အခန်း ၁၃၂
Vol. 14 Ch. 132
အခန်း (၁၃၂) - မဟာကံကြမ္မာကျင့်စဉ် (၂)
ကျိုးရီဘက်တွင်မူ သူ၏ကျင့်ကြံခြင်းကို ဆက်တိုက်တိုးမြင့်နေစဉ် မှောင်မိုက်နေသည့်နေရာတွင် အတားအဆီးတစ်ခုကို ထိတွေ့မိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤအရာက နောက်ထပ် တာအိုတစ်မျိုးဖြစ်ကြောင်း သူ ခံစားသိရှိနိုင်သည်။
ယခင်က တစ်ခါမျှမကြုံဖူးသော တာအိုမျိုးဖြစ်သည်။ အကယ်၍ သူသာ ဤတာအိုကို ရရှိနိုင်ပါက သူ၏စွမ်းအားများက သိသိသာသာ ထပ်မံ တိုးတက်လာပေလိမ့်မည်။
ထို့ကြောင့် မည်သို့ပင်ဖြစ်စေ ဤအခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန်နှင့် သူ၏စွမ်းအားများအား ထပ်မံမြှင့်တင်နိုင်ရန် နည်းလမ်းတစ်ခု ရှာဖွေရမည်ဖြစ်သည်။
အကယ်၍ သူသာ နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းနိုင်မည်ဆိုပါက ထိုအဆင့်သို့ အောင်မြင်စွာ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။
ထိုအဆင့်ဆိုသည်မှာ... နတ်ဘုရားအင်ပါယာအဆင့်
ဖြစ်သည်။
ဒဏ္ဍာရီများအရ လူတစ်ယောက်က ထိုအဆင့်သို့ ရောက်ရှိနိုင်ပါက ကမ္ဘာသုံးထောင်၏ ချည်နှောင်မှုများကို ဖယ်ခွာနိုင်ပြီး နယ်မြေအဆင့်သို့ တက်လှမ်းနိုင်သည်ဟု ဆိုသည်။
မည်သို့ပင်ဆိုစေ မဟာကန္တာရတွင် နယ်မြေသုံးထောင်ရှိပြီး နယ်မြေတစ်ခုစီတွင် ကမ္ဘာသုံးထောင် ရှိသည်မဟုတ်လော။ နှစ်ခုကြားရှိ ကွာဟချက်က အလွန်အမင်း ကြီးမားလွန်းလှသည်။
ကမ္ဘာတစ်ခုအတွင်း၌ မည်မျှပင် ကြိုးစားရုန်းကန်နေစေကာမူ သူတို့က အကောင်သေးသေးလေးတစ်စုမျှသာ ဖြစ်သည်။ နတ်ဘုရားဧကရာဇ်အဆင့်က အလွန်ရှားပါးလှသည်ဟု ထင်ရသော်လည်း နယ်မြေတစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက တစ်ဦး၊ နှစ်ဦးထက်မက သေချာပေါက် ရှိနေနိုင်သည်။
သို့သော် နတ်ဘုရားအင်ပါယာတစ်ပါးကမူ ကွဲပြားနေသည်။ ဤအဆင့်ရှိတည်ရှိမှုက တကယ်ကို လူသန်းချီတွင် တစ်ဦးသာ ရှိသည့် ရှားပါးလှသော တည်ရှိမှုဖြစ်သည်။
မဟာနယ်မြေကြီးတစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင်ပင် ထိပ်တန်းတည်ရှိမှုတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
ထို့ကြောင့် သူက ထိုအဆင့်သို့ ကျော်ဖြတ်နိုင်ရန်အတွက် သူ့စိတ်ကို တတ်နိုင်သမျှ တည်ငြိမ်အောင်ထားလိုက်သည်။ ဉာဏ်အလင်းပွင့်ခြင်းကာလအတွင်း သူသည် ဆက်တိုက်ကျင့်ကြံနေခဲ့ပြီး မကြာမီ ရလဒ်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
