← Chapters

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း (၁၁၉) တောကြောင်ရိုင်း နှင့် ဝံပုလွေအုပ်စု

ချုံပုတ်များသည် မီတာဝက်ခန့် မြင့်မားပြီး ၎င်းတို့၏ အရွက်များပေါ်တွင် နှင်းများ ဖုံးလွှမ်းနေကာ အေးစက်စက်နှင့် ချမ်းစိမ့်စိမ့် ခံစားရလေသည်။

ထိုမီတာဝက်ခန့် မြင့်မားသော ချုံပုတ်များသည် လီလန်နှင့် မုဆိုးများ၏ မြင်ကွင်းကို ကွယ်ထားလေသည်။

လီလန်သည် ၎င်း၏ အနောက်ရှိ မုဆိုးများကို တိတ်တိတ်နေရန် လက်ဟန်ပြလိုက်သည်။

သူသည် ရှေ့ရှိ ချုံပုတ်များကို ဖယ်ရှားရန် ပြင်လိုက်စဉ် ရုတ်တရက် ပြင်းထန်သော သွေးနံ့များ နှာခေါင်းထဲသို့ ဝင်ရောက်လာသဖြင့် မျက်မှောင်ကြုတ်သွားတော့သည်။

"ပိုင်လုံ... ဟေးလုံ... တိတ်တိတ်နေစမ်း..."

လီလန်သည် ခွေးနှစ်ကောင်ကို တိုးတိတ်စွာ ငေါက်ငမ်းလိုက်သည်။

အမဲလိုက်ခွေးများသည် လူများထက် နှာခေါင်းပိုမို အာရုံခံနိုင်စွမ်းရှိသောကြောင့် ထိုစူးရှသော သွေးနံ့ကို ကြိုတင်၍ ရနေခြင်း ဖြစ်ရပေမည်။

ပိုင်လုံနှင့် ဟေးလုံတို့သည် အမြီးများနှံ့ကာ သခင်ဖြစ်သူ၏ အမိန့်ကို နာခံလျက် ဟောင်ခြင်း သို့မဟုတ် အသံပြုခြင်း မရှိတော့ပေ။

"ခင်ဗျားတို့ရဲ့ အမဲလိုက်ခွေးတွေကို သေချာ ထိန်းထားကြပြီး မဟောင်စေနဲ့... တောင်ပေါ်က သားရဲတွေ ရောက်လာရင် ဒုက္ခရောက်လိမ့်မယ်..."

လီလန်သည် မုဆိုးများကို သူတို့၏ ခွေးများအား ထိန်းချုပ်ထားရန် သတိပေးလိုက်သည်။

မာလောင်တက မျက်မှောင်ကြုတ်လျက် နားမလည်စွာဖြင့် မေးလိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ... ဘာတွေ ဖြစ်နေတာလဲ..."

လီလန်သည် စကားမပြောဘဲ လူတိုင်း၏ မြင်ကွင်းကို ကွယ်ထားသော မီတာဝက်ခန့် မြင့်မားသည့် ချုံပုတ်များကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်လေသည်။

ရှေ့တွင်ကား အကိုင်းအခက်များထက်၌ တောက်ပသော အနီရောင် အသီးများ တွဲလောင်းကျနေသည့် အရသာငါးပါးသစ်သီးပင် အုပ်စုတစ်ခု ရှိနေသည်။

ထိုအနီရောင် သစ်သီးများပေါ်တွင် ထူထဲသော နှင်းများ ဖုံးလွှမ်းနေပြီး အဖြူရောင် နှင်းများက အသီးများနှင့် အကိုင်းအခက်များကို ဖုံးအုပ်ထားသဖြင့် သစ်ပင်တစ်ပင်လုံးမှာ ကိုင်းညွတ်နေလေသည်။

သစ်ပင်အောက်တွင်မူ သားရဲတိရစ္ဆာန် နှစ်အုပ်စုသည် တစ်ကောင်နှင့်တစ်ကောင် ဟိန်းဟောက်လျက် ထိပ်တိုက် ရင်ဆိုင်နေကြသည်။

