← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း (၁၀၅) အစစ်အမှန်ကမ္ဘာ မဟုတ်ဘူးလား... ဒါမှမဟုတ် တောင့်တနေတဲ့ ကမ္ဘာလား

သို့သော် "ချေးငွေကို ပြန်တွက်ချက်လိမ့်မယ်" ဟူသော ဆာရာ၏ စကားကြောင့် ဝမ်ရုံ၊ လျှိူချန်ဖုန်း နှင့် တခြားလူသုံးဦးတို့၏ စိတ်နှလုံးသားများသည် လုံးလုံးလျားလျား အောက်ခြေသို့ ကျဆင်းသွားလေ၏။

သူတို့သည် 【စက်ရုံထုတ်လုပ်မှုလိုင်း】၏ ရက်စက်သော စည်းမျဉ်းများကို ကြုံတွေ့ခဲ့ရသူများ ဖြစ်ကြပြီး "ပြန်လည် တွက်ချက်မည်" ဟူသော စကားလုံးများနောက်ကွယ်တွင် ဖုံးကွယ်ထားသည့် ရန်လိုမှုကို သူတို့ အလွန်ကောင်းစွာ နားလည်ထားကြသည်။ ဤသည်မှာ အချိန်တိုးပေးရုံ သက်သက်လောက် လုံးဝမရိုးရှင်းချေ။

စက်ရုံထုတ်လုပ်မှုလိုင်းတွင် တာဝန်ကို မပြီးမြောက်ခြင်းသည် ငွေအဖြတ်ခံရမည်ဟု ဆိုလိုပြီး နောက်တစ်နေ့ကို ပို၍ခက်ခဲစေကာ သံသရာဆိုးတစ်ခုကို ဖြစ်ပေါ်စေသည်။

ဤနေရာတွင် အကယ်၍ တစ်စုံတစ်ယောက်သည် ချေးငွေကို ပြန်မဆပ်နိုင်ပါက အတိုးများ ပေါင်းထည့်လိုက်ခြင်းဖြင့်... ဒုတိယနှစ်အတွက် ထိုလူ၏ စုစုပေါင်း အကြွေးသည် နှင်းလုံးတစ်လုံးကဲ့သို့ ပို၍ပို၍ ကြီးမားလာမည်ဟု ဆိုလိုသည်။

ထိုလူ ငွေရှာသည့် အမြန်နှုန်းသည် သူ၏အကြွေး တိုးလာသည့် အမြန်နှုန်းကို ဘယ်တော့မှ အမီလိုက်နိုင်မည် မဟုတ်ချေ။

ဤသည်မှာ "ပိုက်ဆံရအောင် ကြိုးစားပြီး အလုပ်လုပ်ရုံဖြင့်" ရိုးရိုးရှင်းရှင်း ဖြေရှင်းနိုင်သော ပြဿနာတစ်ရပ် မဟုတ်ချေ။

ဤသည်မှာ လူတစ်ယောက်အား ဘယ်သောအခါမှ လွတ်မြောက်နိုင်မည် မဟုတ်သော ကောင်းစွာဒီဇိုင်းဆွဲထားသည့် အကြွေးရွှံ့ညွန်တစ်ခုပင်။

"ပြီးသွားပြီပဲ..."

ကျန်းတာရီသည် တီးတိုးရေရွတ်လိုက်ပြီး သူမ၏မျက်နှာပေါ်မှ သွေးရောင်များအားလုံး ပျောက်ကွယ်သွားသည်။

ဝီလီယံသည် နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်၏။ ထိုအဆုံးမရှိသော သံသရာကို သူ ကြိုတင်၍ မြင်တွေ့နေရလေပြီ။

ဝမ်ရုံနှင့်လျှိုချန်ဖုန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်၏မျက်လုံးများတွင် တူညီသော မျှော်လင့်ချက်မဲ့မှုကို တခြားတစ်ယောက်က မြင်တွေ့လိုက်ရသည်။

ဤနယ်မြေသည် တစ်စုံတစ်ယောက်၏ မျှော်လင့်ချက်များနှင့် အနာဂတ်အားလုံးကို အမြှစ်မှစ၍ ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပေ၏။

