အခန်း ၁၀၃
Vol. 11 Ch. 103
အခန်း (၁၀၃) ချေးငွေနယ်မြေ ငရဲသစ်
【ချေးငွေနယ်မြေ စစ်ဆေးမှု ပြီးဆုံးပါပြီ... စမ်းသပ်မှုကို စတင်နေပါပြီ... ဤနယ်မြေအတွက် စမ်းသပ်မည့် ကစားသမား အရေအတွက်မှာ ၂၀၀ ဖြစ်ပါသည်။】
"ချန်လန်...စစ်ဆေးတာ အောင်မြင်သွားပြီ... အခုပဲ စမ်းသပ်မှု စလိုက်ကြမလား..."
ဆာရာ၏အသံသည် စိတ်အားထက်သန်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်စွာဖြင့် ထွက်ပေါ်လာလေ၏။
ဤစကားကို ကြားသောအခါ ချန်လန်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူ ခုလေးတင် ဖော်စပ်ထားသော ဆေးရည်၏ စွမ်းအားများကို ကဏဦး စုပ်ယူပြီးစီးသွားသဖြင့် သူ၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူသည် လေဟာနယ်မှ ထွက်ပေါ်လာသော စနစ် မျက်နှာပြင်ကို ကြည့်လိုက်ပြီး စမ်းသပ်မည့်သူ အရေအတွက် ၂၀၀ သာ ရှိသည်ကို မြင်တွေ့ချိန်၌ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
"လူနှစ်ရာတည်းလား..."
သူက တီးတိုးရေရွတ်လိုက်ကာ သူ၏ လေသံတွင် သတိမပြုမိနိုင်လောက်သော စိတ်ပျက်မှု အရိပ်အယောင်လေးတစ်ခု ပါဝင်နေလေ၏။
ဤစမ်းသပ်နယ်မြေ၏ အတိုင်းအတာ ကန့်သတ်ချက်မှာ ကြီးမားလွန်းနေသည်။
အစစ်အမှန် မြို့တော်တစ်ခုနှင့်ပင် ယှဉ်ပြိုင်နိုင်လောက်အောင် အလွန်အမင်း ကြီးမားကျယ်ဝန်းပြီး လက်တွေ့ဆန်သော နယ်မြေကမ္ဘာကြီး တစ်ခုကို သူ သေချာဂရုတစိုက် တည်ဆောက်ထားခဲ့ရခြင်းမှာ နှမြောစရာပင်။
လူနှစ်ရာကို ထိုအရာထဲသို့ ပစ်ချလိုက်ခြင်းသည် ရေကန်တစ်ခုထဲသို့ သဲတစ်ဆုပ် ပစ်ချလိုက်ခြင်းနှင့် တူပြီး ကောင်းမွန်သော လှိုင်းဂယက်လေးများပင် ဖြစ်ပေါ်လာမည် မဟုတ်ကာ ကြီးမားသော အကျိုးသက်ရောက်မှု မရှိမည်ကို သူ စိုးရိမ်မိသည်။
"ဒါပေမဲ့ ကံကောင်းတာက..."
သူ၏ မျက်မှောင်များ ပြေလျော့သွားပြီး တွေးတောလိုက်သည်။
"ဒီနယ်မြေထဲမှာ ဉာဏ်ရည်မြင့်မားတဲ့ NPCတွေအများကြီးကို ငါ ထည့်သွင်းထားတယ်..."
