← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း (၁၀၇) တန်ပါတယ်... အရာအားလုံးက တန်ပါတယ်

"ငါ... ငါတို့က မိဘတွေ ဖြစ်လာတော့မှာလား..."

ချန်အန်း၏အသံသည် အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး မယုံကြည်နိုင်လောက်အောင် ဝမ်းသာပျော်ရွှင်မှုများ ပါဝင်နေသည်။

ရှားပါး ရတနာတစ်ခုကို ကိုင်တွယ်ရသကဲ့သို့ သတိထားကာ သူသည် ဝမ်ဝမ်၏ လက်ပေါ်သို့ သူ၏ လက်ဝါးကို ဖွဖွလေးတင်လိုက်ပြီး အချစ်နှင့် အနာဂတ်ကို ကိုယ်စားပြုသော ထိုဖောင်းမို့နေသည့် ဝမ်းဗိုက်လေးကို အတူတကွ ခံစားလိုက်သည်။

ကြီးမားသော ပျော်ရွှင်မှု ခံစားချက်သည် သူ၏ ခန္ဓာကိုယ်ကို နွေးထွေးသော ရေစီးကြောင်းတစ်ခုကဲ့သို့ လွှမ်းခြုံသွားသော်လည်း ထိုအရာ၏နောက်တွင် ချက်ချင်းလိုက်ပါလာသောအရာမှာ ပို၍အေးစက်ပြီး ပို၍လက်တွေ့ကျသော အေးစိမ့်မှုတစ်ခုပင်။

လစဉ်ပေးသွင်းရမည့် ချေးငွေ ယွမ်နှစ်သောင်းခွဲ၏ အဓိပ္ပာယ်သည် သူ၏စိတ်ထဲတွင် ချက်ချင်းဆိုသလိုပင် အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်သွားသည်။

ဤသည်က လူကြီးနှစ်ဦး ပြန်ဆပ်ရမည့် အကြွေး ကိန်းဂဏန်းတစ်ခုသက်သက် မဟုတ်တော့ချေ။

ထိုအရာသည် ပီပြင်ထင်ရှားလာပြီး နိုင်ငံခြားနို့မှုန့်ဘူးများ၊ လေဝင်လေထွက်ကောင်းသော သေးခံများ၊ ကလေးပုခက်များ၊ အဝတ်အစားငယ်လေးများ၊ ကာကွယ်ရေးဆေးဖိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် အနာဂတ် မူကြိုကျောင်းများအတွက် မြင့်မားသော ကျောင်းလခများ၊ ဝါသနာရပ်သင်တန်းအမျိုးမျိုးအတွက် ကုန်ကျစရိတ်များနှင့် ကလေးတစ်ယောက် မွေးဖွားလာချိန်မှ လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းလာသည်အထိ လိုအပ်မည့် အရာအားလုံးအဖြစ်သို့ ပြောင်းလဲသွားပေ၏။

ဤအကြွေးသည် သူ၏ကလေးအတွက် သူ ပံ့ပိုးပေးရမည့် အခြေခံအကျဆုံး အာမခံချက်ပင်။ ဘဏ်အကြွေးတောင်းသူများ၏ နှောင့်ယှက်မှုမှ ကင်းလွတ်ပြီး တည်ငြိမ်ကာ ကျန်းမာသော ကြီးထွားမှု ပတ်ဝန်းကျင်တစ်ခုပေးရန်မှာ ဖခင်တစ်ဦးအနေဖြင့် သူ ထမ်းဆောင်ရမည့် တာဝန်တစ်ခုပင်။

သူ ပို၍တွေးတောလေလေ ပို၍ကြောက်စရာကောင်းလာလေလေပင်။

သူတို့ထံတွင် လစဉ် ဝင်ငွေသုံးသောင်းရှိပြီး ချေးငွေနှစ်သောင်းခွဲ ဆပ်ရမည်ဖြစ်ရာ ငါးထောင်သာ ကျန်ရှိတော့သည်။ ဤသည်က လူနှစ်ဦး၏ နေ့စဉ် ကုန်ကျစရိတ်များကို ကာမိစေရန်သာမက အနာဂတ် ကလေးလေးကို ကြိုဆိုရန်အတွက်လည်း ဖြစ်နေသည်။

အလွန်အေးစက်ပြီး ပုန်ကန်လိုသော အတွေးတစ်ခုသည် အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ သူ၏ စိတ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်လာလေ၏။

ဒီကလေးက အချိန်အခါ မဟုတ်ဘဲ ရောက်လာတာပဲ။ တကယ်လို့သာ...

