အခန်း ၁၀၆
Vol. 11 Ch. 106
အခန်း (၁၀၆) ဒီလောက် သာယာတဲ့ ကမ္ဘာကြီးကနေ မင်း ထွက်သွားချင်သေးလို့လား
သူ၏ရှေ့ရှိ အိပ်မက်ကဲ့သို့ လှပသော ဤဘဝမြင်ကွင်းကို ကြည့်ရင်း ချန်အန်း၏နှလုံးသားထဲတွင် သံသယ အရိပ်အယောင်လေးမျှ မရှိခဲ့ချေ။ ဤသည်မှာ အတုအယောင် ဖန်တီးမှုတစ်ခု ဖြစ်သည်ဟု သူ တခဏမျှ မတွေးခဲ့ဘဲ သူ၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးနေရာမှ ဤသည်ကို အစစ်အမှန် ကမ္ဘာတစ်ခုအဖြစ် လက်ခံလိုက်သည်။
တုန်လှုပ်ချောက်ချားဖွယ်နယ်မြေနှင့် မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်များအကြောင်း မှတ်ဉာဏ်များသည် ဤအစွမ်းထက်ပြီး လှပသော မှတ်ဉာဏ်သစ်များ၏ရိုက်ခတ်မှုအောက်တွင် ဝိုးတဝါးဆန်ပြီး အဓိပ္ပာယ်မရှိသော အိပ်မက်ဆိုးတစ်ခုကဲ့သို့ ဖြစ်သွားကာ လျင်မြန်စွာ မေ့ပျောက်ခြင်းနှင့် အစားထိုး ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။
တစ်နည်းအားဖြင့် ပြောရလျှင် အနုတ်လက္ခဏာစွမ်းအင် ဘီလီယံနှစ်ထောင် ကုန်ကျခဲ့သော မှတ်ဉာဏ်ပြုပြင်မွမ်းမံမှုနှင့် စိတ်ခံစားမှု ထည့်သွင်းခြင်းသည် လူအများအပြားကို သူတို့ကိုယ်သူတို့ လုံးလုံးလျားလျား ဆုံးရှုံးသွားစေခဲ့လေပြီ။
လက်တွေ့ဘဝတွင် စိတ်ခံစားမှုကင်းမဲ့ပြီး နက်ရှိုင်းသော နောင်တများ ရှိနေသော ချန်အန်း ကဲ့သို့ လူတစ်ဦးအတွက် ဤနယ်မြေက ပေးအပ်သောအရာမှာ ငြင်းဆန်၍မရနိုင်သော ပြီးပြည့်စုံသည့် အစားထိုးမှုတစ်ခုပင်။
သူတို့ အလိုချင်ဆုံး အချစ်နှင့် သူတို့ အတောင့်တဆုံး မိသားစု နွေးထွေးမှုကို ဤနေရာတွင် ပြီးပြည့်စုံလုနီးပါး အကောင်အထည် ဖော်ပေးထားလေ၏။
ထို "ချစ်သူ" သည် အလွန်စံပြဖြစ်ပြီး ထို "ဆက်ဆံရေး" သည် အလွန်ရိုးသားကာ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ထို "အိမ်" သည် အလွန် နွေးထွေးပြီး ခိုင်မာသည်။
လက်တွေ့ကမ္ဘာသည် သူတို့ကို အထီးကျန်မှု၊ စိတ်ပျက်မှုနှင့် ဟာလာဟင်းလင်းဖြစ်မှုများကိုသာ ပေးအပ်ချိန်တွင် ဤအတုအယောင် ငရဲသည် သူတို့၏ စိတ်ခံစားမှုဆိုင်ရာ ကောင်းကင်ဘုံ ဖြစ်လာခဲ့သည်။
ဤကဲ့သို့သော စိတ်ပညာဖြင့် တွန်းအားပေးမှုကြောင့် ကြောက်မက်ဖွယ်ကောင်းသော်လည်း သဘာဝကျသော အတွေးတစ်ခု စတင်၍ ပေါက်ဖွားလာပေ၏။
'ဖြစ်နိုင်တာက... ငါ ထွက်မသွားချင်တော့ဘူး ထင်တယ်...'
