← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း (၁၃၈) - နဂါးမျိုးနွယ်စုနှင့် ထပ်မံဆုံတွေ့ခြင်း (၂)

“ဒါပေမယ့် သူတို့က အတော်လေးရဲတင်းနေတယ်၊ သူတို့ရဲ့ အရင်းအမြစ်တွေ ဆုံးရှုံးသွားမှာကို မကြောက်ကြဘူးလား၊ တကယ်ကို ဟာသပဲ”

ဘေးမှ လူတစ်ဦးက သဘောကျစွာဖြင့် ရယ်မောလိုက်သည်။

“ဟီးဟီး... ဒါက သူတို့အတွက်တော့ ကိစ္စကောင်းမဟုတ်ပေမယ့် ငါတို့အတွက်တော့ အရမ်းကောင်းတဲ့ ကိစ္စပဲလေ”

“သူတို့ကမ္ဘာက ဖျက်ဆီးခံလိုက်ရပြီဆိုတာနဲ့ ငါတို့က အဲဒီအခွင့်အရေးကိုယူပြီး အကျိုးအမြတ်တချို့ကို သွားလုလို့ရပြီ”

ကျန်သူများကလည်း တက်ကြွစွာ ထောက်ခံလိုက်ကြသည်။

“ဟုတ်တယ်လေ၊ စကားပုံထဲမှာတောင် ရှိသေးတာပဲ... ကိုယ်သေမယ့်အစား တာအိုရောင်းရင်းသေတာက ပိုကောင်းတယ်တဲ့၊ သူတို့ သေတာ ရှင်တာက ငါတို့နဲ့မှ မဆိုင်တာ၊

ငါတို့က အသက်ရှင်နေပြီး အဲဒီကနေ အကျိုးအမြတ် ရနေသမျှကာလပတ်လုံး အဲဒါက အကောင်းဆုံးပဲလေ”

အားလုံးသည် ဤပြက်လုံးကို ကြည့်ရှုရန် အသင့်ဖြစ်နေကြ၏။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူတို့အတွက် အချိန်ဖြုန်းစရာ ဖျော်ဖြေမှုတစ်ခု ဖြစ်ရုံသာမက အကျိုးအမြတ်များကိုပါ ယူဆောင်လာပေးနိုင်သည့် အရာတစ်ခု ဖြစ်နေသည်မဟုတ်လော။

မည်သူက ဤကဲ့သို့သောအခြေအနေမျိုးကို မနှစ်သက်ဘဲနေမည်နည်း။

နဂါးမျိုးနွယ်စုများသည် လူအုပ်စုနှစ်စုကြားသို့ လျင်မြန်စွာ ဆင်းသက်လာခဲ့ကြသည်။

သူတို့ကို မြင်လိုက်ရသည်နှင့်တပြိုင်နက် အရှေ့ပိုင်း ဝိညာဉ်မဟာကမ္ဘာမှ လူများနှင့် ရန်ဟွမ်မဟာကမ္ဘာမှ လူအားလုံး၏ မျက်နှာထက်တွင် စိုးရိမ်ထိတ်လန့်မှုအရိပ်အယောင်များ ထင်ဟပ်လာကြလေသည်။

နဂါးမျိုးနွယ်စု၏ အင်အားကြီးမားမှုက တစ်ကမ္ဘာလုံးတွင် အမြဲတစေ ထင်ရှားကျော်ကြားနေခဲ့သည်မဟုတ်လော။

အကယ်၍ သူတို့ကသာ နဂါးမျိုးနွယ်စုကို ဆန့်ကျင်မိပါက ကောင်းမွန်သောအကျိုးဆက်တစ်ခု ရှိလာလိမ့်မည်မဟုတ်ပေ။

