အခန်း ၁၃၇
Vol. 14 Ch. 137
အခန်း (၁၃၇) - နဂါးမျိုးနွယ်စုနှင့် ထပ်မံဆုံတွေ့ခြင်း (၁)
ဤသည်မှာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းနေပေသည်။ ဤအဆင့်ရှိသူများက ဤနေရာသို့ လာရောက်ရန် ရွေးချယ်ကြလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
သူတို့သည် ပြိုင်ပွဲဝင်ရန်အတွက် ဤနေရာသို့ လာရောက်ကြခြင်း မဟုတ်ဘဲ ပြိုင်ပွဲကို အစီအစဉ်တကျဖြစ်စေဖို့ရာ ထိန်းသိမ်းပေးရန်အတွက် ဖြစ်စေ၊ သို့မဟုတ် အခြားသော အကြောင်းပြချက်များကြောင့် ဖြစ်စေ လာရောက်ကြခြင်းဖြစ်ဖို့များ၏။
သို့သော် မကြာမီမှာပင် ထူးခြားဆန်းကြယ်သော အခြားကိစ္စတစ်ခုကို သူတို့ ထပ်မံတွေ့ရှိလိုက်ကြပြန်သည်။
ဤနေရာသို့ ရောက်ရှိနေကြသော သူများအားလုံးသည် ခြေချိတ်ထိုင်ကာ ကျင့်ကြံနေကြပုံရပြီး သူတို့ထဲမှ အများစုမှာ အခြားသူများနှင့် စကားပြောဆိုနေခြင်းပင်မရှိကြချေ။
လီရွှန်ကျိုးက သိချင်စိတ်ဖြင့် လှမ်းမေးလိုက်သည်။
“သူတို့က ဘာလို့ ဒီနေရာမှာ ဒီအတိုင်းကြီး ထိုင်ပြီးကျင့်ကြံနေကြတာလဲ”
ကျိုးရီက ရှင်းပြလေသည်။
“သူတို့ ဒီနေရာမှာ ကျင့်ကြံနေကြတဲ့အကြောင်းရင်းက ဒီနေရာရဲ့ လေဟာနယ်စွမ်းအင်တွေက အရမ်းကြွယ်ဝနေလို့ပဲ၊ ပြီးတော့ ဒီနေရာက ဟင်းလင်းပြင်နယ်ပယ်လို အချိန်နဲ့ လေဟာနယ်စွမ်းအင်တွေချည်း သီးသန့်ရှိနေတာမျိုး မဟုတ်ဘူး၊
ဒါကြောင့် ဒီနေရာမှာ ကျင့်ကြံတာက အန္တရာယ်မရှိဘဲ စွမ်းအားတွေကို လျင်လျင်မြန်မြန် တိုးတက်လာစေနိုင်တယ်”
“အဲဒီအကြောင်းရင်းကြောင့်ပဲ သူတို့အားလုံး ဒီနေရာမှာ လာပြီးကျင့်ကြံနေကြတာ၊ ငါခန့်မှန်းရသလောက်ဆိုရင် ဒီပြိုင်ပွဲမှာ သီးသန့်စည်းမျဉ်းတွေ ရှိရမယ်၊ အဲဒီအထဲက အချက်တစ်ချက်က ဒီကိစ္စနဲ့ ပတ်သက်နေလိမ့်မယ်”
“မဟုတ်ရင် ဒီလူတွေက ဒီနေရာကို အကြောင်းမဲ့သက်သက် ပြေးလာကြမှာမဟုတ်ဘူး”
အစကတည်းကပင် ဤလူများသည် အချင်းချင်း ယှဉ်ပြိုင်ရန် သို့မဟုတ် ဖလှယ်ရန်အတွက် ဤနေရာသို့ လာရောက်ကြခြင်းဖြစ်သည်ဟု ကျိုးရီ မယုံကြည်ခဲ့ပေ။