ဆာရာသည် အောက်ဘက်ရှိ လုံးလုံးလျားလျား ခြားနားသော တုံ့ပြန်မှုနှစ်ခုကို ကြည့်ရင်း သူမ၏ နှလုံးသားထဲတွင် အေးစက်သော လှောင်ပြုံးတစ်ခု ပို၍နက်ရှိုင်းလာသည်။

သူမ ထပ်မပြောတော့ဘဲ သူမ၏ပုံရိပ် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။

ဆာရာ ထွက်သွားသည်နှင့်အမျှ လူနှစ်ရာ၏ ခန္ဓာကိုယ်များသည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားကြ၏။

...

နယ်မြေကမ္ဘာ ရှင်းလန်မြို့၌...

ချန်အန်းသည် လက်တွေ့ကမ္ဘာမှ ထင်ပေါ်ကျော်ကြားမှုမရှိသော ရုံးဝန်ထမ်းတစ်ဦးပင်။ သူသည် အသက် ၂၅ နှစ်အရွယ်ရှိကာ အထီးကျန်ဆန်ပြီး လူမှုဆက်ဆံရေးကို ကြောက်ရွံ့ပြီး လူပျိုတစ်ယောက်ဖြစ်သည်၊ သို့သော် သူသည် အတော်အသင့် ကြည့်ပျော်ရှုပျော်ရှိသော ရုပ်ရည်ရှိသူ ဖြစ်ပေ၏။ သူသည် ကျပန်း ရွေးချယ်ခံရပြီး 【ချေးငွေ】နယ်မြေထဲသို့ ပစ်ချခြင်း ခံလိုက်ရသည်။

သူ၏ခန္ဓာကိုယ် ပျောက်ကွယ်သွားပြီး ပြန်လည်ထွက်ပေါ်လာချိန်၌ သူသည် ထူးခြားစွာ နွေးထွေးမှုများဖြင့် အလှဆင်ထားသော အိမ်ငယ်လေးတစ်လုံးတွင် ရောက်ရှိနေကြောင်း သူ တွေ့လိုက်ရသည်။ အဝါနုရောင် လိုက်ကာများ၊ နူးညံ့သော ဆိုဖာတစ်ခုနှင့် စားပွဲပေါ်ရှိ ပန်းအိုးထဲမှ လတ်ဆတ်သော လီလီပန်းများစသဖြင့် အရာအားလုံးသည် "အိမ်" တစ်ခု၏ နွေးထွေးသော အငွေ့အသက်ကို ထုတ်လွှတ်နေပေ၏။

ထိုအချိန်၌ ရေခဲများကို အရည်ပျော်သွားစေနိုင်စွမ်း ရှိပုံရသော နူးညံ့ပြီး ချိုမြိန်သည့် အသံတစ်သံက သူ၏နံဘေးမှ ရုတ်တရက် ထွက်ပေါ်လာသည်။

"အန်းအန်း... ငါတို့ရဲ့ အိမ်သစ်လေး ဘယ်လိုနေလဲ... နင် သဘောကျရဲ့လား..."

ဒီအသံက...

ချန်အန်း၏ နှလုံးသား ပြင်းထန်စွာ ဆတ်ခနဲ တုန်ရီသွားပြီး သူ၏ခန္ဓာကိုယ် ချက်ချင်းအေးခဲတောင့်တင်းသွားသည်။ သူသည် ခေါင်းကို စက်ရုပ်ဆန်ဆန်နီးပါး တစ်လက်မချင်း လှည့်လိုက်၏။ စကားပြောနေသူ၏ မျက်နှာကို သူ မြင်လိုက်ရချိန်၌ သူ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားသည်။ သူ၏မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာကာ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။

သူ၏ရှေ့တွင် တောက်ပစွာ ပြုံးနေသော အမျိုးသမီးမှာ တခြားလူမဟုတ်ဘဲ အလယ်တန်းမှစ၍ အထက်တန်းအထိ ခြောက်နှစ်တိတိ သူ တိတ်တဆိတ် ချစ်ခဲ့ရသော်လည်း အနီးသို့ ချဉ်းကပ်၍ စကားစတင်ပြောဆိုရန်ပင် မရဲခဲ့သော သူ၏ လရောင်ဖြူလေး ဝမ်ဝမ်ပင်။

ဘယ်လိုလုပ်ပြီး ဝမ်ဝမ် ဖြစ်နိုင်မှာလဲ...

