← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း (၁၃၁) - မဟာကံကြမ္မာကျင့်စဉ် (၁)

“မင်းက စစ်ရှုံးသွားတဲ့ စစ်သူကြီးတစ်ယောက်သက်သက်ပဲ၊ ငါတို့ နှစ်ယောက်လုံးက လောကဧကရာဇ်တွေဆိုပေမဲ့ မင်းစွမ်းအားကတော့ အသုံးချဖို့တောင်မတန်ဘူး။

မင်းမှာ အခု ဘာမှမကျန်တော့ဘူး၊ ငါနဲ့ ပူးပေါင်းဖို့ ဆွေးနွေးချင်နေသေးတာ မင်းကိုယ်မင်း အရမ်း ရယ်စရာ ကောင်းတယ်လို့ မထင်ဘူးလား။

ပြီးတော့ မင်းရဲ့ အခုအခြေအနေကို ထားလိုက်ဦး၊ မင်း အစွမ်းအထက်ဆုံး အချိန်၊ တစ်ကမ္ဘာလုံးရဲ့ ကောင်းချီးတွေကို ရရှိထားတဲ့ တကယ့်လောကဧကရာဇ် ဖြစ်နေချိန်တုန်းကတောင် မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး။

ငါက နတ်ဘုရားဧကရာဇ် လောကဧကရာဇ်တစ်ပါးပဲ၊ မင်းကတော့ နယ်မြေနတ်ဘုရားအဆင့်လောက်ပဲ ရှိတဲ့ လောကဧကရာဇ်တစ်ပါးပဲ။ ငါတို့ကြားမှာ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားလွန်းတယ်။

မင်းက ဘယ်လိုတောင် ရဲတင်းနေလို့ အရှက်မရှိ ပူးပေါင်းဖို့ လာကမ်းလှမ်းရတာလဲ၊ မင်း ငါ့ကို ယုတ္တိရှိတဲ့ ရှင်းလင်းချက်တစ်ခု မပေးနိုင်ရင် ဒီအရှင်သခင်က ငါ့ကို စော်ကားတယ်လို့ သတ်မှတ်မှာပဲ၊ အဲဒီလိုဆိုရင်တော့ ငါရိုင်းတယ်လို့ အပြစ်မတင်နဲ့တော့”

ထိုစကားများကြောင့် ယွန်လော့ကမ္ဘာ၏ လောကဧကရာဇ်က လက်သီးများကို ချက်ချင်း တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်မိ၏။

သို့သော် သူက လက်သီးများကို ဆုပ်လိုက်ရုံသာ ဆုပ်ထားပြီး မည်သို့မျှဆက်မဖြစ်လာခဲ့ဘဲ မကြာမီ ပြန်ဖြည်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယခု ဒေါသထွက်နေလျှင်ပင် အသုံးမဝင်ကြောင်း သူ သိထားသောကြောင့်ဖြစ်သည်။

ယခုအခါ သူက လမ်းဘေးခွေးတစ်ကောင်ပမာ ဖြစ်နေချေပြီ။ အကယ်၍ သူ့ကမ္ဘာအတွက် လက်စားချေချင်ပါက အစွမ်းထက်သော မဟာမိတ်တစ်ယောက်ကို ရှာဖွေမှသာ ရမည်ဖြစ်ပြီး မဟုတ်ပါက သူတစ်ယောက်တည်း လက်စားချေမည်ဆိုလျှင် ဘယ်တော့မှ အောင်မြင်မည်မဟုတ်ချေ။

ထို့ကြောင့် သူက သည်းခံရမည်၊ တစ်ဖက်လူက သူ့ကို စကားလုံးများဖြင့် စော်ကားလျှင်ပင် သူ သည်းခံရမည်ဖြစ်သည်။ သူ့ကမ္ဘာနှင့် သူ့လက်အောက်ငယ်သားများအတွက် လက်စားချေနိုင်သမျှကာလပတ်လုံး အခြားအရာများက အရေးမကြီးတော့ချေ။

တစ်ဖက်လူ၏ စော်ကားမှုကို ခံရခြင်းကလည်း အရေးမပါတော့ပေ။

“စီနီယာ ကောင်းကင်မိစ္ဆာဧကရာဇ်၊ ခင်ဗျားရဲ့ စွမ်းအားက အရမ်းကြီးမားလွန်းတယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒီလောက်များပြားတဲ့ လောကဧကရာဇ်တွေထဲမှာတောင် ခင်ဗျားက ခေါင်းဆောင်တစ်ယောက်လို့ သတ်မှတ်လို့ ရတယ်။