ထိုအရာက နတ်ဘုရားအင်ပါယာအဆင့်နှင့် ပတ်သက်သည့် သဘောတရားတစ်ခုပင်။
နတ်ဘုရားဧကရာဇ်က လေဟာနယ်စွမ်းအင်များနှင့် အချိန်စွမ်းအင်များကို စုပ်ယူနိုင်စွမ်း ရှိသော်လည်း အကောင်းဆုံးအခြေအနေတွင် ဤစွမ်းအင်နှစ်ခုကို စုပ်ယူနိုင်ရုံသက်သက်သာ ဖြစ်သည်။
ဤစွမ်းအင်နှစ်ခုကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းမရှိချေ။
အကယ်၍ သူသာ ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ အမှန်တကယ် ကျော်ဖြတ်လိုပါက ဤစွမ်းအင်ဂုဏ်သတ္တိနှစ်ခုအပေါ် မှီခိုနေမှုနှင့် လိုအပ်ချက်များကို ဖယ်ရှားပစ်ကာ နောက်ထပ်အဆင့်တစ်ခုသို့ ရောက်ရှိရမည်ဖြစ်သည်။
ထိုအရာက... ဤစွမ်းအင်နှစ်ခုလုံးကို အပြည့်အဝ ဖိနှိပ်ချုပ်ချယ်နိုင်စွမ်း ရှိခြင်းပင်။
ဤသည်က အလွန်ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားဧကရာဇ်တစ်ပါး၏ အဆင့်အတန်းမှာ စုပ်ယူနိုင်ရုံသာ ဖြစ်သည်။
တိတိကျကျ ပြောရလျှင် ပိုမိုအစွမ်းထက်သော စွမ်းအင်များကို ရရှိရန် မိမိ၏ အဆင့်အတန်းကို နှိမ့်ချလိုက်ခြင်းပင်။ အကယ်၍ လုံးဝ ဖိနှိပ်ချုပ်ချယ်နိုင်စွမ်း ရှိလိုပါက မိမိ၏ ကိုယ်ပိုင်စွမ်းအားကို ပိုမိုကြီးမားတိုးတက်လာအောင် လုပ်ရမည်ဖြစ်သည်။
တစ်နည်းအားဖြင့် မိမိ၏ ခန္ဓာကိုယ်အတွင်း၌ ဤစွမ်းအင်နှစ်ခုကို အများအပြား ပိုင်ဆိုင်ထားရန် သို့မဟုတ် ပိုမိုအစွမ်းထက်သော အဆင့်တစ်ခုသို့ ရောက်ရှိရန် ကိုယ်ပိုင်စွမ်းအားကို ထပ်မံမြှင့်တင်ဖို့ရာ လိုအပ်သည်။
ကျိုးရီက နောက်ထပ်လမ်းကြောင်းတစ်ခုကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုလမ်းကြောင်းက နောက်ဆုံးအချက်ပင်။
မည်သို့ပင်ဆိုစေ သူတစ်ပါးအပေါ် မှီခိုပါက အနာဂတ်တွင် သူတစ်ပါး၏ ချုပ်ချယ်ကန့်သတ်မှုကို သေချာပေါက် ခံရမည်မဟုတ်လော။ ဤစွမ်းအင်နှစ်ခုအပေါ် မှီခိုနေမှုကို ဘယ်လိုမှ ဖယ်ရှားပစ်၍မရနိုင်ချေ။
အနာဂတ်တွင် အခြားသူများနှင့် တိုက်ခိုက်ရလျှင်ပင် ဤအချက်ကြောင့် ဘာအားသာချက်မှ ရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤစွမ်းအင်နှစ်ခုက စကြဝဠာတစ်ခုလုံးတွင် အများအပြားရှိနေပြီး အခြားသူများကလည်း ဤစွမ်းအင်နှစ်ခုကို ကျင့်ကြံနေကြမည်မှာ သေချာသည်။
အကယ်၍ တစ်ဦးနှင့်တစ်ဦး ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်စားသုံးမှုပမာဏကိုသာ ယှဉ်ပြိုင်ကြမည်ဆိုပါက နှစ်ဖက်လုံး အကြီးအကျယ် ထိခိုက်နစ်နာသွားကြမည်ဖြစ်ပြီး ဤသည်က အဓိပ္ပာယ်မဲ့လွန်းလှသည်။
