစ်ခုခုဖြစ်သွားရင် မင်း တာဝန်ယူနိုင်လို့လား..."

ရှီအာဟူက ဒေါသတကြီး ပြောလိုက်သည်။

လီလန်က သူ့ကို လှည့်ပင်မကြည့်ပေ။

"ငါနဲ့ ဘာဆိုင်လို့လဲ..."

"ငါက မင်းကို တောင်ပေါ်တက်ခိုင်းလို့လား..."

"လိုက်ချင်လိုက် မလိုက်ချင်နေခဲ့... မလိုက်ချင်ရင်လည်း ထွက်သွားလိုက်..."

လီလန်သည် စကားပြောအပြီးတွင် နောက်သို့ လှည့်မကြည့်တော့ဘဲ ဟေးလုံနှင့် ပိုင်လုံတို့ကို ခေါ်၍ တောင်ပေါ်သို့ ဆက်တက်သွားလေသည်။

ဝူဝေကျီသစ်သီးတောအုပ်မှာ ရှေ့ မီတာတစ်ရာအကွာတွင်သာ ရှိပြီး အလွန်နီးကပ်နေပြီဖြစ်သည်။

"မာလောင်တ၊ သူ့ကို တစ်ခုခု လုပ်မှရမယ်... ညီအစ်ကိုတွေ အားလုံး ကြည့်နေကြတယ်... ဒီကောင်လေးကို ထင်တိုင်းကြဲခွင့် ပေးထားလို့ မဖြစ်ဘူး..."

ရှီအာဟူက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

အကြိမ်ကြိမ်အခါခါပင် သူသည် လီလန်ကို ဘယ်သောအခါမှ အနိုင်မရခဲ့ပေ။

"အဖွဲ့ခေါင်းဆောင်ရှီ၊ စကားနည်းနည်းလျှော့ပြောပါ... ဟူး..."

မာလောင်တက ခေါင်းခါလိုက်သည်။

သူသည် မုဆိုးများကို စိတ်သက်သာရာရစေရန် ရှင်းပြလိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီက တောင်ပေါ်မှာ အမဲလိုက်တဲ့နေရာမှာ အတွေ့အကြုံ အများကြီးရှိတယ်... ဒီအတွက် သံသယဖြစ်စရာ မလိုပါဘူး... ငါလည်း စုံစမ်းပြီးပါပြီ..."

"အဖွဲ့ခေါင်းဆောင်လီပြောတဲ့အတိုင်း ငါတို့ လုပ်ကြမယ်... သူ ခုလိုလုပ်ရတဲ့ အကြောင်းရင်းရှိမှာပါ... ငါတို့ သူ့နောက်ကိုပဲ လိုက်ကြမယ်..."

ငွေကြေးအများဆုံး အကုန်အကျခံသူဖြစ်သည့် မာလောင်တကိုယ်တိုင် ဝင်ပြောနေမှတော့ မုဆိုးများအနေဖြင့် သဘာဝကျကျပင် ဘာမျှ ဆက်မပြောရဲကြတော့ချေ။

သို့သော် ဤကိစ္စပြီးနောက် ရှီအာဟူ၏ သွေးထိုးမြှောက်ပင့်မှုများကြောင့် လီလန်၏ စွမ်းဆောင်ရည်အပေါ် သူတို့ သံသယဝင်လာကြလေသည်။

ရှန်းဝူသည် လီညီအစ်ကိုများဖြစ်ကြသော လီလုံ၊ လီဟူတို့နှင့် မည်သို့မည်ပုံ ပေါင်းမိသွားသည်မသိ။ သူတို့သုံးယောက်သည် အဖွဲ့၏ နောက်ဆုံးမှ တိတ်တဆိတ် လိုက်ပါလာကြသည်။

လူအများရှေ့တွင် ရှီအာဟူက လီလန်အား ရန်စနေသည်ကို မြင်လိုက်ရသောအခါ ရှန်းဝူမှာ အံ့အားသင့်သွားတော့သည်။

"အာဟူ မင်းဦးလေးက တကယ့် လူမိုက်ပဲ..."

"သူက လီလန်ကို ပြဿနာသွားရှာရဲတယ်ပေါ့..."

"သခင်လေးရှန်း ခင်ဗျား လူတွေကို ခုလိုမျြိး သွားမစော်ကားသင့်ဘူး... ဘာပဲဖြစ်ဖြစ် သူက ကျုပ်ရဲ့ ဦးလေးပဲ... သူ့ကို စော်ကားတာက ကျုပ်ကို စော်ကားတာနဲ့ အတူတူပဲ..."

လီဟူက အနည်းငယ် မခံချင်စိတ်ဖြင့် ပြောလိုက်သည်။

"ဆဲတော့ကော ဘာဖြစ်လဲ... သူတို့က ဘာလုပ်နိုင်မှာမို့လို့လဲ..."