တစ်ဖက်တွင် ကြောင်နှင့်တူသော သားရဲတိရစ္ဆာန်တစ်မျိုးဖြစ်ပြီး ချွန်ထက်သော အမြီးနှင့် နားရွက်များ၊ ရှည်လျားထူထဲသော အမွှေးအမျှင်များနှင့် ခန္ဓာကိုယ်ပေါ်တွင် အမည်းစက်များ ရှိနေသည်။ တောကြောင်ရိုင်းများပင် ဖြစ်သည်။ ထိုအကောင်များမှာ တောကြောင်ရိုင်း နှစ်ကောင် ဖြစ်နေလေသည်။

အခြားတစ်ဖက်တွင်မူ ခွေးနှင့်တူသော အကောင်ငါးကောင် သို့မဟုတ် ခြောက်ကောင်ခန့် ရှိပြီး တောင့်တင်းသော ခြေလက်အင်္ဂါများ၊ ရှည်လျားထူထဲသော အမွှေးအမျှင်များနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် မီးခိုးရောင် အမွှေးများ ရှိနေသည်။ ၎င်းတို့၏ အမြီးများမှာ ခွေးများကဲ့သို့ ထောင်မနေဘဲ အောက်သို့ တွဲကျနေသည်။ ဝံပုလွေများပင် ဖြစ်သည်။ ထိုငါးကောင် ခြောက်ကောင်ခန့်မှာ နာမည်ကျော် အရှေ့မြောက်ပိုင်းဝံပုလွေများပင် ဖြစ်လေသည်။

"ဘုရားရေ... တောကြောင်ရိုင်းနဲ့ အရှေ့မြောက်ပိုင်းဝံပုလွေတွေပဲ..."

တောင်ပေါ်တွင် တစ်နှစ်ပတ်လုံး အမဲလိုက်လေ့ရှိသော ဝါရင့်မုဆိုးကြီး မာလောင်တသည် ထိုသားရဲအုပ်စုနှစ်စုကို ချက်ချင်းပင် မှတ်မိသွားတော့သည်။

၎င်းတို့အားလုံးမှာ မြက်ခင်းပြင်တောင်မှ ရက်စက်ကြမ်းကြုတ်သော သားရဲများ ဖြစ်ကြသည့် တောကြောင်ရိုင်းများနှင့် အရှေ့မြောက်ပိုင်းဝံပုလွေအုပ်စုများပင် ဖြစ်လေသည်။

"မာလောင်တ... ဟိုဘက်ကို ကြည့်လိုက်ပါဦး..."

လီလန်က တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။

မာလောင်တသည် စူးစိုက်ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ချက်ချင်းပင် သွေးဆုတ်ဖြူရော်သွားပြီး ဝမ်းနည်းမှုနှင့် နာကြည်းမှုများက အထင်းသား ပေါ်လွင်လာတော့သည်။

ဝံပုလွေအုပ်စု၏ အနောက်ဘက်တွင် သွေးအိုင်နှစ်အိုင်၊ ပြန့်ကျဲနေသော အနက်ရောင် အမွှေးများနှင့်... ထက်ဝက်ခန့် ကိုက်ဖြတ်စားသောက်ခံထားရသော ခွေးခေါင်းနှစ်လုံး ရှိနေလေသည်။

မာလောင်တ၏ ပျောက်ဆုံးနေသော အမဲလိုက်ခွေးကို ပြန်တွေ့သွားပြီ ဖြစ်သည်။

၎င်းကို ဝံပုလွေများက မြက်ခင်းပြင်တောင်သို့ ဆွဲယူသွားပြီး အရှင်လတ်လတ် ဆွဲဖြဲ စားသောက်ခဲ့ကြခြင်း ဖြစ်လေသည်။

"သေစမ်း... ခွေးသူတောင်းစားတွေ..."