သို့သော် ယခုအချိန်တွင်မူ သူတို့ကို စော်ကားမိသလို ဖြစ်သွားခဲ့လေပြီ။

တိတိကျကျ ဆိုရလျှင် စော်ကားမိခြင်းဟု ဆိုခြင်းထက် နဂါးမျိုးနွယ်စု၏ စည်းမျဉ်းများကို ချိုးဖောက်မိခဲ့ခြင်းသာဖြစ်ပြီး ထိုအချက်က သူတို့ကို အမြင်မကြည် ဖြစ်သွားစေခဲ့သည်။

ဤသည်မှာ သူတို့အတွက် အလွန်တရာအန္တရာယ်ကြီးမားလှသော အခြေအနေတစ်ရပ် ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ စွမ်းအားများက အားနည်းလွန်းနေသောကြောင့်ပင်။ အနည်းဆုံးတော့ တစ်ဖက်လူ၏ ရှေ့မှောက်တွင် သူတို့က အလွန်အားနည်းနေပုံ ပေါက်နေသည်။

တစ်ဖက်လူအား ဒေါသထွက်စေခြင်းက သူတို့အတွက် ကောင်းမွန်သောကိစ္စတစ်ခု မဟုတ်ချေ။ အဆိုးဆုံး အနေဖြင့် သူတို့ အသက်ပါ ဆုံးရှုံးသွားနိုင်ခြေရှိပေသည်။

တစ်ဖက်လူ၏ လက်ထဲတွင်မူ ဤကိစ္စက ရိုးရှင်းသော ကိစ္စလေးတစ်ခုမျှသာ ဖြစ်သည်။

သူတို့သည် ပုရွက်ဆိတ်လေးများပမာ ဖြစ်နေပြီး မည်သည့်နည်းနှင့်မျှ ခုခံနိုင်စွမ်း သို့မဟုတ် ခုခံနိုင်ရန်အခွင့်အရေး မရှိကြပေ။

သူတို့လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ တစ်ဖက်လူက သူတို့အားလုံးကို အမြစ်ပြတ်မချေမှုန်းပစ်စေရန်အတွက် ခွင့်လွှတ်ပေးရန် တောင်းပန်ခြင်းသာ။

ထို့ကြောင့် သူတို့သည် ချက်ချင်းပင် ဒူးထောက်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် တစ်ဖက်လူကို စတင်စွပ်စွဲလာကြသည်။

“နဂါးမျိုးနွယ်စုရဲ့သံတမန်ကို သတင်းပို့ပါတယ်၊ ဒါတွေ အားလုံးက ကျွန်တော်တို့ရဲ့အမှား မဟုတ်ပါဘူး၊ သူတို့က ကျွန်တော်တို့ရဲ့နေရာကို လုယူခဲ့လို့ ကျွန်တော်တို့ သူတို့နဲ့ တိုက်ခိုက်ခဲ့ရတာပါ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အပြစ်တင်မယ်ဆို သူတို့ကိုပဲ အပြစ်တင်ရမှာပါ”

လီရွှန်ကျိုးနှင့် အခြားသူများမှာ ထိုစကားကို ကြားလိုက်ရချိန်တွင် ဒေါသအမျက် ချောင်းချောင်းထွက်သွားကြပြီး ချက်ချင်းပင် ကျိန်ဆဲလိုက်ကြသည်။

“ခွေးကောင်တွေ... မင်းတို့က လူစိတ်မရှိတာပဲ၊ လိမ်ပြောတဲ့နေရာမှ နည်းနည်းလေးတောင် မတွန့်ဆုတ်ဘူး၊ ဒီနေရာမှာ ငါတို့က အရင်ဆုံး စကျင့်ကြံနေခဲ့တာ အထင်းသားကြီးကို၊ မင်းတို့က အခုမှ ရောက်လာပြီး ငါတို့ကို မောင်းထုတ်ချင်နေတာလေ၊

