← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း (၁၃၉) - မိတ်ဆွေဟောင်းတစ်ဦးနှင့် တွေ့ဆုံခြင်း (၁)

အကြီးအကဲလိန်က ဒေါသတကြီး ဟောက်လိုက်သည်။

“ဟန်ဆောင်နေတာကို ရပ်လိုက်စမ်း၊ မင်းကို ငါ မသတ်ရဲဘူးလို့ တကယ်ထင်နေတာလား၊ မင်းက ငါ့စကားကို ဖြတ်ပြောချင်နေသေးတယ်ပေါ့၊ မင်းတို့က အကောင်းအဆိုး မခွဲခြားတတ်တဲ့ အသိဉာဏ်မဲ့တဲ့ ခွေးအုပ်တစ်အုပ်ပဲ”

“ကျေးဇူးကန်းတဲ့ကောင်တွေ... မင်းတို့ကို အေးအေးဆေးဆေး ထွက်သွားခွင့်ပေးပြီး ဒုက္ခမပေးတော့ဘူးလို့ အစက ရည်ရွယ်ထားခဲ့တာ၊ ဒါပေမယ့် မင်းတို့က အရမ်းကို မောက်မာလွန်းတယ်၊ ဒီလိုဆိုမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့”

အကြီးအကဲလိန် စကားပြောပြီးသည်နှင့်တပြိုင်နက် တစ်ဖက်လူကို ချက်ချင်းပင် စတင်တိုက်ခိုက်လေတော့သည်။

ကောင်းကင်ယံတွင် မိုးကြိုးသံများ ချက်ချင်း ထွက်ပေါ်လာလေသည်။

ကြောက်မက်ဖွယ်ကောင်းလှသည့် အင်အားကြီးမားသော အရှိန်အဝါက လက်ရှိနေရာတွင် ရှိနေသော လူအားလုံးကို တိုက်ရိုက်ဖိနှိပ်လိုက်ပြီး သူတို့အားလုံး အသက်ရှူရပင် ခက်ခဲသွားလေသည်။

နယ်မြေနတ်ဘုရားအဆင့်ရှိသူများ၏ အရှိန်အ၀ါပင်လျှင် ဤအချိန်တွင် မှေးမှိန်ဖျော့တော့သွားကြပြီး မည်သည့် ခုခံနိုင်စွမ်းမျှ မရှိသော ပုရွက်ဆိတ်တစ်အုပ်ကဲ့သို့ ခံစားလိုက်ကြရ၏။

“ဖူး...”

အရှေ့ပိုင်း ဝိညာဉ်လောကဧကရာဇ်သည် တိုက်ကွက်ကို အဓိက ခံစားလိုက်ရပြီး ချက်ချင်းပင် လတ်ဆတ်သောသွေးတစ်ပွက် အန်ချလိုက်ရလေတော့သည်။

အရှေ့ပိုင်း ဝိညာဉ်လောကဧကရာဇ်က သွေးအန်နေချိန်တွင် အခြားသူများ၏ အခြေအနေက ပို၍ပင် ဆိုးရွားနေသေးသည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏စွမ်းအားများဖြင့် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ခုခံနိုင်ရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်သောကြောင့်ပင်။

နှစ်ဖက်ကြားရှိ ကွာဟချက်က အလွန်တရာ ကြီးမားလွန်းလှရာ သူတို့မှာ သတ်ဖြတ်ခံရမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရသော သိုးအုပ်တစ်အုပ်ကဲ့သို့ ဖြစ်နေကြလေသည်။

သူတို့သည် ကိုယ်ပိုင်မဟာကမ္ဘာများအတွင်း၌ ထိပ်တန်း အင်အားကြီးသူများ ဖြစ်ကြသော်လည်း ဤနေရာတွင်မူ ပုရွက်ဆိတ်လေးများမျှသာ ဖြစ်ကြသည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် အင်အားကြီးသူများ မရေမတွက်နိုင်လောက်အောင် များပြားလွန်းသောကြောင့်ပင်။

မည်သူ့ကိုမဆို ကျပန်းဆွဲထုတ်လိုက်မည်ဆိုပါက သူတို့နှင့် အဆင့်တူကျင့်ကြံသူများ ဖြစ်နေနိုင်သကဲ့သို့ သူတို့ကို အလွယ်တကူ ချေမှုန်းပစ်နိုင်သော နဂါးမျိုးနွယ်စုမှ အင်အားကြီးသူများကဲ့သို့သော ဖြစ်တည်မှုများလည်း ပါဝင်နေနိုင်ပေသည်။