သူ၏ အကြည့်သည် မိခင်မေတ္တာ၏ တောက်ပမှုများဖြင့် ပြည့်လျှံနေသော ဝမ်ဝမ်၏ဘေးတိုက်သွင်ပြင်နှင့် သူမ၏ဝမ်းဗိုက်အောက်ပိုင်းကို မသိစိတ်မှ ကာကွယ်ထားသော သူမ၏ နူးညံ့သည့် အမူအရာပေါ်သို့ ကျရောက်သွားသည်။

ဤအတွေး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အပြစ်ရှိစိတ်နှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှု လှိုင်းတံပိုးတစ်ခုကြောင့် ထိုအရာသည် လုံးလုံးလျားလျား ခြေမွဖျက်​ဆီးခြင်း ခံလိုက်ရသည်။

ငါ ဘယ်လိုလုပ်ပြီး အဲ့ဒီလို တွေးနိုင်ရက်တာလဲ...

ဒါက ငါနဲ့ ဝမ်ဝမ်တို့ရဲ့ အချစ်ရဲ့ ရလဒ်...အသက်ဝင်နေတဲ့ သက်ရှိငယ်လေးလေ....

အဲ့ဒါက ငါ အိပ်မက်မက်ခဲ့တဲ့ ပြီးပြည့်စုံတဲ့ မိသားစုရဲ့ သင်္ကေတပဲ...

ဒီပျော်ရွှင်မှုကို ကာကွယ်ဖို့အတွက် ဘယ်လိုတန်ဖိုးပဲ ပေးရပေးရ ငါ ပေးဆပ်ဖို့ ဆန္ဒရှိတယ်...

"အင်း..."

ဝမ်ဝမ်သည် သူ၏စိတ်နှလုံးသားထဲရှိ ဆူပူအုံကြွမှုကို ခံစားမိပုံရလေ၏။ သူမသည် သူ၏ပခုံးကို ပျော်ရွှင်စွာ မှီလိုက်ပြီး သူမ၏အသံမှာ နူးညံ့သော်လည်း ခွန်အားများ ပြည့်နှက်နေသည်။

"ဒါကြောင့်... ငါတို့ရဲ့ မိသားစုလေးအတွက် ငါတို့ ပိုကြိုးစားရမယ်..."

"ငါတို့ရဲ့ မိသားစုလေးအတွက်..."

ဤစကားများသည် ချန်အန်း၏နှလုံးသားကို ထိုးဖောက်သွားပြီး ပြင်းထန်စွာ ခုန်ပေါက်သွားစေခဲ့သည်။

ဟုတ်တယ်.... ဒါက ငါတို့ရဲ့ မိသားစုလေးပဲ... ဒီအိမ်အတွက် ယောကျာ်းတစ်ယောက်အနေနဲ့ ဘယ်လို တန်ဖိုးပဲပေးရပေးရ ငါ ပေးဆပ်ရမယ်...

သူသည် ဝမ်ဝမ်၏ ပျော်ရွှင်နေသော အပြုံးကို ကြည့်ကာ ကလေးကြီးထွားနေသော သူမ၏ဝမ်းဗိုက်ကို ပွတ်သပ်လိုက်၏။ မြင့်မားသော လစဉ်ပေးသွင်းငွေများကြောင့် ဖြစ်ပေါ်လာသည့် သူ၏ နောက်ဆုံးတွေဝေမှု အရိပ်အယောင်လေးသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး အသေခံမည့် စိတ်ပိုင်းဖြတ်မှုတစ်ခုက အစားထိုး ဝင်ရောက်လာသည်။

သူ အောင်မြင်ရပေမည်။ သူ့ထံ၌ နောက်ပြန်လှည့်ရန်လမ်းမရှိချေ။

...