သူက ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ထွက်ပေါ်လာနိုင်မှာလဲ....

ပြီးတော့... သူ ခုဏက ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ....

"အန်းအန်း" လား....ဒီလောက် ရင်းနှီးတဲ့ ချစ်စနိုး အခေါ်အဝေါ်မျိုး...

ကြီးမားသော တုန်လှုပ်မှုနှင့် ဇဝေဇဝါဖြစ်မှုတို့ကြောင့် သူ၏စိတ်များ ဗလာကျင်းသွားလေ၏။ သို့သော် ထိုအရာ၏နောက်တွင် ပို၍ပြင်းထန်သော ရိုက်ခတ်မှုတစ်ခုက လိုက်ပါလာသည်။

ရုတ်တရက် ချန်အန်းသည် သူ၏ ဦးနှောက်ထဲသို့ တစ်စုံတစ်ခုကို အတင်းအကျပ် ထိုးသွင်းခံလိုက်ရသည့်အလား စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ထို့နောက် သူနှင့် လုံးဝမသက်ဆိုင်သော်လည်း သူ ဇာတ်လိုက်အဖြစ် ရှင်းလင်းစွာ ပါဝင်ထားသော မှတ်ဉာဏ်အမြောက်အများသည် ရေကာတာကျိုးသွားသော လှိုင်းတံပိုးတစ်ခုအလား သူ၏စိတ်ထဲသို့ ဝင်ရောက်လာပြီး အဆက်မပြတ် သွန်းလောင်းနေလေ၏။

မှတ်ဉာဏ်များထဲတွင် ကောလိပ်၌ ဝမ်ဝမ်နှင့် သူ မည်သို့ ပြန်လည်ဆုံတွေ့ခဲ့ကြောင်း၊ သူမကို လိုက်ရန် သတ္တိများ မည်သို့ စုဆောင်းခဲ့ကြောင်း၊ သူတို့သည် ချိုမြိန်သော အဝေးရောက်အချစ်ရေးကို မည်သို့ ဖြတ်သန်းခဲ့ကြကြောင်း၊ ငွေများကို အတူတကွ မည်သို့ စုဆောင်းခဲ့ကြကြောင်း၊ သူတို့နှင့် သက်ဆိုင်သည့် ဤအသိုက်ငယ်လေးကို မည်သို့ ပျော်ရွှင်စွာ ဝယ်ယူခဲ့ကြကြောင်းနှင့် အနာဂတ်အတွက် မည်သို့ စီစဉ်ခဲ့ကြကြောင်းတို့ကို သူ မြင်တွေ့ခဲ့ရလေ၏။

ဤမှတ်ဉာဏ်များသည် အလွန်လက်တွေ့ဆန်ပြီး အသေးစိတ်ကျကာ ပြင်းထန်သော စိတ်ခံစားမှု အရောင်အသွေးများ ပါဝင်နေသဖြင့် ထိုအရာများသည် သူ၏ မူလမှတ်ဉာဏ်များနှင့် ရူးသွပ်စွာ တိုက်မိကြပြီး ပေါင်းစပ်သွားကြသည်။

"အား..."