ဤသည်မှာ သူ၏ယုံကြည်မှုအတွက် အစစ်အမှန် အရင်းအမြစ်ပင်။
ဤ NPC များသည် ရိုးရှင်းသော ပရိုဂရမ်ဇာတ်ကောင်များ မဟုတ်ကြချေ။ သူတို့သည် အစစ်အမှန် လူများနှင့် နီးစပ်သော အပြုအမူ အပြောအဆို စိတ်ခံစားမှု သရုပ်ဖော်မှုနိုင်ခြင်းနှင့် ကိုယ်ပိုင် သင်ယူနိုင်စွမ်းတို့ကို ပိုင်ဆိုင်ထားကြသည်။
သူတို့သည် ဘဏ်ဝန်ထမ်းများ၊ အိမ်ခြံမြေ အကျိုးဆောင်များ၊ ဆောက်လုပ်ရေး အလုပ်သမားများ၊ စူပါမားကတ်စာရေးများ၊ အိမ်နီးချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် မိသားစုဝင်များအဖြစ်ပင် သရုပ်ဆောင်ကြပေမည်။
ကစားသမား အရေအတွက် နည်းပါးသောကြောင့် နယ်မြေကမ္ဘာတစ်ခုလုံးသည် ဟာလာဟင်းလင်း ဖြစ်နေမည် မဟုတ်ချေ။
ဤကစားသမား ၂၀၀ သည် အပြည့်အဝ လည်ပတ်နေသော လက်တွေ့ကမ္ဘာတစ်ခုထဲသို့ ပစ်ချခံလိုက်ရပြီး ကိုယ်ပိုင်ဘဝများနှင့် ဇာတ်လမ်းများရှိသည့် ရှုပ်ယှက်ခတ်နေသော "လူအုပ်ကြီး" ဖြင့် ဝန်းရံခံထားရသကဲ့သို့ ခံစားရပေမည်။
သူတို့သည် ဤကမ္ဘာတွင် အလုပ်ရှာဖွေရကာ လူမှုဆက်ဆံရေးများ ပြုလုပ်ရမည်ဖြစ်ပြီး အမျိုးမျိုးသော အရေးပေါ် အခြေအနေများကို ရင်ဆိုင်ရပေမည်။ ထိုကစားသမားများ၏ အဓိကပန်းတိုင်မှာ ဤကမ္ဘာတွင် အခြေချနေထိုင်ပြီး ချေးငွေကို တာဝန်ယူရန်ပင်။
"စလိုက်တော့..."
ချန်လန်သည် လူအရေအတွက်အပေါ် ဆက်လက်၍ တွေးတောမနေတော့ဘဲ ဆာရာကို အမိန့်ပေးလိုက်သည်။
"ကောင်းပြီလေ..."
ဆာရာက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်ပြီး စမ်းသပ်မှု စတင်ရန် ခလုတ်ကို နှိပ်လိုက်၏။
အချိန်တခဏအတွင်း စစ်ထုတ်ရေးပရိုဂရမ်သည် အသက်ဝင်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် "တိကျသော" ရွေးချယ်မှုများကို စတင်လုပ်ဆောင်လိုက်သည်။
သို့သော် ဤလူ ၂၀၀ ထဲတွင် ငါးဦးမှာ ကြိုတင် သတ်မှတ်ထားပြီးဖြစ်သည်။
သူတို့၏နာမည်များကို ချန်လန်ကိုယ်တိုင် မှတ်သားထားခဲ့ပြီး စနစ်ခွင့်ပြုချက်များကို အတင်းအကြပ် အသုံးပြုထားသဖြင့် ငြင်းဆန်ရန် သို့မဟုတ် ထွက်ပြေးရန် လုံးဝမဖြစ်နိုင်ချေ။