အခုကျတော့ ဇာတ်ကြောင်းကို ပြောင်းပြန်လှန်ပစ်ပြီး ငါတို့ကပဲ မင်းတို့နေရာကိုလုတယ်လို့ ပြောနေသေးတယ်၊ မင်းတို့မှာ အသိတရားဆိုတာလေးရော ရှိသေးရဲ့လား”

အရှေ့ပိုင်း ဝိညာဉ်မဟာကမ္ဘာမှ လူများက ခက်ထန်စွာ တုံ့ပြန်လာသည်။

“ဟမ့်... နှစ်ပေါင်းများစွာကြာတဲ့အထိ ငါတို့ အရှေ့ပိုင်း ဝိညာဉ်မဟာကမ္ဘာက ဒီကိုလာတိုင်း အမြဲတမ်း ဒီနေရာမှာပဲ ကျင့်ကြံခဲ့တာ၊ အဲဒါကို အားလုံးသိကြတယ်၊

မင်းတို့က ဒီကို အခုမှရောက်လာပြီး ငါတို့နေရာကို လုသွားရုံတင်မကဘူး ဆင်ခြေပါ ပေးရဲသေးတယ်ပေါ့၊ ငါတို့ကို တကယ်ပဲ အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား”

လီရွှန်ကျိုးက ဒေါသတကြီး ပြန်လည်ချေပလိုက်သည်။

“ချီးပဲ၊ ဒီလိုစည်းမျဉ်းမျိုးရှိတယ်လို့ ငါတို့ တစ်ခါမှ မကြားဖူးပါလား၊ ဒီနေရာက အရင်လာတဲ့သူက အရင်ရမှာပဲလေ၊ မင်းတို့ဘာသာ နောက်ကျမှရောက်လာပြီးတော့မှ ဒီမှာလာပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေသေးတယ်”

“မင်း...”

အရှေ့ပိုင်း ဝိညာဉ်မဟာကမ္ဘာမှ လူများသည် ဒေါသထွက်လွန်းသဖြင့် အံကြိတ်ထားကြပြီး လီရွှန်ကျိုးကို အရှင်လတ်လတ်ဝါးစားချင်စိတ်များ ပေါက်လာကြသည်။

သူတို့ထဲမှ တစ်ဦးက နဂါးမျိုးနွယ်စုသံတမန်ကို အသနားခံလိုက်သည်။

“နဂါးမျိုးနွယ်စုသံတမန်ကြီး... သတ်မှတ်ထားတဲ့နေရာတစ်ခုမှာ ကျင့်ကြံတဲ့သူက နောက်ပိုင်းမှာလည်း အဲဒီနေရာမှာပဲ ဆက်ကျင့်ကြံရတယ်ဆိုတာ အားလုံးသိပြီးသားကိစ္စပါ၊

ဒါက အားလုံးကြားထဲမှာ တရားဝင်မကြေညာထားတဲ့ စည်းမျဉ်းတစ်ခုလို ဖြစ်နေပါပြီ၊ ဒီကောင်တွေက ဒီကို အခုမှရောက်လာပြီး ဒီစည်းမျဉ်းကို ချိုးဖောက်ချင်နေတာပါ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပါ”

နဂါးမျိုးနွယ်စုဝင်များ စကားပြောရန် ပြင်လိုက်ချိန်တွင် သူတို့ထဲမှတစ်ဦးသည် လီရွှန်ကျိုးနှင့် ရွှမ်ရဲကို ရုတ်တရက် တွေ့လိုက်ရပြီး သူတို့၏အမည်များကို ချက်ချင်း မှတ်မိသွားခဲ့လေသည်။

ထိုသူက အံ့သြတကြီး ရေရွတ်လိုက်သည်။

“အို... မင်းတို့နှစ်ယောက်လည်း ဒီကိုရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ မင်းတို့နှစ်ယောက် ဒီမှာ ရှိနေမှတော့ အဲဒီလူလည်း ဒီမှာရှိနေမှာပဲ”