ဒါပေမဲ့ စကြဝဠာထဲက အခြေအနေတွေက ဒီအတိုင်းဆက်ဖြစ်နေတာ နှစ်ပေါင်းများစွာကြာပြီလေ၊ အခုတော့ ပြောင်းလဲရမယ့်အချိန်ရောက်ပြီ။ ရွှမ်ဟွမ်ကမ္ဘာနဲ့ အောက်ကမ္ဘာက ကျွန်တော့်ရဲ့ ယွန်လော့ကမ္ဘာကို သိမ်းပိုက်ပြီးရင် သူတို့ရဲ့ စွမ်းအားတွေက ပိုပိုပြီး တိုးတက်လာမှာ၊ သူတို့ရဲ့ ရည်မှန်းချက်တွေကလည်း ကြီးမားလာမှာပဲ။

အဲဒီအချိန်ကျရင် သူတို့က တခြားကမ္ဘာတွေကို တဖြည်းဖြည်း ဝါးမျိုပြီး သူတို့ရဲ့ စွမ်းအားတွေကို ဆက်တိုက်မြှင့်တင်လာနိုင်တယ်။

သူတို့ရဲ့ စွမ်းအားတွေ အဆင့်တစ်ခုကို ရောက်လာတဲ့အခါ ခင်ဗျားကိုပါ သေချာပေါက် လာပြီးဒုက္ခပေးလိမ့်မယ်၊ ဘာလို့လဲဆိုတော့ လူသားတွေရဲ့လောဘက အဆုံးအစ မရှိလို့ပဲ”

“ဟက်...”

ကောင်းကင်မိစ္ဆာဧကရာဇ်က သူ့အကွက်ထဲသို့ လုံးဝ မဝင်သွားဘဲ လှောင်ပြောင်လိုက်သည်။

“ငါ့ကို အရူးတစ်ယောက်လို လာဆက်ဆံဖို့ မကြိုးစားနဲ့၊ မင်းရဲ့ အသေးအဖွဲလှည့်ကွက်တွေက တခြားလူတွေကို လှည့်စားနိုင်ပေမဲ့ ငါ့ကိုတော့ လှည့်စားလို့မရဘူး။ သူတို့ရဲ့ စွမ်းအားတွေ ဘယ်လောက်ပဲ တိုးတက်လာပါစေ ငါ့အဆင့်ကို အချိန်တိုအတွင်း ရောက်လာနိုင်စရာ အကြောင်းမရှိဘူး။

ပြီးတော့ အရမ်းအရေးကြီးတဲ့ အချက်တစ်ချက် ရှိသေးတယ်၊ သူတို့ ပိုအစွမ်းထက်လာရင်တောင် ငါက ပိုပိုပြီး အစွမ်းထက်လာမှာပဲ၊ ဒါကြောင့် သူတို့က ငါ့ကို ဘယ်တော့မှ အမီလိုက်နိုင်မှာမဟုတ်ဘူး။

တကယ်လို့ ငါက အခု မင်းနဲ့ မဟာမိတ် ဖွဲ့လိုက်ရင် ငါက မင်းလက်ထဲက အသုံးချခံဓားတစ်လက် ဖြစ်သွားပြီး မင်းအသုံးချတာ ခံရရုံသက်သက်ပဲ။ မင်းက ငါ့ကို အသုံးချပြီး သူတို့ကို ရှင်းပစ်ဖို့နဲ့ အဲဒီ ကမ္ဘာနှစ်ခုကို ဖျက်ဆီးပစ်ဖို့ လုပ်ချင်နေတာလေ၊

ဘာလို့ ဒီနေရာမှာ အပြစ်ကင်းတဲ့သူတစ်ယောက်လို ဟန်ဆောင်ပြီး သူတော်ကောင်းတစ်ယောက် လုပ်နေရတာလဲ။ ငါတို့အားလုံး အသက်ရှင်လာတာ အရမ်းကြာနေပြီ၊ ပြီးတော့ ငါတို့ အားလုံးက မရေမတွက်နိုင်တဲ့လူတွေရဲ့ အိပ်မက်ထဲမှာတောင် မရောက်နိုင်တဲ့ ထိပ်တန်း အစွမ်းထက်သိုင်းပညာရှင်တွေချည်းပဲ။

တကယ်လို့ မင်းက ငါ့ကို တကယ် ကူညီစေချင်ရင် လက်တွေ့ကျမယ့် အရာတစ်ခုခုကို ပြလေ၊ ငါ့ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်မလား ကြည့်ရအောင်၊ လုပ်နိုင်ရင် မင်းကို ငါကူညီမယ်၊ မလုပ်နိုင်ရင်တော့ မင်းရဲ့ မာနကို ရိုက်ချိုးလိုက်ရုံပဲ ရှိတော့တာပေါ့”