ဤငါးဦးမှာ 【စက်ရုံထုတ်လုပ်မှုလိုင်း】 နယ်မြေကို ယခင်က ရှင်းလင်းခဲ့သော ထူးချွန်ဝန်ထမ်းများဖြစ်သည့် ဝမ်ရုံ၊ လျှိုချန်ဖုန်း၊ ဝီလီယံစမစ်၊ ကျန်းတာရီ နှင့် မိုဝမ်တို့ပင်။
သူတို့သည် စက်ရုပ်ဆန်ဆန် ငရဲမှ ယခုလေးတင် လွတ်မြောက်လာခဲ့ပြီး သူတို့၏ သွေးနှင့်ချွေးရင်းကာ စုဆောင်းထားခဲ့သော တစ္ဆေဒင်္ဂါးများကို သိမ်းဆည်းထားကာ ပုံမှန်ဘဝတစ်ခုသို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်ကောင်း မျှော်လင့်နေပေမည်။ ထိုသို့မဟုတ်ပါက သူတို့ကိုယ်သူတို့ တိုးတက်စေရန် ဤအရင်းအမြစ်များကို မည်သို့ အသုံးပြုရမည်အား စီစဉ်ကောင်း စီစဉ်နေပေလိမ့်မည်။
သို့သော် သူတို့ကို စောင့်ကြိုနေသောအရာမှာ လွတ်လပ်ခွင့် မဟုတ်ဘဲ နောက်ထပ် ပို၍သန့်စင်ပြီး ပို၍ရှည်လျားသော ငရဲတစ်ခု ဖြစ်ကြောင်းကို သူတို့ ဘယ်သောအခါမှ ထင်မှတ်ထားခဲ့မည် မဟုတ်ချေ။
သူတို့သည် 【ချေးငွေ】နယ်မြေတွင် မဖြစ်မနေ ပါဝင်ရပေမည်။
ဤသည်မှာ ချန်လန်၏ ထိတ်လန့်ဖွယ် ဇာတ်လမ်းတွဲ သုံးခု၏ ရက်စက်သော စည်းမျဉ်းပင်။
မင်း တစ်ခုကို ပါဝင်ပြီးသွားရင် အလွယ်တကူ အဆုံးသတ်နိုင်မယ်လို့ မတွေးနဲ့တော့...
ဤသည်မှာ ပုံကြီးချဲ့ ပြောဆိုနေခြင်း မဟုတ်ချေ။
ကျိုးထျန်ချန်နှင့် ဟန်ထျန်ယွီတို့ကို ဖယ်ရှားလိုက်ပါက 【အထက်တန်းနောက်ဆုံးနှစ်】 နယ်မြေမှ ပထမဆုံး ဘွဲ့ရအသုတ်သည်လည်း ဤကြိုတင်သတ်မှတ်ထားသော ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ကြချေ။
ဤတစ်ကြိမ်တွင် သူတို့သည်လည်း 【စက်ရုံထုတ်လုပ်မှုလိုင်း】ငရဲထဲသို့ အတင်းအကြပ် ဆွဲသွင်းခြင်းခံခဲ့ရလေ၏။
သူတို့သည် 【စက်ရုံထုတ်လုပ်မှုလိုင်း】ကို ရှင်းလင်းပြီး ထွက်ခွာသွားသည်နှင့် နောက်ဆုံးအဆင့်ဖြစ်သော 【ချေးငွေ】နယ်မြေသို့ ဝင်ရောက်ရပေမည်။
အထက်တန်းနောက်ဆုံးနှစ်... စက်ရုံထုတ်လုပ်မှုလိုင်း....ချေးငွေ
ဤသည်မှာ နောက်ပြန်လှည့်မရနိုင်အောင် ဒီဇိုင်းဆွဲထားသည့် ဆင်းရဲဒုက္ခလမ်းကြောင်းတစ်ခုပင်။
...
အပြာရောင်ကြယ်၌...
တစ်ချိန်တည်းမှာပင် မမြင်နိုင်သော ကူးစက်ရောဂါ တစ်ခု ရုတ်တရက် ဖြစ်ပွားလာသကဲ့သို့ သို့မဟုတ် သေမင်း၏ ဖိတ်စာကို တိကျစွာ ပို့ဆောင်လိုက်သကဲ့သို့....