ထိုအသံကို ကြားလိုက်ရချိန်တွင် လီရွှန်ကျိုးနှင့် ရွှမ်ရဲတို့မှာ ချက်ချင်းပင် မှင်တက်သွားကြလေသည်။

ထိုအခါမှသာ စကားပြောနေသူမှာ မည်သူဖြစ်ကြောင်းကို သူတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။

ထိုသူမှာ အခြားသူမဟုတ်၊ အကြီးအကဲလိန် ဖြစ်နေလေသည်။

မိုးပြာနဂါးလေးကြောင့် ရန်ဟွမ်မဟာကမ္ဘာသို့ သွားရောက်ခဲ့သော နဂါးမျိုးနွယ်စုမှ အကြီးအကဲလိန်ပင်။

သူသည် ကျိုးရီနှင့် တစ်ကြိမ်တိုက်ခိုက်ခဲ့ဖူးပြီး ရှုံးနိမ့်ခဲ့ဖူးသူလည်း ဖြစ်သည်။

ထိုစဉ်က မိုးပြာနဂါးလေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးရန်အတွက် နဂါးမျိုးနွယ်စုထံ ပြန်သွားမည်ဟု သူပြောခဲ့သော်လည်း သူ ပြန်မပေါ်လာခဲ့သလို ယခုအချိန်အထိ သူတို့ကိုလည်း လာရောက်ရှာဖွေခြင်းမရှိခဲ့ပေ။

ယနေ့ ဤနေရာတွင် သူနှင့် လာဆုံလိမ့်မည်ဟု လီရွှန်ကျိုးတို့ လုံးဝ ထင်မှတ်မထားခဲ့ကြချေ။

လီရွှန်ကျိုးနှင့် ရွှမ်ရဲက ချက်ချင်းပင် လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးလိုက်ကြသည်။

“အကြီးအကဲလိန်”

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အရှေ့ပိုင်း ဝိညာဉ်မဟာကမ္ဘာမှ လူများနှင့် အခြားသော မဟာကမ္ဘာများမှ လူအားလုံးမှာ ချက်ချင်းပင် အံ့အားသင့် တုန်လှုပ်သွားကြလေသည်။

တစ်ဦးက မယုံနိုင်စွာ ရေရွတ်လိုက်သည်။

“ဘုရားရေ... သူတို့က နဂါးမျိုးနွယ်စုနဲ့ ဆက်နွယ်မှုရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

နောက်တစ်ဦးကလည်း မနာလိုဖြစ်ကာ ဝင်ပြောလိုက်သည်။

“သူတို့က ကံအရမ်းကောင်းလွန်းနေပြီ၊ နဂါးမျိုးနွယ်စုနဲ့ ဆက်နွယ်မှု ရှိနေပြီး နဂါးမျိုးနွယ်စုက သူတို့ကို ကာကွယ်ပေးထားမယ်ဆိုရင် သူတို့က ဒီနေရာမှာ သူတို့ သဘောကျသလို လျှောက်သွားနေနိုင်တော့မှာပေါ့”

အခြားတစ်ဦးကလည်း ထောက်ခံလိုက်သည်။

“ဟုတ်တယ်၊ သူတို့ သေချာပေါက် စိတ်တိုင်းကျ လျှောက်သွားနေကြတော့မှာ၊ ဘာပဲဖြစ်ဖြစ် နဂါးမျိုးနွယ်စုက အရမ်း အင်အားကြီးတယ်လေ၊ ပြီးတော့ သူတို့က ကိုယ့်လူကိုယ် ကာကွယ်ပေးတဲ့နေရာမှာ နာမည်ကြီးတယ်၊ နဂါးမျိုးနွယ်စုရဲ့ ကျောထောက်နောက်ခံ ရှိနေမှတော့ သူတို့တက်လာမှာကို တားလို့မရတော့ဘူး”