ချန်အန်းသည် တိုတောင်းသော နာကျင်သည့် အော်ဟစ်သံတစ်ခုကို ထုတ်လွှင့်လိုက်ပြီး သူ မျက်ဖြူလန်သွားကာ နူးညံ့သောဆိုဖာပေါ်သို့ သတိလစ်၍ လဲကျသွားတော့သည်။

တစ်ချိန်တည်းမှာပင် ရှင်းလန်မြို့ဟုခေါ်သော ဤမြို့၏ နေရာတိုင်းရှိ တခြား "အိမ်" တစ်ရာ့ကိုးဆယ့်ကိုးလုံးတွင် အလားတူမြင်ကွင်းမျိုး ဖြစ်ပွားနေသည်။

အပြင်လူ နှစ်ရာသည် ဤမြို့၏ မတူညီသော ထောင့်များသို့ ကျပန်းခွဲဝေ၍ နေရာချထားခြင်း ခံခဲ့ရလေ၏။

သူတို့ ရောက်ရှိလာမှုနှင့်အတူ မူလက ငြိမ်သက်နေပြီး သူတို့အတွက်သာ တည်ရှိခဲ့သော ဤကမ္ဘာသည် တရားဝင် စတင်၍ လည်ပတ်လာခဲ့လေပြီ။

ကံကြမ္မာ၏ဂီယာများသည် ရက်ရက်စက်စက် စတင်၍ လည်ပတ်လာခဲ့လေပြီ။

"အိမ်" တိုင်းတွင် သူတို့အတွက် ဂရုတစိုက် ပြင်ဆင်ထားသော "ချစ်သူ" တစ်ဦး ရှိနေလေ၏။

လူနှစ်ရာသည် သူတို့၏ သက်ဆိုင်ရာ "အိမ်" များသို့ ရောက်ရှိလာကြသည်။ ဤနေရာတွင် သူတို့၏ နှလုံးသားထဲမှ "လရောင်ဖြူ" ကို သူတို့ တွေ့ရှိရမည် ဖြစ်ပြီး လိင်မရွေး ထို "လရောင်ဖြူ" သည် သူတို့၏ ချစ်သူ ဖြစ်လာပေမည်။

ဖြစ်နိုင်သည်မှာ ဤသည်က ချန်အန်း၏နှလုံးသားထဲရှိ ဝမ်ဝမ်ကဲ့သို့ သူတို့ တောင့်တခဲ့သော်လည်း မရရှိခဲ့သော "လရောင်ဖြူ" ဖြစ်ကောင်း ဖြစ်နိုင်သည်။

ထို့ပြင် ဤသည်က လက်တွေ့ဘဝတွင် တည်ရှိနေသော ရည်းစား၊ ဇနီး၊ သို့မဟုတ် ခင်ပွန်း ဖြစ်ကောင်း ဖြစ်နိုင်ပြီး လက်တွေ့ဘဝတွင် သူတို့၏ ဆက်ဆံရေးမှာ ပြိုကွဲနေခဲ့လျှင်ပင် နယ်မြေအတွင်း၌ ပြီးပြည့်စုံဆုံး အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပေမည်။

အကယ်၍ လက်တွေ့ဘဝတွင် ထိုကဲ့သို့ စိတ်ခံစားမှုဆိုင်ရာ သံယောဇဉ်မျိုးပင် မရှိခဲ့ပါက စနစ်သည် သူတို့၏ မသိစိတ်ထဲရှိ စံပြပုံစံအပေါ် အခြေခံ၍ ပြီးပြည့်စုံသော လက်တွဲဖော်ပုံရိပ်တစ်ခုကို ဖန်တီးပေးပေမည်။

ထို့ပြင် ဤ "အချစ်" ၏ စစ်မှန်မှုနှင့် ခိုင်မာမှုကို သေချာစေရန် ချန်လန်သည် ကုန်ကျစရိတ်ကို ဂရုမစိုက်ဘဲ အစွမ်းထက်သော မှတ်ဉာဏ် ထည့်သွင်းခြင်းနှင့် စိတ်ခံစားမှု ခိုင်မာစေသည့် ပစ္စည်းတစ်ခုကို ဝယ်ယူပြီး တပ်ဆင်ရန်အတွက် အနုတ်လက္ခဏာစွမ်းအင် ဘီလီယံနှစ်ထောင်ဟူသော ကြီးမားသည့် ပမာဏကို အသုံးပြုခဲ့လေ၏။