သူတို့၏ ကျင့်ကြံခြင်းအဆင့်တွင် မည်သူက ခဏတာ နာမည်ကျော်ကြားမှုကို ဂရုစိုက်နေဦးမည်နည်း။ သူတို့ အလိုရှိသမျှ အရာအားလုံးမှာ လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးအမြတ်များသာ ဖြစ်သင့်သည်။
အကယ်၍ သူတို့သာ အမှန်တကယ် ယှဉ်ပြိုင်တိုက်ခိုက်ချင်သည်ဆိုပါက မဟာကမ္ဘာတစ်ခုနှင့် တိုက်ရိုက်စစ်ခင်းပြီး ပြိုင်ဘက်ကို အဘယ်ကြောင့် မဖျက်ဆီးပစ်ရမည်နည်း။
ထိုသို့လုပ်ဆောင်ခြင်းဖြင့် သူတို့၏ တိုက်ခိုက်ရေးအတွေ့အကြုံများကို မြှင့်တင်နိုင်သည့်အပြင် အရင်းအမြစ်များစွာကိုပါ ရရှိနိုင်မည်မဟုတ်လော။ အဘယ်ကြောင့် ထိုသို့မလုပ်ရမည်နည်း။
ယခုကြည့်ရသည်မှာ ဤနေရာသို့ ရောက်လာရခြင်း၏ အဓိကရည်ရွယ်ချက်က မိမိစွမ်းအားကို မြှင့်တင်ရန်အတွက်သာ ဖြစ်နေပုံရလေတော့သည်။
ထို့အပြင် ဤသည်မှာ ပြိုင်ပွဲတစ်ခုသာဖြစ်ပြီး သေဆုံးမှုများ ရှိလာမည်မဟုတ်ချေ။
ဤသည်ကား ပြီးပြည့်စုံဆုံးသော ရလဒ်ပင် ဖြစ်လေသည်။
ကျိုးရီ၏စကားကို ကြားလိုက်ရသောအခါ လူအများအပြား၏ မျက်လုံးများ တောက်ပသွားကြပြီး သူတို့အားလုံး၏ မျက်နှာထက်၌ လိုလားတောင့်တမှုများ ထုတ်ဖော်ပြသလာကြသည်။
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
“ဪ... ဒါကြောင့်ကိုး၊ ဒီနေရာက တကယ်တော့ ကျင့်ကြံဖို့ခြင်းရတနာမြေကြီး ဖြစ်နေတာပဲ၊ ဒီလိုဆိုရင်တော့ ဒီနေရာမှာ ကျင့်ကြံတာက နတ်ဘုရားဧကရာဇ်အဆင့် ချိုးဖောက်နိုင်မယ့် နည်းလမ်းကို နားလည်သဘောပေါက်နိုင်ဖို့ ပိုပြီး အရှိန်မြှင့်ပေးနိုင်လိမ့်မယ်”
ကျိုးရီလည်း ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။
“သီအိုရီအရတော့ အဲဒီအတိုင်းပဲ၊ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ထိုးထွင်းသိမြင်မှုတွေကို မင်းတို့ကို ဝေမျှပေးပြီးပြီလေ၊ တခြားသူတွေမှာက ဒီလိုထိုးထွင်းသိမြင်မှုတွေ မရှိကြတော့ သူတို့က မင်းတို့လောက် မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်မှာမဟုတ်ဘူး”
“ဒီတော့ မင်းတို့လည်း ချက်ချင်းကျင့်ကြံဖို့အတွက် ဒီလို အကောင်းဆုံးအခွင့်အရေးကို အမိအရဆုပ်ကိုင်ထားကြ၊ ဒီနည်းလမ်းက မင်းတို့ကို နတ်ဘုရားဧကရာဇ်အဆင့်အထိ ရောက်ရှိသွားစေဖို့ ကူညီပေးနိုင်မယ့် အခွင့်အရေးတစ်ခု ရှိကောင်းရှိလာနိုင်တယ်၊