တစ်ချိန်တည်းမှာပင် ချန်အန်းတစ်ယောက်တည်းသာ ဤကဲ့သို့ ပြဿနာများကို ရင်ဆိုင်နေရခြင်း မဟုတ်ချေ။ ရှင်းလန်မြို့ရှိ တခြား "အိမ်" များတွင် အလားတူ ရုန်းကန်မှုများနှင့် ရွေးချယ်မှုများသည် မတူညီသော ပုံစံများဖြင့် ဖြစ်ပေါ်နေလေ၏။

ချန်အန်းတို့ နေထိုင်ရာ တိုက်ခန်းစုအတွင်းရှိ ကလေးအသုံးအဆောင်များဖြင့် ပြည့်နှက်နေသော နွေးထွေးသည့် အိမ်လေးတစ်အိမ်တွင် လီကျဲ့ ဟုခေါ်သော ကစားသမားတစ်ဦးက ကလေးပုခက်ကို ဖြည်းညှင်းစွာ လွှဲနေသည်။

ပုခက်ထဲတွင် သူ၏သားလေးသည် သုံးလပင် မပြည့်သေးဘဲ လက်မကို စုပ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေ၏။

ကမ္ဘာပေါ်တွင် အလှပဆုံးအရာတစ်ခုကဲ့သို့ ကလေး၏ အပြစ်ကင်းသော အိပ်ပျော်နေသည့် မျက်နှာလေးသည် အလုပ်ပင်ပန်းမှုကြောင့် လီကျဲ့၏မျက်မှောင်ကြုတ်ထားများကို ချက်ချင်း ပြေလျော့သွားစေခဲ့သည်။

သူသည် လက်ညှိုးကို ဆန့်ထုတ်ကာ သူ့သားလေး၏ နူးညံ့သော ပါးပြင်လေးကို အလွန်အမင်း နူးညံ့ကြင်နာစွာဖြင့် ထိတွေ့လိုက်ရာ ဖခင်မေတ္တာများ ပြည့်နှက်နေသော အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်တွင် မသိစိတ်မှ ထွက်ပေါ်လာလေ၏။

ဤအပြုံးသည် ရိုးသားပြီး နွေးထွေးကာ သူ၏ နှလုံးသား၏ အပျော့ပျောင်းဆုံးနေရာမှ ထွက်ပေါ်လာခြင်းပင်။

သို့သော် သူ မော့ကြည့်လိုက်ပြီး သူ၏အကြည့်များသည် ပုခက်နံဘေးရှိ ဗီရိုပေါ်မှ တန်ဖိုးကြီးနို့မှုန့်များနှင့် သေးခံများဆီသို့ ရောက်သွားသည်။ ထို့နောက် စားပွဲပေါ်ရှိ "ဒီလအတွက် ပေးသွင်းရမည့် ချေးငွေ....ယွမ် ၂၅၀၀၀" ဟု ပြသနေသော ဖုန်းမက်ဆေ့ချ်ဆီသို့ ရောက်သွားချိန်၌ သူ၏အပြုံးသည် ဖြည်းညှင်းစွာ အေးခဲ​တောင့်တင်းသွားပြီး လေးနက်သော အမူအရာက အစားထိုး ဝင်ရောက်လာသည်။

သူသည် ချန်အန်းနှင့် မတူချေ။ သူသည် ကုမ္ပဏီကြီးတစ်ခုမှ ဝန်ထမ်းတစ်ဦး မဟုတ်ဘဲ ဤနေရာရှိ ပို့ဆောင်ရေးသမားတစ်ဦး ဖြစ်ပေ၏။ သူ တစ်လလုံးလုံး အရိုးကြေမတတ် အလုပ်လုပ်မှ တစ်သောင်းခန့်သာ ရသော်လည်း သူ့ဇနီး၏အလုပ်ကမူ အတော်လေး ကောင်းမွန်သည်။