ယွန်လော့ကမ္ဘာ၏ လောကဧကရာဇ်က လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။

“ကောင်းကင်မိစ္ဆာဧကရာဇ်၊ တကယ်လို့ ခင်ဗျားက ကျွန်တော့်ကို တကယ်ကူညီဖို့ ဆန္ဒရှိတယ်ဆိုရင် ခင်ဗျားရဲ့ လက်အောက်ငယ်သားဖြစ်ဖို့ ကျွန်တော် လက်ခံနိုင်တယ်၊ ပြီးတော့ အခုကစပြီး ဒီကမ္ဘာမှာ ခင်ဗျားကို အလုပ်အကျွေး ပြုပါ့မယ်။

ကျွန်တော့်ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်က လက်စားချေရာမှာ ကူညီပေးဖို့နဲ့ အဲဒီ ကမ္ဘာနှစ်ခုကို ဖျက်ဆီးပစ်ဖို့ပါပဲ။ အဲဒီလိုဆိုရင် ခင်ဗျားလည်း ပိုကောင်းတဲ့ အရင်းအမြစ်ထောက်ပံ့မှုတွေ ရလာပြီး ကျွန်တော့်လို အစွမ်းထက်တဲ့ လက်အောက်ငယ်သားတစ်ယောက်ကိုပါ ရလာမှာပေါ့၊

ခင်ဗျားအတွက် အမြတ်ချည်းပဲ၊ ဘာဆိုးကျိုးမှမရှိဘူး။ ပြီးတော့ ဒါက ခင်ဗျားအတွက် လက်တစ်ဖက်ဝှေ့ယမ်းလိုက်သလို လွယ်ကူတဲ့ ကိစ္စလေးတစ်ခုသက်သက်ပါ၊ သူတို့ကို ဖျက်ဆီးပစ်ဖို့က ခင်ဗျားအတွက် အရမ်းလွယ်လွန်းပါတယ်။

ပါးစပ်နားရောက်နေတဲ့ အဆီတ၀င်း၀င်း အသားတုံးကြီးတစ်တုံးကို ခင်ဗျား တကယ်ကြီး စွန့်ပစ်ဖို့ ဆန္ဒရှိလို့လား”

ကောင်းကင်မိစ္ဆာဧကရာဇ်က ထပ်မံလှောင်ပြောင်လိုက်ပြန်သည်။

“အရမ်းချိုသာတဲ့ စကားတွေပဲ၊ တကယ်လို့ ငါသာ သူတို့ကို ရှင်းပစ်လိုက်ရင် သူတို့ရဲ့ အရင်းအမြစ်တွေက သဘာဝကျကျပဲ ငါ့အပိုင်ဖြစ်သွားမှာပေါ့၊ ဒါကြောင့် ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး။ မင်းရဲ့ ကမ်းလှမ်းချက်က ကြီးမားတဲ့ အကျိုးအမြတ်တစ်ခုလို့ မထင်လိုက်နဲ့။

ငါ့ကို စိတ်လှုပ်ရှားစေနိုင်တဲ့ တစ်ခုတည်းသော အရာက မင်း ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုဖို့ပဲ၊ ဒါကြောင့် အခု မင်းရဲ့ရိုးသားမှုကို ပြသပါ”

“ကျွန်တော့်ရဲ့ ရိုးသားမှုကို ဘယ်လိုပြရမလဲ”

“ပထမဆုံး ခွေးတစ်ကောင်လို နှစ်ခါလောက် ဟောင်ပြပါလား”

ကောင်းကင်မိစ္ဆာဧကရာဇ်က သူ့ကို မိစ္ဆာဆန်ဆန်ပြုံးကာ ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ယွန်လော့ကမ္ဘာ၏ လောကဧကရာဇ်မှာ အလွန်အမင်း စော်ကားခံလိုက်ရသည်ဟု ခံစားလိုက်ရပြီး ချက်ချင်းမတ်တတ်ရပ်လိုက်သည်။

“ဆိုရိုးစကားရှိတယ်၊ ပညာရှိကို သတ်လို့ရပေမဲ့ စော်ကားလို့ မရဘူးတဲ့။ ခင်ဗျားက နတ်ဘုရားဧကရာဇ်တစ်ပါးအနေနဲ့ ကြီးမားလှတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတယ်၊ အဲဒီအတွက် ခင်ဗျားကို ကျွန်တော် အရမ်းလေးစားပါတယ်။