အဲဒီအဆင့်ကို မရောက်နိုင်ခဲ့ရင်တောင်မှ လက်ရှိအဆင့်ရဲ့ အထွတ်အထိပ်ကိုတော့ ရောက်နိုင်ပါသေးတယ်”
“နတ်ဘုရားဧကရာဇ်တစ်ပါးကို အနိုင်မယူနိုင်ဘူး ဆိုရင်တောင်မှ ဒီစကြဝဠာကြီးထဲမှာ နယ်မြေနယ်ဘုရားအဆင့် အထွတ်အထိပ်ကျင့်ကြံသူကို လွယ်လွယ်ကူကူရောက်နိုင်တဲ့သူ ဘယ်နှစ်ယောက်များရှိလို့လဲ၊
နယ်မြေနတ်ဘုရားအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ဖို့ဆိုတာက လူတော်တော်များများအတွက် အိပ်မက်မက်ရုံသာတတ်နိုင်တဲ့ အရာတစ်ခုဖြစ်နေပြီလေ”
အားလုံးက ကျိုးရီ၏ စကားကို အပြည့်အဝသဘောတူကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
တစ်ဦးက တက်ကြွစွာ အကြံပြုလာသည်။
“ဒီလိုဆိုမှတော့ ကျွန်တော်တို့ ချက်ချင်းပဲ စပြီးကျင့်ကြံကြတာပေါ့”
အခြားသူများကလည်း တညီတညွတ်တည်း ထောက်ခံလိုက်ကြသည်။
“သွားကြစို့”
သူတို့သည် ကျင့်ကြံရန်အတွက် သီးခြားနေရာများကို ချက်ချင်းရှာဖွေလိုက်ကြသည်။
သို့သော် ကျိုးရီမှာမူ သူတို့ကဲ့သို့ စိတ်အားထက်သန်မနေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့စွမ်းအားက အခြားသူများထက် များစွာ ကြီးမားလွန်းနေသောကြောင့်ပင်။
ဤကဲ့သို့သော နေရာမျိုးတွင် ကျင့်ကြံခြင်းကပင် သူ၏ ကျင့်ကြံမှုအရှိန်ကို ပိုမိုမြန်ဆန်လာအောင် မစွမ်းဆောင်ပေးနိုင်တော့ချေ။
တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက နတ်ဘုရားဧကရာဇ်အဆင့်သို့ ရောက်ရှိသွားသည်နှင့်... မဟုတ်သေး... တိတိကျကျ ဆိုရလျှင် နယ်မြေနတ်ဘုရားအဆင့်သို့ ရောက်ရှိပြီးနောက်ပိုင်း အဆင့်တစ်ခုစီ၏ကြားရှိ ကွာဟချက်များမှာ အခြေခံအားဖြင့် ကမ္ဘာတစ်ခုစာမျှ ကွာခြားသွားလေပြီ။
အဆင့်တစ်ခုကို ကျော်ဖြတ်နိုင်ရန် ကျင့်ကြံခြင်းအရင်းအမြစ်လိုအပ်ချက်က ယုတ္တိမတန်လောက်အောင်ပင် တိုးလာလေ့ရှိသည်။
ထို့ကြောင့် ဤနေရာရှိ စွမ်းအင်များက အလွန်သိပ်သည်းနေသော်ငြားလည်း သူ့အပေါ်တွင်မူ အကျိုးသက်ရောက်မှုအနည်းငယ်သာ ရှိလေသည်။