ဘာအတွက် အပြင်ထွက်ရမှာလဲ....
အေးစက်တဲ့ အိမ်ကို ပြန်ပြီး လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖယ်ကြဉ်ခံရမှုနဲ့ မိဘတွေရဲ့ အိမ်ထောင်ပြုဖို့ ဖိအားပေးမှုတွေကို ဆက်ပြီးရင်ဆိုင်ဖို့လား...
အငြင်းပွားမှုတွေကလွဲပြီး ဘာမှမကျန်တော့တဲ့ အဲ့ဒီ ပြိုကွဲနေတဲ့ အိမ်ထောင်ရေးဆီ ပြန်သွားဖို့လား...
ဘယ်သူမှ စောင့်မနေတဲ့ အဲ့ဒီ ဗလာဟင်းလင်းဖြစ်နေတဲ့ အခန်းဆီ ပြန်သွားဖို့လား...
"ချစ်သူ" ရှိပြီး "အိမ်" ရှိကာ အတူတကွ ကြိုးစားအားထုတ်ရမည့် ဘုံရည်မှန်းချက်တစ်ခုရှိသော ရှင်းလန် မြို့၏ "အစစ်အမှန်" ကမ္ဘာနှင့် နှိုင်းယှဉ်ပါက ထို "လက်တွေ့ဘဝ" ဟုခေါ်သောအရာသည် ဖြူရော်ပြီး အေးစက်ကာ ရွံရှာဖွယ် ကောင်းနေပုံရလေ၏။
ချန်လန်၏ မကောင်းသော ရည်ရွယ်ချက်သည် ဤအချိန်အခိုက်အတန့်တွင် အပြည့်အဝ ပေါ်လွင်လာသည်။
သူသည် ကစားသမားများကို အကြွေးနှင့် ဖိအားများဖြင့် ရုပ်ပိုင်းဆိုင်ရာအရ ပိတ်လှောင်ထားရုံသာမက စိတ်ခံစားမှုဆိုင်ရာ ကျေနပ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ မှီခိုမှုတို့မှတစ်ဆင့် သူတို့၏ လွတ်မြောက်လိုစိတ်ကိုလည်း စိတ်ပိုင်းဆိုင်ရာအရ ဖြိုခွဲပစ်လိုက်ခြင်း ဖြစ်ပေ၏။
...
တစ်ချိန်တည်းမှာပင် ရှင်းလန် မြို့ရှိ တခြား "အိမ်" တစ်ရာ့ကိုးဆယ့်ကိုးလုံးတွင်..