“ချမ်းသာပေးပါ”

အရှေ့ပိုင်း ဝိညာဉ်လောကဧကရာဇ်၏ စိတ်အာရုံက နောက်ဆုံးတွင် ကြည်လင်လာခဲ့လေပြီ။ ဤအချိန်၌ တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူ သဘောပေါက်သွားခဲ့ပြီဖြစ်ရာ ချက်ချင်းပင် အညံ့ခံရန် ရွေးချယ်လိုက်လေသည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သူ၏အညံ့ခံမှုက နောက်ကျလွန်းသွားခဲ့လေပြီ။

အကြီးအကဲလိန်က ရယ်မောလိုက်ရင်း လှောင်ပြောင်လိုက်သည်။

“အဲဒါက တကယ်ကို နားထောင်လို့ကောင်းတဲ့ စကားလေးပဲ၊ မင်းက ချမ်းသာပေးပါဆိုတိုင်း ငါက ချမ်းသာပေးရမယ်ပေါ့၊ မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ၊ စောစောကသာ မင်းက ကောင်းကောင်းမွန်မွန် အညံ့ခံခဲ့မယ်ဆိုရင် ငါဘာမှပြောမှာမဟုတ်ဘူး၊

ဒါပေမယ့် အခုက မင်း ငါ့ကို လှုပ်ရှားလာအောင် လုပ်ခဲ့ပြီးပြီ၊ ငါသာ မင်းကိုမသတ်ရင် တခြားသူတွေကို ငါဘယ်လိုအုပ်ချုပ်တော့မလဲ”

“တခြားလူတိုင်းကသာ မင်းလိုမျိုး ဦးနှောက်မဲ့ပြီး ပြဿနာရှာနေမယ်ဆိုရင် ငါတို့ နဂါးမျိုးနွယ်စုက ကျင့်ကြံဖို့တောင် အချိန်ရတော့မှာ မဟုတ်ဘူး၊ ဒီရှုပ်ယှက်ခတ်နေတဲ့ ကိစ္စတွေနဲ့ပဲ အချိန်ကုန်နေရတော့မှာပေါ့”

ထိုသို့ပြောပြီးနောက် အကြီးအကဲလိန်သည် သူ၏ စွမ်းအားအပြည့်အဝ အသုံးပြုလိုက်ကာ တစ်ဖက်လူကို အညှာအတာ ကင်းမဲ့စွာဖြင့် အမှုန့်ချေပစ်လိုက်လေတော့သည်။

“မလုပ်ပါနဲ့”

အရှေ့ပိုင်း ဝိညာဉ်လောကဧကရာဇ်နှင့် အခြားသူများမှာ အလွန်အမင်းနောင်တရသွားခဲ့သော်လည်း အရာအားလုံးက ပြီးဆုံးသွားခဲ့လေပြီ။

သူတို့သည် တစ်ဖက်လူ၏ တိုက်ရိုက်တိုက်ခိုက်မှုအောက်တွင် အညှာအတာကင်းမဲ့စွာဖြင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။

ထိုအချိန်တွင် လက်ရှိနေရာ၌ ရှိနေသော အခြားသူများအားလုံးသည်လည်း ထိတ်လန့်တုန်လှုပ်သွားကြပြီး နောက်သို့ ဆုတ်ခွာသွားကြလေသည်။

သူတို့၏ မျက်လုံးများထဲတွင် အလွန်အမင်း ကြောက်ရွံ့မှုများ ထင်ဟပ်နေကြပြီး နဂါးမျိုးနွယ်စု၏ အင်အားကြီးမားမှုနှင့် မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ အလွယ်တကူသတ်ဖြတ်နိုင်မှုကို စိတ်ကူးဖြင့်ပင် မတွေးရဲကြတော့ချေ။

တစ်ဦးက တုန်ယင်နေသောအသံဖြင့် ရေရွတ်လိုက်သည်။

“ဒါက တကယ်ကို ရက်စက်လွန်းတယ်၊ သတ်ချင်တိုင်းသတ်နေတာပဲ”