တစ်ဖက်က အခြားတစ်ဖက်ကို အနိုင်ယူနိုင်လျှင်ပင် စွမ်းအင်များ အလွန်အကျွံသုံးဆွဲလိုက်ရသဖြင့် ဒဏ်ရာအပြင်းအထန်ရသွားမည်ဖြစ်သည်။ ဤအချိန်တွင် မိမိထက် အနည်းငယ် အားနည်းသော သူတစ်ယောက် ရောက်လာလျှင်ပင် မိမိကို အလွယ်တကူသတ်ပစ်နိုင်ပေသည်။
ဤသည်က တကယ်ကို အန္တရာယ်များလွန်းလှသည်။ အနာဂတ်တွင် ကောင်းကျိုးမရှိသော ထိုနည်းလမ်းမျိုးကို လေ့လာရန်မတန်ပေ။
ပိုမိုအစွမ်းထက်လိုပါက တစ်ခုတည်းသော နည်းလမ်းကိုသာ အသုံးပြုနိုင်တော့ပေမည်။ ထိုနည်းလမ်းက ပိုမိုအစွမ်းထက်သော တာအိုစွမ်းအားတစ်ခုကို ဖန်တီးရန် သို့မဟုတ် တာအိုတစ်ခု၏စွမ်းအားကို တိုက်ရိုက်လုယူရန်ပင်။
ထို့အပြင် ဤတာအိုစွမ်းအားက အချိန်နှင့် လေဟာနယ်ထက် သာလွန်နေရမည်ဖြစ်သည်။
ဤသည်က အလွန်အမင်းခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ခုက ဤစကြဝဠာအတွင်း၌ ထိပ်တန်း တာအိုစွမ်းအားနှစ်ခု ဖြစ်နေပြီဖြစ်ရာ ၎င်းတို့ထက် ပိုမိုအစွမ်းထက်သော စွမ်းအားတစ်ခုကို ရှာဖွေရန် ခက်ခဲလေ၏။
ကျိုးရီ၏ ထာဝရအသက်တာအိုသစ်သီးက အချိန်စွမ်းအားနှင့် ဆက်စပ်နေပုံရသည်။ အချိန်ကုန်ဆုံးသွားမှုကို လျစ်လျူရှုနိုင်ပြီး အချိန်က သူ့ခန္ဓာကိုယ်အပေါ် သက်ရောက်စေသော ပျက်စီးဆုံးရှုံးမှုများကိုလည်း လျစ်လျူရှုနိုင်သည်။
ထို့ကြောင့် ဤရှုထောင့်မှ ကြည့်မည်ဆိုလျှင် ၎င်းက အချိန်၏ဖိနှိပ်မှုမှ လွတ်မြောက်ရန် ကူညီပေးနိုင်သည့် ထူးခြားသောစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသင့်ပေသည်။
ထိုသို့ဆိုလျှင် ၎င်းသယ်ဆောင်ထားသော စွမ်းအားက အချိန်ကို ကျော်လွန်နိုင်သော စွမ်းအားတစ်မျိုး ဖြစ်သင့်သည်။
“လွဲနေသေးတယ်”
ဤအခိုက်အတန့်တွင် ကျိုးရီက ပြဿနာတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။ သူက အဘယ်ကြောင့် အချိန်နှင့် နေရာ၏ချုပ်ချယ်မှုကို ခံနေရသနည်း။
သူ၏ ယုံကြည်ချက်အရ ခွန်အားလုံလောက်နေသမျှ ကာလပတ်လုံး ဤစွမ်းအင်နှစ်ခုကို သူ ကျော်လွန်နိုင်စွမ်းရှိသည်။
အကယ်၍ သူသာ လေဟာနယ်နှင့် အချိန်စွမ်းအင်နှစ်ခုကို သူ့အားကိုးရာအဖြစ် အသုံးပြုနေမည်ဆိုပါက ဤစွမ်းအင်နှစ်ခုကို သူ ဘယ်တော့မှ ကျော်လွန်နိုင်မည် မဟုတ်ချေ။
သူက ဤစွမ်းအင်နှစ်ခုကိုသာ အမြဲတမ်းကြည့်နေခဲ့ပြီး အခြားစွမ်းအင်များအား လိုချင်တပ်မက်မှုနှင့် လိုက်လံရှာဖွေမှုများ ပျောက်ကွယ်သွားခဲ့လေပြီ။