နိုင်ငံတဝှမ်းရှိ မတူညီသော ပတ်ဝန်းကျင်များနှင့် အခြေအနေများတွင် လူနှစ်ရာ၏လက်မောင်းများပေါ်၌ ထိုကျောချမ်းဖွယ် ဦးခေါင်းခွံ အမှတ်အသားသည် တပြိုင်နက်တည်း လင်းလက်လာပေ၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် အေးစက်သော ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့၏မျက်လုံးများရှေ့တွင် လွင့်မျောကာ နှလုံးသားကင်းမဲ့သော အချက်အလက်များကို ပြသလေသည်။
【သင်သည် တုန်လှုပ်ချောက်ချားဖွယ်နယ်မြေတစ်ခုသို့ ဝင်ရောက်ရန် ရွေးချယ်ခံရပါသည်....နောက်ပြန်ရေတွက်ခြင်း...၅၉ စက္ကန့်...】
ကြည်လင်သော ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဤရုတ်တရက် ကံဆိုးမှုသည် နယ်မြေထဲသို့ တစ်ကြိမ်တစ်ခါမှ မဝင်ဖူးသော ထိုလူသစ်များကို ချက်ချင်းခြေမွှဖျက်ဆီးလိုက်၏။
"ဟင့်အင်း...မလုပ်ပါနဲ့... ငါ မသွားချင်ဘူး... ကယ်ကြပါဦး"
မိန်းကလေးငယ်တစ်ဦးသည် သူမ၏လက်မောင်းပေါ်ရှိ ဦးခေါင်းခွံကို ကြည့်ကာ စူးရှစွာ အော်ဟစ်လိုက်ပြီး သူမ၏လက်ထဲရှိ ကော်ဖီခွက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားကာ အညိုရောင်အရည်များ နေရာအနှံ့အပြားသို့ ဖြာကျသွားတော့သည်။
"ဘာလို့ ငါလဲ... ဘာလို့လဲ..."
လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် ရုံးခန်းထိုင်ခုံပေါ်တွင် ခွေကျသွားပြီး သူ၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေကာ နှုတ်ခမ်းများ တုန်ယင်နေသည်။ သူသည် ဤလက်တွေ့အဖြစ်မှန်ကို လက်မခံနိုင်အောင် ဖြစ်နေလေ၏။
တခြားသူများသည် သူတို့၏စွမ်းအားများအားလုံး စုပ်ယူခံလိုက်ရသကဲ့သို့ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားပြီး အသံကျယ်ကျယ်ဖြင့် ငိုကြွေးကြကာ ကြောက်ရွံ့မှု မျက်ရည်များက သူတို့၏အမြင်အာရုံကို ဝါးတားတား ဖြစ်သွားစေသည်။
ထို့ထက်ပို၍ဆိုးရွားသည်မှာ နောက်ဆုံးအသက်လုရုန်းကန်မှုတစ်ခုကဲ့သို့ လူတချို့သည် သူတို့၏ ဖုန်းများကို ရုတ်တရက် ဖမ်းဆွဲလိုက်ကြပြီး လက်ချောင်းများ တုန်ယင်စွာဖြင့် အသံမက်ဆေ့ချ်ခလုတ်ကို နှိပ်လိုက်ခြင်းပင်။ သူတို့သည် ရှိုက်ငိုသံများနှင့် အလွန်အမင်း ထိတ်လန့်မှုများ ပြည့်နှက်နေသည့် အသံဖြင့် သူတို့၏ အချစ်ရဆုံးသူများ သို့မဟုတ် မိသားစုဝင်များထံသို့ သူတို့၏နှလုံးသား အနက်ရှိုင်းဆုံးတွင် မြှုပ်နှံထားခဲ့သော၊ ဘယ်သောအခါမှ မပြောခဲ့ဖူးသော၊ သို့မဟုတ် နောက်တစ်ကြိမ် ပြောခွင့်ရတော့မည် မဟုတ်သော စကားများကို ဗလုံးဗထွေးဖြင့် ဖွင့်ဟပြောဆိုလိုက်ကြ၏။
ဤသည်မှာ ဝန်ခံမှုများ၊ တောင်းပန်မှုများ၊ မှာကြားမှုများ သို့မဟုတ် နောက်ဆုံး စကားများပင်။ သူတို့၏ မျှော်လင့်ချက်မဲ့မှုများကြားတွင် နောက်ဆုံး နွေးထွေးမှုနှင့် မကျေနပ်မှု အရိပ်အယောင်လေးများ ရှိနေသည်။