သူမသည် ကုမ္ပဏီကြီး တစ်ခုမှ အဝတ်အစား ဒီဇိုင်နာ တစ်ဦးဖြစ်ပြီး တစ်လလျှင် နှစ်သောင်းခန့် ရနိုင်ပေ၏။ သူတို့နှစ်ဦး၏ဝင်ငွေများပေါင်းလျှင် ယွမ်သုံးသောင်း ရှိသော်လည်း ချေးငွေပေးပြီးပါက ငါးထောင်သာ ကျန်ရှိတော့ပေမည်။

ကံကောင်းစွာဖြင့် သူတို့ထံတွင် စုဆောင်းငွေ ယွမ်ငါးသောင်း ရှိနေသည်။ ဤသည်မှာ သူတို့၏အရေးပေါ် ရန်ပုံငွေ ဖြစ်ပြီး လုံးဝမလွှဲမရှောင်သာကိစ္စမှလွဲ၍ ထိုအရာများကို ဘယ်တော့မှ ထုတ်မသုံးနိုင်ချေ။

ထိုငါးသောင်းကို ချေးငွေပေးရန် အသုံးပြုလျှင်ပင် သူတို့ ပြန်ဆပ်ရန် ယွမ်နှစ်သိန်းကျော် ကျန်ရှိနေဆဲပင်။

ထိုကဲ့သို့ အနာဂတ်သည် တောင်တစ်တောင်ကဲ့သို့ ဖိအားများကို သူ့အပေါ် ယူဆောင်လာပေ၏။

"ငါ နောက်ထပ် အလုပ်တစ်ခု ရှာရမယ်..."

သူသည် တီးတိုးရေရွတ်လိုက်ပြီး သူ၏ ပင်ပန်းနွမ်းနယ်မှုကို ရက်စက်သော စိတ်ပိုင်းဖြတ်မှုတစ်ခုက အစားထိုး ဝင်ရောက်လာသည်။

"နေ့ဘက်မှာ ပို့ဆောင်ရေးလုပ်မယ်...ပြီးတော့ ညဘက်... ငါ လုပ်လို့ရမယ့် ညဆိုင်း အလုပ်တွေ ရှိမလား ဒါမှမဟုတ် အငှားကားမောင်းတာမျိုး လုပ်လို့ရမလားဆိုတာ ကြည့်ရမယ်..."

ထိုအချိန်၌ တံခါးသော့ကို လှည့်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

လီကျဲ့သည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်၏။ စီချွမ်မျက်နှာပြောင်း အနုပညာရှင်တစ်ဦးကဲ့သို့ သူသည် လေးလံမှု၊ စိုးရိမ်ပူပန်မှုနှင့် အစီအစဉ်ဆွဲမှုအားလုံးကို သူ၏နှလုံးသားထဲသို့ အလျင်အမြန် ပြန်လည်ဖိသိပ်လိုက်ပြီး နူးညံ့သော အပြုံးတစ်ခုကို သူ၏မျက်နှာပေါ်တွင် ပြန်လည်၍ ဆင်မြန်းလိုက်သည်။

သူသည် ကလေးအခန်းထဲမှ အလျင်အမြန် ထွက်လာပြီး တံခါးကို ခပ်ဖွဖွပိတ်လိုက်ရာ အဝင်ဝတွင် ဖိနပ်လဲရန် ခါးကုန်းနေသော သူ၏ဇနီး လင်းဝေကို အချိန်ကိုက် မြင်တွေ့လိုက်ရသည်။

ပုံကြမ်းများ ရေးဆွဲရန် တစ်ညလုံး အလုပ်လုပ်ခဲ့ရသည့် အမှတ်အသားဖြစ်သော ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်တစ်ခုက သူမ၏ မျက်နှာပေါ်တွင် ထင်ရှားစွာ ရှိနေသည်။ သို့ရာတွင် လီကျဲ့ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူမသည် နှစ်သိမ့်မှုပေးသော အပြုံးတစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပေ၏။

"ကလေး အိပ်သွားပြီလား..."