ပွဲကြည့်ပရိသတ်တစ်ဦးက အရှေ့ပိုင်း ဝိညာဉ်မဟာကမ္ဘာကို လှောင်ပြောင်လိုက်သည်။

“အရှေ့ပိုင်း ဝိညာဉ်မဟာကမ္ဘာကတော့ အခု သေချာပေါက် အဆုံးသတ်သွားပြီ၊ သူတို့က တကယ့်သံမဏိပြားကြီးကိုမှ သွားကန်မိတာပဲ၊ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းနေပြီ”

အခြားတစ်ဦးကလည်း ဝေဖန်သုံးသပ်ပြလေသည်။

“အဲဒီကိစ္စအတွက် ဘယ်သူ့ကို သွားအပြစ်တင်လို့ရမှာလဲ၊ သူတို့ ဦးနှောက်မရှိလို့ပဲလေ၊ ဘယ်သူက ဘယ်နေရာကို လာလာ အဲဒီနေရာမှာဆက်ကျင့်ကြံရမယ်လို့ ပြောကြပေမယ့် ဒါက အားလုံးကြားထဲက သဘောတူညီမှုလေးတစ်ခု သက်သက်ပဲ၊ တကယ့် တရားဝင်သတ်မှတ်ထားတဲ့စည်းမျဉ်း မဟုတ်ဘူး၊ ဒါကြောင့် လူတိုင်းက အဲဒီစည်းမျဥ်းအတိုင်း လိုက်နာနေဖို့မလိုဘူး”

နောက်တစ်ဦးကလည်း ဝင်ရောက်ဆွေးနွေးလာသည်။

“ဟုတ်တယ်၊ အကယ်၍ အင်အားစုတစ်ခုက အစတုန်းက အင်အားနည်းနေလို့ နေရာဆိုးတစ်ခုကို ရွေးချယ်ခဲ့ရတယ်ဆိုပါစို့၊ အဲဒီနောက်မှာ သူတို့ရဲ့ စွမ်းအားက ကြီးမားလာပြီဆိုရင် အဲဒီနေရာဆိုးမှာပဲ ဘယ်လိုလုပ် ဆက်နေမှာလဲ၊ သူတို့က နေရာကောင်းတစ်ခုကို သေချာပေါက် ရွေးချယ်ကြမှာပဲလေ”

“ဒါက မူလကတည်းက မသေချာမရေရာတဲ့ စည်းမျဥ်းတစ်ခုပါ၊ ဒါပေမယ့် သူတို့က ဒါကို အကြောင်းပြပြီး တခြားသူတွေကို နှိမ်ချင်နေတာ၊ အခုတော့ သူတို့ကို နဂါးမျိုးနွယ်စုက သေချာပေါက် အပြစ်ပေးတော့မှာပဲ”

ထိုအချိန်၌ အရှေ့ပိုင်း ဝိညာဉ်မဟာကမ္ဘာမှ လူများမှာ နောင်တကြီးကြီး ရနေကြပြီ ဖြစ်သည်။ သူတို့၏ ရန်သူက နဂါးမျိုးနွယ်စုနှင့် အဆက်အသွယ်ရှိနေလိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွေးမိခဲ့ကြချေ။

ယခုတော့ သူတို့ တကယ်ကို ပြီးဆုံးသွားခဲ့လေပြီ။ အလွန်ဆိုးရွားသော ပြဿနာကြီးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

အကြီးအကဲလိန်က စကားဆကိပြောရန် ပြင်လိုက်သော်လည်း အောက်ဘက်ရှိ အခြေအနေကို မြင်သောအခါ အခြားကိစ္စများကို မမေးမြန်းမီ သူတို့၏ပြဿနာကို အရင်ဆုံးဖြေရှင်းပေးရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူက ခက်ထန်သော မျက်နှာထားဖြင့် မေးခွန်းထုတ်လိုက်သည်။