မိမိ၏ ချစ်လှစွာသော ခွေးလေး၏ သနားစရာ အခြေအနေကို မြင်လိုက်ရသောအခါ မာလောင်တမှာ နှလုံးကွဲအက်မတတ် ခံစားလိုက်ရပြီး ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်လာကာ ဒေါသတရားများ လွှမ်းမိုးသွားတော့သည်။

ဤအမဲလိုက်ခွေး နှစ်ကောင်သည် နှစ်ပေါင်းများစွာ သူ၏ တစ်ဦးတည်းသော အဖော်များဖြစ်ခဲ့ပြီး တောင်ပေါ်တွင် သူ၏ အသက်ကို မရေမတွက်နိုင်အောင် ကယ်တင်ခဲ့ဖူးသည်။ သို့သော် ယခုအခါတွင်မူ ၎င်းတို့သည် အလောင်းကောင်ပင် ပီပီပြင်ပြင် မကျန်ရစ်ဘဲ ဝံပုလွေများ၏ စားသောက်ခြင်းကို ခံလိုက်ရကာ ကြေကွဲဖွယ် နိဂုံးချုပ်သွားခဲ့ရပြီ ဖြစ်သည်။ ပိုင်ရှင်တစ်ယောက်အနေဖြင့် သူသည် မီးရှို့ဖောက်ခွဲခံလိုက်ရသော ယမ်းအိုးတစ်အိုးပမာ ပေါက်ကွဲသွားတော့သည်။

"သေစမ်း... အဲ့ခွေးသူတောင်းစားတွေကို ငါ အကုန်သတ်ပစ်မယ်..."

မာလောင်တသည် ပြင်းထန်စွာ ဒေါသထွက်လျက် သူ၏ အမဲလိုက်သေနတ်ကို ဆွဲကိုင်ကာ ချုံပုတ်များထဲမှ ပြေးထွက်ရန် ကြိုးစားလေသည်။

"မာလောင်တကို တားထားကြ..."

လီလန်က သတိပေးရန် လှမ်းအော်လိုက်သည်။

"အစ်ကိုကြီး... စိတ်မလောပါနဲ့..."

ထိုမြင်ကွင်းကို မြင်လိုက်ရသော မာလောင်စန်းသည် သူ၏ အစ်ကိုကြီးကို ဖက်ထားလိုက်လေသည်။

"မာလောင်တ... ခင်ဗျား ဘယ်လို ခံစားနေရလဲဆိုတာကို ကျွန်တော် နားလည်ပါတယ်... ဒါပေမဲ့ စိတ်မလောပါနဲ့... ဒီကိစ္စက ခင်ဗျား ထင်သလောက် မရိုးရှင်းဘူး..."

လီလန်က သူ့ကို သတိပေးလိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ... ကျွန်တော့်ကို မတားပါနဲ့... ဒီတိရစ္ဆာန်တွေက ကျွန်တော့်အကောင်တွေကို စားသွားတာ... ကျွန်တော် ကလဲ့စားချေရမယ်..."

မာလောင်တသည် သူ၏ခွေးကို အလွန်ချစ်ခင်သူ ဖြစ်သော်လည်း အမုန်းတရားများကြောင့် မျက်ကန်းဖြစ်ကာ ဒေါသများ ပေါက်ကွဲထွက်လာလေသည်။

"ခင်ဗျားရဲ့ အမဲလိုက်ခွေးတွေကို စားသွားတဲ့ ဝံပုလွေတွေက ဒီလောက်လေးတင် မဟုတ်ဘူး... အကုန်လုံးကို အမြစ်ဖြတ်ချင်ရင်တော့ နောက်ထပ် ခဏလောက် စောင့်တာ ပိုကောင်းလိမ့်မယ်..."

လီလန်သည် သူ့ကို ထပ်မံ သတိပေးလိုက်သည်။

"ဘာ..."

မာလောင်တ၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။

"အဲဒါ ဘာလဲ ကြည့်လိုက်..."

လီလန်သည် လားရာတစ်ခုဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

လီလန် ညွှန်ပြရာသို့ လိုက်ကြည့်လိုက်ရာ မာလောင်တသည် ထိုနေရာတွင် ဝံပုလွေတွင်း တစ်ခုကို တွေ့လိုက်ရလေသည်။

ဝံပုလွေတွင်း။

ဤသည်မှာ အမှန်တကယ်ပင် ဝံပုလွေအုပ်စု၏ အမာခံစခန်း ဖြစ်နေလေသည်။

"ဒီအရှေ့မြောက်ပိုင်းဝံပုလွေ ငါးကောင်စလုံးက ဝံပုလွေအိုကြီးတွေချည်းပဲ... အရွယ်ရောက်ပြီးသား ဝံပုလွေတွေက ဒီနေရာမှာ မရှိဘူး... သူတို့ အမဲလိုက်ထွက်သွားကြတာ ဖြစ်နိုင်တယ်..."