"ငါက မင်းကိုလည်း မဆိုင်းမတွ ဆဲဦးမှာပဲ ကောင်စုတ်လေးရဲ့... ငါ လီလန်ကို မနိုင်ပေမဲ့ မင်းကို ရိုက်ရတာကတော့ ထမင်းစားရေသောက်သလိုပဲ လွယ်တယ်..."

ရှန်းဝူသည် နှင်းလုံးတစ်လုံးကို လုံး၍ လီဟူ၏ ခေါင်းကို ပစ်ပေါက်လိုက်သည်။

လီဟူသည် ဒေါသထွက်သော်လည်း ပြန်မပြောရဲပေ။ ရှန်းဝူမှာ တပ်ဖွဲ့ခေါင်းဆောင်ရှန်း၏ တစ်ဦးတည်းသော သားဖြစ်ပြီး ရွှမ်းရွှေရွာတွင် မောက်မာစွာ ပြုမူနေထိုင်သူ ဖြစ်သည်။ သဘာဝကျကျပင် လီဟူသည် သူ့ကို မရန်စရဲဘဲ ကြိတ်မှိတ်သည်းခံနေရလေသည်။

"ကဲပါ မင်းတို့နှစ်ယောက်၊ လျှောက်နောက်မနေကြနဲ့တော့... ဒီကိစ္စကို မထူးဆန်းဘူးလို့ မထင်ကြဘူးလား..."

လီလုံက သူတို့ကို ငြိမ်သက်စေရန် ကြိုးစားရင်း အသံဩဩဖြင့် ပြောလိုက်သည်။

"ဒုတိယအစ်ကို ဘာကထူးဆန်းလို့လဲ..."

လီဟူက မေးလိုက်သည်။

"လီလန် မွေးထားတဲ့ တောကြောင်ရိုင်းလေးကို ကြည့်စမ်း ရှေ့မှာ တစ်ခုခုရှိနေသလိုမျိုး အသံတွေ ဆက်တိုက်ပေးနေတယ်..."

အမြင်စူးရှသော လီလုံသည် ပိုင်လုံ၏ ကျောပေါ်တွင် ထိုင်နေသော တောကြောင်ရိုင်းလေး၏ အပြုအမူ အနည်းငယ် ထူးဆန်းနေသည်ကို ချက်ချင်း သတိထားမိလိုက်သည်။

သူတို့သုံးယောက်သည် တောကြောင်ရိုင်းလေးဆီသို့ လှမ်းကြည့်လိုက်ရာ ၎င်းမှာ ခွေးဖြူကြီး၏ ကျောပေါ်တွင် ခြေလေးဖက်စလုံးထောက်၍ မတ်တပ်ရပ်ကာ တောင်ပေါ်ရှိ နေရာတစ်ခုဆီသို့ အူဟစ်နေသည်ကို တွေ့လိုက်ရသည်။

အခြားတစ်ဖက်တွင်လည်း လီလန်သည် တောကြောင်ရိုင်းလေး၏ အော်သံထဲမှ အရေးတကြီးဖြစ်မှုနှင့် မအေးချမ်းမှုတို့ကို သတိထားမိလိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ..."

"မင်းရဲ့ အမေနဲ့ အဖေက ရှေ့မှာ ရှိနေတာလား..."

တောကြောင်ရိုင်းလေးမှာ လီလန်၏ အိမ်မွေးတိရစ္ဆာန် ဖြစ်သောကြောင့် သူသည် ၎င်း၏ အော်သံနောက်ကွယ်ရှိ အဓိပ္ပာယ်ကို သဘာဝကျကျပင် နားလည်နိုင်လေသည်။

“မြောင်…”

“မြောင်…”

တောကြောင်ရိုင်းလေးက နောက်ထပ် နှစ်ခါ အော်လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်မူ လီလန် သဘောပေါက်သွားတော့သည်။ တောကြောင်ရိုင်းလေး၏ မိဘများမှာ ရှေ့တွင် အမဲလိုက်နေကြပြီး အန္တရာယ်နှင့် ကြုံတွေ့နေရပုံပေါ်သဖြင့် ၎င်းမှာ ထိုမျှလောက် စိုးရိမ်တကြီးနှင့် ဂဏာမငြိမ် ဖြစ်နေရခြင်း ဖြစ်၏။

လီလန်သည် တောကြောင်ရိုင်းလေးကို တောင်ပေါ်မှ ကယ်တင်လာခဲ့သော်လည်း ၎င်းသည် ၎င်း၏ မိခင်နှင့် ဖခင်၏ အနံ့အသက်ကို မှတ်မိနေဆဲ ဖြစ်သည်။

ဤသည်မှာ အမှန်တကယ်တော့ အလွန်အဖြစ်များသော ကိစ္စဖြစ်သည်။ ဥပမာအားဖြင့် အချို့သော ကြောင်ပေါက်လေးများကို မွေးမွေးချင်း သူတစ်ပါးထံ ပေးလိုက်သော်လည်း လအနည်းငယ် ကြာပြီးနောက် သူတို့၏ မိခင်ကို မှတ်မိနေဆဲ ဖြစ်တတ်သည်။