“အရှေ့ပိုင်း ဝိညာဉ်လောကဧကရာဇ်... ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းမှာ ဘာပြောစရာရှိသေးလဲ”

ထိုအချိန်တွင် အရှေ့ပိုင်း ဝိညာဉ် လောကဧကရာဇ်က သတ္တိမွေးကာ ပြန်လည်ဖြေကြားလေသည်။

“အကြီးအကဲလိန်... ဒါက ရှေးခေတ်ကတည်းကရှိခဲ့တဲ့ စည်းမျဉ်းတစ်ခုပါ၊ အားလုံးကလည်း ဒီစည်းမျဉ်းကို လေးစားကြပါတယ်၊ သူတို့က အရင်ဆုံးအမှားလုပ်ခဲ့တာ အထင်းသားကြီးကို၊ ဒါကို ကျွန်တော်တို့က အပြစ်ပေးခံရဦးမှာလား”

အကြီးအကဲလိန်က တစ်ဖက်လူကို လုံးဝအရေးမစိုက်ကြောင်း ပြသသည့်အနေဖြင့် အလွန်အမင်း ရွံရှာမုန်းတီးဟန်ပြကာ ဟိန်းဟောက်လိုက်သည်။

“ဟမ့်... ဒါက တကယ့်ကို ရယ်စရာကောင်းလွန်းတဲ့ စကားပဲ”

“မင်းက ငါ့ကို အရူးတစ်ယောက်လို့များ ထင်နေတာလား၊ ဒီစည်းမျဉ်းက အစကတည်းက လုံးဝမရှိခဲ့တာ၊ မင်းတို့ ကိုယ့်ကိုယ်ကိုယ် သနားစရာကောင်းအောင် ဇာတ်လမ်းဆင်ပြီး စကားတွေကို လိုရာဆွဲပြောနေတာပဲ”

“ဒါပေမယ့် မင်းကို ငါ ရှင်းရှင်းလင်းလင်းပြောလိုက်မယ်၊ ငါ့ဆီမှာ လာပြီး ဒီလိုလုပ်နေတာအလကားပဲ၊ အမှားက အမှား၊ အမှန်က အမှန်ပဲ”

“မင်းတို့လို ခွေးကောင်တွေက လူဟောင်းဖြစ်တာကို အားကိုးပြီး လူသစ်တွေကို အနိုင်ကျင့်ချင်နေတာ၊ မင်းတို့ကို ငါ ပြောလိုက်မယ်၊ အဲဒါက လုံးဝမဖြစ်နိုင်ဘူး၊ ဒီနေရာမှာ အရာအားလုံးက စွမ်းအားအပေါ်မှာပဲ မူတည်တယ်”

“မင်းက အင်အားကြီးတယ်ဆိုရင် ဘာမဆိုလုပ်လို့ရတယ်၊ မင်းက အင်အားမလုံလောက်ဘူးဆိုရင်တော့ ခြေထောက်အောက်မှာ နင်းချေခံရဖို့ပဲရှိတယ်”

အရှေ့ပိုင်း ဝိညာဉ်လောကဧကရာဇ်က တစ်ဖက်လူ၏ စကားထဲမှ ဟာကွက်ကို အသုံးချရန်ကြိုးစားကာ ထပ်မံစကားဆိုလာသည်။

“ဒီလိုဆိုရင်တော့ ကျွန်တော်တို့ သူတို့နဲ့ တိုက်ပွဲဝင်ဖို့အသင့်ပါပဲ၊ ဘယ်သူက အင်အားကြီးလဲ၊ ဘယ်သူက အားနည်းလဲဆိုတာ ကြည့်ကြတာပေါ့”

သို့သော် ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် သူသည် သံမဏိပြားကြီးကို သွားကန်မိသွားခြင်းဖြစ်လေရာ တစ်ဖက်လူက သူ့အား လုံးဝ အလျှော့ပေးမည် မဟုတ်တော့ချေ။

All Chapters