ဒါပေမဲ့ အဲဒါက ကျွန်တော့်ဂုဏ်သိက္ခာကို ခင်ဗျား ခြေထောက်အောက်မှာ နင်းခြေပိုင်ခွင့်ရှိတယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ခင်ဗျား ကျွန်တော့်ကို သတ်လို့ ရတယ်၊ ဒါပေမဲ့ ဒီလိုမျိုး စော်ကားလို့မရဘူး။

ခင်ဗျားက ကျွန်တော်နဲ့ မဟာမိတ်မဖွဲ့ချင်ဘူးဆိုမှတော့ ကျွန်တော်တို့ကြားမှာ ဆက်ပြောစရာ ဘာမှမရှိတော့ဘူး”

ထိုသို့ ပြောပြီးနောက် ယွန်လော့ကမ္ဘာ၏ လောကဧကရာဇ်က ဤကမ္ဘာမှထွက်ခွာရန် လှည့်ထွက်သွားတော့သည်။

သို့သော် ကံမကောင်းစွာဖြင့် သူ လှည့်ထွက်သွားရန် ပြင်လိုက်ချိန်မှာပင် ပုံရိပ်အချို့က အလင်း၏ အမြန်နှုန်းဖြင့် ပျံသန်းလာပြီး သူ့ကို လုံးဝပိတ်ဆို့လိုက်ကြသည်။

ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ယွန်လော့ကမ္ဘာ လောကဧကရာဇ်၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူက တစ်ဖက်လူကို ချက်ချင်းလှည့်ကြည့်ကာ မေးလိုက်၏။

“ကောင်းကင်မိစ္ဆာဧကရာဇ်... ဒါ ဘာအဓိပ္ပာယ်လဲ”

“ဟီးဟီးဟီး”

“မင်း ငါ့ကို ဘာထင်နေတာလဲ၊ ငါ့နေရာက မင်း ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ရတဲ့ နေရာတစ်ခုလို့ ထင်နေတာလား။ မင်းက အခု လမ်းဘေးခွေးတစ်ကောင် ဖြစ်နေပြီ၊ မင်းရဲ့ ကိုယ်ပိုင်ကမ္ဘာကိုတောင် ဆုံးရှုံးခဲ့ရပြီးပြီ၊ မင်း အသက်ဆက်ရှင်နေဖို့တောင် မလိုအပ်တော့ဘူး”

“ဒါ့အပြင် ဒီမှာပဲ ဆက်နေတာ ပိုကောင်းလိမ့်မယ်၊ အနည်းဆုံးတော့ ငါ့ကမ္ဘာအတွက် နည်းနည်းပါးပါး အထောက်အကူပြုနိုင်တာပေါ့”

ထိုစကားများကို ကြားလိုက်ရချိန်တွင် ယွန်လော့ကမ္ဘာ လောကဧကရာဇ်၏ မျက်နှာမှာ ရေခဲအလား အေးစက်သွားတော့သည်။

“ကောင်းကင်မိစ္ဆာဧကရာဇ်၊ ဒါက လွန်လွန်းတယ်၊ အရင်တုန်းက ငါ မင်းကို ကူညီခဲ့ဖူးတယ်လေ၊ ငါတို့က အနည်းဆုံးတော့ မိတ်ဆွေဖြစ်နေပြီ မဟုတ်ဘူးလား။ မင်းက ငါ့ကို မကူညီတာက အကြောင်းမဟုတ်ပါဘူး၊ ဒါပေမဲ့ ငါ့ကို ဒီလိုဆက်ဆံတာက အရမ်းလူမဆန်လွန်းရာ ကျမနေဘူးလား”

“ဟီးဟီးဟီး... လူမဆန်ဘူးဟုတ်လား၊ လူသားဆန်မှုဆိုတာက ကလေးတွေကိုချော့ဖို့ သုံးတဲ့ စကားလုံးသက်သက်ပဲ၊ ဘယ်လူကြီးကများ အဲဒီအကြောင်းတွေ ပြောနေမှာလဲ။ ရပြီ၊ ဒီမှာလာပြီး ကလေးဆန်မနေနဲ့တော့၊ ဒီနေ့ မင်းကို ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူး၊ ငါပြောပြီးသားပဲ”

ကောင်းကင်မိစ္ဆာဧကရာဇ် ပြောပြီးသည်နှင့် သူ၏လက်အောက်ငယ်သားများကို တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ ယွန်လော့ကမ္ဘာ၏ လောကဧကရာဇ်မှာ အလွန်အမင်းဒေါသထွက်နေပြီး ပေါက်ကွဲထွက်လုမတတ်ပင် ဖြစ်နေချေပြီ။