သူမသည် သူမ၏ လက်ဆွဲအိတ်ကို ချိတ်တွင်ချိတ်ရင်း လေသံတိုးတိုးဖြင့် မေးလိုက်သည်။

"ခုလေးတင် အိပ်ပျော်သွားတာ..."

လီကျဲ့ သည် ရှေ့သို့တိုးသွားပြီး သူမ အလုပ်မှအပြန် ဝယ်လာသော ကုန်ခြောက်များကို လှမ်းယူလိုက်သည်။

"ဒီနေ့ ဘယ်လိုနေလဲ... ပုံကြမ်း အတည်ပြုချက် ရလား..."

"အင်း... အဲ့ဒီ ဖောက်သည်ကို နောက်ဆုံးတော့ ငါ ရှင်းနိုင်သွားပြီ..."

လင်းဝေက နာကျင်နေသော သူမ၏ပခုံးများကို ပွတ်သပ်ရင်း ပြောဆိုသည်။ သူမ၏အကြည့်များသည် လီကျဲ့ ကို ကျော်လွန်ကာ ပိတ်ထားသော ကလေးအခန်း တံခါးဆီသို့ ရောက်သွားပြီး သူမ၏မျက်လုံးများတွင် မိခင်မေတ္တာနှင့် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေသည်။

"ဒီလအတွက် ချေးငွေဆပ်ဖို့ ငါတို့ အဆင်ပြေနိုင်တယ် မဟုတ်လား..."

"စိတ်မပူပါနဲ့..."

လီကျဲ့ သည် သူမကို စကားဖြတ်ပြောလိုက်ပြီး သူ၏ လေသံကို တမင်သက်သက် ပေါ့ပါးသော်လည်း ခိုင်မာစေရန် ပြုလုပ်လိုက်၏။

"မင်းမှာ ငါ ရှိတယ်လေ... မင်းကိုယ်မင်းနဲ့ ကလေးကိုပဲ ဂရုစိုက်ပါ... ပိုက်ဆံကိစ္စကို ငါ ဖြေရှင်းလိုက်မယ်..."

သူသည် လက်ဆန့်တန်းကာ သူ့ဇနီး၏ပခုံးကို ခပ်ဖွဖွလေးဆွဲဖက်လိုက်ပြီး သူမ၏ ပိန်သွယ်သော ခန္ဓာကိုယ်လေး သယ်ဆောင်ထားရသည့် ဖိအားကို ခံစားလိုက်ရသည်။

"အိုး... ဟုတ်သားပဲ..."

လင်းဝေသည် ချက်ပြုတ်ရန် မီးဖိုချောင်သို့ သွားနေစဉ် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသကဲ့သို့ ပြောလိုက်သည်။ သူမက တတ်နိုင်သမျှ ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောဆိုလိုက်သည်။

"ငါ အလုပ်က ပြန်လာတော့ ငါတို့ တိုက်ခန်းအိမ်ယာရဲ့ လုံခြုံရေးဂိတ်တဲမှာ အလုပ်ခေါ်စာ တစ်ခု တွေ့ခဲ့တယ်... ညဘက် လုံခြုံရေးဝန်ထမ်း ခေါ်နေတာတဲ့... လစာက အံ့အားသင့်စရာကောင်းလောက်အောင် ကောင်းတယ်... တစ်လကို တစ်သောင်းတဲ့... တကယ်လို့ နင်က ပို့ဆောင်ရေး အလုပ်က အရမ်း ပင်ပန်းတယ် ဒါမှမဟုတ် မတည်ငြိမ်ဘူးလို့ ထင်ရင်... နင် ကြိုးစားကြည့်မလား..."