လီလန်သည် တောကြောင်ရိုင်း နှစ်ကောင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

တောကြောင်ရိုင်း မိဘနှစ်ပါးသည် အလွန်တရာ အကြောက်အလန့် ကင်းမဲ့စွာဖြင့် ဝံပုလွေတွင်းကို အမှန်တကယ် ဝင်ရောက် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

ဤသည်မှာ နားလည်ရန် လွယ်ကူလှသည်။ တောကြောင်ရိုင်း နှစ်ကောင်သည် ဝံပုလွေအုပ်စုအနီးရှိ သွေးနံ့ကြောင့် ရောက်ရှိလာခြင်း ဖြစ်ပေမည်။

ထိုအချိန်တွင်ပင်…

"ဝူး..."

"ဝူး..."

"ဝူး..."

ဝံပုလွေ ငါးကောင်ထဲမှ ခန္ဓာကိုယ်ပိုကြီးသော ဝံပုလွေအိုကြီး တစ်ကောင်သည် ရုတ်တရက် ခေါင်းကိုမော့ကာ အူလိုက်လေသည်။

"ဒုက္ခပဲ... ဝံပုလွေအိုကြီးက အုပ်စုကို အသိပေးနေတာပဲ..."

လီလန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ဝံပုလွေအိုကြီးများသည် အသိုက်ကို စောင့်ရှောက်ကြပြီး ဝံပုလွေဘုရင် ဦးဆောင်သော အရွယ်ရောက် ဝံပုလွေများကမူ သားကောင်ရှာရန် အမဲလိုက် ထွက်သွားကြခြင်း ဖြစ်သည်။

အမဲလိုက်ထွက်သွားသော ဝံပုလွေ အရေအတွက်သည် အသိုက်ထဲရှိ ဝံပုလွေ အရေအတွက်ထက် သေချာပေါက် ပိုများပြားပေမည်။ အဆပေါင်းများစွာပင် ပိုများနိုင်လေသည်။

ထို့အပြင် ဤဝံပုလွေအုပ်စုထဲတွင် ပိုမိုကြီးမားပြီး ရက်စက်ကြမ်းကြုတ်လှသော အရှေ့မြောက်ပိုင်း ဝံပုလွေဘုရင်ကြီး တစ်ကောင်လည်း ပါဝင်နေလေသည်။

လီလန်သည် စိုးရိမ်ပူပန်နေသော တောကြောင်ရိုင်းလေးကို တစ်ချက်ကြည့်လိုက်ရာ သူ၏နှလုံးသားမှာ လေးလံသွားပြီး ပူပန်မှုများ မြင့်တက်လာတော့သည်။

တောကြောင်ရိုင်းများကို ဝံပုလွေများ၏ သေမင်းတမန်များဟု လူသိများကြသော်လည်း ဝံပုလွေများမှာလည်း ၎င်းတို့၏ သားကောင်များပင် ဖြစ်သည်။

သို့ရာတွင် ဤသည်မှာ အရေအတွက်နည်းပါးသော ဝံပုလွေအုပ်စုငယ်များအတွက်သာ အကျုံးဝင်လေသည်။

ဥပမာအားဖြင့် ဤဝံပုလွေအို ငါးကောင်သည် တောကြောင်ရိုင်းနှစ်ကောင်ကို သေချာပေါက် ယှဉ်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း အရွယ်ရောက်ပြီးသော အရှေ့မြောက်ပိုင်းဝံပုလွေ တစ်ဒါဇင်ခန့်ပါဝင်သည့် အုပ်စုသာဆိုလျှင်မူ အမဲလိုက်စွမ်းရည် အကောင်းဆုံးနှင့် အကြမ်းကြုတ်ဆုံး တောကြောင်ရိုင်းပင်လျှင် အသာစီးရနိုင်မည်ဟု မသေချာတော့ချေ။