“ကောင်းကင်မိစ္ဆာဧကရာဇ်၊ မင်း သေချာပေါက် အသေဆိုးနဲ့သေရလိမ့်မယ်၊ ငရဲပြည်ကနေ မင်းကို ငါ စောင့်နေမယ်၊ အနှေးနဲ့အမြန် မင်းလည်း တခြားလူရဲ့သတ်ဖြတ်တာကို ခံရမှာပဲ”

“ဟက်... မင်း အတွေးလွန်နေပြီ၊ မင်းကို ဝိညာဉ်တောင်မကျန်တဲ့အထိ ဖျက်စီးပစ်မှာ၊ မင်း ငရဲပြည်ကို သွားနိုင်ဦးမယ်ထင်နေတာလား၊ အိပ်မက်ပဲသွားနေလိုက်၊ မင်း ဒီကမ္ဘာကနေ ထာဝရပျောက်ကွယ်သွားရလိမ့်မယ်၊ ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်ဘူး”

မကြာမီမှာပင် လူအုပ်ကြီး၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် ယွန်လော့ကမ္ဘာ၏ လောကဧကရာဇ်မှာ လေထဲတွင် အစအနမကျန် လုံးဝပျောက်ကွယ်သွားတော့သည်။ ဤအခိုက်အတန့်မှစ၍ ဤစကြဝဠာအတွင်း သူ မရှိတော့ချေ။

ကောင်းကင်မိစ္ဆာဧကရာဇ်၏ လက်အောက်ငယ်သားတစ်ဦးက သူ၏သိုလှောင်လက်စွပ်ကို ကိုင်ထားရင်း ပြောလိုက်သည်။

“အရှင်မင်းကြီး၊ ဒီကောင်က အပြင်ပန်းကြည့်ရတာ ဘာမှမဟုတ်သလိုထင်ရပေမဲ့ သူ့ဆီမှာ ပစ္စည်းတွေအများကြီးရှိနေတယ်၊ ဒီထဲမှာ အရည်အသွေးမြင့် အရင်းအမြစ်တွေအပြင် ရတနာမျိုးစုံနဲ့ ကျင့်စဉ်လက်စွဲစာအုပ်တွေတောင် အပြည့်ပဲ”

“ဒါတွေက ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့အရာတွေနဲ့ မယှဉ်နိုင်ဘူးဆိုပေမဲ့ တခြားလူတွေကို ခွဲဝေပေးလိုက်မယ်ဆိုရင် အစွမ်းထက်သိုင်းပညာရှင် တော်တော်များများကို ပြုစုပျိုးထောင်ပေးနိုင်လိမ့်မယ်”

“ဟမ့်... ဘယ်လိုပဲဖြစ်ဖြစ် သူက ကမ္ဘာတစ်ခုရဲ့ အရှင်သခင်ပဲလေ၊ သူ့ရဲ့ စွမ်းအားက ဘယ်လောက်ပဲ ညံ့ဖျင်းနေပါစေ လုံးဝ ဆင်းရဲမွဲတေနေတဲ့ အနေအထားမှာတော့ ဘယ်ရှိမလဲ၊ ဒါကြောင့် သူက ရတနာတချို့ကို သိမ်းထားနိုင်ခဲ့တာ”

“တကယ်လို့ သူ့ကို ဒီအတိုင်း အလွယ်တကူထွက်သွားခွင့်ပေးလိုက်ရင် သူ့ပစ္စည်းတွေက အနှေးနဲ့အမြန် တခြားတစ်ယောက်ယောက်အတွက် အရင်းအမြစ်ဖြစ်သွားမှာပဲ၊ ဒါကြောင့် အဲဒါတွေကို ငါတို့လက်ထဲမှာပဲ ထားလိုက်တာက ပိုကောင်းတယ်”

“အဲဒါကြောင့်မို့လို့ သူ့ကို ငါတို့က ထားလိုက်ရတာပေါ့”

“အရှင်မင်းကြီးက တကယ်ကို ပညာရှိလွန်းပါတယ်”

“ကမ္ဘာတစ်သောင်းညီလာခံက မကြာခင် ရောက်လာတော့မယ်မဟုတ်လား၊ ငါ့အမိန့်ကို ဖြန့်ပေးလိုက်၊ လူတိုင်း စွမ်းအင်တွေကို ချွေတာထားရမယ်၊ ဒီကမ္ဘာတစ်သောင်းညီလာခံမှာ အဆင့်ကောင်းကောင်တစ်ခု ရအောင်ယူရမယ်”

“ကောင်းပါပြီ”

All Chapters