သို့သော် ထိုအချိန်တွင် အောက်ဘက်မှ ဆူဆူညံညံအသံတချို့ ထွက်ပေါ်လာလေသည်။
ခက်ထန်မာကျောသော အသံတစ်သံက ဟိန်းဟောက်လိုက်၏။
“ဒါက ငါတို့ အရှေ့ပိုင်း ဝိညာဉ်မဟာကမ္ဘာရဲ့ နယ်မြေကွ၊ မင်းတို့လို ကောင်လေးတွေက ဘယ်ကနေလာပြီး ဒီနေရာကို ရဲရဲတင်းတင်း ဝင်လာရဲတာလဲ၊ မင်းတို့က အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်”
နောက်ထပ်အသံတစ်သံက ဒေါသတကြီး တုံ့ပြန်လာသည်။
“ချီးပဲ၊ စောစောက ဒီနေရာမှာ ဘယ်သူမှမရှိတာ အထင်းသားကြီး မြင်နေရတာကို ဘာလို့ မင်းတို့နယ်မြေလို့ ပြောရတာလဲ၊ အခုမှရောက်လာပြီးတော့ ဒီနေရာကို လုချင်နေတာလား၊ အဲဒါက အရမ်းဗိုလ်ကျလွန်းရာမကျဘူးလား”
အခြားတစ်ဦးကလည်း မခံမရပ်နိုင်ဖြစ်ကာ ဝင်ပြောလိုက်သည်။
“ဟုတ်တယ်၊ အားလုံးက ဒီကို ပထမဆုံးအကြိမ် ရောက်လာကြတာချည်းပဲ၊ မင်းတို့ကိုယ်မင်းတို့ အရမ်း အထင်ကြီးနေကြတာလား၊ ငါတို့လည်း ပြိုင်ပွဲဝင်ဖို့လာတာပဲ၊ ဘယ်သူက ဘယ်သူ့ကိုကြောက်ရမှာလဲ”
ရန်စလာသူဘက်မှ အသံကျယ်ကျယ်ဖြင့် ခြိမ်းခြောက်လာပြန်သည်။
“ခွေးကောင်တွေ... မင်းတို့ကတော့ သေချင်နေပြီထင်တယ်၊ ဒီလိုဆိုမှတော့ မင်းတို့ကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံမိရင် ငါ့ကို လာအပြစ်မတင်နဲ့တော့”
သူတို့အဖွဲ့ထဲမှ အခြားတစ်ဦးကလည်း ဆွပေးလိုက်သည်။
“သူတို့နဲ့ စကားပြောနေလို့ ဘာထူးမှာလဲ၊ တက်သာချလိုက်စမ်းပါ၊ ကျက်သတုံးကောင်တွေ... သတ်ပစ်လိုက်မှ သူတို့နေရာသူတို့ သိသွားမှာ”
တစ်ဖက်မှလည်း မခံချင်စိတ်ဖြင့် စိန်ခေါ်လိုက်သည်။
“လာခဲ့လေ... တိုက်ကြတာပေါ့၊ ဘယ်သူက ဘယ်သူ့ကိုကြောက်နေလို့လဲ၊ ငါတို့ကိုများ အလွယ်လေး အနိုင်ယူလို့ရတဲ့သူလို့ ထင်နေကြတာလား”
အားလုံး၏ပါးစပ်ဖျားမှ ကြွေးကြော်သံများ တညီတညွတ်တည်း ထွက်ပေါ်လာသည်။
“သတ်”
တိုက်ပွဲက ချက်ချင်းပင် စတင်ဖြစ်ပွားလာလေသည်။ ကျိုးရီ မျက်မှောင်ကြုတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ရန်စခံရသူများမှာ သူ့လူများ ဖြစ်နေသောကြောင့်ပင်။
ကျိုးရီသည် စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။