အလားတူမြင်ကွင်းများ တပြိုင်နက်တည်း ဖြစ်ပေါ်နေသည်။
လက်တွေ့ဘဝတွင် အိမ်ထောင်ရေး ပြိုကွဲပြီး အထီးကျန်နေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် နိုးလာချိန်၌ သူ၏ "ဇနီး" က ချက်ပြုတ်ထားသော ဆန်ပြုတ်တစ်ပန်းကန်ကို ယူလာပေးကာ မိသားစုအတွက် အလွန်အလုပ်ကြိုးစားပြီး ပွဲတွေ၌ အရက်များစွာ သောက်သည်ကို ဆူပူနေသည်အား မြင်တွေ့လိုက်ရသည်။
သူ၏ "ဇနီး" မျက်လုံးထောင့်ရှိ အရေးအကြောင်းငယ်လေးများနှင့် သူမ၏ စိုးရိမ်ပူပန်နေသော အကြည့်ကို သူ ကြည့်လိုက်၏။ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော နွေးထွေးသည့် လှိုင်းတစ်ခုနှင့် လေးလံသော တာဝန်ယူမှု ခံစားချက်တစ်ခု သူ၏ နှလုံးသားတွင် ဖြစ်ပေါ်လာပြီး ချေးငွေကို ပြန်ဆပ်ရန်နှင့် သူမကို ဘဝကောင်းတစ်ခု ပေးရန် အသေအလဲ ကြိုးစားမည်ဟု သူ တိတ်တဆိတ် ကတိပြုလိုက်သည်။
တစ်ကြိမ်တစ်ခါမှ ရည်းစားမထားဖူးသော အမျိုးသမီး ဆော့ဖ်ဝဲလ် ဒီဇိုင်နာတစ်ဦးသည် နိုးလာချိန်၌ သူမ၏ စိတ်ကူးယဉ်မှုများအားလုံးနှင့် ကိုက်ညီသော ချောမောပြီး ရည်မွန်သည့် "ခင်ပွန်း" တစ်ဦး၏ နူးညံ့စွာ ဂရုစိုက်မှုကို ခံနေရကြောင်း တွေ့ရှိလိုက်ရသည်။
သူမ၏ မှတ်ဉာဏ်ထဲတွင် သူမ၏ "ခင်ပွန်း" က သူမ၏ အသက်မွေးဝမ်းကျောင်းကို မည်သို့ ပံ့ပိုးပေးခဲ့ကြောင်း၊ သူမ၏စရိုက်ကို မည်သို့ သည်းခံခဲ့ကြောင်းနှင့် သူတို့နှစ်ဦး ဤအချစ်အသိုက်လေးကို ဝယ်ယူရန် မည်သို့ အတူတကွ ကြိုးစားခဲ့ကြကြောင်းတို့ဖြင့် ပြည့်နှက်နေလေ၏။ သူမသည် ယခင်က တစ်ကြိမ်တစ်ခါမှ မခံစားဖူးသော ပျော်ရွှင်မှုနှင့်စိတ်ကျေနပ်မှုကို ခံစားလိုက်ရပြီး ဤအလှတရားကို ကာကွယ်ရန် မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်ရန် ဆန္ဒရှိသည်ဟု ခံစားလိုက်ရသည်။
နိုင်ငံခြားသား ကစားသမား ဝီလီယံပင်လျှင် တောက်ပစွာ ပြုံးနေသော ရွှေရောင်ဆံပင်နှင့် မျက်လုံးပြာ "ဇနီး" ကို ဖက်ထားပြီး နိုးလာခဲ့သည်။ သူ၏ မှတ်ဉာဏ်ထဲတွင် နယ်စပ်ဖြတ်ကျော်အချစ်ရေး၏ စိတ်ကူးယဥ်ဆန်မှု၊ နောက်ဆုံးတွင် အောင်မြင်အောင် ဖြတ်သန်းခဲ့ရသည့် အခက်အခဲများနှင့် ရှင်းလန်မြို့တွင် အခြေချရန် သူတို့ အတူတကွ ထမ်းဆောင်ခဲ့ကြသော ချေးငွေတို့ဖြင့် ပြည့်နှက်နေလေ၏။
စိတ်ခံစားမှုဆိုင်ရာ သံကြိုးများကို တင်းကျပ်စွာ ခတ်ထားပြီးလေပြီ။
ထိုအချိန်၌ အချိန်ကိုက် လုပ်ထားသကဲ့သို့ လူတိုင်း၏ ဖုန်းများတွင် အသိပေးချက်တစ်ခု အသံမြည်ဟီးလာသည်။
"ရှင်းလန်ဖွံ့ဖြိုးရေးဘဏ်" ထံမှ စာတိုတစ်စောင်က ဖုန်းမျက်နှာပြင်ပေါ်တွင် ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
"'ရှင်းလန် ဖွံ့ဖြိုးရေးဘဏ်' လေးစားရသော ဖောက်သည်....မင်္ဂလာပါ...သင်၏ချေးငွေ အကောင့်အမှတ်..... အတွက် ပထမဆုံး ပြန်လည်ပေးဆပ်ရမည့် နေ့ရက်သည် ယခုလ ၁၅ ရက်နေ့ ဖြစ်သည်... ပေးသွင်းရမည့် ပမာဏမှာ 'ယွမ် ၂၅၀၀၀' ဖြစ်ပါသည်... သင့်ခရက်ဒစ် မှတ်တမ်းကို မထိခိုက်စေရန်အတွက် သင့်ပြန်လည်ပေးဆပ်မည့် အကောင့်တွင် လက်ကျန်ငွေ လုံလောက်စွာ ရှိစေရန် ကျေးဇူးပြု၍ သေချာအောင် ပြုလုပ်ပေးပါ...သင့်အတွက် ပျော်ရွှင်သော ဘဝတစ်ခု ဖြစ်ပါစေဟု ဆုတောင်းအပ်ပါသည်.."