ဤစကားကို ကြားသောအခါ လီကျဲ့ ၏ နှလုံးသား ဆတ်ခနဲ တုန်ရီသွားလေ၏။ အံ့အားသင့်မှုနှင့် ကံတရား၏ စီမံမှုဟု ခံစားရသော ခံစားချက်တို့ ရောနှောနေသည့် နွေးထွေးသော လှိုင်းတစ်ခုက သူ၏ ခေါင်းသို့ ဆန်တက်သွားသည်။

ဤသည်မှာ အိပ်ငိုက်လာချိန်တွင် ခေါင်းအုံးလာပေးသကဲ့သို့ အတိအကျဖြစ်နေသည်။

သူသည် ညဘက် အချိန်ပိုင်းအလုပ်တစ်ခုရှာရန် စီစဉ်နေသ​ည့် အချိန်မှာပင် တစ်လလျှင် ဝင်ငွေတစ်သောင်းရှိသော အလုပ်တစ်ခုက သူ၏အိမ်တံခါးဝသို့ ရောက်လာခဲ့လေပြီ။

အကယ်၍ ဤအလုပ်ကို သူ ရနိုင်ပါက နေ့ဘက်တွင် ပို့ဆောင်ရေးအလုပ်ကို အစွမ်းကုန် လုပ်နိုင်ပြီး ညဘက်တွင် တိုက်ခန်းအိမ်ယာကို စောင့်ရှောက်နိုင်ပေမည်။ ဝင်ငွေနှစ်ရပ် ပေါင်းလိုက်ပါက သူသည် အနည်းဆုံး တစ်သောင်းခုနစ်ထောင် တစ်သောင်းရှစ်ထောင် သို့မဟုတ် နှစ်သောင်းနီးပါးပင် ရှာနိုင်ပေလိမ့်မည်။

ဤသည်က မိသားစုဝင်ငွေ စုစုပေါင်းကို အဆင့်တစ်ဆင့်အပြည့် မြှင့်တင်ပေးနိုင်ပြီး သူ၏ရင်ဘတ်ပေါ်တွင် ဖိနှိပ်နေသော ဧရာမကျောက်တုံးကြီးကို များစွာ သက်သာသွားစေပေမည်။

ဤအလုပ်သည် သူတစ်ယောက်တည်းအတွက် သီးသန့်ဖန်တီးပေးထားသော အသက်ကယ်ကြိုး တစ်ချောင်းနှင့် တူညီနေသည်။

"လုံခြုံရေး... ညဆိုင်း..."

လီကျဲ့ သည် တီးတိုးရေရွတ်လိုက်ပြီး သူ၏ စိတ်ထဲတွင် အချိန်နှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားခွဲဝေမှုများကို လျှင်မြန်စွာ တွက်ချက်လိုက်၏။

နေ့ဘက်ပို့ဆောင်ရေးအလုပ်သည် အလုပ်များသော်လည်း အချိန်က အလွန်လိုက်လျောညီထွေ ရှိနေသည်။ ညဘက် လုံခြုံရေး အလုပ်နှင့် ပတ်သက်၍မူ သူ သိထားသလောက် သိပ်အလုပ်များမည်မဟုတ်ဘဲ ခိုးပြီး အနားယူနိုင်ကောင်း အနားယူနိုင်ပေမည်။

ဤသည်မှာ သူ၏ကိုယ်ပိုင်အချိန် လုံးဝနီးပါး ဆုံးရှုံးသွားမည်ဟု အဓိပ္ပာယ်ရသော်လည်း ဤနယ်မြေတွင် သေဆုံးမှု သတ်မှတ်ချက် မရှိသဖြင့် သူ ပင်ပန်းလွန်း၍ သေသွားမည် မဟုတ်ချေ။

သူ၏ အကြည့်များသည် ခပ်ဟဟပွင့်နေသော ကလေးအခန်းတံခါးဆီသို့ အလိုအလျောက် ရောက်သွားသည်။ သူ၏သားလေး ဗလုံးဗထွေး ပြောနေသံကို သူ၏ နားထဲတွင် ကြားနေရသကဲ့သို့ ဖြစ်နေပြီး ညဉ့်နက်သည်အထိ စားပွဲတွင် ပုံကြမ်းများ ရေးဆွဲနေသည့် သူ၏ပင်ပန်းနွမ်းနယ်နေသော ဇနီးကိုလည်း မြင်ယောင်နေမိလေ၏။

တန်ပါတယ်...အရာအားလုံးက တန်ပါတယ်...

All Chapters