ခွေးများ၊ မြင်းများ၊ ဝက်ဝံများ၊ ကျားများ... ဤတိရစ္ဆာန်များ အားလုံးမှာလည်း အတူတူပင် ဖြစ်ကြ၏။

တိရစ္ဆာန်ငယ်လေးများ အရွယ်ရောက်လာမှသာလျှင် သူတို့၏ မိခင်အနံ့ကို တဖြည်းဖြည်း မေ့ပျောက်သွားကြပြီး တောင်ပေါင်းတစ်သိန်းဆီသို့ ဝင်ရောက်ကာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်၍ ရှင်သန်ကြမည် ဖြစ်သည်။

တောကြောင်ရိုင်းလေး၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် ရှေ့တွင် အရွယ်ရောက်ပြီးသော တောကြောင်ရိုင်း နှစ်ကောင်တည်း ရှိနေသည် မဟုတ်ပေ။ တောကြောင်ရိုင်းများထက်ပင် ပိုမိုစွမ်းအားကြီးမားပြီး အန္တရာယ်များသော သားရဲတိရစ္ဆာန်များ ရှိနေသေးသည်မှာ သေချာလှသည်။

"မလှုပ်ကြနဲ့..."

လီလန်က လက်ဝှေ့ယမ်းကာ သူတို့ကို သတိပေးလိုက်သည်။

သူသည် ချုံပုတ်တစ်ခုကို ရှာတွေ့သွားပြီး ဝမ်းလျားမှောက်လိုက်လေသည်။

"ဘာ... ဘာဖြစ်လို့လဲ..."

"အဖွဲ့ခေါင်းဆောင်လီ ဘာကို တွေ့သွားတာလဲ..."

"အဖွဲ့ခေါင်းဆောင်လီ၊ ရှေ့မှာ ဘာရှိလို့လဲ..."

လီလန်၏ လေးနက်နေသော အမူအရာကို မြင်လိုက်ရသည့်အခါ မုဆိုးများမှာ ပေါ့ပေါ့ဆဆ မနေရဲကြတော့ပေ။ သူတို့သည် ကျောပေါ်မှ အမဲလိုက်သေနတ်များကို အလျင်အမြန် ဖြုတ်ယူ၍ ဘေးကင်းလုံခြုံရေးခလုတ်များကို ဖွင့်ကာ ကျည်သွင်းလိုက်ပြီး လီလန်၏ နောက်သို့ ကပ်လျက်လိုက်ကာ ချုံပုတ်များအောက်တွင် ဝမ်းလျားမှောက်လိုက်ကြသည်။

"ဟွန့်... အလကား ဉာဏ်ဆင်နေတာ.."

ရှီအာဟူက နှာခေါင်းရှုံ့၍ လှောင်ပြောင်လိုက်သည်။

"ဦးလေး... ကျုပ်..."

လီဟူက ရှီအာဟူအနီးသို့ ချဉ်းကပ်လာပြီး စကားပြောရန် တွန့်ဆုတ်နေသည်။

"ဘာလဲ..."

ရှီအာဟူက မုတ်ဆိတ်မွေးများ ထောင်ပြေးနေပြီး မျက်လုံးများ ပြူးကျယ်လျက် စိတ်အနှောင့်အယှက်ဖြစ်စွာ မေးလိုက်သည်။

သူ့ဦးလေး၏ ဒေါသတကြီး ဖြစ်နေပုံကို မြင်လိုက်ရသောအခါ လီဟူသည် သူကိုယ်တိုင် အရူးလုပ်နေမိမှန်း သဘောပေါက်သွားပြီး ဟန်လုပ်ပြုံးကာ ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး..."

* ဦးလေးရေ ခင်ဗျားအတွက် ခင်ဗျားပဲ ဆုတောင်းနေလိုက်တော့…*

*ခင်ဗျား လီလန်ကို လုံးဝ ထပ်သွားမရှုပ်သင့်တော့ဘူး…*

အခြားတစ်ဖက်တွင် မာလောင်တနှင့် မာလောင်စန်းတို့မှာလည်း ချုံပုတ်များအောက်သို့ ရောက်ရှိလာကြသည်။

မာလောင်တမှာ နားမလည်နိုင်ဖြစ်နေပြီး လီလန်အား မေးခွန်းထုတ်ရန် ပြင်လိုက်သည်။

လီလန်က သူ၏နှုတ်ခမ်းပေါ်တွင် လက်ညှိုးတင်လိုက်သည်။

"ရှူး... စကားမပြောကြနဲ့..."

"သူတို့ ငါတို့ကို တွေ့သွားပြီ... ပြဿနာပဲ..."

လီလန်သည် ချုံပုတ်၏ သစ်ရွက်များကို ဖယ်ရှားလိုက်လေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မာလောင်တနှင့် မာလောင်စန်း ညီအစ်ကိုနှစ်ယောက်မှာ ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။

All Chapters