ယွမ် ၂၅၀၀၀...
ယခုလ ၁၅ ရက်နေ့...
အေးစက်သော ကိန်းဂဏန်းများသည် ယခုလေးတင် ဖန်တီးထားသော နွေးထွေးသည့် ပူဖောင်းကို ဖောက်ထွက်သွားသည့် အပ်တစ်ချောင်းကဲ့သို့ ဖြစ်နေပေ၏။
ချန်အန်းသည် စာတိုကို ကြည့်လိုက်ရာ သူ၏ "အိမ်" ကြောင့် ယခုလေးတင် ဖြစ်ပေါ်လာသော နွေးထွေးမှုနေရာ၌ လက်တွေ့ဘဝ၏အေးစိမ့်မှုက ချက်ချင်း အစားထိုး ဝင်ရောက်လာသည်။
သူက ဝမ်ဝမ်၏လက်ကို မသိစိတ်မှ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
ဝင်ဝမ်က သူ၏ ဖိအားကို ခံစားလိုက်ရပုံရပြီး သူ၏အနီးသို့ ချဥ်းကပ်ကာ တီးတိုးပြောဆိုသည်။
"အဆင်ပြေပါတယ် အန်းအန်း... ငါတို့ အတူတူ ကြိုးစားကြတာပေါ့... ငါ့ရဲ့လစာလည်း ဒီလထဲ ထွက်လာမှာလေ... ငါတို့ အတူတူ ပြန်ဆပ်ကြမယ်..."
ဤစကားကို ကြားသောအခါ ချန်အန်း၏နှလုံးသား တုန်ရီသွားလေ၏။ သူ့ရှေ့ရှိ နူးညံ့ပြီး ထောက်ထားစာနာတတ်ကာ နားလည်မှုရှိသော ဝမ်ဝမ်ကို ကြည့်ရင်း သူမကို အိမ်တစ်လုံးပေးရန် သူ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ယခင်က စိတ်ကူးယဉ်ခဲ့ဖူးသည်ကို ပြန်အမှတ်ရမိသည်။
ထို့ပြင် ယနေ့၌ သူတို့၏ "အိမ်" သည် နောက်ဆုံး၌ ရောက်လာခဲ့လေပြီ။ သူ ဝမ်ဝမ်ကို မည်သို့ စိတ်ပျက်အောင် လုပ်နိုင်မည်နည်း....