“အရှေ့ပိုင်း ဝိညာဉ်မဟာကမ္ဘာ... ဟုတ်လား၊ ဒီမဟာကမ္ဘာအကြောင်း ငါ တစ်ခါမှ မကြားဖူးပါဘူး၊ ဒါက ဒီစကြဝဠာထဲက သာမန်ကမ္ဘာတစ်ခုပဲ ဖြစ်ရမယ်၊ ဒါပေမယ့် သူတို့က အရမ်းဗိုလ်ကျလွန်းတယ်၊ ဒါက ယုတ္တိမရှိဘူး မဟုတ်လား”
ထိုအချိန်၌ အောက်ဘက်တွင် တိုက်ပွဲတစ်ခု ပေါက်ကွဲဖြစ်ပေါ်နေပြီ ဖြစ်သည်။
ဤကမ္ဘာကြီး၏ ကြီးမားကျယ်ပြောမှုကြောင့် ယင်းက အလွန်အမင်းကြီးမားလှသော လှုပ်ခတ်မှုကြီးတစ်ခုကိုတော့ မဖြစ်ပေါ်စေခဲ့ပေ။
သို့သော် သူတို့အားလုံးသည် နယ်မြေနတ်ဘုရားအဆင့်ရှိ အင်အားကြီးသူများ ဖြစ်ကြသည်မဟုတ်လော။ သူတို့၏ တိုက်ပွဲက မည်သည့်ဂယက်ရိုက်ခတ်မှုကိုမျှ မဖြစ်ပေါ်စေဘူးဆိုလျှင် လက်တွေ့ကျမည်မဟုတ်ပေ။
ထို့ကြောင့် နှစ်ဖက်အုပ်စု စတင်တိုက်ခိုက်ကြသည်နှင့်တပြိုင်နက် ပွဲကြည့်ပရိသတ်တစ်အုပ်ကြီးကို လျင်မြန်စွာ ဆွဲဆောင်နိုင်ခဲ့လေသည်။
ထိုလူများအားလုံးသည် ကမ္ဘာအသီးသီးမှ လာရောက်ကြသော အင်အားကြီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့သည် ဘေးမှရပ်ကြည့်ရင်း တိုက်ပွဲကို လှောင်ပြောင်သရော်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတစ်ပါးပြဿနာတက်သည်ကို ကြည့်ပြီး ပျော်ရွှင်တတ်သော သဘောသဘာဝက လူသားမျိုးနွယ်များ၏ အရိုးထဲအထိ စိမ့်ဝင်နေပြီဖြစ်သည်။
အားလုံးက အလွန်အမင်း အင်အားကြီးမားသော ဖြစ်တည်မှုများ ဖြစ်လာခဲ့လျှင်တောင်မှ ဤအားနည်းချက်ကို သူတို့ မထိန်းချုပ်နိုင်ကြချေ။
သို့သော် တိုက်ပွဲက အလွန်ကြာမြင့်စွာ မဖြစ်ပွားခဲ့ပေ။ မကြာမီမှာပင် လူတစ်စု ရောက်ရှိလာပြီး ဝင်ရောက်ဖျန်ဖြေပေးလေသည်။
ရောက်လာသူများထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“ရဲတင်းလှချည်လား၊ ကျက်သရေမရှိတဲ့ ခွေးကောင်တွေ... မင်းတို့က ကိုယ့်စွမ်းအားကို မြှင့်တင်ဖို့ ဒီနေရာမှာ သေသေချာချာမကျင့်ကြံဘဲ အသေအကြေ လာတိုက်ခိုက်နေကြတယ်ပေါ့၊ တခြားသူတွေ ကျင့်ကြံနေတာကိုတောင် အနှောင့်အယှက်ဖြစ်စေတယ်”
“မင်းတို့က တကယ်ပဲ အသက်ရှင်ရတာကို ငြီးငွေ့နေပြီထင်တယ်၊ ဒီနေရာမှာ ရိုရိုသေသေမနေချင်ရင် အကုန်လုံး ထွက်သွားကြစမ်း”