ဤပစ္စည်းသည် ကစားသမားတိုင်းထဲသို့ နှစ်ပေါင်းများစွာကြာမြင့်ကာ အသေးစိတ် အချက်အလက်များ ပြည့်စုံပြီး စိတ်ခံစားမှုအရ ရိုးသားသော အချစ် မှတ်ဉာဏ်တစ်ခုကို ထည့်သွင်းပေးပေမည်။ ထိုအရာသည် ရုပ်ရှင်ပြသနေသကဲ့သို့ သူတို့၏ စိတ်ထဲတွင် အကြိမ်ကြိမ် လည်ပတ်နေကာ သူတို့၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးနေရာမှ ရာနှုန်းပြည့် ယုံကြည်သွားသည်အထိ အထင်အမြင်ကို ပို၍နက်ရှိုင်းသွားစေပေမည်။ သူတို့၏ရှေ့ရှိ လူသည် သူတို့ အလွန်အမင်း ချစ်မြတ်နိုးရသော၊ သူတို့အတွက် မရှိမဖြစ် လိုအပ်သည့် နှစ်ပေါင်းများစွာ လက်တွဲလာခဲ့သော သူတို့၏ လက်တွဲဖော် ဖြစ်ကြောင်းကိုပင်။

ချန်အန်းနှင့်တခြားသူများ သတိလစ်နေရာမှ နိုးလာချိန်၌ သူတို့တွင် မည်သည့် သံသယမျှ ရှိတော့မည် မဟုတ်ချေ။ သူတို့သည် သူတို့၏နံဘေးရှိ "ချစ်သူ" ကို သဘာဝကျကျ ဖက်ထားမည်ဖြစ်ပြီး ဤမျှဝေထားသော "အိမ်" အတွက် ပျော်ရွှင်မှုနှင့် တာဝန်ယူမှုကို ခံစားရပေမည်။ ထို့နောက် အတူတကွရှိလာမည့် သူတို့၏ အနာဂတ်အတွက် "ချေးငွေ" ဟုခေါ်သော လေးလံသည့် သံကြိုးကို သဘောဆန္ဒအလျောက် ထမ်းဆောင်ကြပေမည်။

ချန်လန်သည် သူတို့၏ စိတ်ခံစားမှုဆိုင်ရာ နောက်ဆုတ်စရာ လမ်းကြောင်းကို ဖြတ်တောက်ရန် အနုတ်လက္ခဏာစွမ်းအင် ဘီလီယံနှစ်ထောင်ကို အသုံးပြုခဲ့သည်။

သူသည် "အိမ်" နှင့် "အချစ်" ကို ဤနယ်မြေတွင် ဈေးအကြီးဆုံးနှင့် အရက်စက်ဆုံး ငါးစာများနှင့် ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာများအဖြစ် ပြောင်းလဲလိုက်၏။

...

အချိန်မည်မျှ ကုန်လွန်သွားသည် မသိရချိန်မှာပင် ချန်အန်းက ဆိုဖာပေါ်တွင် ဖြည်းညှင်းစွာ နိုးလာသည်။

စိုစွတ်ပြီး နွေးထွေးသော မျက်နှာသုတ်ပုဝါ တစ်ထည်က သူ၏ နဖူးကို ဖုံးအုပ်ထားပြီး ဝမ်ဝမ်နှင့် သက်ဆိုင်သော ရင်းနှီးပြီး သင်းပျံ့သည့် ရနံ့တစ်ခုက သူ၏ နှာခေါင်းဖျားတွင် လွင့်မျောနေလေ၏။

သူ မျက်လုံးများကို ဖွင့်လိုက်ချိန်၌ ပထမဆုံး မြင်တွေ့ရသောအရာမှာ စိုးရိမ်ပူပန်မှုနှင့် နူးညံ့ကြင်နာမှုများ ပြည့်နှက်နေသော ဝမ်ဝမ်၏ မျက်လုံးများပင်။

"အန်းအန်း... နင် နိုးပြီလား... မကြာသေးခင်က အိမ်တွေ လိုက်ကြည့်ပြီး ချေးငွေကိစ္စတွေ လုပ်ရတာ အရမ်းပင်ပန်းနေလို့လား..."