မည်သို့ပင်ဆိုစေကာမူ သူ ဤချေးငွေကို သေချာပေါက် ပြန်ဆပ်ရပေမည်။
ချန်လန်သည် လူ့သဘာဝ၏ အားနည်းချက်များကို နက်ရှိုင်းစွာ နားလည်ထားလေ၏။
လူတစ်ဦးသည် တန်ဖိုးရှိသောအရာတစ်ခုခုကို ကာကွယ်လိုသည့်အချိန်၌ အံ့အားသင့်ဖွယ်ကောင်းသော အလားအလာများနှင့် ခံနိုင်ရည်များ ပေါက်ကွဲထွက်လာမည်ဖြစ်ကြောင်း သူ သိထားသည်။
သို့သော် တစ်ချိန်တည်းမှာပင် သူတို့သည် အဆင်အခြင်မဲ့သူများ ဖြစ်လာပြီး သူ ကြိုးကိုင်ခြယ်လှယ်ရန် ပို၍လွယ်ကူလာပေမည်။
ချန်အန်း၏ လက်ရှိအခြေအနေသည် ဤနယ်မြေက မျှော်လင့်ထားသည့် ပြီးပြည့်စုံသော အစပြုမှု အတိအကျပင်။
အချစ်ကြောင့် တွန်းအားပေးခံရပြီး အကြွေးသံသရာထဲသို့ သူ၏သဘောဆန္ဒအလျောက် ခြေချကာ ကြိုးစားအားထုတ်နေသရွေ့ မျှော်လင့်ချက်ကို မြင်နိုင်သည်ဟု အခိုင်အမာ ယုံကြည်ထားသော အရည်အသွေးမြင့် ကစားသမားတစ်ဦး...
ချန်အန်းသည် ဖိအားများအားလုံးကို စွမ်းအားအဖြစ် ပြောင်းလဲပစ်လိုက်သကဲ့သို့ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး ဝမ်ဝမ်၏လက်ကို တင်းကြပ်စွာ ပြန်လည်၍ ဆုပ်ကိုင်လိုက်သည်။
"ကောင်းပြီလေ... ငါတို့ အတူတူ ကြိုးစားကြတာပေါ့..."
"အင်း... ငါ တွက်ကြည့်ပြီးပြီ..."
ဝမ်ဝမ်သည် သူ၏ရင်ခွင်ထဲသို့ တိုးဝင်ရင်း ဖုန်းကို ထုတ်ကာ ဂဏန်းတွက်စက်မျက်နှာပြင်ကို ကျွမ်းကျင်စွာ ဖွင့်လိုက်သည်။ သူမ၏လေသံက ပေါ့ပါးပြီး အစီအစဉ်များဖြင့် ပြည့်နှက်နေသည်။
"နင့်လစာက တစ်သောင်းခွဲ...ငါ့လစာကလည်း တစ်သောင်းခွဲ... ငါတို့ နှစ်ယောက်လုံးက ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်တာလေ... ငါတို့ လစဉ်နှစ်သောင်းခွဲ ဆပ်မယ်ဆိုရင် ငါတို့ဆီမှာ ငါးထောင် ကျန်အုံးမှာပဲ....."
သူမက မော့ကြည့်လိုက်ရာ သူမ၏မျက်လုံးများသည် တောက်ပနေပြီး အနာဂတ်အတွက် လိုလားတောင့်တမှုများဖြင့် ပြည့်နှက်နေသည်။
"အဲ့ဒီအချိန်ကျရင် ငါတို့ ကောင်းကောင်း စားလို့ရသေးတယ်... ပျော်စရာကောင်းတဲ့ နေရာတွေကို သွားလို့ရတယ်... ပြီးတော့..."
ထိုစကားကိုပြောနေရင်း သူမသည် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ဖွဖွလေးပွတ်သပ်လိုက်ရာ မိခင်တစ်ယောက်၏ တောက်ပမှုနှင့် ချစ်မြတ်နိုးမှုတို့ ရောနှောနေသော အပြုံးတစ်ခုက သူမ၏ မျက်နှာပေါ်တွင် ထင်ဟပ်လာသည်။
"ငါတို့ရဲ့ကလေးလေးကို ပိုကောင်းတဲ့ ဘဝတစ်ခု ပေးဖို့ ပိုက်ဆံတောင် စုလို့ရသေးတယ်..."
ကလေးလေး....