အခြားတစ်ဦးကလည်း ကြောက်လန့်တကြား ဝင်ပြောလိုက်သည်။

“ဒါက နဂါးမျိုးနွယ်စုလေ၊ ဒီစကြဝဠာကြီးထဲမှာ အင်အားအကြီးဆုံးမျိုးနွယ်စု ဖြစ်နေလို့ သူတို့မှာ ဒီလိုလုပ်ပိုင်ခွင့်ရှိတာပေါ့၊ ဘယ်သူကမှ သူတို့ရဲ့ဆန္ဒကို မလွန်ဆန်ရဲသလို သူတို့ရဲ့တိုက်ခိုက်မှုကိုလည်း ခုခံနိုင်စွမ်းမရှိကြဘူးလေ”

နောက်တစ်ဦးကလည်း သက်ပြင်းချကာ ညည်းတွားလိုက်သည်။

“ဟူး... လူဝင်စားတဲ့နေရာမှာတောင် ငါက ဘာလို့ ဒီလောက်ကံဆိုးရတာလဲ၊ ငါသာ သူတို့ရဲ့ မျိုးနွယ်စုဝင်တစ်ယောက်အဖြစ် ဝင်စားခဲ့ရမယ်ဆိုရင် အခုချိန်မှာ တစ်စကြဝဠာလုံးမှာ အင်အားအကြီးဆုံးမျိုးနွယ်စု၀င်လို့ သတ်မှတ်ခံနေရပြီ”

သူ၏ သူငယ်ချင်းဖြစ်သူက လှောင်ပြောင်လိုက်သည်။

“မင်းက နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ၊ နဂါးမျိုးနွယ်စုဝင်အဖြစ် ဝင်စားချင်တဲ့သူ ဘယ်လောက်တောင်များလဲဆိုတာ စကြဝဠာတစ်ခုလုံး သိပါတယ်၊ မင်း တန်းစီခွင့်ရပါ့မလားဆိုတာတောင် မသိနိုင်ဘူး”

“ဟီးဟီး... ငါက ဒီအတိုင်း လျှောက်တွေးကြည့်ရုံပါ”

ထိုအချိန်၌ အကြီးအကဲလိန်၏အသံက ထပ်မံထွက်ပေါ်လာလေသည်။

“မင်းတို့အားလုံး ဒါကို မှတ်ထားကြ၊ ဒီစကြဝဠာက ငါတို့အုပ်စိုးတဲ့နေရာပဲ၊ စည်းမျဉ်းအားလုံးကိုလည်း ငါတို့နဂါးမျိုးနွယ်စုကပဲ သတ်မှတ်ထားတာ၊ ငါတို့ပြောတာ အတည်ပဲ၊

ဒီအရူးလိုမျိုး နောက်ထပ် တစ်ယောက်ယောက်က ငါတို့ နဂါးမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်ရဲတာ ဒါမှမဟုတ် ငါတို့သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရဲတာမျိုး ရှိလာခဲ့ရင် အဲဒီလူအတွက် သေလမ်းပဲရှိမယ်”

သူ့အသံက အလွန်ကျယ်လောင်လှပြီး နဂါးအရှိန်အဝါများလည်း ရောယှက်နေလေသည်။ ထိုဖိနှိပ်မှုစွမ်းအားက အလွန်တရာ အားကောင်းလွန်းလှရာ လူတိုင်းကို အသက်ရှူရပင် ခက်ခဲသွားစေသည်။

အားလုံးက အလျင်အမြန် ခေါင်းညိတ်လိုက်ကြပြီး အချို့ဆိုလျှင် ဒူးထောက်ကာ ဦးညွှတ်အရိုအသေပေးလိုက်ကြလေသည်။

“စိတ်ချပါအကြီးအကဲ၊ ကျွန်တော်တို့အားလုံး နဂါးမျိုးနွယ်စုက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို သေချာပေါက် လိုက်နာပါ့မယ်”

ထိုအခါမှသာ အကြီးအကဲလိန်က ကျေနပ်အားရစွာဖြင့် ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး သူ၏ ကြီးမားလှသော အရှိန်အဝါများကို ရုပ်သိမ်းလိုက်လေသည်။

ထိုမှသာ ဤလူများမှာ သက်ပြင်းချနိုင်ကာ စိတ်အေးလက်အေး ဖြစ်သွားကြလေတော့သည်။

လီရွှန်ကျိုးနှင့် အခြားသူများကလည်း သူ့ကို ထပ်မံ၍ ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲလိန်”

အကြီးအကဲလိန်က ပြန်လည်နှုတ်ဆက်လိုက်သည်။

“ယဉ်ကျေးနေဖို့မလိုပါဘူး”