ထို့အပြင် အရှေ့မြောက်ပိုင်းဝံပုလွေ အရေအတွက် များပြားလာသည်နှင့်တပြိုင်နက် ၎င်းတို့သည် တောကြောင်ရိုင်း နှစ်ကောင်ကို ဝိုင်းရံကာ တစ်ပြိုင်နက် တိုက်ခိုက်ကြမည်ဖြစ်သည်။ ထိုအခါ တောကြောင်ရိုင်း နှစ်ကောင်မှာ ဝံပုလွေတွင်းထဲတွင် သေဆုံးသွားနိုင်ချေ အလွန်များပြားလှပေသည်။

လီလန် တွေးတောနေစဉ်မှာပင် အမဖြစ်သော တောကြောင်ရိုင်းသည် ဝံပုလွေအိုကြီး၏ အူသံကို သတိပြုမိသွားပြီး ကြောင်တစ်ကောင်ထက် ပိုမိုကြီးမားသော ၎င်း၏ခန္ဓာကိုယ်ဖြင့် ရှေ့သို့ ခုန်ဝင်သွားကာ ထက်မြက်သော လက်သည်းများပါရှိသည့် တုတ်ခိုင်သော ရှေ့ခြေနှစ်ဖက်ဖြင့် ဝံပုလွေအိုကြီး၏ ခန္ဓာကိုယ်ကို တိုက်ိုက် ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

မိခင်သားရဲကြီးသည် ဟိန်းဟောက်လိုက်ပြီး ကြီးမားလှသော မေးရိုးကြီးကို ဖြဲကာ ဝံပုလွေအိုကြီး၏ လည်ချောင်းကို ဖောက်ထွင်း ကိုက်ဖြတ်လိုက်လေသည်။

လည်ချောင်း အကိုက်ခံထားရသော ဝံပုလွေအိုကြီးသည် ရူးသွပ်စွာ ရုန်းကန်လျက် ၎င်း၏ နောက်ခြေများဖြင့် အမတောကြောင်ရိုင်းကို ပွတ်တိုက် ကန်ကျောက်နေတော့သည်။

သို့သော်လည်း ၎င်း၏ ရုန်းကန်မှုများမှာ အချည်းနှီးသာဖြစ်ခဲ့ပြီး မကြာမီမှာပင် အသက်ရှူရပ်သွားကာ အသံလည်း တိတ်ဆိတ်သွားတော့သည်။ (စာရေးသူ ဒီအခန်းတွေတကယ်မရေးနိုင်၊ ခွေးရော ကြောင်ရော အသေချစ်တဲ့သူဆိုတော့ (⁠╯⁠︵⁠╰⁠,⁠)

ဤမြင်ကွင်းသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မျက်တောင်အနည်းငယ် ခတ်လိုက်သည့် အချိန်အတွင်းမှာပင် မိခင်တောကြောင်ရိုင်းသည် ဝံပုလွေအိုကြီး တစ်ကောင်ကို သတ်ဖြတ်လိုက်ပြီ ဖြစ်သည်။

"တကယ့်ကို ရက်စက်တဲ့ တောကြောင်ရိုင်းပဲ..."

မာလောင်တက မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိသည်။

သူ၏ဘေးတွင် ရှီအာဟူကလည်း မျက်မှောင်ကြုတ်နေလေသည်။ တောင်ပေါ်တွင် တစ်ယောက်တည်း ရှိနေစဉ် တောကြောင်ရိုင်းကဲ့သို့ ကြမ်းကြုတ်သော သားရဲနှင့်သာ ဆုံတွေ့ခဲ့လျှင် သူပင်လျှင် အထူးသတိထားကာ ကာကွယ်ရမည် ဖြစ်သည်။

ထိုသားရဲသည် အလွန်လျင်မြန်လွန်းပြီး ၎င်း၏ ကိုက်အားမှာလည်း အလွန် ပြင်းထန်လွန်းလှသည်။

ပတ်ဝန်းကျင်ရှိ မုဆိုးများသည် တောကြောင်ရိုင်းက ဝံပုလွေအုပ်ကို တိုက်ခိုက်သည့် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြသဖြင့် အားလုံးမှာ စိတ်လှုပ်ရှားစွာဖြင့် လည်ပင်းကို ဆန့်ထုတ်ကာ ကြည့်နေကြလေသည်။

အန္တရာယ်ကြီး နီးကပ်လာနေသည်ကိုမူ မည်သူမျှ လုံးဝ သတိမထားမိကြပေ။

"ဝူး..."