တကယ်တန်းတွင် ဤစွမ်းအင်နှစ်ခုက အလွန် အစွမ်းထက်နေလျှင်ပင် စကြဝဠာတစ်ခုလုံး၌ ဤစွမ်းအင်နှစ်ခုကို အနိုင်ယူနိုင်မည့် နည်းလမ်းများစွာ ရှိနေသေးသည်။
ဥပမာအားဖြင့်... ခွန်အားဓာတ်ကို အတိုင်းအတာတစ်ခုအထိ ကျင့်ကြံနိုင်ခဲ့ပါက အချိန်နှင့် လေဟာနယ်စွမ်းအင်များအား ချိုးဖျက်နိုင်မည့် နည်းလမ်းများ ရှိလာနိုင်သည်။
မီးနှင့် ရေခဲ စွမ်းအင်များကို အထွတ်အထိပ်ရောက်သည်အထိ ကျင့်ကြံနိုင်ခဲ့လျှင်လည်း ဤစွမ်းအင်နှစ်ခုအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်သည်။
စွမ်းအား၏သော့ချက်က ဤစွမ်းအား၏ ဂုဏ်သတ္တိအပေါ်တွင်သာ မူတည်နေသည်မဟုတ်ပေ။
အခြား ရှုထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင် အရေအတွက်အားဖြင့် အပြည့်အဝလွှမ်းမိုးထားနိုင်ခြင်းကလည်း စွမ်းအားတစ်မျိုးပင်။
“တကယ်လို့ ထာဝရအသက်တာအိုသစ်သီးရဲ့ စွမ်းအားကို အသုံးပြုပြီး လုံးဝအသစ်စက်စက် စွမ်းအားတစ်ခုကို ဖန်တီးနိုင်မယ်ဆိုရင် အနာဂတ်မှာ ဒီစွမ်းအားက အထွတ်အထိပ်ကို ရောက်သွားတဲ့အခါ တခြားစွမ်းအားနှစ်ခုကို ရင်ဆိုင်နိုင်အောင် ငါ့ကို သေချာပေါက် ကူညီပေးနိုင်လိမ့်မယ်”
ထာဝရအသက်တာအိုသစ်သီးက စွမ်းအင်အရင်းအမြစ်အဖြစ် ရှိနေပြီး အနောက်မှနေ၍ စွမ်းအင်များကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးနေမှသာ သူက အချိန်နှင့် နေရာကို ဖိနှိပ်ချုပ်ချယ်နိုင်မည်ဖြစ်သည်။
“ဘယ်လိုစွမ်းအားမျိုး ဖန်တီးရမလဲ”
ကျိုးရီက မျက်လုံးမှိတ်ကာ စတင်စဉ်းစားလိုက်သည်။ သူ၏အသိစိတ်က ကမ္ဘာတစ်ခုလုံးကို လှည့်လည်သွားလာနေပြီး အခွင့်အရေး တစ်ခုခုကို လိုက်လံရှာဖွေနေသည့်အလားပင်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်နှစ်ကြာလွန်သွားခဲ့၏
နောက်ထပ် တစ်နှစ် ကြာသွားခဲ့ပြန်သည်။
ဤကဲ့သို့ပင် နှစ်များ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားခဲ့သည်။ မှောင်မိုက်နေသည့်နေရာတွင် နောက်ဆုံး၌ ကျိုးရီက တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရသည်။
ထိုအရာက... ကံကြမ္မာပင်။
အချိန်ပဲဖြစ်စေ၊ လေဟာနယ်ပဲဖြစ်စေ ကံကြမ္မာ၏ ရှေ့မှောက်တွင် အရာအားလုံးက အရမ်းကို ကျိုးပဲ့လွယ်ပြီး အားနည်းနေပုံရသည်။
၎င်းတို့နှစ်ခုက မည်မျှပင် အစွမ်းထက်နေပါစေ ကံကြမ္မာ၏ စီစဉ်မှုများအား လိမ္မာစွာ နားထောင်ရုံမှလွဲ၍ ခုခံရန် နည်းလမ်းမရှိပေ။