ဝမ်ဝမ်၏ သွယ်လျသော လက်ချောင်းများသည် သူ၏ နဖူးကို ဖွဖွလေး ပွတ်သပ်ပေးနေပြီး သူမ၏ လေသံတွင် နာကျင်မှုများ ပြည့်နှက်နေသည်။

"ဒီအိမ်ကို ဝယ်ဖို့ ငါက အရမ်းလောနေပြီးတော့ နင့်ကို ဖိအားတွေ အရမ်းပေးမိတာ ငါ့အမှားပါ..."

အိမ်တွေ လိုက်ကြည့်တာ... ချေးငွေကိစ္စတွေ လုပ်ရတာ...

ဤစကားစုနှစ်ခုသည် သော့များကဲ့သို့ အတင်းအကျပ် ထည့်သွင်းထားသော ချန်အန်း၏မှတ်ဉာဏ်များမှ ရေကာတာတံခါးများကို ချက်ချင်းဖွင့်လှစ်ပေးလိုက်သည်။

ချန်အန်း၏စိတ်ထဲတွင် သူနှင့်ဝမ်ဝမ်တို့ အိမ်ခြံမြေလုပ်ငန်းအမျိုးမျိုးကြား အပြေးအလွှား သွားလာရသော ကြိုးစားအားထုတ်မှုများ ချက်ချင်းထွက်ပေါ်လာပေ၏။

ချေးငွေအတိုးနှုန်း သက်သာစေရန်အတွက် သူသည် ဘဏ်မန်နေဂျာနှင့် ညှိနှိုင်းစဉ် အပြုံးမျက်နှာကို ထိန်းသိမ်းထားခဲ့ရသည်။

နောက်ဆုံးတွင် အိမ်ဝယ်ယူရေး စာချုပ်ကို လက်မှတ်ရေးထိုးချိန်၌ သူတို့နှစ်ဦးသား စိတ်လှုပ်ရှားစွာဖြင့် ဖက်ထားခဲ့ကြပြီး ဤမြို့တွင် သူတို့ နောက်ဆုံး၌ အခြေချနိုင်ပြီဟု ခံစားခဲ့ရလေသည်။ ထို့ပြင် ထိုထူထပ်သော ချေးငွေစာရွက်စာတမ်းများပေါ်တွင် သူ လက်မှတ်ရေးထိုးခဲ့သော နာမည်နှင့် ရင်ခုန်ဖွယ်ကောင်းသော လစဉ်ပေးသွင်းရမည့် ကိန်းဂဏန်းများ ရှိနေသည်။

ဤမှတ်ဉာဏ်များအားလုံးသည် အလွန်သဘာဝကျပြီး အလွန်ယုတ္တိတန်ကာ ချစ်ခြင်းမေတ္တာအတွက် ကြိုးစားအားထုတ်ရခြင်း၏ ချိုမြိန်မှုနှင့် အခက်အခဲများကို သယ်ဆောင်ထားပြီး အပြစ်ဆိုဖွယ် အနည်းငယ်မျှပင် မရှိချေ။

ယခင်က လူမှုဆက်ဆံရေးကို ကြောက်ရွံ့ပြီး လူပျိုဖြစ်ခဲ့သော ချန်အန်း၏မှတ်ဉာဏ်များသည် ဒီရေကြောင့် ဆေးကြောခံလိုက်ရသော သဲပန်းချီကား တစ်ချပ်ကဲ့သို့ ဝါးတားတားဖြစ်လာပြီး ဝေးကွာသွားကာ ထို့အစား ဤအရာများသည် အစစ်အမှန် မဟုတ်သကဲ့သို့ ဖြစ်လာလေ၏။

သူ၏ရှေ့ရှိ ဤ "အိမ်" နှင့် "ချစ်သူ" အပေါ် အားကိုးလိုစိတ်၊ တာဝန်ယူလိုစိတ်နှင့် ကာကွယ်ပေးလိုစိတ်တို့သည် သူ၏နှလုံးသားထဲတွင် ချက်ချင်းပြည့်နှက်သွားတော့သည်။

All Chapters