ချန်အန်း ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ သူ၏စိတ်များ ဗလာကျင်းသွားလေ၏။
ငါ... သူနဲ့ ဝမ်ဝမ်မှာ... ကလေးတောင် ရှိနေပြီလား....
ဤတုန်လှုပ်မှုသည် သူ နိုးလာပြီး ဝမ်ဝမ်နှင့် အတူရှိနေသည်ကို တွေ့လိုက်ရချိန်ကထက်ပင် ပို၍ပြင်းထန်နေသည်။ "အိမ်" နှင့် "ချစ်သူ" သည် သူ၏ ကမ္ဘာသစ်ကို တည်ဆောက်ထားသည့် အခြေခံ အုတ်မြစ်များ ဖြစ်ပါက "ကလေး" တစ်ဦး ပေါ်ထွက်လာခြင်းသည် ထိုအုတ်မြစ်များပေါ်တွင် တည်ဆောက်ထားသော ခံတပ်ကြီးတစ်ခု ဖြစ်သည်။ ဤသည်မှာ သူ ဘယ်သောအခါမှ မလွတ်မြောက်နိုင်သော လွတ်မြောက်ချင်မည် မဟုတ်သော ခံတပ်ကြီးတစ်ခုပင်။
အသစ်စက်စက်ဖြစ်ပြီး ပို၍သိမ်မွေ့ကာ ပို၍မျှော်လင့်ချက်ရှိသော "မှတ်ဉာဏ်" အသစ်တစ်ခုက သူ၏စိတ်ထဲသို့ တဖန်ပြန်၍ ဝင်ရောက်လာသည်
ဝမ်ဝမ် ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရချိန်တွင် မည်သို့ လုပ်ရမည်ကို မသိဘဲ ဝမ်းသာပျော်ရွှင်မှုနှင့် ဇဝေဇဝါဖြစ်မှု၊ အာထရာဆောင်း မျက်နှာပြင်ပေါ်ရှိ ထိုသက်ရှိငယ်လေးကို ပထမဆုံး မြင်တွေ့ရချိန်တွင် စိတ်လှုပ်ရှားမှု၊ ကလေးနာမည်ကို ဆွေးနွေးခြင်းနှင့် ဝမ်ဝမ် နှင့်အတူ ကလေးအခန်းကို အလှဆင်ခြင်းတို့၏ နွေးထွေးသော မြင်ကွင်းများ...
မယုံနိုင်လောက်အောင် အစစ်အမှန် စိတ်ခံစားမှုကို သယ်ဆောင်ထားသော ဤမှတ်ဉာဏ်များအားလုံးသည် နောက်ဆုံးသံမှိုများအလား သူ့ကို ချေးငွေများဖြင့် တည်ဆောက်ထားသော ဤ "ပျော်ရွှင်ဖွယ်" ကမ္ဘာထဲသို့ လုံးလုံးလျားလျားနှင့် အမြဲတစေ ပိတ်လှောင်လိုက်၏။
သူ၏တာဝန်ယူမှုက ဤအချိန်အခိုက်အတန့်တွင် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ဤသည်မှာ "ချစ်သူ" တစ်ဦးနှင့် "အိမ်" တစ်ခုအတွက် သက်သက် မဟုတ်တော့ဘဲ မကြာမီ မွေးဖွားလာတော့မည့် သူ၏ အကာအကွယ်ကို လိုအပ်နေသော အပြစ်ကင်းသည့် သက်ရှိငယ်လေးအတွက်ပင်။
"ချေးငွေ ပြန်မဆပ်နိုင်ဘူး" သို့မဟုတ် "ဒီနယ်မြေကနေ ထွက်သွားမယ်" ဆိုသည့် အတွေးမျိုးသည် ဤအချိန်အခိုက်အတန့်တွင် အလွန်တစ်ကိုယ်ကောင်းဆန်ပြီး တာဝန်ယူမှုကင်းမဲ့ကာ အပြစ်တစ်ခုပင် ဖြစ်နေပုံရလေ၏။