‘ဒါဆို တကယ်လို့ ငါက... ကံကြမ္မာကို ခုခံဖို့အတွက် သီးသန့်စွမ်းအားတစ်ခုကို ဖန်တီးနိုင်မယ်ဆိုရင်ရော၊ ငါက အဲဒီလိုနည်းနဲ့ ကံကြမ္မာကို ခုခံနိုင်မယ်ဆိုရင် ကျန်တဲ့ စွမ်းအားနှစ်ခုကိုပါ ဖိနှိပ်ချုပ်ချယ်နိုင်ပြီမဟုတ်လား’
ထိုသို့တွေးမိသည်နှင့် တစ်ပြိုင်နက် သူ၏ စိတ်၀ိညာဥ်ကို အသုံးပြု၍ ချက်ချင်း စတင်စမ်းသပ်ကြည့်လိုက်ရာ မကြာမီမှာပင် လမ်းကြောင်းတစ်ခုကို ရှာတွေ့သွားခဲ့သည်။
ထိုအရာက ကံကြမ္မာကို ပြောင်းပြန်လှန်ပစ်ရန်ပင်။
ဥပဒေသများကို အမိန်ပေးရန်၊ သက်ရှိများကို ထိန်းချုပ်ရန်။
ထို့ကြောင့် မရေမတွက်နိုင်သော အတွေးအမြင်များအကြားတွင် သူက ဤအရာကို လုံးဝ နားလည်သဘောပေါက်သွားခဲ့လေပြီ။
သူက စွမ်းအားတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး ထိုစွမ်းအားကို “မဟာကံကြမ္မာကျင့်စဉ်” ဟု အမည်ပေးလိုက်သည်။
ကိုယ့်အသက်ကို စတေးခြင်းဖြင့် စွမ်းအားမြှင့်တင်နိုင်ကာ ရန်သူများ၏ အထူးစွမ်းရည်များကို ချေမှုန်းပစ်ခြင်းဖြစ်သည်။
ဤစွမ်းအားဖြင့် ဖန်တီးထားသော နည်းလမ်းက အမှန်တကယ်
တွင်မူ သူ၏ခန္ဓာကိုယ်နှင့် သူပိုင်ဆိုင်ထားသော စွမ်းအားများကို စကြဝဠာတစ်ခုလုံးနှင့် ဆက်သွယ်ပေးခြင်းပင်။
သူ့ဆန္ဒအောက်၊ သူထိန်းချုပ်နိုင်သော ဧရိယာအတွင်း အချိန်နှင့် လေဟာနယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်မည့် စနစ်တစ်ခုကို တည်ဆောက်ခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင် စကားတစ်ခွန်း ပြောလိုက်သည်နှင့် သူသတ်မှတ်ထားသော အချိန်နှင့် နေရာတစ်ခု အတွင်း၌ တစ်ကမ္ဘာလုံးက သူ၏အမိန့်ကို နာခံရမည်ဖြစ်ပြီး ရန်သူများ ထွက်ပြေးရန် နည်းလမ်းရှိတော့မည်မဟုတ်ချေ။
ဤစွမ်းအားကို သူ ဖန်တီးခဲ့ရခြင်းမှာ ယခင်က သူရောက်ရှိခဲ့သော နယ်မြေနှင့်လည်း သက်ဆိုင်နေသည်။
ထိုအရာထံမှလည်း သူဉာဏ်အလင်းများ ရရှိခဲ့သည်။
စကြဝဠာနှင့် အဆက်အသွယ် တစ်ခု တည်ဆောက်လိုပါက အနည်းဆုံး လိုအပ်ချက်မှာ တစ်စုံတစ်ရာကို စတေးရမည် ဖြစ်သောကြောင့် အသက်ကိုစတေးရန် ရွေးချယ်ရခြင်းဖြစ်၏။
စကြဝဠာကြီးက အလွန်ရက်စက်ပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်ချေ။
သူက ဤကမ္ဘာအတွက် မရေမတွက်နိုင်သော စွမ်းအင်များကို အချိန်တိုင်းဖန်တီးပေးနေပြီး သက်ရှိအားလုံးကို အသက်ရှင်သန်ခွင့် ပေးနေသယောင် ထင်ရသော်လည်း တကယ်တန်းတွင် သူ၏စွမ်းအားများကို စဉ်ဆက်မပြတ် လည်ပတ်နေစေရုံသက်သက်သာ ဖြစ်သည်။