နားစည်ကွဲမတတ် ကျယ်လောင်လှသော ဝံပုလွေ အူသံတစ်ခုသည် တောအုပ်၏ အခြားတစ်ဖက်မှ ရုတ်တရက် ထွက်ပေါ်လာလေသည်။

ထိုဝံပုလွေ၏ အူသံသည် တစ္ဆေသရဲများ၏ ငိုကြွေးသံကဲ့သို့ အလွန်တရာ ကျောချမ်းဖွယ် ကောင်းလှပေသည်။

"ဒုက္ခပဲ... ဝံပုလွေဘုရင်က သူ့အဖွဲ့နဲ့ ပြန်ရောက်လာပြီ..."

လီလန်က လန့်ဖြတ်စွာဖြင့် တွေးလိုက်မိသည်။

"တောကြောင်ရိုင်းလေး... မြန်မြန်လုပ်..."

လီလန်သည် တောကြောင်ရိုင်းလေးကို သတိပေးရန် စကားပြောလိုက်ချိန်တွင်ပင် တောကြောင်ရိုင်းလေးမှာ သူ သတိမထားမိလိုက်ချိန်၌ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သိလိုက်ရလေသည်။

မော့ကြည့်လိုက်ရာ မိခင်တောကြောင်ရိုင်းဆီသို့ ကျယ်လောင်စွာ အော်ဟစ်လျက် ပြေးသွားသော တိရစ္ဆာန်ငယ်လေး တစ်ကောင်ကို ရုတ်တရက် မြင်လိုက်ရတော့သည်။

"မြောင်..."

မိခင်တောကြောင်ရိုင်းသည် ဝံပုလွေအိုကြီး၏ လည်ပင်းကို ထွေးထုတ်လိုက်သည်။ သူမသည် ဝံပုလွေဘုရင်၏ အူသံကို သတိထားနေခဲ့သော်လည်း ယခုအခါတွင် သူမ၏ ရင်သွေးငယ် အော်ဟစ်သံကို ကြားလိုက်ရသဖြင့် ခေါင်းလှည့်ကာ သူမ၏ သားငယ်ကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်လေသည်။

“မြောင်..."

တောကြောင်ရိုင်း ကလေးငယ်သည် ထပ်မံ အော်ဟစ်လိုက်ပြီး မိခင်၏ ခြေရင်းသို့ ပြေးသွားကာ သူမ၏ ရှေ့ခြေထောက်များကို ချစ်ခင်မြတ်နိုးစွာဖြင့် ပွတ်သီးပွတ်သပ် လုပ်နေတော့သည်။

မိခင်သားရဲကြီးသည် သူမ၏ သားငယ်ထံမှ အနံ့ကို ရှူရှိုက်လိုက်ပြီးနောက် တိုးညင်းစွာ ဟိန်းဟောက်လိုက်ကာ ဆူးငယ်လေးများ ပါရှိသည့် ပန်းရောင်လျှာကို ထုတ်၍ သားငယ်၏ အမွှေးအမျှင်များကို ညင်သာစွာ လျက်ပေးလိုက်လေသည်။

မိခင်တောကြောင်ရိုင်းသည် သူမ၏ သားငယ်ကို မှတ်မိသွားပြီ ဖြစ်သည်။

ထိုအချိန်တွင်ပင်…

"ဒိုင်း..."

သေနတ်သံ တစ်ချက် ထွက်ပေါ်လာပြီး ကျည်ဆန်သည် တိတ်ဆိတ်မှုကို ဖြိုခွင်းကာ မိခင်တောကြောင်ရိုင်းကို တိကျစွာ မှန်သွားတော့သည်။

ကလေးငယ်နှင့် ယခုလေးတင် ပြန်လည် ဆုံတွေ့ခဲ့ရသော မိခင်ကြီးမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး သွေးအိုင်ထဲသို့ လဲကျသွားလေတော့သည်။

"ရှီအာဟူ... မင်း ခွေးသူတောင်းစား..."

"မင်းကို ဘယ်သူက ပစ်ခွင့်ပေးလိုက်လို့လဲ..."

All Chapters