ထိုသို့ပြောပြီးနောက် သူက မေးလိုက်၏။

“အရှင်ကျိုးရီကော ဘယ်မှာလဲ၊ ဘာလို့ သူက ဒီနေရာကို မလာခဲ့တာလဲ၊ မင်းတို့က ပြိုင်ပွဲဝင်ဖို့ လာကြတာဆိုတော့ သူကရော လာမကြည့်ချင်ဘူးလား”

ထိုစကားကို ကြားသောအခါ အားလုံးမှာ အတော်လေး အံ့အားသင့်သွားကြလေသည်။ သူတို့၏ အမြင်တွင် အကြီးအကဲလိန်၏စွမ်းအားက အလွန်ကြီးမားလှရာ ကောင်းကင်ယံတွင် ရှိနေသော ကျိုးရီကို သူ သေချာပေါက် အာရုံခံမိသင့်ပေသည်။ သို့သော် သူက တစ်ဖက်လူကို မမြင်နိုင်ခဲ့ပေ။

ထိုအချက်က ဤနေရာတွင် ရှိနေသူ အားလုံးကို အံ့အားသင့်သွားစေသည်။

ဤအတွက် အကြောင်းပြချက်တစ်ခုတည်းသာ ရှိလေသည်။ ယင်းမှာ ကျိုးရီ၏စွမ်းအားက အကြီးအကဲလိန်ထက် များစွာသာလွန်သွားခဲ့သောကြောင့်ပင်။

ယခင်က ကျိုးရီသည် အကြီးအကဲလိန်အား အနိုင်ယူခဲ့သည်ကို သူတို့ မြင်တွေ့ခဲ့ရဖူးသော်လည်း ထိုတိုက်ပွဲက လုံးဝ ချောမွေ့လွယ်ကူနေခဲ့သည်တော့မဟုတ်ပေ။

သူသည် အကြီးအကဲလိန်အား ဖိနှိပ်ထားနိုင်သည့် အနေအထား ပြသနိုင်ခဲ့သော်လည်း အကွက်အနည်းငယ်အတွင်းမှာပင် တစ်ဖက်လူကို အပြီးတိုင် သတ်ဖြတ်ပစ်နိုင်စွမ်းတော့ မရှိခဲ့ပေ။

ထို့ကြောင့် ကျိုးရီ၏ လက်ရှိစွမ်းအားသည် နောက်ထပ်အဆင့်တစ်ခုသို့ ထပ်မံတက်လှမ်းသွားခဲ့ပြီး အရင်ကထက် များစွာ ပိုမိုအင်အားကြီးမားလာပြီဖြစ်ကြောင်း သေချာနေပေသည်။

‘အချိန်ဘယ်လောက် ကြာသေးလို့လဲ၊ သူ့ရဲ့စွမ်းအားတွေ ဒုံးပျံစီးထားသလို လျင်လျင်မြန်မြန် တိုးတက်လာခဲ့ကြီးက တကယ့်ကို ယုတ္တိမရှိဘူး'

သူတို့ သိထားသလောက်ဆိုလျှင် စွမ်းအားပိုကြီးလာလေလေ အဆင့်ချိုးဖျက်ဖို့က ပိုနှေးကွေးလာလေလေ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အဆင့်တစ်ခုတက်တိုင်း စွမ်းအင်တွေ ပိုမိုလိုအပ်လာသလို ထိုးထွင်းသိမြင်မှုများလည်း ပိုမိုလိုအပ်လာသောကြောင့်ပင်။

အကယ်၍ ထိုအရာများက မလုံလောက်ဘူးဆိုလျှင် နောက်ထပ်အဆင့်သို့ ချိုးဖောက်နိုင်ဖို့ဆိုသည်က လုံးဝ မဖြစ်နိုင်တော့ပေ။

‘ဒီကောင်လေးရဲ့ အဆင့်ချိုးဖောက်နိုင်တဲ့ အရှိန်က ဘယ်လိုတောင် မြန်နေတာလဲ'

အကြီးအကဲလိန်သည် အားလုံး၏ မျက်နှာပေါ်မှ အနည်းငယ် အံ့အားသင့်နေသော အမူအရာများကို မြင်လိုက်ရသောအခါ မမေးဘဲမနေနိုင်တော့ချေ။

“ထူးဆန်းလိုက်တာ၊ မင်းတို့အားလုံးက ငါ့ကို သရဲတစ္ဆေမြင်လိုက်ရသလို ဘာလို့ စိုကကြည့်နေကြတာလဲ၊ သူ တစ်ခုခုများ ဖြစ်သွားလို့လား”