သို့သော် ဤလူသစ်များ၏ ပြင်းထန်သော တုံ့ပြန်မှုများနှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက်ဖြစ်နေသူများမှာ ယခင်က နယ်မြေတစ်ခုထဲသို့ ဝင်ရောက်ခဲ့ဖူးပြီး ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်ခဲ့သည့် ဝါရင့်ကစားသမားများပင်။
ပုံရိပ်ယောင်မျက်နှာပြင်ကို သူတို့ မြင်လိုက်ရချိန်၌ သူတို့၏ မျက်နှာများတွင် အံ့အားသင့်မှု သိပ်မရှိတော့ဘဲ အရိုးထဲထိ စိမ့်ဝင်နေသော ပင်ပန်းနွမ်းနယ်မှုနှင့် မျှော်လင့်ချက်မဲ့မှုများသာ ရှိနေလေ၏။ သူတို့သည် ကံကြမ္မာကို လက်ခံလိုက်သကဲ့သို့ တိတ်ဆိတ်စွာ ထိုင်နေကြသည် သို့မဟုတ် သူတို့၏မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ အကြွင်းမဲ့ အာဏာရှေ့တွင် မည်သို့သော ရုန်းကန်မှု၊ ငိုကြွေးမှု သို့မဟုတ် တောင်းပန်မှုမဆို အချည်းနှီးသာ ဖြစ်ကြောင်း သူတို့သည် တခြားမည်သူ့ထက်မဆို ပိုသိထားသောကြောင့်ပင်။ သူတို့၏ နောက်ဆုံး အချိန်များကို အသုံးမဝင်သော စိတ်ခံစားမှု ပေါက်ကွဲခြင်းများတွင် ဖြုန်းတီးပစ်မည့်အစား ထိုအမည်မသိ ကံကြမ္မာ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းရင်း သူတို့၏ ခွန်အားများကို ထိန်းသိမ်းထားခြင်းက ပိုကောင်းပေ၏။
သို့သော် ဤအချိန်အခိုက်အတန့်တွင် အပြိုလဲဆုံးနှင့် အမျှော်လင့်ချက်မဲ့ဆုံး သူများမှာ 【စက်ရုံထုတ်လုပ်မှုလိုင်း】 ငရဲမှ ခုလေးတင် ထွက်လာခဲ့ကြသော ကစားသမားငါးဦးဖြစ်သည့် ဝမ်ရုံ၊ လျှိုချန်ဖုန်း၊ ဝီလီယံ၊ ကျန်းတာရီနှင့် မိုဝမ်တို့မှလွဲ၍ တခြားလူများ မဟုတ်ချေ။
သူတို့သည် လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှု ငါးလတာမှ ယခုလေးတင် လွတ်မြောက်လာခဲ့ပြီး သူတို့ သွေးနှင့်ချွေးရင်းကာ ရှာဖွေထားသော တစ္ဆေဒင်္ဂါးများကို သိမ်းဆည်းထား၍ အသစ်စက်စက်လှပသော ဘဝတစ်ခုကိုနေထိုင်ရန် ပျော်ရွှင်စွာ စီစဉ်နေခဲ့ကြခြင်း ဖြစ်ပေ၏။
သူတို့သည် မိသားစုအတွက် ပို၍ကောင်းမွန်သော အခြေအနေများ ပံ့ပိုးပေးလိုသည်၊ အချိန်အကြာကြီး ရွှေ့ဆိုင်းထားခဲ့ရသော အိပ်မက်တစ်ခုကို အကောင်အထည်ဖော်လိုသည် သို့မဟုတ် သူတို့ ကောင်းစွာ အနားယူကာ အချိန်အကြာကြီး ပျောက်ဆုံးနေခဲ့သော လွတ်လပ်မှုနှင့် အေးချမ်းမှုကို ခံစားလိုခဲ့သည်။
ဤအတင်းအကြပ် ဖိတ်ကြားချက်သည် ရေခဲရေတစ်ပုံးကဲ့သို့ ဖြစ်ပြီး သူတို့၏ မျှော်လင့်ချက်နှင့် စိတ်အားထက်သန်မှုအားလုံးကို ငြိမ်းသတ်လိုက်သည်။
"ဘယ်လို... ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်မှာလဲ..."