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပွဲကြည့်ပရိသတ်များမှာ ချက်ချင်းပင် အံ့ဩတုန်လှုပ်သွားကြလေသည်။
တစ်ဦးက အလန့်တကြား အော်ဟစ်လိုက်သည်။
“နဂါးမျိုးနွယ်စုတွေပါလား”
နောက်တစ်ဦးကလည်း စိတ်လှုပ်ရှားစွာ ဝင်ပြောလိုက်သည်။
“ဘုရားရေ... အခုမှ တကယ့်ပွဲကောင်း ကြည့်ရတော့မယ်၊ သူတို့က တကယ့်ကို ပြဿနာအကြီးကြီး ဖန်တီးလိုက်တာပဲ”
အခြားသူတစ်ဦးကလည်း လေးနက်သော လေသံဖြင့် သုံးသပ်ပြလေသည်။
“ဒီလောက် အင်အားကြီးမားတဲ့ နဂါးမျိုးနွယ်စုတွေပါ ဒီကမ္ဘာကြီးကိုလာတဲ့အခါ သူတို့က တာဝန်ခံတွေဖြစ်သွားကြတယ်၊ ဒီနေရာရဲ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ သူတို့မှာ တာဝန်ရှိတယ်၊
ဘယ်ကမ္ဘာကပဲဖြစ်ဖြစ် ဒီနေရာမှာ ရဲရဲတင်းတင်း ပြဿနာရှာရဲရင် သူတို့က လုံးဝ အလွယ်တကူ ခွင့်လွှတ်ပေးမှာမဟုတ်ဘူး”
အခြားတစ်ဦးကလည်း နဂါးမျိုးနွယ်စု၏ စည်းမျဉ်းများကို ရှင်းပြလာသည်။
“နဂါးမျိုးနွယ်စုက အစကတည်းက အမိန့်ထုတ်ထားပြီးသား၊ ဒီနေရာမှာ ဘယ်သူမဆို ရဲရဲတင်းတင်းပြဿနာရှာရဲရင် အဲဒီလူတွေကို ဒီနေရာကနေ မောင်းထုတ်ပစ်ရုံတင်မကဘူး၊ ဆိုးရွားလာရင် သူတို့ကိုသတ်ပစ်ပြီး သူတို့ကမ္ဘာက အင်အားကြီးကျင့်ကြံသူတွေကိုပါ ဒီစကြဝဠာထဲကနေ အမြစ်ပြတ်ချေမှုန်းပစ်မယ်တဲ့”
“နယ်မြေနတ်ဘုရားတစ်ပါးဆိုတာ ဒီကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး ဖြစ်တည်မှုပဲလေ၊ အဲဒီလိုလူမျိုး အသတ်ခံလိုက်ရပြီဆိုတာနဲ့ ပြီးပြီပဲ၊ အဲဒီကမ္ဘာက ခုခံကာကွယ်နိုင်စွမ်းတွေ အားလုံး ဆုံးရှုံးသွားပြီး နောက်ဆုံးမှာ တခြားကမ္ဘာတွေရဲ့ ကျူးကျော်တာကို ခံရမယ်၊
အရင်းအမြစ်တွေ အားလုံးကို လုယက်ခံရမယ်၊ ပြီးတော့ နောက်ဆုံးမှာ ဖျက်ဆီးခံရပြီး တခြားကမ္ဘာတွေက လုံးဝသိမ်းပိုက်သွားတာကို ခံရတော့မှာပဲ”
ထိုအခါ အခြားတစ်ဦးက အရှေ့ပိုင်း ဝိညာဉ်မဟာကမ္ဘာကို လှောင်ပြောင်လိုက်သည်။
“အရှေ့ပိုင်း ဝိညာဉ်မဟာကမ္ဘာကတော့ အရမ်းတုံးတာပဲ၊ အင်အားမကြီးဘဲနဲ့ ပြဿနာလာရှာနေတယ်၊ ဒါပေမယ့် ရန်ဟွမ်မဟာကမ္ဘာကကျတော့ ဘာဖြစ်လို့လဲ၊ သူတို့ရဲ့ စွမ်းအားက သိပ်မကြီးမားပါဘူး၊