“ဒါပေမယ့် သူ့ရဲ့ ပြိုင်ဘက်ကင်း စွမ်းအားတွေနဲ့ဆိုရင် စကြဝဠာတစ်ခုလုံးမှာ သူ့ကို ပြဿနာရှာနိုင်တဲ့သူ သိပ်အများကြီး မရှိလောက်ပါဘူး”

အကြီးအကဲလိန် ကိုယ့်ဘာသာကိုယ် ရေရွတ်နေစဉ်မှာပင် ကျိုးရီသည် ကောင်းကင်ယံမှ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့လေသည်။

“အကြီးအကဲလိန်... မတွေ့ရတာကြာပြီနော်”

ထိုစကားသံကို ကြားလိုက်ရချိန်တွင် အကြီးအကဲလိန်၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ယင်သွားခဲ့လေသည်။

သူ၏ အနောက်ဘက်ရှိ ကျိုးရီကို လှည့်ကြည့်လိုက်သောအခါ သူ့မျက်နှာထက်တွင် အံ့အားသင့်မှုများ အပြည့်အဝ ဖုံးလွှမ်းသွားလေသည်။

ဤသည်မှာ တကယ်ကို ထူးဆန်းလွန်းလှပေ၏။

‘ငါ့အနောက်မှာ ကျိုးရီ ရောက်နေတာကို ငါ လုံးဝ အာရုံမခံမိခဲ့ဘူးတဲ့လား။ ဒါက ငါ့ကို လာနောက်နေတာလား'

သူတို့နှစ်ယောက် နောက်ဆုံး တွေ့ဆုံခဲ့ပြီးနောက် အချိန်မည်မျှ ကြာသေးသနည်း။ တစ်ဖက်လူ၏ စွမ်းအားက နောက်ထပ် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုးတက်လာခဲ့ပြန်ပြီလော။

ယခုအချိန်တွင် ကျိုးရီ၏ အရှိန်အဝါကိုပင် သူ အာရုံမခံနိုင်တော့ပေ။

ယင်းမှာ တစ်ဖက်လူက သူ့အား ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသလောက် အလွယ်တကူ သတ်ဖြတ်နိုင်နေပြီ ဖြစ်ကြောင်းကို ဆိုလိုနေပေသည်။

ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသည်ထက်ပင် ပိုမိုလွယ်ကူနေနိုင်သေးသည်။

အကြီးအကဲလိန်က အလန့်တကြား မေးလိုက်သည်။

“မဟုတ်သေးပါဘူး... မင်းက ဘယ်လိုများ ကျင့်ကြံနေတာလဲ ကောင်လေးရာ၊ မင်းရဲ့ စွမ်းအားက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မြန်မြန်ဆန်ဆန် ထိုးတက်သွားရတာလဲ၊ ဒါက တကယ်ကို ယုံနိုင်စရာမရှိဘူး၊ မဟုတ်ဘူးလား”

“မင်းက တကယ်ရော လူသားဟုတ်ရဲ့လား၊ မင်းက လူသားမျိုးနွယ်ဝင် မဟုတ်ဘူးလို့တာင် ငါ သံသယဝင်လာပြီ၊ လူသားမျိုးနွယ်တွေမှာ ဒီလောက်မြန်တဲ့ အဆင့်တက်နှုန်းမျိုး လုံးဝမရှိနိုင်ဘူး”

ကျိုးရီက တည်ငြိမ်စွာ ပြုံးလိုက်ရင်း တုံ့ပြန်လာလေသည်။

“ခင်ဗျား ကျွန်တော့်ကို ဘာပဲပြောပြော ကျွန်တော်က ကျွန်တော်ပဲလေ၊ ငြင်းခုန်နေစရာမရှိပါဘူး”

စစ်မှန်သော အင်အားကြီးကျင့်ကြံသူများအတွက်မူ အခြားသူများ မည်သို့ပင်ပြောစေကာမူ အရေးမကြီးတော့ပေ။

အဘယ်ကြောင့်ဆိုသော် အခြားသူများက သူ့အား အလွယ်တကူ ရန်စရဲမည် မဟုတ်သကဲ့သို့ စော်ကားသော စကားလုံးများဖြင့် သမုတ်ရန်လည်း ဝံ့ရဲကြမည် မဟုတ်သောကြောင့်ပင်။

All Chapters