ဝမ်ရုံသည် သူမ၏ ကြမ်းတမ်းသော လက်မောင်းပေါ်တွင် တဖန်ပြန်၍ လင်းလက်လာသော ဦးခေါင်းခွံ အမှတ်အသားကို ကြည့်ရင်း သူမ၏ခန္ဓာကိုယ် ယိမ်းယိုင်သွားသည်။ သူမ၏မျက်နှာ စက္ကူတစ်ရွက်ကဲ့သို့ ချက်ချင်းဖြူရော်သွားပြီး စက်ရုံထုတ်လုပ်မှုလိုင်းမှ ထွက်လာပြီးနောက် ပြန်လည်တောက်ပလာခဲ့သော ထိုမျက်လုံးများသည် လျှင်မြန်စွာ မှိန်ကျသွားကာ တဖန်ပြန်၍ သက်ဝင်လှုပ်ရှားမှုကင်းမဲ့သွားလေ၏။
"ဟင့်အင်း..မလုပ်ပါနဲ့... ငါ ထွက်လာပြီးပြီလေ...ငါ အများကြီး ပေးဆပ်ခဲ့ပြီးပြီလေ... ဘာလို့ ငါ့ကို အထဲပြန်ဆွဲသွင်းရတာလဲ...."
လျှိုချန်ဖုန်း သည် မကျေနပ်ချက်များ ပြည့်နှက်နေသော သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်ပြီး နံရံကို ပြင်းပြင်းထန်ထန် ထိုးကြိတ်လိုက်ရာ သွေးများ သူ၏ လက်ချောင်းများကြားမှ စီးကျလာသည်။ သို့သော် သူသည် နာကျင်မှုကို အနည်းငယ်မျှ မခံစားရဘဲ အရိုးထဲထိ စိမ့်ဝင်နေသော အေးစိမ့်မှုကိုသာ ခံစားမိလေ၏။
ဝီလီယံသည် ကြမ်းပြင်ပေါ်တွင် ကူကယ်ရာမဲ့စွာ ဒူးထောက်ကျသွားပြီး သူ၏ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ သူ၏ မိခင်ဘာသာစကားနှင့် တရုတ်ဘာသာစကား ရောနှော၍ နာကျင်စွာ ညည်းတွားနေသည်။
ကျန်းတာရီနှင့်မိုဝမ်တို့၏ မျက်နှာများသည်လည်း ပြာနှမ်းနေသည်။ အနာဂတ်အတွက် သူတို့ ယခုလေးတင် ခံစားခဲ့ရသော လိုလားတောင့်တမှု အနည်းငယ်သည် ယခုအချိန်၌ အနက်ရှိုင်းဆုံး လှောင်ပြောင်မှုနှင့် အလေးလံဆုံး သံကြိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
စက်ရုံထုတ်လုပ်မှုလိုင်းမှ ထွက်ခွာခြင်းသည် အဆုံးသတ်ဟု သူတို့ ထင်ခဲ့ကြသော်လည်း ဤသည်မှာ ပို၍ရှည်လျားပြီး ပို၍မျှော်လင့်ချက်မဲ့သော နောက်ထပ်ငရဲတစ်ခု၏ အစမျှသာ ဖြစ်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။
မရေမတွက်နိုင်သော လူများ၏ ငိုကြွေးသံများ၊ မျှော်လင့်ချက်မဲ့မှုများ၊ အော်ဟစ်သံများနှင့် သေမတတ် တိတ်ဆိတ်မှုများကြားတွင် နောက်ပြန်ရေတွက်ခြင်းသည် နှလုံးသားကင်းမဲ့စွာဖြင့် ကုန်လွန်သွားခဲ့လေ၏။
စက္ကန့် ၆၀ အကြာတွင် ဤကစားသမား ၂၀၀ သည် 【ချေးငွေ】ဟု အမည်ရသော ငရဲသစ်ထဲသို့ ပစ်ချခြင်းခံလိုက်ရတော့သည်။